ကျောင်းစီရင်စုတိုက်ခန်း
Vol. 10 Ch. 140
ကျောက်ချီသုန်းက ယဲ့ချန်းပို့ပေးထားသော အချက်အလက်များကြောင့် အံ့အားသင့်သွားလေသည်။
"မစ္စတာယဲ့.. ဒီသက်သေတွေကို ဘယ်ကရခဲ့တာလဲ။ မယုံနိုင်စရာပဲ။ ဒီသက်သေတွေနဲ့သာဆိုရင် ရှန်ချိုက်ယွင်တော့ သွားပြီပဲ"
ထိုနေ့တုန်းက ထိုဖြစ်စဉ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေသည့် ဗီဒီယိုတစ်ပုဒ်က နာမည်ကြီးဆယ်လီတစ်ယောက်၏ အကောင့်ထဲတွင် ထွက်ပေါ်လာသည်။
အခြေအနေတစ်ခုလုံး၏ အမှန်တရားလည်း ထွက်ပေါ်လာခဲ့သည်။
အမှန်တရားကို သိလိုက်ရချိန်ဝယ် အစတုန်းက ထိန်းချုပ်ခံခဲ့ရသော ပွဲကြည့်သူများမှာ ဒေါသထွက်သွားကြသည်။ အင်တာနက်တစ်ခွင်၌ ဆဲဆိုသံများဖြင့် ပြည့်နှက်သွားသည်။
ရှန်ချိုက်ယွင်က ကလပ်တစ်ခုတွင် အလှအပကုသရေးတစ်ခုလုပ်နေချိန်ဝယ် မာရီယော့ဥပဒေလုပ်ငန်းစု၏ ဥက္ကဋ္ဌထံမှ ဖုန်းဝင်လာခဲ့သည်။
"ရှန်ချိုက်ယွင် မင်း ဘာလုပ်ထားတာလဲ။ အခုချက်ချင်း ဒီကိုလာခဲ့စမ်း။ သေလိုက်ပါတော့"
ကုမ္ပဏီသို့ ရောက်လာချိန်၌ သူ(မ)တို့ကုမ္ပဏီတစ်ခုလုံး၏ နံရံများတွင် ဒေါသထွက်နေသော အင်တာနက်အသုံးပြုသူများ၏ စာများနှင့် ပြည့်နှက်နေကြောင်း မြင်လိုက်ရသဖြင့် ထိတ်လန့်သွားချေသည်။
"လူလိမ်မ!"
"တန်ဖိုးမရှိတဲ့မိန်းမ!"
"နင့်သားနဲ့အတူ သွားသေလိုက်တော့!"
ဤတစ်ခေါက်တွင်မူ ရှန်ချိုက်ယွင်မှာ အွန်လိုင်းအကြမ်းဖက်မှု၏ ကြောက်မက်ဖွယ်ကောင်းမှုကို တွေ့ကြုံခံစားလိုက်ရသည်။ ထိုအချိန်မှာပင် ရဲအရာရှိအများအပြား လျှောက်လာသည်။
"ရှန်ချိုက်ယွင်.. ခင်ဗျားကို မုသားသက်သေခံမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ဖမ်းဆီးလိုက်ပါပြီ။ ကျုပ်တို့နဲ့ လိုက်ခဲ့ပါ"
ရဲမေတစ်ယောက်က ရှန်ချိုက်ယွင်ကို လက်ထိပ်ခတ်လိုက်လေသည်။ ထိုအချိန်မှာတော့ ရှန်ချိုက်ယွင်လည်း မောက်မာမနေနိုင်တော့ချေ။ သူ(မ)မှာ ငေးကြောင်နေလျက်သားဖြင့် လုပ်ဖော်ကိုင်ဖက်များ၏ ပြောဆိုဆွေးနွေးသံများကြားမှာပင် ရဲကားထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
ကားထဲသို့ရောက်သော် ရှန်ချိုက်ယွင်၏မျက်နှာကား ဖြူရော်သွားချေသည်။
ထိုအချိန်တွင် ယဲ့ချန်း၏ပုံရိပ်က သူ(မ)၏စိတ်အာရုံထဲတွင် ပေါ်လာခဲ့သည်။ သူပင် ဖြစ်ရမည်။
သူ့ကြောင့် ငါ ဒီလိုဖြစ်ရတာ..
