အလုပ်အကိုင်အသစ် - ရှေ့နေ
Vol. 10 Ch. 136
နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီဆက်မောင်းခဲ့သည်။
လမ်းဘေးတွင် သက်လတ်ပိုင်းအရွယ် ခပ်ဝဝအမျိုးသားတစ်ယောက်နှင့် အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်တို့က ကားစောင့်နေကြသည်။
"ရှောင်ရွှီ.. မင်း စာကြိုးစားမှဖြစ်မယ်နော်။ ကြည့်လိုက်.. ကမ္ဘာကြီးပေါ်မှာ အထက်တန်းလွှာတွေက ဇိမ်ခံအိမ်တွေမှာနေပြီး ဇိမ်ခံကားတွေ စီးနိုင်ကြပေမဲ့ ဒီတက္ကစီဒရိုင်ဘာလို လူမျိုးတွေကျတော့ နေပူမရှောင် မိုးရွာမရှောင် အလုပ်ကြိုးစားရပြီး ပိုက်ဆံလည်း စို့စို့ပို့ပို့မရဘူး"
ထိုကောင်လေးက ခေါင်းညိတ်ပြလိုက်သည်။
"အဖေ သားနားလည်ပါပြီ။ ကျွန်တော် အထက်တန်းလွှာတစ်ယောက်ဖြစ်လာအောင် စာကြိုးစားပြီး ဟွားချင်းတက္ကသိုလ်ကို ဝင်နိုင်အောင်လုပ်ပါ့မယ်"
သို့သော် ထိုအချိန်မှာပင် ကူလီနန်ကားတစ်စီးက သူတို့နှစ်ယောက်ရှေ့တွင် ရပ်လိုက်လေသည်။ ထိုလူကြီးနှင့် ကောင်လေးတို့လည်း အံ့အားသင့်သွားကြသည်။
ကားပြတင်းပေါက်က တဖြည်းဖြည်းပွင့်လာပြီးနောက် ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"တက္ကစီခေါ်ထားတာ ခင်ဗျားလား"
"ဟုတ်တယ်။ ဟုတ်တယ်။ ငါပါ"
ထိုလူကြီးလည်း တဒင်္ဂမျှကြက်သေသေသွားချေသည်။
"ကားထဲကိုဝင်ပါဗျ"
ကောင်လေးက သံသယမျက်ဝန်းများဖြင့် သူ့အဖေကို ကြည့်လိုက်မိသည်။ ထိုလူကြီးကတော့ နေရခက်ဟန်ဖြင့် ပြုံး၍ ထိုကောင်လေးနှင့်အတူ ကားထဲသို့ ဝင်လာခဲ့လိုက်သည်။
သူတို့၏လိုရာခရီးသို့ ရောက်လာသောအခါ ကောင်လေးက ကူလီနန်ကား၏ နောက်မီးရောင်ကိုကြည့်ရင်း ပြောလိုက်၏။
"အဖေ ကျွန်တော် အခုပဲရှာကြည့်ထားတာ။ ဒီကားက သန်းဆယ်ဂဏန်းလောက်ပေးရတယ်။ အဖေပြောတော့ စာမကြိုးစားတဲ့လူတွေက တက္ကစီမောင်းရတယ်ဆို။ ကျွန်တော် စာမကြိုးစားချင်တော့ဘူး"
"ဘယ်သူပြောလဲ။ အဲဒီကောင်လေးက ကားကို တခြားလူဆီက ငှားလာတာဖြစ်မှာပါ။ ဒီစကားတစ်ခွန်းကိုသာမှတ်ထား။ "စာအုပ်စာပေလူ့မိတ်ဆွေ"တဲ့"
ထိုကောင်လေးက ကူလီနန်ကားဖြင့် တက္ကစီမောင်းခြင်းနှင့်ပတ်သက်ပြီး ဘဝအကြောင်း မေးခွန်းထုတ်နေလေကြောင်း ယဲ့ချန်းကတော့ မသိပေ။
ထိုအချိန်တွင် ယဲ့ချန်း နောက်ထပ်အော်ဒါတစ်ခု ထပ်ရလိုက်သည်။ ဤတစ်ခေါက်တွင် ခရီးသည်က အပြစ်ကင်းစင်လေဟန်ရုပ်ရည်ရှိသော မိန်းမငယ်လေးတစ်ယောက်ပင်။ ထိုမိန်းကလေးက အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသည်။ အိုအယ်လ်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပရော်ဖက်ရှင်နယ်ဆန်ကာ တက်ကြွလန်းဆန်းနေ၏။
သူ(မ) ကားထဲသို့ ဝင်လာသည်နှင့် ဖုန်းကလည်း မရပ်မနားမြည်နေလေတော့သည်။
"အန်တီဝမ်.. ရှင့်သားက ရှင့်ကို မထောက်ပံ့ပေးတဲ့အမှုကို ကျွန်မ တရားရုံးမှာ တိုင်ချက်ဖွင့်ထားပြီးပါပြီ။ စိတ်ချပါ။ ရှင့်ရဲ့အခွင့်အရေးတွေကို ဥပဒေက ကာကွယ်ပေးမှာပါ"
"ဦးလေးလီ.. မနက်ဖြန်ကျရင် ရပ်ကွက်ရဲ့တရားဝင်ဆွေးနွေးပွဲကို ကျွန်မ သေချာပေါက် အချိန်မီလာခဲ့မှာပါ"
….
