← Chapters

ဉာဏ်အလင်းပွင့် အဖန်ရည်ကို ကျိုချက်ဖို့အတွက် ရေစည်ပိုင်းကို အသုံးပြုနေတာလား

Vol. 23 Ch. 344

ဉာဏ်အလင်းပွင့် အဖန်ရည်ကို ကျိုချက်ဖို့အတွက် ရေစည်ပိုင်းကို အသုံးပြုနေတာလား

Vol. 23 Ch. 344

အခန်း (၃၄၄) : ဉာဏ်အလင်းပွင့် အဖန်ရည်ကို ကျိုချက်ဖို့အတွက် ရေစည်ပိုင်းကို အသုံးပြုနေတာလား

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ခွန်ဘုရင်က မျက်နှာချင်းဆိုင်ထားကာ လေထဲတွင် ရပ်နေကြသည်။

ပုံသဏ္ဌာန်မဲ့ အရှိန်အဝါများကလည်း အပြန်အလှန်ဖြတ်သန်းသွားကာ အာကာပြင်တွင်ပင် အနက်ရောင် အက်ကြောင်းများပေါ်လာသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်များနှင့် ခွန်မျိုးနွယ်မှ ဆင်းသက်လာသူများက ထိုဝိဇ္ဇာနှစ်ပါးကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်က နတ်ဘုရားအသိစိတ်မှတစ်ဆင့် အပြန်အလှန် လျှို့ဝှက်စကားများ ပြောနေသည်ကို သူတို့ သိကြသည်။

ဒါက စွမ်းအားနဲ့ စိတ်ဆန္ဒရဲ့ တိုက်ပွဲပဲ

အားလုံးက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ခွန်ဘုရင်ဆီမှ ပေပေါင်းထောင်ချီ အကွာအဝေးတွင် နေကြပြီး ဘယ်သူမှ အနားသို့ မကပ်ရဲကြပေ။ သို့မဟုတ် ဖိနှိပ်အရှိန်အဝါက အရမ်းပြင်းထန်သည့်အတွက် ဘယ်သူမှ အနားမကပ်နိုင်ဘူးဟု ပြောလျှင် ပိုမှန်သည်။

ထိုအကြီးအကဲချုပ်များပင် ထိုအရှိန်အဝါကို တောင့်မခံနိုင်ကြပေ။

သူတို့က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။

ဒီလူက ဘယ်လိုလုပ်ပြီးတော့ အရမ်းစွမ်းအားကြီးလာရတာလဲ

ခွန်ဘုရင်က ခွန်ပန်တာအို အပြည့်အစုံကို နားမလည်နိုင်သေးခင်မှာပင် ခွန်မျိုးနွယ်တစ်ခုလုံး၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူ တစ်ယောက်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

မဟုတ်ပါက သူ့အနေဖြင့် နတ်ဆိုးမျိုးနွယ်တစ်ခု၏ ခေါင်းဆောင်အဖြစ် သူ့နေရာကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

အရမ်းသက်တမ်းကြီးနေသော ခွန်ဝိဇ္ဇာများမှလွဲပြီး ခွန်မျိုးနွယ်ထဲရှိ ဘယ်သူမှ ခွန်ဘုရင်၏ စွမ်းအားကို မမှီနိုင်ပေ။

ခွန်ပန်တာအို အပြည့်အစုံကို သင်ယူပြီးနောက် ခွန်ဘုရင်၏ စွမ်းအားက နောက်တစ်ဆင့်သို့ ရောက်ရှိသွားကာ နှစ်ဆနီးပါး ဖြစ်သွားသည်။

အဲလိုဆိုလျှင်ပင် သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ဖိနှိပ်လို့မရ ဖြစ်နေသေးသည်။

တစ်ခါတုန်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ခွန်ဘုရင်က အနိုင်ရတဲ့သူ မရှိခဲ့ပဲ ခုနစ်ရက်နဲ့ ခုနစ်ညတိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ တကယ်လားဟင်

