ရွေးချယ်ခံရခြင်း၊ တူညီမှု။
Vol. 22 Ch. 326
လှပသောအမျိုးသမီးကို တွေ့လိုက်သည်နှင့် လော့ချန် ချက်ချင်း ရှေ့သို့လျှောက်သွားကာ လက်သီးလက်ဝါးဆုပ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။
“အစ်မကြီးလော့ယောင် အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်…”
ထိုအမျိုးသမီးက ငွေရောင်ခြူးသံလို ရယ်မောသံတစ်ခုထွက်ပေါ်လာပြီး အနက်ရောင်မျက်နှာဖုံးကို ဖြည်းညင်းစွာ ချွတ်လိုက်သည်။
အနက်ရောင်ပုဝါပါး ပြုတ်ကျသွားသည်နှင့်အမျှ ဆွဲဆောင်မှုအပြည့်ရှိသော မျက်နှာတစ်ခုက ထင်ရှားလာသည်။ အသားအရေမှာ ကြည်လင်တောက်ပပြီး မယှဉ်နိုင်သော ဆွဲဆောင်မှုတစ်ခုကို ဖြာထွက်နေသည်။
လော့ချန်ရင်ထဲ အနည်းငယ်ထိတ်လန့်သွားပြီး အံ့သြစွာ ချီးကျုးလိုက်မိသည်။ လူငယ်ထူးချွန်များစွာ လာရောက်လည်ပတ်လိုကြသည်မှာ မထူးဆန်းပေ။
သွင်ပြင်နှင့်အမူအရာအရ နဝမမြောက်မင်းသမီးလေး ကျင်းယူရှီကပင် အနည်းငယ်နိမ့်ကျသွားပေလိမ့်မည်။
လော့ယောင်က ပြုံးလျက် မေး၏။
“မင်းငါ့ကို ဘယ်လိုများမှတ်မိသွားတာလဲ… အားမူဆိုတဲ့ မိန်းကလေးက လျှောက်ပြောလိုက်လား…”
လော့ချန်က ခေါင်းယမ်းလိုက်သည်။
“သူဘာမှမပြောခဲ့ဘူး… ငါကိုယ်တိုင်ခန့်မှန်းလိုက်တာ။ ကမ္ဘာပေါ်မှာ အကြောင်းမဲ့ ကျေးဇူးပြုတာမရှိဘူး။ အထူးသဖြင့် အကြိမ်ပေါင်းများစွာ ကူညီပေးတာဆိုရင်။ လင်ယွမ်ပြတိုက်ထဲမှာ တွေးကြည့်တော့ ငါသိတဲ့သူဆိုလို့ ဒီအစ်မကြီးတစ်ယောက်ပဲ ရှိတာလေ…”
“မင်းဆိုတဲ့ကောင်လေး… တစ်ခါတစ်လေ ငါတကယ်ပဲ မင်းအသက်က ၁၄-၁၅ နှစ် ဟုတ်ရဲ့လားလို့ သံသယဝင်မိတယ်…”
လော့ယောင်က ပြုံးရွှင်စွာ ပြောလိုက်ပြီး လက်ျာလက်ကို ဖြည်းညင်းစွာ ဟန်လုပ်လှုပ်ပြရင်း လော့ချန်ကို ဘေးနားထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။ ထို့နောက် အားမူကို လက်ဖက်ရည်ဖျော်ဖို့ မှာလိုက်သည်။
မကြာခင် အားမူက လက်ဖက်ရည်ကို ယူလာသည်။
လက်ဖက်ရွက်များမှာ ထူးခြားစွာ တစ်ဝက်ဖောက်ထွင်းမြင်နိုင်သော ပန်းပွင့်လွှာများဖြစ်ပြီး ဖဲကြိုးလို ရွှေရောင်စွမ်းအင်များက ထိုအရာထဲမှ မရပ်မနား ထွက်ပေါ်လာသည်။ လက်ဖက်ရည်ကိုယ်တိုင်ကပင် ရွှေရောင်ဖျော့ဖျော့အလင်းဖြာထွက်နေပြီး တဖျပ်ဖျပ်တောက်ပနေသည်။ အနံ့အနည်းငယ်သာ ရှူရှိုက်မိလိုက်ရုံနှင့် နှုတ်ခမ်းနှင့်သွားများက မွှေးရနံ့ဖြင့် ပြည့်နှက်သွားကာ စိတ်ကြည်လင်လန်းဆန်းလာသည်။
လော့ချန်က တစ်ငုံသောက်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာပြီး စိတ်ဓာတ်ကြည်လင်လာသည်။
လင်ယွမ်ပြတိုက်ဆိုသည်မှာ လင်ယွမ်ပြတိုက်ပင်။ ပေါ့ပေါ့ပါးပါး ထုတ်ယူလာသည့်အရာများပင် သာမန်မဟုတ်ပေ။
