ယဲ့ချန်း၏အစွမ်း
Vol. 10 Ch. 142
ချန်းကန်ကမူ မောက်မာလှသော ယဲ့ချန်း၏စကားများကို ကြားသောအခါ ရုတ်တရက်ထရယ်လိုက်သည်။
"ချာတိတ်.. မင်းက ရှေ့နေတစ်ယောက်ကို တကယ်ရိုက်ရဲတာပဲ။ စိတ်မပူနဲ့။ ငါ မင်းကို ထောင်ထဲမှာ အရိုးဆွေးရအောင် လုပ်ပေးမယ်"
ထိုအချိန်ဝယ် လုံခြုံရေးခေါင်းဆောင်က လုံခြုံရေးအစောင့်များနှင့်အတူ အပြေးအလွှားရောက်ချလာသည်။
"မန်နေဂျာချန်း ဘာဖြစ်သွားသေးလဲ"
"ငါ့ကို ဒီကောင်လေးရိုက်လိုက်တာ။ သူ့ကိုဖမ်းပြီး ရဲစခန်းကိုပို့လိုက်"
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။
"မစ္စတာယဲ့ ခင်ဗျားရောက်ပြီလား။ ကျွန်တော် ခင်ဗျားကိုကြိုဖို့အတွက် အမှုဆောင်ဒါရိုက်တာတွေကို အောက်ထပ်ကို ခေါ်လာခဲ့လိုက်မယ်"
ကျောက်ချီကန်က တလေးတစားပြောလိုက်၏။
ယဲ့ချန်းကမူ အေးတိအေးစက်လေသံဖြင့် ပြန်ပြောလိုက်သည်။
"ကျုပ် မြေအောက်ကားပါကင်မှာရှိတယ်။ အခုလေးတင် ဒီကရှေ့နေတစ်ယောက်က ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်နေလို့ ကျုပ် သူ့ကို ရိုက်နှက်ထားတယ်။ အခုကျတော့ သူက လုံခြုံရေးတွေကိုခေါ်ပြီး ကျုပ်ကို ရဲစခန်းပို့မလို့တဲ့"
"ဘာ? အဲဒီလိုကိစ္စမျိုး ဖြစ်သွားတာလား"
ကျောက်ချီကန်၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားချေသည်။
"မစ္စတာယဲ့.. ကျွန်တော် အခုချက်ချင်းဆင်းလာခဲ့မယ်"
ချန်းကန်က ယဲ့ချန်းဖုန်းပြောနေတာကိုမြင်ပြီး သရော်ပြုံးပြုံးလိုက်မိသည်။
"ချာတိတ် . မင်းက အကူအညီတွေခေါ်မယ်ပေါ့လေ။ နောက်ကျသွားပြီ။ ဒီနေ့ သိကြားမင်းဆင်းကယ်ရင်တောင် ငါ မင်းကို ထောင်ထဲအရောက်ပို့မှာ"
ထို့နောက် သူက လုံခြုံရေးခေါင်းဆောင်ကို လှမ်းအော်လိုက်သည်။
"ခေါင်းဆောင်ချန်း မင်းက ဘာစောင့်နေတာလဲ။ သွားတော့လေ"
လုံခြုံရေးခေါင်းဆောင်က လုပ်ငန်းစရန် အချက်ပြတော့မည့်အချိန်မှာပင် သူ့ဖုန်းမြည်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
ဖုန်းတစ်ဖက်မှ ကျောက်ချီကန်၏ အော်ဟစ်သံကြီးတစ်သံ ဟိန်းထွက်လာသည်။
"မင်းတို့တွေအားလုံး အခုချက်ချင်းရပ်လိုက်ကြစမ်း! မစ္စတာယဲ့ကို ထိပါးတဲ့လူမှန်သမျှကို အခုချက်ချင်းအလုပ်ထုတ်ပစ်မယ်"
လုံခြုံရေးခေါင်းဆောင်၏ မျက်နှာအမူအရာမှာ ဤစကားကြောင့် ပြောင်းလဲသွားလေသည်။ သူ့မှာ လုံခြုံရေးအစောင့်များကို ခပ်မြန်မြန်အမိန့်ပေးလိုက်ရသည်။
"အားလုံးပဲ ခဏနေဦး"
ချန်းကန်ခမျာ လုံခြုံရေးများက ယဲ့ချန်းကို ဖမ်းသွားတော့မည့်မြင်ကွင်းကို မြင်ရလုဆဲဆဲအချိန်မှာပင် လုံခြုံရေးခေါင်းဆောင်က သူတို့ကို တားလိုက်တာကို ကြားလိုက်ရ၏။
သူလည်း တဒင်္ဂမျှကြက်သေသေသွားပြီးနောက် အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ခေါင်းဆောင်ချန်း ဒါကဘာသဘောလဲ"
ခေါင်းဆောင်ချန်းက ချန်းကန်ကို အေးတိအေးစက်စိုက်ကြည့်၍ ပြောလိုက်သည်။
"ဒါက ဥက္ကဋ္ဌရဲ့အမိန့်ပါပဲ"
ဥက္ကဋ္ဌလား?
