အာဏာပြလွန်းလှသော ရှေ့နေမိခင်
Vol. 10 Ch. 137
ချန်းဝမ်က မတ်တတ်ထရပ်၍ လှောင်ပြုံးပြုံးနေသော ရှန်ချိုက်ယွင်ကို ပြောလိုက်၏။
"ကျွန်တော် တကယ်တောင်းပန်ပါတယ် မန်နေဂျာရှန်.. ကျုပ်တို့ ခင်ဗျားနဲ့ စာချုပ်မချုပ်နိုင်တော့ပါဘူး"
ရှန်ချိုက်ယွင်က သူတစ်ပါးကို ချိုးနှိမ်ရသည့်အရသာကို ခံစားနေခိုက် ချန်းဝမ်၏စကားကြောင့် ကြက်သေသေသွားလေသည်။
"ဘာလို့လဲ ဥက္ကဋ္ဌချန်း. ကျွန်မတို့ ခုနကပဲ သဘောတူညီမှုရထားပြီးပြီမဟုတ်ဘူးလား"
ချန်းဝမ်က ဆို၏။
"ဟုတ်ပါတယ်။ ကျွန်တော်တို့ ခုနက သဘောတူထားပြီးပါပြီ။ ဒါပေမဲ့ အခုထိတော့ စာချုပ်မချုပ်ရသေးဘူးလေ။ ဟုတ်တယ်မလား။ အထက်လူကြီးတစ်ယောက်က ဒီမိန်းကလေးနဲ့ ပူးပေါင်းဆောင်ရွက်ချင်လို့တဲ့"
"ဘာ?"
ရှန်ချိုက်ယွင်ခမျာ ရုတ်ခြည်းကြောင်အသွားရလေသည်။
အစောတုန်းကမှ ထိုမိန်းကလေးကို သူ(မ) မောက်မောက်မာမာအရှက်ခွဲထားပြီး တစ်ဖက်လူက သူ(မ)နှင့် ယှဉ်ပြိုင်ရန်အတွက် အတွေ့အကြုံမရှိသေးဘူးဟုပင် ပြောထားသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ(မ)၏သဘောတူညီချက်ကို လုယုခံလိုက်ရသည်။ ဤအလှည့်အပြောင်းကား အလွန်မြန်ဆန်လှပေသည်။
စားပွဲဝိုင်းရှိ အခြားလူများမှာ ရှန်ချိုက်ယွင်ကို ထူးဆန်းလှသော အမူအရာများဖြင့် ကြည့်နေကြသဖြင့် သူ(မ) ပိုရှက်သွားရသည်။
"ဥက္ကဋ္ဌချန်း ကျွန်မ ဒီစာချုပ်ကို ချုပ်ရမှဖြစ်မှာ။ ကျွန်မတို့ရဲ့ကုန်ကျစရိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ မူလအခြေခံကုန်ကျစရိတ်ထက် ဆယ်ရာခိုင်နှုန်းလျှော့ပေးမှာပါ"
ရှန်ချိုက်ယွင်၏စကားကို ကြားသောအခါ လူတိုင်း အံံ့အားသင့်သွားကြသည်။
ကြည့်ရသည်မှာ ရှန်ချိုက်ယွင်က ဤသဘောတူညီမှုကို မဖြစ်မနေအရယူလိုဟန်ပင်။ ဆယ်ရာခိုင်နှုန်းဆိုသည်မှာ နည်းပါးလှသော ပမာဏတစ်ခုမဟုတ်ချေ။
ရှန်ချိုက်ယွင်မှာ သူ(မ)ဘက်က ဤမျှအထိ ဈေးလျှော့ပေးထားသဖြင့် ချန်းဝမ်လည်း သေချာပေါက်သဘောတူလာလိမ့်မည်ဟု ယုံကြည်ထားသဖြင့် ယုံကြည်မှုအပြည့်ဖြင့် ချန်းဝမ်ကို ကြည့်လိုက်သည်။
သို့သော် ချန်းဝမ်ကတော့ ခေါင်းခါယမ်းပြလေသည်။
"တောင်းပန်ပါတယ် မန်နေဂျာရှန်.. တစ်ဖက်လူက ကျွန်တော်အပြစ်ပြုလို့မဖြစ်တဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေလို့ပါ။ ခင်ဗျားဘက်က ဆယ်ရာခိုင်နှုန်းဈေးလျှော့ပေးရင်တောင် တစ်ပြားတစ်ချပ်မှမယူဘူးဆိုရင်တောင် ကျွန်တော် ခင်ဗျားနဲ့ လက်မှတ်ထိုးလို့မရပါဘူး"
စုန့်ဇစ်ချီလည်း အတန်ငယ်နားရှုပ်သွားလေသည်။
ဘာတွေဖြစ်ကုန်တာလဲ? ထိပ်သီးပုဂ္ဂိုလ်တဲ့လား?
