ဥပဒေအကြံပေးပရိုဂရမ်
Vol. 10 Ch. 148
ယဲ့ချန်းက ကားမောင်းပြီး စုဝမ်ယိကို အိမ်ပြန်လိုက်ပို့ပေးသည်။
"ရှင် အိမ်ထဲကို ခဏလောက်ဝင်ဦးမလား။ အိမ်မှာ ဘယ်သူမှမရှိဘူး"
စုဝမ်ယိက ပြုံးပြုံးလေးပြောလိုက်၏။
ဒါက အရိပ်ပြနေတာများလား?
"ရတယ်လေ"
ယဲ့ချန်းက ဤကဲ့သို့သော မိန်းမလှလေးတစ်ယောက်၏ အရိပ်အမြွက်ကို လျစ်လျူရှုပစ်မည့် လူကြီးလူကောင်းတစ်ယောက်မဟုတ်ချေ။
သူတို့နှစ်ယောက်သား ဗီလာဝင်ပေါက်ဆီသို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ စုဝမ်ယိက တံခါးဖွင့်လိုက်သောအခါ ယဲ့ချန်းလည်း သူ(မ)အနောက်က လိုက်ဝင်သွားလိုက်သည်။
ယဲ့ချန်း စိတ်ကူးယဉ်နေစဉ်မှာပင် ဧည့်ခန်းထဲရှိ မီးများက ရုတ်တရက်လင်းသွားချေသည်။
"ရှောင်ဝမ် ဘာလို့အိမ်ပြန်တအားနောက်ကျနေတာလဲ"
"အမေ ဒီကိုဘာလို့ရောက်နေတာလဲ"
လှေကားထစ်ပေါ်တွင် ရပ်နေသော ပုဂ္ဂိုလ်ကို မြင်လိုက်ရချိန်ဝယ် စုဝမ်ယိ ကြောင်အသွားလေသည်။
ယဲ့ချန်းက ပို၍ပင် ရှက်သွားရသည်။
အိမ်မှာ ဘယ်သူမှမရှိရဘူးမဟုတ်လား?
သူ အတင်းအကျပ်လုပ်ပြုံးပြုံးလိုက်မိသည်။
"မင်္ဂလာပါ အဒေါ်"
စုဝမ်ယိ၏အမေခမျာ အံ့အားသင့်သွားရှာသည်။
"သူက ဘယ်သူလဲ"
"အမေ.. သူက ကျွန်မမိတ်ဆွေပါ။ နောက်ကျနေပြီဆိုတော့ သမီးကို စိတ်ပူတာနဲ့ အိမ်အထိ လိုက်ပို့ပေးတာ"
စုဝမ်ယိခမျာ ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။
ယဲ့ချန်းကလည်း အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်၏။
"အဒေါ်..ကျွန်တော်က ရှောင်ဝမ်ရဲ့မိတ်ဆွေပါ။ အခု သူအိမ်ပြန်ရောက်ပြီဆိုတော့ ကျွန်တော် ပြန်လိုက်ပါဦးမယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း အမြန်လှည့်ပြေးခဲ့လိုက်သည်။
နောက်တစ်ခါကျရင် အိမ်မပြန်တော့ဘူး။ ဟိုတယ်ကိုသွားလိုက်တာက ပိုကောင်းမယ်…
ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းရင်း တွေးလိုက်မိသည်။ ကဗျာဆန်လှသော ညခင်းလေးတစ်ခုကို ပိုင်ဆိုင်ခဲ့သော်ငြား ယခုတော့ အိမ်သာပြန်ရပေတော့မည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်(၃/၅)ကို ရရှိလိုက်ပါပြီ။ ဆုလာဘ်ကတော့ နတ်ဘုရားအဆင့်တင်ဆက်သူစွမ်းရည်ပဲဖြစ်ပါတယ်]
နတ်ဘုရားအဆင့်တင်ဆက်သူတဲ့လား?
