ဉာဉ့်ငှက်မျိုးနွယ်စု
Vol. 1 Ch. 145
ဤရက်များအတွင်း အရာရာသည် ငြိမ်းချမ်း နေခဲ့သည်။ ဟေးယွင်တောင်သည် ပထမအဆင့်နှင့် ဒုတိယအဆင့် နတ်ဆိုးသားရဲ များဖြင့်သာ ပြည့်နေသည်။ ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံး၍ တစ်နေ့လျှင် နှစ်ကြိမ် အမဲလိုက်သည်။ သူသည် ညနေပိုင်းတွင် ကျင့်ကြံလေ့ရှိပြီး ညသန်းခေါင် အချိန်လောက်တွင် အိပ်စက်လေသည်။
ချမ်ဝမ်ကွမ် သူ့ထံ မြေကမ္ဘာအဆင့် နဂါးဆေးလုံးများ ယူလာပေး ခဲ့ချိန်တွင် သူ၏ မြေကမ္ဘာအဆင့် အတွင်းအား ဖြည့်ဆေးတို့ ကုန်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ပြင်ပ အထောက်အပံ့များ မရှိဘဲ သူ၏ ကျင့်ကြံနှုန်းမှာ အလွန်နှေးကွေး နေခဲ့သည်။ မြေကမ္ဘာအဆင့် နဂါးဆေးလုံးများမှာ သူ့ကျင့်ကြံခြင်းအား အလွန်မြန်ဆန် စေလေသည်။ ထို့ကြောင့် ကျန်းရီသည် ထိုရက်ရောမှုအား မငြင်းနိုင်ပေ။
သူ ချမ်ဝမ်ကွမ်အား အကြွေးအများကြီး တင်နေပြီမှန်း ကျန်းရီ သိလေသည်။ သူ့အင်အားများ အမြန်တိုးတက် လာခြင်းကသာ ချမ်ဝမ်ကွမ်အား ပြန်လည် ပေးဆပ်နိုင်မည် ဖြစ်သည်။ သူခရမ်းရောင်ရွှေ ဆယ်သန်း ရသွားလျှင်တောင် နတ်ဆိုးသားရဲများကို ဆက်လက် အမဲလိုက်ရမည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ၎င်းတို့၏ အစိတ်အပိုင်းများကို ခရမ်းရောင်ရွှေနှင့် လဲကာ ချမ်ဝမ်ကွမ်အား ပေးရမည်။ ခရမ်းရောင်ရွှေသာ အမြောက်အမြား ရှိပါလျှင် သူ့ကျင့်ကြံခြင်းတွင် အကူအညီ ပေးနိုင်မည့် အဆင့်မြင့် ဆေးလုံး အမြောက်အမြား ဝယ်ယူနိုင် ပေလိမ့်မည်။
ကျန်းရီအား စိတ်ဓာတ် ကျစေသော အချက်တစ်ချက် ရှိလာခဲ့သည်။ နှစ်ပတ်ကြာ ကုန်ဆုံးပြီးနောက် ဟေးယွင်တောင်ရှိ နတ်ဆိုးသားရဲ အရေအတွက်သည် သိသိသာသာ လျော့နည်း လာခဲ့သည်။ အမွှေးနံ့အား သူတို့ ထုတ်လွှင့်ပြီး တစ်နာရီခန့် ကြာမှသာ နတ်ဆိုးသားရဲ အကောင်တစ်ရာခန့် စုစည်းလာသည်။
ထိုအရာနှင့် ပတ်သက်၍ သူတို့ လုပ်နိုင်သည့်အရာ မရှိပေ။ ဟေးယွင်တောင်မှ နတ်ဆိုး သားရဲများသည် တောင်စဉ် သုံးထောင်၏ တောနက်သော အပိုင်းများမှ ထွက်လာခြင်း ဖြစ်သည်။ တောနက်သော နေရာများတွင် နတ်ဆိုးသားရဲ မြောက်များစွာ ရှိသော်လည်း ထိုနတ်ဆိုး သားရဲများ နေ့တိုင်း ထွက်လာရန်မှာ မဖြစ်နိုင်ပေ။
