← Chapters

ကျင့်ကြံခြင်း

Vol. 14 Ch. 200

ကျင့်ကြံခြင်း

Vol. 14 Ch. 200

~ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့သည် အရေအတွက်အားဖြင့် ရာဂဏန်း အနည်းငယ်သာ ရှိသော်လည်း၊ သူတို့အားလုံးသည် ယွမ်တန်ဘုံ ပညာရှင်များ ဖြစ်ကြပြီး၊ တစ်ဦးချင်းစီတွင် အသည်းထိတ်ဖွယ် လှုပ်ရှားမှု သိုင်းကွက်များနှင့် အသည်းထိတ်ဖွယ် စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။

သူတို့ ရာဂဏန်း အနည်းငယ်သည် စစ်သည် သောင်းပေါင်းများစွာကို သတ်ဖြတ်ရန် လုံလောက်လှသည်။ သူတို့၏ တည်ရှိမှုသည် သာမန်စစ်သည်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

အခြား အင်ပါယာကြီး သုံးခုတွင် ကောင်းမွန်စွာ ဖွဲ့စည်းတပ်ဆင်ထားသော တပ်ဖွဲ့များနှင့် ခွန်အားထက် စစ်သူကြီးများ ရှိကြသော်လည်း၊ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့နှင့် နှိုင်းယှဉ်လိုက်လျှင် များစွာ အားနည်းနေသေးသည်။

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရပြီးမှသာ၊ သူတို့သည် မိမိတို့ အင်ပါယာများ၏ စစ်သည်များ မည်မျှ အားနည်းသည်ကို သဘောပေါက်သွားကြတော့သည်။

ဤအကြောင်းများကြောင့်ပင်၊ အင်ပါယာကြီး သုံးခု၏ ဧကရာဇ်များသည် ဖုန်းဝူချန်ကို မဆန့်ကျင်ရဲကြခြင်း ဖြစ်သည်။

အဆုံးသတ်တွင်မူ၊ ဤအရာအားလုံးသည် စွမ်းအားနှင့်သာ သက်ဆိုင်နေသည်။

သင် အားနည်းလျှင်၊ အခြားသူများက သင့်ကို အနိုင်ကျင့်လိမ့်မည်။ သင် အားကြီးလျှင်၊ သူတို့က သင့်ကို ကြောက်ရွံ့လိမ့်မည်။

ဖုန်းဝူချန်သည် အင်အားကြီးမားလာခဲ့ပြီ၊ သူသည် ထျန်းယွမ်ဘုံ ပညာရှင် တစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့၏။ သူ၏ လက်အောက်တွင် အစွမ်းထက် ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့ကို ပိုင်ဆိုင်ထား လေသည်။

ဧကရာဇ်ကြီး သုံးပါးသည် သူ့ကို မည်သို့ မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။

----

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ အင်ပါယာ နယ်နိမိတ်သို့ ပြန်ရောက်လာသောအခါ၊ သွမ့်ထျန်းဟွမ်သည် ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့နှင့်အတူ ချက်ချင်း ပျံသန်းလာခဲ့သည်။

"တော်တယ်ကွာ၊ ကောင်လေး။"

သွမ့်ထျန်းဟွမ်သည် ပျံသန်းလာရင်း ပျော်ရွှင်စွာ ရယ်မောလျက် ဆိုလိုက်သည်။

"ဆရာ့ကို ဂါရဝပြုပါတယ်။" ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့က ရိုသေစွာ ဦးညွှတ်လျက် ပြောလိုက်ကြသည်။

သွမ့်ထျန်းဟွမ် ချဉ်းကပ်လာသည်ကို မြင်လျှင်၊ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့က ဦးညွှတ်လျက် "မင်းကြီးကို ဂါရဝပြုပါတယ်။"

"ပုံစံတွေ လုပ်မနေကြနဲ့တော့။" သွမ့်ထျန်းဟွမ်သည် သူ၏ မျက်နှာပေါ်မှ အပြုံးကို မဖုံးကွယ်နိုင်ဘဲ အလျင်အမြန် ဆိုလိုက်သည်။

နိုင်ငံအသီးသီးမှ ဧကရာဇ်များကို ခြိမ်းခြောက်နိုင်ခဲ့ပြီး၊ ယန်ဟော်အင်ပါယာ၏ ထိပ်တန်းဆုံး စစ်သည်များ၏ စွမ်းအားကို ပြသနိုင်ခဲ့ပြီးနောက် သွမ့်ထျန်းဟွမ်သည် မည်မျှ စိတ်လှုပ်ရှားပြီး ဂုဏ်ယူနေသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။

