မင်းက အရည်အချင်းမပြည့်ဝဘူး အပိုင်း(၁)
Vol. 10 Ch. 141
ယဲ့ချန်း၏စကားကြောင့် ရယ်မောသံများ အလုံးအရင်းလိုက် ထွက်ပေါ်လာလေသည်။
အမှန်ပင်။ တစ်စုံတစ်ယောက်က ကျောင်းစီရင်စုတိုက်ခန်းတစ်ရာကို ဝယ်ယူသွားသော်ငြား ဝယ်ယူသူမှာ အလွန်ချမ်းသာသော အထက်တန်းလွှာတစ်ယောက်ပင်။
ယဲ့ချန်း၏အဝတ်အစားများက အလွန်သာမန်ဆန်လှသည်။ ယွမ်တစ်ရာပင်မတန်သော ယူနစ်ဂလိုအဝတ်အစားများပင်။
ကျောင်းစီရင်စုတိုက်ခန်းတစ်ရာကို ဝယ်ယူသွားသော လုပ်ငန်းရှင်တစ်ယောက်က ထိုကဲ့သို့ဈေးပေါလှသော အဝတ်အစားများကို မည်သို့နှယ် ဝတ်ဆင်မည်နည်း။
ထိုအချိန်မှာပင် ထန်ကျန့်နှင့် လင်းဝမ်ယိုတို့ ရောက်ချလာလေသည်။
အပြင်ဘက်ရှိ အခြေအနေကို မြင်သောအခါ ထန်ကျန့်က မျက်မှောင်ကြုတ်၍ အရောင်းဝန်ထမ်းလေးကို မေးလိုက်၏။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
အရောင်းဝန်ထမ်းလေးကလည်း အံ့သြဝမ်းသာနေဟန်အမူအရာဖြင့် ပြောလိုက်၏။
"မန်နေဂျာ ဒီကောင်လေးက ကျောင်းစီရင်စုတိုက်ခန်းတစ်ရာကို သူဝယ်ထားတာပါဆိုပြီး ပြောနေတယ်။ မရယ်ရဘူးလား"
ယဲ့ချန်းကိုမြင်သော် မန်နေဂျာလည်း တဒင်္ဂမျှ တုံ့ဆိုင်းသွားလေသည်။
အရောင်းရုံးခန်း၏မန်နေဂျာဖြစ်သည့်အလျောက် လူပေါင်းများစွာနှင့် သူ တွေ့ခဲ့ဖူးသည်။
အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ယဲ့ချန်းထံမှ အရှိန်အဝါတစ်ခုကို သူ ခံစားမိသည်။
သူ့နှလုံးသားထဲတွင် မကောင်းသောခံစားချက်တစ်ခုကို ရလိုက်၏။
မန်နေဂျာက အသက်ပြင်းပြင်းရှူသွင်း၍ မေးလိုက်သည်။
"ဆရာ..ကျွန်တော် ခင်ဗျားရဲ့မျိုးရိုးနာမည်ကို သိခွင့်ရှိမလား"
ယဲ့ချန်းကတော့ တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။
"ကျုပ်ရဲ့မျိုးရိုးနာမည်က ယဲ့ပါ"
ထိုအခါ မန်နေဂျာလည်း နှလုံးခုန်သံမြန်ဆန်သွားရသည်။
စာချုပ်အတွက် ဆွေးနွေးညှိနှိုင်းနေစဉ်အတောအတွင်း လင်းဝမ်ယိုသည် မစ္စတာယဲ့က အပြင်ဘက်တွင် အိမ်ရာများကို ကြည့်ရှုနေကြောင်း သူ့အား ပြောပြထားသည်။
ဤပုဂ္ဂိုလ်က ယဲ့ချန်းများလား။
လင်းဝမ်ယိုက ယဲ့ချန်းအနားသို့ တလေးတစားချဉ်းကပ်ပြီး ပြောလိုက်၏။
"သခင်လေး.. ကျွန်မတို့ ကျောင်းစီရင်စုတိုက်ခန်းတစ်ရာအတွက် ငှားရမ်းရေးသဘောတူညီချက်တွေကို အပြီးသတ်ပြီးပါပြီ။ ရှင် လက်မှတ်ထိုးတော့မလား"
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ကုန်လေသည်။ ထိုအရောင်းဝန်ထမ်းမလေးခမျာ ကြက်သေသေသွားရှာသည်။
အစောတုန်းက မောက်မာပြနေသော အမျိုးသမီးကြီးမှာမူ မှင်တက်သွားရှာလေသည်။
ယဲ့ချန်းကို လှောင်ရယ်နေခဲ့ကြသူများအားလုံးလည်း ထိတ်လန့်ကုန်ကြသည်။
ဘုရားရေ!
