← Chapters

အွန်လိုင်းအကြမ်းဖက်ခြင်း

Vol. 10 Ch. 139

အွန်လိုင်းအကြမ်းဖက်ခြင်း

Vol. 10 Ch. 139

နောက်တစ်နေ့တွင် ယွီကျား ဆေးရုံသို့သွားချိန်မှာ တစ်စုံတစ်ရာမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

လူတော်တော်များမျာကတော့ သူ(မ)ကို လက်ညှိုးဝိုင်းထိုးကြသည်။

"မင်းသမီးရောဂါရနေတာပဲ။ သူများတွေက သူ့ကို အမြဲထိပါးနှောင့်ယှက်နေတယ်လို့ ထင်နေတာ"

"သူ့ကိုယ်သူ တအားဆွဲဆောင်မှုရှိတယ်လို့များ ထင်နေတာလား။ သူ့လိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး သူနာပြုဖြစ်နိုင်မှာလဲ"

"ငါလည်း အဲဒီဗီဒီယိုကို ကြည့်ပြီးပြီ။ ကလေးကိုရိုက်တာကတော့ တော်တော်လွန်တာပဲ"

ယွီကျားက ဆေးရုံတွင် ပုလင်းချိတ်ပေးတော့မည့်အချိန်မှာပင် လူနာတစ်ယောက်က ပြောလာလေသည်။

"ငါ့ကို မင်း ပုလင်းချိတ်မပေးပါနဲ့။ ငါက မင်းကို ထိပါးနှောင့်ယှက်နေပါတယ်လို့ပြောမှာကြောက်ရတယ်"

ယွီကျားခမျာ ပို၍ပင် ရတက်မအေးဖြစ်သွားရသည်။ ထိုအချိန်မှာ သူနာပြုတစ်ယောက်ရောက်ချလာသည်။

"ယွီကျား.. သူနာပြုချုပ်က နင့်ကိုတွေ့ချင်လို့တဲ့"

သူနာပြုဌာနသို့ ရောက်သောအခါ သူနာပြုချုပ်က အေးတိအေးစက်မျက်နှာဖြင့် ပြောလိုက်လေသည်။

"ယွီကျား..မနေ့တုန်းက ဘာဖြစ်ခဲ့တာလဲ။ နင် ဘယ်လိုလုပ်ပြီး အဲဒီလိုကိစ္စမျိုးကို လုပ်ခဲ့ရတာလဲ"

ယွီကျား မှင်တက်သွားရချေသည်။

"ကျွန်မ ဘာလုပ်ခဲ့မိလို့လဲ"

သူနာပြုချုပ်ကလည်း ယွီကျားကို ဖုန်းပစ်ပေးလိုက်သည်။

"ကိုယ့်ဘာသာကြည့်လိုက်"

ယွီကျားမှာမူ ထိုဗီဒီယိုကိုကြည့်ပြီး ချက်ချင်းဆိုသလို ကြောင်အသွားရလေသည်။

ထိုဗီဒီယိုတွင် ယွီကျားက တော်ဝင်မင်းသမီးရောဂါရနေပြီး ကလေးတစ်ယောက်ကို မဟုတ်မမှန်စွပ်စွဲ၍ ရိုက်နှက်ခဲ့သည်ဟု ဖော်ပြထားသည်။

အောက်ဘက်ရှိ ကောမန့်များမှာ ပို၍ပင် ဆိုးဝါးလှသည်။

ယွီကျားလည်း စွပ်စွဲခံလိုက်ရသော အမူအရာဖြင့် ထိုဗီဒီယိုကို ကြည့်နေမိသည်။

"သူနာပြုချုပ်.. ဒီလိုမဟုတ်ပါဘူး"

သူနာပြုချုပ်ကတော့ အေးတိအေးစက်သာ ပြောလိုက်၏။

"မင်း အခု အလုပ်လုပ်စရာမလိုဘူး။ အိမ်ပြန်ပြီး ကိုယ့်လုပ်ရပ်ကိုယ် သုံးသပ်နေလိုက်"

အစတုန်းကတော့ ဤကိစ္စက ပြီးဆုံးသွားပြီဟု ယွီကျား ထင်နေခဲ့မိသည်။ ယခုလိုဖြစ်သွားလိမ့်မည်ဟု လုံးဝထင်မထားချေ။