သူ(မ) ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်နှင့် ဘယ်တုန်းကများ တွေ့ဖူးလိုက်တာလဲ?
ထို့ပြင် ဤနေရာ၌ ဌာနမန်နေဂျာတစ်ယောက်ကိုသာ သူ(မ) သိသည်။
ရုတ်ခြည်းပင် ပုံရိပ်တစ်ခုက သူ(မ)၏စိတ်အာရုံထဲသို့ ဝင်ရောက်လာသည်။
ထိုတက္ကစီဒရိုင်ဘာများလား။
မဖြစ်နိုင်တာ မဖြစ်နိုင်တာ..
ချန်းဝမ်က စုန့်ဇစ်ချီကို ပြောလိုက်၏။
"မိန်းကလေးစုန့်.. ကျွန်တော်တို့ အခုချက်ချင်းလက်မှတ်ထိုးလို့ရပါပြီ။ မင်း စာချုပ်ယူလာခဲ့လား"
"ယူလာပါတယ်။ ယူလာပါတယ်"
စုန့်ဇစ်ချီလည်း အဆုံးမှာတော့ သတိပြန်ဝင်လာချေသည်။
ရှန်ချိုက်ယွင်ခမျာ သူ(မ)၏သဘောတူညီမှုကို လုယူခံလိုက်ရသည့်အဖြစ်အား ကြည့်ရင်း ရှက်လွန်းလှသောကြောင့် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားလေသည်။
သူ(မ)က စုန့်ဇစ်ချီကို လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောလိုက်သည်။
"ကလေးမ.. နင်ကများ ငါ့လုပ်ကွက်ကို လာလုရဲတယ်ပေါ့။ နင် ရှေ့နေလောကထဲမှာ သက်တမ်းမရှည်စေရဘူး"
ဤသို့ဖြင့် ရှန်ချိုက်ယွင်မှာ ဘာမှမစားတော့ဘဲ လက်ကိုင်အိတ်ကိုဆွဲလျက် ဒေါသတကြီးထွက်ခွာသွားသည်။
ချန်းဝမ်ကတော့ ရှန်ချိုက်ယွင်ကို အပြစ်ပြုမိသွားသော်ငြား စိတ်ပူပန်ခြင်းမရှိ။ ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင် ရှန်ချိုက်ယွင်က ဘာမှမပြောပလောက်ပေ။
ချန်းဝမ်လည်း စုန့်ဇစ်ချီကို တလေးတစားစကားဆိုလိုက်သည်။
"မိန်းကလေးဇစ်ချီ.. တစ်ခုခုစားဦးမလား"
စုန့်ဇစ်ချီကတော့ ခေါင်းခါယမ်းလိုက်သည်။
"မစားတာကောင်းလိမ့်မယ်။ စာချုပ်ကိုသာ ချက်ချင်းလက်မှတ်ထိုးရအောင်ပါ"
ရှန်ချိုက်ယွင်ကမူ သူ(မ)၏ကားရှိရာဆီသို့ ကမူးရှူးထိုးရောက်ချလာပြီး ဖုန်းတစ်လုံးကို ခေါ်လိုက်၏။
"မစ္စတာဝူ.. ဟွားတုဥပဒေလုပ်ငန်းစုရဲ့ စုန့်ဇစ်ချီက ဘယ်လိုနောက်ခံမျိုးရှိတာလဲ"
"ဘာ? ဘာနောက်ခံမှမရှိဘူးလား။ အခုမှကျောင်းပြီးခါစ ကောင်မလေးတစ်ယောက်တဲ့လား"
ရှန်ချိုက်ယွင်ခမျာ တဒင်္ဂမျှမှင်တက်သွားရသည်။
မစ္စတာဝူက ပြောလေသည်။
"ဟုတ်တယ်။ ကျုပ်တို့ဥက္ကဋ္ဌလီနဲ့ ဝမ်သိုက်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌက ဆက်ဆံရေးကောင်းကြတယ်တဲ့။ သူ ဖုန်းဆက်တာဖြစ်မှာပေါ့။ ဒီကောင်မလေးက တော်တော်ကံကောင်းတာပဲ။ အစ်မချိုက်ယွင်.. အဲဒီမိန်းကလေးက ခင်ဗျားကို စော်ကားထားလို့လား။ ကျုပ် သူ့ကို နောက်မှ သင်ခန်းစာကောင်းကောင်းပေးလိုက်မယ်"