အခု ခွန်ဘုရင်ရဲ့ စွမ်းအားက နှစ်ဆနီးပါးတိုးသွားတာတောင် အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်ကို ဖိနှိပ်လို့ မရနိုင်သေးဘူးတဲ့လား။ မယုံနိုင်စရာပဲ

“ ဒါက ကပ်ဘေးတစ်ဖန်ပဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းရဲ့ တားမြစ်အခန်းကို ပြန်ပြီးတော့ ရှာတွေ့ထားတာ။ ငါတို့ရဲ့ ခေါင်းဆောင် ခွန်ပန်တာအိုကို နားမလည်ခင်ကတည်းက သူက အဲဒါကို ကျင့်ကြံနေတာကြာပြီ”

“ ဒါဆိုရင်တော့လည်း အဆန်း မဟုတ်တော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်တုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်ရဲ့ စွမ်းအားအကြီးဆုံး အထွတ်အမြတ်မြေတွေထဲက တစ်ခုဖြစ်ခဲ့တာ။ သူတို့ရဲ့ တားမြစ်အခန်းကို ဆုံးရှုံးပြီးတဲ့နောက်မှ အဆင့်တွေ ကျသွားခဲ့ရတာ”

“ ခွန်ပန်ပညာရပ်တွေက ပြိုင်ဘက်ကင်းဆိုပေမဲ့ အံ့ဖွယ်မိုးကောင်းကင် တော်ဝင်မိုးကြိုးကျမ်းရဲ့ တားမြစ်အခန်းကလည်း အဲဒီလောက် စွမ်းအားကြီးပါတယ်။ သူ တစ်ခုထဲနဲ့တင် ခွန်ပန်ပညာရပ်တွေအားလုံးကို ရင်ဆိုင်လို့ရတယ်”

“ ဘာမှ မခက်ခဲပါဘူး။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကပ်ဘေးတစ်ဖန်အခန်းကို စောစောရရှိထားလို့သာ ငါတို့ရဲ့ ခေါင်းဆောင်နဲ့ ယှဉ်နိုင်တာပါ။ ငါတို့ရဲ့ခေါင်းဆောင်သာ ခွန်ပန်ပညာရပ်တွေကို အချိန်တစ်ခုကြာအောင် ကျင့်ကြံလိုက်မယ်ဆိုရင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို သေချာပေါက် ဖိနှိပ်နိုင်မှာ သေချာတယ်”

“ ဒါပေမဲ့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လည်း ခွန်ပန်ပညာရပ်တွေကို ကျင့်ကြံခွင့်ရှိတာကို မင်းတို့ မေ့နေကြပြီ။ ပြီးတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဘက်မှာ ရှိနေတယ်လေ”

“ သေစမ်း… ဟုတ်သားပဲ။ ငါတို့တော့ ဂြိုလ်ဆိုးဝင်ပြီ”

ခွန်အကြီးအကဲများ၏ စိတ်လှုပ်ရှားသော စကားဝိုင်းက ရပ်တန့်သွားသည်။

သူတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့ကြသည်။

အဲဒီနှစ်ယောက်ကို နှိုင်းယှဉ်လို့ဘာရမှာလဲ

ခွန်ဘုရင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို အနိုင်ယူနိုင်ရင် ဘာဖြစ်လဲ

သူတို့ဆီမှာ လျှို့ဝှက်လက်နက်ဖြစ်တဲ့ ကံကြမ္မာသားတော် ရှိတယ်လေ

အဲဒီကောင်လေးရဲ့ ကံကြမ္မာနဲ့ အရည်အချင်းအရဆိုရင် သူက နှစ်ပေါင်း ၈၀၀ ကနေ တစ်ထောင်ကြား အခြေအနေမှာ နောက်ထပ် ဟွမ်ရှစ် တစ်ယောက်ဖြစ်လာမှာ သေချာတယ်

နှိုင်းယှဉ်နေလို့ ဘာရမှာလဲ

အဲဒီအစား ရှန်ထျန်းကို ကပ်ဖားနေတာက ပိုမကောင်းဘူးလား

လူအုပ်၏ နှလုံးသား ယိမ်းယိုင်သွားပြီးနောက် ထိပ်တိုက်တွေ့ဆုံနေကြသော အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ခွန်ဘုရင်တို့၏ အရှိန်အဝါများသည်လည်း ဖြည်းဖြည်းချင်း ရပ်တန့်သွားကြသည်။

အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ လှုပ်ခတ်သွားပြီးနောက် တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်

“ ထျန်းအာက ခွန်မျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာဖို့အတွက် သဘောတူပြီးပြီဆိုမှတော့ ကျုပ်လည်း ကန့်ကွက်စရာ မရှိပါဘူး”

ခွန်ဘုရင်၏ မျက်နှာပေါ်တွင် နာကျင်သောအကြည့်တို့ဖြင့် ဖြတ်ပြေးသွားသော်လည်း အားပြုပြုံးကာ ပြောလိုက်သည်

“ ဒါဆိုရင် ညီအစ်ကိုရဲ့ အထွတ်အမြတ်မြေနဲ့ ကျုပ်တို့ရဲ့ မျိုးနွယ် မဟာမိတ်ဖွဲ့ပြီးတော့ ထာဝရ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်”

သူက ဒီတစ်ခေါက် များပြားသော တန်ကြေးကို ပေးလိုက်ရသော်လည်း ထိုက်တန်သေးသည်ဟု ခွန်ဘုရင် ခံစားမိသည်။

နယ်မြေငါးခုရှိ ပါရမီရှင်များက ရေမှော်ပင်များကဲ့သို့ ပေါက်ရောက်နေကြပြီး ရှားပါးသော ဆန်းကြယ်နယ်ပယ်အဆင့်များနှင့် ရတနာများက စီးဆင်းနေသည်။

ထိုအရာက ကောင်းမွန်သော လက္ခဏာ မဟုတ်ပေ။ ရှေးခေတ်အခါက အတွေ့အကြုံများအရ ထိုကဲ့သို့သော ရွှေခေတ်ကို ရောက်လာခြင်းက ကပ်ဆိုးတစ်ခု ချဉ်းကပ်လာသည်ကို ပြသခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ကပ်ဆိုးကို ဖြတ်ကျော်နိုင်ရန်အတွက် ပံ့ပိုးသူများ လိုအပ်သည်။

ထိုကဲ့သို့သော ခေတ်အခါမျိုးတွင် ပြိုင်ဘက်ကင်း လူငယ်ကျင့်ကြံသူနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားဖို့ လိုအပ်သည်။ ထိုအရာက သူတို့မျိုးနွယ် ဆက်လက် တည်မြဲရေးအတွက် လိုအပ်သောအရာတစ်ခု ဖြစ်သည်။

ခွန်ရှုက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို အဓိပ္ပာယ်ပါပါ ကြည့်ပြီးနောက် အကြည့်ထဲတွင် စိတ်သက်သာရာရမှုတို့ ဖြတ်ပြေးသွားသည်။

တော်သေးတာပေါ့ ငါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလို့ပေါ့။ မဟုတ်ရင် ဒီနေ့ ကိစ္စတွေ ရှုပ်ထွေးကုန်တော့မလို့

ခေါင်းဆောင်နှစ်ယောက်က ဆွေးနွေးပြီးနောက် နောက်ဆုံးတန်ကြေးအပေါ် သဘောတူလိုက်ကြသည်။

နှစ်ဖက်လုံးမှ အကြီးအကဲများ၊ တပည့်များနှင့် မျိုးဆက်များက သဘောတူညီမှု ပြုလုပ်ရာတွင် သူတို့ဘက်မှ မရှုံးဘူးဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် သူတို့က ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်နေကြသည်။

အထူးသဖြင့် အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံ၏ ပထမအထပ်ရှိ တပည့်များက ကောင်းချီးပေးခံရသူများ ဆုတံဆိပ်ကို ဝတ်ဆင်ထားကြသည်။

