← Chapters

ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်က အတုကြီး အပိုင်း (၁)

Vol. 10 Ch. 146

ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်က အတုကြီး အပိုင်း (၁)

Vol. 10 Ch. 146

ဆုံလည်စားသောက်ဆိုင်တွင် ကဗျာဆန်လှသော အကသီချင်းကို စတင်ဖွင့်လေတော့သည်။ စားပွဲထိုလေးတစ်ယောက်က ငန်းမည်းကိတ်မုန့်ကို ယူလာခဲ့သည်။

ဤကိတ်ကိုကြည့်ရင်း စုဝမ်ယိ ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။ အဖြူရောင်နှလုံးသားပုံသဏ္ဍာန်ကိတ်မုန့်ပေါ်တွင် သလင်းကျောက်အလား ကြည်လင်လှသော ငန်းနှစ်ကောင်ရှိနေပြီး ပြစ်ချက်ကင်းပြီး တင့်တယ်လှပေသည်။

"ယဲ့ချန်း.. ကျွန်မအတွက် သတိတရ မွေးနေ့ပွဲတစ်ခုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

စုဝမ်ယိခမျာ စိတ်ခံစားချက်များကြောင့် သူ(မ)၏နှလုံးသားလေးမှာ အရည်ပျော်ကျလုမတတ်ဖြစ်နေသလို ခံစားလိုက်ရသည်။

ယဲ့ချန်းနှင့် စုဝမ်ယိတို့နှစ်ယောက်သား ကဗျာဆန်သောအခြေအနေတွင် ဖယောင်းတိုင်ညစာကို စားသောက်ခဲ့ကြသည်။ ထိုအတောအတွင်း ရေပန်းစားသောစာရင်းတစ်ခုက အင်တာနက်တစ်ခွင် ပျံ့နှံ့နေချေသည်။

"ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်က အလှပဂေးလေးရဲ့မွေးနေ့ပွဲအတွက် ဟွမ်ဖူမြစ်ကမ်းဘေးမှာ မီးရောင်စုံတွေ ထွန်းပေးခဲ့တယ်တဲ့"

"ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ကြီးက သူ့ချစ်သူရဲ့မွေးနေ့ကို ဆင်နွှဲပေးဖို့အတွက် သန်းပေါင်းများစွာသုံးစွဲခဲ့တယ်တဲ့"

"မီးပန်းပွဲတော်နဲ့ မီးရောင်တွေက ဟွမ်ဖူမြစ်ကမ်းတစ်လျှောက်ပေါ်လာခဲ့တာက အလှလေးတစ်ယောက် ပြုံးနိုင်ဖို့အတွက်တဲ့"

အောက်ဘက်ရှိ ကောမန့်များမှာ ပို၍ပင် ရူးသွပ်ဖွယ်ကောင်းသေးသည်။

"ဝိုး သူ့ချစ်သူရဲ့မွေးနေ့ကို ကျင်းပပေးဖို့အတွက်နဲ့ ပိုက်ဆံတစ်သန်းကို သုံးပစ်လိုက်တာက သိပ်အံ့ဩဖို့ကောင်းတာပဲ"

"စုဝမ်ယိက ဘယ်သူလဲ။ သူ့ကို အရမ်းအားကျတာပဲ"

"ငါ့ဘေးမှာ ဂိမ်းဆော့နေတဲ့ ငါ့ကောင်လေးကိုကြည့်ရင်း ငါ့မှာ သူ့ကို ပါးရိုက်မိတော့မလို့"

"အမလေး..အမြဲတမ်း သူများရည်းစားချည်းပါပဲလား"

ကဗျာဆန်လှသော သူ့မွေးနေ့ပွဲက အွန်လိုင်းပေါ်တွင် ပြောစမှတ်တွင်နေကြောင်း ယဲ့ချန်းကတော့ မသိချေ။

ညစာစားပြီးနောက် နှစ်ယောက်သား ဟွမ်ဖူမြစ်ကမ်းဘေးသို့ မောင်းလာခဲ့လိုက်သည်။ ယဲ့ချန်းက စုဝမ်ယိအား တိတ်ဆိတ်လှသော ထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားသည်။

"မျက်လုံးမှိတ်ထား"

