ဒူးထောက် အညံ့ခံလာသော ဖုန်းလေဂိုဏ်း
Vol. 14 Ch. 204
~"ရက် ရက်ပေါင်း လေးရာကျော် ဟုတ်လား။"
ဤစကားကို ကြားလိုက်ရသောအခါ သွမ့်ဝူချင်းတစ်ယောက် တုန်လှုပ်၍ ထိတ်လန့်သွားတော့သည်။
သူသည် ယွမ်တန်ဘုံ သတ္တမ အလွှာ ကျင့်ကြံသူတစ်ဦး ဖြစ်သည့်တိုင်၊ ဤမျှ ကြံ့ခိုင်သော သူပင်လျှင် ရက်ပေါင်း လေးရာကျော်ကြာအောင် အရိုက်ခံရပြီးနောက် သူ ဘယ်သို့သော အခြေအနေသို့ ရောက်ရှိသွားမည်ကို စိတ်ကူးဖြင့်ပင် မတွေးဝံ့ခဲ့ပေ။
သွမ့်ဝူချင်း၏ မှင်သက်နေသော အမူအရာကို မြင်သောအခါ၊ စစ်သည်များမှာ သူတို့ဘာသာသူတို့ ကြိတ်၍ ခွီးနေကြတော့သည်။
"အိမ်ရှေ့စံမင်းသား သူတို့ လျှောက်ပြောနေတာ နားမယောင်ပါနဲ့ဗျာ။ အဲ့ဒီလောက်ကြီးလည်း မရက်စက်ပါဘူး။ ခင်ဗျားရဲ့ ရုပ်ခန္ဓာကိုယ်က အဆင့်တစ်ခုကို ရောက်သွားတာနဲ့ အထွတ်အထိပ် ခန္ဓာကျင့်စဉ်ကို စကျင့်လို့ ရပါပြီ။" ချီဟွမ်က ရယ်မောရင်း ဝင်ပြောလိုက်သည်။
"တော်ပါသေးရဲ့၊ခင်ဗျားတို့သာ ကျွန်တော့်ကို ရက်ပေါင်း လေးရာကျော်လုံးလုံး ဝိုင်းရိုက်ကြမယ်ဆိုရင် ကျွန်တော့်အသက်တောင် ကျန်ပါ့မလား မသိဘူး။"
သွမ့်ဝူချင်းသည် သက်ပြင်းတစ်ချက် ကြိတ်၍ ချလိုက်မိတော့သည်။
"အဟားဟားဟား။"
စစ်သည်များ ချက်ချင်းပင် ပွဲကျသွားတော့သည်။
"အိမ်ရှေ့စံမင်းသား၊ ခင်ဗျားရဲ့ ပါရမီနဲ့ဆိုရင် လအနည်းငယ်လောက် ကျင့်ကြံလိုက်တာနဲ့ ယွမ်တန်ဘုံ နဝမအလွှာကို သေချာပေါက် အဆင့် ချိုးဖြတ်နိုင်မှာပါ။" ချီဟွမ်က အခိုင်အမာ ဆိုလိုက်၏။
'ယွမ်တန်ဘုံ နဝမအလွှာကို အဆင့် ချိုးဖြတ်နိုင်မယ် ဟုတ်လား။' သွမ့်ဝူချင်း၏ မျက်လုံးများ ချက်ချင်းပင် ထက်သန်သော အရောင်အဝါများဖြင့် ပြည့်နှက်သွားတော့သည်။
အကယ်၍ သူ့ဘာသာသူ ကျင့်ကြံရမည် ဆိုပါက၊ သွမ့်ဝူချင်း ဤမျှ ယုံကြည်မှု ရှိလိမ့်မည် မဟုတ်ပေ။ ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ၊ တက်လှမ်းရန် ခက်ခဲလေလေ ဖြစ်သည်ကို သူသည် ကောင်းစွာ သိရှိထား၏။
သို့သော် ချီဟွမ်ကမူ လအနည်းငယ်အတွင်း သွမ့်ဝူချင်းသည် ယွမ်တန်ဘုံ နဝမအလွှာသို့ အဆင့် ချိုးဖြတ်နိုင်လိမ့်မည်ဟု အသေအချာ ပြောဆိုနေသည်။ ဤအချက်က သွမ့်ဝူချင်းကို လုံးဝဥဿုံ ယုံကြည်သွားစေပြီး အလွန်အမင်း မျှော်လင့်တကြီး ဖြစ်သွားစေတော့သည်။
သွမ့်ဝူချင်း ပို၍ မျှော်လင့်နေမိသည်မှာ အထွတ်အထိပ် ခန္ဓာကျင့်စဉ်သည် မည်မျှ ခွန်အားထက်သနည်း၊ ကိုးထပ် ချန်ခွန်း မျှော်စင် အတွင်း၌ မည်သို့သော ကြောက်မက်ဖွယ်ရာများ ကိန်းအောင်းနေသနည်း ဆိုသည်ကိုပင်။
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့၏ ကျင့်ကြံမှုအဆင့်များ ရုတ်တရက် မြင့်တက်လာခြင်းသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်သည်မှာ သေချာလှသည်။ ၎င်း၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု ရှိရပေမည်။
