← Chapters

တန်ကြေးကတော့ မတူတော့ဘူး

Vol. 23 Ch. 343

တန်ကြေးကတော့ မတူတော့ဘူး

Vol. 23 Ch. 343

အခန်း (၃၄၃) : တန်ကြေးကတော့ မတူတော့ဘူး

တားမြစ်ကျောက်ပြား လေထဲသို့ ပျံတက်သွားသည့် မြင်ကွင်းကြောင့် ခွန်မျိုးနွယ်တစ်ခုလုံး အံ့အားသင့်သွားရသည်။

အကြီးအကဲ ဆယ်ယောက်က ထိုကျောက်ပြားကို ကာမိအောင် လွှမ်းခြုံသည့်အလွှာကို လက်ဟန်တချို့ဖြင့် အလျင်အမြန် ဖန်တီးလိုက်သည်။

တားမြစ်တောင်ကြားထဲတွင် သီးသန့်နေပြီး ကျင့်ကြံနေကြသော ခွန်အကြီးအကဲများက ဤလောကတွင် ထိပ်သီးဧရာမစွမ်းပကားရှင် ကျင့်ကြံသူများထဲတွင် ပါဝင်ကြ၏။

ထိုအကြီးအကဲဆယ်ယောက် ပူးပေါင်းလိုက်ပါက ဝိဇ္ဇာတစ်ယောက်ပင် သူတို့ကို ခုခံဖို့ ခက်ခဲလှသည်။

သို့သော် ထိုအကြီးအကဲဆယ်ယောက် ဖန်တီးလိုက်သော အလွှာက ထိုကျောက်ပြားရှေ့တွင် ပါးလွှာသော စာရွက် အပိုင်းအစတစ်ခုကဲ့သို့ ဖြစ်နေပြီး စက္ကန့်ပိုင်းအတွင်း ထိုးဖောက်ထွက်သွားသည်။

အစိမ်းရောင်အလင်းတန်းက ကောင်းကင်တွင် မိုင်ပေါင်းသောင်းချီအထိ ပျံ့နှံ့သွားပြီးနောက် ရုတ်တရက် အားလုံး၏ အမြင်မှ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် တားမြစ်တောင်ကြားတစ်ခုလုံးက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး နေရာတိုင်းမှာလည်း ဖရိုဖရဲ ဖြစ်သွားသည်။

ရှန်ထျန်း မူးဝေသွားရသည်။

သူက တားမြစ်ကျောက်ပြားရှေ့မှာ ခဏလောက် အိပ်ငိုက်သွားတာကို ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ

အဲဒီခွန်မျိုးနွယ်အကြီးအကဲတွေက ငါ့ကို လှည့်စားနေကြတာလား

အခု အရာအားလုံးက ဒီလောက်ထိ ရှုပ်ထွေးကုန်တာကို သူတို့က အရမ်းမထိရောက်သလို ဟန်ဆောင်နေကြတာလား

ဂျိန်း…

အရှုပ်အထွေးများ ငြိမ်ကျသွားသည့်အခါ များစွာသော ဧရာမခွန် ပုံရိပ်သဏ္ဌာန်များက ကောင်းကင်တွင် ဖြစ်တည်လာပြီး ဝိဇ္ဇာအဆင့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ထိုအရာက ခွန်မျိုးနွယ်၏ အကြီးအကဲချုပ်များ ဖြစ်သည်။ သူတို့က နေ့ရက်များကို သီးသန့်ကျင့်ကြံရင်းသာ ကုန်ဆုံးလေ့ရှိပြီး အပြင်ပြဿနာများတွင် ဝင်ပါသည်က ရှားပါးလှသည်။

သို့သော် တားမြစ်ကျောက်ပြား၏ လှုပ်ခတ်သွားမှုက အရမ်းအံ့ဩထိတ်လန့်သွားစေသည့်အတွက် သူတို့လည်း သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာကြသည်။

“ တားမြစ်ကျောက်ပြားက ဘာလို့ ရုတ်တရက် ရွေ့လျားသွားရတာလဲ။ ခေါင်းဆောင် ကျုပ်တို့ကို ရှင်းပြပေးပါဦး”

“ တားမြစ်ကျောက်ပြားက ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေ ထားခဲ့တာလေ။ နှစ်ပေါင်း သောင်းချီကြာတဲ့အထိ ဘာမှမဖြစ်ခဲ့ဖူးဘူးလေ။ ဒီနေ့ကျမှ ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ”

“ ခေါင်းဆောင်အနေနဲ့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ကို မပေးနိုင်ဘူးဆိုရင် ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို မျက်နှာချင်းဆိုင်နိုင်မှာ မဟုတ်တော့ဘူး။ ခေါင်းဆောင် ကျေးဇူးပြုပြီးတော့ တားမြစ်ကျောက်ပြားကို တတ်နိုင်သလောက် မြန်မြန်လေး ရှာလိုက်ပါ”

“ ခေါင်းဆောင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဒီတားမြစ်ကျောက်ပြားကို နားလည်အောင် ကြိုးစားခွင့်ပြုလိုက်လို့ ဒီလိုဖြစ်လာတာပဲ။ သူတော်စင်က ဘယ်မှာလဲ”

“ ဟုတ်တယ် … အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ထွက်လာခိုင်းပြီးတော့ ရှင်းပြခိုင်းလိုက်”

ခွန်ဝိဇ္ဇာများကြားတွင် ဆွေးနွေးမှုက အရမ်းဆူညံနေသည်။ သူတို့က တားမြစ်ကျောက်ပြား ပျောက်ကွယ်သွားမှုကြောင့် အရမ်းတုန်လှုပ်နေကြသည်။

တားမြစ်ကျောက်ပြားက ခွန်မျိုးနွယ်အတွက် အရမ်းအရေးကြီးလှသည်။ ထိုအရာက လူသားမျိုးနွယ်၏ မျိုးရိုးဗီဇမှတ်တမ်းများနှင့် ဘိုးဘေးဘီဘင် ခန်းမဆောင်များကဲ့သို့ပင် အရေးပါလှသည်။

ထို့အပြင် တောင်က သိပ်သည်းသော ဝိညာဉ်ချီနှင့် ထူးခြားသော အစီအရင်များကလည်း တားမြစ်ကျောက်ပြား ပျောက်ကွယ်သွားမှုကြောင့် ပြိုကွဲပျက်စီးသွားသည်။