ထိုအတွေးဖြတ်သန်းသွားသည်နှင့် လော့ချန်က ဆေးပုလင်းတစ်လုံးကို ထုတ်ယူပြီး လော့ယောင်ထံသို့ လှမ်းပေးလိုက်သည်။
“အစ်မကြီးလော့ယောင်… ဒါက ကျွန်တော့်ရဲ့ သေးငယ်တဲ့ လက်ဆောင်ပါ… လက်ခံပေးပါ…”
လော့ယောင်က ဆေးပုလင်းကို ဖွင့်ကြည့်လိုက်ရာ မျက်ဝန်းများက ချက်ချင်း တောက်ပလာသည်။
“ဝိညာဉ်ဆေးအနှစ်သာရ… ဘယ်လောက်များသန့်စင်လိုက်တာလဲ… အပြစ်အနာအဆာကင်းလုနီးပါးပဲ… ပြီးခဲ့တဲ့အချိန်က မင်း မို့ယန်အကြီးအကဲကို ပေးခဲ့တဲ့ ဝိညာဉ်ဆေးအနှစ်သာရက သူ့ကို အများကြီးကူညီပေးခဲ့ပြီး ကြယ်ရှစ်ပွင့်ဆေးဆရာအဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တယ် သိလား…”
“ဒီလက်ဆောင်ကို ငါလက်ခံလိုက်မယ်…”
လော့ယောင်က ဝမ်းမြောက်စွာ ပြောလိုက်ပြီး ခဏရပ်ကာ မေးလိုက်သည်။
“မင်းရဲ့ဆရာကြီး နေကောင်းလား…”
လော့ချန်က လော့ယောင်မေးသည်မှာ သူ၏နောက်ကွယ်ရှိ ဆေးဘုရင်ကို ရည်ညွှန်းမှန်း သိလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“ကျွန်တော် သူ့ကို မတွေ့ရတာကြာပြီ…”
လော့ယောင်ကလည်း ဂရုမစိုက်ပေ။
ဤသို့သော ကြီးကျယ်သူမျိုးမှာ နဂါးတစ်ကောင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး တွေ့ရန်မလွယ်ကူတတ်ပေ။
ဆေးပုလင်းကို သိမ်းလိုက်ပြီး လော့ယောင်က လော့ချန်ကို တစ်ချက်ကြည့်ကာ ပြုံးလျက်ဆိုသည်။
“ထုံရွှမ်တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်… မင်းရဲ့ လေ့ကျင့်မှုအမြန်နှုန်းက ကိုယ့်ကိုယ်ကို ထူးချွန်သူလို့ထင်နေတဲ့ လူတွေကိုတောင် မျက်နှာပျက်အောင် လုပ်နိုင်လိမ့်မယ်…”
လော့ချန်၏ ထုံရွှမ်တတိယအဆင့်သို့ တက်လှမ်းမှုအတွက် လော့ယောင်မှာ အံ့သြမှုမရှိသော်လည်း ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ပေ။
မည်သူက ထင်မိမည်နည်း။ လွန်ခဲ့သော ခြောက်လခန့်ကမှ လော့ချန်သည် သိုင်းဝိညာဉ်နိုးကြားပြီးခါစ ခန္ဓာသန့်စင်မှုအဆင့်မှာ ရှိနေသေးသူတစ်ဦးဖြစ်သည်။
လော့ချန်က ရယ်လျက် လာရင်းကိစ္စကို အစဖော်လိုက်သည်။
“အစ်မကြီးလော့ယောင်… ဒီတစ်ခေါက် ကျွန်တော့်ကို လာဖို့ခေါ်တာ ကျွန်တော့်ကို ချီးကျုးဖို့ပဲလား…”
ထိုစကားကြားသည်နှင့် လော့ယောင်က လက်ဖက်ရည်ကို ဖြည်းညင်းစွာ တစ်ငုံသောက်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“မင်းလည်း ငါတို့လင်ယွမ်ပြတိုက်က ဘယ်လိုထူထောင်လာခဲ့တယ်ဆိုတာ ကြားဖူးပြီးလောက်ပါပြီ…”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ ရွှမ်ယွမ်မှတ်တမ်းစာအုပ်တွင် ဤအကြောင်းကို မှတ်တမ်းတင်ထားဖူးသည်။