ရှန်ချိုက်ယွင် နောင်တရနေမိသည်။ ယဲ့ချန်းကို အပြစ်ပြုခဲ့မိသည့်အတွက်လည်း အလွန်နောင်တရနေမိသည်။ သူ(မ) ရဲစခန်းသို့ ရောက်သွားခိုက်မှာပင် နောက်ထပ်ရဲကားတစ်စီးကပါ ရောက်ချလာသည်။
ဆယ်ကျော်သက်တစ်ယောက်ကို ရဲများက ထိုကားဖြင့် ခေါ်ဆောင်လာခြင်းပင်။
"အမေ ကျွန်တော့်ကိုကယ်ပါဦး"
ထိုကောင်လေးက ရှန်ချိုက်ယွင်ကိုမြင်သောအခါ စတင်ငိုကြွေးလေတော့သည်။ သားဖြစ်သူ အဖမ်းခံလိုက်ရတာကို မြင်သောအခါ ရှန်ချိုက်ယွင်မှာ ရူးသွပ်သွားသည့်အလား ပြုမူလေသည်။
"သူက ကလေးပဲရှိသေးတာပါ။ ရှင်တို့ သူ့ကို ဘာလို့ဖမ်းရတာလဲ"
ရဲအရာရှိတစ်ယောက်က အေးတိအေးစက်ပြောလိုက်၏။
"ခင်ဗျားသားက ကောင်မလေးတစ်ယောက်ကို ကားနဲ့ဝင်တိုက်ခဲ့တာလေ။ အခု သူ့ကို လိုင်စင်မပါဘဲ အဆင်အခြင်မဲ့ကားမောင်းနှင်မှုနဲ့ ဖမ်းဆီးလိုက်ပြီ"
"ဘာ?"
ရှန်ချိုက်ယွင်ခမျာ မြေကြီးပေါ်သို့ ပုံခနဲလဲကျသွားလေတော့သည်။
ထိုအချိန်မှာပင် နောင်တမျက်ရည်များက သူ(မ)မျက်လုံးအိမ်ထဲမှ စီးကျလာသည်။ သူ(မ)၏အလိုလိုက်မှုကြောင့် သူ(မ)၏သား ယခုလိုအဖြစ်မျိုးနှင့် ကြုံတွေ့ရခြင်းပင်။
သူ(မ)သည် သားဖြစ်သူကို ချစ်မြတ်နိုးပေးခဲ့သည်ဟုသာ တစ်ချိန်လုံးထင်နေခဲ့မိသည်။
ယခုမူ သူ(မ)၏အလိုလိုက်မှုကြောင့် သူ့ကိုရော သူ(မ)ကိုယ်တိုင်ပါ ထိခိုက်ခဲ့ရကြောင်း သဘောပေါက်လိုက်လေပြီ။
ကျောက်ချီသုန်းက ယဲ့ချန်းကိုဖုန်းဆက်၍ အခြေအနေကို ရှင်းပြလိုက်သည်။
ဖုန်းချပြီးနောက် ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။
မိခင်တစ်ယောက်အနေနှင့် ရှန်ချိုက်ယွင် သူ(မ)၏သားကို ချစ်ပေးခြင်းမှာ မမှားပါချေ။ သို့သော် ချစ်ပုံချစ်နည်း မှားယွင်းခဲ့သည်။
နောက်တစ်နေ့မနက် မနက်စာစားပြီးနောက် ယဲ့ချန်း လင်းဝမ်ယိုကို ပြောလိုက်၏။
"ဒီနေ့ ပုသုန်းရုံးခန်းကို ငါနဲ့အတူလိုက်ခဲ့။ သူတို့ ဖွင့်ပွဲကျင်းပမှာ"
"ဟုတ်ကဲ့ သခင်လေး.. ကျွန်မ အဝတ်အစားလဲနေတုန်း ခဏလောက်စောင့်ပေးပါ"
အိမ်မှာရှိနေချိန်၌ လင်းဝမ်ယိုက ဟန်ခေတ်အဝတ်အစားများကိုသာ မကြာခဏဝတ်ဆင်တတ်သည်။ သို့သော် အလုပ်ကိစ္စအတွက် အပြင်ထွက်လျှင်မူ ပိုသင့်တော်သောအဝတ်အစားကို လိုအပ်လေသည်။
သိပ်မကြာခင်မှာပင် လင်းဝမ်ယိုက အခန်းထဲမှ ပြန်ထွက်လာသည်။
လင်းဝမ်ယို အပြင်သို့ထွက်လာချိန်ဝယ် ယဲ့ချန်း တဒင်္ဂမျှကြက်သေသေသွားသည်။