သူ(မ) မတရားစွပ်စွဲခံလိုက်ရသလို ခံစားမိသော်ငြား သူနာပြုချုပ်၏စီစဉ်မှုကို လိုက်နာပြီး အိမ်ပြန်ခဲ့သည်။

လူတွေ သူ(မ)ကို မှတ်မိသွားမှာစိုးသဖြင့် မက်စ်ကိုပင် တမင်တပ်သွားရသေးသည်။ သို့သော် ရပ်ကွက်ထဲသို့ ပြန်ရောက်သောအခါ သူ(မ)ကို လူတွေက သတိထားမိသွားဆဲသာ။

"အဲဒါက ယွီကျားမဟုတ်လား။ ဟုတ်တယ်။ ဟိုဗီဒီယိုထဲက ကောင်မလေးလေ"

"လောင်ယွီက လူကောင်းတစ်ယောက်ပါ။ သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုသမီးမျိုး ရှိနေရတာလဲ"

"ဟုတ်ပါရဲ့။ ကလေးတစ်ယောက်ကိုရိုက်ပြီး လူတွေက သူ့ကို ထိပါးနှောင့်ယှက်နေပါတယ်ဆိုပြီး ပြောနေသတဲ့"

"သူက အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ။ ကလေးက ရေကစားရင်း သူ့ကို ဝင်တိုက်မိတာပဲဟာကို။ သူက ကလေးကိုတောင် ရိုက်လိုက်သေးတယ်"

"သူက ဆရာဝန်လို့ကြားမိတာပဲ။ ဒီလိုလူစားမျိုးက ဘယ်လိုလုပ်ပြီး ဆရာဝန်ဖြစ်လာတာပါလိမ့်"

...

ယွီကျားလည်း အိမ်ပြန်လာပြီးနောက် အားပါးတရငိုချလိုက်မိသည်။

သူ(မ)၏အမေကလည်း အိမ်ပြန်ရောက်လာချိန်တွင် သူ(မ)အား ဒေါသတကြီးပြောလာသည်။

"နင် ဘယ်လိုလုပ်ပြီး အဲဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ။ အခု ငါ အိမ်ထဲကတောင် အပြင်မထွက်ရဲတော့ဘူး"

"အမေ အဲဒီလိုမဟုတ်ပါဘူး"

"တော်တော့ ဘာမှလာရှင်းပြမနေနဲ့။ အဲဒီဗီဒီယိုထဲမှာ ရှင်းနေတာပဲကို။ နင့်မျက်နှာကိုတောင် သေချာရိုက်ထားသေးတယ်။ နင့်ကိစ္စကို ဘယ်နေရာမှာ သွားရှင်းပြဦးမလို့လဲ"

...

ထိုအချိန်မှာပင် ယွီကျား၏ချစ်သူက ဖုန်းဆက်လာသည်။

"ယွီကျား လမ်းခွဲရအောင်"

ယွီကျားလည်း ချက်ချင်းဆိုသလို ကြက်သေသေသွားရသည်။ သူ(မ)၏ကောင်လေးက သူ(မ)နှင့်တွဲလာခဲ့သည်မှာ သုံးနှစ်ရှိသွားပြီဖြစ်၏။ မကြာခင် သူတို့ လက်ထပ်ဖို့ ပြင်ဆင်ထားသည်။

"အားကွမ်..ရှင်ရော ကျွန်မကို မယုံဘူးလား"

ဝေ့ဟွမ်းကွမ်က ပြောလိုက်၏။

"ရှောင်ကျား.. ငါ မင်းကိုယုံတယ်ဆိုရင်တောင် တခြားလူတွေကရော။ ငါ မင်းနဲ့လက်ထပ်ပြီး နောက်ပိုင်း လူတွေ လက်ညှိုးဝိုင်းထိုးတာကို မခံချင်ဘူး"

ဖုန်းချလိုက်ပြီးနောက် ယွီကျားခမျာ လုံးဝပြိုလဲရလေတော့သည်။ သူ(မ) မတရားစွပ်စွဲခံလိုက်ရသဖြင့် အလွန်ကူကယ်ရာမဲ့နေမိသည်။

ဤကိစ္စတွင် သူ(မ)သည် နစ်နာသူတစ်ယောက်ဖြစ်ပါသော်ငြား ယခုတော့ စွပ်စွဲချက်အားလုံးက သူ(မ)ထံသို့ ရောက်လာလေသည်။

...

