← Chapters

ဥပဒေအကြံပေး

Vol. 10 Ch. 149

ဥပဒေအကြံပေး

Vol. 10 Ch. 149

ဖုန်းတစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ ငိုရှိုက်သံတစ်သံ ထွက်ပေါ်လာချေသည်။

"ဝူးဝူးဝူး..တင်ဆက်သူရှင့်.. ကျွန်မ အရမ်းခံပြင်းတာပဲ"

လီစုလန်ကလည်း အမြန်ပြန်ပြောလိုက်သည်။

"နားဆင်သူရှင့်.. စိတ်မပူပါနဲ့။ ကျွန်မတို့ဆီက ဥပဒေအကူအညီတစ်ခုခုများ လိုအပ်လို့လား"

အစတုန်းကတော့ ယဲ့ချန်း အိပ်ငိုက်နေပါသော်ငြား ထိုမိန်းကလေး၏ဇာတ်လမ်းကြောင့် ချက်ချင်းလန်းဆန်းသွားလေသည်။

ထိုမိန်းကလေးက ပြောလာသည်။

"တင်ဆက်သူရှင့်.. ကျွန်မက သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူတစ်ယောက်ပါ။ အဘိုးအိုတစ်ယောက်ကို ကျွန်မ ချစ်မိသွားခဲ့ပါတယ်။ သူ့မိန်းမက လူမမာတစ်ယောက်ပါ။ ဆေးရုံတက်နေရတာလည်း တော်တော်ကြာပါပြီ။ သူ့သားသမီးတွေကလည်း သူ့ကိုဂရုမစိုက်ပါဘူး။ ကျွန်မပဲ သူ့ကို နေ့တိုင်းပြုစုစောင့်ရှောက်နေရတာ။ သူကလည်းက ကျွန်မကိုကောင်းကောင်းဆက်ဆံပါတယ်။ ဘရန်းအိတ်တွေတောင် ဝယ်ပေးပါသေးတယ်။ အခု လူအိုကြီးက သူ့မိန်းမကို ကွာရှင်းပြီး ကျွန်မကိုလက်ထပ်ချင်နေတာ။ ဒါပေမဲ့ သူ့သားသမီးတွေက သဘောမတူဘဲ ကျွန်မတို့ကို လိုက်နှောင့်ယှက်နေပါတယ်။ ကျွန်မလည်း ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး"

အငှားအိမ်ခန်းလေးထဲတွင် မိန်းကလေးတစ်ယောက်က ရေဒီယိုနားထောင်ရင်း သူ(မ)၏မကျေနပ်ချက်များကို ထုတ်ဖော်နေချေသည်။

လီစုလန်ကလည်း သူ(မ)ကို နှစ်သိမ့်လိုက်၏။

"မိန်းကလေး.. မငိုပါနဲ့။ တကယ်ဆိုရင် အဲဒီလူအိုကြီးကသာ ရှင့်ကို တကယ်ချစ်တယ်ဆိုရင် သူ့သားသမီးတွေမှာ ရှင်တို့ရဲ့ပတ်သက်မှုကို ဝင်ရောက်နှောင့်ယှက်ခွင့်မရှိပါဘူး။ သူသာ ရှင့်ကို တကယ်ချစ်ပြီး ရှင်ကလည်း သူ့ကို တကယ်ချစ်တယ်ဆိုရင် ဥပဒေက ရှင်တို့ကို ကာကွယ်ပေးမှာပါ။ ဥပဒေက ချစ်ခွင့်ရှိတဲ့လူတိုင်းကို အသက်ကြီးကြီးငယ်ငယ် ကာကွယ်ပေးပါတယ်"

အငှားအိမ်ခန်းလေးထဲတွင် ထိုမိန်းကလေး၏မျက်လုံးအစုံကား တောက်ပသွားချေသည်။

အမှန်ပင်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ထိုလူအိုကြီးကို သူ(မ) နေ့တိုင်း ပြုစုစောင့်ရှောက်ခဲ့ရသည်ဖြစ်ရာ သူ(မ)၏ကြိုးစားမှုများအတွက် အကျိုးအမြတ်နည်းနည်းတော့ ရထိုက်ပေသည်။

