မဟာလေဟာနယ် ခွန်မျိုးနွယ်၏ တားမြစ်ကျောက်ပြား
Vol. 23 Ch. 337
အခန်း (၃၃၇) : မဟာလေဟာနယ် ခွန်မျိုးနွယ်၏ တားမြစ်ကျောက်ပြား
ခွန်ရှုနှင့် ခွန်ယုက ရိုးရှင်းပြီး ရှေးကျသော နန်းတော်ထဲတွင် ဘေးချင်းယှဉ်ကာ မတ်တပ်ရပ်နေသည်။
သူတို့ရှေ့တွင် ငါးကန်ကြီးတစ်ကန်ရှိနေပြီး အထဲတွင် ဆားသိပ်ထားသော ငါးတစ်ကောင်….
အဟင်း…ဟင်း ခွန်ငါးတစ်ကောင်လည်း ရှိတယ်
ယခုလက်ရှိတွင် သူတို့နှစ်ယောက်က ရှန်ထျန်းနှင့် တွေ့ပြီးတာ တစ်နာရီကြာသွားပြီ ဖြစ်သည်။ သို့သော် သူတို့ အခုထိ စိတ်ငြိမ်ငြိမ်ထားလို့ မရသေးပေ။
ခွန်ရှုက ပြောလိုက်သည်
“ ပါရမီရှင်”
ခွန်ယုက ပြန်ပြောလိုက်သည်
“ ကောင်းကင် ထာဝရအရှင်”
ငါးကန်ထဲရှိ ခွန်မင်က ဘာမှ နားမလည်နိုင် ဖြစ်နေမိသည်။
အချိန်ကြာလာသည့်အခါ ခွန်မင်က သူ့အဖေနှင့် သူ့အစ်မ၏ ထူးဆန်းသော မျက်နှာထားများကို သည်းမခံနိုင်တော့ပေ။
သူက နှုတ်ခမ်းကို တွန့်ချိုးရင်း ပြောလိုက်သည်
“ အဖေ… အစ်မကြီး…အဲဒီလူယုတ်မာနဲ့ ညှိနှိုင်းတာ ဘယ်လိုဖြစ်သွားလဲ။ သူက ခွန်ပန်တာအိုကို ပြန်ပေးဖို့ ဆန္ဒရှိရဲ့လား”
ခွန်ရှု၏ မျက်နှာ မကျေမနပ်ဖြစ်သည့် ပုံစံဖြင့် ပြောလိုက်သည်
“ အဲဒီလူယုတ်မာဆိုတာက ဘာကိုဆိုလိုတာလဲ။ အရမ်းကို ယဉ်ကျေးမှု မရှိတာပဲ။ သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လေ”
ခွန်ယုက ခွန်မင်ကို စိုက်ကြည့်ကာ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
သူက မင်းရဲ့ ယောက်ဖလောင်းပဲ …
ခွန်ရှုက ငါးကန်ထဲရှိ သနားစရာကောင်းသော ခွန်မင်ကို ကြည့်လိုက်သည်။ သူ့သားအပေါ်သို့ သနားမှုက ခဏအတွင်းမှာပင် အားကျမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူက လှောင်ရယ်ကာ ပြောလိုက်သည်
“ ငါ ဒီနေ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ တွေ့ခဲ့တယ်။ မင်း တကယ်ကို သူ့ဆီကနေ သင်ယူသင့်တယ်။ အထူးသဖြင့် သူ့ရဲ့ သည်းခံနိုင်မှုပေါ့။
မင်းက အရည်အချင်း နည်းနည်းလေး ရှိရုံနဲ့တင် အရမ်းမောက်မာပြီးတော့ နိုင်ထက်စီးနင်း ပြုမူနေတာ။ နည်းနည်းလောက် မနာလိုဖြစ်တာနဲ့ တခြားသူတွေနဲ့ တိုက်ခိုက်ဖို့တောင် စဉ်းစားလိုက်သေးတယ်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်မှာ ထူးခြားတဲ့ သည်းခံနိုင်စွမ်းရှိတာကို မင်း ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် သူနဲ့ အကြိမ်အနည်းငယ်လောက် ပြဿနာတက်မိတာနဲ့တင် မင်းကို အရင်ကတည်းက ငါးအသားလွှာ လုပ်ပစ်ပြီးလောက်ပြီ”
ခွန်မင်က မခံမရပ်နိုင်စွာဖြင့် ပြောလိုက်သည်
“ အဖေက ဘာလို့ သူ့ကို ဘက်လိုက်နေရတာလဲ။ သူက ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူ တစ်ယောက်ပဲလေ။ ကျွန်တော်သာ ချီဖောက်ပြန်ခြင်းကို မခံစားခဲ့ရရင် သူ့ကို အလွယ်လေး အနိုင်ယူလိုက်လို့ရတယ်”
ခွန်ယုက နှာခေါင်းရှုံ့ကာ ခွန်မင်ကို ငတုံးတစ်ယောက်ကို သဘောထားကာ ကြည့်လိုက်ပြီး ပြောသည်
“ ငါ့ရဲ့ ငတုံးမောင်လေး … မင်းက ရှန်ထျန်းရဲ့ ခွန်အားနဲ့ ပတ်သက်လာရင် အရမ်းကို လျစ်လျူရှုထားတာကို”
သူမ၏ အကြည့်များက လေးစားမှုတို့ဖြင့် ပြည့်နှက်နေပြီး ညကောင်းကင်ယံမှ ကြယ်များကဲ့သို့ တောက်ပနေသည်
“ သူက စစ်မှန်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ။ မင်းရဲ့ အရည်အချင်းက သူနဲ့နှိုင်းယှဉ်လိုက်ရင် ဘာမှ မပြောပလောက်သေးဘူး”
ခွန်မင် နားမလည်နိုင်ဖြစ်သွားရသည်။
အစ်မကြီးပဲ စောစောတုန်းက ကျွန်တော်အတွက် တရားမျှတမှု ရှာပေးမယ်ဆိုပြီးတော့ ပြောနေခဲ့တာ မဟုတ်ဘူးလား
ဘာလို့ ရာသီလာနေသလိုမျိုး ဘက်ပြောင်းပြီးတော့ သူ့ဘက်ကနေ ပြောပေးနေရတာလဲ
ယောက်ျားတစ်ယောက်ကို သူ့အဖေထက် ပိုပြီး ကောင်းကောင်း နားလည်သူ မရှိနိုင်ပေ။ ခွန်မင်၏ မျက်နှာထားကို မြင်ပြီးနောက် ခွန်မင်က သေချာပေါက် ကောင်းသော ရည်ရွယ်ချက်မရှိဘူးဆိုတာကို နားလည်နိုင်လိုက်သည်။