တချို့က “ ထာဝရရှင်သန်သူများထဲတွင် ထိပ်သီးဖြစ်ပြီး ကမ္ဘာမြေ၏ ဂုဏ်သိက္ခာ ဖြစ်သည်” ဆိုသော စကားလုံးများပါရှိသည့် ဆိုင်းဘုတ်များကိုလည်း ရှန်ထျန်း မြင်ရအောင် မြင့်မြင့် ကိုင်ဆောင်ထားသည်။

ရှန်ထျန်းက ထိုအရာကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းကို တွန့်ချိုးသွားမိပြီး ခေါင်းကိုက်လာမိသည်။

စုန့်၊ လျှိုနဲ့ ကျန်တဲ့သူတွေက ဒီနောက်မှာ ကြိုးကိုင်နေကြတာပဲ ဖြစ်ရမယ် … သူတို့ကတော့ တကယ်ပါပဲ … ဒါက မြောက်ပင်လယ်လေ

သူတို့ ဒီထက်ပိုပြီးတော့ လူမသိသူမသိလေး နေပေးလို့ မရဘူးလား

တခြားသူတွေရဲ့ ပိုင်နက်ထဲမှာ ဂုဏ်မောက်စွာ ပြုမူနေရင်…အသေရိုက်နှက်ခံရမှာကို စိတ်မပူဘူးလား

ဒါပေမဲ့ အခုတော့ ထပ်ပြီးတော့ … အဲဒီဆိုင်းဘုတ်ပေါ်က စကားလုံးတွေက တကယ်ကို မိုက်ပါတယ်

ဟား…ဟား…ဟား…

အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်က အင်္ကျီစကို အသာပုတ်ကာ သူ့ခြေထောက်အောက်မှ ရှန်ထျန်းဆီသို့ ရွှေလှေကားကို ဖြန့်ထုတ်လိုက်သည်။

ရှန်ထျန်းက ထိုရွှေလှေကားမှတစ်ဆင့် အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံဆီသို့ ရောက်သွားသည်။ သူ့ဝတ်ရုံအဖြူက လေထဲတွင် မြောပါနေပြီး အလွန် ခမ်းနားလှသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ခွန်ဘုရင်၏ စောနက ထိပ်တိုက်တွေ့ခြင်းက လူအုပ်၏ အဓိက အာရုံစိုက်ရာနေရာဖြစ်လာသည်။

သို့သော် ရှန်ထျန်းက ယခု အားလုံး၏ အာရုံစိုက်ရာ ဖြစ်နေပြီ ဖြစ်သည်။

သူက လောက၏ ဗဟိုချက်လိုမျိုး ရပ်နေသည်။

ဒီကမ္ဘာမှာ အဲလိုမျိုး ရုပ်ချောပြီး အရည်အချင်းရှိတဲ့သူလည်း ရှိသေးတယ်တဲ့လား မယုံနိုင်စရာပဲ

ကျန်းယွင်ရှီး ကျားဖြူအလင်းသန့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး တခြား အံ့ဖွယ်မိုးကောင်းကင် တပည့်များရှေ့တွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေပြီး သူမက ရှန်ထျန်းကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ဂိုဏ်းတူမောင်လေး မတွေ့ရတာ ကြာပြီနော်

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံဆီသို့ ပြန်လာပြီးနောက် ဂိုဏ်းချုပ်ကို ပထမဆုံး နှုတ်ဆက်လိုက်သည်

“ နှုတ်ခွန်းဆက်သအပ်ပါတယ် ဆရာ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဘာခံစားချက်မှ မရှိသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ့ မိုးကြိုးအရှိန်အဝါက ပိုပြီး သိသာထင်ရှားလာသည်

“ မင်းရဲ့ မိတ်ဆွေတွေကို သွားပြီး တွေ့လိုက်ဦး”

ခေါင်းဆောင်ကောင်း တစ်ယောက်တွင် သစ္စာရှိသော နောက်လိုက်အဖွဲ့ ရှိသည်။

သူက ရှန်ထျန်းကို သူ့နေရာ ဆက်ခံသူအဖြစ် ရွေးချယ်ထားသည့်အတွက် ကျန်းလုံယွမ်က သူ့ကို တခြားတပည့်များနှင့် ဘယ်လိုဆက်ဆံရမည်ဆိုတာကိုပါ လမ်းညွှန်သင်ကြားပေးမည်။။