လူအိုကြီးက သူ(မ)ကို လက်ထပ်တော့မည်ဖြစ်ရာ သူ(မ)၏နာမည်အောက်ကို ရောက်လာတော့မည့် အိမ်မျက်နှာကြောင့် သူ(မ)က မည်သို့လက်လျှော့နိုင်မည်နည်း။

ယဲ့ချန်းမှာ လီစုလန်၏စကားကို ကြားပြီးနောက် ဆွံ့အသွားလေသည်။

ဤသည်မှာ ဥပဒေပိုင်းဆိုင်ရာ အကြံပေးပရိုဂရမ်လား။ သို့မဟုတ် စိတ်ခံစားချက်ဆွေးနွေးတိုင်ပင်ရေးပရိုဂရမ်လေလား။

လူတိုင်း ချစ်ခွင့်ရှိသည်မှာ အမှန်ပင်။ သို့သော် အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော ဤမိန်းကလေးက ရေချိုးနိုင်စွမ်းမရှိသည့် အသက်ခုနစ်ဆယ်အရွယ် လူအိုကြီးတစ်ယောက်ကို ချစ်သတဲ့လား။

ထိုအဘိုးကြီး၏ပိုင်ဆိုင်မှုများကို မက်မောနေသည်မှာ သိသာလှသည်။

မေးနေစရာပင် မလိုချေ။ ဤမိန်းကလေးမှာ လီဟုန်းကဲ့သို့ လက်ဖက်စိမ်းမတစ်ယောက်ပင်။

အဲဒါကို မင်းက သူ့ကို အားပေးနေသေးတာလား။

လီစုလန်လည်း စုန့်ဇစ်ချီနှင့် ယဲ့ချန်းတို့ကို လှမ်းကြည့်လိုက်သည်။ ဤသည်မှာ သူ(မ)၏စကားလမ်းကြောင်းအတိုင်း ရေလိုက်ငါးလိုက်ဝင်ပြောပေးရန် ညွှန်ကြားနေခြင်းပင်။

လူတော်တော်များများက ဤပရိုဂရမ်၏လုပ်ပုံကိုင်ပုံကို ရင်းနှီးနေပြီးသားပင်။ ဧည့်သည်များအနေနှင့် အချစ်ကို ဥပဒေက မည်သို့မည်ပုံကာကွယ်ပေးမလဲဆိုတာကို ပြောပြကြရမည်။

သို့သော် ယဲ့ချန်း စကားဝင်ပြောလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။ အိပ်ငိုက်နေကြသော နားဆင်သူများပင် ချက်ချင်းနိုးကြားသွားသည်။

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

"မိန်းကလေး.. ကျွန်တော်ကတော့ မင်းကို ကိုယ်တိုင်အပြစ်ဝန်ခံပြီး သက်ညှာခွင့်တောင်းခံလိုက်ပါ"

ယဲ့ချန်း၏စကားများကြောင့် လူတိုင်း ကြောင်အသွားလေသည်။

ဒါက အချစ်ရေးပြဿနာတစ်ခုမဟုတ်ဘူးလား?

ကောင်မလေးက အဘိုးအိုကိုချစ်မိခြင်းမှာ မှားယွင်းနေလေသလား။

ရှင်က သူ့ကို အပြစ်တောင်ဝန်ခံစေချင်သေးတာလား?

သူ့မိန်းမနှင့်အတူ စားရင်းသောက်ရင်း နားထောင်နေသူတစ်ယောက်မှာ သောက်ထားလက်စများပင် ပြန်ထွေးထုတ်မိသဖြင့် သူ့မိန်းမ၏မျက်နှာကို သွားစင်လေသည်။

ဤဧည့်သည်က အလွန်အံ့ဩဖို့ကောင်းလှသည်။ ထိုမိန်းကလေးက တစ်ခုခုခိုးဝှက်ထားလို့လား?

ရှင်က သူ့ကို အပြစ်ဝန်ခံစေချင်တယ်ပေါ့လေ?

