အညှာအတာမဲ့ခြင်း
Vol. 14 Ch. 196
~ဖုန်းဝူချန်၏ စွမ်းအားမှာ ပိုင်ရှန်း၏ မျှော်မှန်းထားသည်ထက် များစွာ သာလွန်နေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ အဆုံးစွန်ဆုံး သိုင်းကွက်များကို ထုတ်သုံးရန် တွန်းအားပေးခံလိုက်ရလေပြီ။
ယခု အခိုက်အတန့်တွင် လူတိုင်း အသက်အောင့်ထားကြ၏။
ဒါက အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံး အခိုက်အတန့်ပင် ဖြစ်သည်။
ပိုင်ရှန်းသည် ခွန်အားရှိသမျှကို အကုန်ထုတ်သုံးနေလေပြီ။ သို့သော် ဖုန်းဝူချန်ကရော အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိပါမည်လော။
ဖုန်းဝူချန်၏ စိတ်အာရုံတစ်ချက်ဖြင့် ကောင်းကင်ယံ၌ ဝဲပျံနေသော ကိုးထပ် ချန်ခွန်း မျှော်စင်ကြီးသည် စတင်လည်ပတ်လာပြီး သူ၏ ဦးခေါင်းထက်သို့ ဖြည်းညင်းစွာ သက်ဆင်းလာခဲ့သည်။
ပိုင်ရှန်း ခွန်အားကုန် ထုတ်သုံးနေပြီ ဖြစ်ရာ ဖုန်းဝူချန်အနေနှင့် သူ့ကို လျှော့တွက်ခွင့် မရှိပေ။
"ဆရာ"
ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့၏ မျက်နှာများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။ သူတို့ကူညီချင်သော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ပိုင်ရှန်း၏ စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့အားလုံး ဖုန်းဝူချန် ထိုစွမ်းအားကို ကြံ့ကြံ့ခံနိုင်မည် မဟုတ်မည်ကို စိုးရိမ်နေကြသည်။
“ဝုန်း။ ဝုန်း။ ဝုန်း”
သွေးနီရောင် ဓားချီများသည် ပိုင်ရှန်း၏ ပထမဆုံး စွမ်းအင်လှိုင်းလုံးနှင့် တိုက်ရိုက် ထိတွေ့ပေါက်ကွဲသွား၏။ ကြောက်မက်ဖွယ် စွမ်းအားလှိုင်း လေပွေ ကြောင့် သူတို့နှစ်ဦးလုံး သွေးများ ထပ်မံအန်ထွက်လာခဲ့ပြီး မျက်စိကျိန်းမတတ်တောက်ပသော အလင်းတန်းများက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှုတွင် ဖုန်းဝူချန်သည် အထွတ်အထိပ် ခန္ဓာကျင့်စဉ် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး၊ ချီလင် ချပ်ဝတ် နှင့် ရတနာမျှော်စင်၏ နှစ်ထပ်ကာကွယ်မှုကို ပိုင်ဆိုင်ထားသော်ငြားလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့သည်။
ကံကောင်းသည်မှာ ကိုးထပ် ချန်ခွန်း မျှော်စင်က ထိုကြောက်မက်ဖွယ် အားလှိုင်း လေပွေများကို အရူးအမူး စုပ်ယူနေခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဖုန်းဝူချန်၏ ဒဏ်ရာများမှာ ဤသည်ထက်ပင် ပိုမိုဆိုးရွားသွားနိုင်ပေသည်။
တစ်ဖက်တွင်မူ ပိုင်ရှန်း၏ ဒဏ်ရာများက ပို၍ ဆိုးရွားလှသည်။ သူ၏ မျက်နှာသည် စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီး အလွန်အမင်း အားနည်းနေ၏။ သူသည် စွမ်းအားအားလုံးကို အသုံးပြုခဲ့ပြီးဖြစ်ရာ ထိုသို့သော ကြောက်မက်ဖွယ် အားလှိုင်း လေပွေကို ခံနိုင်ရည်ရှိရန် အပိုစွမ်းအင် မကျန်ရှိတော့ပေ။
ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို ထုတ်သုံးခဲ့ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပိုမိုအားကောင်းလာသည်။ သူအသုံးပြုခဲ့သော ဓားသိုင်းကွက်များသည်လည်း သဘာဝအတိုင်း ပိုမို ကြောက်မက်ဖွယ်ကောင်းလှပြီး ပိုင်ရှန်းမှာ ပထမဆုံး စွမ်းအင်လှိုင်းကိုပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
သို့သော်လည်း ပထမ စွမ်းအင်လှိုင်းကို တားဆီးနိုင်ခဲ့ပြီး ပိုင်ရှန်းကို အသည်းအသန် ဒဏ်ရာရစေခဲ့သော်ငြား၊ ပိုင်ရှန်း၏ ဒုတိယ စွမ်းအင်လှိုင်းလုံးမှာ ပထမ ပေါက်ကွဲမှုမှ အဖျားခတ်မှုကြောင့် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဖုန်းဝူချန်ထံသို့ အရှိန်ပြင်းစွာ တိုးဝင်လာနေသည်။
အကြီးအကျယ် ဒဏ်ရာရနေသည့် ဖုန်းဝူချန်သည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကိုးထပ် ချန်ခွန်း မျှော်စင်သည် ရှေ့သို့ ရုတ်တရက် ပျံသန်းထွက်သွားတော့သည်။
ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို အသုံးပြု၍ ပိုင်ရှန်း၏ ဒုတိယ စွမ်းအင်လှိုင်းနှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ စွမ်းအားလေးတစ်ခုတည်းနဲ့ ဒီဂိုဏ်းချုပ်ရဲ့ စွမ်းအားကို ခုခံချင်တာလား။" ပိုင်ရှန်းသည် ကိုးထပ် ချန်ခွန်း မျှော်စင် သူ့ထံ ပျံသန်းလာသည်ကို မြင်သောအခါ မထီမဲ့မြင် ရှုံ့ချလိုက်သည်။
"ဟမ့်။" ဖုန်းဝူချန်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး နှုတ်ခမ်းများမှာ အန္တရာယ်အငွေ့အသက်တို့ ဝေ့သန်းနေကာ ကွေးညွတ်သွားသည်။
ကိုးထပ် ချန်ခွန်း မျှော်စင်သည် ပိုင်ရှန်း၏ ဒုတိယ စွမ်းအင်လှိုင်းနှင့် ထိခိုက်မိတော့မည့် အခိုက်အတန့်တွင် ဖုန်းဝူချန်သည် သူ၏ သိုင်းဝိညာဉ်ကို ရုတ်တရက် နိုးထစေလိုက်သည်။
နဖူးပေါ်တွင် ရှေးဟောင်း ရွှေနဂါး တံဆိပ်တော် ပေါ်ထွက်လာပြီး၊ လွှမ်းမိုးနိုင်စွမ်းရှိသော၊ တိုးတက်နေသော အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။
"ဒါ ဒါက ဘယ်လို သိုင်းဝိညာဉ်မျိုးလဲ။" ပိုင်ရှန်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွား၏။ သူသည် ဤသို့ ကြောက်မက်ဖွယ်ကောင်းသော သိုင်းဝိညာဉ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"စုပ်ယူစမ်း။"
ကြီးမားလှသော ကိုးထပ် ချန်ခွန်း မျှော်စင်သည် ပိုင်ရှန်း၏ ဒုတိယ စွမ်းအင်လှိုင်းနှင့် တိုက်မိသည့်အခိုက်တွင် ဖုန်းဝူချန်သည် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်၏ အလင်းရောင်သည် ထိန်လင်းစွာ လင်းလက်သွားပြီး၊ နဂါးဟိန်းသံ သဲ့သဲ့ကို ကြားလိုက်ရကာ သူ၏ ရှေ့မှ နေရာလပ်တွင် နက်မှောင်သော တွင်းနက်ကြီးတစ်ခု ပွင့်ထွက်လာသည်။ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ကြက်သီးထဖွယ် ကောင်းလှ၏။