သူ စိတ်မတည်မငြိမ်ဖြစ်မှာကို ကာကွယ်ရန်အတွက် ခွန်ရှုက သူ့အတွက် သတိပေး ခေါင်းလောင်းတီးပေးဖို့ ဆုံးဖြတ်လိုက်သည်။
ခွန်ရှုက ငါးကန်ကြီးဆီသို့ လမ်းလျှောက်သွားကာ ငါးကန်ကို ခပ်ဖွဖွခေါက်လိုက်သည်။
ဒုံး…
အားကောင်းသော အသံလှိုင်းများက ကန်ထဲရှိရေကို လှုပ်ခတ်သွားစေသည့်အတွက် ခွန်မင်လည်း လည်ပတ်သွားသည်။
ခဏအကြာမှသာ လည်ပတ်ခြင်း ရပ်တန့်သွားသည်။
ခွန်မင်၏ မျက်နှာက အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်ကို ကြည့်ပြီး ခွန်ဘုရင်က အေးစက်စွာ ပြောလိုက်သည်
“ ဒါက မင်းကို လှုပ်ယမ်းပြီးတော့ ခေါင်းရှင်းပေးဖို့ပဲ။ အော်… စကားမစပ် … ရှန်ထျန်းက မင်းရဲ့အစ်မထက်တောင် ပိုပြီးတော့ သန်မာတယ်”
ဘာ…
သူ့အဖေ၏ စကားကိုကြားပြီးနောက် ခွန်မင် လုံးဝ အံ့ဩမှင်သက်သွားသည်။
ခွန်ယုက သူ့ကို ငယ်ငယ်ကတည်းက ရိုက်နှက်နေခဲ့သည့်အတွက် ခွန်မင် သူ့အစ်မ ခွန်အားကို ကောင်းကောင်းသိသည်။
ခွန်မင် ပိုပြီးတော့ ကျင့်ကြံအားထုတ်သည့်နေရာ ကြိုးစားလာရသည့် အကြောင်းအရင်းကပင် တစ်နေ့ သူ့အစ်မထက် သန်မာလာပြီး ဒီထက်ပိုပြီး အရိုက်မခံရတော့ဖို့ ဖြစ်သည်။
သို့သော် သူ့အစ်မက ဧရာမစွမ်းပကားရှင် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ခွန်မင် သေချာသိထားသည်။
သူမက သာမန်ဧရာမစွမ်းပကားရှင် နတ်ဆိုးဖြစ်လျှင် ခွန်မင်က သူမနှင့် တိုက်ခိုက်ဖို့ သို့မဟုတ် အနိုင်ယူနိုင်ဖို့အတွက် ယုံကြည်မှု ရှိသည်။
သို့သော် ခွန်ယုက မြောက်ပင်လယ် ထိပ်သီးပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး သူ့အရည်အချင်းက ခွန်မင်ထက် အနည်းငယ် သာလွန်သည်။
နောက်တစ်ဆင့်သို့ မရောက်ခင်က ခွန်မင်က ခွန်ယုနှင့် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သည့်အတွက် အနိုင်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ခဲ့ပေ။
သူအနေဖြင့် သူမကို အနိုင်ယူချင်ပါက အနည်းဆုံး ဧရာမစွမ်းပကားရှင်အဆင့်ကို ဖြတ်ကျော်ပြီးမှ ရမည်။
ခွန်မင်က အံကြိတ်ကာ ပြောလိုက်သည်
“ သေစမ်း…ဒီလိုလအနည်းငယ်အတွင်းမှာ ဧရာမစွမ်းပကားရှင်အဆင့်ထိ ရောက်နိုင်လောက်တဲ့အထိ သူ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာ ဘယ်လို ရတနာတွေများ ရခဲ့တာပါလိမ့်”
ခွန်ရှုက သူ့လက်ကို နဖူးပေါ်တင်ကာ ခွန်မင်ကို ငတုံးတစ်ယောက်လိုမျိုး ကြည့်ပြီး ပြောလိုက်သည်
“ သူ့ကျင့်ကြံဆင့်က အခုထိ ရွှေရောင်ကိုယ်ထည် နယ်ပယ်အဆင့်မှာပဲ ရှိသေးတယ်။”
ရွှေရောင်ကိုယ်ထည်တဲ့လား
ခွန်မင် ကြောင်အသွားသည်။ သူ့ ပထမဆုံးအတွေးက မဖြစ်နိုင်ဘူးဆိုသော အတွေးပင် ဖြစ်၏။
သူ ရေရွတ်လိုက်မိသည်
“ မဖြစ်နိုင်ဘူး…ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူတစ်ယောက်က ဧရာမစွမ်းပကားရှင် နတ်ဆိုးကို ဘယ်လိုလုပ်ပြီးတော့ အနိုင်ရမှာလဲ”
ဒီအရာက သူ ထင်ထားခဲ့တဲ့ ဘယ်လောက်ထိ အရည်အချင်းရှိတဲ့ စံပြပါရမီရှင်တစ်ယောက်ပဲ ဖြစ်နေပါစေ ကောင်းကင်အသျှင်တစ်ယောက်ကို လက်လှမ်းမှီဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အရာကို စိန်ခေါ်လိုက်တာပဲ
ဒါက နယ်မြေငါးခုလုံး အသိအမှတ်ပြုထားတဲ့ အရာပဲလေ။ ကျင့်ကြံဆင့် တစ်ခုလုံးမြင့်တဲ့ ပြိုင်ဘက်ကို အနိုင်ယူသွားနိုင်ရင် ထိပ်သီးပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ခေါ်ကြတယ်။
ဒါဆိုရင် ကျင့်ကြံဆင့် နှစ်ဆင့်တောင် မြင့်နေတဲ့ ကျင့်ကြံသူကို အနိုင်ယူသွားတာ ဘာလို့ ခေါ်ရမလဲ
မကောင်းဆိုးဝါးလား…အရူးလား
သူက ခွန်ရှုကို သံသယဖြင့် ကြည့်ကာ ပြောလိုက်သည်
“ အဖေ… ကျွန်တော်ကို ဘာလို့ လှည့်စားနေရတာလဲ။ ကျွန်တော်ရဲ့ အဖေရော ဟုတ်ရဲ့လား။