ယူနစ်ဂလိုအဝတ်အစားများကို ဝတ်ဆင်ထားသည့် ဤလူငယ်လေးက ကျောင်းစီရင်စုတိုက်ခန်းတစ်ရာကို ဝယ်ယူခဲ့သတဲ့လား။
ဒဏ္ဍာရီလာလုပ်ငန်းရှင်ကြီးက ဤလူငယ်လေးတဲ့လား။
အထူးသဖြင့် ထိုအရောင်းဝန်ထမ်းမလေးခမျာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားလေသည်။
ယဲ့ချန်းက သဘောတူစာချုပ်ကို တစ်ချက်လှမ်းကြည့်၍ အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"အစတုန်းကတော့ လက်မှတ်ထိုးမလို့ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ဝန်ဆောင်မှုသဘောထားကိုမြင်တော့ ပြန်စဉ်းစားဖို့လိုပြီထင်တယ်"
ထန်ကျန့်၏အမူအရာမှာ လျှပ်တစ်ပြက်အတွင်း ပျက်ယွင်းသွားလေသည်။
အစတုန်းကတော့ ဤလုပ်ငန်းသဘောတူညီမှုမှာ အဆင်ပြေချောမွေ့ပြီးသားပင်။ သို့သော် အသုံးမကျသော ဤအရောင်းဝန်ထမ်းက မစ္စတာယဲ့ကို အပြစ်ပြုမိလိုက်သည်။
ဤသည်မှာ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော သဘောတူညီမှုတစ်ခုပင်။
ထန်ကျန့်ကလည်း အလျင်အမြန်ဝင်ပြောလိုက်၏။
"မစ္စတာယဲ့ ကျွန်တော်တို့ အမှားလုပ်မိသွားပါတယ်။ အဲဒီအတွက် သေချာပေါက်ပြန်ပြင်မှာပါ"
ဤသို့ပြောပြီးနောက် သူသည် ထိုအရောင်းဝန်ထမ်းကို အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
ယဲ့ချန်းက ကျောင်းစီရင်စုတိုက်ခန်းတစ်ရာကို ဝယ်ယူလိုက်သူဖြစ်ကြောင်း သိလိုက်ရချိန်မှာ ထိုအရောင်းဝန်ထမ်းလေးခမျာ ကြောက်ရွံ့မှုကြောင့် ခိုက်ခိုက်တုန်သွားလေသည်။
ထန်ကျန့်က ပြောလိုက်၏။
"ဖောက်သည်တွေအားလုံးကို နတ်ဘုရားလို ဆက်ဆံရမယ်လို့ ငါ ဘယ်နှခါပြောထားပြီးပြီလဲ။ အဲဒါတောင် မင်းက အခုလိုလုပ်နေသေးတယ်ပေါ့"
"မန်နေဂျာ ကျွန်မမှားသွားပါတယ်"
အရောင်းဝန်ထမ်းလေးခမျာ မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ပြောလိုက်သည်။
"မင်းကို အလုပ်ထုတ်လိုက်ပြီ။ အခုချက်ချင်း ငွေစာရင်းရှင်းပြီး ရုံးခန်းထဲက ထွက်သွားလိုက်တော့"
ထန်ကျန့်က အေးစက်စက်ပြောလိုက်လေသည်။
ထိုအရောင်းဝန်ထမ်းလေးခမျာ ကြမ်းပြင်ပေါ်သို့ ပုံခနဲလဲကျသွားလေသည်။ ထိုလူငယ်လေးကို အပြစ်ပြုမိသောကြောင့် အလုပ်ဖြုတ်ခံရလိမ့်မည်ဟု သူ(မ) လုံးဝမမျှော်လင့်ထားပေ။
ထန်ကျန့်ကတော့ ထိုအရောင်းဝန်ထမ်းကို လျစ်လျူရှုပြီး ယဲ့ချန်းကိုပြောလိုက်၏။