"ဖုန်းဝူချန်၊ မင်းရဲ့ မိုးကြိုးပစ်သလို ပြင်းထန်တဲ့ နည်းလမ်းတွေက ရွှေယွဲ့အင်ပါယာရဲ့ ဧကရာဇ်နဲ့ ထိုက်ရွှီဂိုဏ်းချုပ်ကိုတောင် တုန်လှုပ်သွားစေခဲ့တယ်။" သွမ့်ထျန်းဟွမ်သည် လက်မထောင်ပြရင်း ချီးကျူးလိုက်သည်။

ထိုစကားကို ကြားလျှင်၊ ဖုန်းဝူချန်က ခေါင်းခါလျက် ၊

"အစတုန်းကတော့၊ ရွှေယွဲ့ ဧကရာဇ် ဒါမှမဟုတ် ထိုက်ရွှီဂိုဏ်းချုပ်က ကျွန်တော့်ကို ဝင်တိုက်ခိုက်လာမှာကို စိုးရိမ်နေခဲ့တာ။ ကျွန်တော့် စွမ်းအားနဲ့ဆို၊ သေသည်အထိ တိုက်ခိုက်ရင်တောင် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။"

ထိုစကားအား ကြားလိုက်ရသည့်အခါ သွမ့်ထျန်းဟွမ်သည် မဆိုင်းမတွ ခေါင်းညိတ်လိုက်ပြီး သူ၏ လေသံမှာ လေးနက်သွားသည်။

"အဲဒီ လိပ်အိုကြီး နှစ်ကောင်ရဲ့ စွမ်းအားက တကယ်ပဲ ကြောက်ဖို့ကောင်းတယ်။ ငါတို့ သတိထားရမယ်။"

သွမ့်ထျန်းဟွမ်ကို ကြည့်ရင်း ဖုန်းဝူချန်က ပြုံးလျက် မေးလိုက်သည်။

"အရှင်၊ ကျွန်တော် ဝူကျိ နက်ရှိုင်းချောက်မှာ ကျင့်ကြံပြီး ယွမ်တန်ဘုံ အဌမ အလွှာကို အမြန်ဆုံး အဆင့် ချိုးဖြတ်နိုင်အောင် ကြိုးစားချင်ပါတယ်။"

"ဟား ဟား။" သွမ့်ထျန်းဟွမ်သည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"မင်း ကြိုက်တဲ့အချိန် သွားလို့ရတယ်။ ဒါပေမဲ့ မင်းကတော့ ငါ့အတွက် ဟွမ်ယန်တို့ကို ပိုသန်မာလာအောင် လုပ်ပေးရမယ်နော် ။ဟားဟား"

"ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်က သူတို့ရဲ့ စစ်မှန်တဲ့ စွမ်းအားကိုတောင် မပြရသေးဘူး။" ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ဆိုလိုက်သည်။

"ဟေ။ သူတို့က သူတို့ရဲ့ စစ်မှန်တဲ့ စွမ်းအားကိုတောင် မပြရသေးဘူး ဟုတ်လား။" ဤစကားကြောင့် အံ့အားသင့်သွားသော သွမ့်ထျန်းဟွမ်သည် ဖုန်းဝူချန်ကို ဂရုတစိုက် ပြန်ကြည့်လိုက်သည်။

"တခြား ဘာမှမရှိတော့ဘူး ဆိုရင်၊ ကျွန်တော် အရင် သွားလိုက်ပါဦးမယ်။ သုံးရက်နေရင် ဧကရာဇ်မြို့တော်ကို ပြန်လာခဲ့ပါ့မယ်။" ဖုန်းဝူချန်သည် ပြုံးလျက် ပြောလိုက်ပြီး၊ လင်ရှောင်ရှောင်နှင့်အတူ ပျံသန်း ထွက်ခွာသွားသည်။

'သူတို့ရဲ့ စစ်မှန်တဲ့ စွမ်းအားကိုတောင် မပြရသေးဘူး ဟုတ်လား။' ဖုန်းဝူချန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း၊ သွမ့်ထျန်းဟွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်လေ၏။

