ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်း
Vol. 10 Ch. 147
ချင်းမင်၏အသံက အလွန်ကျယ်လှသဖြင့် ဖြတ်သွားဖြတ်လာတချို့ကို ဆွဲဆောင်လိုက်နိုင်သည်။
သိပ်မကြာခင်တုန်းက မီဒီယာတော်တော်များများက ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်ကို အလွန်အာရုံစိုက်နေခဲ့သည်ဖြစ်ရာ လူတော်တော်များများလည်း ဤနာမည်ကို ကြားဖူးကြသည်။
ဖြတ်သွားဖြတ်လာအမြောက်အများ စုဝေးလာသည်ကို မြင်သောအခါ ချင်းမင်ကလည်း မောက်မာစွာ ဆက်ပြောလိုက်သည်။
"မိန်းကလေး.. မင်းရဲ့ကောင်လေးက မင်းကို လှည့်စားထားတာလား။ မင်းရဲ့လည်ပင်းပေါ်က လည်ဆွဲနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတယ်။ တစ်ခုက အဲဒါအတုကြီး။ နောက်တစ်ခုက မင်းကောင်လေး ခိုးလာတာ"
ပြခန်းထဲတွင် ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်ကို မြင်ထားဖူးကြသော လူတချို့ကလည်း ဝင်ပြောလေသည်။
"အဲဒီကောင်မလေးရဲ့လည်ဆွဲက ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်အစစ်ကြီးပဲ"
"မင်းက တအားနုံအတာပဲ။ ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်လည်ဆွဲက ခင်ကျင်းပြသဖို့အတွက်သက်သက်တဲ့။ မရောင်းပါဘူးဆိုမှတော့ ဒါက အတုကြီးပဲဖြစ်မှာပေါ့"
"ဒီနေ့ခေတ်မှာ လူလိမ်တွေ တယ်များပါလား။ ဒီလူက သူ့ကောင်မလေးကို လှည့်စားဖို့အတွက် ဝက်ဘ်ဆိုက်တစ်ခုကနေ အတုကြီးဝယ်ထားတာပဲဖြစ်မယ်"
"အိုး..အဖော်ခံလိုက်ရတော့ နေရခက်တော့မှာပဲ"
စုဝမ်ယိ၏ မျက်နှာလှလှလေးကား ရဲခနဲဖြစ်သွားချေသည်။ သို့သော် သူ(မ) ယဲ့ချန်းကို လှည့်ကြည့်လိုက်ပြီးနောက် ပြတ်ပြတ်သားသားပြောလိုက်၏။
"ယဲ့ချန်းပေးတာဆိုရင် ကျွန်မသဘောကျတယ်"
စုဝမ်ယိ၏စကားကို ကြားသောအခါ ယဲ့ချန်း၏ရင်ထဲ နွေးထွေးသွားရသည်။ ထို့ကြောင့် ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဝမ်ယိ.. ဒီပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်က တကယ့်အစစ်ပါ"
"တကယ်လား"
ချင်းမင်လည်း အော်မရယ်ဘဲ မနေနိုင်တော့ပေ။
"ယဲ့ချန်း..မင်း ပြောရဲတယ်နော်။ ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်က ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်းသိလား။ မင်းလို ဆင်းရဲသားတစ်ယောက်က ဘယ်လိုလုပ်ပြီးဝယ်နိုင်မှာလဲ။ ဝယ်နိုင်တယ်ဆိုရင်တောင် သူတို့က ရောင်းမှာမဟုတ်ဘူး"
ဖြတ်သွားဖြတ်လာများမှာ ခေါင်းခါယမ်းလိုက်မိကြသည်။
"ဒီလူငယ်လေးက မယုံနိုင်စရာပဲ။ အဖော်ခံလိုက်ရတာတောင် ခေါင်းမာနေတုန်းပဲ"
"အရှက်အကွဲမခံနိုင်လို့ ခေါင်းမာနေတာဖြစ်မှာပေါ့"
"ငါ တကယ်နားမလည်တော့ဘူး။ ငါသာ အဲဒီကောင်မလေးဆိုရင် သူ့ကို ချက်ချင်းပစ်ထားခဲ့လိုက်ပြီ"
ယဲ့ချန်းက အေးတိအေးစက်သရော်လိုက်ချေသည်။