သို့သော် ရှန်ထျန်းက ထိုနယ်ပယ်တွင် အမြဲတမ်း ကျွမ်းကျင်လှသည်။ သူ့မှာ ထူးခြားသည့် ကိုယ်ပိုင်ဆွဲဆောင်မှု ရှိသည့်အတွက် တခြားတပည့်များ၏ အချစ်နှင့် လေးစားမှုကို ရရှိသည်။

မဟုတ်လျှင် ရှန်ထျန်း နှစ်ဝက်လောက် ခွဲသွားတာတောင် ကောင်းချီးပေးခံရသူများအဖွဲ့က ရှန်ထျန်းအတွက် စိတ်အားထက်သန်နေစရာ အကြောင်း မရှိပေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်များအားလုံးထဲတွင် ၈၀ ရာခိုင်နှုန်းလောက်က ကောင်းချီးပေးခံရသူများအဖွဲ့ကို ဝင်ထားကြလေပြီ။ ရှန်ထျန်းသာ နောက်တက်မည့် ဂိုဏ်းချုပ် ဖြစ်မလာပါက ထိုတပည့်များက အဓိကရုဏ်းပင် ဖန်တီးလောက်သည်ဟု အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် သံသယရှိမိသည်။ ရှန်ထျန်းက အရမ်းဆွဲဆောင်မှုရှိသည့်အတွက် ယခုလက်ရှိ ဂိုဏ်းချုပ်နှင့် ရင်ဘောင်တန်းနိုင်နေပြီဖြစ်သည်။

ဒါက ယင်ယန်မိုးကြိုးဖောက်ခွဲရေး အဆောင်၊ လေအား ထုတ်လုပ်ရေးစက်၊ ရေအား လျှပ်စစ်သုံးစက်နဲ့ တခြား အကျိုးအမြတ်တွေလည်း ပါသေးတာပေါ့။ ကောင်းချီးပေးခံရသူများအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတဲ့ ကောင်းကျိုးကိုက ဆွဲဆောင်နိုင်လွန်းတာလေ

ထိုအကျိုးအမြတ်များအားလုံးကို ထောက်ပံ့ပေးသော ရှန်ထျန်းက ထိုတပည့်များအားလုံး၏ နှလုံးသားထဲတွင် “ ကြီးမြတ်သော သူတော်စင်” ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင် ခေါင်းဆောင်က ဘယ်လောက်ထိ စွမ်းအားကြီးနေပါစေ သူသာလျှင် သန်မာသောသူ ဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်တွေကို အကျိုးအမြတ်ရစေတာက အဓိကသော့ချက်ပဲ

ခွန်ဘုရင်နှင့် လျှို့ဝှက် အပေးအယူလုပ်ပြီးနောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ယာဉ်ပျံကို အသူရာချောက်နက်ဆီမှ မောင်းထွက်သွားသည်။

ယာဉ်ပျံထဲတွင် အရမ်းများသော အကြီးအကဲများနှင့် တပည့်များ ပါနေသည့်အတွက် ခွန်မျိုးနွယ်၏ ပိုင်နက်ထဲတွင် ကြာကြာနေပါက ရိုင်းပျရာကျလိမ့်မည်။

စိတ်ဆိုးလွယ်သော စွမ်းအားများအရ ယာဉ်ပျံ၏ တည်ရှိမှုက စိန်ခေါ်မှုနှင့် စစ်ကြေညာခြင်းတစ်ခုဟု နားလည်သွားနိုင်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သာ ရှန်ထျန်းရှေ့တွင် အမြင်ကောင်းအောင်၊ သူ့ကို ဘယ်လောက်ထိ ဂရုစိုက်လဲ သိအောင် မလုပ်ချင်ခဲ့ပါက သူက ခွန်မျိုးနွယ်၏ ပိုင်နက်ထဲသို့ မျက်စိနောက်စရာ ကောင်းသော အခြေအနေမျိုးဖြင့် ဝင်လာခဲ့မည် မဟုတ်ပေ။