လုံခြုံရေးခေါင်းဆောင်၏စကားကြောင့် ချန်းကန်၏မျက်နှာမှာ ရုတ်တရက်ကြီးပြောင်းလဲသွားရသည်။
ထိုအချိန်မှာပင် ဓာတ်လှေကားတံခါး ပွင့်လာပြီးနောက် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လေးထောင့်ကျကျမျက်နှာပိုင်ရှင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က လူအများအပြားနှင့်အတူ ကပျာကယာရောက်ချလာသည်။
"ဥက္ကဋ္ဌကျောက်ချီကန်လား။ ဒီကို ဘာလို့ရောက်လာတာလဲ"
ချန်းကန်၏အမူအရာမှာ ပြောင်းလဲသွားပြီး သူ့အား နှုတ်ဆက်ရန်အတွက် အရှေ့သို့ တိုးသွားလိုက်၏။
သို့သော် ကျောက်ချီကန်ကတော့ သူ့ကို လုံးဝလျစ်လျူရှုထားပြီး ယဲ့ချန်းထံသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။
"မစ္စတာယဲ့..ခင်ဗျား ပထမဆုံးလာတဲ့အချိန်မှာတင် အခုလိုဖြစ်သွားလို့ တောင်းပန်ပါတယ်"
ဥက္ကဋ္ဌက ယဲ့ချန်းအား အလွန်လေးစားပြနေသည်ကို မြင်သောအခါ ချန်းကန် ကြက်သေသေသွားလေသည်။
ဒီဥက္ကဋ္ဌက ဘယ်သူမို့လို့လဲ?
မိုတုမြို့တွင် သူသည် ဂုဏ်သတင်းကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်ပင်။
မိုတုမြို့ထဲရှိ အရေးပါအရာရောက်သူများနှင့် တန်းတူရပ်တည်နိုင်သူလည်း ဖြစ်၏။
သို့သော် သူသည် ယဲ့ချန်းရှေ့မှာမှ အဘယ်ကြောင့်များ အလွန်ရိုသေနေရသလဲ။
ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီကို အဓိကရှယ်ယာရှင်တစ်ယောက် ဝင်ပူးပေါင်းလာကြောင်း သူ ရုတ်တရက်သတိရလိုက်သည်။
အဲဒီလူက သူများလား?
ဤဖြစ်နိုင်ခြေကို တွေးမိချိန်ဝယ် ချန်းကန်၏မျက်နှာကား သွေးဆုတ်ဖြူရော်သွားလေသည်။
အနီးအနားတွင်ုရပ်နေသည့် စုန့်ဇစ်ချီလည်း ကြောင်အသွားရသည်။
ဤလူငယ်လေးက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား။ ဘော့စ်က သူ့ကို ဘာကြောင့် တလေးတစားဆက်ဆံနေရတာလဲ?