"ဒီကောင်လေး ငါ့ကို လှည့်စားနေတာတော့ မဟုတ်ပါဘူးနော်။ ငါ့ရဲ့ ထိပ်တန်း တပ်ဖွဲ့နှစ်ခုက ဒီထက် ပိုပြီး ခွန်အားထက်လာနိုင်သေးလို့လား။"

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့ ယနေ့ ပြသခဲ့သော စွမ်းအားသည် နိုင်ငံအသီးသီးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး ဖြစ်သည်။

အကယ်၍ သူတို့သည် ဤသည်ထက် ပိုမို ကြီးမားသော စွမ်းအားကို ပြသနိုင်ခဲ့ပါလျှင်၊ ၎င်းသည် အခြား နိုင်ငံများကို လုံးလုံးလျားလျား ထိတ်လန့်သွားစေမည် မဟုတ်လော။

ထိုအကြောင်းကို တွေးမိသည်နှင့် သွမ့်ထျန်းဟွမ် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ အကယ်၍ အရာအားလုံးသည် ဖုန်းဝူချန် ပြောသကဲ့သို့သာ ဖြစ်ခဲ့ပါလျှင်၊ ယန်ဟော်အင်ပါယာသည် အခြား အင်ပါယာကြီး သုံးခုကို ကြောက်ရွံ့နေစရာ လိုအပ်ဦးမည်လော။

------

ပြိုင်ဘက်ကင်းမြို့ရှိ ဖုန်းမိသားစုတွင်၊

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့သည် လော့ယွင်အင်ပါယာမှ ပြန်လည် ရောက်ရှိလာခဲ့ပြီး၊ စစ်သည် ရာပေါင်းများစွာသည် ဖုန်းမိသားစု၏ ခြံဝင်းအတွင်း စုရုံးနေကြသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်။" ဖုန်းဝူချန်သည် အသံတိုးတိုးဖြင့် ခေါ်လိုက်ပြီး၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ဆင့်ခေါ်လိုက်သည်။

တောက်ပသော ရွှေရောင် အလင်းတန်းများ ခြံဝင်းအတွင်း ပေါက်ကွဲထွက်လာပြီး၊ ခမ်းနားထည်ဝါ‌သော မျှော်စင် အသေးစား ပုံစံသည် ဖုန်းဝူချန်၏ လက်ဖဝါးထက်တွင် ပေါ်ထွက်လာသည်။ ၎င်း၏ ကြီးမြတ်သော အရှိန်အဝါက ဖုန်းမိသားစု ခြံဝင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဟွမ်ယန်နှင့် လူအုပ်ကြီးကို ကြည့်ရင်း၊ ဖုန်းဝူချန်က ခက်ထန်စွာ ဆိုလိုက်သည်။ "ခင်ဗျားတို့မှာ အချိန် တစ်လပဲ ရှိတယ်။ ဘယ်လောက် တိုးတက်နိုင်မလဲ ဆိုတာကတော့ ခင်ဗျားတို့ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်။"

"စစ်သူကြီးချုပ်၊ ကျွန်တော်တို့ မျှော်စင်ထဲမှာ ကျင့်ကြံရမှာလား။" လွမ်ရှန်းက အနည်းငယ် အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ၊

"ဟုတ်တယ်။ မျှော်စင်ထဲမှာ ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို တိုးတက်အောင် ကူညီပေးနိုင်မယ့် ကျင့်ကြံရာ ရတနာမြေ တစ်ခု ရှိတယ်။"

ထိုစကားကို ကြားသောအခါ၊ စစ်သည်များအားလုံး အလွန်အမင်း ကျေနပ် အူမြူးသွားကြသည်။

စိတ်အာရုံတစ်ချက်ဖြင့် ဖုန်းဝူချန်သည် စစ်သည် ရာပေါင်းများစွာကို ကိုးထပ် ချန်ခွန်း မျှော်စင်အတွင်းသို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် ပဉ္စမအလွှာ နေရာလပ်သို့ တိုက်ရိုက် ပို့ပေးလိုက်လေသည်။

နေရာလပ်သည် သိပ်မကျယ်ဝန်းသော်လည်း စစ်သည် ရာပေါင်းများစွာ ဆံ့နိုင်သေးသည်။ နေရာလပ်ထဲတွင် မရေမတွက်နိုင်သော စွမ်းအင်လုံးများ ဝဲပျံနေပြီး၊ နေရာတစ်ခုလုံး ကြီးမားလှသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