ယဲ့ချန်း တက္ကစီမောင်းနေချိန်မှာပင် ထန်းလုဆီမှ ရုတ်တရက်ကြီး ဖုန်းဝင်လာခဲ့သည်။ ဖုန်းကိုင်လိုက်သည်နှင့် ထန်းလု၏ငိုသံကို ယဲ့ချန်း ကြားလိုက်ရသည်။

"ယဲချန်း..ယွီကျား သေကြောင်းကြံသွားလို့"

"ဘာ?"

ဤအကြောင်းကိုကြားသော် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်းလည်း ဆေးရုံကို အမြန်မောင်းသွားလိုက်သည်။ ကံကောင်းချင်တော့ အချိန်မီကယ်လိုက်နိုင်သဖြင့် ယွီကျား ပြန်သတိရလာခဲ့သည်။

ထန်းလုက ယွီကျား၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

"ယွီကျား.. နင် ဘာလို့ ဒီလောက်တောင်တုံးအရတာလဲ"

ယွီကျားခမျာ ငိုကြွေးရင်း ပြောလိုက်သည်။

"လုလု.. ဘယ်သူကမှ ငါ့ကိုမယုံကြဘူး။ သူတို့က ငါ့ကို မကောင်းတဲ့မိန်းမလို့ပြောကြတယ်။ ငါ့ကောင်လေးကလည်း ငါ့ကိုလမ်းခွဲသွားတယ်"

ယဲ့ချန်း၏အကြည့်ကား အေးစက်သွားလေသည်။

အစတုန်းကတော့ ရှန်ချိုက်ယွင်က အသာတကြည်ထွက်သွားသဖြင့် ထိုကိစ္စကို သူလည်း ရှည်ရှည်ဝေးဝေးမလုပ်ခဲ့ပေ။

တစ်ဖက်လူက ကလေးတစ်ယောက်ဖြစ်နေသည်မဟုတ်ပါလား။

သို့သော် ဤအမျိုးသမီးက အလွန်ရက်စက်လှပြီး အင်တာနက်၏အစွမ်းကိုပင် အသုံးချခဲ့လေသည်။

ယဲ့ချန်း အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

"ရှောင်ကျား.. စိတ်မပူနဲ့။ ငါ မင်းအတွက် တရားမျှတမှုကို ဖော်ထုတ်ပေးမယ်"

ထို့နောက် ယဲ့ချန်းက တစ်ဖက်သို့လှည့်၍ ထွက်သွားပြီးနောက် ဟွားတုဥပဒေလုပ်ငန်းစု၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

"ဟယ်လို ဒါက ဟွားတုဥပဒေလုပ်ငန်းစုကလား။ ဥက္ကဋ္ဌကျောက်နဲ့ ဆက်သွယ်ပေးပါ"

ကျောက်ချီသုန်းကတော့ ရုံးခန်းထဲတွင် ရှယ်ယာလွှဲပြောင်းရေးစာချုပ်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေလေသည်။

"ဒီယဲ့ချန်းက ဘယ်သူလဲ။ ငါတို့ရဲ့ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို သူက တစ်ချီတည်းနဲ့ တိတ်တိတ်လေးဝယ်သွားတာပဲ"

ဒုဥက္ကဋ္ဌယန်မင်ကတော့ ခေါင်းခါယမ်းလိုက်မိသည်။

"ဥက္ကဋ္ဌကျောက် ကျွန်တော်တို့စစ်ဆေးပြီးပါပြီ။ တစ်ဖက်လူက တရားဝင်နည်းလမ်းတွေကို သုံးထားတာပါ။ လုပ်ငန်းစဉ်တစ်ခုချင်းစီတိုင်းကလည်း တရားဝင်ပါတယ်"

"ယဲ့ချန်းဆိုတဲ့နာမည်ကို ငါ ရင်းနှီးနေတယ်။ အိုး.. ဥက္ကဋ္ဌမာ တစ်ခါတုန်းက ပြောဖူးတယ်လေ"

ကျောက်ချီသုန်းလည်း အစ်ကိုမာ၏ဖုန်းနံပါတ်ကို ခပ်မြန်မြန်ခေါ်လိုက်သည်။

"အစ်ကိုမာ.. ကျွန်တော် လူတစ်ယောက်အကြောင်း မေးကြည့်ချင်လို့။ ခင်ဗျား ယဲ့ချန်းကိုသိလား"

"ယဲ့ချန်းလား"

ဤနာမည်ကိုကြားသော် အစ်ကိုမာလည်း ခဏမျှမှင်တက်သွားရသည်။

"သိတာပေါ့။ ဘာလို့လဲ"