သူတို့အဖွဲ့သည် အမဲလိုက် လာကြသူများနှင့် စာလျှင် ဤနေရာတွင် အေးအေးဆေးဆေး ဖြစ်နေကြသည်။ အမဲလိုက်ကြ သူတို့သည် နတ်ဆိုးသားရဲ တစ်ကောင်အား တွေ့ရဖို့ပင် ရက်ပေါင်းများစွာ ကြာမြင့်လေသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ အနီးအနားသို့ လာကြသော နတ်ဆိုး သားရဲများအား ကျန်းရီက ဖြတ်ခုတ်၍ သတ်ဖြတ် နေခြင်းကြောင့် သင်တန်းကျောင်း အနီးရှိ နတ်ဆိုးသားရဲ အရေအတွက်သည် နည်းသထက် နည်းလာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းက ဆိုလျှင် တရားမဝင် အပြင်ဆောင် ကျောင်းသားတို့သည် သူတို့၏ နေ့စဉ်တာဝန်ကိုပင် ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ပေ။ ဒုကျောင်းအုပ် တစ်ယောက်သည် အခြေအနေအား စုံစမ်းရတော့သည်။
ထိုဒုကျောင်းအုပ်သည် နတ်ဆိုးသားရဲများကို ကျန်းရီ၊ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့က အမဲလိုက်နေခြင်း ဖြစ်မှန်း သိသွားသည့်အခါ ဘာမှမပြောတော့ဘဲ သူ့လူများကို ပြန်ခေါ်၍သာ ထွက်သွားခဲ့သည်။ ကျူးကော့ချမ်ယွမ်က ကျန်းရီအား မည်သို့ သဘောထားကြောင်း သူသိပေသည်။ ဤအကြောင်းအရာအား ကျောင်းအုပ်ထံ တင်ပြလျှင်တောင် ကျောင်းအုပ်သည် ရယ်ရုံသာ ရယ်နေလိမ့်မည်။
ဤနှစ်ပတ် အတွင်းတွင် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်နေသည့် နတ်ဆိုးသားရဲများ ရောက်လာ တတ်သည်။ တစ်ကြိမ်တွင် ကျန်းရီသည် တော်တော်လေးဒုက္ခ ရောက်သွားခဲ့သည်။ ချမ်ဂိုဏ်း၏ လျှို့ဝှက်အစောင့်က ကူညီခဲ့ခြင်း မရှိလျှင် သူ၏ မီးဝိညာဉ် ကျောက်တုံးအား ထုတ်သုံး လိုက်ရမည် ဖြစ်သည်။
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့သည် ဒုတိယအဆင့် အထွတ်အထိပ် နတ်ဆိုး သားရဲများအား ရောင့်ရဲကျေနပ်ခြင်း မရှိကြရာ သူတို့အား မလေ့ကျင့် ပေးချင်ကြပေ။ ကျန်းရီသည်လည်း ထိုနည်းတူသာ... ဒုတိယအဆင့် အထွတ်အထိပ် နတ်ဆိုး သားရဲများသည် မဆိုးသော်လည်း သုံးယောက်သားသည် တတိယအဆင့် ကောင်များကိုသာ လေ့ကျင့်ပေးရန် လိုလားကြလေသည်။