"ချီဟွမ်၊ ဝူချင်းကို မင်းလက်ထဲ အပ်လိုက်ပြီ။" ဖုန်းဝူချန်က ချီဟွမ်ကို ကြည့်ရင်း ဆိုလိုက်သည်။
"စိတ်ချပါ စစ်သူကြီးချုပ်၊ ကျွန်တော် အိမ်ရှေ့စံမင်းသားကို ကောင်းကောင်း 'ဂရုစိုက်' ပါ့မယ်။" ချီဟွမ်က ပျော်ရွှင်စွာ ဆိုလိုက်ပြီး၊ သူ၏ မျက်လုံးများက သွမ့်ဝူချင်းကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။
'သွားပြီ။ ဒုက္ခတော့ တွေ့ပြီ။ ဟိုကောင် ချီဟွမ်က အရမ်း ရက်စက်တာ အိမ်ရှေ့စံမင်းသားတော့ ခံရတော့မှာပဲ။' ဟွမ်ယန်နှင့် အခြားသူများက ရင်တွင်း စုပ်သပ်ကာ သနားကရုဏာသက်သော အမူအရာများ ပြသလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် ခင်ဗျားကို အလုပ်ရှုပ်စေမိတော့မယ်။" သွမ့်ဝူချင်းက လက်နှစ်ဖက် ဆုပ်ကာ အရိုအသေပေးလိုက်သည်။
"အိမ်ရှေ့စံမင်းသား သူ့ကို ကျေးဇူးသွားမတင်ပါနဲ့ဦး ၊ ခင်ဗျား ရှေ့ဆက်ရမယ့်လမ်းက ကြမ်းမှာ သေချာတယ်ဗျ။" လျိုချင်းယန်က ထူးဆန်းသော အပြုံးဖြင့် ဝင်စနောက်လိုက်၏။
သွမ့်ထျန်းဖုန်းက ခေါင်းခါလျက် "ချီဟွမ်က နာမည်ကြီးအောင် ရက်စက်တဲ့ လူ။" ဟု ဆိုလေသည်။
"ကဲ၊ ဖုန်းလေဂိုဏ်းက ဂိုဏ်းချုပ်ကို သွားတွေ့ရအောင်။"
ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ လက်ကလေးကို ဆွဲကိုင်လိုက်ပြီး ရှေ့ခြံဝင်းဆီသို့ လှမ်းထွက်လာခဲ့သည်။ လူအုပ်ကြီးသည်လည်း သူ့အနောက်မှ အလျင်အမြန် လိုက်ပါလာကြ၏။
"ဖုန်းလေဂိုဏ်းက ဂိုဏ်းချုပ် ဟုတ်လား။"
"အဲ့ဒီ အဘိုးကြီးက ဖုန်းစံအိမ်ကို ရောက်နေတာလား။ သူ ဒီမှာ ဘာလာလုပ်တာလဲ။"
"ဟမ့်။ သူ လာတာ အချိန်ကိုက်ပဲ။ နောက်တစ်ဆင့်က ဖုန်းလေဂိုဏ်းကို ရှင်းပစ်ဖို့ပဲ။"
စစ်သည်များမှာ အံ့အားသင့်သွားသလို ဒေါသလည်း ထွက်သွားကြသည်။ အားလုံးက ဖုန်းလေဂိုဏ်းကို ချေမှုန်းပစ်မည်ဟု ကြွေးကြော်နေကြ၏။
ဖုန်းဝူချန်နှင့် အခြားသူများ နောက်ဘက် ခြံဝင်းမှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၊ ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ ပို၍ပင် ကြောက်ရွံ့ မျှော်လင့်ချက် ကင်းမဲ့သွားကြတော့သည်။
ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ လွန်ခဲ့သော ခဏလေးကပင် ဖုန်းစံအိမ်တော်သည် အလွန် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး၊ ယခု ရုတ်တရက်ကြီး ဤမျှ များပြားသော လူများ ဘယ်ကဘယ်လို ပေါ်ထွက်လာခဲ့သနည်း။
ထိုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ၊ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်မှ စစ်သည် လေးရာကျော်လုံး ဤ ဖုန်းစံအိမ်တော်ထဲသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