"မစ္စတာယဲ့..ကျွန်တော့်ရဲ့အစီအစဉ်တွေကို ကျေနပ်ရဲ့လားဗျ"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"နောက်နောင် ဒီလိုကိစ္စမျိုး ထပ်မဖြစ်ပါစေနဲ့။ မဟုတ်ရင်တော့ ကျုပ်လည်း ငှားရမ်းခွင့်ကို အချိန်မရွေးရုပ်သိမ်းလိုက်လို့ရတယ်"
"ဟုတ်ကဲ့။ ကျွန်တော်တို့ ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်လိုက်ပါ့မယ်"
ထိုအခါမှသာ ယဲ့ချန်းက သဘောတူစာချုပ်တွင် လက်မှတ်ထိုးပေးလေသည်။
ထိုအချိန်မှာပင် အစောပိုင်းတုန်းက အမျိုးသမီးကြီးက ဖော်လံဖားလေဟန်အပြုံးဖြင့် ရောက်ချလာသည်။
"လူငယ်လေး.. မင်းက အရမ်းချမ်းသာမှန်း မသိလိုက်ဘူး။ဒီကအန်တီက မင်းလို လူကောင်းတစ်ယောက်ကို သတိမထားမိလိုက်ဘူး"
အစောတုန်းက မောက်မာပြခဲ့သော အမျိုးသမီးကြီးက လေသံပြောင်းသွားတာကိုကြည့်ရင်း ယဲ့ချန်း အေးတိအေးစက်ပြောလိုက်မိသည်။
"အန်တီ.. ခင်ဗျားက အရမ်းချမ်းသာတယ်မလား"
ထိုအမျိုးသမီးကြီးကလည်း ကပျာကယာပြန်ဖြေလိုက်သည်။
"ဟုတ်တယ်။ ဟုတ်တာပေါ့။ ငါ့ယောကျ်ားက အိမ်ခြံမြေလုပ်ငန်းလုပ်တာလေ။ ဒီတော့ ငွေတော်တော်ဝင်တယ်"
ယဲ့ချန်းက ထန်ကျန့်ကိုပြောလိုက်၏။
"ဒီအဒေါ်က ချမ်းသာတယ်ဆိုတော့ သူ့ငှားရမ်းခကို နှစ်ဆတင်လိုက်"
"အာ!"
ထိုအမျိုးသမီးကြီးလည်း ရုတ်ခြည်းကြောင်အသွားရသည်။
ယဲ့ချန်း မကျေမနပ်ဖြစ်တာလည်း တရားမျှတပါသည်။
ဤအမျိုးသမီးကြီး ပြဿနာရှာခဲ့သောကြောင့်သာ မဟုတ်ပါက ထိုအရောင်းဝန်ထမ်းနှင့်လည်း သူ စကားများစရာမလိုချေ။
ထိုအရောင်းဝန်ထမ်းမလေးကို အပြစ်ပေးလိုက်ပြီဖြစ်ရာ သူ(မ)ကိုလည်း လွယ်လင့်တကူလွှတ်မပေးနိုင်ပေ။
ထန်ကျန့်က ယဲ့ချန်းနှင့် လင်းဝမ်ယိုကို ရုံးခန်းအပြင်ဘက်သို့ လိုက်လံပို့ဆောင်ပေးလေသည်။
ယဲ့ချန်းက ကားမောင်း၍ ထွက်ခွာသွားချိန်မှာ ထန်ကျန့်တစ်ယောက် ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းနက်နက်ရှူသွင်းလိုက်မိသည်။
"ဒဏ္ဍာရီလာလုပ်ငန်းရှင်ကြီးက ဒီလောက်ငယ်နေလိမ့်မယ်လို့ ထင်မထားဘူး"
ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။
"မစ္စတာယဲ့..ကျွန်တော်က ဟွားတုဥပဒေကုမ္ပဏီက ချန်းကန်ပါ။ ခင်ဗျား ရုံးခန်းကိုလာပေးနိုင်မလားလို့ မေးချင်လို့။ ခင်ဗျားလက်မှတ်ထိုးပေးဖို့လိုတဲ့ စာရွက်စာတမ်းတချို့ရှိလို့လေ"
ယခုမူ ယဲ့ချန်းက ဟွားတုဥပဒေကုမ္ပဏီ၏ ဒုတိယရှယ်ယာအများဆုံးလူ ဖြစ်နေလေရာ အရေးပါအရာရောက်သော ကုမ္ပဏီဆုံးဖြတ်ချက်တချို့ကို သူလက်မှတ်ထိုးပေးရန် လိုအပ်ပေသည်။