စစ်သည်များ အတော်ကြီး တုန်လှုပ်သွားကြပြီး၊ အားလုံး ပါးစပ်အဟောင်းသားဖြင့် မှင်သက် ကြောင်ငေးကြည့်နေကြသည်။

“ဒါ ..ဒါက ဘယ်လို နေရာလပ်မျိုးကြီးလဲ”

ဟွမ်ယန်သည် သူ၏ အသံများ တုန်ယင်လျက် ထိတ်လန့်တကြား မေးလိုက်သည်။

'ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေ။ ကိုးထပ် ချန်ခွန်း မျှော်စင်က တကယ်ပဲ တခြားကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားတာပဲ။' လွမ်ရှန်းသည် သူ၏ တုန်လှုပ်မှုကို မထိန်းနိုင်ဘဲ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

"စစ်သူကြီးချုပ်၊ ခင်ဗျားရဲ့ ကျင့်ကြံမှုက ဒီလောက် မြန်မြန် တိုးတက်လာတာ ဒီ သန့်စင်တဲ့ စွမ်းအင်တွေကို စုပ်ယူလို့လား။"

"ဒီစွမ်းအင်တွေက အရမ်း သန့်စင်တယ်။ ဒီစွမ်းအင်တွေနဲ့ ကျင့်ကြံတာက ခင်ဗျားတို့ကို တိုးတက်အောင် ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့မှာ အချိန် တစ်လပဲ ရှိတယ်။ ရန်သူက ကျုပ်တို့ကို အချိန် အများကြီး မပေးဘူး။" ဖုန်းဝူချန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

'အလို‌လေး၊ အလိုလေး၊ ဒီလောက် ကြီးမားပြီး သန့်စင်တဲ့ စွမ်းအင်တွေနဲ့ တစ်လလောက်သာ ကျင့်ကြံလိုက်ရရင်၊ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်က မလွဲမသွေ အဆင့် ချိုးဖြတ်နိုင်မှာပဲ။'

'အိုးဟိုးဟိုး..ယွမ်တန်ဘုံ စတုတ္ထအလွှာကို အဆင့် ချိုးဖြတ်ဖို့က လက်တစ်ကမ်းအလိုမှာပဲ။ ဟား ဟား။'

'ငါလည်း ယွမ်တန်ဘုံ ပဉ္စမ အလွှာကို အဆင့် ချိုးဖြတ်နိုင်တော့မှာ။ ဟိုကောင် ချီဟွမ်က ငါ့ကို ကျော်တက်သွားတာကို လုံးဝ သည်းမခံနိုင်ဘူး။'

စစ်သည်များသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး၊ အားလုံးက ပဉ္စမအလွှာ နေရာလပ်ရှိ စွမ်းအင်များ အားလုံးကို စုပ်ယူရန် မစောင့်နိုင်တော့အောင် ဖြစ်နေကြသည်။

စစ်သည်များသည် သူတို့၏ နှလုံးသားထဲမှ ကြည်နူးမှုနှင့် စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ကြပြီး ရိုသေစွာ ဆိုလိုက်ကြသည်။

"ဟုတ်ကဲ့။"

"ဒါက ပျံသန်းခြင်း သိုင်းကွက်။ ဒါကို ကျုပ် ရှောင်ရှောင် ဆီက ရထားတာ။ ဒါက အဝါရောင်အဆင့် အမြင့်တန်း သိုင်းပညာ တစ်ခုပဲ ဆိုပေမဲ့၊ အနည်းဆုံးတော့ ဒါက ခင်ဗျားတို့ကို ပျံသန်းနိုင်အောင် လုပ်ပေးလိမ့်မယ်။" ထိုအခိုက်အတန့်၌ ဖုန်းဝူချန်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ စာလိပ်တစ်လိပ်သည် သူ၏ လက်ဖဝါးထဲတွင် အလိုအလျောက် ပေါ်ထွက်လာသည်။

"ပျံသန်းခြင်း သိုင်းကွက်။" ထိုစကားကို ကြားသောအခါ၊ စစ်သည်များသည် နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြီး၊ သူတို့၏ မျက်လုံးများမှာ ထက်သန်သော အရောင်အဝါများဖြင့် ပြည့်နှက်သွားသည်။

