ခရမ်းစိမ်းဓားနှစ်သွယ် … ပြိုင်ဘက်ကင်း ဓားပညာရပ်
Vol. 23 Ch. 338
အခန်း (၃၃၈) : ခရမ်းစိမ်းဓားနှစ်သွယ် … ပြိုင်ဘက်ကင်း ဓားပညာရပ်
အထွတ်အမြတ် အလင်းနန်းဆောင်က ခွန်မျိုးနွယ်၏ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကျွေးမွေးပြုစုသည့် နေရာတစ်ခု ဖြစ်သည်။ နန်းဆောင်တစ်ခုလုံးကို အဖိုးတန် မြောက်ပင်လယ် သလင်းကျောက်များဖြင့် တည်ဆောက်ထားသည့်အတွက် ရှေးကျပြီး အရမ်းနှစ်လိုဖွယ်ကောင်းလှသည်။
အထူးကောင်းမွန်သည့် မွှေးရနံ့ဖြင့် ထူးခြားဆန်းပြားသော အပင်မျိုးစုံကိုလည်း နန်းဆောင်၏ ဘေးပတ်လည်တွင် စိုက်ပျိုးထားလေသည်။ ဤနေရာရှိ ဝိညာဉ်ချီကပင် မြောက်ပင်လယ်ရှိ တခြားနေရာများထက် ပိုမို သိပ်သည်းလေ၏။
ရှန်ထျန်းက အထွတ်အမြတ် အလင်းနန်းဆောင်ထဲရှိ သီးသန့်ကျင့်ကြံခန်းတွင် တင်ပျဉ်ခွေကာ ထိုင်ပြီး ခွန်ရှု သူ့ကို ပေးခဲ့သော သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။
အပွင့်လင်းဆုံးပြောရလျှင် ခွန်ရှုက အရမ်းကို ရက်ရောခဲ့သည်။ ဤလက်စွပ်က သူ၏ ကိုယ်ပိုင် ခန်းမင်လက်စွပ်လောက်ထိ သိုလှောင်နေရာ ကျယ်ဝန်းသည်။ ဤလက်စွပ်လေးကပင် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
လက်စွပ်၏ တန်ဖိုးက အထဲရှိ သိုလှောင်ထားသော ပစ္စည်းများနှင့် နှိုင်းယှဉ်လိုက်လျှင် တန်ဖိုးနည်းနေသေးသည်။
သိုလှောင်လက်စွပ်ထဲတွင် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းသုံးခုနှင့် နူးညံ့သော အလင်းတန်းကို ထုတ်လွှတ်နေသည့် ရေစင် ပုံဆောင်ခဲတို့ပင် ဖြစ်သည်။
ပထမဆုံး ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းက ဖျော့တော့သော အက္ခရာစာများ ဖုံးလွှမ်းထားသည့် ငွေရောင်ခြုံထည်တစ်ခု ဖြစ်သည်။ အာကာပြင်နှင့် ပေါင်းစပ်လုနီးပါးဖြစ်နေသည့်အတွက် အနီးကပ် မကြည့်ပဲ သေချာမမြင်နိုင်ပေ။
ထိုခြုံလွှာပေါ်တွင် ဤ ခြုံလွှာအကြောင်းကို ရှင်းပြထားသည့် ကျောက်စိမ်းပေလွှာ တစ်ခု ပါသည်။
ဤခြုံလွှာကို “ လေဟာနယ် ခြုံလွှာ”ဟုခေါ်ပြီး ဈေးပေါသော ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်သော်လည်း သာမန် အလယ်အလတ်အဆင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း တစ်ခုထက်ပိုပြီး အဖိုးတန်သည်။
အဘယ်ကြောင့်ဆိုသော ဤခြုံလွှာက ဝတ်ဆင်လိုက်သည့်အခါ ဝတ်ဆင်သူ၏ အရှိန်အဝါကို ပြီးပြည့်စုံစွာ ဖုံးကွယ်ပေးနိုင်သောကြောင့် ဖြစ်၏။ အာကာပြင်နှင့် လုံးဝ ပေါင်းစပ်နိုင်သွားပြီး အတိဒုက္ခလွန် စမ်းသပ်ခြင်းကို ဖြတ်ကျော်နိုင်သည့် ဝိဇ္ဇာတစ်ပါးပင် သင့်ကို ထောက်လှမ်းရန် အခက်တွေ့လိမ့်မည်။