ယဲ့ချန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်လေသည်။

စုဝမ်ယိကလည်း နာနာခံခံလေး မျက်လုံးမှိတ်ထားလိုက်သည်။

ထို့နောက် ယဲ့ချန်းက ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်လည်ဆွဲကို ထုတ်ယူ၍ စုဝမ်ယိ၏လည်ပင်းထက်တွင် ဆင်မြန်းပေးလိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် အမှောင်ထုထဲ၌ သက်တံအလင်းရောင်တစ်ခု ဖြာထွက်လာချေသည်။

စုဝမ်ယိ မျက်လုံးဖွင့်လိုက်ချိန်ဝယ် သူ(မ)၏လည်ပင်းထက်ရှိ ခမ်းနားဝင့်ထည်လှသော လည်ဆွဲကို မြင်သောအခါ ချက်ချင်းအံ့အားသင့်သွားလေသည်။

လက်ရှိအချိန်ဝယ် သူ(မ)၏လည်ပင်းထက်ရှိ လည်ဆွဲမှာ ညကောင်းကင်ယံရှိ ကြယ်စင်လေးများအလား တဖိတ်ဖိတ်လက်ပြီး ဖြူဖွေးသွယ်လျလှသော စုဝမ်ယိလည်တိုင်၏ အလှတရားကို အားဖြည့်ပေးနေလေရာ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။

စုဝမ်ယိမှာ နောက်တစ်ခါ စိတ်လှုပ်ရှားသွားရပြန်သည်။ သူ(မ)မှာ ပါးစပ်ကို အုပ်ကာထားလိုက်မိပြီး မျက်ဝန်းထဲတွင်လည်း ပြောမပြနိုင်သော ထိတ်လန့်မှုတို့ ထင်ဟပ်နေချေသည်။

လက်ရှိအချိနတွင် သူ(မ)ကိုယ်သူ(မ) ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးမိန်းကလေးတစ်ယောက်ဟု ခံစားလိုက်ရသည်။

ယဲ့ချန်းက သူ(မ)၏မွေးနေ့ကို အမှတ်တရရှိပေးလိမ့်မည်ဟု လုံးဝထင်မထားပေ။ မေ့မရနိုင်လောက်သော မွေးနေ့ပွဲတစ်ခုကို ဖန်တီးပေးလိမ့်မည်ဟုတော့ ပို၍ပင် မျှော်လင့်မထားချေ။

ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။

"ငါ မင်းကိုပေးတဲ့ မွေးနေ့လက်ဆောင်ကို သဘောကျရဲ့လား"

စုဝမ်ယိ ခေါင်းညိတ်ပြလိုက်သည်။

"အရမ်းသဘောကျတယ် ယဲ့ချန်း..ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မ ဒီလက်ဆောင်ကို တကယ်သဘောကျတယ်"

စုဝမ်ယိတစ်ယောက် စိတ်ကျေနပ်မှုကြောင့် ခေါင်းတဆတ်ဆတ်ညိတ်ပြနေတာကို ယဲ့ချန်း ကြည့်နေမိသည်။

"ဒီလည်ဆွဲက မင်းနဲ့ အရမ်းလိုက်တယ်။ မင်းအတွက် သီးသန့်ဖန်တီးထားသလိုပဲ"

စုဝမ်ယိမှာ မျက်ဝန်းထောင့်ရှိ ဝမ်းသာမျက်ရည်များကို သုတ်ဖယ်လိုက်၏။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်တာ။ ရှင်သိလား။ ကျွန်မ ရှင့်ကို ပထမဆုံးအကြိမ်တွေ့ကတည်းက တိတ်တိတ်လေးသဘောကျနေခဲ့ရတာ။ ချစ်နေခဲ့တာ.."

ယဲ့ချန်းလည်း စုဝမ်ယိကို ပွေ့ဖက်၍ ရယ်မောလျက် ပြောလိုက်သည်။

"အရူးမလေး..သိတာပေါ့။ ကိုယ်လည်း မင်းကို သဘောကျတယ်"

စုဝမ်ယိက ခေါင်းမော့လျက် ယဲ့ချန်းအား မျက်ဝန်းလှလှလေးတစ်စုံဖြင့် စိတ်လှုပ်ရှားစွာ ကြည့်လိုက်ချေသည်။

"တကယ်လား"