ယဲ့ချန်း အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။
"ဥက္ကဋ္ဌကျောက်.. ကျုပ်တို့ဥပဒေအကျိုးဆောင်ကုမ္ပဏီမှာ အလုံးစုံပြုပြင်ပြောင်းလဲမှုတစ်ခုတော့ လိုနေပြီ။ ဒီလိုဆန်ကုန်မြေလေးတစ်ယောက်ကများ ဘဏ္ဍာရေးဌာနရဲ့ အထွေထွေမန်နေဂျာဖြစ်နေသတဲ့"
ကျောက်ချီကန်လည်း ချန်းကန်ကို အေးစက်စက်စိုက်ကြည့်လျက် မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
"ကျွန်တော်.."
ချန်းကန်၏မျက်နှာမှာ ဖြူရော်သွားပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေချေသည်။
ယဲ့ချန်း ဟွန့်ခနဲနှာမှုတ်လိုက်၏။
"သူက ဘယ်လိုလုပ်ပြီး ရှင်းပြရဲမှာလဲ"
ကျောက်ချီကန်လည်း ဖိုသီဖတ်သီဖြစ်နေသော စုန့်ဇစ်ချီကို လှမ်းကြည့်၍ အေးစက်စက်ပြောလိုက်၏။
"ဘာဖြစ်ခဲ့လဲဆိုတာ မင်းပြောပြ"
ရှက်ရွံနေသော စုန့်ဇစ်ချီကပင် ပြောပြလိုက်သည်။
"ကျွန်မ ဒီနေ့ ပြောင်းရွှေ့ခွင့်လျှောက်လွှာတင်ထားတာ။ ကျွန်မသာ.. သူ့ကိုအဖော်ပြုမပေးရင် ကျွန်မကို တရားဝင်ဝန်ထမ်းအဖြစ်မခန့်ဘူးလို့ မန်နေဂျာချန်းက ပြောတယ်။ ကျွန်မငြင်းလိုက်တော့ သူက ကျွန်မကို အတင်းအကျပ်ဖိအားပေးဖို့ ကြိုးစားတော့တာပဲ"
စုန့်ဇစ်ချီ၏စကားများကို ကြားသောအခါ ကျောက်ချီကန်၏မျက်နှာမှာ မည်းခနဲဖြစ်သွားသည်။ သူ့အကြည့်က ချန်းကန်ဆီသို့ ကျရောက်သွားချိန်ဝယ် အေးစက်လွန်းလှသည်။
"သူပြောတာ အမှန်ပဲလား"
"မဟုတ်ပါဘူး။ အဲဒီလိုမဟုတ်ပါဘူး"
ချန်းကန်ကတော့ ငြင်းဆန်ရန် ကြိုးစားလာသည်။
ယဲ့ချန်းလည်း ခပ်မာမာဝင်ပြောလိုက်သည်။
"ကျုပ်ကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်တာလေ။ ပြီးတော့ ကားပါကင်မှာ လုံခြုံရေးကင်မရာတွေလည်း ရှိတယ်။ ခင်ဗျား အဲဒါတောင် ငြင်းချင်သေးတာလား"
ယဲ့ချန်း၏စကားကြောင့် ချန်းကန်မှာ လေလျော့သွားသော ပူဖောင်းတစ်လုံးအလား ပြားချပ်သွားလေသည်။
ကျောက်ချီကန်၏မျက်နှာကတော့ မသာယာတော့ပေ။
မေးခွန်းထုတ်ချင်စရာကောင်းသော ချန်းကန်၏စရိုက်အကြောင်း သူ ယခင်ကလည်း ကြားထားဖူးသည်။ သို့သော် သူသည် ကုမ္ပဏီရှယ်ယာရှင်တစ်ယောက်၏ တူဖြစ်နေသောကြောင့် မျက်လုံးစုံမှိတ်ပေးထားခဲ့သည်။
ထင်မှတ်မထားပါဘဲ ဤလူက အတင့်ရဲလာပြီး ဝန်ထမ်းကိုပင် ထိကပါးရိကပါးလုပ်ရဲနေပေသည်။
သူ့လိုလူစားမျိုးကို ဥပဒေအကျိုးဆောင်ကုမ္ပဏီတွင် ဆက်ထား၍ မဖြစ်ချေ။
"ချန်းကန် မင်းကိုအလုပ်ထုတ်လိုက်ပြီ။ သူ တခြားကျူးလွန်မှုတွေရှိထားလားဆိုတာကို သေချာစုံစမ်းစစ်ဆေးလိုက်။ တရားမဝင်တာတစ်ခုခုလုပ်ထားတယ်ဆိုရင် ရဲစခန်းကိုသာ တန်းပို့လိုက်"
လုံခြုံရေးအစောင့်တချို့က အနားသို့လျှောက်လာပြီး ချန်းကန်ကို ခေါ်ဆောင်သွားကြသည်။ စုန့်ဇစ်ချီမှာ ယဲ့ချန်းကို ထိတ်လန့်တကြားကြည့်လိုက်မိ၏။