ကျန်းထျန်းရန်နှင့် အခြားသူများ ပိုင်ဆိုင်ထားသော ကျင့်ကြံမှုအဆင့်နှင့်၊ ဤမျှ သံမဏိသွေးသားဆန်သော စွမ်းအင်များ တည်ရှိနေသည်ကို သူတို့ မည်သို့ အာရုံမခံမိဘဲ နေနိုင်မည်နည်း။
"ကျန်းထျန်းရန် ၊ခင်ဗျားတို့မှာ တော်တော် သတ္တိရှိနေပါလား။ ဒီလောက် လုပ်ရဲပြီးမှတော့ စစ်သူကြီးချုပ်ဖုန်းရဲ့ စံအိမ်ကို လာရဲသေးတယ် ဟုတ်လား။" ဟွမ်ယန်က သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါကို ထုတ်လွှတ်ရင်း အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
"ဗိမာန်သခင်၊ ကျွန်တော့်ကို သူတို့ကို သတ်ခွင့်ပြုပါ။" ချီဟွမ်က ယွမ်တန်ဘုံ သတ္တမ အလွှာ၏ စွမ်းအားကို ထုတ်ဖော်ရင်း လက်ရွယ်လိုက်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
"စစ်သူကြီးချုပ် အသက်ချမ်းသာပေးပါ ခင်ဗျာ။" ဖုန်းဝူချန် ချဉ်းကပ်လာသည်ကို မြင်သောအခါ၊ ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး၊ ဒူးထောက်ထားရာမှ ထရပ်ရန်ပင် မဝံ့ရဲကြတော့ပေ။
"ကျန်းထျန်းရန် ခင်ဗျားက ဖုန်းလေဂိုဏ်းရဲ့ မဟာအကြီးအကဲကို စေလွှတ်ပြီး စစ်သူကြီးချုပ်ရဲ့ မျှော်စင်ကို လုယူခိုင်းခဲ့တယ်။ စစ်သူကြီးချုပ်ကိုတောင် သတ်ပစ်ချင်ခဲ့သေးတာ အခုမှ ခင်ဗျားက အသက်ချမ်းသာ လာတောင်းခံရဲသေးတယ် ဟုတ်လား။" သွမ့်ထျန်းဖုန်းက စူးရဲစွာ ကြည့်ရင်း မထီမဲ့မြင် ဆိုလိုက်သည်။
ကျန်းထျန်းရန်က ကြောက်ရွံ့တကြား တောင်းပန်လိုက်သည်။
"စစ်သူကြီးချုပ် ၊ ဒါ ကျွန်တော့်ရဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့်ပါ။ ခင်ဗျားရဲ့ ရတနာကို ကျွန်တော် မတရား မလောဘတက်သင့်ပါဘူး။ စစ်သူကြီးချုပ်က စိတ်သဘောထား ကြီးမြတ်ပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ခင်ဗျားတို့ကို ခွင့်လွှတ်ရမယ် ဟုတ်လား။ အိပ်မက် မက်နေတာလား။" ချီဟွမ်က မထီမဲ့မြင် ဆိုလိုက်ပြီး ကျန်းထျန်းရန်ကို လက်ဝါးဖြင့် ရိုက်ရန် ပြင်လိုက်သည်။
ချီဟွမ် လှုပ်ရှားရန် ပြင်လိုက်သည့် ထိုအခိုက်အတန့်မှာပင်၊ ဖုန်းဝူချန်က ရုတ်တရက် ဝင်တားလိုက်သည်။
သူသည် ကျန်းထျန်းရန်ကို ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလေ၏။
"ခင်ဗျားတို့ ဖုန်းစံအိမ်မှာ ကျုပ်ကို တစ်လနီးပါး စောင့်နေခဲ့ကြတယ်လို့ ငါကြားတယ်။ ကြည့်ရတာ ခင်ဗျားတို့ တော်တော်လေးတော့ စိတ်ရင်းမှန်ပုံပဲ။"
"စစ်သူကြီးချုပ် ၊ ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ နောင်တရမိပါတယ်။ ကျွန်တော်တို့ရဲ့ အမှားတွေကိုလည်း ဝန်ခံပါတယ် ခင်ဗျာ။ စစ်သူကြီးချုပ်က ဖုန်းလေဂိုဏ်းရဲ့ မျိုးဆက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်" ကျန်းထျန်းရန်ခမျာ အကြိမ်ကြိမ် ဦးတိုက် တောင်းပန် နေလေသည်။