စိတ်လှုပ်ရှားနေသော စစ်သည်များကို ကြည့်ရင်း၊ ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"စဉ်းစားကြည့်လေ၊ ခင်ဗျားတို့အားလုံး ပျံသန်းနိုင်ပြီး ခွန်အားထက်တဲ့ စွမ်းအားတွေ ရှိနေမယ်ဆိုရင်၊ တခြား အင်ပါယာ သုံးခုမှာ တစ်သိန်းတပ်မတော်ကြီး ရှိနေရင်တောင်၊ သူတို့က ခင်ဗျားတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား။ ခင်ဗျားတို့ရဲ့ စွမ်းအားတစ်ခုတည်းနဲ့တင် နိုင်ငံအသီးသီးက တစ်သိန်းတပ်မတော်ကြီးတွေကို ချေမှုန်းပစ်နိုင်တယ် နော်။"

"ချီဟွမ်၊ ဒီဆေးလုံးတွေနဲ့ ကောင်းကင်ဘုံ ရတနာတွေကို ညီအစ်ကိုတွေကို ဖြန့်ဝေပေးလိုက်ပါ။ ဒီတစ်လအတွင်း၊ ခင်ဗျားတို့အားလုံး သေမလောက် လေ့ကျင့်စေချင်တယ်။ ကျုပ် ခင်ဗျားတို့ကို လေ့ကျင့်ပေးခဲ့တဲ့ နည်းလမ်းတွေကို သုံးတာ အကောင်းဆုံးပဲ။ ဘယ်သူမဆို အပျင်းခိုဖို့ ကြိုးစားခဲ့ရင် ၊ကျုပ် အဲ့လူရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။"

ပြောနေသော ဖုန်းဝူချန်၏ အသံမှာ ခက်ထန်သွားသည်။

"ဟုတ်ကဲ့ပါ၊ နားလည်ပါပြီ ဗိမာန်သခင်။" ချီဟွမ်သည် ရိုသေစွာ နာခံလိုက်ပြီး၊ ထို့နောက် ဟွမ်ယန်နှင့် အခြား စစ်သည်များကို အနည်းငယ် ကရုဏာသက်သလို ကြည့်လိုက်သည်။

"စစ်သူကြီးချုပ်၊ စိတ်ချပါ။ ကျွန်တော်တို့ သေမလောက် လေ့ကျင့်ပါ့မယ်။ စစ်သူကြီးချုပ်ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး။" ဟွမ်ယန်နှင့် အခြား စစ်သည်များက ရိုသေစွာ ဒူးတစ်ဖက်

ထောက်ချလိုက်ကြသည်။

ဖုန်းဝူချန်သည် သူတို့အပေါ် ကြီးမားလှသော ကျေးဇူးတရားများ ပြသခဲ့ပြီး၊ မည်သည့်အရာကိုမျှ ပြန်လည် တောင်းဆိုခြင်း မရှိခဲ့ပေ။ သူသည် သူတို့အတွက် ဒုတိယ မိဘသဖွယ် ဖြစ်နေခဲ့သည်။

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့သည် ဖုန်းဝူချန်ကို သူတို့၏ သခင်အဖြစ် အသိအမှတ် ပြုထားပြီး ဖြစ်၏။ သူတို့ အနေနှင့် ဖုန်းဝူချန်ကို မည်သို့ စိတ်ပျက်အောင် လုပ်နိုင်မည်နည်း။

"ကျုပ် ကိုးထပ် ချန်ခွန်း မျှော်စင်ကို ဖုန်းမိသားစုမှာ ထားခဲ့မယ်၊ ရှောင်ရှောင်က ခင်ဗျားတို့ရဲ့ အကာအကွယ်ပေးသူအဖြစ် နေလိမ့်မယ်။ ရှောင်ရှောင် ရှိနေရင်၊ ဘယ်သူပဲ လာလာ ပြဿနာမရှိပါဘူး။" ဖုန်းဝူချန်က အပြုံးနှင့် မှာကြားလိုက်သည်။

လင်ရှောင်ရှောင်က သူတို့၏ အကာအကွယ်ပေးသူအဖြစ် နေမည်ဟု ကြားသောအခါ၊ စစ်သည်များ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

"စစ်သူကြီးချုပ်၊ ခင်ဗျားလည်း ကျွန်တော်တို့နဲ့အတူ လေ့ကျင့်မှာလား။" လွမ်ရှန်းက နောက်ဆက်တွဲ မေးလိုက်သည်။