တိုက်ပွဲများထဲတွင် ဤခြုံလွှာက အာကာပြင်ကို ခြယ်လှယ်နိုင်စွမ်းရှိပြီး ဝတ်ဆင်သူကို စွမ်းအားကြီးသော တိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်အောင် ကူညီပေးသည်။ ထိုအရာက အရမ်းတန်ဖိုးရှိသော ခုခံရေးအသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်သည်။
အရှိန်အဝါ ဖုံးကွယ်ခြင်း လုပ်ဆောင်ချက်များက ရှန်ထျန်းအတွက် အသုံးမဝင်သော်လည်း ဤခြုံလွှာ၏ ဒီဇိုင်းကို ကြိုက်နှစ်သက်သည်။ ထို့အပြင် ထိုခြုံလွှာက သူ၏ ခွန်ပန်ပညာရပ်များနှင့်လည်း အရမ်းလိုက်ဖက်နေသည်။
သူ ဤခြုံလွှာကို ဝတ်ဆင်လိုက်သည့်အခါ သူ၏ ခွန်ပန်ပညာရပ်များက အာကာပြင်နှင့် ပေါင်းစပ်သွားကာ စွမ်းအားများ တိုးလာလိမ့်မည်။
ဒုတိယနှင့် တတိယ ဝိဇ္ဇာအသုံးအဆောင် ပစ္စည်းများက ဈေးပေါသော အထွတ်အမြတ်ဓားတစ်စုံ ဖြစ်သည်။ တစ်လက်က လုံးဝ ခရမ်းရောင်ဖြစ်ပြီး နောက်တစ်လက်က အစိမ်းရောင် ဖြစ်သည်။
ထိုဓားနှစ်လက်က တစ်စုံဖြစ်ပြီး အတူတူ အသုံးပြုလိုက်ပါက စွမ်းအားသည် အလယ်အလတ်အဆင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းနှင့်ပင် နှိုင်းယှဉ်လို့ရနိုင်သည်။ ထိုပစ္စည်းများက ထူးခြားပြီး ကြောက်စရာကောင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
ဒဏ္ဍာရီများအရ ဤဓားတစ်စုံက ရှုရှန်အထွတ်အမြတ်မြေမှ ဖြစ်ပြီး ရှုရှန်၏ ရတနာဖြစ်သည့် ခရမ်းစိမ်းဓား နှစ်သွယ်၏ ပုံစံတူရတနာတစ်ခု ဖြစ်သည်။
ခရမ်းစိမ်းဓားနှစ်သွယ် အစစ်က ပြိုင်ဘက်ကင်း ထာဝရသတ္တုနှစ်ခုမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအရာများက နတ်ဧကရာဇ်အဆင့် လက်နက်များဖြစ်ပြီး နယ်မြေငါးခုကို လွှမ်းမိုးနိုင်သည့် စွမ်းအား ရှိသည်။
ဤဓားနှစ်လက်က တကယ်အစစ်ထက် များစွာ နိမ့်ကျသော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲတွင် စွမ်းအားကြီး ဓားဝိဇ္ဇာအချို့က ဂရုတစိုက်ဖြင့် သန့်စင်ခဲ့သော ကြီးမြတ်သည့် လက်နက်များ ဖြစ်နေဆဲ ဖြစ်သည်။
ထိုနှစ်က တိုက်ပွဲနယ်မြေတွင် မရေတွက်နိုင်သော မိစ္ဆာဝိညာဉ်များက ထိုဓားတစ်စုံ၏ လက်ထဲတွင် အသက်ဆုံးရှုံးသွားခဲ့ရသည်။ ထိုဓားနှစ်လက်က ပြိုင်ဘက်ကင်းအတွဲ ဖြစ်သည်။
ဓားဝိဇ္ဇာက ဝိဇ္ဇာတစ်ယောက်ပဲ ဖြစ်နေတာတော့ နှမြောစရာပဲ။ သူက ရန်သူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လေ
ကံကောင်းမှုကြောင့် ထိုဓားနှစ်လက်က ခွန်မျိုးနွယ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။