ဖုန်းလေ ဂိုဏ်း ကာကွယ်စောင့်ရှောက်သူကလည်း ကြောက်ရွံ့တကြား ဆိုလိုက်သည်။ "ဟုတ်ပါတယ် စစ်သူကြီးချုပ် ကျွန်တော်တို့ တကယ် နောင်တရမိပါတယ်။ စစ်သူကြီးချုပ်ကို လိမ်ညာဖို့ ဘယ်တော့မှ မဝံ့ရဲပါဘူး ခင်ဗျာ။"
"တကယ် နောင်တရတယ် ဟုတ်လား။" ဖုန်းဝူချန်သည် အနည်းငယ် ပြုံးလိုက်ပြီး "ခင်ဗျားတို့ စိတ်ရင်းမှန်တယ်ဆိုတာ ကျုပ် ယုံကြည်ပါတယ်။ မဟုတ်ရင် ခင်ဗျားတို့ ကျုပ်ဆီကို ရောက်လာမှာ မဟုတ်ဘူး။"
"စစ်သူကြီးချုပ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။" ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ အကြိမ်ကြိမ် ဦးညွှတ် ကျေးဇူးတင်စကား ဆိုကြသည်။
ဖုန်းဝူချန်၏ ရှေ့မှောက်တွင်၊ ဖုန်းလေဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ဖြစ်နေသည့်တိုင် သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို အနည်းငယ်မျှပင် ထည့်မတွက်နိုင်ကြတော့ပေ။ အသက်ရှင်နေရေးသာလျှင် အဓိက ဖြစ်သည်။
"ကျုပ်ကို ကျေးဇူးတင်ဖို့ မလောပါနဲ့ဦး။ ခင်ဗျားတို့ စိတ်ရင်းမှန်တယ်လို့ ယုံကြည်တယ်လို့ပဲ ပြောတာ ခင်ဗျားတို့ကို
အသက်ချမ်းသာပေးမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ကျုပ်ကို ရန်စမှုရဲ့ အကျိုးဆက်ကိုတော့ ခင်ဗျားတို့ သိသင့်ပါတယ်။"
ထိုသို့ ဖုန်းဝူချန်က ရေခဲတမျှ အေးစက်စွာ ထုတ်ပြောလိုက်သည်။
ထိုစကားကြောင့်၊ ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများ၏ မျက်နှာ အမူအရာများမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး၊ အကြောက်တရားနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ပြည့်နှက်သွားလေသည်။
"စစ်သူကြီးချုပ် ကျေးဇူးပြုပြီး သနားညှာတာပါ ခင်ဗျာ။" ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ အကြိမ်ကြိမ် ဦးတိုက် တောင်းပန်ရင်း သူတို့၏ နဖူးများမှ သွေးများပင် စို့ထွက်လာကြသည်။
ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို ဆင့်ခေါ်လိုက်သည်။ ချမ်းစိမ့်စိမ့် သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု တိုက်စားလာရာ၊ ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ပုံလျက်သား ပြိုကျသွားကြပြီး၊ မျှော်လင့်ချက်များ လုံးဝ ကင်းမဲ့သွားကြတော့သည်။
"ခင်ဗျားတို့မှာ မသေခင် နောက်ဆုံး စကားတစ်ခွန်းလောက်ရော ရှိသေးလား။" ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်၏။
"စစ်သူကြီးချုပ် ၊ ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ ခင်ဗျာ။ စစ်သူကြီးချုပ်သာ အသက်ချမ်းသာပေးမယ်ဆိုရင် ခင်ဗျား အမိန့်ရှိသမျှ ဘာမဆို လုပ်ပါ့မယ်။ ဖုန်းလေဂိုဏ်း တစ်ခုလုံး စစ်သူကြီးချုပ်ရဲ့ လက်အောက်ကို ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ် ။" ကျန်းထျန်းရန်သည် သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို မခံနိုင်တော့ဘဲ အကြိမ်ကြိမ် တောင်းပန်လိုက်သည်။
