ပိုမိုတင်းမာလာသော ပဋိပက္ခများ
Vol. 14 Ch. 205
~ကျီးရှင်းဂိုဏ်း ပျက်သုဉ်းသွားပြီးနောက် တစ်လမျှသာ ကြာမြင့်သေးသည့် အချိန်တွင်၊ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက်တပ်မတော်တို့သည် နယ်စပ်ဂိတ်မှ တစ်ဖန် ထွက်ခွာလာခဲ့ကြပြန်သည်။ သူတို့သည် ဖုန်းဝူချန်၏ နောက်မှ လိုက်ပါရင်း စစ်ဆင်ရေး အသစ်တစ်ခုဆီသို့ ဦးတည်နေကြလေ၏။
ဤတစ်ကြိမ် သူတို့၏ ပစ်မှတ်ကား ဟွမ်ယွင်ဂိုဏ်းပင်တည်း။
ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူရန် ရည်မှန်းချက်ဖြင့် ဟွမ်ယွင်ဂိုဏ်းသည် ဖုန်းဝူချန်ကို သတ်ဖြတ်ရန် အင်အားကြီး တိုက်ခိုက်ရေးသမားများကို အကြိမ်ကြိမ် စေလွှတ်ခဲ့ဖူးသည်။ သို့သော် ထိုကြိုးပမ်းမှုများ အားလုံးမှာ အဆုံးတွင် သေခြင်းမှတ်တိုင် စိုက်ထူခဲ့ရလေသည်။
မည်သို့ပင်ဖြစ်စေ သူတို့ လှုပ်ရှားခဲ့ကြသည် မဟုတ်ပါလား။
ကိုးထပ် ချန်ခွန်း မျှော်စင်ကို လုယူရန် ဝံ့ရဲခဲ့ကြသည် ဆိုကတည်းက၊ သူတို့ သေဆုံးရန်အတွက်လည်း အသင့်ပြင်ထားပြီး ဖြစ်သည်ဟု ဆိုလိုပေတော့သည်။
ဖုန်းဝူချန်သည် သူ၏ ရန်သူများအပေါ်တွင် ရက်စက်ပြီး သွေးအေးလှ၏။ အမှားကျူးလွန်ခဲ့သူတိုင်းကို လက်စားချေမည်ဟု ကျိန်ဆို ထားခဲ့သည်။
ဤ ထျန်းဝူအင်ပါယာသို့ ခရီးစဉ်သည် ဟွမ်ယွင်ဂိုဏ်း၏ ပျက်သုဉ်းခြင်းဖြင့် အဆုံးသတ်ရမည်မှာ သေချာလှပေသည်။
စိတ်ဓာတ်တက်ကြွဖွယ် သံခွာသံများသည် ပြိုင်ဘက်ကင်းမြို့မှ စတင်ထွက်ပေါ်လာခဲ့ပြီး၊ ထျန်းဝူအင်ပါယာဆီသို့ ဦးတည် ချီတက်နေကြသည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင်၊ အင်ပါယာ၏ ထိပ်တန်းဆုံး စစ်သည်များ၏ ခံ့ညားထည်ဝါသော အရှိန်အဝါသည် မရေမတွက်နိုင်သော လူများ၏ ကြည်ညိုလေးစားမှုကို ရရှိခဲ့လေသည်။
—----
တော်ဝင်နန်းတော်၌၊
"အရှင် .. စစ်သူကြီးချုပ်က ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ကို ဦးဆောင်ပြီး ထျန်းဝူအင်ပါယာဆီ ထွက်ခွာသွားပါပြီ။ အိမ်ရှေ့စံမင်းသားလည်း အတူ လိုက်ပါသွားပါတယ်" ခမ်းမဆောင်ကြီးအတွင်း၌ လင်ကျန့်ထျန်းက ရိုသေစွာ လျှောက်တင်လိုက်သည်။
သွမ့်ထျန်းဟွမ်က ခေါင်းညိတ်လိုက်ပြီး အေးစက်စွာ ပြုံးလျက် ဆို၏။ "ဟွမ်ယွင်ဂိုဏ်း မင်းတို့ ဘယ်တုန်းကမှ စိတ်ကူးမိမှာ မဟုတ်ဘူး၊ ငါကိုယ်တော်က ဖုန်းဝူချန်ကို ဝူကျိ နက်ရှိုင်းချောက်ထဲ ဝင်ပြီး ကျင့်ကြံခွင့် ပေးခဲ့တယ် ဆိုတာကိုလေ။ အဲ့ဒါက ဖုန်းဝူချန်ကို ယွမ်တန်ဘုံ အဌမ အလွှာအထိ အဆင့် ချိုးဖြတ်နိုင်အောင် ကူညီပေးခဲ့တာပဲ။"
သွမ့်ထျန်းဟွမ်သည် ပလ္လင်ပေါ်မှ ဆင်းသက်လာရင်း ဆက်လက် ဆိုသည်။ "အခုဆိုရင် ငါကိုယ်တော်တိုင်တောင် ဖုန်းဝူချန်ကို အနိုင်ယူနိုင်ပါ့မလား မသေချာတော့ဘူး။ ဟွမ်ယွင်ဂိုဏ်းကတော့ ပျက်စီးဖို့ သေချာနေပြီ။"