"ဝမ်ယိ သွားကြစို့။ ဒီိလိုငတုံးတွေနဲ့ အချိန်ဖြုန်းနေစရာမလိုဘူး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်း ထွက်ခွာရန်ဟန်ပြင်လိုက်သည်။ သို့သော် ချင်းမင်က သူ့ကို ပိတ်တားထားလိုက်ပြန်သည်။
"ဒါကို အစစ်လို့ မင်းပြောလိုက်တာမလား။ ရတယ်လေ။ ငါ မင်းအတွက် အတည်ပြုပေးနိုင်တယ်။ ဒီလက်ဝတ်ရတနာက ငါတို့ရဲ့ဌာနချုပ်မှာ ခင်းကျင်းပြသနေတာ။ ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ အစစ်ဟုတ်မဟုတ် အတည်ပြုလို့ရတယ်"
"သက်သေပြဖို့မလိုပါဘူး။ ယဲ့ချန်းပေးသမျှ ကျွန်မသဘောကျတယ်လို့ ပြောပြီးပြီလေ"
ယဲ့ချန်း ပြဿနာတက်မှာကို စိုးရိမ်နေရှာသော စုဝမ်ယိက သူ့အား ခပ်တင်းတင်းတားမြစ်လိုက်သည်။
"အမလေး ဒီကောင်မလေးက အရမ်းစိတ်ထားကောင်းတာပဲ။ သူ့ကောင်လေးက သူ့ကို လည်ဆွဲအတုကြီး လက်ဆောင်ပေးတာကို သိနေတာတောင် သူ့ဘက်က ကာပြောပေးနေတုန်းပဲ"
"ဟုတ်ပါ့။ ဒီကောင်မလေးက ရုပ်လေးတင်လှတာမဟုတ်ဘူး။ စိတ်ထားကလည်း ဖြူစင်သေးတယ်"
"ဒီလိုဆန်ကုန်မြေလေးနဲ့တွေ့ရတာတော့ သနားစရာပဲ"
ချင်းမင်ကတော့ လှောင်ပြုံးပြုံးလိုက်၏။
"ကောင်းပြီလေ။ မိန်းမလှလေးက မင်းအတွက် တောင်းပန်ခယနေမှတော့ ငါလည်း လွှတ်ပေးလိုက်ပါ့မယ်"
ယဲ့ချန်းကမူ ခေါင်းခါယမ်း၍ ပြောလိုက်ချေသည်။
"မင်း ဖုန်းခေါ်လိုက်တာ ပိုကောင်းတယ်"
အစတုန်းကတော့ ယဲ့ချန်း ခပ်လျှိုလျှိုသာ နေချင်ခဲ့သော်ငြား ချင်းမင်က ဖိအားပေးလာသဖြင့် မတတ်နိုင်ပေ။
ချင်းမင်မှာ ခနဲ့တဲ့တဲ့ပြုံးလိုက်ပြန်သည်။
"ယဲ့ချန်း မင်း ကိုယ့်အရှက်ကိုယ်ခွဲချင်နေတာပဲ"
ထို့နောက် ချင်းမင်လည်း ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်တော့သည်။ လူတိုင်းကြားသွားပြီး ယဲ့ချန်း အရှက်ကွဲစေရန်အတွက် စပီကာကိုတောင် ဖွင့်ထားလိုက်သေးသည်။
"ဟယ်လို ဥက္ကဋ္ဌဝေ့လား။ ကျွန်တော် အခုလေးတင် လမ်းပေါ်မှာ မိန်းကလေးတစ်ယောက်က ကျွန်တော်တို့ပြခန်းရဲ့ ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်ကို ဆွဲထားတာတွေ့လိုက်လို့။ သူ့ကောင်လေးကတော့ အဲဒီလည်ဆွဲကို အစစ်ကြီးဆိုပြီး အရှက်မရှိပြောနေတယ်။ ရယ်ရလိုက်တာ"
"တကယ်လား။ ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်ကို တကယ်ရောင်းလိုက်ပြီ။ ဝယ်ယူသူရဲ့မျိုးရိုးနာမည်က ယဲ့လား"
ချင်းမင်မှာ ကြောင်အသွားချေသည်။
"ဟုတ်ပါတယ်။ မျိုးရိုးနာမည်က ယဲ့ပါ။ ဒါပေမဲ့ သူက အရှုံးသမားတစ်ယောက်လေ။ ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်ကို ဘယ်ိလိုလုပ်ပြီးဝယ်နိုင်မှာလဲ။ ပြီးတော့ အဲဒါက ခင်းကျင်းပြသဖို့အတွက်သက်သက်မဟုတ်ဘူးလား"
"အရှုံးသမားတဲ့လား။ မင်း မစ္စတာယဲ့ကို စော်ကားလိုက်တာလား။ ပင်လယ်ဧကရာဇ်စိန်ကြယ်ပွင့်က ကမ္ဘာပေါ်မှာ တစ်ခုတည်းပဲရှိတာ။ အတုလုပ်လို့မရဘူးကွ။ မစ္စတာယဲ့က မင်းနဲ့အတူရှိနေတာလား။ သူ့ကို ဖုန်းပေးလိုက်လို့ရမလား"
ဖုန်းတစ်ဖက်တွင်မူ ဝေ့ဟုန်းခမျာ အလွန်စိတ်လှုပ်ရှားနေသည်။