"ဟမ့်.. သူ့ကို အလုပ်ထုတ်လိုက်တာ ပိုကောင်းမယ်။ ကျွန်မ သူ့ကို ရှေ့နေလောကမှာ မမြင်ချင်ဘူး"
"စိတ်မပူပါနဲ့။ ကျုပ် သေချာပေါက်ဖြေရှင်းလိုက်ပါ့မယ်"
ဖုန်းချလိုက်ပြီးနောက် ရှန်ချိုက်ယွင်ခမျာ အသက်ရှူသွင်းလိုက်သည်။
"ကလေးမ.. နင်ကများ ငါ့ကို အရှက်ခွဲရဲတယ်ပေါ့။ နင်တော့ သေပြီသာမှတ်ထား"
ထိုအချိန်ဝယ် ရှန်ချိုက်ယွင်၏ဖုန်းက ထပ်မြည်လာပြန်သည်။
ဖုန်းနံပါတ်ကိုမြင်သောအခါ ရှန်ချိုက်ယွင်၏မျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"သား.. လိုအပ်တာတစ်ခုခုရှိလို့လား"
"အမေ.. ကျွန်တော် အတန်းဖော်တွေနဲ့ ရေပူစမ်းကိုသွားချင်လို့။ အမေအားလား"
"အားတာပေါ့။ အားတာပေါ့။ ဖြစ်ချင်တော့ အမေလည်း ဒီည ဘာအစီအစဉ်မှမရှိဘူး"
ယဲ့ချန်းလည်း ထျန်းချန်ယိပင်သို့ မောင်းလာခဲ့လိုက်သည်။ ယဲ့ချန်း အံ့ဩသွားရသည်မှာ ထန်းလု၏နံဘေးတွင် နောက်ထပ်မိန်းကလေးတစ်ယောက် ရှိနေသည်။
"သူက ဘယ်သူလဲ"
ယဲ့ချန်းခမျာ တဒင်္ဂမျှ ကြက်သေသေသွားသည်။
"ဒါက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်း ယွီကျားလေ"
"ဪ မင်္ဂလာပါ"
ယဲ့ချန်းလည်း ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ရှင်က ထန်းလုရဲ့ချစ်သူလား။ တကယ်ချောတာပဲနော်"
ယွီကျားက ပြုံးပြုံးလေး ဆိုလာလေသည်။
"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"
"စကားမစပ် ထန်းလုရဲ့အဖေက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဆေးရုံကို ခဏခဏလာနေတာ။ ရှင်ကတော့လေ ထန်းလုကိုတောင် ခေါ်ထုတ်သွားနိုင်တာဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ"
ထန်းလုခမျာ ရှက်ဝဲဝဲဖြင့် ပြောလိုက်သည်။
"ယွီယွီ.. ငါ့ကို မစပါနဲ့တော့။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ငါ့အဖေကို တားပေးထားနိုင်လို့ နင့်ကိုကျေးဇူးတင်နေတာ။ အဲဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့ ရေပူစမ်းသွားဖို့ ဖိတ်လိုက်တာပေါ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ရတာပေါ့။ ဒီနေ့ ငါ ဒကာခံမယ်"
