နောက်ထပ်ထောင်သားတစ်ယောက်
Vol. 10 Ch. 150
လီစုလန်မှာ ရက်ပေါင်းများစွာကြာအောင် အိပ်ရေးပျက်နေခဲ့သူပင်။ ထိုကိစ္စကို အစတုန်းကတော့ ဖောက်ပြန်မှုဟု ထင်ထားမိသော်ငြား ယဲ့ချန်း၏စကားကို နားထောင်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
ဆရာယဲ့ရဲ့အကြံကို သေချာနားထောင်မိလိုက်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါ အမှားကြီးတစ်ခုကို ကျူးလွန်မိတော့မလို့...
စကားမစပ် ဆရာယဲ့က တက္ကစီမောင်းတယ်လို့ ပြောလိုက်တယ်မလား?
သူက ဥပဒေအကြောင်းကို ဘယ်လိုဖြစ်ပြီး နှံ့နှံ့စပ်စပ်သိနေရတာလဲ?
လီစုလန်က တစ်ဖက်မိန်းကလေးနှင့် စကားဆက်ပြောချင်သောကြောင့် မေးကြည့်လိုက်သည်။
"တစ်ဖက်ကမိန်းကလေး..ဖုန်းကိုင်ထားသေးလား"
သို့သော် ဖုန်းတစ်ဖက်မှ ဘာအသံမှ မကြားရတော့ပေ။
သူ(မ) အပြစ်ဝန်ခံဖို့ ထွက်သွားခြင်းဖြစ်နိုင်သည်။
လီစုလန်က နေရခက်ဟန်ဖြင့် ရယ်လိုက်၏။
"ကျွန်မတို့ကို ဥပဒေအကြောင်း ရှင်းပြပေးတဲ့အတွက် ဆရာယဲ့ကို ကျေးဇူးတင်ပါတယ်။ အခု ကျွန်မတို့ရဲ့ နောက်ထပ်ထောင်သားတစ်ယောက်ကို ကြိုဆိုလိုက်ရအောင်"
ခွီး!
နားဆင်သူများမှာ မရယ်ဘဲ မနေနိုင်ချေ။
လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက ဂီတနတ်ဘုရားစုန့်၏ ဖျော်ဖြေပွဲများတွင် အလိုရှိတရားခံတချို့ကို ဖမ်းဆီးမိခဲ့သည်။
ဤအစီအစဉ်ကလည်း ထိုဖျော်ဖြေပွဲ၏ခြေရာကို လိုက်နေလေသလား။
ထိုအချိန်မှာပင် နားဆင်သူတစ်ယောက်က ဖုန်းထပ်ခေါ်လာသည်။ သူ စကားပြောလိုက်သည်နှင့် လူတိုင်း တသောသောရယ်ကြလေတော့သည်။
"ဆရာယဲ့..ကျွန်တော့်မှာ အခွင့်အရေးရှိသေးတယ်လို့ထင်လား"
ယဲ့ချန်းလည်း တဟားဟားရယ်လိုက်မိသည်။
"လူကြီးမင်း..ဘာကိစ္စလဲဆိုတာကို ပြောမပြရသေးဘူးလေ။ ကျွန်တော်က ခင်ဗျားကို ဘယ်လိုလုပ်ပြီး အခွင့်အရေးပေးလို့ရမှာလဲ"
ပြောလာသူကား စိတ်လှုပ်ရှားနေသော အမျိုးသားနားဆင်သူတစ်ယောက်ပင်။
"လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ကျွန်တော် အွန်လိုင်းပေါ်ကနေ လိပ်တွေဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆေးကြည့်လိုက်တော့ သူတို့ကိုကြည့်ရတာ ကာကွယ်စောင့်ရှောက်ခံတိရစ္ဆာန်လေးတွေဖြစ်နေပုံရတယ်"