ယာဉ်ပျံက လေထဲသို့ ရောက်သွားသည့်အခါ ဒုတိယထပ်ရှိ အကြီးအကဲများက ရှန်ထျန်းကို သဘောကောင်းသော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများတွင် စိတ်သက်သာမှု၊ အမြင့်မှန်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

ပထမထပ်ရှိ တပည့်များကတော့ အရမ်းစိတ်လှုပ်ရှားနေကြပြီး ရှန်ထျန်း၏ ပတ်လည်တွင် စကားပြောချင်နေကြသည်။

“ သူတော်စင်ကို ကျွန်တော်တို့ အရမ်းလွမ်းနေခဲ့တာ”

“ သူတော်စင်ကို ကျွန်တော်လည်း လွမ်းတယ်”

“ သူတော်စင်… ကျွန်တော်ရောပဲ”

လျှိုနဲ့ ရှုန်းတို့က လူအုပ်ကြားထဲမှ ထွက်လာကာ အော်ဟစ်လိုက်ကြသည်

“ ကောင်းချီပေးခံရသူတို့ မင်းတို့ပြောတာတွေကို ကြားပါရစေ”

“ ထာဝရရှင်သန်သူများကြားထဲတွင် ထိပ်သီး၊ ကမ္ဘာမြေ၏ ဂုဏ်သိက္ခာ … ငါတို့ နေ့တိုင်း သူ့နောက်လိုက်ရင် အထက်ဘုံတက်လှမ်းခြင်းကို ရောက်ရှိနိုင်မယ်”

အံ့ဖွယ်မိုးကောင်းကင် တပည့်များ၏ ဓားများက ကောင်းကင်သို့ ပျံတက်သွားကာ ဓားအရှိန်အဝါများဖြင့် တောက်ပနေသည်။

ဓားထောင်ပေါင်းများစွာ “ထျန်း”ဆိုသော စကားလုံးပုံစံကို ဖော်ထားသည်။

တစ်ချိန်တည်းမှာပဲ အဆောင်အများကြီးက ကောင်းကင်သို့ ပျံတက်သွားကာ ရောင်စုံ အံ့ဖွယ်အလင်းတန်းများအဖြစ်သို့ ပေါက်ကွဲသွားကြသည်။

ယာဉ်ပျံတစ်ခုလုံး မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

ရှန်ထျန်းက အံ့ဩမှင်သက်စွာဖြင့် ပြောလိုက်သည်

“ ကျွန်တော်ရဲ့ ညီအစ်ကို စုန့်နဲ့ လျှိုတို့ ကျွန်တော်တို့ အပြင်ထွက်တိုင်း ဟိတ်ဟန်များတဲ့ ပုံစံကြီး လုပ်တာကို ကျေးဇူးပြုပြီး ရပ်တန့်ပေးလို့ ရမလားဟင်”

ရှန်ထျန်းက တခြားတပည့်များဆီသို့ လှည့်ကာ ပြောလိုက်သည်

“ ညီအစ်ကိုတို့ အော်နေတာတွေကို ရပ်လိုက်ပါနော်။ ကိုယ်အသံကို ချွေတာမှပေါ့။ ဒီကိုလာရတဲ့ခရီးက အရမ်းကြမ်းတမ်းခဲ့မှာပဲ။ အားလုံးလည်း ပင်ပန်းနေမှာ သေချာတယ်။

ရေငတ်ပြေအောင် အားလုံးအတွက် အဖန်ရည်လေး ကျိုပေးပါရစေ”

ထို့နောက် ရှန်ထျန်းက သိုလှောင်လက်စွပ်ထဲမှ လိုအပ်သော အရာအားလုံးကို ထုတ်လိုက်သည်။

 စားပွဲတစ်လုံး၊ အဖန်ရည်ခွက်နှင့် အဖန်ရည်အိုး…

လျှိုထိုက်ယီ၊ လျှိုကျစ်ကျားနှင့် ရှုန်းမုန့်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး ရုတ်တရက် စိတ်ပျက်အားလျော့သွားကြသည်။