"တကယ်ပေါ့။ မင်းက အလုပ်များနေရင်တောင် ကိုယ့်မိဘတွေကို စောင့်ရှောက်ပေးတယ်ဆိုတာ ကိုယ်သိတယ်။ ကိုယ် မင်းကို တစ်သက်လုံးကာကွယ်ပေးသွားမှာပါ"

စုဝမ်ယိ ခေါင်းညိတ်လိုက်လေသည်။

"အင်း..ဒါဆို ရှင်က အခုကစပြီး ကျွန်မလူဖြစ်သွားပြီနော်"

စုဝမ်ယိက ထိုသို့ပြောရင်း ယဲ့ချန်းထံသို့ ညွတ်ကိုင်းကာ သူ(မ)၏နှုတ်ခမ်းကို ယဲ့ချန်း၏ပါးပြင်ထက်သို့ ညင်သာစွာဖိကပ်လိုက်သည်။

သူတို့နှစ်ယောက်သားမှာ ဟွမ်ဖူမြစ်ကမ်းဘေးတွင် ထိုင်ရင်း တဖိတ်ဖိတ်လက်နေသော အလင်းရောင်များနှင့် တလက်လက်တောက်ပနေသော ကြယ်ပွင့်များကို ကြည့်နေမိသည်။

ဟွမ်ဖူမြစ်ကမ်းဘေးတွင်ထိုင်ရင်း နှစ်ယောက်သား အတော်ကြာသည်အထိ စကားစမြည်ပြောဆိုဖြစ်သည်။ ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်၏။

"ဝမ်ယိ.. မင်း ဘယ်နေရာကိုသွားချင်သေးလဲ"

"ကျွန်မတို့ ညဈေးတန်းကို သွားကြမလား"

ယဲ့ချန်း ခေါင်းညိတ်ပြ၍ သဘောတူလိုက်သည်။

"ရတယ်လေ"

ဆယ်မိနစ်ကြာသော် ယဲ့ချန်းလည်း ကားပါကင်တွင် ကားရပ်ခဲ့လိုက်သည်။

စုဝမ်ယိက ပုံမှန်ဆိုလျှင် ခပ်တန်းတန်းနေတတ်ပါသော်ငြား ယဲ့ချန်းရှေ့တွင်မူ မိန်းမငယ်လေးတစ်ယောက်အလားပင်။ ယဲ့ချန်းကိုဖက်ထားရင်း ဆိုင်ခန်းငယ်လေးများအနှံ့ လှည့်ပတ်သွားလာနေသည်။

ထိုအချိန်မှာ အရသာရှိလှသော အမွှေးနံ့တစ်ခုက မလှမ်းမကမ်းမှ သင်းပျံ့လာချေသည်။ ယဲ့ချန်း ရယ်လိုက်မိသည်။

"မင်း ပြည်ကြီးငါးကင်စားချင်လား"

စုဝမ်ယိကား ခေါင်းတညိတ်ညိတ်။

"အင်း"

သူတို့နှစ်ယောက်လည်း ပြည်ကြီးငါးကင်ဆိုင်ကိုသွား၍ အကင်နှစ်ချောင်းဝယ်စားလိုက်၏။ ထိုအချိန်မှာပင် နိုင်ငံတကာဒီဇိုင်နာဘရန်းများကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်က စားသောက်ဆိုင်အဝင်ဝသို့ ကားကားကားကားဖြင့် လျှောက်လာလေသည်။

ထိုအခိုက် စုဝမ်ယိက ပြည်ကြီးငါးကင်ဆိုင်ရှေ့တွင် မတ်တတ်ရပ်၍ ပြည်ကြီးငါးစားနေတာကို သူ မြင်လိုက်သည်။ ထိုအခိုက်အတန့်လေးဝယ် သူ အံ့ဩမှင်တက်သွားလေသည်။

စုဝမ်ယိက အလွန်လှပလေသည်။ သူ(မ)မှာ နတ်သက်ကြွေလာသော နတ်သမီးလေးတစ်ပါးနှယ် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလွန်းသည်။

ချင်းမင်၏အနားတွင် မိန်းမလှလေးအများကြီး ဝိုင်းနေပေသည်။ သို့သော် စုဝမ်ယိလိုမျိုး တော်ဝင်နှင်းကြာပန်းအလား လှပချောမောပြီး ဖြူစင်သူတစ်ယောက်ကို သူ လုံးဝမမြင်ဖူးခဲ့ပေ။

ထိုအလှလေး၏ဘေးနားတွင် လမ်းဘေးအဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ရှိနေသည်။ သူတို့နှစ်ယောက်က အလွန်ချစ်ခင်ကြင်နာနေကြသည်။

မနာလိုမှုမီးတောက်တစ်ခုက ချင်းမင်၏နှလုံးသားထဲ တောက်လောင်လာတော့သည်။

ဘာလို့လဲ!