အနက်ရောင်ရုံးတက်ဝတ်စုံ၊ အနက်ရောင်ဘောင်းဘီရှည်နှင့်အတူ လှပသိမ်မွေ့သော သူ(မ)၏မျက်နှာကိုပါ ပေါင်းလိုက်သောအခါ ရေခဲဘုရင်မစီအီးအိုတစ်ယောက်၏ အငွေ့အသက်မျိုး ရနေပေသည်။
ယဲ့ချန်းက သူ(မ)ကို စူးစူးစိုက်စိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းဝမ်ယိုလည်း အနည်းငယ်ရှက်ရွံ့သွားသည်။
"သခင်လေး..ကျွန်မ ဒီရုံးဝတ်စုံနဲ့ လိုက်ရဲ့လား"
ယဲ့ချန်းက ပြုံး၍ ပြောလိုက်လေသည်။
"ကြည့်ကောင်းတယ်။ ဟန်ခေတ်အဝတ်အစားတွေကို ဝတ်ထားတဲ့အချိန်ဆိုရင် မင်းက နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတစ်ပါးလိုပဲ။ ဒီရုံးဝတ်စုံနဲ့ကျတော့ ရေခဲဘုရင်မတစ်ပါးအတိုင်းပဲ"
"ဟားဟား..ရှင် သဘောကျရင်ပြီးတာပါပဲ သခင်လေးရယ်"
ယဲ့ချန်းနှင့် လင်းဝမ်ယိုတို့နှစ်ယောက်လည်း ပုသုန်းရုံးခန်းသို့ ထွက်လာခဲ့လိုက်ကြသည်။
ပုသုန်းရုံးခန်းတွင် မန်နေဂျာထန်ကျန့်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်လေသည်။
"ငါတို့ရဲ့ ကျောင်းစီရင်စုတိုက်ခန်းတွေကို ယဲ့ချန်းလို့ခေါ်တဲ့ သူဌေးတစ်ယောက်က အကုန်ဝယ်သွားတယ်။ ငါ သူ့အတွင်းရေးမှူးနဲ့ ဆက်သွယ်ထားပြီးပြီ။ မစ္စတာယဲ့က တိုက်ခန်းတွေကို အငှားချဖို့ ဆုံးဖြတ်ထားတယ်။ ဒီတော့ ဒီနေ့ အားလုံး အကောင်းဆုံးကြိုးစားရမယ်။ ငါတို့ရဲ့ကုမ္ပဏီအတွက် ငှားရမ်းခွင့်ကို အရယူမှဖြစ်မယ်"
"ဟုတ်ကဲ့!"
ဝန်ထမ်းများကလည်း လေးလေးနက်နက်ခေါင်းညိတ်ပြချေသည်။
ကျောင်းစီရင်စုတိုက်ခန်းများအတွက် ငှားရမ်းခွင့်ကိုသာ ရလိုက်ပါက သူတို့ကုမ္ပဏီအတွက် နှစ်စဉ်အမြတ်ငွေတစ်သန်းနီးပါးကို အရယူပေးနိုင်ပြီး လူတိုင်း၏ဘောနပ်စ်ကိုလည်း သက်ရောက်မှုရှိစေသည်။
ပုသုန်းအလယ်တန်းကျောင်းနှင့်နီးသော ပုသုန်းကျောင်းပေါင်းစုံစီရင်စုတိုက်ခန်းများမှာ ကျောင်းသားမိဘများ၏အာရုံကို အများအပြားဆွဲဆောင်ထားလေသည်။
ထို့ကြောင့် အရောင်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လူတွေက အရောင်းရုံးခန်းသို့ ပြုံတိုးလာခဲ့ကြသည်။
သို့သော် ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က ထိုတိုက်ခန်းအားလုံးကို ဝယ်ယူလိုက်ပြီဟူသော သတင်းဆိုးတစ်ခုကို သူတို့ ကြားလိုက်ရသည်ဖြစ်ရာ ငှားရမ်းမှုကိုသာ ရွေးချယ်နိုင်တော့မည်ဖြစ်၏။
"သေစမ်း! တစ်လုံးကို ငါးသန်းကျော်တဲ့ ဒီတိုက်ခန်းပေါင်းတစ်ရာကို ဝယ်နိုင်လောက်တဲ့အထိ ဘယ်သူဌေးကများ ပိုက်ဆံတွေအများကြီးရှိနေတာပါလိမ့်။