သူဌေးစုန့်က သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။

“ လူငယ်တွေက တကယ်ကို တုံးအတာပဲ။ သူတို့က ငါတို့သူတော်စင်ရဲ့ စကားအဓိပ္ပာယ်ကို သေချာနားမလည်ကြဘူး။

ငါတို့ သူတော်စင် ဘာပြောလိုက်တယ်ဆိုတာကို မကြားကြဘူးလား။ သူက “ ကျွန်တော်တို့ အပြင်ထွက်ရင် ဒီလို ကြီးကျယ်တဲ့အရာမျိုးတွေ မလုပ်လို့ ရမလား” လို့ပြောလိုက်တာလေ။ သူက ဘာလို့ “ ဒီလို”ဆိုတဲ့နေရာကို ဖိပြီးတော့ ပြောလိုက်ရတာလဲ”

သူဌေးစုန့်ကို ကြည့်ရတာ ကုန်သည်တစ်ယောက်နှင့် မတူတော့ပေ။ သူက ရှည်လျားသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အံ့ဖွယ်ဓားကို သူ့ကျောပေါ်တွင် သယ်ပိုးထားသည်။ သူက ယခု အံ့ဖွယ်သည်းခံနိုင်စွမ်း အနည်းငယ်ကိုလည်း ပိုင်ဆိုင်နေပြီ ဖြစ်သည်။

စုန့်ဖူကွေ့က မုတ်ဆိတ်မွေးကို ပွတ်ကာ ပြုံးရင်း ပြောလိုက်သည်

“ မင်းတို့က တစ်စုံတစ်ယောက်ကို မြှောက်ပင့်ဖို့အတွက် တူညီတဲ့ နည်းလမ်းတွေကိုပဲ သုံးနေတာ။ အမြဲတမ်း တူညီတဲ့ဆိုင်းဘုတ်၊ ဓားပျံနဲ့ မီးပန်းတွေပဲ။ ငါတို့ သူတော်စင်က အဲဒါကို ငြီးငွေ့နေပြီဆိုတာကို မသိကြဘူးလား။

တစ်စုံတစ်ယောက်ကို မြှောက်ပင့်တဲ့အခါ အရေးကြီးဆုံးအရာက ဘာလဲ။ ဆန်းသစ်ပြောင်းလဲခြင်းပဲ။ မင်းတို့ လှည့်ကွက်အသစ်တွေ၊ သရုပ်ဖော်မှုအသစ်တွေ လုပ်မယ်ဆိုရင် ငါတို့ရဲ့ သူတော်စင် ကျေနပ်လိမ့်မယ်။

သူက တူညီတဲ့အရာအတွက် စိတ်လှုပ်ရှားမှာ မဟုတ်တော့ဘူး”

စုန့်ဖူကွေ့က အဖန်ရည် ကျိုချက်ရန် ပြင်ဆင်နေသော ရှန်ထျန်းအနားသို့ သွားကာ ပြောလိုက်သည်

“ အစ်ကိုက ကြမ်းတမ်းတဲ့ စစ်ဆေးမှုကို ကြုံတွေ့ပြီးတာတောင် ကျုပ်တို့အတွက် အဖန်ရည်လုပ်ပေးနေတယ်ဆိုတော့ တကယ်ကို အရမ်းစိတ်လှုပ်ရှားသွားပြီ” သူဌေးစုန့်၏ မျက်လုံးများ နီရဲလာသည်။

“ ကျွန်တော်လက်အပေခံပြီးတော့ အဖန်ရည် ကျိုချက်တာကို ကူညီပေးပါရစေ”

အော်…ကျွန်တော် အဖန်ရည်ကျိုတာကို ကူညီပေးချင်လို့လား

ညီလေးစုန့်ရဲ့ ခံစားနိုင်စွမ်းက အထွတ်အမြတ်မြေကို ရောက်ပြီးတဲ့နောက်မှာ ပိုပြီးတော့ မြင့်လာသလိုပဲ