သို့သော် ရှေးခေတ်အခါကတည်းက ခွန်မျိုးနွယ်တွင် ဓားသုံးရသည်ကို ကြိုက်သည့်သူများ ရှိသည်။ ထိုအချိန်ကတည်းက ဤဓားနှစ်လက်ကို ခွန်မျိုးနွယ်၏ ရတနာသိုက်ထဲတွင် မထိခိုက်စေဘဲ သိမ်းဆည်းထားသည်။
သူတို့သာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တစ်ခုခုပေးဖို့ လိုအပ်ပါက ဤဓားနှစ်လက်က ပြီးပြည့်စုံဆုံးသော လက်ဆောင် ဖြစ်သည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း ဓားအသုံးပြုရတာကို နှစ်သက်သည်ဟု ခွန်ရှု မှတ်မိနေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် တပည့်အနေဖြင့် ရှန်ထျန်း၏ ဓားပညာရပ်များကလည်း အထူးကောင်းမွန်သည်။
သူက ဒီ ခရမ်းစိမ်းဓား နှစ်သွယ်ကို သေချာပေါက် လက်ခံမှာပဲ
ခွန်ရှု မှန်ကန်ခဲ့သည်။ ရှန်ထျန်းက ဤဓားတစ်စုံကို အတော်လေး ကြိုက်နှစ်သက်သည်။
စွမ်းအားကို အသာထားလိုက်ဦး… ပုံစံနဲ့တင် အရမ်းမိုက်နေပြီ
ခရမ်းရောင်ဓားက ခရမ်းရောင် ကျောက်စိမ်းကနေ လုပ်ထားသကဲ့သို့ ထူးခြားစွာ လှပသည်။ အစိမ်းရောင်ဓားက အရမ်းဆွဲဆောင်မှုရှိပြီး သတ်ဖြတ်နိုင်သော လက်နက်တစ်ခုနှင့် မတူဘဲ အနုပညာတစ်ရပ်နှင့်တူသည်။
ဤဓားနှစ်လက်က ထျန်းကျူဓားနှင့် နှိုင်းယှဉ်ဖို့တော့ မဖြစ်နိုင်ပေ။
သို့သော် ထျန်းကျူဓားက ရှန်ထျန်း၏ လျှို့ဝှက်လက်နက် ဖြစ်သည်။ ဤဓားနှစ်လက်က နေ့စဉ် သာမန်ရန်သူများကို တိုက်ခိုက်ရန်အတွက်သာ သင့်တော်သည်။
ရှန်ထျန်းက ညာဘက်လက်မှ ရွှေနီရောင် သွေးစက်တစ်စက်ကို ညှစ်ထုတ်လိုက်သည်။ ထို့နောက် သွေးနှစ်စက်ဖြစ်အောင် ခွဲပြီးနောက် ဓားပေါ်သို့ လွှတ်လိုက်သည်။
ထိုဓားနှစ်လက်ဆီမှ ရုတ်တရက် တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အထွတ်အမြတ် အလင်းနန်းဆောင် တစ်ခုလုံး ခရမ်းစိမ်းဓားနှစ်သွယ်မှ ထုတ်လွှတ်သော အလင်းတန်းဖြင့် ဖုံးလွှမ်းသွားသည်။ စွမ်းအားကြီးသော ဓားအရှိန်အဝါက မိုင်ပေါင်း သောင်းချီကာ ပျံ့နှံ့သွားသည့်အတွက် ပင်လယ်နက်ထဲမှ သတ္တဝါများကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ဓားနှစ်လက်ဆီမှ အသံများက ပိုင်ရှင်အသစ် ရသွားသည့်အတွက် အောင်ပွဲခံနေသလိုမျိုးဖြစ်နေသည်။
သခင်က ရုပ်ချောနေတာလည်း ပါမှာပေါ့
ကောင်းပြီ…
ဝိဇ္ဇာအဆင့် ဓားများတွင် ကိုယ်ပိုင်အသိစိတ် မရှိသည့်အတွက် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် ဒေါသများကို မခံစားနိုင်ပေ။
အံ့ဖွယ်ဓားဖွဲ့စည်းပုံ၏ သွေးစက်က သူတို့ကို လှုပ်နှိုးလိုက်သည့်အတွက် ပြင်းထန်စွာ တုန်ခါနေခြင်း ဖြစ်သည်။
( နတ်ဓားကနေ အံ့ဖွယ်ဓား ပြောင်းသုံးထားပါတယ်)