"ဒါက ပြဿနာတော့မတက်လောက်ဘူးမလား။ ကျွန်တော် သူတို့ကို အိမ်မှာမွေးထားရင် တရားမဝင်တာတော့ မဟုတ်ဘူးမလား"
"မှန်ပါတယ်။ ဒီလိုအကောင်လေးတွေက အိမ်မှာ သိမ်းထားလိုက်ရင် ရဲတွေသိမှာမဟုတ်ဘူး"
"ကိုယ့်လူ..ငါလည်း လိပ်မွေးပါတယ်ကွာ။ မင်း မရောင်းသရွေ့တော့ အဆင်ပြေပါတယ်"
အင်တာနက်အသုံးပြုသူအမြောက်အများက ကောမန့်များ ဝင်ရေးကြသည်။
ယဲ့ချန်း : "ကိုယ့်လူ.. မြန်မြန်အပြစ်ဝန်ခံလိုက်တော့"
"အာ"
ယဲ့ချန်း၏စကားကြောင့် နားဆင်နေသူများမှာ တုန်ယင်ကုန်ကြသည်။
"ဒီအတွက် ထောင်ဒဏ်ဘယ်နှနှစ်လောက် ကျခံရမလဲ"
နားဆင်သူက တုန်ယင်နေလျက်သားဖြင့် ပြောလိုက်၏။
"ခင်ဗျားကို ပုံပြင်တစ်ပုဒ်ပြောပြမယ်"
ယဲ့ချန်းက ပုံပြင်တစ်ပုဒ်ထပ်ပြောမည်ဟု ဆိုလာလေရာ နားဆင်နေသူများလည်း တက်ကြွလာကြပြန်သည်။
"ကျွန်တော့်မှာ လောင်ကျန်းလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်"
နားဆင်သူများမှာ ရယ်မောလိုက်ကြသည်။
"ဆရာယဲ့ရဲ့သူငယ်ချင်းလောင်ကျန်းနဲ့ လီရှီတို့က အခုဆိုရင် ပြီးပြည့်စုံသွားပြီပဲ"
"ဒါကလည်း ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲထင်တယ်"
"လောင်ကျန်းက ကောလိပ်ကျောင်းသားတစ်ယောက်။ နွေရာသီပိတ်ရက်အတောအတွင်း အိမ်ပြန်ခဲ့တယ်။ အဲဒီမှာ သစ်ပင်တစ်ပင်ပေါ်က ငှက်သိုက်တစ်ခုကို သူ ရုတ်တရက်မြင်လိုက်ရရော။ အသိုက်ထဲက ငှက်လေးတွေက အရမ်းလှတာနဲ့ သူလည်း အပင်ပေါ်တက်ပြီး အကုန်လုံးကို ခေါ်လာခဲ့ပြီး အိမ်မှာမွေးထားလိုက်တယ်... သူ ထောင်ဘယ်နှနှစ်ကျခဲ့တယ်ထင်လဲ"
"ဘုရားရေ..ငှက်တွေကိုခေါ်သွားတာတဲ့။ မနေ့တုန်းက ငါ သစ်ပင်တစ်ပင်ကနေ ငါ့သားအတွက် ငှက်၁၆ကောင်ဖမ်းလာခဲ့တာ။ ငါလည်း ထောင်ဒဏ်ချမှတ်ခံရမှာလား"
"ငါတို့တွေက ကျေးလက်မှာကြီးပြင်းလာခဲ့တာမို့ ငှက်တွေကို ဖမ်းဖူးတာပါပဲ။ ဒါက ပြဿနာတော့ မတက်လောက်ပါဘူးနော်"
"ဟုတ်တယ်။ ဒါက ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ငြိစွန်းရမှာလဲ"
"ဆယ့်ငါးရက်လောက်ပဲ အချုပ်ကျမယ်ထင်တယ်"
...
အင်တာနက်အသုံးပြုသူများက ကောမန့်များ မန့်ကြလေသည်။ ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဆယ်နှစ်"
အမလေး!