"အရမ်းခမ်းနားတာပဲ။ တကယ့်လူကုံထံစစ်စစ်ပါပဲ"
ထိုအချိန်ဝယ် ယဲ့ချန်းက အရောင်းရုံးခန်းသို့ ရောက်လာလေသည်။
ယဲ့ချန်းက ပြောလိုက်၏။
"ဝမ်ယို..မန်နေဂျာနဲ့ စာချုပ်မှာ လက်မှတ်သွားထိုးလိုက်။ ငါ အိမ်ရာတွေကို သွားကြည့်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
လင်းဝမ်ယိုက ထိုသို့ပြောပြီးနောက် ထန်ကျန့်ကို ဖုန်းဆက်လိုက်သည်။
ထို့နောက် ယဲ့ချန်းကလည်း အရောင်းရုံးခန်းသို့ တိုက်ရိုက်ဝင်ချသွားလေတော့သည်။ လင်းဝမ်ယိုကတော့ မန်နေဂျာရုံးခန်းထဲသို့ ထန်ကျန့်နှင့်အတူ ဝင်သွားလိုက်သည်။
အရောင်းရုံးခန်းထဲတွင်မူ လူများ ကြိတ်ကြိတ်တိုးနေကြသည်။
ဝယ်ယူ၍မရနိုင်တော့သဖြင့် လူတိုင်းက ငှားရမ်းခွင့်ရနိုင်ရန်အတွက် စောင့်ဆိုင်းနေကြသည်။
ယခုလောလောဆယ်တွင် မိဘများအတွက် သားသမီးများက အရာရာပင်။
မိုတုမြို့ရှိ အကောင်းဆုံးကိုယ်ပိုင်အလယ်တန်းကျောင်းဖြစ်သည့်အလျောက် ပုသုန်းအလယ်တန်းကျောင်းက သားသမီးများ၏ပညာရေးအတွက် ရင်းနှီးမြှုပ်နှံပေးလိုစိတ်ရှိသော မိသားစုများကို ဆွဲဆောင်နေချေသည်။
ဤအကြောင်းပြချက်ကြောင့် ကျောင်းစီရင်စုတိုက်ခန်းများက ဝယ်လိုအားမြင့်နေခြင်းပင်။
အရောင်းဝန်ထမ်းတစ်ယောက်က သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်အား တိုက်ခန်းအကြောင်း ရှင်းပြနေသည်။
"အဒေါ်..တိုက်ခန်းငှားမယ်ဆိုရင် ဒီအခန်းကို အကြံပြုချင်ပါတယ်။ အိပ်ခန်းသုံးခန်းရယ် ဧည့်ခန်းတစ်ခန်းရယ် အလင်းရောင်ကောင်းကောင်းရပြီး တိတ်ဆိတ်တဲ့ စာကြည့်ခန်းတစ်ခန်းပါတဲ့အတွက် ရှင့်ကလေး စာလေ့လာဖို့အတွက် အသင့်တော်ဆုံးပတ်ဝန်းကျင်တစ်ခုပါပဲ"
"ဟုတ်တယ်။ ဟုတ်တယ်။ အရမ်းကောင်းတယ်။ ငါလည်း ငွေကြေးချို့တဲ့မနေပါဘူး"
ထိုအမျိုးသမီးကြီးက ပြန်ပြောလိုက်၏။
ယဲ့ချန်းက အနားတွင်ရပ်ရင်း သေချာနားထောင်နေပေသည်။
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက တစ်ဖက်သို့လှည့်လိုက်သဖြင့် ယဲ့ချန်းကို ဝင်တိုက်မိလေတော့သည်။
"အား! မင်း ဘာလုပ်လိုက်တာလဲ"
ရုံးစာရေးက ယဲ့ချန်းကို အေးတိအေးစက်အကြည့်များဖြင့် အထက်အောက်စုန်ချည်ဆန်ချည် ကြည့်လိုက်လေသည်။
"ဟေး.. ရှင့်ကို ဒီနေရာမှာ ရပ်နေလို့ရတယ်လို့ ဘယ်သူကပြောထားလို့လဲ။ ရှင့်ကြောင့် ဒီအမျိုးသမီး ထိခိုက်မိသွားရင် တာဝန်ယူနိုင်လို့လား။ ရှင် သူ့ကို အခုချက်ချင်း တောင်းပန်သင့်တယ်နော်"