ယဲ့ချန်းလည်း သဘောတူလိုက်၏။
"ကောင်းပြီလေ။ ကျုပ် အခုချက်ချင်းလာခဲ့မယ်"
လင်းဝမ်ယိုကို ဟွားအိမ်တော်သို့ ပြန်ပို့ပြီးနောက် ယဲ့ချန်းမှာ ဟွားတုဥပဒေကုမ္ပဏီသို့ တန်းတန်းမတ်မတ်မောင်းလာခဲ့လိုက်သည်။
ယဲ့ချန်းက မြေအောက်ကားပါကင်တွင် ကားရပ်လိုက်ပြီးနောက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် စကားအချေအတင်ဖြစ်နေကြသည့်အသံများကို ကြားလိုက်ရသည်။
"ဥက္ကဋ္ဌချန်း..ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့"
"ရှောင်စုန့်.. ဟွားတုဥပဒေကုမ္ပဏီက ဟွားနိုင်ငံထဲက အကောင်းဆုံးကုမ္ပဏီတစ်ခုဆိုတာ မင်းလည်းသိတာပဲ။ မင်းသာ တရားဝင်ဝန်ထမ်းတစ်ယောက်ဖြစ်လာရင် ဘာသဘောကိုဆောင်လဲသိလား"
"အဓိပ္ပာယ်ကတော့ နှစ်စဉ်လစာတစ်သန်းရမယ်။ ကားအကောင်းစားတွေ စီးရမယ်။ ဘရန်းလက်ဝတ်ရတနာတွေ ဆင်နိုင်မယ်။ မင်းရဲ့လျှောက်လွှာမှာ ငါ့လက်မှတ်လေးပဲ လိုတော့တာ။ မင်းသာ ငါ့အနားမှာနေပေးမယ်ဆိုရင် ဒါတွေအားလုံး မင်းအပိုင်ဖြစ်လာလိမ့်မယ်"
"ဥက္ကဋ္ဌချန်း.. တကယ်လို့ ကျွန်မ ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီကို ဝင်နိုင်ခဲ့တယ်ဆိုရင်တောင် ကျွန်မရဲ့အရည်အချင်းကြောင့်ပဲ ဖြစ်ရမယ်။ ဒီလိုကိစ္စမျိုးတွေကို ကျွန်မမလုပ်ဘူး"
ထိုမိန်းကလေး၏စကားများကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက ရုတ်တရက်ရယ်မောလိုက်သည်။
"အရည်အချင်းလား။ ဒေါက်တာဘွဲ့နဲ့ ပါရဂူဘွဲ့ယူထားတဲ့ ဥပဒေဘွဲ့ရတွေတွေ နှစ်တိုင်း ဒီနေရာကို ဘယ်နှယောက်လောက်ရောက်လာလဲဆိုတာရောသိလား။ မင်းထက် ပိုအရည်အချင်းရှိတဲ့လူတွေမှ အများကြီးပဲ။ တစ်ခုခုမပေးဘဲနဲ့တော့ ငါက မင်းကို ဘာလို့ ကုမ္ပဏီထဲကို ပေးဝင်ရမှာလဲ"
ဤသို့ပြောရင်း ထိုလူက ကောင်မလေးကို ကားပေါ်ကိုဖိချရန် မစောင့်နိုင်တော့ပေ။
ကောင်မလေးခမျာ အသည်းအသန်ရုန်းကန်လိုက်သည်။
"ဥက္ကဋ္ဌချန်း မလုပ်ပါနဲ့။ ကျွန်မကိုလွှတ်..."
ထိုအခိုက်မှာပင် လက်ကြီးကြီးတစ်ဖက်က ချန်းကန်၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။
ချန်းကန်က ထိုမိန်းကလေးကို ထိပါးနှောင့်ယှက်တော့မည့်ဆဲဆဲမှာပင် ဝင်နှောင့်ယှက်ခံလိုက်ရသည်။
ထို့ကြောင့် ခေါင်းလှည့်၍ ဒေါသတကြီးမေးခွန်းထုတ်လိုက်သည်။
"ဘယ်သူလဲကွ? သေချင်လို့လား"
ဘန်း!