ယဲ့ချန်းလည်း ထိုမိန်းကလေးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ပြီး မေးလိုက်၏။
"မင်းက ရှေ့နေလား"
ထိုမိန်းကလေးက ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်။ ကျွန်မက အခုမှ ဘွဲ့ရထားတာလေ။ အလုပ်သင်ရှေ့နေလို့ ပြောလို့ရပါတယ်"
"အိုး..မင်းကိုကြည့်ရတာ သူများတွေကို အရမ်းကူညီပေးတတ်သလိုပဲ"
ယဲ့ချန်းက ကားမောင်းရင်း အချိန်အတော်ကြာအောင် နားထောင်လာခဲ့သည်ဖြစ်ရာ ဤမိန်းကလေး၏ပုံစံက သူများကို လိုလိုလားလားကူညီပေးတတ်ဟန်တူသည်။
ထိုမိန်းကလေးကလည်း ရယ်ကာမောကာဖြင့် ပြောလာသည်။
"ရှေ့နေတစ်ယောက်က ပိုက်ဆံရှာရုံတင်မဟုတ်ဘဲ သူတို့ရဲ့စွမ်းရည်ကို အသုံးချပြီး လူမှုအဖွဲ့အစည်းကို ပိုအထောက်အကူပြုသင့်တယ်လို့ထင်တယ်။ အထူးသဖြင့် ရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရပြီး သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေပေါ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ရှေ့နေတွေအားလုံးသာ မင်းလို အသိတရားမျိုးရှိကြရင် ကောင်းမှာပဲ"
ထိုအချိန်မှာပင် ကောင်မလေး၏ဖုန်းက ထပ်မြည်လာပြန်သည်။
"စုန့်ဇစ်ချီ..ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါမင်းကိုပြောထားတဲ့ကိစ္စက ဘယ်လိုအခြေအနေရှိလဲ။ ငါပြောမယ်။ မင်း ရာထူးအတည်တကျလိုချင်တယ်ဆိုရင် တရားဝင်အမှုသည်တစ်ယောက်ကို ခေါ်လာရမှာနော်။ မင်းက အမြဲမဟုတ်တာတွေပဲ လိုက်လုပ်နေတယ်။ ဒီလူ့ကိုကူညီလိုက် ဟိုလူ့ကိုကူညီလိုက်နဲ့..မင်းကိုရော ဘယ်သူကကူညီလို့လဲ။ အဲဒီအချိန်တွေကို ကုမ္ပဏီတွေဆီကိုသာ သွားနေစမ်းပါ"
ထိုမိန်းကလေးက ပြန်ပြောလိုက်၏။
"မန်နေဂျာချန်း..ကျွန်မ အခု မာရီယော့ဟိုတယ်ကို သွားနေတာပါ။ ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌချန်းဝမ်က အဲဒီမှာ နေ့လယ်စာစားမယ်လို့ သတင်းရထားတယ်။ ဒီသဘောတူညီမှုကိုရဖို့အတွက် ကျွန်မ အကောင်းဆုံးကြိုးစားမှာပါ"
ချန်းဝမ်?