ရှန်ထျန်း၏ သွေးကို စုပ်ယူပြီးနောက် ဓားနှစ်လက်၏ စွမ်းအားများ ပြန်လည် ပြည့်ဝသွားသည်။ အချင်းချင်း လည်ပတ်နေရင်း တောက်ပကာ ဆန်းကြယ်သည့် ဓားပညာရပ်ကို ထုတ်လွှတ်နေသည်။
ရှန်ထျန်းက ဓားများကို ပြန်သိမ်းဖို့ အလျင်စလိုမလုပ်ဘဲ သူ့ရှေ့မှာ တိုက်ကွက်များ လုပ်ပြခွင့် ပြုထားလိုက်သည်။
ခရမ်းရောင်နှင့် အစိမ်းရောင်ဓားများက အချင်းချင်း တိုက်ခိုက်နေကြပြီး စွမ်းအားကြီး ဓားသခင်များက တိုက်ခိုက်ရေး လေ့ကျင့်နေသည်ဟုပင် ထင်မှတ်စေလောက်သည်။
ရှန်ထျန်းက သိမ်မွေ့နက်နဲသော ဓားအရှိန်အဝါကို ထုတ်လိုက်သည့်အတွက် မျက်လုံးများက ငွေရောင်လင်းလက်လာသည်။ သူက ဤဓားပညာရပ်ကို သေချာ လေ့လာသင်ယူနေသည်။
ထိုဓားပညာရပ်က အရမ်းထူးခြားဆန်းကြယ်ကြောင်း သူ ခံစားလို့ ရနိုင်သည်။ ထိုအရာက သူ၏ အံ့ဖွယ်ဓားဖွဲ့စည်းပုံကို တုန်ခါနေစေသည်။ ဒါက သာမန် အမွေအနှစ် ပညာရပ်တစ်ခု မဖြစ်နိုင်ပေ။ ဒါက နတ်ဧကရာဇ်အဆင့် ပညာရပ်ပင် ဖြစ်နေနိုင်သည်။
ဒီဓားပညာရပ်က ခရမ်းစိမ်းဓားနှစ်သွယ်ရဲ့ မူလပိုင်ရှင် ကျင့်ကြံခဲ့တဲ့ ရှုရှန်ဓားတော်ဝင်ကျမ်း ဖြစ်လိမ့်မယ်
တစ်ခြားတစ်ယောက်သာဖြစ်ပါက ခရမ်းစိမ်းဓားနှစ်သွယ်ကို ကြည့်နေရုံဖြင့် ရှုရှန်အထွတ်အမြတ်မြေမှ အဆင့်မြင့် အမွေအနှစ်ပညာရပ်ကို နားလည်နိုင်မည် မဟုတ်ပေ။
သို့သော် ရှန်ထျန်းမှာ အံ့ဖွယ်ဓားဖွဲ့စည်းပုံနှင့် မွေးရာပါဖွဲ့စည်းတည်ဆောက်ပုံတို့ကို ပိုင်ဆိုင်ထားသည်။ သူ ဓားပညာရပ်အပေါ် နားလည်နိုင်စွမ်းက ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူတစ်ယောက်ကို ချွေးထွက်သွားအောင် လုပ်ဖို့ လုံလောက်သည်။ ထိုအခိုက်အတန့်တွင် များပြားသော နက်နဲသည့် အကြောင်းအရာများကို နားလည်နိုင်သွားသည်။
“ ခရမ်းစိမ်း ဓားပညာရပ်”
ရှန်ထျန်းက လက်များကို ဆန့်ထုတ်ကာ ဓားများကို ဆင့်ခေါ်ရင်း အကြည့်များလည်း တောက်ပနေသည်။ သူ့ခန္ဓာကိုယ်မှ ခရမ်းစိမ်းဓား အရှိန်အဝါများ ထွက်လာကာ ပေပေါင်းထောင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။
ရှန်ထျန်းသာ သူ၏ သီးသန့်ကျင့်ကြံခန်းထဲမှာသာ မရှိနေပါက အထွတ်အမြတ် အလင်းနန်းဆောင်တစ်ခုလုံး သူ့ ဓားအရှိန်အဝါ၏ ခြိမ်းခြောက်ခြင်းကို ခံရမည်ဖြစ်သည်။
ဓားတွေ လာစမ်း
ရှန်ထျန်း၏ အကြည့်တို့ ခက်ထန်သွားသည်။ ခရမ်းရောင်နှင့် အစိမ်းရောင်ဓားများက အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့လက်ထဲသို့ ရောက်ရှိလာသည်။
ဓားနှစ်လက်မှ ထိုးဖောက်ထွက်လာသော ခရမ်းရောင်နှင့် အစိမ်းရောင် ဓားအလင်းတန်းများက ရှန်ထျန်းကို လွှမ်းခြုံသွားကာ ဓားနတ်ဘုရားနှင့် သဏ္ဌာန်တူသွားစေသည်။