"လက်အောက်ခံမယ် ဟုတ်လား။" ဖုန်းဝူချန်သည် အနည်းငယ် အံ့အားသင့်သွားပြီး၊ အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို ဖြည်းညင်းစွာ ပြန်လည် သိမ်းလိုက်ရင်း "ခင်ဗျားတို့ ဘယ်လို လက်အောက်ခံမှာလဲ။" ဟု ပြန် မေးလိုက်သည်။
ဖုန်းဝူချန် ဓားကို ပြန်သိမ်းလိုက်သည်ကို မြင်သောအခါ၊ ကျန်းထျန်းရန်ခမျာ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး မျှော်လင့်ချက် ရောင်ခြည် သန်းသွားသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှ သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေသည်ကို သတိပြုမိတော့သည်။
ထိတ်လန့်တကြားပင် ကျန်းထျန်းရန်က ပြောလိုက်သည်။ "စစ်သူကြီးချုပ် ဖုန်းလေဂိုဏ်း တစ်ခုလုံးက ခင်ဗျား သင့်တော်သလို အမိန့်ပေးစေခိုင်းဖို့ အသင့်ရှိနေပါ့မယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ ဘာမဆို ငြင်းဆန်မှာ မဟုတ်ပါဘူး။ အကယ်၍ နည်းနည်းလေးပဲ ဖီဆန်ခဲ့မယ်ဆိုရင် စစ်သူကြီးချုပ်က ဖုန်းလေဂိုဏ်းကို ဘယ်အချိန်မဆို သတ်ပစ်နိုင်ပါတယ် ခင်ဗျာ။"
"ကျုပ် စေခိုင်းသမျှ ဟုတ်လား။ ဘယ်လို တာဝန်မျိုးပဲ ဖြစ်ဖြစ်လား။" ဖုန်းဝူချန်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"စစ်သူကြီးချုပ်ရဲ့ အမိန့်မှန်သမျှ ကျွန်တော်တို့ ဖီဆန်မှာ မဟုတ်ပါဘူး ခင်ဗျာ။" ကျန်းထျန်းရန်သည် တွန့်ဆုတ်ရန် မဝံ့ရဲခဲ့ပေ။ အနည်းငယ်မျှ နှောင့်နှေးလိုက်လျှင်ပင် ဖုန်းဝူချန်၏ လက်ထဲတွင် သေဆုံးသွားနိုင်သည်ကို သူ ကြောက်ရွံ့နေသည်။
ထိုစကားကို ကြားသောအခါ၊ ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး ပြုံးလျက်
"မှတ်ထား ဒါ ခင်ဗျားတို့ စကားနော်။ ထကြတော့။"
"ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်။"
ထိုအခါမှ ကျန်းထျန်းရန်နှင့် အခြားသူများမှာ အလုံးစုံ စိတ်သက်သာရာ ရသွားကြရှာသည်။
ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ ဤသို့သော ကြောက်ရွံ့မှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ဤသို့ အကူအညီမဲ့သော ခံစားချက်သည် အရာအားလုံးထက် ကြောက်စရာ အကောင်းဆုံးပင် ဖြစ်သည်။
သူတို့၏ ခရီးစဉ်သည် အချည်းနှီး မဖြစ်ခဲ့ပေ။ တစ်လနီးပါး စောင့်ဆိုင်းခဲ့ရခြင်းမှာ အလကား မဖြစ်ခဲ့ချေ။
အနည်းဆုံးတော့ ဖုန်းဝူချန်က သူတို့ကို မသတ်တော့ပေ။ ဖုန်းလေဂိုဏ်းလည်း အသက်ချမ်းသာ ရခဲ့ပြီ ဖြစ်သည်။
တောင်းပန် အသနားခံရခြင်းသည် ဂုဏ်သိက္ခာ ကျဆင်းစေသော်လည်း၊ သေခြင်းတရားထက်စာလျှင် ပိုကောင်းသေး၏။ အသက်ရှင်နေရေးသာလျှင် အရေးကြီးဆုံး မဟုတ်ပါလား။