တိုက်ရိုက်ထုတ်လွှင့်မှုကို နားဆင်နေသူများမှာ တိတ်ဆိတ်ကုန်ကြသည်။
ငှက်တစ်ကောင်ဖမ်းရုံမျှဖြင့် ထောင်ဆယ်နှစ်ကျသင့်ခြင်းမှာ လွန်လွန်းလှပေသည်။ ဤသည်မှာ အလွန်ရက်စက်လှပေသည်။
လိပ်ကလေးများကို မွေးထားသူခမျာ ငိုချလုမတတ်ပင်။
"ဆရာယဲ့.. ကျွန်တော် ဘယ်နှနှစ်လောက် ထောင်ကျမလဲ။ အပြစ်ဝန်ခံလိုက်ရမလား"
ယဲ့ချန်းက ဆို၏။
"ဟွားနိုင်ငံရဲ့ ရာဇဝတ်မှုဥပဒေ ပုဒ်မ၃၄၁မှာ သစ်တောကာကွယ်ရေးဥပဒေကို ချိုးဖောက်ခြင်း၊ တောကောင်လေးတွေကို လက်ဝယ်ပိုင်ဆိုင်ထားခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ရောင်းချခြင်းတို့အတွက် ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ်အထိ ကျခံနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်"
"ဘုရားရေ.. တကယ်ပြင်းထန်တာပဲ"
"ကိုယ့်လူ..မင်း မြန်မြန်အပြစ်ဝန်ခံလိုက်တော့"
"ဟုတ်တယ်။ ကိုယ့်အနာဂတ်ကို မပျက်စီးစေနဲ့။ အပြစ်ဝန်ခံရင် သက်ညှာမှုတော့ရမှာပါ"
ဖုန်းတစ်ဖက်တွင်မူ တိတ်ဆိတ်သွားချေသည်။ ထိုလူ အပြစ်ဝန်ခံဖို့သွားသလားဆိုတာကိုတော့ မည်သူက သိနိုင်မည်နည်း။
ယခင်တုန်းက ဤဥပဒေအကြံပေးအစီအစဉ်ကို ငိုက်မျဉ်းနေသော ဝန်ထမ်းအနည်းငယ်နှင့် နားဆင်သူအနည်းငယ်ဖြင့်သာ ရှေ့ဆက်ခဲ့ခြင်းဖြစ်၏။
သို့သော် ယနေ့တွင်မူ ငိုက်မျဉ်းနေသူများလည်း မရှိပါဘဲ အားလုံးက တက်ကြွလန်းဆန်နေကြသည်။ အဓိကအချက်မှာမူ သူတို့အနေနှင့် အများကြီးသင်ယူလိုက်ရသည်။
ဤသည်မှာ အစောပိုင်းကလို ဥပဒေစာပိုဒ်များ ဖတ်ပြခြင်းထက် အပုံကြီးပိုသာလေသည်။
ထိုအခိုက်မှာပင် တာဝန်ကျရေဒီယိုရုံဒါရိုက်တာက စောင့်ကြည့်စစ်ဆေးခန်းထဲသို့ ဝင်လာခဲ့သည်။
"ဒီနေ့အတွက် နားဆင်သူအများဆုံးအစီအစဉ်က ဘာလဲ"
"ညလယ်ပိုင်းဥပဒေအကြံပေးအစီအစဉ်ပါ"
ဝန်ထမ်းတစ်ယောက်က ထူးဆန်းလှသော အမူအရာတစ်ခုဖြင့် ပြောလိုက်လေသည်။
"ရှောင်ကျန်း.. ဟာသလာလုပ်မနေနဲ့"
ဒါရိုက်တာကျန်းက မျက်မှောင်ကြုတ်လိုက်ချေသည်။
ဝန်ထမ်းလေးကလည်း ကိုးရိုးကားရားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"တကယ်ပြောတာပါ။ ကျွန်တော် နောက်နေတာမဟုတ်ပါဘူး"
ဒါရိုက်တာကျန်းခမျာ မော်နီတာပေါ်ရှိ ကိန်းဂဏန်းများကြောင့် ထိတ်လန့်သွားရှာလေသည်။
"ဘယ်လိုလုပ်ပြီး ၀.၀၁၃ဖြစ်နိုင်မှာလဲ။ ဒေတာက မှားနေတာများလား"
"ကျွန်တော် သေချာစစ်ဆေးပြီးပါပြီ။ ဒေတာက ဘာမှမမှားပါဘူး"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