ချွင်…
ရှန်ထျန်းက ဓားနှစ်လက်ဖြင့် ပူးပေါင်းပြီး တိုက်ခိုက်လိုက်ရာ အလင်းတန်းနှစ်ခုက မိုင်တစ်ရာကျော်အထိ ရောက်သွားကာ ကြီးမားသော ကျောက်တုံးကြီးကိုပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစေသည်။
ထိုအရာက ရှန်ထျန်း၏ စွမ်းအား အကုန် မဟုတ်သေးပေ။ သူ အလိုရှိပါက ဒီထက်ပိုပြီး စွမ်းအား အသုံးပြုလို့ရနိုင်သေးသည်။
ဤ ခရမ်းစိမ်းဓားပညာရပ်က ပြိုင်ဘက်ကင်း ဓားအမွေအနှစ် တစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။
အမြင့်အဆုံးအဆင့်ထိ ကျင့်ကြံပြီးပါက မိုင်ထောင်ပေါင်းများစွာ အဝေးက ရန်သူကိုပင် သတ်နိုင်ပေတော့မည်။
သတ်ဖြတ်စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတာပဲ
ဒီထက်ပိုပြီး အရေးကြီးတာက အရမ်းမိုက်ပြီးတော့ အံ့ဩဖို့ကောင်းတယ်လေ
ခွန်မျိုးနွယ်က သူ့ကို နတ်ဧကရာဇ် ဓားပညာရပ်နဲ့ ဒီ ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း အစုံလိုက်ကိုတောင် ပေးထားတာဆိုတော့ အရမ်းရက်ရောတာပဲ
ရှန်ထျန်းက ပျော်ရွှင်စွာဖြင့် ခရမ်းစိမ်းဓားနှစ်သွယ်ကို သိမ်းဆည်းလိုက်ပြီး နောက်ဆုံး လက်ဆောင်ပစ္စည်း ဖြစ်သည့် သုံးရောင်ခြယ်ရေစင်ကို ကြည့်လိုက်သည်။
ထိုအရာက ရှန်ထျန်း၏ နှလုံးသားကို လှုပ်ခတ်သွားအောင် အလုပ်နိုင်ဆုံးသော ရတနာတစ်ပါး ဖြစ်သည်။
ထို ဝိဇ္ဇာအဆင့် အသုံးအဆောင် ပစ္စည်းသုံးခုက ဘယ်လောက်ထိ တန်ဖိုးရှိသည့် ပစ္စည်းဖြစ်နေပါစေ ရှန်ထျန်းအတွက် မလိုအပ်ပေ။ ထိုအရာများက ရှန်ထျန်း၏ တိုက်ပွဲစွမ်းရည်ကို အဓိကမြှင့်တင်ပေးတာမျိုး မလုပ်နိုင်ပေ။
သို့သော် ဤကဲ့သို့သော ထူးခြားအံ့ဖွယ် ပစ္စည်းမျိုးက အထူးသဖြင့် ထိပ်တန်း ၁၀ ခုတွင် စာရင်းဝင်သည့် ပစ္စည်းက ရှန်ထျန်း၏ ထူးခြားသော ဖွဲ့စည်းပုံကို အပြည့်အဝ အထောက်အပံ့ပေးနိုင်သည်။
သူသာ သုံးရောင်ခြယ်ရေစင်ကို စုပ်ယူသန့်စင်နိုင်ပါက သူ့ တိုက်ပွဲစွမ်းရည်ကို အဆမတန် မြှင့်တင်ပေးနိုင်သည်။
ထိုအရာက အစစ်အမှန်ရေစာရင်းတွင် အဆင့် ၆ ချိတ်သည့်အတွက် ရှေးဦးအဆီအနှစ် လေးလံရေစင်ထက်ပင် ပိုပြီးတော့ တန်ဖိုးရှိသည်။
သိုလှောင်လက်စွပ်ထဲမှ သုံးရောင်ခြယ်ရေစင်ကို ထုတ်ယူလိုက်သည့်အခါ သူ့ ခန္ဓာကိုယ်မှာ ပြင်းထန်သော စိတ်ဆန္ဒများ ထွက်ပေါ်လာသည်ကို ခံစားလိုက်မိသည်။
သူ… အဲဒါကို … လိုချင်တယ်
သူက ညာဖက်လက်ဖြင့် အံ့ဖွယ်ရေစင်ထဲသို့ နှစ်လိုက်သည်။