ဖုန်းဝူချန်၏ အော်ဟစ်သံ အဆုံးတွင်၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှု စွမ်းအားတစ်ခုက ပိုင်ရှန်း၏ ဒုတိယ စွမ်းအင်လှိုင်းကို အရူးအမူး စုပ်ယူလိုက်တော့သည်။
"ဝေါ့။"
စွမ်းအားနှစ်ခု ထိခိုက်မိသည်နှင့် ပိုင်ရှန်းသည် ရုတ်တရက် သွေးတစ်လုတ် ထွေးထုတ်လိုက်ရသည်။ သူ၏ စွမ်းအားများ စုပ်ယူခံလိုက်ရပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုံးဝ မယှဉ်နိုင်တော့ပေ။
'သေစမ်း ဒီကောင်လေးက နောက်ထပ် လျှို့ဝှက်ကွက်တစ်ခု ကျန်နေသေးတာလား။' ပိုင်ရှန်းသည် ဒေါသတကြီး ကျိန်ဆဲလိုက်မိသည်။ နောက်တစ်ကြိမ် ပြင်းထန်စွာ ထိခိုက်သွားခဲ့ပြီး ဒဏ်ရာများမှာ အလွန် ဆိုးရွားသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်သွားပြီး လေထဲတွင် ဝဲပျံနေရန် စွမ်းအား မရှိတော့ဘဲ အောက်သို့ တဖြည်းဖြည်း ပြုတ်ကျသွားတော့သည်။
ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်က ပိုင်ရှန်း၏ စွမ်းအားကို လွှမ်းမိုးကာ စုပ်ယူလိုက်ပြီး၊ နှစ်ထပ် ကာကွယ်ရေး စွမ်းအားနှင့်အတူ ဖုန်းဝူချန်သည် ဤခက်ခဲသော တိုက်ပွဲကို အနိုင်ရရှိသွားခဲ့သည်။
"ဖုန်းဝူချန်က စုပ်ယူနိုင်တဲ့ စွမ်းအားရှိတဲ့ သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတာပဲ။ သူက ထျန်းယွမ်ဘုံ ပညာရှင်ရဲ့ စွမ်းအားကိုတောင် စုပ်ယူနိုင်တယ်။"
"အဲဒါ ဘယ်လို သိုင်းဝိညာဉ်မျိုးလဲ။ ငါ ငါ လုံးဝ မယုံနိုင်ဘူး။ ဖုန်းဝူချန်ရဲ့ လျှို့ဝှက်ကွက်တွေက တစ်ခုထက်တစ်ခု ပိုကြောက်ဖို့ကောင်းနေပါလား။"
"ဂိုဏ်းချုပ် ပိုင်ရှန်း ရှုံးသွားပြီ။ ထျန်းယွမ်ဘုံ ပညာရှင်တောင်မှ ဖုန်းဝူချန်ကို မယှဉ်နိုင်ဘူး။"
နိုင်ငံအသီးသီးနှင့် အင်အားကြီး အဖွဲ့အစည်းများမှ ပညာရှင်များသည် ယခုအခါ ကြောက်ရွံ့မှုများဖြင့် လုံးလုံးလျားလျား လွှမ်းခြုံခံလိုက်ရသည်။ သူတို့၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ခွန်အားထက်သော ဖုန်းဝူချန်၏ ပုံရိပ်သာ စွဲထင်ကျန်ရစ်တော့သည်။
ဖုန်းဝူချန်နှင့် ပိုင်ရှန်းတို့၏ တိုက်ပွဲကို မျက်မြင် ကြုံတွေ့ပြီးနောက်၊ သူတို့အားလုံး ဖုန်းဝူချန်သည် မည်သူမျှ မယှဉ်နိုင်သော၊ အရှုံး မရှိ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း ခံစားလိုက်ရသည်။
ပြိုင်ဘက်ကင်းမြို့မှ လူများသည် ကျောက်ရုပ်များသဖွယ် ငြိမ်သက်စွာ ရပ်တန့်နေကြပြီး တစ်လက်မမျှပင် မလှုပ်ရှားနိုင်ကြတော့ပေ။
ဖုန်းမိသားစုမှ စစ်သည်များ၊ ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ဝင်များနှင့် အလံနက် တပ်မတော်မှ စစ်သည်များသာလျှင် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြ၏။ ကြည်နူး
စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေကြသည်။
"စစ်သူကြီးချုပ် အောင်မြင်ပါစေ ..စစ်သူကြီးချုပ် အောင်မြင်ပါစေ.."