ထိုအချိန်များ အတောအတွင်း ချမ်ဝမ်ကွမ်သည် ကျောက်တုံးဂူအား နန်းတော် အငယ်စားလေး ဖြစ်လာစေရန် ပစ္စည်းကောင်းများကို သူ့လူများအား တစ်ခုပြီးတစ်ခု သယ်လာ ခိုင်းလေသည်။ ဝိုင်ကောင်းများ၊ အစားအသောက် ကောင်းများမှာ အလျှံအပယ် ဖြစ်နေတော့သည်။ ဤလူသူ မနီးသော အရပ်ရှိ ဘဝသည် မြို့ကြီးတစ်ခုတွင် နေရသည်ထက်ပင် ပို၍ သက်သောင့်သက်သာ ရှိနေသေးသည်။
ကျန့်ဝူရွှမ်းသည် တစ်ခေါက် ပြန်သွားကာ ကျန့်လင်းအာကိုပါ ခေါ်လာ ခဲ့ချေသည်။ အစက သူသည် လူသူမနီးသော အရပ်တွင် သူ့ညီမလေး နေထိုင်ရန် မသင့်တော် လောက်ဟု တွေးကာ သူမအား ခေါ်မလာခဲ့ခြင်း ဖြစ်သည်။ သူ့ညီမအား တုန်နေအောင် ချစ်သော သူသည် သူမအား သင်တန်းကျောင်းတွင် တစ်ယောက်တည်း ထားခဲ့ရသည်ကို စိတ်မချ ဖြစ်နေခြင်းပါပေ။
"ဝူး ... ဝူး"
ဤနေ့တွင်လည်း အမဲလိုက်ခြင်း စတင်ခဲ့ပေပြီ။ ကျန့်ဝူရွှမ်းသည် ဂူထဲတွင် ကျင့်ကြံနေဆဲ ဖြစ်ပြီး ကျန့်လင်းအာသည် ဂူပြင်ထွက်လာကာ စုရုံးလာသော နတ်ဆိုး သားရဲများအား စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ သူမ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေကာ လေ့ကျင့်ရန် သူမ သဘောကျသော နတ်ဆိုးသားရဲ တစ်ကောင်အား ရှာဖွေနေသည်မှာ အထင်အရှား ...
"ရှောင်လင်းအာ ... ဘာလို့ နေ့တိုင်း မျက်နှာကာ တပ်ထားတာလဲ"
ကျန့်လင်းအာနှင့် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ဖူးသည် ဖြစ်ရာ လက်ရှိအချိန်တွင် ကျန်းရီသည် သူမနှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသိချင်လာ၍ မေးမိခြင်း ... ။ မျက်နှာကာ တပ်ချင်သော မိန်းကလေးများမှာ လှလွန်း၍ သို့မဟုတ် ရုပ်ဆိုးလွန်း၍သာ ဖြစ်နိုင်သည်။ သို့သော် တစ်ချက် ကြည့်ရုံမျှနှင့် ကျန့်လင်းအာမှာ ရုပ်ဆိုးသူ မဟုတ်ကြောင်း အတပ်သိနိုင်သည်။
ကျန့်လင်းအာ တစ်ယောက် စကားများ ပျောက်ဆုံး သွားရသည်။ သူမသည် ခေါင်းငုံ့ကာ ခပ်တိုးတိုး ရှင်းပြလာခဲ့သည်။
"အစ်ကိုကျန်းရီ ... ကျွန်မအမေက ညာဉ့်ငှက် မျိုးနွယ်စုကလေ ... ကျွန်မငယ်ငယ်လေး တည်းက သူမနဲ့ အတူတူ ကြီးပျင်း ခဲ့ရတယ် ... ဒါကြောင့် ကျွန်မကို သူမရဲ့ အမူအကျင့်တွေ၊ အဆုံးအမတွေ လွှမ်းမိုးနေတယ် ... ကျွန်မအမေက ပြောဖူးတယ် ... ကျွန်မတို့ မျိုးနွယ်စုက မိန်းကလေးတွေက သူတို့ရဲ့ မျက်နှာကို သူတို့ရဲ့ ခင်ပွန်းကိုပဲ ကြည့်ခွင့် ပြုရတယ်လို့"
"ညာဉ့်ငှက်မျိုးနွယ်စု"