ထိုမိန်းကလေးကမူ လူအိုကြီး၏သားသမီးများကို တရားဥပဒေအရ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စဉ်းစားနေပါသော်ငြား ယဲ့ချန်းက သူ(မ)အား အပြစ်ဝန်ခံဖို့ ပြောနေသည်ကို ကြားလိုက်ရ၏။

အကြောင်းတစ်စုံတစ်ရာကြောင့် ဤအသံကို အလွန်ရင်းနှီးနေသလို ခံစားရသည်။

"တင်ဆက်သူ..ဒါက ဘာသဘောလဲ။ ကျွန်မ လူအိုကြီးကိုချစ်မိတာ ဘာအပြစ်များရှိလို့လဲ။ ကျွန်မကို ဘာလို့အပြစ်ဝန်ခံခိုင်းတာလဲ။ ဥပဒေကို ချိုးဖောက်မိလို့လား။ ရှင် ဒီနေ့ သေချာရှင်းပြရင်ရှင်းပြ။ မဟုတ်လို့ကတော့ ကျွန်မ ဒီအတိုင်းမထားဘူး"

လက်ရှိအချိန်တွင် ရေဒီယိုနားထောင်နေသူအားလုံးမှာ စိတ်ဝင်တစားဖြစ်နေကြသည်။ ယဲ့ချန်းက ထိုမိန်းကလေးကို ဘာကြောင့် အပြစ်ဝန်ခံခိုင်းနေသလဲဆိုသည်ကို သိချင်စိတ်ပြင်းပြနေကြ၏။

လီစုလန်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဧည့်သည်များက သူ(မ)၏အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ပေးရမည်ဖြစ်၏။ သို့သော် ဤဧည့်သည်ကတော့ ထုတ်လွှင့်နေချိန်တွင် ပေါက်ကရစကားများ ပြောနေလေသည်။

ပြဿနာတစ်ခုခုရှိလာပါက သူတို့၏ထုတ်လွှင့်မှုတွင် ပြဿနာတက်သွားလိမ့်မည်။

သူ(မ) ယဲ့ချန်းကို တားလိုက်ချင်ပါသော်ငြား တစ်ဖက်လူက စကားထပ်ဟလိုက်ပြန်သည်။

"မင်းက ဥပဒေအကြောင်း နားမလည်မှတော့ ကျွန်တော်ကပဲ ဥပဒေသဘောတရားတွေအကြောင်း အလင်းပြရသေးတာပေါ့။ နားလည်လွယ်အောင်လို့ ကျွန်တော် မင်းကို ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြမယ်"

ယဲ့ချန်းက သူ၏နတ်ဘုရားအဆင့်တင်ဆက်မှုစွမ်းရည်ကို ထုတ်သုံးလိုက်လေရာ သူ့အသံမှာ အလွန်ဆွဲဆောင်မှုရှိပြီး ဩဇာညောင်းလှသည်။ ရေဒီယိုရှေ့ရှိ နားဆင်သူများမှာ သူ့အသံကြောင့် ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။

"လီရှီလို့ခေါ်တဲ့ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူတစ်ယောက်ရှိတယ်။ သူ့အခြေအနေကလည်း မင်းနဲ့အတူတူပဲ။ သူက သူစောင့်ရှောက်ပေးခဲ့တဲ့ လူအိုကြီးတစ်ယောက်ကို သံယောဇဉ်တွယ်မိသွားတယ်။ အဲဒီလူအိုကြီးကလည်း သူ့ကို အကောင်းစားပစ္စည်းတွေအများကြီး ဝယ်ပေးခဲ့တယ်.. နောက်ပိုင်းကျတော့.."

ဤဇာတ်လမ်းမှာ ထိုမိန်းကလေး၏အခြေအနေနှင့် သိပ်မကွာပေ။ ယဲ့ချန်းက ထိုအကြောင်းအရာကို ပြန်ပြောင်းပြောပြနေခြင်းသာ။

ဇာတ်လမ်းကို အဆုံးသတ်ပြီးနောက် ယဲ့ချန်း မေးလိုက်လေတော့သည်။

"ဒီမိန်းကလေး ဘာဥပဒေကို ချိုးဖောက်မိထားလဲဆိုတာ သိကြလား"

နားထောင်နေသူများမှာ ချက်ချင်းဆိုသလို ကြောင်အကုန်ကြသည်။

ဤသည်မှာ လူအိုကြီးတစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးသည့် ပြုစုစောင့်ရှောက်သူတစ်ယောက်၏ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ဘူးလား။

ဘယ်လိုလုပ်ပြီး ဥပဒေချိုးဖောက်မှုက ပါဝင်လာရလေသလဲ။ ဒီလောက်မပြင်းထန်ဘူးလေ..