"ဟင့်အင်း၊ ကျုပ်က ဝူကျိ နက်ရှိုင်းချောက်ကို သွားကျင့်မှာ။" ဖုန်းဝူချန်က ပြုံးစစဖြင့် ဆိုလိုက်သည်။

"ဗျာ။ ဝူကျိ နက်ရှိုင်းချောက်။" စစ်သည်များ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ဒါက ဧကရာဇ်များ ကျင့်ကြံရာ နေရာ ဖြစ်သည်၊။ စစ်သူကြီးချုပ်က အဲဒီနေရာကို သွားကျင့်ကြံမည်တဲ့လား။

ချီဟွမ်သည် ယုံနိုင်ခက်စွာဖြင့် တုန်လှုပ်စွာ မေးလိုက်သည်။

"ဗိမာန်သခင်၊ ဧကရာဇ်က တကယ်ပဲ ခင်ဗျားကို ဝူကျိ နက်ရှိုင်းချောက်မှာ တစ်လ ကျင့်ကြံခွင့် ပေးလိုက်တာလားဗျ။ အိမ်ရှေ့စံမင်းသားတောင် အဲဒီထဲ ဝင်ခွင့်မရှိဘူးလေ။"

လွမ်ရှန်းသည် ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်ရင်း

ပြောလာ၏

"ဝူကျိ နက်ရှိုင်းချောက်က အဆက်ဆက်သော ဧကရာဇ်တွေရဲ့ ကျင့်ကြံရာ နေရာ ဖြစ်ခဲ့တာ။ ဧကရာဇ် ကိုယ်တိုင်ကလွဲရင်၊ တခြား ဘယ်သူမှ အဲဒီမှာ ကျင့်ကြံခွင့် မရှိခဲ့ပါဘူး။ ဧကရာဇ်က စစ်သူကြီးချုပ်အတွက် ခြွင်းချက်အနေနဲ့ ကျင့်ကြံခွင့် ပေးလိုက်တယ်ဆိုတာ ကျွန်တော်ဖြင့် ယုံတောင် မယုံနိုင်ဘူး။"

“ဒါက ဧကရာဇ်က ပေးထားတဲ့ ကတိပဲ။ ကျုပ်ကို တစ်လ ကျင့်ကြံခွင့် ပေးထားတယ်။ ဧကရာဇ်ရဲ့ ကျင့်ကြံရာ နေရာက သာမန်တော့ ဘယ်ဟုတ်မလဲ၊ ဒါက ဘယ်လို ရတနာမြေမျိုးလဲ ဆိုတာကို ကျုပ်လည်း အရမ်းကို သိချင်နေတာပေါ့ဗျာ”

ဖုန်းဝူချန်သည် ပြုံးလျက် ဆိုသည်။

ထိုသို့ တွေးလိုက်သည်နှင့်၊ သူ၏ စိတ်အာရုံ လှုပ်ရှားမှုတစ်ခုနှင့်အတူ မျှော်စင်ထဲမှ မှော်ဆန်ဆန် ထွက်ခွာသွားတော့သည်။

ဖုန်းဝူချန် ထွက်သွားပြီးနောက်၊ ချီဟွမ်၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ထပ်မံ ပေါ်ပေါက်လာပြီး၊ သူက "ညီအစ်ကိုတို့၊ ငါတို့ မကစားရတာ ကြာပြီနော်။" ဟု စနောက်လိုက်သည်။

“ချီဟွမ်၊ မင်း လျှောက်မလုပ်နဲ့နော်”

ဟွမ်ယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊ ချီဟွမ်ကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။

"ရွှယ်ဖုန်း၊ ခွမ်းကျန့်၊ ဟော့မင်၊ ဗိမာန်သခင်က ညီအစ်ကိုတွေကို ကောင်းကောင်း 'ဂရုစိုက်' ပေးလိုက်ဖို့ အမိန့်ပေးသွားတယ်။ ဒါက စစ်သူကြီးချုပ်ရဲ့ အမိန့်ပဲ၊ ဘယ်သူက မနာခံရဲလဲ ကြည့်ကြသေးတာပေါ့။" ချီဟွမ်က အောင်နိုင်သူပမာ အားပါးတရ ပြုံးရင်း ဆိုလိုက်သည်။