စစ်သည်များသည် အဆက်မပြတ် ဟစ်ကြွေးနေကြသည်။
ရှောင်ချင်းချင်းနှင့် ဖုန်းမိသားစုဝင်များလည်း နောက်ဆုံးတွင် သူတို့၏ စိုးရိမ်ပူပန်မှုများကို လွှတ်ချနိုင်ခဲ့ပြီး မျက်နှာများထက်တွင် အပြုံးများ ပေါ်ပေါက်လာခဲ့သည်။
"အစ်ကိုဖုန်းရဲ့ စွမ်းအားက အရမ်းကြောက်ဖို့ ကောင်းတာပဲ။ ထျန်းယွမ်ဘုံ ပညာရှင်တွေတောင် သူ့ကို မယှဉ်နိုင်ဘူး။" လျိုချင်းယန်သည် အတိုင်းအဆမရှိသော စိတ်လှုပ်ရှားမှုဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီးဖုန်းရဲ့ ကျင့်ကြံမှုက ပိုပိုပြီး ခွန်အားထက်လာပြီ။ ခုနတုန်းက သူ့ရဲ့ စွမ်းအားက ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်ကို နီးကပ်နေပြီ။ မကြာခင်မှာ သူ ယွမ်တန်ဘုံ အဌမလွှာကို ကျော်ဖြတ်နိုင်တော့မှာ၊ အဲဒီအခါ ပိုပြီး ခွန်အားထက်လာလိမ့်မယ်။" လင်ရှောင်ရှောင်သည် ပျော်ရွှင်စွာ ပြောလိုက်ပြီး သူမ၏ ချစ်စဖွယ် မျက်နှာလေးထက်တွင် ဆွဲဆောင်မှု
ရှိသော အပြုံး တစ်ခု ဖြစ်ပေါ်လာ၏။
ပြင်းထန်စွာ ဒဏ်ရာရခဲ့သော လင်ရှောင်ရှောင်သည် ယခုအခါ လုံးဝ သက်သာလာခဲ့ပြီး သူမ၏ ပြန်လည် ကောင်းမွန်လာမှုနှုန်းမှာ တုန်လှုပ်စရာ ကောင်းလှသည်။
ကောင်းကင်ယံတွင် အားလှိုင်း လေပွေများ ပျောက်ကွယ်သွားစဉ် ရှေးဟောင်း ရွှေနဂါး တံဆိပ်တော် ပျောက်ကွယ်သွားသည်နှင့် ဖုန်းဝူချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လုံးဝ စိတ်အေးလက်အေး ဖြစ်သွားသည်။
'ဒီတိုက်ပွဲက တကယ်ကို မယုံနိုင်လောက်အောင် ခက်ခဲခဲ့တာပဲ။ ထျန်းယွမ်ဘုံ ပညာရှင်တွေက သိပ်ကို ကြောက်ဖို့ကောင်းတာပဲ။'
'ငါ့မှာ ခွန်အားထက်တဲ့ ရတနာတွေသာ မရှိခဲ့ရင်၊ ပြီးတော့ အရေးကြီးတဲ့ အချိန်မှာ အထွတ်အထိပ် ခန္ဓာကျင့်စဉ် ဒုတိယအဆင့်ကို မတက်လှမ်းနိုင်ခဲ့ရင်၊ ငါ ပိုင်ရှန်းကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။'
ဤတိုက်ပွဲသည် သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ယူဆောင်လာခဲ့သည်။ သူသည် အထွတ်အထိပ် ခန္ဓာကျင့်စဉ် ဒုတိယအဆင့်သို့ အဆင့် ချိုးဖြတ်နိုင်ခဲ့ရုံသာမက၊ သူ၏ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားသည်နှင့် သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း သိသိသာသာ တိုးတက်လာလိမ့်မည်ဟု ဖုန်းဝူချန် ယုံကြည်လိုက်သည်။
အရေးကြီးဆုံးအချက်မှာ ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများသည် သွေးမျိုးဆက် နိုးထမှုကို လှုံ့ဆော်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်နေခြင်းပင်။