"မင်းကြီး.. မောက်ထပ် အစီရင်ခံစရာကတော့ စစ်သူကြီးချုပ်ရဲ့ လက်အောက်ကို ဝင်ရောက်ခဲ့တဲ့ ဖုန်းလေရဲ့ ကျန်းထျန်းရန်နဲ့ သူ့လူတွေ အကြောင်းပါ" လင်ကျန့်ထျန်းက ထပ်မံ လျှောက်တင်လိုက်ပြန်သည်။
"ဟေ။"
သွမ့်ထျန်းဟွမ်သည် လင်ကျန့်ထျန်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မသေချာသလို မေးလိုက်သည်။
" ဗိုလ်ချုပ်လင်..ကျန်းထျန်းရန်က ဖုန်းဝူချန်ရဲ့ လက်အောက်ကို ဝင်သွားတယ် ဟုတ်လား။"
လင်ကျန့်ထျန်းက ရိုသေစွာ ဖြေကြား၏။
"ဟုတ်ပါတယ်၊ ဖုန်းလေဂိုဏ်း တစ်ခုလုံး စစ်သူကြီးချုပ်ရဲ့ လက်အောက်ကို ဝင်ရောက်သွားခဲ့ပါပြီ။ မဟုတ်ရင် စစ်သူကြီးချုပ်က သူတို့ကို ဟိုးရှေးကတည်းက သတ်ပစ်ခဲ့လောက်ပါပြီ။"
"ဖုန်းလေဂိုဏ်းက လက်အောက်ခံတယ် ဆိုတာတော့ တကယ် အံ့ဩစရာပဲ။" သွမ့်ထျန်းဟွမ်သည် ဖုန်းလေဂိုဏ်း၏ လက်အောက်ခံမှုကြောင့် အမှန်တကယ် အံ့အားသင့်သွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်တော့သည်။
ထိုသူတို့ ဆန္ဒအလျောက် ဖုန်းဝူချန်၏ လက်အောက်သို့ ဝင်ရောက်ခဲ့ကြခြင်းမှာ အားကောင်းပြီး မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုပင် ဖြစ်သည်။
အင်ပါယာ၏ အခြားသော အင်အားကြီး အဖွဲ့အစည်းများကို လက်အောက်ခံဖြစ်စေရန် မည်သို့သော ကြောက်မက်ဖွယ် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရမည်နည်း။
"စစ်သူကြီးချုပ် ၊ ဟိုးအရှေ့မှာဆို ထျန်းဝူအင်ပါယာရဲ့ နယ်စပ်ပါပဲ။ ကျွန်တော်တို့ ထျန်းဝူအင်ပါယာထဲ ဝင်လိုက်တာနဲ့ ဟွမ်ယွင်ဂိုဏ်းက သိပ်မဝေးတော့ပါဘူး။" ဟွမ်ယန်က ရှေ့မှ နယ်စပ်ကို ညွှန်ပြရင်း အသိပေးလိုက်သည်။ စစ်သည်များလည်း တစ်ယောက်ပြီးတစ်ယောက် မြင်းပေါ်မှ ဆင်းလိုက်ကြသည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး "ခင်ဗျားတို့ ဟွမ်ယွင်ဂိုဏ်းဆီ အရင် သွားနှင့်ကြ။ ကျွန်တော် မကြာခင် နောက်က လိုက်လာခဲ့မယ်။"
"ဝှစ်..ဝှစ်"
စကားဆုံးသည်နှင့် ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကို ထုတ်ဖော်လိုက်ပြီး၊ ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ပျံတက်သွားကာ၊ ထျန်းဝူအင်ပါယာဘက်သို့ တိုးဝင်သွားသော ရွှေရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ မျက်စိတစ်မှိတ်အတွင်း မြင့်မားသော ကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားတော့သည်။
'စစ်သူကြီးချုပ် ဘယ်သွားတာပါလိမ့်။' စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် နားမလည်နိုင် ဖြစ်သွားကြသည်။
ဟွမ်ယန်နှင့် ဝူချင်းတို့လည်း ဖုန်းဝူချန် ဘယ်သွားသည်ကို မသိကြသော်လည်း၊ အပို မမေးမြန်းကြတော့ပေ။ သူတို့သည် စစ်သည်များကို ဦးဆောင်ကာ ထျန်းဝူအင်ပါယာအတွင်းသို့ ဝင်ရောက်ပြီး ဟွမ်ယွင်ဂိုဏ်းဆီသို့ အလျင်အမြန် ချီတက်သွားကြတော့သည်။
စစ်သည်များ၏ စစ်မြင်းများကိုမူ နယ်စပ်စောင့် စစ်သူကြီးတစ်ဦးက စောင့်ရှောက်ထားလိုက်သည်။
"ဝီ...ဝီ.."