ထိုအရာက ခွန်မျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် တည်တည်ငြိမ်ငြိမ်နေဖို့က ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်ပေ။

ဂျိန်း…

ထိုအခိုက်အတန့်၌ တောင်ကြားတွင် ခွန်ဘုရင်၏ ပုံရိပ်ပေါ်လာသည်။ တင်းမာသော မျက်နှာထားရှိနေသော်လည်း ရှန်ထျန်းကို အပြစ်တင်ဖို့ ရည်ရွယ်ချက် မရှိပေ။ သူက ရှန်ထျန်းကို ဂရုတစိုက်ဖြင့် ကြည့်လိုက်သည်။

ရှန်ထျန်း ဒဏ်ရာမရသည်ကို မြင်ပြီးနောက် ခွန်ဘုရင်က သက်ပြင်းချလိုက်မိသည်။ ရှန်ထျန်း၏ အရှိန်အဝါကတော့ ပိုမို ပြင်းထန်လာပုံပေါ်သည်။

ခွန်ဘုရင်က မေးလိုက်သည်

“ သူတော်စင် ဒဏ်ရာတစ်ခုခု ရထားသေးလား”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကျွန်တော် လန့်သွားပေမဲ့ ဒဏ်ရာတော့ မရပါဘူး”

ခွန်ဘုရင်က ပြောလိုက်သည်

“ ကောင်းတာပေါ့။ ငါလည်း ဒီလိုဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး။ ဒါကြောင့်သာ မင်းတစ်ခုခု ဖြစ်သွားမယ်ဆိုရင် မင်းရဲ့ အထွတ်အမြတ်မြေဆီ ဘယ်လိုသတင်းပို့ရမယ်ဆိုတာကို မသိတော့ပါဘူး”

ခွန်ဘုရင်၏ စကားလုံးများက ရှန်ထျန်းကို အံ့အားသင့်သွားစေသည်။

နတ်ဆိုးခေါင်းဆောင်တွေ အားလုံးက အခုလိုမျိုး အရမ်းဖော်ရွေတတ်ကြတာလား

သူက ဘိုးဘေးဘီဘင်တွေ ထားခဲ့တဲ့ ကျောက်ပြားကို ဆုံးရှုံးလိုက်ရလို့ဆိုပြီးတော့ သောကရောက်မနေဘဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဘယ်လိုပြောရမလဲဆိုတာ စိတ်ပူနေတယ်တဲ့လား

“ ဘယ်သူကမှ ပြုံးနေတဲ့သူကို ပါးမရိုက်နိုင်ဘူး” ဆိုတဲ့ စကားအတိုင်း ခွန်ဘုရင်က ရှန်ထျန်းအပေါ် အရမ်းဖော်ရွေနေသည့်အတွက် သူ ရှက်ပင် ရှက်မိသည်။

တားမြစ်ကျောက်ပြားက ဘာလို့ ရုတ်တရက်ကြီး ထပျံသွားလဲဆိုတာကို ရှန်ထျန်း မသိတော့ပေ။ သို့သော် သူ ရှုပ်ထွေးပွေလီ မီးစာကျမ်းကို နားလည်သွားခြင်းနှင့် သက်ဆိုင်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

ဒီတစ်ခေါက်တော့ သူ တာဝန်ယူမှ ဖြစ်မည်။

ခွန်ဘုရင်က ဖော်ရွေသော်လည်း တခြားခွန်အကြီးအကဲများလည်း ဖော်ရွေမည်ဟု မဆိုလိုပေ။

တကယ်တော့ ခွန်ပန်တာအိုနှင့် လဲလှယ်ဖို့အတွက် ရှန်ထျန်းကို သုံးရောင်ခြယ်ရေစင်နှင့် ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်း သုံးခုပေးလိုက်ကတည်းက ခွန်အကြီးအကဲတချို့က မကြိုက်နှစ်သက်ကြပေ။

သူတို့၏ အမြင်တွင် ခွန်ပန်တာအိုက အစကတည်းက ခွန်မျိုးနွယ်က ပိုင်ဆိုင်ခြင်းဖြစ်သည့်အတွက် တခြားအပြင်လူများ၏ လက်ထဲတွင် မထားပဲ သူတို့ဆီ ပြန်ပေးတာကသာ မှန်ကန်သည်ဟု တွေးခဲ့ကြသည်။

သူတို့က သုံးရောင်ခြယ်ရေစင်နဲ့ ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းသုံးခုကို ခွန်ပန်တာအိုနဲ့ လဲလှယ်ဖို့ လုပ်လိုက်တာအထိ လက်ခံနိုင်ပေမဲ့ တခြားသူတွေ ကျင့်ကြံတာကိုပါ လက်ခံရမယ်တဲ့လား

ဒါကတော့ အရမ်းလွန်သွားပြီ

ခွန်ဘုရင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို တားမြစ်ကျောက်ပြားကို နားလည်အောင် လုပ်ခွင့်ပေးတာကိုတော့ ထည့်ပြောစရာတောင် မလိုတော့ဘူး

အခု ဘာဖြစ်သွားလဲဆိုတာ ကြည့်လိုက်လေ။ တားမြစ်ကျောက်ပြားက ပျောက်ကွယ်သွားပြီ

“ ခေါင်းဆောင်… အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … ဘာတွေဖြစ်သွားလဲဆိုတာ ရှင်းပြပါဦး”

“ ခွန်ရှု မင်းက ဒီနှစ်ပိုင်းတွေမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနဲ့ ပူးပေါင်းနေခဲ့တာဆိုတော့ ခွန်မျိုးနွယ်ရဲ့ မာနဲ့ ဂုဏ်သိက္ခာကို မေ့သွားပြီလား”

“ ငါတို့မျိုးနွယ်ရဲ့ စွမ်းအားက မင်း ခေါင်းဆောင်ဖြစ်လာကတည်းက သိသိသာသာ မတိုးတက်လာတော့ဘူး။ အခုတော့ တားမြစ်ကျောက်ပြားလည်း ပျောက်ကွယ်သွားပြီ။ အကြီးအကဲတွေအနေနဲ့ အစည်းအဝေးထိုင်ဖို့ လိုအပ်နေပြီ ထင်တယ်”