ရုတ်တရက် ရေစင်က ရှန်ထျန်း၏ လက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ရှန်ထျန်း၏ ခေါင်းမှခြေဖျားအထိ အသက်အင်အားများ တိုးမြင့်လာကာ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်လာသည်။
သုံးရောင်ခြယ်က တောက်ပနေပြီး ပြန်လည်ရှင်သန်ခြင်းနှင့် ပြန်လည်နုပျိုခြင်းကို ပေးစွမ်းနိုင်သည်။
ယခု ရှန်ထျန်းဘေးတွင် သေလုမြောပါးဒဏ်ရာ ရထားသူသာရှိပါက ဤအံ့ဖွယ်အလင်းတန်းဖြင့် ထိတွေ့လိုက်ရုံနှင့်တင် အပြည့်အဝ ပြန်လည် ကောင်းမွန်လာနိုင်သည်။
ဤအရာက အစစ်အမှန်ရေ စာရင်းတွင် အဆင့် ၆ ချိတ်သော သုံးရောင်ခြယ် ရေစင်ဖြစ်သည်။
ခွန်မျိုးနွယ်က တကယ်ကို ရက်ရောတာပဲ
ရှန်ထျန်း စိတ်ကျေနပ်နေစဉ်အတွင်းမှာပင် အသံတစ်ခုကို ကြားလိုက်သည်
“ သူတော်စင် ခွန်နန်းတော်ကို လာခဲ့ပေးပါဦး”
ဒီအသံကို ရင်းနှီးနေပါတယ်။ ဒါက ခွန်ဘုရင်ရဲ့ အသံပဲ
အခု ဒီလူက ခွန်ပန်တာအိုကို နားလည်အောင် လုပ်ဖို့ အလုပ်များနေရမှာ မဟုတ်ဘူးလား
ရှန်ထျန်း ကြောင်အသွားသည်။ သို့သော် ခွန်ဘုရင်က သူ့ကို အကျိုးအမြတ် အများကြီးရအောင် လုပ်ပေးခဲ့သည့်အတွက် ရွေးချယ်စရာမရှိဘဲ သူ့ကိုလည်း ပျော်အောင် လုပ်ပေးရဦးမည်ဖြစ်သည်။
ခဏတာ စဉ်းစားချင့်ချိန်ပြီးနောက် ရှန်ထျန်းက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ခွန်နန်းတော်သို့ ပျံသန်းသွားစဉ် လမ်းတစ်လျှောက် လူအများ၏ အာရုံကို ဖမ်းစားလိုက်သည်။
အသူရာချောက်နက်မှာ ဒီလိုမျိုး ချောမောတဲ့သူကို မြင်ရဖို့ ခဲယဉ်းတယ်
ခွန်နန်းတော်တွင် ခွန်ဘုရင်နှင့် ခွန်ယုက ယခု သူ့အတွက် ရင်းနှီးသော သူများဖြစ်နေပြီဖြစ်သည်။
ရှန်ထျန်းကို အံ့ဩသွားအောင် လုပ်သည့် တစ်ခုတည်းသောအရာက ခွန်မင်ပင် ဖြစ်သည်။
ထို ထွားကျိုင်းသည့်သူက စိတ်ဆိုးနေသော ဝက်ဝံနက်ကြီး တစ်ကောင်လိုမျိုး မတ်တပ်ရပ်နေသည်။
သို့သော် ခွန်ဘုရင်က ခွန်မင်ကို ဟန့်တားထားကြောင်း သေချာသည်။ သူ ရှန်ထျန်းကို မြင်သည့်အခါ သူ့ဆီ မလာပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ့မျက်နှာ နီရဲနေကာ ရှန်ထျန်းကို အပေါ်ယံမျှသာ ဦးညွတ်လိုက်သည်။
“ ရှန်ထျန်း … ငါ မင်းကို တောင်းပန်ပါတယ်။
မင်းသမီးဖန်ရှန်းကြောင့် မင်းနဲ့ တိုက်ခိုက်ဖို့ လုပ်ခဲ့တယ်။ ငါက မင်းကို သင်ခန်းစာကောင်းကောင်း ပေးချင်နေတုန်းပဲ။ ဒါပေမဲ့ မင်းက ငါ့အပေါ် အငြိုးအတေးလည်း မထားခဲ့သလို ခွန်ပန်တာအိုကို ပြန်ပေးပြီးတော့ သက်သာလာအောင် လုပ်ပေးခဲ့တယ်။
မင်းက ငါ့လူတွေကို ဉာဏ်အလင်းပွင့် သစ်ရွက်လည်း ပေးခဲ့သေးတယ်။ ငါ့အဖေက အကုန်လုံး ပြောပြပြီးသွားပြီ။ ငါ … ငါ..မင်းဆီကနေ သင်ယူသင့်တယ်”