လင်ယွမ်ပြတိုက်ကို ရှေးကျသောခေတ်အချိန်ကတည်းက စတင်တည်ထောင်ခဲ့ပြီး မူလက ဆေးဆိုင်လေးတစ်ဆိုင်သာဖြစ်သည်။ ထို့နောက် မတော်တဆအခွင့်အရေးတစ်ခုကြောင့် ထူးချွန်လာနေသော လူငယ်ဧကရာဇ်တစ်ဦးကို ကူညီပေးခဲ့သည်။
ထိုလူငယ်ဧကရာဇ်ကြီးက အောင်မြင်မှုရလာသည်နှင့် သူ၏အကာအကွယ်ပေးမှုကြောင့် လင်ယွမ်ပြတိုက်သည် တစ်ဆင့်ချင်း ယခုလက်ရှိအဆင့်သို့ ရောက်ရှိလာခဲ့သည်။
လော့ယောင်က ဆက်လက်ပြောသည်။
“ငါတို့လင်ယွမ်ပြတိုက်မှာ မိသားစုဝင်တွေကို စစ်ဆေးတဲ့အခါ ကိုယ်ပိုင်အရည်အချင်းနဲ့ စွမ်းအားအဆင့်အပြင် စီးပွားရေးလုပ်ငန်းရလဒ်တွေကိုလည်း ထည့်သွင်းစဉ်းစားတယ်… ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ထူးချွန်သူတွေကို ရွေးချယ်ဖို့ပဲ…”
“ဒါဆို… အစ်မကြီးလော့ယောင်က ကျွန်တော့်ကို ရွေးချယ်လိုက်တာလား…”
ဤစကားကို ကြားလိုက်ရသည်နှင့် လော့ချန်မှာ နားလည်လိုက်ပြီး နှာခေါင်းကို သပ်ရင်း ပြောသည်။
“ဒါပေမဲ့ ကျွန်တော်နိုးကြားထားတဲ့ဟာက အသုံးမကျတဲ့ သိုင်းဝိညာဉ်ပဲလေ… ထူးချွန်သူလို့ မခေါ်နိုင်ဘူးမဟုတ်လား…”
“အကယ်၍ အစ်မကြီးက ကျွန်တော့်နောက်ကွယ်ကသူကို ရည်ညွှန်းပြီး ဒီလိုလုပ်တာဆိုရင်တော့ မဖြစ်နိုင်ပါဘူး… ကျွန်တော်က သူ့ရဲ့ တရားဝင်မဟုတ်တဲ့ တပည့်တစ်ယောက်ပဲ… ဘယ်နေ့ဘယ်အခါ ထုတ်ပယ်ခံရမလဲ မသိဘူး…”
“ဟား... ဟား… ဒါကို ငါသိပြီးသားပါ…”
လော့ယောင်က ဆွဲဆောင်မှုရှိသော ပြုံးရွှင်လျက် လော့ချန်ကို တည့်တည့်စိုက်ကြည့်နေရာ သူ့ရင်ထဲတွင် ထိတ်လန့်သွားသည်အထိ ဖြစ်ပြီးမှ ပြုံးလျက် ဆိုသည်။
“စိတ်ချပါ… ငါဒီလိုလုပ်တာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး… မင်းရဲ့အလားအလာကို ငါယုံကြည်လို့ပဲ။ ငါက စီးပွားရေးသမားတစ်ယောက်ဆိုတော့ ရင်းနှီးမြှုပ်နှံမှုမှာ အန္တရာယ်ရှိတာကို သိတယ်… ဒါပေမဲ့ မင်းအတွက်ဆိုရင် ငါဒီအန္တရာယ်ကို တာဝန်ယူဖို့ ဆန္ဒရှိတယ်…”
လူတစ်ယောက်က သူ၏အလားအလာကို ယုံကြည်သည်ဟု ပြောသည်မှာ လော့ချန်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ခဏစဉ်းစားပြီးနောက် သူပြောလိုက်သည်။
“အစ်မကြီးမှာ ပိုကောင်းတဲ့ရွေးချယ်မှုတွေ ရှိသေးတာမဟုတ်လား… ဥပမာ လျှပ်ယွမ်ဂိုဏ်းက ကြယ်ဆယ်ပွင့်ဝိညာဉ်အဆင့်သိုင်းဝိညာဉ်နိုးကြားထားတဲ့ ထူးချွန်သူ ဟွာကျင်းယန်လိုလူမျိုးပေါ့…”
“ဟုတ်လား…”
လော့ယောင်က ပြုံးရွှင်စွာ ပြောလိုက်သည်။
“တစ်ယောက်ယောက်က ဂိုဏ်းသုံးဂိုဏ်းရဲ့ အပြင်စည်းထူးချွန်သူတွေကို အကုန်လုံးအလဲထိုးပြီး ဟွာကျင်းယန်အပါအဝင် ဒီတစ်ခေါက် ဂိုဏ်းသုံးဂိုဏ်းသိုင်းပြိုင်ပွဲမှာ ပထမနေရာကို ရယူမယ်လို့ ကြွေးကြော်ထားတယ်လို့ ငါကြားခဲ့တယ်နော်…”