စစ်သည် ရာပေါင်းများစွာသည် တောင်တန်းများကြားတွင် လျင်မြန်စွာ ရွေ့လျားသွားကြသည်။ သူတို့၏ အရှိန်အဟုန်မှာ ကောင်းကင်ကို ဖုံးလွှမ်းသွားမတတ်၊ ထိတ်လန့်ဖွယ် ကောင်းလှပြီး၊ လျင်မြန်ဖျတ်လတ်သော မျောက်အုပ်ကြီး တစ်အုပ်နှင့်ပင် တူလှသည်။
တစ်နာရီခန့် ကြာပြီးနောက်၊ ဖုန်းဝူချန်သည် ဓားပျံသန်းခြင်းသိုင်းကွက်ဖြင့် ထျန်းဝူအင်ပါယာ၏ တော်ဝင်နန်းတော် အထက်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ အားကောင်းသော အရှိန်အဝါ တိုက်စားလာသည်နှင့် တော်ဝင်မိသားစုမှ ခွန်အားထက် ပုဂ္ဂိုလ်များစွာ ချက်ချင်း သတိပြုမိသွားကြသည်။
'အားကောင်းလိုက်တဲ့ အရှိန်အဝါပဲ။'
'ဓားပျံသန်းခြင်း ဒါ ဖုန်းဝူချန်ပဲ။'
'မမှားနိုင်ဘူး။ ဖုန်းဝူချန် အမှန်ပဲ။'
တော်ဝင်မိသားစုမှ ခွန်အားထက် ပုဂ္ဂိုလ်များစွာ လှုပ်ရှားလာကြသည်။ သူတို့ အားကောင်းသော အရှိန်အဝါ၏ ရင်းမြစ်ဆီသို့ အကြည့်များ ပို့လိုက်သောအခါ၊ ဖုန်းဝူချန်ကို မှတ်မိသွားကြပြီး သူတို့၏ မျက်နှာများမှာ ဒိုင်းခနဲ ပြောင်းလဲကာ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
အင်ပါယာ၏ စစ်သူကြီးချုပ်နှင့် အခြား စစ်သူကြီးများစွာ အဓိက နန်းတော်ဆောင်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။ ဖုန်းဝူချန်၏ ပေါ်ထွက်လာမှုက သူတို့ကို အလွန် မသက်မသာ ဖြစ်စေခဲ့သည်။
နန်းတော်အတွင်း၌၊ ထျန်းဝူ ဧကရာဇ်နှင့် နန်းတွင်းအကြံပေး အပါအဝင် အင်ပါယာ၏ ထိပ်တန်း အရာရှိကြီးများလည်း ဤ လွှမ်းမိုးနိုင်သော အရှိန်အဝါကို အာရုံခံမိကြပြီး၊ မည်သူ ဖြစ်နိုင်သည်ကို ခန့်မှန်းမိလိုက်ကြသည်။
သို့သော် သူတို့ မသိသည်မှာ ဖုန်းဝူချန် ဤနေရာသို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။
ဖုန်းဝူချန်သည် ဖြည်းညင်းစွာ သက်ဆင်းလာခဲ့သည်။ မြေပြင်နှင့် ထိတွေ့သည်နှင့်၊ အထွတ်အထိပ် နဂါးနတ်ဘုရား ဓားသည် အလင်းတန်းတစ်ခုအဖြစ် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး၊ သူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါမှာလည်း သူ သာမန်လူတစ်ယောက် ဖြစ်သွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ကျယ်ဝန်းသော နန်းတော် ရင်ပြင်တော်ထက်တွင်၊ အင်ပါယာ၏ ခွန်အားထက် ပုဂ္ဂိုလ်များစွာ စုရုံးရောက်ရှိနေကြပြီး ဖြစ်သည်။ ထျန်းဝူ ဧကရာဇ်နှင့် နန်းတွင်းအကြံပေး အပါအဝင် အခြား ထိပ်သီးပုဂ္ဂိုလ်ကြီးများသည် နန်းတော်ထဲမှ ထွက်လာကြပြီး၊ အားလုံး၏ မျက်နှာများမှာ လေးနက်တည်ကြည်နေကြသည်။