"တော်သေးတာပေါ့ ၊ကျုပ်က ခင်ဗျားတို့ကို ခိုင်းစရာ ကိစ္စတစ်ခု ရှိနေတယ်။" ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ဆိုလိုက်သည်။
"စစ်သူကြီးချုပ် အမိန့်ရှိတော်မူပါ ခင်ဗျာ။" ကျန်းထျန်းရန်က မည်သို့မျှ မလေးမစား မပြုဝံ့ဘဲ ရိုသေစွာ ဆိုလိုက်သည်။
ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ ဖုန်းဝူချန်၏ အစောပိုင်းက သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် လုံးဝ ထိတ်လန့်သွားခဲ့ပြီး ဖြစ်ရာ မဆင်မခြင် ပြုမူရန် မဝံ့ရဲကြတော့ပေ။
"ဖုန်းလေဂိုဏ်းက ရွှေယွဲ့အင်ပါယာရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတာပဲ။ အခု လူလွှတ်ပြီး ရွှေယွဲ့အင်ပါယာနဲ့ ထိုက်ရွှီဂိုဏ်းကို လျှို့ဝှက် စောင့်ကြည့်စမ်း။ ဘာပဲ ထူးခြားမှု ရှိရှိ ချက်ချင်း ကျုပ်ကို သတင်းပို့ရမယ်။ ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကတော့ ခင်ဗျားတို့ဘာသာ စဉ်းစားကြပေါ့။" ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
ဤစကားကြောင့်၊ လေးယောက်လုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကာ ရင်တွင်း ကျိန်ဆဲမိကြသည်။
'လခွမ်း၊ ရွှေယွဲ့အင်ပါယာနဲ့ ထိုက်ရွှီဂိုဏ်းကို သူလျှိုလုပ်ခိုင်းတာ ဟုတ်လား။ ဒါက သေလမ်းကို ရှာခိုင်းတာနဲ့ ဘာထူးလို့လဲ။'
မည်သို့ပင်ဖြစ်စေ၊ ကျန်းထျန်းရန်သည် ကန့်ကွက်ရန် မဝံ့ရဲဘဲ အလျင်အမြန် တုံ့ပြန်လိုက်သည်။ "စစ်သူကြီးချုပ်ရဲ့ အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်ပါ့မယ် ခင်ဗျာ။"
"ခင်ဗျားတို့ လှည့်စားဖို့တော့ မကြိုးစားနဲ့။ ကျုပ်က နိုင်ငံအသီးသီးက အဓိက အင်အားစုတွေရဲ့ စွမ်းအားကို အကဲဖြတ်ဖို့ လူတွေ လွှတ်ထားပြီးသား။ ကျန်းထျန်းရန် ၊ ခင်ဗျားသာ ငါ့ကို သစ္စာဖောက်ရဲရင် ခင်ဗျား မျက်စိရှေ့မှာတင် ဖုန်းလေဂိုဏ်းကို ကျုပ် ဖြိုချပစ်မယ်။" ဖုန်းဝူချန်၏ စကားလုံးများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်လျက် အေးစက်စွာ ဆိုလိုက်သည်။
"ကျွန်တော်တို့ မဝံ့ရဲပါဘူး" ကျန်းထျန်းရန်နှင့် အခြားသူများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး ဖုန်းဝူချန်၏ မျက်လုံးများကိုပင် စေ့စေ့ မကြည့်ဝံ့ကြတော့ပေ။
သူတို့၏ ဝိညာဉ်များမှာ ထွက်ပြေးသွားတော့မတတ် ကြောက်လန့်နေကြသည် ဖြစ်ရာ၊ မည်သို့ လှည့်စားရန် ဝံ့ရဲကြဦးမည်နည်း။
" ခင်ဗျားတို့ ပညာရှိသားပဲ။ ကျုပ် တံခါးပိတ် ကျင့်ကြံရာက ထွက်လာတာနဲ့ ဖုန်းလေဂိုဏ်းကို ရှင်းပစ်ဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို တစ်လနီးပါး စောင့်နေခဲ့ကြတာကို ထောက်ထားပြီး ပြီးတော့ ဖုန်းလေဂိုဏ်းက လက်အောက်ခံမယ် ဆိုတဲ့အတွက် လောလောဆယ် ချမ်းသာပေးလိုက်မယ်။ အခု ထွက်သွားကြတော့။" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်သည်။