“ မင်းက  ခေါင်းဆောင် တစ်ယောက်အနေနဲ့ မှန်ကန်တဲ့အရာကို မလုပ်နိုင်ဘူးဆိုရင် ဘေးထွက်နေပြီးတော့ ပိုပြီးတော့ လုပ်နိုင်စွမ်းရှိတဲ့သူဆီကို ထီးနန်း လွှဲပေးလိုက်”

“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအနေနဲ့ ငါတို့ရဲ့ ကျောက်ပြား ဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့ လိုအပ်တယ်”

အကြီးအကဲများ၏ မကြည်မသာ အသံများက လေထုထဲသို့ ပျံ့နှံ့သွားသည်။

အကြီးအကဲအများစုက ကောင်းကင်အသျှင်များ ဖြစ်ကြပြီး ခွန်ရှုကို လေးစားသမှုဖြင့် ဆက်ဆံနေဆဲ ဖြစ်သည်။

သို့သော် အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်ထားသည့် တချို့အကြီးအကဲများက ခွန်ဘုရင်ထက် ပိုပြီး စီနီယာကျသည်။ ထို့ကြောင့် သူတို့၏ စကားများက ယဉ်ကျေးခြင်း မရှိတော့ပေ။

တချို့အကြီးအကဲချုပ်များက ခွန်ဘုရင်ကို နန်းချကာ ခေါင်းဆောင်အသစ် ထပ်ရွေးနိုင်ချေရှိသည်ကိုပင် ထုတ်ပြောခဲ့သည်။

ခွန်ဘုရင်က သူတို့ကို ကြည့်ရင်း မျက်မှောင်ကြုတ်ထားမိသည်။

“ ကျွန်တော်တို့ရဲ့ မျိုးနွယ်ထဲမှာ တားမြစ်ကျောက်ပြားရဲ့ အဆင့်အတန်းကို အားလုံးက သိကြတယ်။ အဲဒီအကြောင်းကို ပြန်ပြောနေစရာ မလိုတော့ဘူး။

ကျောက်ပြားရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့သူက ကျောက်ပြားကို ယူသွားလို့ရတယ်ဆိုပြီးတော့ ငါတို့ရဲ့ ဘိုးဘေးဘီဘင်က ပြောခဲ့တယ်လေ။ ငါတို့ သူ့ကို တားမြစ်လို့ မရနိုင်ဘူး။

အခု အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကျောက်ပြားရဲ့ အသိအမှတ်ပြုမှုကို အောင်အောင်မြင်မြင်နဲ့ ရရှိသွားပြီဆိုတော့ ကျောက်ပြားက ထွက်သွားဖို့ ရွေးချယ်လိုက်တာပဲလေ။ ဒါက အရမ်းကို ကျိုးကြောင်းဆီလျော်ပါတယ်။

ကျွန်တော်တို့က ခွန်မျိုးနွယ်အနေနဲ့ မာနနဲ့ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်လေ။ ဘာလို့ သူတော်စင်ကို အပြစ်ပုံချနေရမှာလဲ။

ဒီမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ ကျွန်တော်က မထိုက်တန်ဘူးလို့ ဘယ်သူ ထင်လဲ။

ထွက်လာပြီးတော့ ကိုယ့်ထင်မြင်ချက်ကို ပြောပြလို့ ရပါတယ်”

ထို့နောက် ခွန်ရှုက စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ့ ဝိဇ္ဇာအဆင့် စွမ်းအင်က သူ့ ပတ်ဝန်းကျင်ရှိသူ အားလုံးနှင့် အရာအားလုံးကို ချက်ချင်း ဖိနှိပ်ထားလိုက်သည်။

သူ့နောက်တွင် ဧရာမ ခွန်ပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာပြီး ဧရာမလှိုင်းလုံးကြီးများနှင့် လေများက သမုဒ္ဒရာကို မိုင်ပေါင်းများစွာအထိ တိုက်ခတ်နေသည်။

ခွန်ရှု၏ ပုံရိပ်သဏ္ဌာန်က ခွန်တစ်ကောင် မဟုတ်တော့ပေ။

ဧရာမခွန်က ပင်လယ်မျက်နှာပြင်သို့ ရောက်ရှိသွားပြီးနောက် ကြေးခွံများက ရုတ်တရက် ရွှေရောင်ငှက်မွေးများအဖြစ် ပြောင်းလဲသွားသည်။ ခွန်၏ ဦးခေါင်းကလည်း အရှိန်ဖြင့် ရွေ့လျားနေသော ရွှေရောင် ပန်တစ်ကောင်၏ ဦးခေါင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ဂျိန်း…

ရေမျက်နှာပြင် လေမုန်တိုင်းများ ဖြစ်တည်လာသည်။

အကြီးအကဲများရှေ့တွင် ဧရာမခွန်ပန်တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး စွမ်းအားကြီးသော အထွတ်အမြတ်အလင်းတန်းဖြင့် တောက်ပနေကာ ဝိဇ္ဇာအဆင့် အရှိန်အဝါဖြင့် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားပြီး အားလုံးကို အသက်ရှူရပင် ခက်ခဲအောင် လုပ်နေသည်။

ခွန်အကြီးအကဲများအားလုံး ငြိမ်ကျသွားသည်။

သူတို့က ခွန်ရှုနောက်ရှိ ခွန်ပန်ပုံရိပ်သဏ္ဌာန်ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

သူတို့က ခွန်မျိုးနွယ်၏ အထက်ပိုင်း အုပ်ချုပ်သူများထဲမှဖြစ်ပြီး ခွန်ရှုက ဘယ်လောက်ထိ စွမ်းအားကြီးသူ ဖြစ်ကြောင်းကို ကောင်းကောင်းသိသည်။ သူက ယခင်တုန်းက အခုလောက်ထိ မသန်မာမှန်း သူတို့သိသည်။

ယခုသူက ယခင်ကထက် အနည်းဆုံး နှစ်ဆရှိသော စွမ်းအားကို ထုတ်လွှတ်နေသည်။ အရာအားလုံးက ခွန်ပန်တာအို၏ ကျေးဇူးကြောင့် ဖြစ်သည်။