"ထျန်းဝူ ဘုရင် ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော်။" ထျန်းဝူ ဧကရာဇ်ကို တည်ငြိမ်စွာ ကြည့်ရင်း၊ ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုလိုက်သည်။ တော်ဝင်မိသားစု၏ ခွန်အားထက် ပုဂ္ဂိုလ်များစွာ၏ ရှေ့မှောက်တွင်ပင် သူ အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိခဲ့ပေ။
ထျန်းဝူ ဧကရာဇ်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ 'ဖုန်းဝူချန်က လွန်ခဲ့တဲ့ တစ်လကထက် အများကြီး ပိုအားကောင်းလာသလိုပဲ။'
"ဖုန်းဝူချန်၊ မင်း ငါ့ရဲ့ အင်ပါယာကို ဘာကိစ္စနဲ့ ရောက်လာရတာလဲ။" ထျန်းဝူ ဧကရာဇ်က မေးလိုက်သည်။
ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ "ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ထျန်းဝူ ဘုရင်ကို နှုတ်ဆက်ဖို့ လာတာပါ။"
"နှုတ်ဆက်ဖို့ ဟုတ်လား။" ဧကရာဇ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊ ထို့နောက် လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ "မင်း ဟွမ်ယွင်ဂိုဏ်းကို ဖျက်ဆီးမလို့လား။"
ဧကရာဇ်၏ စကားကို ကြားသောအခါ၊ ရင်ပြင်တော်ထက်ရှိ ခွန်အားထက် ပုဂ္ဂိုလ်များစွာ၏ မျက်နှာအရောင်များမှာ ဒိုင်းခနဲ ပြောင်းလဲသွားကြသည်။
'ဖုန်းဝူချန်က သိပ်ပြီး မောက်မာလွန်းနေတာ မဟုတ်ဘူးလား။ သူ ကျီးရှင်းဂိုဏ်းကို ဖျက်ဆီးခဲ့တာ မကြာသေးဘူး အခု ဟွမ်ယွင်ဂိုဏ်းကိုပါ ဖျက်ဆီးဦးမလို့လား။'
"ဟုတ်ပါတယ်။ ဟွမ်ယွင်ဂိုဏ်းက ထျန်းဝူအင်ပါယာ အတွင်းက အင်အားစုတစ်ခုပဲလေ ကျွန်တော်က ထျန်းဝူ ဘုရင်ကို မျက်နှာသာ နည်းနည်းတော့ ပေးရမှာပေါ့။ ဒါကြောင့် နှုတ်ဆက်ဖို့ အထူးတလည် လာခဲ့တာ။" ဖုန်းဝူချန်က ဘာမှ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
"ဖုန်းဝူချန်။ မင်း သိပ်ပြီး မောက်မာမနေနဲ့။" နန်းတွင်းအကြံပေးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ဟွမ်ယွင်ဂိုဏ်းက ငါတို့ အင်ပါယာရဲ့ အဓိက အင်အားစုကြီးတစ်ခု မင်းက ဘယ်လိုလုပ် မင်း သဘောရှိတိုင်း သတ်ပစ်မယ်လို့ ပြောရဲရတာလဲ။"
ဖုန်းဝူချန်က ခနဲ့လိုက်သည်။ "ကျွန်တော်ကလည်း ယန်ဟော်အင်ပါယာရဲ့ စစ်သူကြီးချုပ်ပဲလေ။ ဟွမ်ယွင်ဂိုဏ်းက ကျွန်တော့်ကို သတ်ချင်နေသေးတာပဲ မဟုတ်လား။ သူတို့က ကျွန်တော့်ရဲ့ ကိုးထပ် ချန်ခွန်း မျှော်စင်ကိုလည်း လုယူချင်နေသေးတယ် မဟုတ်လား။ ဟွမ်ယွင်ဂိုဏ်းက ယန်ဟော်အင်ပါယာအထိ လာပြီး ကျွန်တော့်ကို သတ်ရဲမှတော့ ကျွန်တော်က ဘာလို့ ထျန်းဝူအင်ပါယာအထိ လာပြီး ဟွမ်ယွင်ဂိုဏ်းကို သတ်ပစ်ဖို့ မဝံ့ရဲရမှာလဲ။"