ယဲ့ချန်းတွင် ထိုကဲ့သို့သောအာဏာမျိုး ရှိလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။ ဥပဒေအကျိုးဆောင်ကုမ္ပဏီ၏ ဥက္ကဋ္ဌကိုယ်တိုင်ပင် သူ့စကားကို လိုက်နာရသည်။
ကျောက်ချီကန်က မဲ့တဲ့တဲ့ရယ်လိုက်လေသည်။
"မစ္စတာယဲ့.. တကယ်တောင်းပန်ပါတယ်ဗျာ။ ဒီလိုကိစ္စမျိုးက ခင်ဗျား ပထမဆုံးတစ်ခေါက်လာတဲ့အချိန်မှာတင် ဖြစ်ရတယ်လို့"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ကျုပ်လည်း အခုမှရောက်လာတာ။ ဥက္ကဋ္ဌကျောက်ကမှ ပြဿနာကို အမြစ်ကနေဆွဲထုတ်ပြီး ဒီပန်းသီးအပုပ်ကို တန်းအလုပ်ထုတ်ပစ်လိုက်တာပါ"
စုန့်ဇစ်ချီက ယဲ့ချန်းအနားသို့ သတိကြီးကြီးထား၍ ချဉ်းကပ်လိုက်သည်။
"မစ္စတာယဲ့ ကျွန်မကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မတော့.."
ယဲ့ချန်း ပြုံးရုံသာပြုးပြီး ကျောက်ချီကန်ကို ပြောလိုက်လေသည်။
"မိန်းကလေးစုန့်က အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်။ ပြီးတော့ တရားရေးအကြံပေးတစ်ယောက်အနေနဲ့လည်း စေတနာ့ဝန်ထမ်းလုပ်ပေးသေးတယ်။ သူက အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ပါပဲ"
ယဲ့ချန်း၏စကားများက ဘယ်လိုသဘောသက်ရောက်လဲဆိုတာကို ကျောက်ချီကန် နားလည်သဖြင့် ခပ်မြန်မြန်ပြောလိုက်၏။
"ကောင်းပြီ။ ရှောင်စုန့်.. အခုကစပြီး မင်းက မစ္စတာယဲ့ရဲ့အဆက်အသွယ်ပဲ။ ပြီးတော့ မင်းက ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ တရားဝင်ဝန်ထမ်းဖြစ်သွားပြီ"
ပျော်ရွှင်မှုက ရုတ်ခြည်းရောက်ချလာသဖြင့် စုန့်ဇစ်ချီ ကြက်သေသေသွားရသည်။
မကြာသေးခင်တုန်းကတော့ ခန်းကန် သူ(မ)ကို ခြိမ်းခြောက်နေစဉ်က သူ(မ) မျှော်လင့်ချက်များကို လက်လျှော့လိုက်ပြီဖြစ်၏။
ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီက သူ(မ) အမြဲအိပ်မက်မက်ခဲ့ရသော လုပ်ငန်းတစ်ခုပင်။ သို့သော် ချန်းကန်လို သားရဲကောင်တစ်ကောင်နှင့် ကြုံရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားပေ။
ယခုမူ သူ(မ)၏အိပ်မက်ကား အထမြောက်သွားလေပြီ။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီက ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး နောက်နောင်သင်ကြားပြသပေးပါဦး"
စုန့်ဇစ်ချီလည်း မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်၍ မေးလိုက်သည်။
"မစ္စတာယဲ့..ကျွန်မ နည်းနည်းနားရှုပ်နေလို့။ ရှင်က တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား"
အမှုဆောင်အရာရှိများအားလုံး အံ့ဩမှင်တက်ကုန်ကြသည်။
တက္ကစီဒရိုင်ဘာတဲ့လား? လာနောက်နေတာလား?
ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီ၏ ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ဝယ်ယူနိုင်သူတစ်ယောက်က ဘယ်လိုလုပ်ပြီး တက္ကစီဒရိုင်ဘာဖြစ်နိုင်မှာလဲ?
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဟုတ်ပါတယ်။ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ အဲဒါကမှ ကျွန်တော့်အလုပ်အကိုင်လေ။ ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ရှယ်ယာရှင်ဆိုတာက ဘေးပေါက်အလုပ်တစ်ခုသက်သက်ပါ"
ကျောက်ချီကန် : "..."
စုန့်ဇစ်ချီ : "..."
ဟွားတုဥပဒေအကျိုးဆောင်ကုမ္ပဏီ၏အမှုဆောင်အရာရှိများ : "..."
ယဲ့ချန်းဘက်က သဘောတူစာချုပ်ကို လက်မှတ်ထိုးပေးပြီးနောက် ကျောက်ချီကန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်လေသည်။
"မစ္စတာယဲ့ ဒီည ညစာအတူစားရအောင်ဗျာ"
"မဖြစ်ဘူး။ ကျွန်တော် ဒီည လုပ်စရာတွေရှိသေးတယ်။ နောက်နေ့မှပဲ ကျွန်တော် ဧည့်ခံပါ့မယ်"
ယနေ့ညတွင် လင်းဝမ်ယိုက ယဲ့ချန်းအတွက် ဖယောင်းတိုင်ညစာစားပွဲတစ်ခုကို ပြင်ဆင်ထားမည်ဟု ပြောထားလေသည်။ မိန်းမလှလေးတစ်ယောက်နှင့် ဖယောင်းတိုင်ညစာကို အတူစားနိုင်မည့် အခွင့်အရေးကို သူ လက်လွှတ်မခံချင်ပေ။
ယဲ့ချန်းက ဥပဒေအကျိုးဆောင်ကုမ္ပဏီမှ မောင်းထွက်လာခဲ့ပြီးနောက် ဟွားအိမ်တော်သို့ တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။
အထဲသို့ဝင်လိုက်သည်နှင့် မွှေးပျံ့လှသောရနံ့တစ်ခုက သူ့အား ဆီးကြိုနှုတ်ဆက်ချေသည်။
ညစာစားပွဲထက်ရှိ လေထုကား ကောင်းမွန်လှသောဝိုင်ရနံ့နှင့် ပြည့်နှက်နေပြီး ဖယောင်းတိုင်များလည်း ထွန်းညှိထားသည်။
လင်းဝမ်ယိုတစ်ယောက် မီးဖိုချောင်ထဲတွင် အသီးအရွက်များကို ကျွမ်းကျွမ်းကျင်ကျင်လှီးဖြတ်နေတာကို ကြည့်ရင်း ကြက်သေသေသွားရသည်။
ဤဟင်းချက်စွမ်းရည်မှာ မီချယ်လင်းအဆင့်လက်ရာပင်တည်း။
လှပချောမောပြီး ထက်မြက်ကာ ဟင်းချက်ကောင်းလှသူတစ်ယောက်ကို သူ့အိမ်တော်ထိန်းအဖြစ် ရရှိထားခြင်းမှာ ကံကောင်းလှပေသည်။
ယဲ့ချန်းပြန်လာတာကိုမြင်သော် လင်းဝမ်ယိုက ပြုံးတုံ့တုံ့ဖြင့်ပြောလိုက်သည်။
"သခင်လေး ခဏလောက်ပဲစောင့်ပေးပါ။ ခဏနေရင် ညစာအဆင်သင့်ဖြစ်ပါပြီ"
ဤအလှပဂေးအိမ်တော်ထိန်းလေးက မျက်စိအစာကျွေးချင်စရာကောင်းလှသည်ဟု ယဲ့ချန်း ခံစားမိသည်။
*************