လော့ချန်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားပြီး ခါးသက်စွာ ပြုံးလိုက်ရင်း မျက်နှာပေါ်တွင် အံသြသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
“အစ်မကြီးရဲ့သတင်းရယူမှုက တော်တော်လေးမြန်ဆန်တာပဲ…”
“ဟုတ်တာပေါ့… ငါတို့လင်ယွမ်ပြတိုက်က သတင်းအချက်အလက်တွေကိုလည်း ရောင်းချတာလေ… ဒီအကြောင်းမှာ ကျွမ်းကျင်တယ်ဆိုတာ အထူးပြောစရာတောင် မလိုဘူး…”
လော့ယောင်က နီရဲသောနှုတ်ခမ်းများကို အနည်းငယ်ကွေးညွတ်ပြီး ပြုံးလျက် ပြတင်းပေါက်ဘက်သို့ လှမ်းလျှောက်သွားသည်။
“ငါမင်းကို ရွေးချယ်ရတဲ့ နောက်ထပ်အကြောင်းတစ်ခုရှိသေးတယ်…”
“ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်က တူညီတယ်…”
“တူညီတယ်…” လော့ချန်အံ့သြသွားသည်။
“ဟုတ်တယ်…”
လော့ယောင်က လော့ချန်ကို ဘေးမှလှည့်ကြည့်ရင်းပြောသည်။
“မင်းကို ကျိမိသားစုက စွန့်ပစ်ခဲ့ပြီး မင်းကိုယ်မင်း သက်သေပြချင်တယ်…”
“ငါလည်း အတူတူပဲ…”
လော့ယောင်၏မျက်ဝန်းထဲတွင် ထက်သန်သောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသော်လည်း ထပ်မံရှင်းပြခြင်းမပြုပေ။
လော့ချန်မှာ ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
“ကျွန်တော်ဘာလုပ်ပေးရမလဲ…”
“ရိုးရှင်းပါတယ်… အနာဂတ်မှာ ငါလိုအပ်တဲ့အခါ မင်းက ငါ့ကို အားဖြည့်ပေးရုံပဲ… အပြန်အလှန်အနေနဲ့ ငါလည်း မင်းရဲ့ကျင့်ကြံမှုအတွက် အရင်းအမြစ်တွေကို တတ်နိုင်သလောက် ထောက်ပံ့ပေးမယ်…”
ထို့နောက် လော့ယောင်က စကားသံကို ပြောင်းလဲလိုက်သည်။
“ဒီလွန်ခဲ့တဲ့ ခြောက်လအတွင်း မင်းတိုးတက်မှုက တကယ်ကို အံ့သြဖွယ်ရာ မြန်ဆန်နေတယ်… ဒါပေမဲ့ ကျိမိသားစုရဲ့နတ်သား ကျိယွမ်ဟောင်ကို စိန်ခေါ်ဖို့ဆိုရင် ဒီတိုးတက်မှုအမြန်နှုန်းက လုံးဝမလုံလောက်ဘူး…”
“ငါသိထားတာက ကျိယွမ်ဟောင်က သွေးကြောနိုးကြားမှုနယ်ပယ်ကို ကျော်လွန်သွားပြီး မင်းမထင်မှတ်နိုင်တဲ့ အောင်မြင်မှုတွေ ရရှိထားတယ်…”
“သူ့နောက်ကွယ်မှာ မူလကျိမိသားစုတစ်ခုလုံးရှိတယ်… မင်းတစ်ယောက်တည်းရဲ့ အင်အားနဲ့ဆိုရင် သူ့ကို စိန်ခေါ်ဖို့ဆိုတာ သိပ်ကို အားနည်းလွန်းတယ်… ဆယ်နှစ်တောင် မဟုတ်ဘူး… ရာနှစ်တောင် မလုံလောက်ဘူး…”
“အရင်းအမြစ်တွေကလည်း အင်အားရဲ့ တစ်စိတ်တစ်ပိုင်းပဲ… ထူးချွန်သူတော်တော်များများဟာ လေ့ကျင့်မှုအရင်းအမြစ်မလုံလောက်မှုကြောင့် အချိန်တွေနဲ့အတူ တဖြည်းဖြည်း သာမန်လူတွေထဲ ရောနှောပျောက်ကွယ်သွားကြတာ…”
ကျိယွမ်ဟောင်နှင့်ပတ်သက်လျှင် လော့ယောင်က ထပ်မံပြောဆိုခြင်းမပြုပေ။ လော့ချန်ကို စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်မိသည်။