အစ်ကိုမာက မေးလိုက်၏။

ကျောက်ချီသုန်းက ပြောလိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လေးတစ်ယောက်က ကျွန်တော်တို့လုပ်ငန်းစုရဲ့ရှယ်ယာတွေကို ဝယ်သွားလို့လေ။ သူ့နာမည်က ယဲ့ချန်းတဲ့။ ခင်ဗျား သူ့အကြောင်း တစ်ခါတုန်းက ပြောဖူးသလားလို့လေ"

အစ်ကိုမာလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ယဲ့ချန်းက သာမန်လူတစ်ယောက်မဟုတ်ဘူး။ သူ့အကြောင်းတော့ အများကြီးမပြောပြတော့ပါဘူး။ သူက ဟွားစံအိမ်တော်က အမှတ်တစ်ဗီလာရဲ့ပိုင်ရှင်လေ။ ပြီးတော့ ကျိုတိုမြို့က တော်ဝင်မင်းသားစံအိမ်တော်ကိုလည်း ပိုင်သေးတယ်။ သူက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိပြီလား"

ဖုန်းချပြီးနောက် ကျောက်ချီသုန်းခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

ဟွားအိမ်တော်ရှိ အမှတ်တစ်ဗီလာနှင့် တော်ဝင်မင်းသားအိမ်တော်၏ ပိုင်ရှင်တဲ့လား။ ကျောက်ချီသုန်းခမျာ ဦးရေပြားများ ယားယံလာသလို ခံစားလိုက်ရသည်။

ယခုလိုပိုင်ဆိုင်မှုများကို ပိုင်ဆိုင်ထားနိုင်ရန်အတွက် သူ့တွင် မည်မျှအစွမ်းထက်သော နောက်ခံအင်အားမျိုး ပိုင်ဆိုင်ထားလေသလဲ။

ထိုအချိန်မှာပင် သူ့အတွင်းရေးမှူးက အထဲသို့ ပြေးဝင်လာသည်။

"ဥက္ကဋ္ဌကျောက်..မစ္စတာယဲ့ ဖုန်းဆက်တယ်။ ရှင်နဲ့ စကားပြောချင်လို့တဲ့"

ကျောက်ချီသုန်းက ယဲ့ချန်းကို ဆက်သွယ်ရန် ပြင်ဆင်နေပါသော်ငြား ထင်မှတ်မထားပါဘဲ ယဲ့ချန်းထံမှ ဖုန်းဝင်လာသည်။

သူ ခပ်မြန်မြန်ဖုန်းကိုင်လိုက်ရသည်။

"ဟယ်လို.. ကျွန်တော်က ဟွားတုဥပဒေလုပ်ငန်းစုက ကျောက်ချီသုန်းပါ။ မင်္ဂလာပါ မစ္စတာယဲ့.."

"မင်္ဂလာပါ ဥက္ကဋ္ဌကျောက်.. ကျွန်တော် ခင်ဗျားကို ကိစ္စလေးတစ်ခုနဲ့ပတ်သက်ပြီး ဒုက္ခပေးရဦးမယ်"

"ဘာများလဲ"

ယဲ့ချန်း၏ ကြောက်မက်ဖွယ်ကောင်းသော သရုပ်မှန်းကို သိထားသည့်အတွက် ယဲ့ချန်းက သူ့အား ဒုက္ခပေးစရာတစ်ခုရှိသည်ဟု သိရသောအခါ စိတ်မဆိုးဘဲ ပျော်ပင် ပျော်သွားရသည်။

ယဲ့ချန်းကဲ့သို့ လူတစ်ယောက်ထံမှ အကူအညီအတောင်းခံရခြင်းမှာ ကြုံတောင့်ကြုံခဲကိစ္စတစ်ရပ်ပင်။

"အွန်လိုင်းပေါ်က သူနာပြုတစ်ယောက်က ကလေးတစ်ယောက်ကိုရိုက်နေတဲ့ ဗီဒီယိုကို ခင်ဗျားမြင်ပြီးပြီလား။ အဲဒီသူနာပြုုက ကျွန်တော့်မိတ်ဆွေပါ။ အဲဒီဖြစ်ရပ်မှာ ကျွန်တော်လည်း ပါဝင်ပတ်သက်ခဲ့တယ်။ ကျွန်တော့်မိတ်ဆွေက မတရားစွပ်စွဲခံခဲ့ရတာလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ကျွန်တော့်ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်။ ယွီကျားရဲ့မကောင်းသတင်းကို ရှင်းလင်းပေးပြီး ရှန်ချိုက်ယွင်ကို အပြစ်ပေးစေချင်တယ်"