ယဲ့ချန်း ဆွံ့အသွားရလေသည်။
သူက မလှုပ်ဘဲ ဤနေရာမှာတင် မတ်တတ်ရပ်နေခဲ့ခြင်းပင်။ ဤအမျိုးသမီးကြီးကသာ သူ့ကို ဝင်တိုက်ခဲ့ခြင်းဖြစ်၏။
"ငါက တိုက်ခန်းကြည့်ဖို့အတွက် အရောင်းရုံးခန်းကို ရောက်လာတာလေ။ သူက ငါ့ကိုဝင်တိုက်တဲ့ဟာကို သူကမှ ငါ့ကိုတောင်းပန်သင့်တာမဟုတ်ဘူးလား"
ယဲ့ချန်းလည်း ပြန်ပက်လိုက်၏။
"မင်းက တိုက်ခန်းဝယ်မလို့လား။ မင်းရဲ့ဈေးပေါပေါအဝတ်အစားတွေကိုလည်း ကြည့်လိုက်ဦး။ မင်းက ဒီတိုက်ခန်းတွေကိုရော ဝယ်နိုင်လို့လား။ ငါ မင်းကိုပြောမယ်။ ဝယ်ဖို့ဆိုတာအသာထား။ ဒီတိုက်ခန်းရဲ့တစ်လငှားရမ်းခကတင် သုံးသောင်းလေးသောင်းလောက်ရှိတယ်။ မင်း ငှားနိုင်လို့လား"
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက မခံချင်အောင် ပြောလိုက်လေသည်။
အရောင်းဝန်ထမ်းမလေးကလည်း လှောင်ပြောင်ထေ့ငေါ့လေသည်။
"ဝယ်လည်းမဝယ်နိုင်ဘဲ ပြဿနာရှာတဲ့လူတွေကို အမုန်းဆုံးပဲ။ ရုံးခန်းထဲက ချက်ချင်းထွက်သွား။ မဟုတ်လို့ကတော့ လုံခြုံရေးခေါ်လိုက်မှာ"
ယဲ့ချန်းလည်း မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
"ငါမဝယ်နိုင်ဘူးလို့ပြောရအောင် မင်းရဲ့ဘယ်မျက်လုံးနဲ့များ ကြည့်လိုက်လို့လဲ။ မင်းကို ပြောရဦးမယ်။ ဒီတိုက်ခန်းတစ်ရာကျော်ကို ငါ အကုန်ဝယ်ထားတာ"
ယဲ့ချန်း၏စကားကို ကြားသောအခါ အရောင်းစာရေးမှာ တဒင်္ဂမျှ ကြက်သေသေသွားချေသည်။ ထို့နောက် အားရပါးရအော်ရယ်လေတော့သည်။
"လာနောက်နေတာလား။ အဲဒါက ဘယ်လောက်ပေးရတယ်ဆိုတာရော သိရဲ့လား။ ရှင့်ကိုယ်ရှင်လည်း ပြန်ကြည့်ဦး။ ကြွားတော့မယ်ဆိုရင်လည်း အနည်းဆုံးတော့ ယုံချင်စရာကောင်းအောင်လုပ်မှပေါ့"
"ရယ်သေတော့မှာပဲ။ မင်းက ဒီတိုက်ခန်းတွေကို ဝယ်ထားတာတဲ့လား။ အိပ်မက်ထဲမှာပဲ ဖြစ်နိုင်လိမ့်မယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးက လှောင်ပြောင်လိုက်လေသည်။
ယခုအချိန်တွင်မူ သူတို့၏စကားများကို လူတော်တော်များများက ကြားသွားကြပြီး ဖောက်သည်တချို့ကတော့ ရယ်မောနေကြလေပြီ။
ယဲ့ချန်းက ငယ်လွန်းလှသည့်အပြင် ဝတ်ပုံစားပုံကလည်း အလွန်သာမန်ဆန်လှပြီး ယူနစ်ဂလိုမှ တန်ဖိုးနည်းအဝတ်အစားများကို ဝတ်ဆင်ထားသည်။
သူ့လိုလူတစ်ယောက်က သန်းပေါင်းများစွာတန်ဖိုးရှိသော ကျောင်းစီရင်စုတိုက်ခန်းများကို မည်သို့ဝယ်နိုင်မည်နည်း။
****************