ခွန်မင် စကားပြောနေရင်း ရေနွေးအိုးထဲမှ ငါးလိုမျိုး မျက်နှာက နီရဲလာသည်။
ခွန်မင်ဘဝမှာ ဘယ်တုန်းကမှ အခုလောက်ထိ အရှက်မရဖူးဘူးဆိုတာကို သူ ကျိန်ဆိုရဲသည်။
ကံမကောင်းစွာဖြင့် သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။
သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တောင်းပန်ပေးမည်ဟု သူ့အဖေကို ကတိပေးထားသည်။ ဒါမှသာ သူ ဉာဏ်အလင်းပွင့် အဖနရည်ကို သောက်ခွင့်ရမည်။
အဖန်ရည်၏ ရနံ့က အရမ်းကောင်းမွန်လှသည်။
အဖေ ပြောတာ မှန်တယ်။ ငါ့ကို ဆွဲချနေတဲ့အရာတွေကို လွှတ်ချနိုင်ရင် မြင့်မြင့်ပျံသန်းနိုင်မယ်
ဥပမာ မာနပေါ့
ဒါကြောင့် ငါ မာနကို ဒီထက်ပိုပြီး မလိုအပ်တော့ဘူး
ထိုအတွေးကြောင့် ခွန်မင်က တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။
သူ နားလည်ဖို့ ကြိုးစားနေသော ခွန်ပန်တာအိုပင် အခုမှ ပိုပြီးတော့ အဓိပ္ပာယ်ရှိလာသလို ခံစားလိုက်ရသည်။
အခိုက်အတန့်မှ စတင်ပြီး ခွန်မင်၏ အရှိန်အဝါက ပိုမိုစွမ်းအားကြီးလာကာ ပိုပြီးတော့ အံ့ဩဖို့ကောင်းလာသည်။ သူ ယခုချက်ချင်း ဘယ်အချိန်မဆို ပန်တစ်ကောင်အဖြစ် ပြောင်းလဲပြီး ပျံသန်းနိုင်သလို ခံစားနေရသည်။
ဒီလူ ပိုပြီးတော့ သန်မာလာပြီ
ရှန်ထျန်းက ခွန်မင်အပေါ် အငြိုးအတေး မထားသည့်အတွက် အများကြီး မစဉ်းစားတော့ပေ။
ဒီပါရမီရှင်တွေ အားလုံးပေါ်မှာ အခွင့်ကောင်းယူနေတာက သူဆိုတော့ သူ အားလုံးအပေါ် သဘောထားကြီးပေးနိုင်ပါတယ်
အဲဒီပါရမီရှင်တွေက အချစ်နဲ့ ခွင့်လွှတ်မှုကို လိုအပ်နေတာ။ သူတို့ထဲက တစ်ယောက်ယောက်သာ သူ့ကို ရန်သူလိုမြင်နေတယ်ဆိုရင် အချစ်နဲ့ သူတို့ စိတ်ပြောင်းအောင် ဖျောင်းဖျပေးလိုက်မှာ
အချိန်ကြာသွားရင် ဒီပါရမီရှင်တွေ အရွယ်ရောက်လာပြီး သန်မာလာရင် အားလုံးက ရှန်ထျန်းရဲ့ အဖိုးတန်ရတနာလေးအဖြစ် ပြောင်းလဲသွားမှာ
ထိုအရာက ချစ်ခြင်းတရား၏ စွမ်းအား ဖြစ်သည်။
ရှန်ထျန်း ပြုံးကာ ပြောလိုက်သည်
“ ညီအစ်ကိုခွန်က အရမ်းကြင်နာတတ်တာပဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ခွန်မျိုးနွယ်က အရင်ကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ်။ အဲဒါကြောင့် အဲဒီအကြောင်းကို ထပ်ပြီးတော့ စဉ်းစားဖို့ မလိုပါဘူး”
ခွန်ဘုရင်က ခွန်ယုကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ ဟုတ်တယ်… ငါတို့အားလုံးက မိသားစုကြီးတစ်ခုလိုပဲ။ အရင်တစ်ခေါက်တုန်းက ဒီငတုံးလေးက အမှုမဲ့အမှတ်မဲ့နေပြီးတော့ လျစ်လျူရှုထားခဲ့တယ်။ သူတော်စင်ရှန် ဒေါသမထွက်ဘူးဆိုတော့ တော်သေးတာပေါ့”