ကျောက်ချီသုန်းလည်း သဘောတူလိုက်သည်။

"စိတ်ချပါ ဥက္ကဋ္ဌယဲ့.. ဒီအမှုကို ကျွန်တော်ကိုယ်တိုင်စုံစမ်းပြီး မိန်းကလေးယွီရဲ့ဂုဏ်သတင်းကို ပြန်အဖတ်ဆည်ပေးပါ့မယ်။ ရှန်ချိုက်ယွင်ကတော့ မစ္စတာယဲ့ကို စော်ကားမိထားတဲ့အတွက် ဥပဒေအသိုင်းအဝိုင်းထဲကို ထပ်ပြီးခြေမချနိုင်စေရပါဘူး"

ယဲ့ချန်းလည်း ဖုန်းချလိုက်လေသည်။ ဤကိစ္စကို ကိုင်တွယ်ရန်မှာ ကျောက်ချီသုန်း၏အစွမ်းအစအပေါ်သာ မူတည်တော့သည်။

သို့သော် ယဲ့ချန်းကလည်း အသာငြိမ်မနေချေ။ သူက ရှန်ချိုက်ယွင်၏ဖုန်းနှင့် ကွန်ပျူတာထဲကို ဟက်ခ်ဝင်လိုက်သည်။ ထို့နောက်တွင်မူ သူ အရေးကြီးလှသော အရာများကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှန်ချိုက်ယွင်သည် ငွေရဖို့အတွက်နှင့် နှစ်ပေါင်းများစွာကြာအောင် ကျင့်ဝတ်နှင့်မညီသော ကိစ္စများစွာကို ကျူးလွန်ခဲ့သည်။

ရှန်ချိုက်ယွင်၏ကွန်ပျူတာထဲတွင် သက်သေအများကြီးကို ယဲ့ချန်း ရှာတွေ့ခဲ့သည်။

သူ(မ)က နှစ်ပေါင်းများစွာကြာအောင် သက်သေအတုများကို ဖန်တီးပြီး အမှုသည်များအတွက် အချက်အလက်များကို လိမ်လည်ပေးခဲ့သည့်အပြင် ဒုတိယမျိုးဆက်လူချမ်းသာများကို ကားတိုက်ပြေးမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်နိုင်ရန်အတွက် အပြစ်ကိုကြားဝင်ခံမည့် မြေစာပင်တစ်ယောက်ကိုပင် ရှာပေးခဲ့သည်။

ဤသက်သေက ရှန်ချိုက်ယွင်ကို ထောင်ချနိုင်ရန် လုံလောက်ပေသည်။

နေ့လယ်ဘက်တွင် ကျောက်ချီသုန်းဘက်က အကြောင်းပြန်လာလေသည်။

"မစ္စတာယဲ့.. ဖြစ်စဉ်အစအဆုံးကို သေချာစုံစမ်းစစ်ဆေးပြီးပါပြီ။ ရှန်ချိုက်ယွင်က နာမည်ကြီးဆယ်လီတစ်ယောက်ကို လာဘ်ထိုးပြီး ဒီဗီဒီယိုကို တင်ခိုင်းခဲ့တာပါ။ ရှန်ချိုက်ယွင်ရဲ့သားနဲ့အတူ ရေပူစမ်းကိုသွားခဲ့တဲ့ သူ့အတန်းဖော်တွေဆီကလည်း ထွက်ဆိုချက်ယူထားပြီးပါပြီ။ အဲဒီတုန်းက ဝူပင်းက သူ့အတန်းဖော်တွေရှေ့မှာ သူ့ကိုယ်သူသက်သေပြဖို့အတွက် မိန်းကလေးယွီကျားကို ကိုယ်ထိလက်ရောက်စော်ကားခဲ့ပါတယ်တဲ့"

ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်မိသည်။

"ဥက္ကဋ္ဌကျောက်.. ကျွန်တော် ခင်ဗျားကို သက်သေတွေ ထပ်ပို့ပေးလိုက်မယ်။ ခင်ဗျားဘာသာ ကြည့်ကြပ်ပြီး ဖြေရှင်းလိုက်တော့"

*****************

All Chapters