"တင်ဆက်သူ.. ဒါက အလွန်ဆုံးရှိလှ လူမှုရေးပြဿနာတစ်ခုပဲဖြစ်မှာလေ။ ဘယ်လိုလုပ်ပြီး ဥပဒေချိုးဖောက်မှုဖြစ်သွားရတာလဲ"

"အမှန်ပဲ။ ဒီကိစ္စက အဲဒီလောက်မပြင်းထန်ဘူးလေ"

"ဟုတ်တယ်။ အခု ဘယ်လိုလူမှုအသိုင်းအဝိုင်းမျိုး ဖြစ်နေပြီလဲ။ ဒါက ဘယ်လိုလုပ်ပြီး ဥပဒေချိုးဖောက်မှု ဖြစ်ရမှာလဲ"

နားဆင်သူများသာမက လီစုလန်နှင့် စုန့်ဇစ်ချီတို့ကပါ ယဲ့ချန်းကို အကြောင်သားငေးကြည့်နေမိတော့သည်။

ယဲ့ချန်းက ခေါင်းတခါခါလုပ်ရင်း ပြောလိုက်သည်။ ယခင်တုန်းက သူလည်း ဤကိစ္စကို ထွေထွေထူးထူးမဟုတ်ဟု ထင်မှတ်ခဲ့မိသည်။ သို့သော် နတ်ဘုရားအဆင့်ရှေ့နေစွမ်းရည်ကို ရပြီးနောက် ဤပြဿနာ၏လေးနက်မှုကို နားလည်သွားသည်။

"မှားတယ်။ သူက ဥပဒေကိုချိုးဖောက်ရုံတင်မကဘူး။ ထောင်ပါကျမှာ"

ယဲ့ချန်းကတော့ အခိုင်အမာအဆိုပြုလိုက်လေသည်။

"ဘာ?"

လူအုပ်ကြီးမှာ အံ့အားသင့်ကုန်ကြသည်။ သူ(မ)က ထိုကိစ္စလေးအတွက်နှင့် ထောင်ကျနိုင်သည်တဲ့လား။ ဤသည်မှာ လွန်လွန်းလှသည်မဟုတ်လား။

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

"ပြုစုစောင့်ရှောက်သူလီရှီက ဥပဒေချိုးဖောက်ထားပါတယ်။ ပထမအချက်အနေနဲ့ လူအိုကြီးရဲ့ဇနီးက ဆေးရုံတက်နေရတာ။ ဒါပေမဲ့ ဒီမိန်းကလေးက သူ့ခင်ပွန်းကို မြှူဆွယ်ခဲ့တယ်။ မင်းမှာလည်း ခင်ပွန်းရှိမှာပဲမလား။ ဒီတော့ ဒါက အိမ်ထောင်ရေးဖောက်ပြန်မှုပဲ"

"ဒုတိယတစ်ခုက လူအိုကြီးနဲ့ သူ့ဇနီးရဲ့ပိုင်ဆိုင်မှုတွေက ပူးတွဲပိုင်ဆိုင်မှုလေ။ ဒါပေမဲ့ မင်းက သူ့ကို သွေးဆောင်ဖြားယောင်းပြီး မင်းအတွက် ဇိမ်ခံပစ္စည်းတွေ ဝယ်ခိုင်းခဲ့တယ်။ ဒါက လိမ်လည်မှုပဲ"

"တတိယတစ်ခုကတော့ မင်းက လူအိုကြီးရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးပြီး သူ့မိန်းမနဲ့ ကွာရှင်းစေခဲ့တယ်။ ဒါက ပိုင်ဆိုင်မှုကိုသိမ်းယူဖို့ ကြံစည်မှုမှာ ပါဝင်သွားတယ်"

ယဲ့ချန်က ဆက်ပြောလိုက်ပြန်သည်။

"ပြုစုစောင့်ရှောက်သူလီရှီက ဘယ်လိုအပြစ်ပေးခံခဲ့ရလဲဆိုတာသိလား"