ဤသည်မှာ စွမ်းရည်နှင့်ပတ်သက်သော ဆုလာဘ်တစ်ခုပင်တည်း။
နတ်ဘုရားအဆင့်တင်ဆက်မှုစွမ်းရည်ကို ရရှိခြင်းအားဖြင့် အသံပိုင်းဆိုင်ရာဆွဲဆောင်မှုကို +၉၉၉၉၊ မိန့်ခွန်းဩဇာလွှမ်းမိုးမှုကို +၉၉၉၉နှင့် နားဆင်သူလက်ခံနှုန်းကို +၉၉၉၉အထိ မြှင့်တင်နိုင်သည်။
ယဲ့ချန်းက တင်ဆက်သူတစ်ယောက် မဖြစ်ချင်တာကတော့ နှမြောစရာပင်။ သို့မဟုတ်ပါက ထိုကဲ့သို့အံ့ဩဖွယ်ကောင်းလှသော နတ်ဘုရားအဆင့်တင်ဆက်မှုစွမ်းရည်ဖြင့်သာဆိုလျှင် နွေဦးပွဲတော်အတွက် တင်ဆက်သူတစ်ယောက်ဖြစ်လာနိုင်သည်။
စုဝမ်ယိ၏အိမ်၌..
အမျိုးသမီးကြီးလင်းက ရှက်သွေးဖြာနေသော စုဝမ်ယိ၏မျက်နှာကိုကြည့်၍ မေးလိုက်သည်။
"သမီး အမှန်အတိုင်းပြောစမ်း။ နင်တို့နှစ်ယောက် ဘယ်အဆင့်အထိ ရောက်ပြီးပြီလဲ"
"အမေ သမီးတို့က သာမန်မိတ်ဆွေတွေပါ။ မှောင်နေပြီမို့လို့ သူက သမီးကို အိမ်ပြန်ပို့ပေးတာ"
"အမေတစ်ယောက်ကို ဘာမှလာညာလို့မရဘူး။ ငါမသိဘူးများ ထင်နေတာလား"
အမျိုးသမီးကြီးလင်းက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။
စုဝမ်ယိက ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်လှသည်။ သူ(မ)၏အချစ်ရေးကြောင့် သူ့မှာ အမြဲခေါင်းခဲနေရသည်။
ထို့ပြင် သူ(မ)၏သမီးက မိန်းမကောင်းလေးတစ်ယောက်ဖြစ်သဖြင့် ယောကျ်ားတစ်ယောက်ကို ဘယ်တုန်းကမှ အိမ်ကိုခေါ်မလာဖူးပေ။
ထို့ကြောင့် ဤကောင်လေးကတော့ သေချာပေါက်ထူးခြားရပေမည်။
"အမေ အတွေးမလွန်ပါနဲ့တော့"
စုဝမ်ယိမှာ ထိုသို့ပြောရင်း ရှက်လာသဖြင့် သူ့အခန်းထဲသို့ ဝင်ပြေးလေတော့သည်။
သို့သော် အမျိုးသမီးကြီးလင်းကတော့ ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။ အဆုံးမှာတော့ သူ(မ)၏သမီးလေးတွင် ချစ်သူတစ်ယောက်ရှိနေလေပြီ။
….
နောက်တစ်နေ့တွင် ယဲ့ချန်း အိပ်ရာစောစောနိုးလာသည်။ ထို့နောက် စုန့်ဇစ်ချီထံမှ ဖုန်းဝင်လာခဲ့သည်။
"မင်္ဂလာမနက်ခင်းပါ ဥက္ကဋ္ဌယဲ့"
ယဲ့ချန်းကလည်း ခွန်းတုံ့ပြန်လိုက်၏။
"မင်္ဂလာမနက်ခင်းပါ။ မင်း အိပ်ရာထဲမှာ ရှိနေတုန်းလား"
"ဘယ်ဟုတ်ပါ့မလဲ။ ကျွန်မကဖြင့် အလုပ်ကိုရောက်နေပြီ။ ဥက္ကဋ္ဌယဲ့.. ကျွန်မကို တစ်ခုလောက်ကူညီပေးနိုင်မလား"
"ဘာအကူအညီလဲ"
ယဲ့ချန်း မေးကြည့်လိုက်သည်။
"ဥပဒေအကြံပေးပရိုဂရမ်တစ်ခု လုပ်ဖို့အတွက် ရေဒီယိုရုံက ကျွန်မကို ဖိတ်ကြားထားတယ်။ ဒါပေမဲ့ တစ်ယောက်တည်းသွားရမှာလည်း ပျင်းစရာကောင်းနေလို့။ ရှင့်ကို ဧည့်သည်အနေနဲ့ ဖိတ်ချင်လို့လေ"
"ဥပဒေအကြံပေးပရိုဂရမ်လား"
ညတုန်းက ကားမောင်းနေရင်း ယဲ့ချန်း ထိုအကြောင်းကို နားထောင်လိုက်ရသေးသည်။ တင်ဆက်သူမှာ ဥပဒေဆိုင်ရာစာပိုဒ်များကို ငြီးငွေ့ဖွယ်ကောင်းအောင် ဖတ်ပြနေလေရာ နားဆင်သူများမှာ အိပ်ငိုက်လာရသည်။