ယဲ့ချန်း မှင်တက်သွားလေသည်။
ဒါက မိတ်ဆွေဟောင်းကြီးမဟုတ်လား?
သူလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ဘာလဲ? ပြဿနာတစ်ခုခုရှိလား"
စုန့်ဇစ်ချီက ပြောလိုက်သည်။
"ကျွန်မတို့ ကုမ္ပဏီဥပဒေအကြံပေးသဘောတူညီချက်ကို ရအောင်ယူရမှာလေ။ ကျွန်မရဲ့အတန်းဖော်တော်တော်များများက အဆက်အသွယ်ရှိတဲ့လူက ရှိကြတယ်။ ကုမ္ပဏီတွေနဲ့စကားပြောဖို့အထိ ကံကောင်းတဲ့လူတွေလည်းရှိတယ်။ ဒါပေမဲ့ ကျွန်မကတော့ သဘောတူညီချက်တစ်ခုလေးတောင် မရသေးဘူး"
ကားရပ်လိုက်ချိန်မှာ ထိုမိန်းကလေးက ယဲ့ချန်းအား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်(၅/၅)ကို အသက်သွင်းလိုက်နိုင်ပါပြီ။ ဆုလာဘ်ကတော့ ပုသုန်းခရိုင်ထဲက ကျောင်းစီရင်စုတိုက်ခန်းတစ်ရာဖြစ်ပါတယ်]
ပုသုန်းခရိုင်ထဲက ကျောင်းစီရင်စုတိုက်ခန်းတစ်ရာတဲ့လား?
ပုသုန်းအလယ်တန်းကျောင်းမှာ မိုတုမြို့၏ အခရာပင်။
ဤကျောင်း၏ နှစ်နှစ်ကြာကောလိပ်ဝင်ခွင့်စာမေးပွဲအောင်ချက်က ရှစ်ဆယ်ရာခိုင်နှုန်းရှိပြီး ထိပ်တန်းကျောင်းသားအယောက်တစ်ရာထဲမှ လူအများစုကလည်း ထိပ်တန်းတက္ကသိုလ်များကို တက်ခွင့်ရရှိသည်ဖြစ်ရာ ထိုကျောင်းမှာ မိုတုမြို့တွင် အရေးပါအရာရောက်သော ကျောင်းတစ်ကျောင်းဖြစ်လာခဲ့သည်။
ထို့ကြောင့် ပုသုန်းခရိုင်ရှိ ကျောင်းစီရင်စုတစ်ခုအနေနှင့် အိမ်ဈေးနှုန်းများက အလွန်မြင့်မားလှသည်။ ၎င်းတိုမှာ ယခုအထိ မဖွင့်လှစ်ရသေးသော်ငြား အစကတည်းက ရေပန်းစားနေလေပြီ။
ယဲ့ချန်းက ရုတ်တရက်ကြီး တန်ဖိုးအားဖြင့် အိမ်တစ်လုံးကို ခြောက်သန်းရှိသည့် ကျောင်းစီရင်စုတိုက်ခန်းတစ်ရာကို ရရှိလိုက်သည်။
အလုံးတစ်ရာဆိုပါက ခြောက်ဘီလျံနှင့် ညီမျှ၏။
မိုက်လိုက်တာ!
[တင်! ရွေးချယ်ရေးစနစ်ကို အတည်ပြုလိုက်ပါပြီ။ အပတ်စဉ်တိုင်း အထူးအရည်အသွေးတွေကိုပိုင်ဆိုင်ထားတဲ့ ခရီးသည်တစ်ယောက်နဲ့ ကျပန်းတွေ့ဆုံပြီး ရွေးချယ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း ပိုင်ရှင်ကို ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာစေနိုင်မဲ့ ထိပ်တန်းအဆင့်ဆုလာဘ်တွေကို ရယူလိုက်ပါ]
[ခရီးသည်ရဲ့အလုပ်အကိုင် : ရှေ့နေ!]