ကျန်းရီသည် သံသယဖြင့် မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။ ချမ်ဝမ်ကွမ်သည် သူ့အနီးသို့ တိုးလာကာ ခပ်တိုးတိုး ရှင်းပြလာခဲ့သည်။
"အဲဒါက ထူးခြားတဲ့ မျိုးနွယ်တစ်ခုပဲ ... သူတို့မျိုးနွယ်စုက မိန်းကလေးတွေက အိပ်ရာနွေးအောင် လုပ်ဖို့ အသင့်တော်ဆုံး နူးညံ့လွန်းတဲ့ ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ကြတယ် ... ဒါကြောင့်ပဲ အဲဒီ ထူးဆန်းလွန်းတဲ့ မျိုးနွယ်စုက အမျိုးသမီးတွေက အမြဲတမ်း အဖမ်းခံရပြီး လေလံတင် ရောင်းချတာကို ခံနေရတယ် ... ကျန့်လင်းအာရဲ့ အမေကို ကျန့်ဝူရွှမ်းရဲ့ အဖေက ဝယ်ခဲ့တာ ... ဒါကြောင့် သူတို့က ဂိုဏ်းထဲမှာ အဆင့်အတန်း သိပ်မမြင့်ဘူး ... "
"ဒီလိုတဲ့လား"
ကျန့်လင်းအာ ကျန့်ဝူရွှမ်း အမြဲမလိုလားစွာ ဆက်ဆံနေသည့် အကြောင်းအရင်းကို ကျန်းရီ ရုတ်တရက် နားလည် လိုက်သည်။ သူတို့သည် အဖေတူ အမေကွဲ မောင်နှမများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ကျန့်လင်းအာ၏ အမေသည် ဂိုဏ်းထဲတွင် ရာထူး ကြီးကြီးမားမား မရှိရာ သူမသည် ခွဲခြားဆက်ဆံမှု များစွာကို ကြုံတွေ့ ခံစားရမည်မှာ မလွဲဧကန် ... ကျန့်လင်းအာသည် အခြား ဂိုဏ်းသားများကို နာကျည်းချက်များ ရှိနေသည်မှာ ပုံမှန်သာ ဖြစ်သည်။
ကျန်းရီသည် အတိတ်ကို သတိရသောကြောင့် သို့မဟုတ် နိမ့်ကျသည့် ခံစားချက်များကို အမှတ်ရသောကြောင့် ဝမ်းနည်းရိပ်များ သန်းလာသော ကျန့်လင်းအာ၏ မျက်လုံးများကို ကြည့်လိုက်သည်။ သူသည် သူမ၏ ခေါင်းကိုပုတ်ကာ အသာအယာ ပြောလိုက်သည်။
"လင်းအာ ... အဲဒါနဲ့ပတ်သက်ပြီး ဝမ်းနည်းနေဖို့ မလိုပါဘူး ... ငါတို့ရဲ့ မွေးဖွားလာမှုကို ငါတို့မှာ ရွေးချယ်ပိုင်ခွင့် မရှိပေမဲ့ ငါတို့ရဲ့ ကံတရားကိုတော့ ငါတို့ ထိန်းချုပ်ပိုင်ခွင့် ရှိတယ် ... ပြောရမယ်ဆိုရင် ငါက မင်းထက်တောင် ပိုပြီး သနားစရာ ကောင်းပါသေးတယ် ... ငါက တိတ်တိတ်ပုန်း ကလေးတစ်ယောက် ... ငါ့အမေက ငါ့ကို မွေးပြီးပြီးချင်း သေသွားခဲ့တယ် ... ဒါပေမဲ့ အဲဒါ ဘာလုပ်ရမှာလဲ ... ငါအခု အဆင်ပြေနေတာပဲ မဟုတ်လား"
"အမ်"