'ညလယ်ပိုင်းဥပဒေအကြံပေး'အစီအစဉ်မှာ အမြဲတမ်း နားဆင်နှုန်းအနည်းဆုံးပင်။ ယနေ့ကျမှ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ကြည့်ရှုသူတက်လာရလေသလဲ။
ဒါရိုက်တာကျန်းကလည်း ယဲ့ချန်း၏တင်ဆက်မှုကို အတော်ကြာအောင် နားဆင်ပြီးနောက် ချက်ချင်းအာရုံဝင်စားသွားလေသည်။
"ဆရာယဲ့က တင်ဆက်သူအသစ်လား"
"မဟုတ်ပါဘူး။ သူက ဧည့်သည်တစ်ယောက်ပါ"
"အံ့ဩဖို့ကောင်းလိုက်တာ။ အသံပိုင်းရော ကြည့်ရှုသူတွေရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့အပိုင်းမှာရော အကုန်ပြီးပြည့်စုံတယ်။ ဒီလိုပါရမီရှင်မျိုးကို ငါတို့ဆီမှာ ခေါ်ထားရမယ်"
ယဲ့ချန်း နောက်ဆုံးဖုန်းပြောခဲ့သူမှာ သိုက်တူးသမားမိန်းကလေးတစ်ယောက်ပင်။
"ဆရာယဲ့..ကျွန်မ တစ်ခုလောက်မေးချင်လို့ပါ။ ကျွန်မရဲ့ကောင်လေးနဲ့ ကျွန်မ တွဲနေတုန်းမှာ သူက ကျွန်မကို ကားဝယ်ဖို့အတွက် ယွမ်တစ်သိန်းပေးထားပါတယ်။ ဒါပေမဲ့ အခု ကျွန်မတို့ လမ်းခွဲလိုက်ပြီ။ သူက အဲဒီပိုက်ဆံကို ပြန်တောင်းနေပါတယ်။ ကျွန်မ ပြန်မပေးဘူးဆိုရင် ထောင်ထဲဝင်ရမှာလား"
ယဲ့ချန်းမှာ ဤစကားကိုကြားသော် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသည်မှာ သိုက်တူးသမားပင် ဖြစ်ချေသည်။
သူနဲ့လမ်းခွဲပြီးတာတောင် သူ့ပိုက်ဆံကိုတော့ ပြန်မပေးဘူးပေါ့?
"မင်းမှာ ပိုက်ဆံရှိတယ်ဆိုရင် ပြန်ပေးလိုက်တာ ပိုကောင်းပါတယ်"
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ ကျွန်မမှာ ပိုက်ဆံမရှိဘူး။ သူ့ကိုပြန်ပေးစရာပိုက်ဆံလည်း မရှိဘူး"
ထိုအမျိုးသမီးက ယုံကြည်မှုအပြည့်ဖြင့် ပြောလာချေသည်။
ယဲ့ချန်းလည်း ရယ်လိုက်မိသည်။
"မင်းမှာ အခု ပိုက်ဆံမရှိဘူးဆိုပေမဲ့ နောက်နောင်မှာလည်း မရှိဘူးလို့မှ ပြောလို့မရတာ။ မင်း ပြန်မပေးဘူးဆိုရင်လည်း ရပါတယ်။ တရားရုံးက မင်းကို စီရင်ချက်ချလို့ရတယ်။ မင်းရဲ့ကားနဲ့ မင်းရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုလည်း သိမ်းယူနိုင်တယ်။ ပြီးတော့ မင်း အမည်ပျက်စာရင်းအသွင်းခံရဦးမှာ။ နောက်နောင်ဆိုရင် အိမ်ဝယ်တာပဲဖြစ်ဖြစ် ကားဝယ်တာပဲဖြစ်ဖြစ် ချေးငွေယူလို့ရမှာမဟုတ်တော့ဘူး။ အရေးအကြီးဆုံးကတော့ မင်း ပိုက်ဆံပြန်မပေးဘူးဆိုရင် နောက်ကျတဲ့အတွက် ဒဏ်ကြေးကလည်း ဆောင်ရဦးမှာ။ ကြွေးမြီစားတစ်ယောက်ဖြစ်ရတာ လွယ်တယ်လို့ထင်နေတာလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုမိန်းကလေးမှာ ဆွံ့အသွားချေသည်။