"စစ်သူကြီးချုပ်ရဲ့ သနားညှာတာမှုကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။" ကျန်းထျန်းရန်နှင့် အခြားသူများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး၊ တစ်စက္ကန့်မျှပင် ဆိုင်းငံ့မနေချင်တော့ဘဲ ဖုန်းစံအိမ်တော်မှ သုတ်ခြေတင်ကာ ထွက်ခွာသွားကြတော့သည်။
ဖုန်းစံအိမ်တော်မှ ခြေလှမ်းထွက်လိုက်သည်နှင့်၊ ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ အရှက်ရခြင်းကို အမှန်တကယ် ခံစားလိုက်ရတော့သည်။
တန်ခိုးထက်လှသော ဖုန်းလေဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်က၊ အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးတစ်ယောက်ကြောင့် ဤမျှတိုင် ကြောက်ရွံ့တုန်လှုပ်ခဲ့ရသည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက၊ သူတို့သည် လောကကြီး၏ လှောင်ရယ်စရာ ဖြစ်သွားကြပေလိမ့်မည်။
ဟုတ်ပါ၏။ သူတို့ ကြောက်ရွံ့နေခြင်းမှာ သေရမည်ကို မဟုတ်ဘဲ၊ ဖုန်းဝူချန်၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူသာ သူတို့ကို သတ်လိုပါက၊ လက်ဖဝါးတစ်ချက် မှောက်လိုက်သကဲ့သို့ လွယ်ကူလှပေလိမ့်မည်။
"စစ်သူကြီးချုပ်၊ ကျွန်တော်တို့ သူတို့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား။ သူတို့သာ ထိုက်ရွှီဂိုဏ်းနဲ့ သွားပေါင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။" လွမ်ရှန်းက အနည်းငယ် မကျေမနပ်ဖြစ်စွာ မေးလိုက်သည်။
"သူတို့မှာ အဲ့ဒီလောက် သတ္တိ ရှိမှာ မဟုတ်ပါဘူး။ မဟုတ်ရင် ဒီလောက် ကြောက်ကြောက်လန့်လန့်နဲ့ အသနားခံနေမှာ မဟုတ်ဘူး။" လျိုချင်းယန်က မထီမဲ့မြင် ခနဲ့လိုက်သည်။
"သူတို့ မလုပ်ရဲလောက်ပါဘူး။" ဖုန်းဝူချန်သည်လည်း ကျန်းထျန်းရန်ထံ၌ ထိုမျှ သတ္တိ ရှိလိမ့်မည်ဟု မယုံကြည်ခဲ့ပေ။ ထို့နောက် သူက ဆက်ပြောသည်။
"ရွှေယွဲ့အင်ပါယာနဲ့ ထိုက်ရွှီဂိုဏ်းက တစ်လလုံးလုံး အသံတိတ်နေခဲ့ကြတယ်။ သူတို့ရဲ့ စွမ်းအားကလည်း မနည်းလှဘူး ၊ သတိထားရမယ်။"
ဖုန်းချန်ယန်က ထောက်ခံလိုက်သည်။ "ဟုတ်ပါရဲ့။ ရွှေယွဲ့အင်ပါယာနဲ့ ထိုက်ရွှီဂိုဏ်းကို ငါတို့ လုံးဝ လျှော့တွက်လို့ မဖြစ်ဘူး။"
"သူတို့က အင်အားကြီးတယ် ဆိုပေမဲ့ မဆင်မခြင်တော့ လှုပ်ရှားရဲမှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့သာ လှုပ်ရှားရဲခဲ့ရင် ဒီတစ်လအတွင်းမှာတင် လှုပ်ရှားခဲ့ကြမှာပေါ့။ အတိုချုပ်ပြောရရင် သူတို့လည်း အစ်ကိုကြီးဖုန်းရဲ့ စွမ်းအားကို ကြောက်နေကြတာပါပဲ။" လင်ရှောင်ရှောင်က သိမ်မွေ့စွာ ရယ်မောရင်း ဆိုလိုက်သည်။