အစတုန်းကတော့ ယဲ့ချန်း ငြင်းလိုက်ချင်သော်ငြား နောက်မှသာ သူရရှိထားသော နတ်ဘုရားအဆင့်တင်ဆက်မှုစွမ်းရည်ကို သတိရလိုက်သည်။
စမ်းကြည့်တာပေါ့…
ယဲ့ချန်း တစ်နေကုန်တက္ကစီမောင်းနေပါသော်ငြား ကံကောင်းစေသော ကြယ်ငါးပွင့်များ ထပ်မရလာပေ။
ယခုမူ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်သုံးခု ရထားပြီဖြစ်လေရာ နောက်ထပ်နှစ်ခု ထပ်ရပါက အလုပ်အကိုင်အသစ်တစ်ခု ပွင့်လာတော့မည်ဖြစ်၏။
နောက်လာမည့် သူ့အလုပ်အကိုင်စွမ်းရည်က ဘာဖြစ်လေမလဲဟု ယဲ့ချန်း စိတ်လှုပ်ရှားနေမိသည်။ ဤသည်မှာ ဂိမ်းထဲတွင် အဆင့်တက်သွားခြင်းနှင့် အလားသဏ္ဍာန်တူလှသည်။ ဘာရလာမလဲဆိုတာကို မျှော်လင့်စောင့်စားရင်း ဆုလာဘ်များကို စုဆောင်းနေရခြင်းမျိုးပင်။
ညဆယ်နာရီတွင် ယဲ့ချန်းနှင့် စုန့်ဇစ်ချီတို့လည်း မိုတုရေဒီယိုရုံသို့ ရောက်လာခဲ့သည်။ သူတို့၏ပရိုဂရမ်ကို ပညာရေးချန်နယ်တွင် ညဆယ့်တစ်နာရီ၌ ထုတ်လွှင့်မည်ဖြစ်၏။
ထိုအချိန်မျိုးတွင် လူတော်တော်များများက အိပ်ပျော်နေကြပြီဖြစ်ရာ အသုံးမဝင်သောအချိန်ဟု ဆိုနိုင်ပေသည်။
မဖြစ်မနေလုပ်ရမည့် စည်းကမ်းများကြောင့်သာမဟုတ်ပါက ရေဒီယိုရုံကလည်း ထိုပညာပေးပရိုဂရမ်ကို ဟိုးယခင်ကတည်းက ရပ်တန့်ပြီးနေပြီဖြစ်၏။
တိုက်ရိုက်ထုတ်လွှင့်မှုစတူဒီယိုထဲရှိ တင်ဆက်သူနှစ်ယောက်က ဥပဒေဆိုင်ရာစာပိုဒ်များကို ပျင်းစရာကောင်းအောင် ဖတ်ပြချေသည်။ ထို့ကြောင့် ရေဒီယိုရုံကလည်း ထိုအစီအစဉ်ကို ညနက်ပိုင်းတွင် အစီအစဉ်ချလိုက်ခြင်းပင်။
"ဆရာမစုန့်.. မစ္စတာယဲ့.. ရှင်တို့ရဲ့ပရိုဂရမ်စတော့မယ်နော်။ ကျေးဇူးပြုပြီး အဆင်သင့်ပြင်ထားပေးပါ"
စုန့်ဇစ်ချီလည်း အသက်ပြင်းပြင်းရှိုက်သွင်းလိုက်သည်။ သူတို့သည် တစ်မြို့လုံးရှိ နားဆင်သူများနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ သူ(မ) အနည်းငယ်စိတ်လှုပ်ရှားမိသည်။
တစ်ဖက်တွင်မူ ယဲ့ချန်းကတော့ ဧည့်သည်အနေနှင့် ပါဝင်ရခြင်းဖြစ်လေရာ စုန့်ဇစ်ချီနှင့် ပူးပေါင်းဆောင်ရွက်ရုံမျှသာ လိုသောကြောင့် ပေါ့ပေါ့ပါးပါးသာ။
အရေးအကြီးဆုံးမှာ သူ့တွင် နတ်ဘုရားအဆင့်တင်ဆက်မှုစွမ်းရည်ရှိနေလေရာ ဘယ်ပြဿနာကိုမှ မကိုင်တွယ်နိုင်စရာမရှိပေ။
ယဲ့ချန်းနှင့် စုန့်ဇစ်ချီတို့လည်း စတူဒီယိုထဲသို့ ဝင်လာလိုက်သည်။ ထိုနေရာတွင် အသက်သုံးဆယ်ဝန်းကျင် တင်ဆက်သူတစ်ယောက် ထိုင်နေပေသည်။
လီစုလန်က ခေါင်းမော့ကြည့်လိုက်ချိန်ဝယ် ယဲ့ချန်းဝင်လာတာကိုမြင်ပြီး အံ့ဩမှင်တက်သွားသည်။
ဝိုး ဒီလူက တော်တော်ချောတာပဲ!