ဤလည်ဆွဲမှာ သူတို့၏တာ့မင်လက်ဝတ်ရတနာလုပ်ငန်းစုတွင် ခင်းကျင်းပြသရုံသက်သက်သာ။ သို့သော် ဌာနချုပ်က သူ့ဆီ ဖုန်းဆက်၍ ထိုလည်ဆွဲကို အလွန်ဩဇာကြီးမားသော မစ္စတာယဲ့ကို ရောင်းချလိုက်ပြီဟု ဆိုလာသည်။
ထိုစဉ်တုန်းက ဌာနချုပ်ဘက်က မစ္စတာယဲ့ကို မဖြစ်မနေရှာဖွေပြီး အဆက်အသွယ်ကောင်းတစ်ခု ဖန်တီးရမည်ဟု သူ့အား ညွှန်ကြားထားသည်။ သို့သော် ဤလည်ဆွဲကို လာယူသွားပြီးဖြစ်လေရာ လျှို့ဝှက်ဆန်းကြယ်လှသော မစ္စတာယဲ့နှင့် သူ မတွေ့လိုက်ရပေ။
ယခုမူ မစ္စတာယဲ့၏သတင်းကို ကြားလိုက်ရပြီဖြစ်ရာ ဝေ့ဟုန်းလည်း ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ချေ။
ချင်းမင်ကတော့ ချက်ချင်းဆိုသလို ကြောင်အသွားရလေသည်။
ယဲ့ချန်း၏လည်ဆွဲက အတုကြီးဟု သူ ထင်ထားသော်ငြား အစစ်ကြီးဖြစ်နေခဲ့သည်။ ထိုနောက် ချင်းမင်လည်း စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဖုန်းကို ကမ်းပေးလိုက်သည်။
"မင်္ဂလာပါ မစ္စတာယဲ့..ကျွန်တော်တို့ရဲ့လည်ဆွဲကို စိတ်တိုင်းကျရဲ့လားဗျ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြရင်း ထောက်ခံလိုက်သည်။
"အင်း ကျွန်တော့်ကောင်မလေးက သဘောကျနေတာ။ အစတုန်းကတော့ သူ့မှာ စိတ်ပျော်နေတဲ့ဟာကို ခင်ဗျားတို့ရဲ့မန်နေဂျာချင်းက အဲဒီလည်ဆွဲကြီးက အတုကြီးလို့ ဆက်တိုက်ပြောနေလို့ သူ့စိတ်အခြေအနေလည်းမကောင်းတော့ဘူး"
"မစ္စတာယဲ့.. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် သူ့ကို သေချာပေါက်ဆုံးမလိုက်ပါ့မယ်။ ကျေးဇူးပြုပြီးက ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
ဖုန်းတစ်ဖက်တွင်မူ ဝေ့ဟုန်း၏မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေရှာသည်။ ဌာနချုပ်က ဘာတွေပဲဖြစ်နေနေ မစ္စတာယဲ့ကို စိတ်ကျေနပ်အောင် လုပ်ပေးရမည်ဟု ဆိုထားလေသည်။ ယခုမူ ချင်းမင်က မစ္စတာယဲ့ကို အပြစ်ပြုမိလိုက်လေပြီဖြစ်ရာ ဤသည်ကို သူ့အနေနှင့် မည်သို့ခွင့်ပြုပေးထားနိုင်မည်နည်း။
ဤလည်ဆွဲက သူတို့ကုမ္ပဏီအတွက် မည်မျှအရေးပါသလဲဆိုတာကို ဝေ့ဟုန်း ကောင်းကောင်းနားလည်ထားသည်။ ထိုကဲ့သို့သော လည်ဆွဲမျိုးကို တစ်ဖက်လူက ဝယ်သွားနိုင်သည်ဆိုခြင်းမှာ ထိုလူ့တွင် ကြောက်ခမန်းလိလိနောက်ခံအင်အားမျိုး ရှိနေခြင်းပင် ဖြစ်ရမည်။
"ခွင့်လွှတ်ပေးလို့ရမရဆိုတာကတော့ ခင်ဗျားရဲ့လုပ်ရပ်အပေါ် မူတည်တာပဲ"
ချင်းမင်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။
အစတုန်းကတော့ သူသည် ယဲ့ချန်းကို အရှက်ခွဲပြီး သူ့ကောင်မလေးကို လုယူချင်ခဲ့မိသည်။ အဆုံးမှာတော့ ကျရှုံးခဲ့ရုံသာမက သူ့အလုပ်ပါပြုတ်သွားပြီး ထောင်နန်းစံသည်အထိ ဖြစ်နိုင်လေသည်။
ကောင်းစားနေသော သူ့ဘဝကို သူ့လက်နှင့် သူကိုယ်တိုင် ဖျက်ဆီးမိလေပြီ။
ချင်းမင်ခမျာ မျက်ရည်အဝဲသားဖြစ်သွားရလေတော့သည်။
****************