"ရှောင်ရှောင် ပြောတာ မှန်တယ်။ ထျန်းယွမ်ဘုံ ပညာရှင်တွေတောင် အစ်ကိုဖုန်းကို ရှုံးနိမ့်ခဲ့ရတာပဲ။ အခု အစ်ကိုဖုန်းက ယွမ်တန်ဘုံ အဌမ အလွှာကိုတောင် အဆင့် ချိုးဖြတ်နိုင်ခဲ့ပြီဆိုတော့ ဒီလူတွေ လန့်နေကြတာ မဆန်းတော့ပါဘူး။" လျိုချင်းယန်က ဂုဏ်ယူစွာ ခနဲ့လိုက်သည်။
ဖုန်းဝူချန်သည် သက်ပြင်း တစ်ချက်ကို ညင်သာစွာ ချလိုက်ပြီး …
"စိတ်မကောင်းစရာကတော့ ဖေဖေ့ဆီက သတင်း ဘာမှ မကြားရသေးတာပဲ။ ဒီနေ့အထိ ဘယ်သူ့လက်ချက်လဲ ဆိုတာတောင် ငါတို့ မခန့်မှန်းနိုင်သေးဘူး။ ဖေဖေ အသက်ရှင်နေသေးလား၊ သေသွားပြီလား ဆိုတာတောင် မသိရဘူး"
ဤစကားကို ကြားသောအခါ၊ ဖုန်းမိသားစုဝင်အားလုံး၏ မျက်နှာများတွင် စိုးရိမ်သောက အရိပ်များ လွှမ်းသွားသည်။ ဖုန်းကျိန့်ရှုံးကို ဖမ်းဆီးသွားခဲ့သူသည် ယနေ့ထက်တိုင် ပေါ်ထွက်လာခြင်း မရှိသေးပေ။
စုံစမ်းရန် စေလွှတ်ထားသော လူများမှာလည်း သဲလွန်စ တစ်စုံတစ်ရာမျှ ရှာမတွေ့ခဲ့ကြရာ၊ ၎င်းက ဖုန်းဝူချန်ကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သည်။
သတင်းအချက်အလက် နည်းပါးလေလေ၊ ဖုန်းဝူချန် ပို၍ စိုးရိမ်ပူပန်လေလေ ဖြစ်သည်။
"သားရဲ့ ဖေဖေ ဘေးကင်းပါစေလို့ပဲ မေမေ ဆုတောင်းနေရတာပါ သားရယ်။" ရှောင်ချင်းချင်းသည် ဖုန်းကျိန့်ရှုံးအကြောင်း ကြားမိသည်နှင့် ဝမ်းနည်းစိတ်ကို မထိန်းနိုင်တော့ဘဲ ဆိုလိုက်သည်။
"မိသားစုခေါင်းဆောင် ဘေးကင်းမှာပါ။ ဝူချန်၊ မင်း ဒီလောက်ကြီး စိတ်ပူနေဖို့ မလိုပါဘူး။" ဖုန်းချန်ယန်က နှစ်သိမ့်လိုက်သည်။
ဖုန်းကျိန့်ရှုံး ပျောက်ဆုံးသွားပြီးကတည်းက၊ လုံးဝ သဲလွန်စ ပျောက်နေခဲ့သည်။ သူသည် ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ပင်၊ မည်သူက တရားခံ ဖြစ်နိုင်သည်ကို ညွှန်ပြနိုင်မည့် အရာ တစ်စုံတစ်ရာမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။
ဖုန်းဝူချန် မည်မျှပင် ခွန်အားထက်နေစေကာမူ၊ ဤအခြေအနေတွင် သူလည်း တတ်နိုင်သမျှ မရှိခဲ့ပေ။
"စစ်သူကြီးချုပ်၊ ထိုက်ရွှီဂိုဏ်းကတော့ အင်အား ကြီးမားလွန်းလို့ ကျွန်တော်တို့မှာ သူတို့ကို ရင်ဆိုင်ဖို့ အင်အား မရှိသေးဘူး ဆိုပေမဲ့ ဟွမ်ယွင်ဂိုဏ်းရဲ့ စွမ်းအားကတော့ ကျီးရှင်းဂိုဏ်းနဲ့ အတူတူလောက်ပဲ။ ကျွန်တော်တို့ ဘယ်တော့ လှုပ်ရှားကြမလဲ ခင်ဗျာ။" ဟွမ်ယန်က မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ဟွမ်ယွင်ဂိုဏ်းကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ဘူး။ သူတို့ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ပါဘူး။" လွမ်ရှန်းက အေးစက်စွာ ထောက်ခံ၏။
"အင်း၊ အခု ချက်ချင်းပဲ လှုပ်ရှားမယ်။ ရန်သူကို အချိန် အများကြီး မပေးနိုင်ဘူး"
ထို့နောက် ဖုန်းဝူချန်က အမိန့်ချလိုက်သည်။ "ထျန်းဝူအင်ပါယာကို ချက်ချင်း ထွက်ခွာမယ်။ ဟွမ်ယွင်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်ကြစို့။”