ထျန်းဝူ ဧကရာဇ်၏ မျက်နှာမှာ ညိုမှောင်သွားသည်။ ဖုန်းဝူချန်၏ လုပ်ရပ်များမှာ ထျန်းဝူအင်ပါယာကို လုံးဝ အလေးမထားကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ ဤသည်မှာ နှုတ်ဆက်ခြင်းလော၊ သို့တည်းမဟုတ် အင်အားပြခြင်းလော။
ဖုန်းဝူချန် ယခု ပိုင်ဆိုင်ထားသော စွမ်းအားဖြင့်၊ သူသည် ထျန်းဝူ ဧကရာဇ်ကို ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ပေ။ အကယ်၍ ဖုန်းဝူချန်သည် ပိုင်ရှန်းကို သတ်နိုင်ခဲ့ပါလျှင်၊ သူသည် ထျန်းဝူ ဧကရာဇ်ကိုလည်း သတ်နိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။
"ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်က ဟွမ်ယွင်ဂိုဏ်းဆီ ထွက်ခွာသွားကြပြီ။ အပို စကားတွေ ဆက်ပြောမနေတော့ဘူး။ ထျန်းဝူ ဘုရင် ဝင်မစွက်ဖက်ဖို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော်က လက်စားချေဖို့သက်သက်ပဲ လာတာ။" ဖုန်းဝူချန်သည် အေးစက်စွာ ရယ်မောလိုက်ပြီး ဓားပျံသန်းခြင်းသိုင်းကွက်ကို အသုံးပြုကာ ထွက်ခွာရန် ပြင်လိုက်သည်။
ဖုန်းဝူချန်၏ မောက်မာမှု၊ ထျန်းဝူအင်ပါယာ၏ ဂုဏ်သိက္ခာကို လျစ်လျူရှုမှုတို့က ထျန်းဝူ ဧကရာဇ်ကို အတိုင်းအဆမရှိ ဒေါသထွက်စေခဲ့ပြီး ဖြစ်သည်။
'ဖုန်းဝူချန်က ထျန်းဝူအင်ပါယာရဲ့ နန်းတော်ထဲကို တစ်ယောက်တည်း ကျူးကျော်ဝင်ရောက်ပြီး ဘာအန္တရာယ်မှ မရှိဘဲ ပြန်ထွက်သွားနိုင်မယ်လို့ ထင်နေတာလား။'
"ထွက်သွားဖို့က အဲ့ဒီလောက် မလွယ်ဘူး။" ထျန်းဝူ ဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ "ဖုန်းဝူချန် မင်းက ထျန်းဝူအင်ပါယာကို လော့ယွင်အင်ပါယာလိုပဲ မင်း ကြိုက်သလို ဝင်ထွက်သွားလာလို့ ရမယ် ထင်နေတာလား။"
ဤစကားကြောင့်၊ ဖုန်းဝူချန်၏ မျက်လုံးများထဲတွင် ပြင်းထန်သော အရောင်အဝါတစ်ခု လင်းလက်သွားပြီး သူက ချမ်းစိမ့်စိမ့် မေးလိုက်သည်။ "ဒါဆို ထျန်းဝူ ဘုရင်က ကျွန်တော်နဲ့ ရန်သူ ဖြစ်ချင်တယ်လို့ ဆိုလိုတာလား။"
"မင်းနဲ့ ရန်သူ ဖြစ်ရုံတင်မကဘူး မင်းကို သတ်ပါ သတ်ဦးမှာ။ မင်း ဒီနေ့ ဒီနေရာကို လာရဲတဲ့ သတ္တိ ရှိမှတော့ မင်းမှာ တောင်ပံတွေ ရှိနေရင်တောင် လွတ်အောင် မပြေးနိုင်စေရဘူးလို့ ငါ သေချာ လုပ်ရမှာပေါ့။ တိုက်ကြ။" ထျန်းဝူ ဧကရာဇ်သည် သူ၏ မျက်နှာ ဒေါသကြောင့် ရှုံ့မဲ့လျက် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်ရင်း ကြမ်းတမ်းစွာ အော်ဟစ်လိုက်တော့သည်။