မေးခွန်းထုတ်ခြင်းနှင့် အပြစ်တင်ခြင်းတို့က ပျောက်ကွယ်သွားသည်။

တားမြစ်ကျောက်ပြားက အရေးပါသော်လည်း ရှေးခေတ်အခါကတည်းက ဘယ်သူမှ ကျောက်ပြားဆီမှ တစ်စုံတစ်ခုကိုပင် နားလည်ခဲ့ခြင်း မရှိပေ။ အသုံးဝင်သည့် တစ်ခုတည်းသောအရာက သူတို့၏ ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်သည့် တားမြစ်တောင်ကြားကိုသာ ဖန်တီးခြင်း ဖြစ်သည်။

သို့သော် တားမြစ်တောင်ကြားက ဝိဇ္ဇာအဆင့်သို့ ရောက်ပြီးသူအတွက် အများကြီး အသုံးမဝင်ပေ။ မဟုတ်ပါက ထိုအကြီးအကဲချုပ်များက တစ်နှစ်ပတ်လုံး ထိုနေရာတွင်သာ နေကြလိမ့်မည်။

သို့သော် ခွန်ပန်တာအိုက မတူညီပေ။ ထိုအရာက ခွန်ကျင့်ကြံသူများအားလုံးအတွက် အသုံးဝင်သည်။ ထိုအရာက သူတို့၏ စွမ်းအားများကို သိသာစွာ တိုးတက်စေနိုင်သည်။

သို့သော် ဘယ်မျိုးနွယ်ကမှ သူတို့၏ တန်ဖိုးအထားရဆုံး အမွေအနှစ်ကို တခြားဘယ်သူကိုမှ ခွဲဝေပေးခြင်း မလုပ်ချင်ကြပေ။

ဥပမာအားဖြင့် အထွတ်အမြတ်မြေအသီးသီးမှ ဂိုဏ်းချုပ်များနှင့် သူတော်စင်များကိုသာ တားမြစ်အခန်းများ လေ့ကျင့်ဖို့အတွက် ခွင့်ပြုသင့်သည်။

ထို့ကြောင့် ခွန်ပန်တာအိုက ခွန်မျိုးနွယ်ဆီသို့ ပြန်ရောက်လာသော်လည်း လူအနည်းငယ်ကိုသာ တာအိုတစ်ခုလုံး သင်ယူဖို့အတွက် ခွင့်ပြုသည်။

ဘယ်သူက ထိုက်တန်သည်ဟု ဆုံးဖြတ်ရာတွင် ရှုပ်ထွေးလှသည်။

ဘယ်သူက လေ့ကျင့်ခွင့်ရှိတယ် ဘယ်သူကတော့ လေ့ကျင့်ခွင့် မရှိဘူးဆိုတာကို ဘယ်သူ့မှာ ဆုံးဖြတ်ခွင့်ရှိမှာလဲ။ အဲလိုမျိုး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ နောက်ကွယ်မှာ ဖြစ်ပျက်တာတွေ အများကြီးရှိမှာပဲ

ခွန်မျိုးနွယ်၏ လက်ရှိခေါင်းဆောင် တစ်ယောက်အနေဖြင့် ခွန်ဘုရင်၏ ထင်မြင်ချက်က ကျိုးကြောင်းသင့်လျော်လိမ့်မည်။

ထို့အပြင် ခွန်ရှု၏ စွမ်းအားများက ခွန်ပန်တာအိုကို အပြည့်အစုံ နားလည်ပြီးနောက် ထပ်မံ တိုးပွားလာခဲ့သည်။ ယခု ခွန်မျိုးနွယ်ထဲတွင် သူ့ကို ဆန့်ကျင်နိုင်သောသူက နည်းသည်ထက် နည်းသွားပြီ ဖြစ်သည်။

ထို့ကြောင့် ယခု တားမြစ်ကျောက်ပြား ကိစ္စနှင့် ပတ်သက်ပြီး ခွန်ရှုကို ဆန့်ကျင်ရမလား မဆန့်ကျင်ရဘူးလားဆိုတာနှင့် ပတ်သက်ပြီး အတော်လေး ဂရုတစိုက် စဉ်းစားဖို့ လိုသွားလေပြီ။

ထို့အပြင် တားမြစ်ကျောက်ပြားက သူတို့နှင့်တင် သက်ဆိုင်ခြင်း မဟုတ်ဘဲ ခွန်မျိုးနွယ်စု တစ်ခုလုံးနှင့် သက်ဆိုင်ခြင်း ဖြစ်၏။

လေထုက ခဏတာ ငြိမ်သက်သွားသည်။ ခွန်ဘုရင်က ရှန်ထျန်းကို အသံဖြင့် တိတ်တဆိတ် ဆက်သွယ်လိုက်သည်

“ သူတော်စင် မစိုးရိမ်ပါနဲ့။ ငါ အနားမှာရှိနေတုန်း မင်းကို ဘယ်သူမှ မခြိမ်းခြောက်နိုင်ပါဘူး။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မြောက်ပင်လယ်မှာ ရောက်နေပြီ။ သူ့ကို အကြောင်းကြားပြီးပြီဆိုတော့ မကြာခင်မှာပဲ မင်းကို လာခေါ်လိမ့်မယ်”

သူက ဆရာကိုတောင် အသိပေးခဲ့တာလား

ရှန်ထျန်း၏ နှလုံးသား နွေးထွေးသွားရသည်။

ဒီကမ္ဘာပေါ်မှာ လူကောင်းတွေလည်း ရှိသေးပါ့လား … ငါက ဒီခွန်ဘုရင်ကို သိတာက ရက်ပိုင်းလောက်ပဲ ရှိသေးတာကို သူက ငါ့အပေါ် အရမ်းကောင်းနေတယ်

ဟင်း…အခုတော့ ငါ အားနာနေမိပြီ

ရှေ့လျှောက် ငါသာ ကံအပြောင်းအလဲ အခွင့်အရေးတွေ အများကြီး ကြုံတွေ့ဖို့ အခွင့်အလမ်းရှိမယ်ဆိုရင် ခွန်မင်နဲ့ ခွန်ယုကို သေချာပေါက် မှတ်မိနေမယ်။ သူတို့နှစ်ယောက်လုံးလုံးကလည်း အဆင့်မြင့် သီးနှံတွေ … အဲ… ပါရမီရှင်တွေလို့ ပြောချင်တာပါ

ဝိဇ္ဇာအဆင့် အရှိန်အဝါက အာကာပြင်ထဲတွင် ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ သက်ရှိများအားလုံးက သူတို့၏ စိတ်ထဲမှာ လေးလံသော ဖိနှိပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