[ရွေးချယ်စရာနံပါတ်တစ် : စုန့်ဇစ်ချီကို အကျင့်ပျက်ခြစားအောင်လုပ်ရင်း အလှပဂေးလေးကို ကုမ္ပဏီတစ်ခုဆီက ကမ်းလှမ်းချက်ရလာအောင် ကူညီပေးပြီး စနစ်ရဲ့ဆုလာဘ် "အတုမဲ့ရွှေသေနတ်"နဲ့ ၂၀၃၅ရဲ့ အကန့်အသတ်ထုတ်အမျိုးသားသုံးအိပ်ခန်းအသုံးအဆောင်တစ်စုံစာကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်နှစ် : စုန့်ဇစ်ချီကို လူမှုအဖွဲ့အစည်းရဲ့လက်တွေ့အကြောင်း နားလည်အောင်ကူညီပေးရင်း လက်ဖက်စိမ်းမတစ်ယောက်ဖြစ်လာအောင် အားပေးအားမြှောက်ပြုရင်း သူ(မ)ရဲ့ရုပ်ရည်အလျောက် ပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်နိုင်အောင် ကူညီပေးပြီး စနစ်ရဲ့ဆုလာဘ်တွေဖြစ်တဲ့ လက်ဖက်စိမ်းမဆွဲဆောင်မှု +၁၀နဲ့ အထက်တန်းလွှာလုပ်ငန်းရှင်များကွန်ယက်အတွက် ပလက်တီနမ်ဗီအိုင်ပီမန်ဘာကတ်ကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်သုံး : စုန့်ဇစ်ချီကို သဘောတူစာချုပ်ချုပ်နိုင်အောင် ကူညီပေးပြီး ဆုရရှေ့နေတစ်ယောက်ရဲ့နှုတ်ရေးနှုတ်စနဲ့ ဟွားတုဥပဒေလုပ်ငန်းစုရဲ့ ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်းကို ရယူလိုက်ပါ]
ဟွားတုဥပဒေလုပ်ငန်းစုမှာ ဟွားနိုင်ငံ၏ ဥပဒေလောကထဲတွင် ပထမအဆင့်ပင်။
နာမည်ကျော်ရှေ့နေကျောက်ချီသုန်းက ကုမ္ပဏီ၏တည်ထောင်သူဖြစ်ပြီး ဟွားနိုင်ငံတစ်ဝှမ်းရှိ အဓိကမြို့ကြီးများတွင်လည်း ရုံးခွဲများ ဖွင့်ထားသေးသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"ကံကောင်းပါစေ"
"ကျေးဇူး"
စုန့်ဇစ်ချီ သက်ပြင်းနက်နက်ရှိုက်လိုက်ပြီးနောက် ဟိုတယ်ထဲသို့ ဝင်သွားလိုက်၏။ ဤသည်မှာ သူ(မ)၏ နောက်ဆုံးအခွင့်အရေးပင်။
ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီ၏ ဥပဒေအကြံပေးစာချုပ်စာတမ်းက သက်တမ်းကုန်တော့မည်ဟု သူ(မ) သတင်းရထားသည်။ ထို့ကြောင့် စုံစမ်းကြည့်ရန်အတွက် ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီသို့ ရောက်လာခဲ့ခြင်းပင်။
သို့သော် ချန်းဝမ်က နေ့လယ်ဘက်တွင် စားသောက်ပွဲတစ်ခုရှိကြောင်း အတွင်းရေးမှူးမလေေးက သူ(မ)အား ပြောလိုက်သောကြောင့် စုန့်ဇစ်ချီလည်း လက်မလျှော့ဘဲ ဟိုတယ်အထိ လိုက်လာခဲ့သည်။ ဧည့်ကြိုဌာနသို့ ရောက်လာချိန်ဝယ် ချန်းဝမ်၏အခန်းနံပါတ်ကို မေးပြီးနောက် တံခါးခေါက်ကာ အထဲသို့ ဝင်သွားလိုက်သည်။
စုန့်ဇစ်ချီကိုမြင်သော် ချန်းဝမ်လည်း အံ့အားသင့်သွားချေသည်။
"မင်း ဘယ်သူ့ကို လာရှာတာလဲ"
စုန့်ဇစ်ချီက ပြော၏။
"ကျွန်မနာမည်က စုန့်ဇစ်ချီပါ။ ဟွားတုဥပဒေလုပ်ငန်းစုရဲ့ ရှေ့နေတစ်ယောက်ပါ။ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်နဲ့ ဆွေးနွေးချင်လို့ပါ"
"ပူးပေါင်းဆောင်ရွက်ဖို့လား? မင်းက ဟွားတုဥပဒေလုပ်ငန်းစုနဲ့ သဘောတူစာချုပ် ချုပ်စေချင်တာလား"
ချန်းဝမ်က လှောင်ပြောင်ထေ့ငေ့ါဟန်ဖြင့် ပြောလိုက်လေသည်။
"ဟုတ်ပါတယ်။ ကျွန်မတို့ကုမ္ပဏီက ဟွားနိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းစုဆယ်ခုစာရင်းထဲကို ဝင်ထားတဲ့ ဆုရဥပဒေလုပ်ငန်းစုတစ်ခုပါ။ ကျွန်မတို့အနေနဲ့.."