ယဲ့ချန်းက တည်နေရာထည့်သွင်းလိုက်ပြီးနောက် သူတို့နှစ်ယောက်နှင့်အတူ ရွှေနဂါးရေပူစမ်းအပန်းဖြေစခန်းသို့ မောင်းထွက်လာခဲ့လိုက်သည်။
ကားထဲမှထွက်ပြီးနောက် ထန်းလုလည်း ယဲ့ချန်းအား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်၏။
ယွီကျားခမျာ တဒင်္ဂမျှကြောင်အသွားချေသည်။
"နင်တို့က အတွဲတွေဟာကို တက္ကစီဖိုးပေးရသေးတာလား"
ထန်းလုက ရယ်လိုက်၏။
"ဟားဟား.. ငါ့ကောင်လေးမှာ ဝါသနာတစ်ခုရှိတယ်။ သူက ဘဝအတွေအကြုံယူဖို့ တက္ကစီမောင်းရတာကို သဘောကျတာလေ"
ယွီကျားကတော့ ခေါင်းတခါခါလုပ်နေလေသည်။
"နင်တို့လူငယ်တွေကို ငါအားကျလိုက်တာနော်"
[တင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကိုရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ပထမမြောက်ကြယ်ငါးပွင့်(၁/၅)ကို ရရှိထားပါပြီ။ ဆုလာဘ်ကတော့ ရွှေနဂါးရေပူစမ်းအပန်းဖြေစခန်းဖြစ်ပါတယ်]
ရွှေနဂါးရေပူစမ်းအပန်းဖြေစခန်းဆိုသည်မှာ ဖျော်ဖြေရေး၊ ကြံ့ခိုင်ရေး၊ ရေပူစမ်းနှင့် အစားအသောက်ကဏ္ဍတို့ကိုပါ ပေါင်းစပ်ထားသော ဇိမ်ခံအပန်းဖြေစခန်းတစ်ခုပင်။
အနီးအနားမြို့များနှင့် မိုတုမြို့ရှိ ရုံးဝန်ထမ်းများမှာ ဤနေရာသို့ ရေပူစမ်စိမ်ပြီး အနားယူရန်အတွက် နေ့တိုင်းလာရောက်ကြသည်။
အပန်းဖြေစခန်း၏ နှစ်စဉ်ဝင်ငွေမှာ တစ်ဆယ်ဘီလျံကျော်ရှိ၏။
ယဲ့ချန်း၏လုပ်ငန်းများမှာ တိုးပွားသည်ထက် တိုးပွားလာသည်။ ကံကောင်းချင်တော့ ထိုအရာများကို စီမံခန့်ခွဲပေးမည့် လင်းယောင်ယောင် ရှိနေပေသည်။
သူ့အနေနှင့် အလွန်ကံကောင်းသလို ခံစားရသည်။ လင်းယောင်ယောင်က သူ့ကိုယ်ပိုင်ဘဝထဲတွင်လည်း ရှိသလို ကုမ္ပဏီကိစ္စများကိုလည်း စီမံခန့်ခွဲပေးနေသဖြင့် သူ့အနေနှင့် တက္ကစီမောင်းခြင်းကို အာရုံစိုက်နိုင်သည်။
ရေချိုးဝတ်ရုံကို လဲဝတ်ပြီးနောက် ထန်းလုနှင့် ယွီကျားတို့က ရေပူစမ်းစိမ်နေကြပြီဖြစ်ကြောင်း ယဲ့ချန်း မြင်လိုက်ရ၏။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်စလုံးက မိန်းကလေးများဖြစ်သည့်အတွက် ယဲ့ချန်းလည်း ယခင်ကလို ထန်းလုနှင့် တပူးပူးတတွဲတွဲလုပ်နေ၍ မရချေ။
ထို့ကြောင့် အနီးအနားရှိ ရေကန်တစ်ကန်ကိုသွား၍ ထိုင်ချလိုက်သည်။
ငါးအသေးလေးတစ်စုက အနားသို့ကူးခတ်လာပြီးနောက် သူ့အား ထိုးဆိတ်နေချေသည်။