"ကျေးဇူးတင်ပါတယ် တင်ဆက်သူရှင့်.. ကျွန်မ အခု နားလည်ပါပြီ။ ကျွန်မကောင်လေးကို အကြွေးပြန်ဆပ်ဖို့အတွက် ပိုက်ဆံချေးလိုက်ပါ့မယ်"
"အားလုံးပဲ.. အစီအစဉ်က အချိန်ပြည့်သွားပါပြီ။ အကြံပေးဆွေးနွေးခဲ့တဲ့အတွက် ဆရာယဲ့နဲ့ ရှေ့နေစုန့်တို့ကို ကျေးဇူးတင်ပါတယ်"
နားဆင်သူများမှာ အစီအစဉ်ပြီးဆုံးပြီဟု သိရသောအခါ အနည်းငယ်မကျေမနပ်ဖြစ်သွားလေသည်။
'ဘာ? ပြီးတာလည်း မြန်လိုက်တာ"
"နှစ်ပေါင်းများစွာအတွင်းမှာ အစီအစဉ်တစ်ခုကို မြန်မြန်ပြီးသွားလို့ အားမလိုအားမရဖြစ်မိတာ ဒါက ပထမဆုံးပဲ"
"တင်ဆက်သူ.. ဆရာယဲ့က မနက်ဖြန် ပြန်လာဦးမှာလား။ ငါတော့ သူ့အသံကို ကြွေသွားပြီ"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"တောင်းပန်ပါတယ။ ဒီနေ့ ကျွန်တော်က ဧည့်သည်တစ်ယောက်အနေနဲ့ လာခဲ့တာပါ။ တကယ်တော့ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ ဥပဒေအကြောင်း နည်းနည်းပဲသိပါတယ်"
မဖြစ်နိုင်တာ..တက္ကစီဒရိုင်ဘာတဲ့လား?
မင်းက ဥပဒေကို နည်းနည်းပဲနားလည်တာတဲ့လား?
ဒါဆိုရင် ဥပဒေပါရဂူဘွဲ့ရတွေတော့ အိမ်ပြန်ပြိး ကန်စွန်းဥစိုက်နေရုံပဲ ရှိတော့တာပေါ့။
....
တကယ်တမ်းတွင် ယနေ့အတွက် အဓိကဇာတ်လိုက်မှာ စုန့်ဇစ်ချီဖြစ်သင့်သည်။ သို့သော် သူ(မ)မှာ စကားတစ်ခွန်းမှပင် ဝင်မပြောနိုင်ခဲ့ပေ။
ယဲ့ချန်း၏ ဥပဒေနားလည်နိုင်စွမ်းက ဥပဒေပညာရပ်တွင် မာစတာဘွဲ့ရထားသော သူ(မ)ထက် မနိမ့်ပေ။
လီစုလန်လည်း အံ့အားသင့်သွားရသည်။
သူက တက္ကစီဒရိုင်ဘာလို့ ပြောထားတာမဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်တော်နေတာလဲ?
ယဲ့ချန်း စတူဒီယိုထဲက ထွက်တော့မည့်အချိန်မှာပင် ဒါရိုက်တာကျန်းက သူ့ကိုနှုတ်ဆက်လေသည်။
"မစ္စတာယဲ့..ကျွန်တော်တို့ရဲ့ရေဒီယိုရုံမှာ အလုပ်လုပ်ချင်လားဗျ။ ကျွန်တော်တို့က အစိုးရပိုင်လုပ်ငန်းတစ်ခုလေ။ လုပ်ငန်းက အခိုင်အမာပဲဆိုတော့ ခင်ဗျား ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို အထူးပါရမီရှင်တစ်ယောက်အနေနဲ့ အလုပ်ခန့်ပေးမှာပါ"
အတွေ့အကြုံရင့်သန်သော ရေဒီယိုတင်ဆက်သူတစ်ယောက်အနေနှင့် ဒါရိုက်တာကျန်းမှာ ယဲ့ချန်း၏အလားအလာကို သတိပြုမိသည်။
ယဲ့ချန်းသာ အလုပ်ဝင်နိုင်မည်ဆိုပါက သူ့အား အစီအစဉ်တစ်ခုပေးလိုက်လျှင် ထိုအစီအစဉ်မှာ သေချာပေါက်အောင်မြင်ပေလိမ့်မည်။
ယဲ့ချန်းကတော့ ခေါင်းခါယမ်းပြသည်။
"အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း..ဒါပေမဲ့ ကျွန်တော်က တက္ကစီမောင်းချင်တာပါ"
******************