မဟုတ်သေးဘူး။ ဒါက ပုံရိပ်ယောင်တွေပဲ ဖြစ်ရမယ်။ တစ်စုံတစ်ယောက်က အသူရာချောက်နက်ထဲကို ခိုးဝင်လာပြီးတော့ ငါ့အပေါ်မှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ပညာရပ်တွေကို သုံးနေတာ။ ငါ့ကို လှည့်စားလို့ရမယ်များ ထင်နေလား။
အခု ချက်ချင်း ပုံရိပ်ယောင်ကို ဖျက်လိုက်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ငါ့အဖေနဲ့ အစ်မ ပြန်ရောက်လာရင် မင်းက ဝိဇ္ဇာဖြစ်နေပါစေ ထွက်သွားလို့ ရမှာ မဟုတ်တော့ဘူး”
ခွန်ရှု ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။
ခွန်ယုက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
သူ ရူးသွားပြီ
ချီဖောက်ပြန်ခြင်းကို ခံစားရပြီးတော့ အခုလိုမျိုး မမျှော်လင့်ထားတဲ့ အံ့ဩစရာကို သိလိုက်ရတဲ့အတွက် ဒေါသထွက်တာက သူ့အတွက်တော့ ပုံမှန်ပါပဲ။ ခွန်ငါးအဖြစ်သို့ ပြောင်းလဲခြင်းက အမြုတေကနေ ပြောင်းလဲတာဆိုတော့ အဲဒီကတည်းက သူ့အခြေအနေက မတည်မငြိမ်ဖြစ်နေတာ။ အဲဒါကြောင့် သူ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်က များပြားတဲ့ အဆီအနှစ်ကို အသုံးပြုထားရမယ်
ခွန်ယုက ခွန်ရှုကို ကြည့်ပြီး ပြောလိုက်သည်
“ အဖေ နောက်ထပ် ကလေးတစ်ယောက်လောက် ယူရင်ဘယ်လိုလဲ”
ခွန်ဘုရင်က နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
ခွန်မင်က ဧရာမစွမ်းပကားရှင်အဆင့်သို့ ရောက်ခါနီးနေပြီဖြစ်သည့်အတွက် သူ့ကို နောက်ထပ် အနိုင်မကျင့်နိုင်တော့ဘူးဟု သူမ စဉ်းစားလိုက်မိသည်။
မင်း အနိုင်ကျင့်ဖို့အတွက် ငါ့ကို ထပ်ပြီးတော့ နောက်ထပ် မောင်လေး တစ်ယောက် မွေးခိုင်းနေတယ်တဲ့လား
ခွန်ရှုက သူ့သားကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် နှိုင်းယှဉ်ပြီးနောက် ပိုမိုစိတ်ပျက်သွားရသော်လည်း ခွန်မင်က သူ့သားဖြစ်နေဆဲ ဖြစ်သည်။
သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်
“ မင်းက ဘာမှကောင်းတာကို မရှိဘူး။ မင်းထက် တစ်ယောက်ယောက်က ပိုပြီးတော့ တော်သွားတာကို အသိအမှတ်ပြုဖို့အတွက် အဲလောက်တောင် တကယ်ပဲ ခက်ခဲနေတာလား။ မင်းကို ကြည့်ရတာ ရေတွင်းထဲက ဖားတစ်ကောင်လိုပဲ။
ရှန်ထျန်းက ငါတို့ဆီကို ခွန်ပန်တာအို အပြည့်အစုံကို ပြန်ပေးပြီးသွားပြီ။ ငါတို့က သူ့အပေါ် လုံးဝ အကြွေးတင်သွားပြီ။
မင်း သူ့ကို ထပ်ပြီးတော့ ဒုက္ခပေးမယ်ဆိုရင် မင်းကို ဘယ်လိုကိုင်တွယ်ပြမလဲဆိုတာ စောင့်ကြည့်နေလိုက်”
စကားပြောပြီးနောက် ခွန်ရှုက အပြာရောင် အလင်းတန်းကို ခွန်မင်၏ မျက်ခုံးနှစ်ခုကြားနေရာသို့ ပို့လွှတ်လိုက်သည်။
ချက်ချင်းပဲ ခွန်မင်၏ စိတ်ထဲတွင် မရေတွက်နိုင်သည့် ဆန်းကြယ်ပညာရပ်များကို ခံစားလိုက်ရပြီး ထိုအရာက ခွန်ပန်နတ်သားရဲ၏ အမြုတေ ဆန်းကြယ်ပညာရပ် ဖြစ်သည်။
ခွန်ပညာရပ်များကို ယန်ဓာတ်က စိုးမိုးထားသည်ဟုဆိုလျှင် ယင်ဓာတ်တစ်ခုတည်းက မွေးဖွားခြင်း မလုပ်နိုင်သလို ယန်ဓာတ်တစ်ခုတည်းကလည်း ကြီးထွားခြင်းကို ခွင့်မပြုနိုင်ပေ။ ထို့နောက် ခွန်ပန်တာအိုက ခွန်တာအိုနှင့် ပန်တာအိုတို့ကို ပေါင်းစည်းထားခြင်း ဖြစ်သည်။
မူလကတည်းက ခွန်မင်က ခွန်ပန်တာအို၏ ထူးခြားသော အသိပညာကို ဖမ်းဆုပ်မိသည်။ သို့သော် ပန်အဖြစ် အတင်းအကြပ် အသွင်ပြောင်းရင်း ကျရှုံးခဲ့ရသည်။ သူက ခွန်ပန်တာအို၏ အဓိကအချက်များကို သိထားပြီးပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ထဲ ရောက်ရှိလာသော ခွန်ပန်တာအိုက တကယ့်အစစ်ဖြစ်ကြောင်း သိလာနိုင်သည်။
ဤနည်းလမ်းအတိုင်းသာ ကျင့်ကြံသွားပါက အနာဂတ်တွင် ပန်တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းနိုင်လိမ့်မည်။
ဒါဆိုရင်… ဒါက လုံးဝ ပုံရိပ်ယောင်မဟုတ်ဘူးပေါ့
ခွန်ပန်တာအိုကို အကြမ်းဖျင်း နားလည်ပြီးနောက် ခွန်မင် စိတ်တည်ငြိမ်သွားပြီး ခွန်ရှုနှင့် ခွန်ယုကို ကြည့်လိုက်သည်။