လေထုက အရမ်းပြင်းထန်လာသည်။ ခြေလှမ်းတစ်လှမ်း မှားသွားသည်နှင့် တစ်ပြိုင်နက် ခွန်မျိုးနွယ်တစ်ခုလုံး အရှုပ်အထွေးထဲသို့ ကျရောက်သွားလိမ့်မည်။ အဆုံးသတ်တွင် အကြီးအကဲချုပ်တစ်ယောက်က ဝင်ပြောလိုက်ပြီး သူ့အသံက ပိုမိုရိုကျိုးသွားသည်

“ ဘယ်လိုပဲဖြစ်ဖြစ် တားမြစ်ကျောက်ပြားက ကျုပ်တို့မျိုးနွယ်ရဲ့ ရတနာလေ။ ခေါင်းဆောင်က ကျုပ်တို့ရဲ့ ခွင့်ပြုချက် မပါပဲနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အဲဒီကျောက်ပြားအပေါ် နားလည်အောင် လုပ်ကြည့်ဖို့ ခွင့်ပြုခဲ့တယ်။ အဲဒီကတည်းက စည်းမျဉ်းတွေကို ဆန့်ကျင်နေပြီ”

ခွန်ဘုရင်က အသက်ပြင်းပြင်းရှူလိုက်မိသည်။

“ အကြီးအကဲများ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ယုအာနဲ့ ခွန်နတ်ဘုရားစာချုပ် ချုပ်ဆိုဖို့အတွက် သဘောတူလိုက်ပြီ။ သူက ကျွန်တော်တို့မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာမှာ။ ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေအရ ကျွန်တော်တို့မျိုးနွယ်ရဲ့ လူသားတွဲဖက်တွေမှာ တားမြစ်ကျောက်ပြားကို နားလည်အောင် လုပ်ခွင့် ရှိတယ်လေ”

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ခွန်မျိုးနွယ်ရဲ့ လူသားတွဲဖက်ဖြစ်လာဖို့အတွက် သဘောတူလိုက်တယ်တဲ့လား

ခွန်ဘုရင်၏ စကားလုံးများကြောင့် နေရာတွင် အကြီးအကဲများ၏ စိတ်ချင်းဆက်သွယ်သော စကားများဖြင့် ငြိမ်သက်သွားသည်။

သူတို့က ဤအခြေအနေ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနေသည်။ သူတို့က အရည်အချင်းရှိ ထိပ်သီးစီမံခန့်ခွဲမှု ကျင့်ကြံသူများဖြစ်ပြီး ငတုံးများ မဟုတ်ပေ။ တားမြစ်ကျောက်ပြား ပျောက်ဆုံးသွားသော အခြေအနေသည်လည်း ပြန်လည် ပြောင်းလဲလို့ မရနိုင်တော့ပေ။

တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချဖို့ ကြိုးစားနေလည်း အသုံးမဝင်ပေ။ ယခုအချိန်တွင် လိုအပ်ဆုံးသောအရာက အခြေအနေကို အဖတ်ဆယ်နိုင်ဖို့ပင် ဖြစ်သည်။

သူတို့က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အကြောင်းကို ကောလဟာလများ ကြားထားသည်။ သူက နှစ်တစ်သောင်းနေမှ တစ်ခါသာ တွေ့နိုင်သော ရှားပါးသည့် ကံကြမ္မာသားတော် တစ်ပါး ဖြစ်ပြီး နဂါးမျိုးနွယ်ကပင် သူ့ကို မြှောက်ပင့်နေကြသည်။

သူသာ ခွန်မျိုးနွယ်နှင့် လူသားတွဲဖက်ဖြစ်လာဖို့အတွက် တကယ်ဆန္ဒရှိပါက ကောင်းမွန်သော အပေးအယူ တစ်ခု ဖြစ်သည်။

အာဏာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … ကျွန်တော်တို့ရဲ့ မင်းသမီးကြီး ခွန်ယုနဲ့ ခွန်နတ်ဘုရားစာချုပ်ကို တကယ်ပဲ ချုပ်ဆိုဖို့ ဆန္ဒရှိတာလား။ ကျွန်တော်တို့မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာချင်တာလား”

ရှန်ထျန်းက အနည်းငယ် အံ့ဩမှင်သက်သွားပြီး မျက်နှာက အနည်းငယ် ပန်းရောင်သန်းနေသော ခွန်ယုကို စိုက်ကြည့်လိုက်သည်။

အရိုးသားဆုံးပြောရလျှင် သူ ဒီလိုမျိုး ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ရှန်ထျန်းက နဂါးနက်မျိုးနွယ်၏ အောင်းပင်းနှင့် ဒေါင်းမျိုးနွယ်၏ ခုံမုန့်နှင့်ပါ စာချုပ်များ ချုပ်ဆိုပြီးနေပြီ ဖြစ်သည်။ သူတို့ကွယ်ရာတွင် နောက်ထပ် စာချုပ်တစ်ခု ချုပ်ဆိုဖို့အတွက် ရှန်ထျန်း အနည်းငယ် အားနာမိသည်။

ဒါပေမဲ့ ခွန်ဘုရင်က အကြီးအကဲတွေဆီက ဖိအားတွေကို ဆန့်ကျင်ပြီးတော့ ငါ့ကို ပံ့ပိုးပေးနေတာ။ အခု ငါလှည့်ပြီးတော့ သူ့နောက်ကျောက်ကို ဓားနဲ့ထိုးရင်း မကောင်းလောက်ဘူး

ပြီးတော့ သူ့ဆီမှာ ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ရရှိထားပြီးပြီဆိုတော့  ခွန်မျိုးနွယ်ကို စောင့်ရှောက်မှ သူ့အတွက် မှန်ကန်လိမ့်မယ်

အချိန်အနည်းငယ်ကြာ ငြိမ်သက်ပြီးနောက် ရှန်ထျန်း ခေါင်းညိတ်လိုက်မိသည်။

“ ကျွန်တော် သဘောတူပါတယ်”