ဖုန်းဝူချန်၏ နဂါးမျိုးနွယ် သွေးမျိုးဆက်သည် အပြည့်အဝ နိုးထလာခြင်း မရှိသေးဘဲ၊ တိုက်ခိုက်ခြင်းသည် အိပ်ပျော်နေသော သွေးမျိုးဆက် စွမ်းအားကို နှိုးဆွရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်သည်။
ပိုင်ရှန်းနှင့် တိုက်ပွဲသည် လုံးဝကို ခြိမ်းခြောက်နိုင်သော အကျိုးသက်ရောက်မှု ရှိခဲ့သည်။
ထျန်းယွမ်ဘုံ ပထမအလွှာရှိ ကျီးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဖုန်းဝူချန်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်ဟူသော သတင်း ပျံ့သွားသည်နှင့်၊ မည်သူက ဖုန်းဝူချန်၏ ကိုးထပ် ချန်ခွန်း မျှော်စင်ကို မဆင်မခြင် လုယက်ရန် ကြိုးစားဝံ့ဦးမည်နည်း။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသတ္တိ ရှိနေပါလျက်၊ ပိုမိုအားကောင်းသော ပညာရှင်များကို စေလွှတ်ခြင်းသည် သူတို့ကို သေမင်းထံသို့ ပို့ဆောင်ခြင်းမျှသာ ဖြစ်ပေလိမ့်မည်။
ဖုန်းဝူချန်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကိုးထပ် ချန်ခွန်း မျှော်စင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရပြီး၊ သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်လိုက်ကာ မြင့်တက်လာသော သွေးချီစွမ်းအင်များလည်း ပျောက်ကွယ်သွားသည်။
သူက ဆေးလုံးတစ်လုံးကို ထုတ်ယူ သောက်သုံးလိုက်ရင်း မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ သက်ဆင်းလာခဲ့သည်။
မရှုမလှ ဒဏ်ရာရနေသော်လည်း၊ သွေးပေါင်းစပ် ပြန်လည်နိုးထဆေးလုံးနှင့် ခရမ်းရောင်နှလုံးသား နက်ရှိုင်းဝိညာဉ်ဆေးလုံးတို့၏ အာနိသင်များမှာ အလွန် ခွန်အားထက်လှသဖြင့် သူ၏ ဒဏ်ရာများနှင့် အစစ်အမှန်ယွမ် နှစ်မျိုးလုံး လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာခဲ့သည်။
အဝေးတစ်နေရာတွင်၊ တောင်တန်းများကြားသို့ ပြုတ်ကျသွားသော ပိုင်ရှန်းသည် သွေးများဖြင့် လူးလွန့်နေ၏။
သေကွင်းသေကွက် ဒဏ်ရာရလျက် ရှိပြီး ထထိုင်ရန်ပင် စွမ်းအား မရှိတော့ဘဲ၊ မည်သည့် အချိန်မဆို အသက်ပျောက်သွားနိုင်သည့် အခြေအနေတွင် ရှိနေလေသည်။
ဖုန်းဝူချန်၏ ကိုယ်ခန္ဓာသည် ပိုင်ရှန်း၏ ဘေးတွင် ဆင်းသက်လာသည်။ သူ၏ အေးစက်ပြီး အညှာအတာမဲ့သော အကြည့်များက ပိုင်ရှန်းကို စိုက်ကြည့်နေပြီး တစ်လုံးချင်းစီ ရေရွတ်လိုက်၏။
"ခင်ဗျားကို သတ်ပြီးတာနဲ့ ခင်ဗျားရဲ့ ကျီးရှင်းဂိုဏ်းကို ချက်ချင်း ရှင်းလင်းပစ်မယ်။ အခု ခင်ဗျား သိသွားပြီဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်း သေသွားလို့ ရပြီ။"
"ဖုန်းဝူချန်။ ငါတို့ဂိုဏ်းက သေသွားရင်တောင် မင်းကို အလွတ်မပေးဘူးကွ။" ပိုင်ရှန်းသည် ပြင်းထန်သော ဒဏ်ရာများကို ကြံ့ကြံ့ခံရင်း ဖုန်းဝူချန်အား ဒေါသတကြီး ကြုံးဝါးလိုက်သည်။