"နေပါဦး။ မိန်းကလေး.. ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေဦး။ ကျွန်မက လီဟောင်ဥပဒေလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာရှန့်ချိုက်ယွင်ပါ။ ကျွန်မ အခုပဲ ဥက္ကဋ္ဌချန်းနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးပြီးသွားပြီ။ မိန်းကလေး အလာကောင်းပေမဲ့ အခါနှောင်းသွားပြီ"
ဝတ်ကောင်းစားလှဝတ်ဆင်ထားသော အသက်လေးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ဝင်ပြောလေသည်။
"အာ!"
စုန့်ဇစ်ချီလည်း အတန်ငယ်ရှက်ရွံ့သွားရသည်။
"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်"
စုန့်ဇစ်ချီလည်း ရှက်ရွံ့သွားကာ လှည့်ပြန်ရန် ပြင်လိုက်၏။
ရှန်ချိုက်ယွင်က စုန့်ဇစ်ချီကို သရော်လေဟန်ဖြင့် ကြည့်လိုက်သည်။
"မိန်းကလေး.. မင်းက ငါနဲ့လာပြိုင်ရလောက်အောင်လည်း အတွေ့အကြုံမရှိသေးပါဘူး။ ပြောနေစရာတောင်မလိုဘူး။ မင်းရဲ့အထွေထွေမန်နေဂျာကိုယ်တိုင် ငါ့ရှေ့ကိုရောက်လာရင်တောင် အစွမ်းအစရှိမှာမဟုတ်ပါဘူး"
ထိုအချိန်မှာပင် ချန်းဝမ်၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။
"ဟုတ်ကဲ့။ ဟုတ်ကဲ့ ဥက္ကဋ္ဌယဲ့.. ကျွန်တော်နားလည်ပါပြီ။ စိတ်မပူပါနဲ့။ ချက်ချင်းလုပ်လိုက်ပါ့မယ်"
စုန့်ဇစ်ချီခမျာ ရှန်ချိုက်ယွင်ထံတွင် စော်ကားမော်ကားပြောဆိုခံရပြီးနောက် ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် ချန်းဝမ်က မတ်တတ်ထရပ်၍ သူ(မ)ကို လှမ်းခေါ်လိုက်သည်။
"နေပါဦး။ မိန်းကလေး"
စုန့်ဇစ်ချီလည်း တအံ့တဩဖြင့် ချန်းဝမ်ကို ကြည့်လိုက်မိသည်။
"ဥက္ကဋ္ဌချန်း..ကျွန်မ ရှင် နေ့လယ်စာစားနေတာကို နှောင့်ယှက်မိသွားတယ်။ တောင်းပန်ပါတယ်နော်။ ကျွန်မ အခု ပြန်လိုက်ပါဦးမယ်"
ထိုအခိုက် စုန့်ဇစ်ချီ၏မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီနေပြီဖြစ်၏။ ဤသဘောတူညီချက်ကို အရမယူနိုင်ပါက သူ(မ)၏အိပ်မက်လုပ်ငန်းစုဖြစ်သော ဟွားတုဥပဒေလုပ်ငန်းစုထဲကို တစ်သက်လုံးဝင်ရောက်ခွင့်ရတော့မည်မဟုတ်ချေ။
*******************