ကျန့်လင်းအာ၏ မျက်လုံးများထဲ၌ မျက်ရည်စများ ရှိနေရာ သူမ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေသည်။ မကြာခင်မှာပင် သူမ၏ မျက်လုံးများသည် ခပ်လှမ်းလှမ်းမှ ပျံသန်းလာသော နတ်ဆိုးသားရဲ တစ်ကောင်ထံ ကျရောက် သွားခဲ့သည်။ သူမ၏ ပုလဲနှယ် မျက်လုံး လေးများတွင် စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာခဲ့ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"အစ်ကိုကျန်းရီ ... ကျွန်မ အဲဒီတစ်ကောင်ကို ကျွန်မရဲ့ ဝိညာဉ်သားရဲ ဖြစ်စေချင်တယ် ... ကျွန်မ လေ့ကျင့်လို့ရအောင် ကူညီပေး"
ချမ်ဝမ်ကွမ်သည် လှည့်ကြည့်လိုက်ပြီး မျက်လုံးများအား အလုပ်ပေး လိုက်သည်။
"ဒီမီးငှက်က လှလည်းလှတယ် ... ဒုတိယအဆင့် အထွတ်အထိပ်လည်း ရောက်နေပြီ ... ညီမလင်းအာ လေ့ကျင့်ဖို့ သင့်တော်သားပဲ ... "
ရဲရဲတောက်နေသည့် ကြီးမားခန့်ထည်သော ငှက်ကြီးသည် အနောက်ဘက် အရပ်မှ ပျံသန်းလာခဲ့သည်။ ၎င်း၏ တစ်ကိုယ်လုံးသည် အနီရောင် ငှက်မွေးငှက်တောင်များနှင့် ဖုံးလွှမ်းနေခဲ့ပြီး အလွန်လှပ နေတော့သည်။ ကျန်းရီသည် ခေါင်းညိတ်ကာ ချမ်ဝမ်ကွမ်အား လှည့်ပြောလိုက်သည်။
"လျှိုလောင်ကို ခေါ်ပြီး ငါ့ကို နည်းနည်း စောင့်ရှောက်ခိုင်းပေး ... ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါက ဒီငှက်ကို မဖိနှိပ်နိုင်မှာစိုးလို့ ... ငါဒီငှက်ကို ဒဏ်ရာရအောင် လုပ်ပြီးတဲ့အခါမှ လင်းအာက လာပြီး လေ့ကျင့် ... "
" ကောင်းပြီ ... အစ်ကိုကြီး ဂရုစိုက်"
ချမ်ဝမ်ကွမ် ခေါင်းညိတ်လိုက်သည်။ သူ၏ အလုပ်လုပ်သော နည်းလမ်းများသည် အလွန် ကောင်းမွန်သည်။ အခြားဂိုဏ်းများမှ သခင်လေး၊ သခင်မလေးများသည် သူတို့၏ လျှို့ဝှက် သက်တော်စောင့် များအား အသုံးပြုနိုင်ခြင်း မရှိကြသော်လည်း သူ့တွင် လျှိုလောင်အား အသေးအဖွဲ ကိစ္စများ ခိုင်းစေရန် နည်းလမ်းများစွာ ရှိသည်။ ကျန်းရီ အန္တရာယ် ရှိနေသော နောက်ဆုံး တစ်ခေါက် အမဲလိုက်ချိန်တွင် လျှိုလောင်သည် ကျန်နတ်ဆိုး သားရဲများအား သတ်ဖြတ်ရန် ကူညီခဲ့သည်။
လျှိုလောင် ဝင်ပါရဲသော အကြောင်းအရင်းသည် ကျန်းရီ၏ အလားအလာအား မြင်နေခြင်း ဖြစ်ရုံမှတစ်ပါး အခြား မဟုတ်ပေ။ ချမ်ဝမ်ကွမ်နှင့် ကျန်းရီ၏ ဆက်ဆံရေးကို ကြည့်လျှင် အနာဂတ်တွင် ကျန်းရီ အင်အားကြီး လာသောအခါ ချမ်ဂိုဏ်းသည် သေချာပေါက် အကျိုးအမြတ်များစွာ ရပေလိမ့်မည်။
"ဘန်း"