"ဟမ့်။" ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးရယ်လိုက်ပြီး လက်ဝါးတစ်ချက်ဖြင့် အဆုံးသတ်ပေးရန် ပြင်လိုက်သည်။
“ဝူး….ဝူး”
ထိုအခိုက်အတန့်တွင်ပင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော ပြင်းထန်သည့် လေခွင်းသံကြီး နှစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
တစ်စုံတစ်ခုကို သတိပြုမိလိုက်သဖြင့် ဖုန်းဝူချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။
"ဖုန်းဝူချန်၊ ရပ်လိုက်စမ်း။" နက်ရှိုင်းပြီး ဒေါသထွက်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
လူနှစ်ယောက်၏ ပုံရိပ်များ လျင်မြန်စွာ ပေါ်ထွက်လာသည်။ သူတို့နှစ်ဦးစလုံးမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး ကျင့်ကြံမှုအဆင့်မှာ ဖုန်းဝူချန်ထက် မြင့်မားသည်။ တစ်ဦးမှာ ယွမ်တန်ဘုံ နဝမအလွှာဖြစ်ပြီး နောက်တစ်ဦးမှာ ယွမ်တန်ဘုံ အဋ္ဌမအလွှာ ဖြစ်သည်။
"ဂိုဏ်းချုပ်။ ဂိုဏ်းချုပ်။"
အကြီးအကဲ တစ်ဦးမှာ ကျီးရှင်းဂိုဏ်းမှ ခွန်အားထက် ပညာရှင်တစ်ဦး ဖြစ်သည်မှာ ထင်ရှားပြီး သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဖုန်းဝူချန် အံ့အားသင့်သွားသည်။ သူသည် နောက်ထပ် အကြီးအကဲကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။
'လော့ယွင်အင်ပါယာရဲ့ နန်းတွင်းအကြံပေးပါလား။'
ဖုန်းဝူချန် တွေးတောကာ ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး
"နန်းတွင်းအကြံပေးက ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။ ကျီးရှင်းဂိုဏ်းက ကျုပ်မိသားစုကို အနိုင်ကျင့်ခဲ့တာ၊ နန်းတွင်းအကြံပေးက ဝင်ပါချင်လို့လား။ ကျုပ် ပြောခဲ့တာတွေကို မမေ့ပါနဲ့။ ကျုပ် လက်စားချေတဲ့အခါ ခင်ဗျားတို့ အင်ပါယာတွေ ဝင်မပါတာ အကောင်းဆုံးပဲ။"
နန်းတွင်းအကြံပေး၏ မျက်နှာမှာ ညိုမှောင်သွားသည်။ ပိုင်ရှန်းသည် ဖုန်းဝူချန်ကို ရှုံးနိမ့်ခဲ့ပြီး ဖြစ်ရာ သူ၏ ကိုယ်ပိုင်ခွန်အားသည် ဖုန်းဝူချန်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
"စစ်သူကြီးချုပ်၊ ဒီအဘိုးကြီးရဲ့ မျက်နှာကို ထောက်ပြီး ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်လို့ မရဘူးလား။ ကျီးရှင်းဂိုဏ်းက နောင်ဘယ်တော့မှ ခင်ဗျားကို ထပ်ပြီး မထိပါးစေရဘူးလို့ ကျုပ် အာမခံပါတယ်။" နန်းတွင်းအကြံပေးက ဖွင့်ဟပြောဆိုလာသည်။
"နန်းတွင်းအကြံပေး၊ ကျုပ် ပိုင်ရှန်းကို အရင်သတ်လိုက်ပြီးမှ ဒီကိစ္စကို ရပ်လိုက်ကြရင် ဘယ်လိုလဲ။ ကျီးရှင်းဂိုဏ်းက တခြား ဘယ်သူ့ကိုမှ ကျုပ်မသတ်ဘူးလို့ အာမခံပါတယ်။" ဖုန်းဝူချန်သည် အေးစက်စွာ ပြန်လည် ခနဲ့လိုက်သည်။