သို့သော် သူတို့နှစ်ယောက် ပြောခဲ့သည်များကို ပြန်လည်စဉ်းစားပြီး စိုးရိမ်လာပြန်သည်။
ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူက ဧရာမစွမ်းပကားရှင်ကို အနိုင်ရတယ်တဲ့လား။ ဒါက အမှန်မဖြစ်နိုင်ဘူး
သို့သော် ယခု သူက ခွန်ပန်တာအို အပြည့်အစုံကို ရရှိသွားပြီဖြစ်သည့်အတွက် မူလက ရှုပ်ထွေးနေသော အံ့ဖွယ်စွမ်းအားများလည်း ဖြည်းဖြည်းချင်း ငြိမ်းချမ်းသွားသည့်အတွက် သူလည်း ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားသည်။
ဟမ်…
ခွန်ပန်တာအိုကို ရရှိပြီးနောက် တစ်ကိုယ်လုံး သက်သာရာရသွားကာ အချုပ်အနှောင်မှ ကင်းလွတ်သွားသလို ခံစားရပြီး သူ၏ အံ့ဖွယ်စွမ်းအားကိုလည်း ချက်ချင်း အလွယ်တကူ အသုံးပြုလို့ ရသွားသည်။
သူက ကြီးမားသော ကံဆိုးမှုကို ကြုံတွေ့ခဲ့ရသော်လည်း ယခင်ကထက်ပိုမို တိုးတက်လာသည်။ အနည်းဆုံးတော့ သူ ဖိအားအောက်တွင် ဖိနှိပ်ခံနေရတော့မည် မဟုတ်ပေ။
ခွန်မင် စိတ်တည်ငြိမ်သွားသည်ကို ကြည့်ပြီး ခွန်ရှုက ပြောလိုက်သည်
“ ဒီတစ်ခေါက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငါတို့ကို ခွန်ပန်တာအိုကို ပြန်ပေးရင်း ဉာဏ်အလင်းပွင့် အရွက်တောင် လက်ဆောင်ပေးခဲ့သေးတယ်။ လုံးဝ အဖိုးဖြတ်လို့ မရတဲ့အရာပေါ့”
သူ့သားနှင့် သမီးကို ကြည့်ရင်း ခွန်ရှုက ပြောလိုက်သည်
“ ငါ ဒီဉာဏ်အလင်းပွင့် အရွက်ကို ကျိုချက်ပြီးသွားရင် တစ်ခွက်စီ သောက်လိုက်ကြ။ ဒါက ခွန်ပန်တာအို ကျင့်ကြံတဲ့နေရာမှာ ကြီးမားတဲ့ အထောက်အကူ ပေးတယ်”
ခွန်မင်က နှုတ်ခမ်းများကို ဖိကိုက်ရင်း ပြောလိုက်သည်
“ အဲဒီလူယုတ်မာရဲ့ အရွက်ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ကျွန်တော် ကိုယ့်ဘာသာကို ခွန်ပန်တာအိုကို နားလည်နိုင်တယ်”
ခွန်ရှု၏ မျက်နှာထားက ဖြည်းဖြည်းချင်း မကျေမနပ် ဖြစ်လာမိသည်။
သူက ပိုပြီးတော့ ထိန်းချုပ်မှု ကင်းမဲ့လာပြီ
ထို့နောက် သူက တစ်စုံတစ်ခုကို တွေးတောပြီးနောက် ခွန်ရှု ပြောလိုက်သည်
“ ကောင်းပြီလေ။ ဒါဆိုရင်လည်း မင်းရဲ့ အဖန်ရည်ကို မေ့လိုက်တော့”
သူ စကားပြောနေရင်း ခွန်ရှုက အထွတ်အထိပ်အဆင့် အဖန်ရည်ပန်းကန်လုံးများကို ထုတ်ကာ ခွန်ယုရှေ့တွင် ထားလိုက်သည်။ ခွန်မျိုးနွယ်၏ မြတ်နိုးတန်ဖိုးထားကာ အထွတ်အထိပ်အဆင့် ဝိညာဉ်နွေဦးရေစင်ဖြင့် စတင် သန့်ရှင်းတော့သည်။
ပြုတ်ဖို့အတွက် ဝိညာဉ်မီးတောက်ကို အသုံးပြုပြီး အဖန်ရည်ပန်းကန်လုံးများကို ဆေးကြောလိုက်သည်။ အဖန်ရည် ပန်းကန်လုံးများကလည်း ဖျော့တော့သည့် မွှေးရနံ့များ ထုတ်လွှတ်နေသည်။ ဝိညာဉ်အဖန်ရည်မှ ထုတ်လွှတ်သော ရနံ့က လေထုထဲသို့ ပျံ့နှံ့သွားသည်။
တာအို၏ အသံကို ရှင်းလင်းစွာ ကြားနေရပြီး ဆန်းကြယ်ဥပဒေသများနှင့် ရစ်ပတ်နေပြီး အလွန်အမင်း အံ့အားသင့်ဖို့ကောင်းလှသည်။
ခွန်မင်က နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။
အဲဒါက ဉာဏ်အလင်းပွင့် အဖန်ရည်လေးပဲ မဟုတ်ဘူးလား
အဲဒီရှန်ထျန်းက ဖန်ရှန်းကို ပြုစားပြီးတော့ ငါ့ရဲ့ အချစ်ကို ခိုးယူသွားတယ်။ ခွန်ပန်တာအိုကို ပြန်ပေးတာနဲ့တင် မင်းကို ကျေးဇူးပြန်ဆပ်မယ်လို့ ထင်မနေနဲ့
မင်းကို သိပ်မကြာခင် မျှတတဲ့နည်းလမ်းနဲ့ အနိုင်ယူပြမယ်။ ဒါဆိုရင် မင်း ဘယ်လောက်ထိ အားနည်းတယ်ဆိုတာကို အားလုံး သိသွားစေရမယ်
ဟုတ်တယ် ရှန်ထျန်းက ခွန်ယုကို အနိုင်ယူခဲ့တယ်ဆိုတာကို ခွန်မင်က အခုထိ မယုံကြည်နိုင်သေးဘူး
သူ့အမြင်အရ သူ့အစ်မက ရုပ်ချောသောသူများကို ကြိုက်နှစ်သက်သည့်အတွက် ရှန်ထျန်းက ရုပ်ချောလို့ တမင် အရှုံးပေးလိုက်သည်ဟုသာ ထင်နေသည်။
ခွန်ပန်တာအိုအပြည့်အစုံကို နားလည်နိုင်ဖို့ ငါသာ အကောင်းဆုံးကြိုးစားမယ်ဆိုရင် အနာဂတ်မှာ ခွန်ပန် စံပြရဲ့ အမြင့်အထိရောက်ရှိပြီးတော့ ရှန်ထျန်းကို အနိုင်ယူနိုင်မှာပဲ