ထိုအမျိုးသမီးမှာ ကြောက်လန့်မှုကြောင့် ဖြူရော်သွားချေသည်။

သူ(မ)က လူအိုကြီးကိုလက်ထပ်ပြီး သူ့ဆီက ပိုင်ဆိုင်မှုကို အပိုင်သိမ်းပြီးမှ လုံခြုံရေးအတွက် နှစ်အနည်းငယ်ကြာသည့်အထိ စောင့်ဆိုင်းရန် စီစဉ်ထားသည်။

သို့သော် ဤသည်မှာ ဥပဒေချိုးဖောက်မှုတစ်ခုဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူ(မ)မှာ ခိုက်ခိုက်တုန်သွားပြီး မေးလိုက်မိသည်။

"ဘာအပြစ်ပေးခံခဲ့ရတာလဲ"

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

"ပထမအနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ဆယ့်ငါးရက်အချုပ်ခံရမယ်။ ပြင်းထန်တယ်ဆိုရင် တစ်နှစ်အထိ အချုပ်ချခံရနိုင်တယ်။ ဒုတိယအနေနဲ့ လိမ်လည်မှုအတွက် လူအိုကြီးကို မင်းအတွက် ဇိမ်ခံပစ္စည်းတွေဝယ်ခိုင်းပြီး မင်းနာမည်အောက်မှာ အိမ်တစ်လုံးလွှဲပြောင်းပေးခိုင်းခဲ့တာက စုစုပေါင်းနှစ်သန်းဝန်းကျင်ဆိုရင် ငါးနှစ်ကနေ ဆယ်နှစ်အထိ အချုပ်ခံရနိုင်တယ်"

...

ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။

"လီရှီဆိုတဲ့ အဲဒီပြုစုစောင့်ရှောက်သူက အခုအထိ ထောင်ထဲမှာ နေနေရတုန်းပဲ။ အဲဒါကြောင့် မင်းလည်း မြန်မြန်အပြစ်ဝန်ခံပြီး သက်ညှာခွင့်တောင်းခံလိုက်။ ဒီလိုဆိုရင် မင်းမှာ အခွင့်အရေးရှိ..."

ထိုအခိုက်မှာပင် ရေဒီယိုနားဆင်နေကြသူများအားလုံးလည်း အံ့အားသင့်ကုန်ကြသည်။ သူတို့ အသစ်အဆန်းတစ်ခုကို သင်ယူလိုက်ရပေသည်။ ဤသည်မှာ စင်စစ် ပြစ်မှုတစ်ခုပင်တည်း။

"အမလေး ငါက အိမ်ထောင်သည်အဘိုးကြီးတစ်ယောက်ကို ဖြားယောင်းဖို့တွေးနေတာ။ ဒါကလည်း ပြစ်မှုတစ်ခုဖြစ်နေတာကိုး"

"ငါ ပညာရလိုက်ပြီ။ ဖောက်ပြန်တာကလည်း ပြစ်မှုတစ်မျိုးပါလား"

"ဝိုး..ငါ အခုနားလည်ပြီ။ ချစ်တာက တရားမဝင်တာမဟုတ်ဘူး။ ငွေအတွက်လုပ်တာက တရားမဝင်တာ"

"အစတုန်းကတော့ ငါ အလုပ်မလုပ်တော့ဘဲ ရှူးဂါးမာမီတစ်ယောက်ကိုရှာပြီး ဘဝကို သက်သောင့်သက်သာဖြတ်သန်းတော့မယ်ဆိုပြီး တွေးနေတာ။ ဆရာယဲ့..ကျွန်တော့်ကိုကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကောမန့်များမှာ ဖန်သားပြင်ထက်တွင် ပြည့်ကျပ်သွားချေသည်။

ယခင်တုန်းက ကြည့်ရှုနှုန်းနိမ့်ခဲ့သော ဥပဒေအကြံပေးပရိုဂရမ်တစ်ခုမှာ ရုတ်ခြည်းရေပန်းစားသွားကြောင်း သိလိုက်ရသောအခါ ဝန်ထမ်းများမှာ အံ့ဩထိတ်လန့်ကုန်ကြသည်။

*****************

All Chapters