ဖုန်းဝူချန်၏ တည်ရှိမှုသည် ထျန်းဝူအင်ပါယာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ထျန်းဝူ ဧကရာဇ်သည် ကျားကို တောင်ပေါ်သို့ ပြန်လွှတ်ပေးရန် မည်သို့ စိတ်ကူးနိုင်မည်နည်း။
စစ်သူကြီးချုပ်က ချက်ချင်း အော်ဟစ်လိုက်သည်။ "ဖုန်းဝူချန်ကို သတ်ကြ။"
"ဝှီး။"
အားကောင်းသော အစစ်အမှန်ယွမ် စွမ်းအင်များ ကြီးမားစွာ ပေါက်ကွဲထွက်လာသည်။ ထျန်းဝူအင်ပါယာ၏ တော်ဝင် ခွန်အားထက် ပုဂ္ဂိုလ်များတွင် အင်အားကြီး ပုဂ္ဂိုလ်များစွာ ရှိနေပြီး၊ စွမ်းအင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာကာ နန်းတော်တစ်ခုလုံး တုန်ခါသွားပြီး၊ ကျယ်ပြန့်သော ရင်ပြင်တော်ထက်တွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာတော့သည်။
ရင်ပြင်တော်ထက်၊ နန်းတော်အတွင်း၌ပင်၊ ယွမ်တန်ဘုံမှ ကျွမ်းကျင်သူ ထောင်ပေါင်းများစွာ ရှိနေပြီး၊ ယွမ်တန်ဘုံ ပဉ္စမအလွှာ အထက်တွင် လူပေါင်း တစ်ရာကျော် ရှိနေသည်။ ဤ အင်အားစုမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ထျန်းဝူ ဧကရာဇ်သည် ယုံကြည်မှု အပြည့် ရှိနေသည်။ သူ ဖုန်းဝူချန်ကို သတ်မည်ဟု ပြောရဲခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။
ထို ထောင်ပေါင်းများစွာသော ခွန်အားထက် ပုဂ္ဂိုလ်များအပြင်၊ ထျန်းဝူအင်ပါယာ၏ ထိပ်တန်း စစ်သည်များသည်လည်း နန်းတော် အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြပြီး ဖြစ်ကာ၊ အရေအတွက်အားဖြင့် တစ်သောင်းကျော် ရှိလေသည်။
ဤ တစ်သောင်း အင်အားစုမှာ ထျန်းဝူ နတ်ဘုရား စစ်သည်တော်များ ဟု လူသိများပြီး၊ ထျန်းဝူအင်ပါယာ၏ ထိပ်တန်း တပ်ရင်း ဖြစ်လေသည်။
ထျန်းဝူ နတ်ဘုရား စစ်သည်တော်များသည် ထျန်းဝူအင်ပါယာ၏ ကြောက်မက်ဖွယ် အကောင်းဆုံး တပ်ရင်း ဖြစ်သည်။ သူတို့သည် ကောင်းမွန်စွာ လက်နက်တပ်ဆင်ထားပြီး၊ စစ်သည်များမှာ ကောင်းစွာ လေ့ကျင့်ထားကာ၊ တစ်ဦးချင်းစီမှာ ရဲရင့်ပြီး တိုက်ခိုက်ရန် အသင့်ရှိနေကြသည်။ ထို့ပြင် သူတို့သည် တိုက်ပွဲတစ်ရာ ချပ်ဝတ်ဖောက် လေးကြိုးကြီးများကို ပိုင်ဆိုင်ထားကြသည်။ တစ်သောင်း အင်အားစုသည် ရန်သူ သောင်းပေါင်းများစွာကို ခုခံနိုင်စွမ်း ရှိပြီး၊ သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
တိုက်ပွဲတစ်ရာ ချပ်ဝတ်ဖောက် လေးကြိုးကြီးသည် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး၊ ထျန်းဝူအင်ပါယာ၏ အပြင်းထန်ဆုံး စက်မှုလက်နက် ဖြစ်သည်။ လေးကြိုးကြီး တစ်ခုတည်းကပင် ယွမ်တန်ဘုံ တတိယအလွှာ အောက်ရှိ မည်သည့် ကျင့်ကြံသူကိုမဆို မဆိုင်းမတွ သတ်ဖြတ်နိုင်သည်။