ဒါဆိုရင် ဖန်ရှန်းလည်း သူမ အမှားလုပ်မိတာကို သိပြီးတော့ ငါ့ရင်ခွင်ထဲကို ပြန်ရောက်လာမှာပဲ … အဲဒါကြောင့်အခု ရှန်ထျန်းရဲ့ အဖန်ရည်ကြောင့် ငါ့ရည်မှန်းချက်ကို လက်မလွှတ်နိုင်ဘူး
အနည်းဆုံးတော့ ခွန်ပန်တာအိုနဲ့ လဲလှယ်ဖို့အတွက် ခွန်မျိုးနွယ်က သုံးရောင်ခြယ်ရေစင်ကို သုံးခဲ့ရတယ်
ငါသာ ရှန်ထျန်းရဲ့ ဉာဏ်အလင်းပွင့် အဖန်ရည်ကိုသာ သောက်လိုက်မယ်ဆိုရင် ရှေ့လျှောက် သူ့ကို ဘယ်လိုလုပ်ပြီးတော့ စိန်ခေါ်လို့ရတော့မှာလဲ
အင်း…ငါ လုံးဝ မသောက်ဘူး
ငါက စိတ်ဓာတ်ခိုင်မာတဲ့ မဟာလေဟာနယ် ခွန်မျိုးနွယ်ဝင်ပဲ။ ဒီလိုမျိုး အရွက်လေး တစ်ရွက်ကြောင့် ဂုဏ်သိက္ခာကို အထိခိုက် ခံနိုင်ပါ့မလား
ခွန်မင် ဉာဏ်အလင်းပွင့် အဖန်ရည်ကို မသောက်ဖို့ ဆုံးဖြတ်လိုက်ပြီး ခွန်ပန်တာအိုကို နားလည်လာအောင် အာရုံစိုက်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီးနောက် ခွန်ရှုက အရွက်ကို ထုတ်လိုက်သည်။
အဖြူရောင် ကျောက်စိမ်းပုလင်းကို မဖွင့်ရသေးခင် ဆန်းကြယ်သောတာအိုအသံက လေထုထဲတွင် ပျံ့နှံ့သွားသည်။
ဤတာအိုက အရမ်းသိမ်မွေ့နက်နဲသည့်အတွက် နားမလည်နိုင်ပေ။ ထူးခြားသော ဆွဲဆောင်မှုတစ်ခုလည်း ပါဝင်နေသည်။
တာအို၏ အသံပဲ့တင်ထွက်လာသည့်အချိန်တွင် ခွန်ရှုနှင့် ခွန်ယုက သူတို့၏ ခန္ဓာကိုယ်ထဲရှိ ခွန်ပန်တာအို၏ အံ့ဖွယ်စွမ်းအားက နိုးထလာသည်ကို ခံစားလိုက်ရသည်။
ငါးကန်ထဲရှိ ခွန်မင်ကလည်း ခွန်ပန်တာအိုကို နားလည်အောင် လုပ်ရင်း မျက်စိမှိတ်ထားသော်လည်း သူ့နှုတ်ခမ်းတို့ တွန့်ချိုးသွားရသည်။
အဖြူရောင် ကျောက်စိမ်းပုလင်းထဲမှ ထွက်လာသော ဉာဏ်အလင်းပွင့် သစ်ရွက်က ငွေရောင် တောက်ပနေသည့်အတွက် ခွန်ရှု ပြုံးလိုက်မိသည်။ နက်နဲသိမ်မွေ့သော တာအိုကလည်း ပိုပြီးတော့ ရှင်းလင်းလာသည်။
လေမရှိသော်လည်း သစ်ရွက်က လေထဲတွင် မြောနေသည်။ ထိုအရာက ခွန်ပန်ပုံစံငယ်နှင့်တူပြီး ဝိညာဉ်ချီထဲတွင် အပေါ်အောက် မြောနေသည်။
အဖန်ရည်၏ ရနံ့က နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ခွန်ရှုက လက်ဟန်များ တစ်ခုပြီးတစ်ခုလုပ်ပြီးနောက် ထိုအရာများက ဉာဏ်အလင်းပွင့် သစ်ရွက်ထဲသို့ ဝင်သွားသည်။
ဉာဏ်အလင်းပွင့် အဖန်ရည်၏ ရနံ့က အပြည့်အဝ လှုံ့ဆော်ပေးလိုက်ပြီး သိပ်သည်းသော အဖြူရောင်မြူခိုးက နေရာတစ်ခုလုံးကို ဝန်းရံထားသည်။
ခွန်ရှုနှင့် ခွန်ယုက များပြားသော အဖန်ရည်ရနံ့များကြားထဲတွင် ယစ်မူးသလိုမျိုး ဖြစ်နေကြသည်။ သူတို့ အင်မတန် စိတ်လှုပ်ရှားလာကာ ဉာဏ်အလင်းပွင့်ချင်စိတ်ကလည်း အဆမတန် မြင့်တက်လာသည်။
“ ဒါက အရမ်းဆန်းကြယ်တာပဲ” ခွန်ဘုရင်က ရေရွတ်လိုက်သည်။ သူ့အသံက တိုးလျသော်လည်း ငါးကန်ထဲရှိ ခွန်မင်တော့ သေချာပေါက် ကြားရလိမ့်မည်။
အကြည့်များထဲတွင် ဆန္ဒများဖြင့် တောက်လောင်နေပြီး ပြောလိုက်သည်
“ ဒီသစ်ရွက်က ငါထင်ထားတာထက် ပိုပြီးတော့ ထူးခြားဆန်းကြယ်တာပဲ။ ဒါက သေချာပေါက် နှစ်ပေါင်းတစ်သိန်း သက်တမ်းရှိတဲ့ ဉာဏ်အလင်းပွင့်အပင်က မဟုတ်လောက်ဘူး။
အနည်းဆုံး သက်တမ်း ၃ သိန်းလောက်ရှိတဲ့ အပင်ကပဲ ဒါမှမဟုတ် သက်တမ်း ၅ သိန်းနဲ့အထက်လည်း ဖြစ်နိုင်တယ်။
ဒီသစ်ရွက်လေးရဲ့ တန်ဖိုးက ဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ နှိုင်းယှဉ်နိုင်တယ်။
ဒီအဖန်ရည်အိုးရဲ့ တန်ဖိုးက ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ယှဉ်လို့ရတယ်။ အရမ်းကို လွန်ကဲတာပဲ … ယုအာ ပြီးရင် နည်းနည်းလောက် သောက်လိုက်”
ခွန်ယုက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း ပြောသည်
“ သမီး နားလည်ပါပြီ။ သမီး သေချာပေါက် ခွန်ပန်တာအိုကို နားလည်နိုင်အောင် အကောင်းဆုံးကြိုးစားပြီးတော့ ခွန်ပန်အစစ် တစ်ကောင်ဖြစ်လာအောင် မျိုးရိုးကို မြှင့်တင်ပါ့မယ်”