ခဏတာ ရပ်ပြီးနောက် ခွန်ဘုရင်က ရှန်ထျန်းကို ကြည့်ပြီး ပြောလိုက်သည်
“ ငါတို့မျိုးနွယ်ရဲ့ တားမြစ်ကျောက်ပြားအကြောင်းကို မင်း သိချင်လား”
တားမြစ်ကျောက်ပြားတဲ့လား
နာမည်ကို ကြားလိုက်ရုံဖြင့် ကြောက်ဖို့ကောင်းနေသည့်အတွက် ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ခွန်ဘုရင်က တားမြစ်ကျောက်ပြား၏ သမိုင်းကြောင်းတစ်ခုလုံးကို ရှင်းပြနေသည်။ ကံမကောင်းသူများ ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် ကျရှုံးမှုများအကြောင်းကိုလည်း ဖုံးကွယ်ဖို့ မကြိုးစားခဲ့ပေ။
ကျောက်ပြားကို နားလည်ပြီးတော့ နတ်ဧကရာဇ်ဖြစ်လာတာ တစ်ယောက်ပဲ ရှိပြီးတော့ ကျန်တဲ့သူတွေ အားလုံးက သေကုန်တာတဲ့လား
ရှန်ထျန်းက တုန်လှုပ်သွားသည်။
အရူးပဲ ဒီလိုအရာမျိုးနဲ့ သွားရှုပ်လိမ့်မယ်
ရှန်ထျန်း ငြိမ်ကျသွားသော်လည်း ခွန်ဘုရင်က မစိုးရိမ်ပေ။ သူက ဆက်ပြောလိုက်သည်
“ ဒီအရာက အရမ်းအန္တရာယ်ရှိပြီးတော့ စွန့်စားရတယ်။ သူတော်စင်ရှန်အနေနဲ့ အချိန်ယူပြီးတော့ စဉ်းစားလိုက်ပါဦး။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကိုလည်း အကြောင်းကြားပြီးသွားပြီ။ သူက မင်းကိုပဲ ဆုံးဖြတ်ခိုင်းထားတယ်။ သူက မင်းရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်လို့ရတယ်တဲ့”
အဲလိုလား
ရှန်ထျန်းက မျက်လုံးမှိတ်ကာ ခဏလောက် ငြိမ်သွားသည်။
ခဏအကြာတွင် သူ မျက်လုံးပြန်ဖွင့်ကာ ပြောလိုက်သည်
“ ငါက ကြီးမြတ်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ကြောက်တာ ဘာမှမရှိသင့်ဘူး။
ဒီတားမြစ်ကျောက်ပြားက အန္တရာယ်ရှိပြီးတော့ ဆန်းကြယ်တယ်ဆိုပေမဲ့ တစ်စုံတစ်ယောက်က အောင်အောင်မြင်မြင် နားလည်နိုင်မှတော့ ကျွန်တော်လည်း နားလည်နိုင်ရမှာပေါ့။
ကျွန်တော် ဒီတားမြစ်ကျောက်ပြားကို နားလည်အောင် ကြိုးစားတော့မယ်”
သူ့စကားလုံးတွေက အတုယူဖွယ်ကောင်းလှသည့်အတွက် ခွန်ယု၏ အကြည့်များတွင် လေးစားမှုများဖြင့် တောက်ပနေသည်။
ခွန်မင်ကတော့ တိတ်တိတ်လေး အံ့အားသင့်နေသည်။
ဒါက အန္တရာယ်ရှိပြီးတော့ တားမြစ်ထားတဲ့ ကျောက်ပြားပဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နည်းနည်းလေးလောက်တောင် မကြောက်ဘူးလား
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ဆွဲဆောင်မှုရှိတာပဲ။ သူက မင်းသမီးဖန်ရှန်းအတွက် ငါနဲ့ ပြိုင်ဆိုင်ဖို့ ထိုက်တန်တယ်
ငါက သူ့ကို ငါ့ရဲ့ ရန်သူအဖြစ် အငြိုးအတေးကြောင့် သတ်မှတ်ထားပေးတာ။ ငါက သူ့ကို မရှုံးနိုင်ဘူး
ရေသူမင်းသမီးလေးကို ငါပဲ ပိုင်ဆိုင်နိုင်တာ