ဒီလိုအလှပဂေးလေးမှာ အရှုံးသမားချစ်သူတစ်ယောက် ဘာလို့ရှိနေရတာလဲ?

သို့သော် ထိုကောင်လေးက တစ်ဖက်သို့လှည့်လာချိန်မှာ ချင်းမင်လည်း ယဲ့ချန်း၏ဘေးတိုက်မျက်နှာကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အံ့ဩသွားရသည်။

ဒါက ယဲ့ချန်းမဟုတ်လား?

"ယဲ့ချန်း"

ချင်းမင် ခေါ်ကြည့်လိုက်သည်။

ယဲ့ချန်းလည်း တဒင်္ဂမျှတုံ့ဆိုင်းသွားပြီးနောက် မလှမ်းမကမ်းရှိ ချင်းမင်ကိုမြင်လိုက်ရချိန်မှာ မျက်မှောင်ကြုတ်လိုက်မိလေတော့သည်။

ထင်မှတ်မထားပါဘဲ ဤနေရာတွင် သူ သဘောမကျဆုံးလူတစ်ယောက်နှင့် လာတိုးနေရသည်။

"အာ ယဲ့ချန်း.. တိုက်ဆိုင်လိုက်တာနော်။ ရေစက်ပဲထင်ပါရဲ့"

ချင်းမင်က ခပ်ပြုံးပြုံးဖြင့် အနားသို့လျှောက်လာသည်။

သို့သော် ခိုးကြောင်ခိုးဝှက်နိုင်လှသော သူ့အကြည့်တော့ စုဝမ်ယိကိုသာ အဆက်မပြတ်လှမ်းကြည့်နေသည်။

"ချင်းမင်.. မတွေ့ရတာကြာပြီနော်"

ယဲ့ချန်းက စုဝမ်ယိကို သူ့အနောက်တွင် ကွယ်ထားလျက် ပြောလိုက်၏။

ချင်းမင်၏စရိုက်ကို သူကောင်းကောင်းသိသည်။

ဒီကောင်က လူကောင်းတစ်ယောက်မဟုတ်ဘူး...

ယခင်တုန်းက ချင်းမင်နှင့် ယဲ့ချန်းတို့က အိမ်နီးချင်းများပင်။ ဤလူက သူ့မိသားစု၏စည်းစိမ်ဥစ္စာအားကိုးဖြင့် အိမ်နီးချင်းများကို မကြာခဏအနိုင်ကျင့်လေ့ရှိသည်။

သူတို့နှစ်ယောက်မှာ ရန်ပင်ဖြစ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် သူသည် လုယက်မှုနှင့် မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

သို့သော် သူ့လုပ်ရပ်ကို အကဲဖြတ်ခြင်းအားဖြင့် ဤလူသည် မပြောင်းလဲသေးပါဘဲ ယခင်ကလို စက်ဆုပ်ဖွယ်ကောင်းနေဆဲဖြစ်ကြောင်း သိသာလှသည်။

ချင်းမင်၏ပုံစံမှာ ဘဝင်ခိုက်နေလေဟန်ပင်။ ထို့နောက် တက်တူးများနှင့် ပြည့်နှက်နေသော သူ့လက်မောင်းနှင့် တောက်ပနေသာ ရိုးလက်စ်နာရီကို ဖော်ထုတ်ပြသရန်အတွက် အင်္ကျီလက်ကို တမင်ပင့်လိုက်လေသည်။

ယဲ့ချန်းလည်း ခေါင်းတခါခါလုပ်လိုက်မိသည်။

ဒီလူတွေက သူတို့ရဲ့နာရီကို ထုတ်ကြွားဖို့အတွက်နဲ့ အင်္ကျီလက်ကို ခေါက်တင်ရတာကို ဘာလို့များ သဘောကျနေကြတာလဲ?