ခွန်ရှုက စိတ်သက်ရာရစွာဖြင့် ခေါင်းညိတ်ပြကာ ဉာဏ်အလင်းပွင့် အဖန်ရည်ကို ဖျော်နေရင်း ပြောလိုက်သည်
“ သမီးမှာ အဲလိုဆုံးဖြတ်ချက်မျိုးရှိလို့ အဖေ စိတ်သက်သာရာရပါတယ်”
နန်းတော်ထဲတွင် အဖန်ရည်၏ ရနံ့က တစ်ဆထက် တစ်ဆ ပိုမိုမွှေးပျံ့လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အံ့ဖွယ်စွမ်းအားကို လည်ပတ်နေသော ခွန်မင်က ဖြည်းဖြည်းချင်း ရပ်တန့်သွားကာ တံတွေးမျိုချသံကိုပင် ကြားရသည်။
သူ၏ မူလက ပိတ်နေသော မျက်လုံးလည်း ပွင့်လာကာ ပွက်ပွက်ဆူနေသော အဖန်ရည်ကို စိုက်ကြည့်နေမိသည်။
ဒီရနံ့က… တကယ်ကို ကောင်းတာပဲ
သို့သော် ခွန်ရှုတွင် ခွန်မင်ကို အဖန်ရည် ဝေမျှပေးမည့် ရည်ရွယ်ချက် လုံးဝ မရှိပေ။
သူက ဉာဏ်အလင်းပွင့် သစ်ရွက်ကို ကျိုချက်ဖို့အတွက် ဝိညာဉ်နွေဦးရေစင်ကို အသုံးပြုခဲ့ပြီး သစ်ရွက်မှ တာအိုကို ဖြည်းဖြည်းချင်းခွဲပြီး ပထမ အဖန်ရည် တစ်အိုး ပြုလုပ်နေသည်။
သူ့အတွက်နှင့် ခွန်ယုအတွက် ခွက်ထဲသို့ လောင်းထည့်ရင်း ခွန်ရှုက ပြုံးကာ ပြောလိုက်သည်
“ ယုအာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ငါတို့ရဲ့ လူသားတွဲဖက်အဖြစ် ကမ်းလှမ်းမလို့။ အဲဒါ ဘယ်လိုထင်လဲ”
တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ခွန်ယုက အရှက်သည်းစွာဖြင့် ပြောလိုက်သည်
“ အဖေက သမီးတို့မျိုးနွယ်ရဲ့ ဘုရင်တစ်ပါးပဲလေ။ မောင်လေးရှန်ကို သမီးတို့ရဲ့ လူသားတွဲဖက်အဖြစ် သတ်မှတ်ဖို့ကို သမီးနဲ့ ဘာလို့ ဆွေးနွေးဖို့ လိုဦးမှာလဲ”
ခွန်ရှုက အကုန်လုံးကို သိနေသည့်အတိုင်း ပြုံးကာ ပြောလိုက်သည်
“ ကောင်းပြီလေ…သမီးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ စာချုပ် ချုပ်ရလိမ့်မယ်။
သမီးရဲ့ ဆန္ဒကိုလည်း ထည့်ပြီးတော့ စဉ်းစားမှာပါ။ သမီး ဆန္ဒမရှိဘူးဆိုရင် အဖေတို့ မျိုးနွယ်စုက တခြားမိန်းကလေး တစ်ယောက်နဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စာချုပ် ချုပ်ခိုင်းလိုက်လို့လည်း ရပါတယ်”
သူ တက်စီးတာခံရမဲ့သူက သမီးကိုယ်တိုင်ပဲလေ
ခွန်ယုက ဉာဏ်အလင်းပွင့် အဖန်ရည်ကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။ အဖန်ရည်နွေးနွေးလေးကို သောက်ရင်း သူမ၏ မျက်နှာလေးလည်း နီရဲနေသည်။
သူမ ခဏတာ တွေးတောပြီးနောက် ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရှေ့ပိုင်းလွင်ပြင်မှာ စွမ်းအားအကြီးဆုံး ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ နဂါးမျိုးနွယ်နဲ့ လေးနက်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်။ သူနဲ့ စာချုပ် ချုပ်ဆိုဖို့အတွက် သမီးတို့မျိုးနွယ်က ကြိုက်တဲ့ အမျိုးသမီးကို ရွေးလိုက်မယ်ဆိုရင် သူ့ကို မြင့်မြင့်မစဉ်းစားပေးတဲ့ ပုံစံမျိုး ဖြစ်သွားလိမ့်မယ်။
သမီးက မျိုးနွယ်စုရဲ့ မင်းသမီးကြီးဖြစ်တော့ ဂုဏ်ရှိပြီးသားလေ။ အဲဒါကြောင့် မင်းသမီးတစ်ယောက်ရဲ့ တာဝန်ပဲလေ။ စာချုပ်နဲ့ ပတ်သက်တဲ့ကိစ္စကိုတော့ အဖေပဲ ဆုံးဖြတ်ရမှာပါ”
ငါးကန်ထဲရှိ ခွန်မင်က နားမလည်နိုင်ဖြစ်နေသည်။
အခု ဘာတွေဖြစ်နေတာလဲ
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘာလို့ ငါတို့ ခွန်မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာရမှာလဲ
အဖေတို့ ကျွန်တော်ရဲ့ အမြင်ကိုရော မေးပြီးပြီလား။ ကျွန်တော်က အဲဒီလူယုတ်မာနဲ့ အငြိုးရှိပြီးတော့ တစ်နေ့ သူ့ကို သေချာပေါက် အနိုင်ယူမှာကို မသိကြဘူးလား
အဲဒီ လူယုတ်မာ ရှန်ထျန်းက ငါ့ရဲ့ ဖန်ရှန်းကို လုယူသွားရုံတင်မကဘူး ငါ့အစ်မကိုပါ လာထိရဲတယ်ပေါ့လေ။ အနာဂတ်မှာ သူက ငါ့ကို ငါ့အစ်မနဲ့အတူပေါင်းပြီး ရိုက်နှက်မှာများလား
သေစမ်း… မင်း အရမ်းလွန်သွားပြီ…အရမ်း လွန်သွားပြီ
ခွန်မင်က မျက်လုံးကို ဖွင့်ကာ ငါးကန်ထဲမှနေ၍ အော်လိုက်သည်