"ချီဟွမ်၊ အစ်ကိုကြီး၊ ခင်ဗျားက ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေနဲ့ ဖြေရှင်းနေတာပဲ။ ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး။" တစ်စုံတစ်ယောက်က စောဒကတက်ကာ အော်ဟစ်လိုက်သည်။

"မင်းက လက်မခံဘူးဆိုရင်၊ လက်ခံလာတဲ့အထိ မင်းကို ရိုက်မယ်။ တိုက်ကြ။" ချီဟွမ် ဟိန်းဟောက်လိုက်သည်နှင့်၊ ကောင်းကင်ဗိမာန်မှ လူရှစ်ယောက်၊ ဖုန်းကျန့်နှင့် ဖုန်းယွမ်တို့သည် ပြင်းထန်စွာ ရှေ့သို့ တိုးဝင်သွားကြသည်။

"အား။ အိုး။ အိုး။ လိန် ညီလေး၊ ကျေးဇူးပြုပြီး ညှာညှာတာတာ လုပ်ပါ။"

ထိုအခါ လိန်မူချန်က အေးစက်စွာ ပြုံးရင်း စနောက်လိုက်သည်။

"အစ်ကိုကြီးယန်၊ ဒါက ခင်ဗျား ကောင်းဖို့အတွက်ပဲ။ ပြီးတော့၊ ကျွန်တော်က ယွမ်တန်ဘုံ သုံးလွှာမှာပဲ ရှိသေးတာ၊ ခင်ဗျားကို အများကြီး နာကျင်အောင် မလုပ်နိုင်ပါဘူး။"

"ဟေ့ကောင် သွမ့်ထျန်းဖုန်း၊ မင်း..တကယ် မညှာမတာ လုပ်ရလား။"

"ဟဲဟဲ၊ အစ်ကိုကြီးလီ၊ ဒါက စစ်သူကြီးချုပ်ရဲ့ အမိန့်ဗျ၊ ကျွန်တော် ဘယ်လိုလုပ် ငြင်းဆန်ရဲမှာလဲ။ ငြိမ်ငြိမ်လေး နေပြီး မလှုပ်နဲ့။ ကျွန်တော် ခင်ဗျားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် အကောင်းဆုံး ကြိုးစားပြီး ထိုးပေးပါမယ်၊ ဒါမှ ခင်ဗျား နာကျင်မှု သက်သာမှာလေနော်။" သွမ့်ထျန်းဖုန်းက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်သည်။

"အားယားယား။ သွမ့်ထျန်းဖုန်း။ မျက်နှာကို မထိုးနဲ့လေ။ မင်း။"

"တောက်ဟွမ်၊ မင်းကို ကျင့်ကြံဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ငါ သင်ပေးခဲ့တာနော်၊ ညှာညှာတာတာ လုပ်။" တစ်စုံတစ်ယောက်က တောင်းပန်လိုက်သည်။

"ညှာရမှာလား။ ဟဲဟဲ၊လက်သီးကို ကြည့်ထား။ မလှုပ်နဲ့။" တောက်ဟွမ်သည် အညှာအတာမရှိ ထိုးနှက်ရင်း အော်ဟစ်လိုက်လေသည်။

"ချီဟွမ်။ ငါက အရင်က မင်းရဲ့ ခေါင်းဆောင်၊ မင်းက ကျင့်ကြံမှုမှာ ငါ့ကို ကျော်တက်သွားရုံနဲ့ မင်း ကြိုက်သလို လုပ်လို့ရတယ်လို့ မထင်နဲ့။"

ချီဟွမ်က ပြန်အော်လိုက်သည်။ "ခေါင်းဆောင် ဖြစ်ရင်တောင် တွန့်ဆုတ်မနေဘဲ ရိုက်နှက်ရမှာပဲ။ တိုက်ကြ။ သူတို့ကို ခပ်ကြမ်းကြမ်း ရိုက်ကြ။"

ချီဟွမ် ဦးဆောင်သော လူဆယ်ယောက်၏ ရူးသွပ်သော တိုက်ခိုက်မှုအောက်တွင်၊ လူ ရာပေါင်းများစွာသည် တစ်ယောက်ပြီး တစ်ယောက် သည်းကြီးမည်းကြီး အရိုက်ခံလိုက်ရပြီး၊ ဒဏ်ရာဒဏ်ချက်များ၊ ဖူးယောင်ညိုမည်းနေသော မျက်နှာများဖြင့် ကျန်ရစ်ခဲ့လေသည်။