လက်သီးတစ်ချက်က ချန်းကန်၏မျက်နှာထက်သို့ အားပြင်းပြင်းကျရောက်လာသည်။
ယဲ့ချန်းကလည်း ချန်းကန်ကို အေးတိအေးစက်ကြည့်ပြီးနောက် ထွီခနဲအသံပြုလိုက်၏။
"ဆန်ကုန်မြေလေး"
စုန့်ဇစ်ချီကလည်း ယဲ့ချန်းကိုမြင်သောအခါ သူ(မ)၏ကယ်တင်ရှင်က တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရသဖြင့် အံ့သြမှင်တက်သွားချေသည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး? ရှင်ကိုး"
စုန့်ဇစ်ချီမှာ ထိတ်လန့်တကြားမေးလိုက်သည်။
ဘာ?
တက္ကစီဒရိုင်ဘာလား?
စုန့်ဇစ်ချီက ယဲ့ချန်းကို တက္ကစီဒရိုင်ဘာဟု ခေါ်လိုက်တာကို ကြားရချိန်ဝယ် ချန်းကန် ဒေါသထွက်သွားလေသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့..
ချန်းကန်က ရောင်ရမ်းသွားသောမျက်နှာကို အုပ်ကာထားရင်း ယဲ့ချန်းကို လက်ညှိုးထိုးလိုက်သည်။
"ချာတိတ်.. မင်းကများ ငါ့ကိုရိုက်ရဲတယ်ပေါ့။ ငါ ဘာအလုပ်လုပ်တာလဲဆိုတာ မင်းသိလား။ ငါက ရှေ့နေကွ။ မင်းတော့ သေပြီပဲ။ ငါ မင်းကို ထောင်ထဲ အရောက်ပို့ပစ်မယ်"
ယဲ့ချန်းက လှောင်ပြောင်သရော်လိုက်သည်။
"မင်းလိုတိရစ္ဆာန်ကောင်က ရှေ့နေဖြစ်ထိုက်တယ်ပေါ့"
ချန်းကန်လည်း လုံခြုံရေးဌာန၏ဖုန်းကို ဆက်လိုက်သည်။
"မန်နေဂျာကျောက်.. ကားပါကင်ကို လုံခြုံရေးတွေ လွှတ်လိုက်စမ်းပါ။ ကျုပ် ကိုယ်ထိလက်ရောက်ကျူးလွန်ခံရလို့"
ချန်းကန်၏ဖုန်းခေါ်ဆိုမှုကို ကြားသောအခါ စုန့်ဇစ်ချီ ထိတ်လန့်သွားရှာလေသည်။
ချန်းကန်၏လုပ်နိုင်စွမ်းကို သူ(မ)သိသည်။ အကယ်၍ ဤကိစ္စသာ ပိုကြီးထွားသွားလျှင် ယဲ့ချန်း အကြီးအကျယ်ဒုက္ခရောက်သွားနိုင်သည်။
သူ(မ) အလျင်အမြန်ပြောလိုက်မိသည်။
"ဥက္ကဋ္ဌချန်း..ကျွန်မမျက်နှာကိုထောက်ထားပြီး ဒီတက္ကစီဒရိုင်ဘာအစ်ကိုကြီးကို လွှတ်ပေးလိုက်ပါ။ တောင်းပန်ပါတယ်"
ချန်းကန်ကတော့ ဟွန့်ခနဲနှာမှုတ်လိုက်သည်။
"မင်းမျက်နှာကိုထောက်ထားရမှာလား။ အပျက်မ. ဘာမျက်နှာကိုထောက်ထားရမှာလဲ။ ငါ ဒီကောင့်ကိုရှင်းပြီးသွားရင် မင်းလည်း ငါ့အပိုင်ဖြစ်လာမှာပဲ"
ယဲ့ချန်းက မျက်မှောင်ကြုတ်၍ စုန့်ဇစ်ချီကို သူ့အနောက်သို့ပို့၍ ကာကွယ်ပေးထားလိုက်သည်။
"စိတ်မပူနဲ့။ သူက ငါ့ကိုလာထိဖို့တောင် အရည်အချင်းမရှိဘူး"
**************