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော စက်မှုလက်နက်မျိုးကို ထျန်းဝူ နတ်ဘုရား စစ်သည်တော်များတွင် ငါးထောင်တိတိ ပိုင်ဆိုင်ထားကြသည်။ တိုက်ပွဲ လေးကြိုးကြီး ငါးထောင်၏ တစ်ပြိုင်နက် တိုက်ခိုက်မှုမှာ စိတ်ကူးဖြင့်ပင် မတွေးတောနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ရွှေယွဲ့အင်ပါယာပင်လျှင် ထျန်းဝူ နတ်ဘုရား စစ်သည်တော်များကို အလွန် သတိထားရသည်။
ဤ အလွန်ကြီးမားသော အင်အားစုသည် ထျန်းဝူအင်ပါယာ၏ အဆုံးစွန်ဆုံး စွမ်းအားကို ကိုယ်စားပြုလေသည်။
ယွမ်တန်ဘုံမှ ကျွမ်းကျင်သူ ထောင်ပေါင်းများစွာ၊ ထို့အပြင် ထျန်းယွမ်ဘုံ ထျန်းဝူ ဧကရာဇ်၊ ထို့အတူ ထျန်းဝူ နတ်ဘုရား စစ်သည်တော်များပါ ရှိနေပါလျက် ဖုန်းဝူချန်ကို သတ်ဖြတ်ရန်မှာ ပြဿနာ တစ်ခု ဖြစ်နေဦးမည်လော။
"ထျန်းဝူ ဘုရင်၊ ခင်ဗျား ကျွန်တော်နဲ့ ရန်သူ ဖြစ်ခြင်းရဲ့ အကျိုးဆက်ကို သေချာ စဉ်းစားသင့်တယ်။" ဖုန်းဝူချန်က သူ၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ပျံ့နှံ့စေရင်း အေးစက်စွာ ဆိုလိုက်သည်။
ထျန်းဝူ ဧကရာဇ်၏ ပြင်းထန်သော မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ ဟိန်းဟောက်လိုက်သည်။ "သတ်စမ်း။"
"သေရမယ်"
ကြောက်မက်ဖွယ် ကျင့်ကြံမှုအဆင့်များ ရှိသော ကျင့်ကြံသူ ထောင်ပေါင်းများစွာ ဟိန်းဟောက် အော်ဟစ်လိုက်ကြပြီး၊ ကောင်းကင်ကို တုန်ခါစေပြီး မြေကြီးကို ရွေ့လျားစေနိုင်မည့်အလား လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်လာကြတော့သည်။
စစ်သူကြီးချုပ်က ဟိန်းဟောက်လိုက်သည်။ "တိုက်ပွဲတစ်ရာ ချပ်ဝတ်ဖောက် လေးကြိုးကြီးတွေကို ပြင်ဆင်ကြ။"
နန်းတော် အပြင်ဘက်တွင်၊ ထျန်းဝူ နတ်ဘုရား စစ်သည်တော်များသည် သူတို့၏ အလျင်မြန်ဆုံး အရှိန်ဖြင့် ဧရာမ လေးမြားကြီးများကို တိုက်ပွဲတစ်ရာ ချပ်ဝတ်ဖောက် လေးကြိုးကြီးများပေါ်သို့ တင်လိုက်ကြသည် အရေအတွက်အားဖြင့် ငါးထောင်တိတိ။ သူတို့ တိုက်ခိုက်မှုကို စတင်သည်နှင့်၊ သူတို့သည် ကြောက်မက်ဖွယ် စွမ်းအားကို မလွဲမသွေ ထုတ်ဖော် အသုံးပြုကြပေလိမ့်မည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်။" ဖုန်းဝူချန် တိုက်ပွဲ ခေါ်လိုက်ပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။