အရိုက်ခံရခြင်းသည် အမှန်တကယ်ပင် ဆိုးရွားသော ခံစားမှု ဖြစ်သော်လည်း၊ အဆုံးတွင်တော့ စစ်သည်များအားလုံး ဟားခနဲ ရယ်မောလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် သေအတူ ရှင်မကွဲ ညီအစ်ကိုများ ဖြစ်သောကြောင့်တည်း။

ဒါက သူတို့၏ အကောင်းဆုံး အမှတ်တရ၊ ဖုန်းဝူချန်နှင့် တွေ့ဆုံခဲ့ရသော အမှတ်တရ၊ သူတို့၏ ဘဝတွင် မမေ့နိုင်သော အခိုက်အတန့်တစ်ခု ဖြစ်ခဲ့လေသည်။

သူတို့သည် ရန်သူများနှင့် သေသည်အထိ တိုက်ခိုက်ခဲ့ကြ၏။ အတူတကွ ကျင့်ကြံခဲ့ကြသည်၊ ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်သော ဆက်ဆံမှုကို ခံခဲ့ကြရ၏။ အခြားသူများ မကြုံတွေ့ခဲ့ဖူးသော အရာများကို ကြုံတွေ့ခဲ့ကြရ၏။

သူတို့၏ လက်ရှိ အဆင့်အတန်းကို ရရှိခြင်းမှာ စစ်သူကြီးချုပ်၏ သင်ကြားပြသမှုကြောင့်သာ ဖြစ်သည်။

စစ်သူကြီးချုပ် မရှိလျှင်၊ သူတို့သည် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော် သက်သက်မျှသာ ဖြစ်နေဦးမည်။

စစ်သည်များ၏ နှလုံးသားထဲတွင်၊ ဖုန်းဝူချန်၏ အဆင့်အတန်းသည် အခြား မည်သည့်အရာထက်မဆို သာလွန်နေခဲ့ ချေပြီ။

ဒါဟာ ရဲဘော်ရဲဘက်စိတ်၊ ညီရင်းအစ်ကိုသဖွယ် ဆက်ဆံရေးမျိုးပင်။

စစ်သည်များအားလုံး ဖုန်းဝူချန်နှင့် တွေ့ဆုံခွင့် ရခဲ့သည့်အတွက် ကံကောင်းသည်ဟု ခံစားနေကြရသည်။

စစ်သူကြီးချုပ်နှင့် တွေ့ဆုံခြင်းသည် သူတို့ ဘဝ၏ အကြီးမားဆုံးသော ပြောင်းလဲမှု အလှည့်အချိုး တစ်ခု ဖြစ်ခဲ့ပြီး၊ သူတို့၏ ကျင့်ကြံအား တိုးတက်လာမှုအတွက် မျှော်လင့်ချက်လည်း ဖြစ်ခဲ့လေ၏။

-------

အချိန်အားဖြင့်..သုံးရက်၊

သုံးရက် ကြာပြီးနောက်၊ ဖုန်းဝူချန်သည် ဧကရာဇ်မြို့တော်သို့ နောက်တစ်ကြိမ် ဦးတည် ထွက်ခွာလာခဲ့သည်။

ဧကရာဇ်၏ ကျင့်ကြံရာ ရတနာမြေ တစ်ခုအနေနှင့်၊ ဝူကျိ နက်ရှိုင်းချောက်တွင် ၎င်း၏ ကိုယ်ပိုင် ထူးကဲမှုများ ရှိနေမည်မှာ သေချာပါသည်။

ဝိညာဉ်စွမ်းအင်များသည် နတ်ဘုရားတောင်ကြားလောက် မသိပ်သည်းနိုင်သော်လည်း၊ ဝူကျိ နက်ရှိုင်းချောက်၏ ရှေးဟောင်း စွမ်းအားများသည် ဖုန်းဝူချန်ကို အလွန် စူးစမ်းချင်စိတ် ပြင်းပြစေပြီး စိတ်ဝင်စားစေသော အရာများ ဖြစ်သည်။

'ဝူကျိ နက်ရှိုင်းချောက် ဆိုတာ တကယ်တမ်းမှာ ဘာများလဲ။’

All Chapters