သူ သဘောတူလိုက်ပြီ

နောက်ဆုံးတော့ သူ သဘောတူလိုက်ပြီ

ခွန်ယု၏ မျက်နှာက အတော်လေး နီရဲနေလေပြီ။ ခွန်ရှုပင် အတော်လေး ကျေနပ်သွားပုံပေါ်သည်။

ရှုပ်ထွေးသွားသောသူက ခွန်မင် တစ်ယောက်တည်းသာ ဖြစ်သည်။ ယခု သူ့အနေဖြင့် ရှန်ထျန်းကို လက်စားချေနိုင်မည့် အခွင့်အရေး မရှိတော့ပေ။

ဖိနှိပ်ထားသော ဝိဇ္ဇာအရှိန်အဝါသည်လည်း ပျောက်ကွယ်သွားသည်။ ပြင်းထန်သော လေထုကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

“ သူတော်စင်က ငါတို့မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာဖို့ သဘောတူပြီးပြီဆိုတော့ သူ တားမြစ်ကျောက်ပြားကို နားလည်အောင် ကြိုးစားတုန်းက ဘယ်စည်းမျဉ်းကိုမှ မချိုးဖောက်ခဲ့ဘူး။ တားမြစ်ကျောက်ပြားက အမြဲတမ်း အရမ်းဆန်းကြယ်နေခဲ့တာ။ ကျောက်ပြားဆီမှာ မရေတွက်နိုင်တဲ့လူတွေ ကျရှုံးခဲ့ရတယ်။ အခု ရုတ်တရက် ပျောက်ကွယ်သွားတာက မကောင်းတဲ့ အရာတော့ မဖြစ်နိုင်ဘူး။ ငါတို့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အပြစ်တင်လို့ မရဘူး”

“ အခု ဒီလိုမျိုး ဖြစ်လာပြီဆိုတော့ ခွန်ပန်တာအိုကို ပြန်ယူလာပေးခဲ့တဲ့အတွက် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့  အရမ်းရိုင်းပျမိသွားပါတယ်”

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းချောတာပဲ။ တစ်ချက်လောက် ကြည့်လိုက်တာနဲ့တင် ရှားပါးတဲ့ အရည်အချင်းရှိသူဆိုတာ သေချာတယ်။ သူက အနာဂတ်မှာ ကန့်သတ်မဲ့စွမ်းအားတွေနဲ့ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာမှာ သေချာတယ်”

သူ့ကို အကုန်လုံးက ဝိုင်းပြီး ချီးကျူးနေသည့်အတွက် ရှန်ထျန်း တွေဝေနေမိသည်။

ဘာတွေဖြစ်ကုန်တာလဲ။ သူတို့က ဘာလို့ ရုတ်တရက်ကြီး ငါ့ကို ချီးကျူးနေကြတာလဲ

အသည်းအသန်ဆွေးနွေးပြီးတော့ အဲလိုမျိုး အကြောင်းအရာကို ပြောင်းလဲလိုက်ဖို့က အဲလောက်ထိ လွယ်ကူလို့လား

ကျွန်တော်က ခင်ဗျားတို့ရဲ့ တားမြစ်ကျောက်ပြားကို ပျောက်ကွယ်အောင် လုပ်ပေးခဲ့တာလေ။ ခင်ဗျားတို့တွေက အဲဒီအတွက် ထပ်ပြီးတော့ စိတ်မပူတော့ဘူးလား

ထိုအခိုက်အတန့်တွင် အာကာပြင်က ရုတ်တရက် စုတ်ပြဲသွားသည်။ ယခင်ကထက် လွန်ကဲသော ဝိဇ္ဇာအရှိန်အဝါများက ပင်လယ်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ရောင်သွေးစုံနေသော မိုးကြိုးက ပင်လယ်ရေပြင်ကို ဖြတ်သန်းသွားကာ ထိုအပေါ်တွင် ကြီးမားသော ယာဉ်ပျံတစ်ခု ပေါ်ထွက်လာသည်။ ထိုယာဉ်ပျံပေါ်တွင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တူညီဝတ်စုံကို ဝတ်ဆင်ထားသော တပည့်များဖြင့် ပြည့်နှက်နေသည်။

ယာဉ်ပျံ၏ တတိယအထပ်တွင် ကောင်းကင်အသျှင် တစ်ယောက်၏ စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အံ့ဖွယ်မိုးကောင်းကင် အကြီးအကဲတစ်ယောက် ရှိနေသည်။

“ ဘယ်ငတုံး ခွန်ပေါက်စက ငါတို့ထျန်းအာကို ဆန့်ကျင်ရဲတာလဲ။ ဒီကိုလာပြီးတော့ ငါ့တုတ်ချောင်းဆီကနေ ခွင့်ပြုချက် လာတောင်းလိုက်”

ကြာပြာက ယာဉ်ပျံ၏ တတိယအထပ်တွင် ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်နေသည်။ သူက ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေတုတ်ချောင်းကို ကိုင်ဆောင်ထားသည်။

အနည်းငယ် လှုပ်လိုက်ရုံဖြင့် ဗလကြီးသော လူထွားကြီးတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့လက်ထဲရှိ ရွှေတုတ်ချောင်းကလည်း ပေရာပေါင်းများစွာ ရှည်လျားသွားသည်။

သူက သာမန် ကောင်းကင်အသျှင် တစ်ယောက်သာ ဖြစ်သော်လည်း သူ့အရှိန်အဝါက များပြားသော ခွန်ဝိဇ္ဇာများကို တုန်လှုပ်သွားစေသည်။

သူက တစ်ချိန်တုန်းက သာလွန်တာအို ကောင်းကင်အသျှင် ဖြစ်ခဲ့ဖူးသည်။

ယခင်က သူ့စွမ်းအားများ ပျက်ပြားသွားခဲ့သော်လည်း ကြောက်စရာကောင်းသော စွမ်းအင်ကို ပိုင်ဆိုင်နေဆဲ ဖြစ်သည်။ ကြာပြာက ယခု သူ၏ နတ်ဘုရား ကိုယ်ထည်မာကို ကောင်းကင်အသျှင်အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးနောက် သူ့စွမ်းအားများက ယခင်အဆင့်လောက် ပြန်ရောက်နေလောက်လေပြီ။

ဒီထက်ပိုပြီးအရေးကြီးသည်က လွန်ခဲ့သော ဆိုးရွားသည့် နှစ်များစွာကတည်းက ဒီလူက ရာထူးနှင့် ဂုဏ်သိက္ခာများကို ဂရုမစိုက်တော့ပေ။ သူက သူတို့ပြုမူသလိုမျိုး စိတ်လိုက်မာန်ပါ ပြုလုပ်လေ့ ရှိသည်။