“ ကျွန်တော် ကန့်ကွက်တယ်။ အဲဒီလူယုတ်မာက ကျွန်တော်တို့မျိုးနွယ်ရဲ့ လူသားတွဲဖက်ဖြစ်လာမှာကို ကျွန်တော် ကန့်ကွက်တယ်”
ခွန်ဘုရင်က သူ၏ ခပ်တုံးတုံးသားကို တစ်ချက်ကြည့်ကာ အဖန်ရည်ကို ဆက်သောက်ရင်း ပြောလိုက်သည်
“ သူတော်စင် ရှန်ထျန်းက မင်းနဲ့ စာချုပ် ချုပ်မှာ မဟုတ်ဘူးလေ။ မင်းက ဘာအရည်အချင်းနဲ့ ကန့်ကွက်တာလဲ”
ဉာဏ်အလင်းပွင့် အဖန်ရည်ကို သောက်ပြီးနောက် ခွန်ဘုရင်က ငွေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ သူ့မျက်လုံးများက သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး နက်နဲလှသည်။
သူက ချီးကျူးပြောဆိုလိုက်သည်
“ ကောင်းလိုက်တဲ့ အဖန်ရည်ပဲ။ ဒီအဖန်ရည်က တကယ်ကို ကောင်းတာပဲ။ ဒါကိုသောက်ပြီးတော့ ရက်ပိုင်းလောက် ကျင့်ကြံလိုက်ရင် ခွန်ပန်တာအိုကို ဒီထက်ပိုပြီး နားလည်သွားမှာပဲ။ ဒါဆိုရင် ငါ့ရဲ့ ကျင့်ကြံဆင့်လည်း တိုးတက်လာမှာ”
ခွန်ယုက ပြောလိုက်သည်
“ အဖေ သမီးတို့မျိုးနွယ်က နဂါးမျိုးနွယ်နဲ့ ဆက်ဆံရေး မကောင်းဘူးလေ။ နဂါးနက်ကျွန်းကြောင့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သမီးတို့နဲ့ စာချုပ် ချုပ်ဖို့ ငြင်းဆိုရင် ဘယ်လိုလုပ်မလဲ”
ခွန်ဘုရင် အနည်းငယ် ကြောင်အသွားကာ မျက်နှာထားကလည်း မကျေမနပ်ဖြစ်သွားသည်။
ဟုတ်သားပဲ..
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငြင်းဆိုလိုက်ရင် ဘယ်လိုလုပ်မလဲ
တခြားသူသာဆိုရင်တော့ ငါတို့ရဲ့ လူသားတွဲဖက်ဖြစ်လာတာက သူတို့အတွက် ကံကောင်းတာပဲ
သို့သော် ရှန်ထျန်းက ကံကြမ္မာသားတော်အစစ် ဖြစ်ကြောင်းကို ခွန်ဘုရင် မမေ့ပေ။ သူက ကောင်းကင်တာအို၏ တရားမဝင် သားတော်နှင့် တူသည်။
သူက ခွန်မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်မလာရင်လည်း သူ့အတွက် ဘာခြားနားချက်မှ ရှိမဲ့ပုံမပေါ်ဘူး
ဒီကံကောင်းမှုက အလကားရယူဖို့ မလွယ်ကူဘူး
ဟင်း…ငါ သောက်နေတဲ့ အဖန်ရည်တောင်ပဲ အရသာမရှိတော့သလိုပဲ
ခွန်ဘုရင်က လက်ခုပ်တီးကာ ပြောလိုက်သည်
“ ဟုတ်တယ်…အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တားမြစ်ကျောက်ပြားကို နားလည်အောင် လုပ်ခွင့်ပေးလိုက်မယ်လေ”
တားမြစ်ကျောက်ပြားကို နားလည်အောင် လုပ်ခွင့်တဲ့လား
ခွန်ယုက အရမ်းစိုးရိမ်စွာဖြင့် ပြောလိုက်သည်
“ အဖေ တကယ်ပြောနေတာလား”
ထိုတားမြစ်ကျောက်ပြားဆိုသည်မှာ ခွန်မျိုးနွယ်၏ ဘိုးဘေးဘီဘင်များ အသူရာချောက်နက်မှ ရယူလာသော ကြေးကျောက်ပြားကို ဆိုလိုခြင်းဖြစ်သည်။ ထိုအပေါ်တွင် ဆန်းကြယ်သော တာအိုအမှတ်အသားများကို ထွင်းထားသည်။
ထိုတာအိုအမှတ်အသားများက အင်မတန်လေးနက်ပြီး ခန့်မှန်းရခက်သလို ကြီးမြတ်သော တာအို၏ ဗဟုသုတများ ပါတင်သည်။ ဝိဇ္ဇာအဆင့် ကျင့်ကြံသူများပင် တပ်မက်ကြသည်။
ဤ ကြေးကျောက်ပြားကို နားလည်အောင် လုပ်ပြီးနောက် မဟာလေဟာနယ် ခွန်မျိုးနွယ်များ၏ ကျင့်ကြံဆင့်များ အဆမတန်တိုးမြင့်သွားသည်ဆိုသော ကောလဟာလများလည်း ရှိသည်။
ထို့ကြောင့် သူတို့က မြောက်ပင်လယ်ကို ကြီးစိုးပြီး မဟာလေဟာနယ် ခွန်မျိုးနွယ်ဟု ရပ်တည်လာနိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုကျောက်ပြားကို မဟာလေဟာနယ် ခွန်မျိုးနွယ်၏ မူလကျောက်ပြားဟု ခေါ်ထားပြီး ထူးခြားသော အဆင့်အတန်း ရှိသည်။ မျိုးနွယ်၏ ပင်မ ပါရမီရှင် မဟုတ်သူများက အနားပင် မကပ်နိုင်ကြပေ။
ကြီးမြတ်သော ဝိဇ္ဇာခွန်ပန်ပင် ဤကဲ့သို့သော ကျောက်ပြားရတနာမျိုး ရှာတွေ့ရန် အသူရာချောက်နက်၏ ပေသန်း ၄၀ အနက်သို့ စွန့်စားသွားရောက်ခဲ့သေးသည်။
သူ ကံမကောင်းပဲ သေသွားတာကတော့ နှမြောစရာပင် ဖြစ်သည်။
ဒါဆိုရင် ခွန်မျိုးနွယ်တွေက အဲလိုမျိုးဆန်းကြယ်တဲ့ ကျောက်ပြားကို ဘာလို့ တားမြစ်ကျောက်ပြားလို့ ခေါ်တာလဲ