သို့သော် သူမမှာ စိုးရိမ်လွန်းသွားသည်။
ကျိယွမ်ဟောင်ဆိုသည့် နာမည်ကို ကြားလိုက်သည်နှင့် လော့ချန်၏မျက်ဝန်းများသည် ထက်မြက်လာပြီး လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ဖြည်းညင်းစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လော့ချန်က ခေါင်းညိတ်လိုက်သည်။
“ရပါတယ်… ဒါပေမဲ့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ပဲ… ကျွန်တော့်ဆန္ဒကို ဖီဆန်တဲ့အရာတွေဆိုရင် ကျွန်တော်ငြင်းပယ်မှာနော်…”
လော့ယောင်ပြောသည်မှာ မမှားပေ။ သူတစ်ယောက်တည်း၏ အင်အားဖြင့် ကျိမိသားစုတစ်ခုလုံးကို ရင်ဆိုင်ရမည်ဆိုလျှင် အားနည်းလွန်းသည်။
သူ့တွင် ထူးခြားသောအခွင့်အရေးများရှိသည်ဆိုသော်လည်း ကျိယွမ်ဟောင်မှာ ကျိမိသားစု၏ နတ်သားဖြစ်နေသည်နှင့်အမျှ ထူးခြားသောအခွင့်အရေးများ မရှိဘဲ နေမည်မဟုတ်ပေ။
လော့ချန်၏စကားကို ကြားလိုက်ရသည်နှင့် ဘေးတွင်ရပ်နေသော အားမူ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
သခင်မလေး၏ အဆင့်အတန်းနှင့် အနေအထားဖြင့် ဤသို့သောအခြေအနေမျိုးကို အဆိုပြုခြင်းမှာ တာယွဲ့မင်းဆက်ထဲရှိ မည်သူမဆို စိတ်လှုပ်ရှားလျက် လက်ခံလာနိုင်စရာဖြစ်သည်။
လော့ချန်ကတော့ အခြေအနေတစ်ခုကို ထပ်ထည့်ရဲသေးသည်။
လော့ယောင်ကတော့ ဂရုမစိုက်ဘဲ မျက်ဝန်းထဲတွင် သဘောကျသောအရိပ်အယောင်များ ပိုမိုထွက်ပေါ်လာပြီး ပြုံးလိုက်သည်။
“ဒါကို ငါလက်ခံပေးနိုင်တယ်…”
“အခုလောလောဆယ် ကျွန်တော်အကူအညီလိုအပ်တဲ့ ကိစ္စတစ်ခုရှိတယ်…” လော့ချန်က လော့ယောင်ကို ကြည့်လိုက်သည်။
“ဘာကိစ္စလဲ… ငါတာယွဲ့မင်းဆက်ကို ရောက်လာတာ မကြာသေးဘူး… အခုလက်ရှိမှာ အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်… မင်းကို တတ်နိုင်သလောက်ပဲ ဖြည့်ဆည်းပေးနိုင်မယ်…”
လော့ချန်က တိုက်ရိုက်ပြောလိုက်သည်။
“ကျွန်တော်လေ့ကျင့်နေတဲ့ ဓားစွမ်းရည်က ကောင်းကင်ယံဓားစွမ်းရည်လို့ ခေါ်တယ်… စုစုပေါင်း ၁၃ ကွက်ရှိတယ်… အခုလက်ရှိ ကျွန်တော့်မှာ ပထမဆုံး ၄ ကွက်ပဲရှိသေးတယ်… နောက်ဆက်တွဲဓားစွမ်းရည်အတွက် ဓားကျန်းတွေရဲ့ တည်နေရာကို လိုအပ်တယ်…”
“ဒါ့အပြင် ဝိညာဉ်ကျောက်တွေလည်း လိုအပ်တယ်… ကြယ်သုံးပွင့်၊ ကြယ်လေးပွင့်ဝိညာဉ်ကျောက်တွေဆိုရင် ပိုကောင်းတယ်… များများလည်း လိုတယ်…”
“နောက်ဆုံးတစ်ခုကတော့ လျှပ်ယွမ်ဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲ ဆွန်ယင်ယန်နဲ့ သူ့သားရဲ့ သတင်းအချက်အလက်အားလုံးလည်း လိုအပ်တယ်…”
အခန်း (၃၂၆) ပြီးပါပြီ။