ဝိဇ္ဇာတစ်ယောက်ပင် ထိုကဲ့သို့သော ကောင်းကင်အသျှင်မျိုးကို တကယ် ဆန့်ကျင်ရဲမည် မဟုတ်ပေ။

ကြာပြာအပြင် ယာဉ်ပျံ၏ တတိယအထပ်တွင် တခြားလူ နှစ်ယောက်လည်း ရှိနေသည်။

တစ်ယောက်က အတိဒုက္ခလွန် စမ်းသပ်ခြင်းကို ဖြတ်ကျော်နိုင်ပြီး သူ့ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့သော ရွှေကြာဖြစ်ပြီး သူမ၏ ငွေရောင်ဝတ်ရုံက တောက်ပကာ အလွန်အမင်း ဆွဲဆောင်မှု ရှိနေသည်။

သူမက ဆွဲဆောင်မှုရှိသော အမူအရာဖြင့် ပြောလိုက်သည်

“ ထျန်းအာ… မကြောက်နဲ့နော်။ ငါတို့အားလုံး ဒီမှာ ရောက်နေပြီ။ မင်းကို ဘယ်သူမှ အခက်တွေ့အောင် မလုပ်နိုင်တော့ဘူး”

တတိယတစ်ယောက်က မိုးကြိုးအရှိန်အဝါဖြင့် ဖုံးလွှမ်းနေပြီး ထိုနေရာတွင် ငြိမ်ငြိမ်လေး ရပ်နေကာ ခွန်အကြီးအကဲများကို စိုက်ကြည့်နေသည်။

သူက ကြမ်းတမ်းသော စွန့်ပစ်ခြင်းနှင့်အတူ သူ့အရှိန်အဝါကို ထုတ်လွှတ်နေသည်။ အံ့ဖွယ်အလင်းတန်းနှင့်အတူ ရွှေရောင် ဓာတ်နှောမိုးကြိုးက မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။

မိုးကြိုး ပေါ်ထွက်လာမှုကြောင့် အကြီးအကဲချုပ်များလည်း မထိတ်လန့်ဘဲ မနေနိုင်တော့ပေ။

ဒီလူက အရင်ကထက်ပိုပြီးတော့ စွမ်းအားကြီးတာပဲ

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခွန်ဘုရင်ကို စိုက်ကြည့်ကာ မိုးကြိုးအရှိန်အဝါက လှုပ်ခတ်နေသည်။

“ ညီအစ်ကိုရှု နေကောင်းလား”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အရှိန်အဝါကို အာရုံခံပြီးနောက် တုံးအသော သားဖြစ်သူ၏ ရှန်ထျန်းကို ထိခိုက်အောင် လုပ်ဖို့ အကြံကို မယူဖြစ်လိုက်သည့်အတွက် ခွန်ဘုရင် အရမ်းဝမ်းသာနေမိသည်။ မဟုတ်ပါက သူ ယခု ဒုက္ခအကြီးအကျယ် ရောက်နေမိလောက်လေပြီ။

သူက ပြုံးကာ ပြောလိုက်သည်

“ အခုလိုမျိုး မေးတဲ့အတွက် ညီအစ်ကိုကျန်းကို ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုက အခုလိုမျိုး ခရီးအဝေးကြီး လာခဲ့ရတာကို သေချာမကြိုဆိုနိုင်ဘူးဖြစ်သွားတယ်။ ညီအစ်ကို စိတ်မခုသွားဖို့ မျှော်လင့်ပါတယ်။ ဒီနေ့ ရောက်လာရတဲ့ အကြောင်းအရင်းလေးကို သိလို့ရမလား …”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက လှုပ်ခတ်သွားကာ ပြောလိုက်သည်

“ ညီအစ်ကိုရှုက ထျန်းအာကို ဒီနေရာဆီ ဧည့်သည်အဖြစ် ဖိတ်ကြားတယ်လု့ ကြားထားတယ်။ ထျန်းအာက ခွန်မျိုးနွယ်ရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုပြီးတော့ ခွန်အကြီးအကဲတွေကို မရိုသေသလို ဖြစ်မှာ စိုးရိမ်လို့ပါ။ အဲဒါကြောင့် အထူးတလည် ကိုယ်တိုင် လာကြိုရတာပါ။

ဒီအတောအတွင်း ထျန်းအာ အမှားလုပ်မိထားတာ ရှိရင် ဆုံးဖြတ်ချက်ချဖို့အတွက် ကျုပ်ကို ပြဿနာလေး ပြောပြမယ်လို့ မျှော်လင့်ပါတယ်”

ထို့နောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အဝေးသို့ မျှော်ကြည့်လိုက်သည့်အခါ ဝိဇ္ဇာအရှိန်အဝါများက ပိုမိုပြင်းထန်လာသည်

“ တစ်ယောက်ယောက်မှာ ပြောစရာ တစ်ခုခုရှိမလားဆိုတာ သိချင်ပါတယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အသံက လုံးဝ ခံစားချက်မဲ့သော်လည်း အကြီးအကဲချုပ်များက ကြောက်လန့်တုန်လှုပ်နေကြပြီဖြစ်သည်။ သူတို့ စိတ်ထဲတွင်တော့ တိတ်တဆိတ် စိတ်သက်သာရာရသွားကြသည်။

သူတို့က သူတို့ခေါင်းဆောင် ပြောသော စကားကိုနားထောင်ပြီး ရှန်ထျန်းကို ခွန်မျိုးနွယ်၏ လူသားတွဲဖက် ဖြစ်လာစေဖို့ ခွင့်ပြုကာ အခြေအနေကို ဖြေရှင်းဖို့ ရွေးချယ်လိုက်သည့်အတွက် စိတ်သက်သာရာရသွားကြသည်။

မဟုတ်ပါက သူတို့က ယခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနှင့် ခွန်မျိုးနွယ်ကြားက အဓိကပြဿနာကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။

များပြားသော ခွန်ဝိဇ္ဇာများက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လိုမျိုး အားကောင်းသည့်ပြိုင်ဘက်ကို မရင်ဆိုင်ချင်ကြပေ။ မီးကျွမ်းနေသော ငါးတစ်ကောင်လိုမျိုး အဆုံးသတ်သွားနိုင်သောကြောင့် ဖြစ်သည်။