မီးငှက်ကြီး ထိုးဆင်းလာသည်ကို မြင်လျှင် ပြေးတက်သွားကာ သတ်ဖြတ်ခြင်း အရှိန်အဝါအား ထုတ်လွှင့် လိုက်သည်။
"သေစမ်း"
သူသတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လိုက်သည်နှင့် မီးငှက်ကြီး၏ ရက်စက်သော အရှိန်အဝါတို့သည် ချက်ချင်း ပျောက်ကွယ် သွားခဲ့သောကြောင့် ကျန်းရီ ဆွံ့အသွားရသည်။ ငှက်ကြီး၏ မျက်လုံးများသည် အနီရောင်အလင်း တောက်ပလာခဲ့ပြီး နတ်ဆိုးစွမ်းအား အသက်ဝင် လာခဲ့သည်။ နီနီရဲရဲ ပါးစပ်ကြီး ပွင့်ဟလာခဲ့ပြီး အနီရောင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။
"အမ်"
လျှိုလောင်နှင့် ကျန့်ဝူရွှမ်း၏ လျှို့ဝှက် သက်တော်စောင့်သည် ဂူထဲမှ ချက်ချင်း ထွက်လာ ခဲ့ကြသည်။ လျှိုလောင်၏ မျက်လုံးများ စူးခနဲ ဖြစ်သွားကာ ကျန်းရီထံ လျှပ်စီးအလျင်နှင့် ပြေးဝင်သွားခဲ့သည်။ သူ့လက် တစ်ဖက်မှလည်း အတွင်းအားများ ပေါ်ထွက်လာပြီး မီးငှက်ထံ ပစ်ရန်ပြုလိုက်သည်။
"လျှိုလောင် ... မလုပ်နဲ့"
ထိုအခိုက်တွင် ကျန်းရီသည် အော်ဟစ်ကာ လျှိုလောင်အား ရပ်တန့် စေလိုက်သည်။ သူ့လက်ထဲမှ အနီရောင်ပုလဲ ထွက်ပေါ်လာခဲ့ပြီး အမျိုးအမည် မသိသော စွမ်းအင်တစ်မျိုးသည် သူ့ကိုယ်ထဲသို့ ပျံ့နှံ့လာခဲ့သည်။ ကျန်းရီ၏ ကိုယ်ထက်တွင် အလင်းလွှာ တစ်ထပ် ဖြစ်တည်လာသည်။ ကြောက်စရာ မီးတောက်တို့သည် ထွက်ပေါ်လာခဲ့ပြီး အလင်းလွှာနှင့် ထိတွေ့သွားသော အခါ မီးတောက်တို့သည် အစအနပင် မကျန်ဘဲ ပျောက်ကွယ် သွားခဲ့သည်။
"ဟမ် ... "
လျှိုလောင်နှင့် ကျန့်ဝူရွှမ်း၏ လျှို့ဝှက် သက်တော်စောင့် ကျိလောင်တို့သည် မျက်လုံးများ ပြူးကျယ်နေကြပြီး ဆွံ့အသွားကြသည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်လင်းအာ တို့သည်လည်း ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။
ကျန်းရီသည် ပျော်ရွှင်သွားဟန် မရှိဘဲ တည်တည်ငြိမ်ငြိမ် ဖြစ်နေသော်လည်း မျက်လုံးများတွင် သံသယ အရိပ်အယောင်တို့ ထင်ဟပ်နေခဲ့သည်။ သူသည် သူ့စိတ်အား ပုလဲအတွင်း နစ်မြုပ် ထားသောကြောင့် ကောင်းကင်ထက်ရှိ မီးငှက်အား လုံးဝလျစ်လျူရှု ထားခဲ့သည်။ သူသည် ကြောင်အစွာ ရေရွတ်လိုက်သည်။
"ဒီမီးဝိညာဉ်ပုလဲက ပစ္စည်းသိမ်းလို့ရတဲ့ ရတနာ မဟုတ်ဘူးလား ... ဘာလို့ မီးတောက်တွေကို အလိုအလျောက် စုပ်ယူ နိုင်နေတာလဲ"
***