လီစုလန်က အိမ်ထောင်သည်တစ်ယောက်ဖြစ်သော်ငြား သူ(မ)၏ယောကျ်ားက အလုပ်ကိစ္စဖြင့် မကြာခဏခရီးထွက်ရသည်။ ထို့ကြောင့် ယဲ့ချန်းကဲ့သို့ ချောမောခန့်ညားသော ယောကျ်ားတစ်ယောက်ကို မြင်လိုက်ရသောအခါ သူ(မ)၏ရင်ထဲ မီးပွားလေးတစ်စ တောက်လောင်လာသည်။
"မစ္စတာယဲ့ ကျွန်မဘေးမှာလာထိုင်လေ"
လီစုလန်က ခပ်မြူးမြူးပြုံးလျက် ပြောလိုက်သည်။ လီစုလန်၏ အထာပေးလေဟန်အကြည့်နှင့် ရင်ဆိုင်လိုက်ရချိန်ဝယ် ယဲ့ချန်း၏ခန္ဓာကိုယ်ကား တောင့်ခဲသွားရသည်။
ဒီမိန်းမက ငါ့ကို မြှူဆွယ်ဖို့ကြိုးစားနေတာလား?
သို့သော် သူ(မ)က တင်ဆက်သူဖြစ်နေသည့်အတွက် ယဲ့ချန်းလည်း လီစုလန်၏ဘေးနားတွင် နာနာခံခံလေးဝင်ထိုင်လိုက်သည်။
"ရှင်က ဘာအလုပ်လုပ်တာလဲ မစ္စတာယဲ့။ အရမ်းချောတာပဲနော်။ ဝီချက်အိုင်ဒီချင်းလဲရအောင်လေ။ အဲဒါဆိုရင် ကျွန်မတို့ နောက်နောင် တရားရေးကိစ္စတွေကို ဆွေးနွေးနိုင်တာပေါ့"
လီစုလန်က အပြုံးတစ်ပွင့်ခြွေရင်း ပြောလိုက်သည်။
ယဲ့ချန်းကတော့ နေရခက်ဟန်ဖြင့် ရယ်လိုက်လေသည်။
"တကယ်တော့ ကျွန်တော်က တက္ကစီမောင်းတာပါ။ ရှောင်ချီက ကျွန်တော့်ကို ဧည့်သည်အနေနဲ့ ခေါ်လာခဲ့တာ"
"ရှင်က တက္ကစီမောင်းတာလား"
လီစုလန်မှာ ယဲ့ချန်းကို ရှေ့နေတစ်ယောက်ဟု ထင်ထားခဲ့သောကြောင့် အံ့အားသင့်သွားလေသည်။
ယဲ့ချန်း၏အလုပ်အကိုင်အစစ်အမှန်ကို ကြားလိုက်ရသောအခါ လီစုလန်၏စိတ်ဝင်စားမှုမှာ သိသိသာသာထိုးကျသွားသည်။ မိနစ်အနည်းငယ်ကြာသော် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လေတော့သည်။
"အားလုံးပဲ မင်္ဂလာပါ။ မိုတုရေဒီယိုရဲ့ 'ညနက်ပိုင်းဥပဒေပညာပေးပရိုဂရမ်'မှ ကြိုဆိုပါတယ်။ ကျွန်မကတော့ လူကြီးမင်းတို့ရဲ့မိတ်ဆွေဟောင်း လန်လန်ဖြစ်ပါတယ်။ ဒီနေ့တော့ စတူဒီယိုထဲမှာ အထူးဧည့်သည်နှစ်ယောက် ရောက်နေပါတယ်။ ဟွားတုဥပဒေအကျိုးတော်ဆောင်ကုမ္ပဏီက ရှေ့နေစုန့်ဇစ်ချီနဲ့ ကျွန်မတို့ရဲ့ တက္ကစီဒရိုင်ဘာကြီး မစ္စတာယဲ့ချန်းတို့ပါ"
အကျဉ်းချုံးမိတ်ဆက်ပေးပြီးနောက် အစီအစဉ်ဘက်က ပုံမှန်အတိုင်း ဥပဒေပိုင်းဆိုင်ရာအကြောင်းများကို ဆက်ပြောလေတော့သည်။