အကြောင်းအရင်းက ရိုးရှင်းလှသည်။ ဘိုးဘေးဘီဘင်၏ ပထမမျိုးဆက်မှ လွဲ၍ ခွန်မျိုးနွယ်၏ တခြားပါရမီရှင်များက ဤကျောက်ပြားကို နားလည်ပြီးနောက် ကောင်းမွန်သော အဆုံးသတ်ကို မရရှိခဲ့ပေ။
ထိုကျောက်ပြား၏ ရှေ့တွင် ရာစုနှစ်ပေါင်း ထောင်ချီပြီး ထိုင်နေရင်း သေသွားသော်လည်း အခုထိ မနိုးထသေးသည့် လူတချို့လည်း ရှိသည်။
ကျောက်ပြားဆီမှ အတင်းဆွဲခေါ်သွားခံရသောသူများလည်း ရှိသော်လည်း သူတို့က ချီဖောက်ပြန်ခြင်းကို ခံစားရပြီး ပေါက်ကွဲသွားသည်။
ဆန်းကြယ်သော ပညာရပ်ကို သေချာနားလည်သွားသည့်သူ ရှိသော်လည်း ကျောက်ပြား၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဟုတ်တယ်… ကျောက်ပြားရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတာ
ထိုပါရမီရှင်များက ကျောက်ပြားနှင့် ပေါင်းစည်းခြင်းခံရတာက ဂုဏ်ယူသည့်အတွက် စုပ်ယူခံရသည့်အချိန်တွင် ပြုံးနေခဲ့သည်။
ထိုသို့ ထူးထူးဆန်းဆန်း အဆုံးသတ်တွေက ခွန်မျိုးနွယ်ဝင်တွေကို ကြက်သီးမွေးညင်းထသွားစေခဲ့သည်။
ထို့ကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ ဘယ်သူမှ တားမြစ်ကျောက်ပြားကို ဘယ်သူမှ နားလည်အောင် မကြိုးစားရဲတော့ပေ။
ခွန်ဘုရင်၏ အကြည့်ထဲတွင် ဆန္ဒပြင်းပြသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
“ အားလုံးသိတဲ့အတိုင်း ထူးခြားတဲ့ အရည်အချင်း ဒါမှမဟုတ် ကံကြမ္မာမရှိဘူးဆိုရင် ဒီကျောက်ပြားကို နားလည်အောင် လုပ်ဖို့ ကြိုးစားတာက ကိုယ့်သေတွင်းကို တူးတာနဲ့ အတူတူပဲ။ ဒါပေမဲ့ ရှန်ထျန်းမှာ အဲဒါတွေ မရှိလို့လား။” ခွန်ဘုရင်က စိတ်ဆုံးဖြတ်ပြီး ပြောလိုက်သည်
“ ရှန်ထျန်းသာ ဒီကျောက်ပြားကို နားမလည်ရင် ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်တော့ဘူး”
ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေက ကျောက်ပြားကို အောင်မြင်စွာ နားလည်ပြီးတော့ “ နည်းလမ်းက ခက်ခဲလို့”ဆိုပြီး အမွေအနှစ်ကို အပြည့်အဝ ချန်မထားခဲ့တာတော့ နှမြောစရာပဲ
ငါတို့သာ ရှန်ထျန်းကို တိုက်ရိုက်သင်ကြားပေးနိုင်မယ်ဆိုရင် သူ အဲလိုမျိုး စွန့်စားစရာ မလိုဘူး
“ ငါ ဒါကို အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အရင်ဆုံး ပြောပြပြီးတော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကိုလည်း ရှင်းရှင်းလင်းလင်း သတင်းပို့ထားလိုက်မယ်”
ခဏတာ စဉ်းစားပြီးနောက် ဘာအကျိုးအမြတ်မှ မရှိနိုင်သည့်အတွက် ပိုပြီးတော့ သတိထားသင့်သည်ဟု ခွန်ဘုရင် ခံစားမိသည်။ သို့သော် တစ်စုံတစ်ခု မှားယွင်းသွားပါက သူက အပြစ်ပုံချခံရသူ ဖြစ်မလာနိုင်ပေ။
ခွန်ဘုရင်နှင့် ခွန်ယုတို့ ဉာဏ်အလင်းပွင့် အဖန်ရည်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေရင်း အဖန်ရည် အိုးတစ်အိုး ကုန်ခါနီးလာလေပြီ။
ထိုအချိန် တစ်ဖက်တွင် ခွန်မင်က စိုးရိမ်ကြောင့်ကြလာသည်။
သူက ခွန်ပန်တာအိုကို ရရှိခါစဖြစ်သည့်အတွက် ဉာဏ်အလင်းပွင့် အဖန်ရည်၏ ဆွဲဆောင်မှုက စကားလုံးနှင့်ပင် ဖော်ပြလို့ မရနိုင်ပေ။
အစက သူ့အဖေက သူ့ကို မပေးဖို့ ဟန်ဆောင်နေသည်ဟု ထင်ထားခဲ့သည်။ သူတို့က သားအဖဖြစ်သည့်အတွက် ဘယ်လိုပဲဖြစ်ဖြစ် တစ်ခွက်လောက်တော့ တိုက်မည်ဟု ထင်ထားခဲ့သည်။
သူ့အဖေကို ဒီလောက်ထိ ရက်စက်တတ်တဲ့သူဖြစ်ပြီး သူ့အတွက် တစ်ခွက်မှ ချန်မထားခဲ့ဘူးဟု ထင်မထားခဲ့ပေ။
ငါက သူ့ရဲ့ မွေးစားသားများလား
ဉာဏ်အလင်းပွင့် အဖန်ရည်အိုးထဲမှ နောက်ဆုံးကျန်ရှိသည်ကို လောင်းထည့်လိုက်သည့်အတွက် ခွန်မင် ထပ်ပြီးတော့ တောင့်မခံနိုင်တော့ပေ။
သူက မျက်လုံးဖွင့်ကာ ခွန်ရှုနှင့် ခွန်ယုကို စိတ်ပူပန်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်
“ အာ… အဖေနဲ့ အစ်မရေ… ဒီအဖန်ရည်က အရမ်းမွှေးတာပဲ။ ကျွန်… ကျွန်တော်ကို တစ်ခွက်လောက် တိုက်လို့ရမလား”