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ကျွန်တော် အကူအညီ မလိုပါဘူး။ ဒါပေမဲ့ ယာဉ်ပျံပေါ်မှာ လူတွေအများကြီးရှိတော့ အဖန်ရည် ကျိုချက်ပြီးသွားတဲ့အခါ ဝေပေးဖို့အတွက်တော့ အကူအညီ လိုတယ်”

ထို့နောက် ရှန်ထျန်းက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။

လက်ဖဝါးအရွယ်အစားသာရှိသော လက်ဖက်ရည်အိုးက အဆရာပေါင်းများစွာ ကြီးသွားပြီး ရေတိုင်ကီ အရွယ်အစားလောက် ဖြစ်သွားသည်။

ဝိညာဉ်နွေဦးရေစင် ဂါလံပေါင်းမြောက်များစွာကိုလည်း ရက်ရောစွာဖြင့် ထိုလက်ဖက်ရည်အိုးထဲသို့ လောင်းထည့်နေသည်။

ထိုအရာက အထူးတလည် ဈေးကြီးသော ဝိညာဉ်နွေဦးရေစင်မျိုး မဟုတ်သော်လည်း တစ်ခါထဲ အများကြီးသုံးတာက အရမ်းများသည့် ပမာဏဟု ဆိုနိုင်သည်။

ဤဝိညာဉ်နွေဦးရေစင် ရေတိုင်ကီက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းတစ်ခုထက် အများကြီး ပိုပြီး ထိုက်တန်သည်။

ဒုတိယအထပ်ရှိ အကြီးအကဲများက ထွက်လာသော ဝိညာဉ်နွေဦးရေစင်များကို ကြည့်ပြီး တိတ်တဆိတ် ငြီးတွားနေသည်။

ဒီနေ့ခေတ်လူငယ်တွေက အရမ်းချမ်းသာတာပဲ

ဒီလိုမျိုးအဆင့်ရှိတဲ့ ဝိညာဉ်နွေဦးရေစင်ကတောင် သူတို့အတွက် အတော်လေး အဖိုးတန်နေပြီ။ သူတို့ရဲ့ ဂုဏ်သိက္ခာကိုသာ ထိန်းစရာမလိုဘူးဆိုရင် အောက်ဆင်းပြီးတော့ သွားသောက်ပစ်လိုက်တယ်

စိတ်လျှော့ စိတ်လျှော့ ငါတို့က အကြီးအကဲတွေလေ။ အဖန်ရည်တစ်ခွက်အတွက် အဲဒီကလေးတွေနဲ့ ဘာလို့ တိုးဝှေ့နေရမှာလဲ

အကြီးအကဲများက ဝမ်းနည်းသော အပြုံးများဖြင့် ခေါင်းများကို ယမ်းလိုက်သည်။ သူတို့၏ ဂုဏ်သိက္ခာကို ပိုပြီး အရေးကြီးခဲ့သည်။

ထို့နောက် ရှန်ထျန်းက လက်ဖက်ရွက်များကို ထုတ်လိုက်သည်။

သူတို့က ခရမ်းရောင်ရှိပြီး အသံများ ပဲ့တင်ထွက်သွားသည်။

ဤသစ်ရွက်များက ဒီလောက်ထိ ပဲ့တင်သံ မဖြစ်သော်လည်း အနီးအနားရှိ လူတိုင်း၏ အာရုံကိုတော့ ဖမ်းစားလိုက်နိုင်သည်။

ယာဉ်ပျံ၏ ဒုတိယအထပ်တွင် အကြီးအကဲအချို့က တုန်လှုပ်ပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။

သူတို့ရဲ့ တုံ့ပြန်မှုအတွက် အကြီးအကဲတွေကို အပြစ်တင်လို့မရဘူး။ ရက်စက်တဲ့သူက ရှန်ထျန်းပဲလေ

ဒါက ဒဏ္ဍာရီလာ ဉာဏ်အလင်းပွင့် လက်ဖက်ရွက်တွေပဲ

ဒါကို ရေစည်ပိုင်းထဲထည့်ပြီးတော့ ကျိုမလို့လား

All Chapters