ဤငါးလေးများက ခန္ဓာကိုယ်ပေါ်ရှိ ဘက်တီးရီးယားများကို စားသောက်ပစ်နိုင်သည်ဟု ဆိုကြ၏။ ယဲ့ချန်းလည်း ရေပူစမ်းစိမ်ရင်း မျက်လုံးမှိတ်ကာ ယားကျိကျိခံစားချက်ကို ခံစားရင်း ဇိမ်ခံနေလိုက်သည်။
ထိုအချိန်မှာပင် အချင်းများသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာသည်။
"နင့်လိုကလေးတစ်ယောက်က ဒီလိုညစ်တီးညစ်ပတ်လုပ်ရပ်မျိုး ဘယ်လိုတောင်လုပ်နိုင်ရတာလဲ"
ယဲ့ချန်းလည်း မျက်လုံးဖွင့်ပြီး မလှမ်းမကမ်းရှိ ရေကန်တစ်ကန်ဆီသို့ ကြည့်လိုက်၏။
ယွီကျားက ဆယ့်လေးနှစ်ဆယ့်ငါးနှစ်အရွယ်ရှိသော ကောင်လေးတစ်ယောက်ကို ဖမ်းဆုပ်ထားသည်။
"နင် လွန်သွားပြီနော်။ ရေအောက်ထဲမှာ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရဲတယ်ဆိုတော့ နင့်မိဘတွေက နင့်ကို ဘယ်လိုဆုံးမထားလို့လဲ"
ထိုကောင်လေးခမျာ အသည်းအသန်ရုန်းနေရှာသည်။
"ကျွန်တော့်ကိုလွှတ်ပေး။ နာနေပြီ"
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးတစ်ယောက်က ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ဒေါသတကြီးအော်ဟစ်လိုက်၏။
"ကောင်မ.. ငါ့သားကိုလွှတ်လိုက်စမ်း"
ယွီကျားက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ခံပြောလိုက်သည်။
"ဒါက ရှင့်သားလား။ ရှင် သူ့ကို သေချာမထိန်းဘူးလား။ သူူက ရေအောက်ကနေ ကျွန်မကိုလာကိုင်နေတာ"
ထိုကောင်လေးက ထိုအခွင့်အရေးကို အရယူ၍ ယွီကျား၏လက်မှ လွတ်အောင်ရုန်းသွားပြီး ထိခိုက်နစ်နာလေဟန်ဖြင့် ပြောလိုက်သည်။
"အမေ ကျွန်တော် ဘာမှမလုပ်ဘူး။ ဒီအတိုင်းရေကူးရင်း သူ့ကို မတော်တဆထိမိသွားတာ။ ဒီမိန်းမကြီးက သူ့ကိုထိပါတယ်ဆိုပြီး လာစွပ်စွဲနေတာ"
ထိုအမျိုးသမီးကြီးက ဤစကားကိုကြားသော် မျက်မှောင်ကြုတ်လိုက်မိသည်။
"မိန်းကလေး..ငါ့သားကို အခုချက်ချင်းတောင်းပန်လိုက်ဖို့ အကြံပေးချင်တယ်"
ယွီကျားခမျာ ဤစကားကိုကြားလိုက်ရပြီးနောက် ဆွံ့အသွားရလေသည်။
"ရှင့်သားက ဒီလိုညစ်တီးညစ်ပတ်လုပ်ရပ်မျိုးကို လုပ်ခဲ့တာလေ။ ရှင်က သူ့ကို သေချာမဆုံးမတဲ့အပြင် ကျွန်မကိုတောင် လာတောင်းပန်ခိုင်းနေတယ်ပေါ့။ ရှင် ရူးသွားပြီလား"
ထိုအမျိုးသမီးကြီးကတော့ ထိပ်တန်းရှေ့နေ ရှန်ချိုက်ယွင်ပင်တည်း။
*****************