"ဟေး ယဲ့ချန်း.. မင်းရဲ့ချစ်သူကို ဘာလို့ လမ်းဘေးစာတွေ စားခိုင်းရတာလဲ။ ဒါတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးလေ။ ငါ့ကိုကြည့်လိုက်။ ငါဆိုရင် ကြယ်အဆင့်သတ်မှတ်ချက်ရှိတဲ့ ဟိုတယ်တွေမှာပဲစားတာ။ ဒီဟိုတယ်ကို မြင်လား။ ကြယ်ငါးပွင့်ဟိုတယ်နော်။ အခုလေးတင် ငါ ဒီမှာ ယွမ်တစ်သောင်းသုံးလာပြီး လက်ဖ်တီ၈၂တစ်ပုလင်း ဖောက်လာတာ"

ထိုသို့ပြောရင်း သူ့အကြည့်က စုဝမ်ယိထံသို့ ရောက်သွားချေသည်။

"ဒါက မင်းရည်းစားလား။ ငါ့ကို မိတ်ဆက်ပေးဦးလေကွာ"

"ထားလိုက်တော့။ ငါတို့လုပ်စရာလေးရှိသေးလို့။ မိတ်ဆက်နေစရာမလိုပါဘူး"

ယဲ့ချန်းကလည်း ထိုသို့ပြောပြီးနောက် လှည့်ပြန်ရန်အတွက် စုဝမ်ယိကို ဆွဲခေါ်လိုက်၏။ သို့သော် ချင်းမင်က သူတို့လမ်းကို လာပိတ်နေလေသည်။

ချင်းမင်မှာ စကားပြောရင်း ဘဝင်ခိုက်သွားလေသည်။

"ကျွန်တော်က ချင်းမင်ပါ။ တာ့မင်လက်ဝတ်ရတနာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာလေ။ တွေ့ရတာဝမ်းသာပါတယ်။ စကားမစပ် ကျွန်တော်တို့ သူငယ်ချင်းဖြစ်လို့ရမလား"

ယဲ့ချန်းက ချင်းမင်၏စကားများကို ကြားလိုက်ချိန်ဝယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤလူက သူ့ရှေ့မှာပင် သူ့ကောင်မလေးကို အီစီကလီလုပ်ရလောက်အောင်အထိ ရဲတင်းလွန်းလှပေသည်။

ရုတ်ခြည်းပင် ချင်းမင်၏အကြည့်က စုဝမ်ယိ၏လည်တိုင်ထက်သို့ ကျရောက်သွားသည်။ ထို့နောက် သူ နားမလည်နိုင်ဟန်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။

"ဒီလည်ဆွဲက ဘယ်ကရတာလဲ"

စုဝမ်ယိလည်း တဒင်္ဂမျှတုံ့ဆိုင်းသွားရပြီးနောက် ယဲ့ချန်းကို တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်၏။

"ယဲ့ချန်း ပေးထားတာလေ"

ချင်းမင်ခမျာ ရုတ်တရက်ကြီး ထရယ်လေတော့သည်။

"ယဲ့ချန်း ယဲ့ချန်း.. မင်း ဒီလောက်အထိလုပ်လိမ့်မယ်လို့ ထင်မထားဘူး။ ကိုယ့်ကောင်မလေးကို လည်ဆွဲအတုကြီး ပေးရသလား"

လည်ဆွဲအတုတဲ့လား။

စုဝမ်ယိ တုံ့ဆိုင်းသွားလေသည်။

ချင်းမင်က တမင်တကာ အသံမြှင့်လိုက်၏။

"ဟုတ်တယ်။ မင်းရဲ့လည်ပင်းပေါ်က လည်ဆွဲက ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်လေ။ မိုတုမြို့ထဲမှာ ခင်းကျင်းပြသနေတဲ့ ကမ္ဘာ့အကြီးဆုံးရောင်စုံစိန်ပွင့်ပေါ့။ အဖိုးမဖြတ်နိုင်လို့ တော်ဝင်ပြတိုက်မှာ သိမ်းထားတာ။ ဒါကို ဘယ်လိုလုပ်ပြီး မင်းရဲ့လည်ပင်းမှာ ဆင်လို့ရမှာလဲ။ ယဲ့ချန်းက ဒါကို အွန်လိုင်းကနေ ဆယ်ဒေါ်လာနဲ့ဝယ်လာတာ"

**************

All Chapters