လီစုလန်က စာရွက်တစ်ရွက်ကို ကောက်ကိုင်၍ ဥပဒေဆိုင်ရာစာပိုဒ်တစ်ခုကို ဖတ်ပြချေသည်။ ဥပဒေဆိုင်ရာစာပိုဒ်များမှာ အိပ်ငွေ့ချနိုင်သော အာနိသင်မျိုးရှိ၏။ မိနစ်အနည်းငယ်အကြာမှာတင် ယဲ့ချန်း အိပ်ချင်လာသည်။
ကံကောင်းချင်တော့ စုန့်ဇစ်ချီက သူ့အား ဆွဲဆိတ်ပေးသဖြင့် စတူဒီယိုထဲမှာ ငိုက်မျဉ်းသွားမည့်အရေးကို တားဆီးနိုင်ခဲ့သည်။
ရေဒီယိုရုံတစ်ခုအနေနှင့် ယခုလိုပျင်းဖို့ကောင်းလှသော ပရိုဂရမ်တစ်ခုကို ဆက်လက်ထုတ်လွှင့်နိုင်သည့်သတ္တိမျိုး မည်သို့များမွေးလေသလဲဟု ယဲ့ချန်း တွေးနေမိသည်။
ဖန်သားပြင်ပေါ်ရှိ နားဆင်သူများချန်ထားရစ်သော မက်ဆေ့ချ်များကို သူ လှမ်းကြည့်လိုက်သည်။
"ငါ အိပ်မပျော်တဲ့ရောဂါကို ခံစားနေရတာ။ ဒါပေမဲ့ ဒီတင်ဆက်သူရဲ့ ဥပဒေအကြံပေးပရိုဂရမ်ကို နားထောင်ပြီးကတည်းက လွယ်လွယ်လေးအိပ်ပျော်သွားတော့တာပဲ။ ကျေးဇူးတင်ပါတယ် လန်လန်"
"ငါ လန်လန့်အသံကိုနားထောင်ရင်း နေ့တိုင်းအိပ်ပျော်သွားတာ။ ဒါက အိပ်ဆေးထက်တောင် ပိုကောင်းသေးတယ်"
ဤကဲ့သို့သောမက်ဆေ့ချ်များက ဖန်သားပြင်ထက်တွင် အပြည့်နေရာယူထားသည်။ သို့သော် ထိုမက်ဆေ့ချ်များကို ဖတ်ပြ၍ မဖြစ်ချေ။
လီစုလန်ကိုကြည့်ရသည်မှာ နေသားကျနေဟန်ပင်။ အပြုံးချိုချိုလေးကိုသာ ဆက်လက်ဆင်မြန်းထားသည်။
"အခု ဥပဒေရေးရာဆွေးနွေးရမဲ့အပိုင်းကို ရောက်လာပါပြီ။ ကျွန်မတို့ရဲ့စတူဒီယိုဖုန်းနံပါတ် ၆၆၆၉၉၉၈ကို ဆက်သွယ်ပေးပါ။ လန်လန်၊ ရှေ့နေစုန့်နဲ့ မစ္စတာယဲ့တို့က စတူဒီယိုမှာ စောင့်မျှော်နေပါတယ်"
အဆုံးတွင်မူ အပြန်အလှန်ထုတ်လွှင့်မှုအပိုင်း စတင်လေပြီ။ နောက်ထပ်စာသားတစ်ပိုဒ်ကိုသာ ဆက်ဖတ်ပါက ယဲ့ချန်း အိပ်ပျော်သွားမည်ကို စိုးမိသည်။
မကြာခင်မှာပင် ပထမဆုံးဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည်။
"ဆရာ ဘာမေးခွန်းများမေးလိုပါသလဲ"
လီစုလန်က တက်ကြွသောအပြုံးလေးဖြင့် မေးလိုက်လေသည်။
ဤနားဆင်သူ၏ ပေါက်ကရမေးခွန်းကို နားထောင်ပြီးနောက် ယဲ့ချန်း သောက်လက်စအအေးကိုပင် ပြန်ထွေးထုတ်မိလုနီးပါးဖြစ်သွားရသည်။
*****************