ခွန်မျိုးနွယ်ရှိ အားလုံးက ငြိမ်သက်နေပြီး စကားမပြောရဲကြပေ။

နောက်ဆုံးတွင် ခွန်ဘုရင်က ပြုံးကာ ပြောလိုက်သည်

“ ညီအစ်ကိုကျန်း အထင်လွဲနေပြီထင်တယ်။ သူတော်စင်က အရမ်းယဉ်ကျေးပြီးတော့ စာနာတတ်ပါတယ်။ သူက ဘာပြဿနာမှ မရှာပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ သူတော်စင်က ကျွန်တော်ရဲ့ သမီးလေး ခွန်ယုနဲ့ အဆင်ပြေသွားပြီးတော့ ခွန်နတ်ဘုရားစာချုပ် ချုပ်ဆိုမလို့။ ညီအစ်ကိုကျန်းရဲ့ တပည့်ကို ကျွန်တော်တို့မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာဖို့ ခွင့်ပြုလားဆိုတာလေး သိပါရစေ”

ခွန်မျိုးနွယ်ရဲ့ လူသားတွဲဖက်တဲ့လား …

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခွန်ဘုရင်ကို စိုက်ကြည့်နေရင်း ကောင်းကင်အရှိန်အဝါက လှုပ်ခတ်လာသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ခွန်ဘုရင်ကြားတွင် နတ်ဘုရားအသိစိတ်ဖြင့် ဆက်သွယ်လိုက်ပြီး ခွန်ဘုရင်သာ ကြားနိုင်သော စကားတစ်ခွန်းကို ပေးပို့လိုက်သည်။

“ ကျုပ် မလာခင် အဲဒီခေါင်းမာတဲ့ ခွန်အကြီးအကဲတွေနဲ့ ကောင်းကောင်း ပြောထားဖို့ ပြောထားတယ်လေ။ ဘာမှမဖြေရှင်းထားနဲ့ဦးလို့ မှာထားတယ်လေ

အဲလိုဆိုရင် ငါတို့က ကံကြမ္မာသားတော် အကောင်းမြင်အောင် လုပ်နိုင်လိမ့်မယ်။

ဒါဆို ငါ မလာခင် ဘာလို့ အားလုံးကို ဖြေရှင်းထားရတာလဲ။ ထျန်းအာ အကောင်းမြင်လာအောင် ဘယ်လိုလုပ်ပြီးတော့ လုပ်နိုင်ရတာလဲ။ ညီအစ်ကိုခွန်က ကျုပ်နဲ့ တိုက်ခိုက်ချင်နေတာလား”

ဂိုဏ်းချုပ်၏ အရှိန်အဝါက ပြင်းထန်စွာ တုန်ခါနေသည်။

ခွန်ဘုရင်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ သူက မကောင်းသော အတိတ်က အမှတ်တရများကို ပြန်လည်စဉ်းစားနေပုံပေါ်သည်။

သူက ချောင်းဟန့်ကာ ပြောလိုက်သည်

“ ညီအစ်ကိုကျန်း အထင်လွဲနေပြီ။ ဒီခွန်အကြီးအကဲတွေက အရမ်းစိတ်လှုပ်ရှားနေတော့ ရွေးချယ်စရာ မရှိခဲ့ဘူး။

ဒါပေမဲ့ စိတ်မပူပါနဲ့။ သူတော်စင် တစ်ခုခု ဖြစ်တာနဲ့ မင်းက ခံတပ်တစ်ခုလုံးကို ခေါ်ပြီး လာခဲ့မှာလို့ ကျုပ် သူတော်စင်ကို ထပ်ခါထပ်ခါ ပြောထားပါတယ်။ ညီအစ်ကိုက အရမ်းအထင်ကြီးစေတဲ့ အရာတစ်ခုကို လုပ်ပြီးပါပြီ။ ကျုပ်တောင် ညီအစ်ကိုရဲ့ ပုံစံကြောင့် စိတ်လှုပ်ရှားသွားသေးတယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်

“ ဒါဆိုရင် ဒီ လူသားတွဲဖက်ဆိုတာကရော ဘာလဲ။ ဘာလို့ ကျုပ်နဲ့ အရင်ဆုံး မတိုင်ပင်ရတာလဲ”

ခွန်ဘုရင်ကို ကြည့်ရတာ အားနာနေပုံပေါ်သည်။

လာနောက်နေတာလား။ ဒီကိစ္စကို ဘယ်လိုလုပ်ပြီးတော့ ပြောနိုင်မှာလဲ

မင်းရဲ့ သမီးကိုလည်း ရှန်ထျန်းရဲ့ ရင်ခွင်ထဲ အတင်းထိုးထည့်နေတာကို ဘယ်သူက မသိလို့လဲ

ငါ အမြဲတမ်း မင်းကို လေးစားသမှုနဲ့ နေရာပေးနေခဲ့တယ်။ ဒါပေမဲ့ ငါ့သမီးရဲ့ တစ်ဘဝတာ ပျော်ရွှင်မှုနဲ့ ပတ်သက်လာရင် ဘေးထွက်နေမယ်များ ထင်လို့လား

အံ့ဖွယ်မိုးကောင်းကင်သူတော်စင်နဲ့ ယုအာက စာချုပ် ချုပ်ဖို့ သဘောတူလိုက်ပြီ။ ဒါကို မကျေနပ်ရင် ဒေါသထွက်နေလိုက်

ဒါက ငါ့အတွက် ခဏတာပဲ နာကျင်ခံစားရမှာ

ဒါက ယုအာရဲ့ အနာဂတ်ပျော်ရွှင်မှုနဲ့ နှိုင်းယှဉ်လို့မရဘူး

ခွန်ဘုရင်၏ အကြည့်တို့ ခက်ထန်လာသည်။

“ အဟမ်း မေ့သွားလို့ပါ .. ညီအစ်ကိုကျန်းရေ တကယ် တောင်းပန်ပါတယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခွန်ဘုရင်ကို အကြာကြီး စိုက်ကြည့်ပြီးမှ ပြောလိုက်သည်

“ ဒါဆိုရင် နောက်ထပ် တန်ကြေးအပြောင်းအလဲ ရှိလိမ့်မယ်”

All Chapters