"မင်း။" နန်းတွင်းအကြံပေးသည် ဒေါသထွက်သွားသော်လည်း ပြန်လည် ချေပခြင်း မပြုဝံ့ပေ။ ဖုန်းဝူချန်ကို ဒေါသထွက်အောင် လုပ်မိပါက သူကိုယ်တိုင် သေဆုံးသွားနိုင်သည်ကို စိုးရိမ်နေမိသည်။
"ခင်ဗျားက လော့ယွင်အင်ပါယာရဲ့ နန်းတွင်းအကြံပေး ဖြစ်နေလို့ ကျုပ် ခင်ဗျားကို အသက်ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ ကျုပ်ကို ဝင်မတားတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ခင်ဗျားကိုပါ သတ်ပစ်မိလိမ့်မယ်။ ယွမ်တန်ဘုံ နဝမအလွှာက ကျုပ်မျက်စိထဲမှာ ဘာမှ မဟုတ်ဘူး။" ဖုန်းဝူချန်သည် နန်းတွင်းအကြံပေးကို မျက်နှာသာ လုံးဝမပေးဘဲ အေးစက်စွာ ထုတ်ပြောလိုက်သည်။
နန်းတွင်းအကြံပေး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး ဖုန်းဝူချန်၏ အရှိန်အဝါကြောင့် လုံးဝ ခြိမ်းခြောက်ခံလိုက်ရသည်။
ဖုန်းဝူချန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပိုင်ရှန်းဆီသို့ လျှောက်သွားလိုက်၏။ သူ၏ အကြည့်များက အခြား အကြီးအကဲထံသို့ ရောက်သွားပြီး
"ခင်ဗျားက ကျီးရှင်းဂိုဏ်းက အကြီးအကဲပဲ မဟုတ်လား။ ကျီးရှင်းဂိုဏ်းက ဖြစ်နေမှတော့ ခင်ဗျား သေရမယ်။" ဟု အေးစက်စွာ မေးလိုက်သည်။
"ဖုန်းဝူချန် ဘာသဘောလဲ။"
ထိုအကြီးအကဲသည် ဖုန်းဝူချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ ကြမ်းတမ်း ခက်ထန်ပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်
နေသည်။
“ ဝီ…”
မျက်စိတစ်မှိတ်အတွင်း ဖုန်းဝူချန်သည် ရုတ်တရက် ပေါ်လာပြီး ထိုအကြီးအကဲ၏ နဖူးထိပ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ဘုန်း”
သူ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် အကြီးအကဲသည် သွေးများ အန်ထုတ်လိုက်ရပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ယွမ်တန်ဘုံ အဋ္ဌမအလွှာသည် ဖုန်းဝူချန်၏ ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
ဖုန်းဝူချန်သည် နန်းတွင်းအကြံပေး၏ ရှေ့မှောက်တွင်ပင် ထိုအကြီးအကဲကို သတ်ပစ်ဝံ့သည်။
"ဒုတိယ အကြီးအကဲ။"
ပြင်းထန်စွာ ဒဏ်ရာရနေသော ပိုင်ရှန်းသည် ကြေကွဲစွာ အော်ဟစ်လိုက်သည်။ သူ၏ အော်ဟစ်သံများမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေ၏။
"ဖုန်းဝူချန်။ ငါ သရဲ ဖြစ်သွားရင်တောင် မင်းကို အလွတ်မပေးဘူး၊ အား။"
ဖုန်းဝူချန်၏ အံ့မခန်း စွမ်းအားသည် လော့ယွင်အင်ပါယာ၏ နန်းတွင်းအကြံပေးကို နောက်တစ်ကြိမ် ထပ်မံ ခြိမ်းခြောက်လိုက်ပြန်လေပြီ။
"ပိုင်ရှန်း၊ ဒီနေ့ ခင်ဗျားကို ဘယ်သူမှ မကယ်နိုင်ဘူး။ ကယ်နိုင်ခဲ့ရင်တောင် သူတို့ကိုယ်တိုင် ဒုက္ခရောက်ကြရုံပဲ ရှိမယ်။ အဆုံးသတ်မှာတော့ သေရမှာပဲ။" ဖုန်းဝူချန်သည် အေးစက်စွာ ပြောလိုက်သည်။
ယွမ်တန်ဘုံ အဋ္ဌမအလွှာ အကြီးအကဲကို သတ်ဖြတ်ပြီးနောက် ဖုန်းဝူချန်သည် ပိုင်ရှန်းထံသို့ နောက်ထပ် လက်ဝါး တစ်ချက် ချက်ချင်း ပစ်သွင်းလိုက် လေသည်။
မည်သည့် သနားညှာတာမှုမှ မရှိဘဲ ဖုန်းဝူချန်၏ လက်ဝါးက ရိုက်ချလိုက်ရာ ပိုင်ရှန်းသည် သွေးများ ထွေးထုတ်လိုက်ရ၏။ သူ၏ နှလုံးသားတစ်ဝိုက်သည် ချိုင့်ဝင်သွား၏။
ခွန်အားကြီးသော ကျင့်ကြံသူကြီး တစ်ဦး ဤသို့၊ ဤနှယ် ကျဆုံးသွားခဲ့လေသည်။
သူ၏ ဘေးတွင် ရှိနေသော လော့ယွင်အင်ပါယာ၏ နန်းတွင်းအကြံပေးသည် မယုံနိုင်လောက်အောင် ကြောက်ရွံ့ တုန်လှုပ်နေခဲ့၏။
ဖုန်းဝူချန်၏ စွမ်းအားမှာ အလွန် ထက်မြက်လှသဖြင့် အတိုင်ပင်ခံသည် တစ်လက်မမျှပင် မလှုပ်ရှားဝံ့ဘဲ၊ ဖုန်းဝူချန်က ပိုင်ရှန်းနှင့် ကျီးရှင်းဂိုဏ်း အကြီးအကဲကို သတ်ဖြတ်နေသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။
သူတို့သည် ပြိုင်ဘက်ကင်းမြို့သို့ စောစီးစွာ ရောက်ရှိနေခဲ့ကြသည်မှာ ထင်ရှားသော်လည်း အရိပ်ထဲမှသာ စောင့်ကြည့်နေခဲ့ကြ၏။ ပိုင်ရှန်း အသတ်ခံရတော့မည်ကို မြင်မှသာ သူတို့ ဝင်ရောက် တားဆီးရန် ထွက်ပေါ်လာခဲ့ကြသည်။
နန်းတွင်းအကြံပေး၏ မျက်နှာသာပေးမှုက ဖုန်းဝူချန်ကို တားဆီးနိုင်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ဖုန်းဝူချန်က သူ၏ နန်းတွင်းအကြံပေး ဟူသော ဂုဏ်ပုဒ်ကို လုံးဝ ထည့်သွင်း
စဉ်းစားလိမ့်မည် မဟုတ်ကြောင်း သူ မမျှော်လင့်ထားခဲ့ပေ။
ပိုင်ရှန်းကို သတ်ဖြတ်ပြီးနောက် ဖုန်းဝူချန်သည် ပိုင်ရှန်း၏ သိုလှောင်လက်စွပ်ကို ပေါ့ပေါ့ပါးပါးပင် ဆွဲဖြုတ်လိုက်ပြီး တပ်မှူး ဟွမ်ယန်ထံသို့ ပစ်ပေးလိုက်ကာ တစ်ချက်ပြုံးလျက် ပြောလိုက်၏။
"ဒါက ညီအစ်ကိုတွေအတွက် ဆုလာဘ်ပဲ။"
"စစ်သူကြီးချုပ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။"
ဟွမ်ယန်နှင့် အခြားသူများမှာ စိတ်လှုပ်ရှားမှုများဖြင့် လွှမ်းခြုံသွားကြသည်။
"နန်းတွင်းအကြံပေး၊ ကျုပ် ယန်ဟော်အင်ပါယာရဲ့ တော်ဝင်မိသားစုမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ။ နိုင်ငံအသီးသီးက အင်အားကြီး အဖွဲ့အစည်းတွေက ကျုပ်ကို တိုက်ခိုက်ခဲ့တဲ့အခါ၊ ကျုပ် လက်စားပြန်ချေတဲ့အချိန်မှာ အင်ပါယာတွေ ဝင်မပါစေချင်ဘူးလို့။ ဧကန္တ ၊ခင်ဗျားက လော့ယွင်အင်ပါယာရဲ့ ဧကရာဇ်က ပိုင်ရှန်းထက် ပိုခွန်အားထက်တယ်လို့များ ယူဆနေသလား။"
ဖုန်းဝူချန်သည် သွားကြားထဲမှ ထွက်သော လေသံဖြင့် အေးစက်စွာ ပြောလိုက်တော့သည်။