အလွန် အားကောင်းသော အရှိန်အဝါတစ်ခု ရိုင်းစိုင်းစွာ ဝေ့ဝဲသွားသည့်အခိုက် ကိုးထပ် ချန်ခွန်း မျှော်စင်သည် ကောင်းကင်ယံသို့ တက်သွားကာ၊ ချက်ချင်းပင် ပေတစ်ဒါဇင်ခန့် အရွယ်အစားအထိ ချဲ့ကားလာ၏။ ရွှေရောင် အလင်းများ ထိန်လင်းစွာ လင်းလက်သွားသည်။ တဆက်တည်း၌ ကြီးမားလှသော ရွှေရောင် အခင်းအကျင်းတစ်ခု အထက်မှ သက်ဆင်းလာပြီး နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
လွှမ်းမိုးနိုင်သော ဖိနှိပ်မှု စွမ်းအားတစ်ခု အောက်သို့ သက်ဆင်းလာရာ လူတိုင်း၏ မျက်နှာအားများ ပျက်ယွင်းသွားကြသည်။ ထို ဖိနှိပ်မှု စွမ်းအားကို တိုက်ရိုက် ရင်ဆိုင်လိုက်ရသောအခါမှသာ သူတို့သည် ကိုးထပ် ချန်ခွန်း မျှော်စင်၏ ကြောက်မက်ဖွယ်ရာကို အမှန်တကယ် သဘောပေါက်သွားကြတော့သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်ကို ငါ့အတွက် ပစ်ချကြစမ်း။" စစ်သူကြီးချုပ်က ဟိန်းဟောက်လိုက်သည်။
"ဝှစ် ဝှစ် ဝှစ်။"
စစ်သူကြီးချုပ်၏ ဟိန်းဟောက်သံ မဆုံးသေးမီမှာပင်၊ ဧရာမ လေးမြားကြီး ငါးထောင်သည် ပြင်းထန်စွာ ပစ်လွှတ်ခြင်း ခံလိုက်ရပြီး၊ နားကွဲမတတ် ကျယ်လောင်သော အသံများနှင့်အတူ ကိုးထပ် ချန်ခွန်း မျှော်စင်ဆီသို့ ကောင်းကင်ယံသို့ တက်သွားကြသည်။ ထိုမြင်ကွင်းမှာ ထူထပ်စွာ စုစည်းနေသော အစုအဝေးကြီး တစ်ခုနှင့်ပင် တူလှသည်။
"အုန်း၊ အုန်း၊ အုန်း"
လေးမြားကြီး ငါးထောင်သည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို တစ်ချိန်တည်းနီးပါး ထိမှန် ပေါက်ကွဲသွားကြသည်။
ထိုအခိုက်ဝယ်၊ မျှော်စင်၏ မျက်နှာပြင်ပေါ်တွင်၊ ရွှေရောင် အလင်းလွှာနှယ် ဖောက်ထွင်းမြင်နိုင်သော စွမ်းအင် အလွှာတစ်ခု ပေါ်ထွက်လာပြီး၊ လေးမြားကြီး ငါးထောင်လုံးကို အပြင်ဘက်တွင် တားဆီးထား
လိုက်သည်။ ပေါက်ကွဲမှုကြောင့် နန်းတော် တစ်ခုလုံး တုန်ခါသွားတော့သည်။
သို့သော်၊ မယုံနိုင်လောက်အောင် ခွန်အားထက်သည့် တိုက်ပွဲတစ်ရာ ချပ်ဝတ်ဖောက် လေးကြိုးကြီးများပင် ရှိနေစေကာမူ၊ လေးမြားကြီး ငါးထောင်၏ တိုက်ခိုက်မှုသည် ကိုးထပ် ချန်ခွန်း မျှော်စင်ကို အနည်းငယ်မျှပင် မလှုပ်ခတ်နိုင်ခဲ့ပေ။
"ဟမ့်။ သံဆွေး ကြေးဆွေးတွေက ငါ့ရဲ့ တစ်ပိုင်း အင်မော်တယ် လက်နက် အဆင့်နဲ့ ယှဉ်ပြိုင်ချင်သေးတယ် ဟုတ်စ။ ရယ်စရာကောင်းလိုက်တာ။" ဖုန်းဝူချန်က လှောင်ရယ်လိုက်သည်။
" ဝရော..။"
ဖုန်းဝူချန်သည် ရေခဲ အခြေပြု အစစ်အမှန်ယွမ်ကို နှိုးဆွလိုက်ခြင်းပင်။ အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု တိုးထွက်လာသည်။ ရွှေရောင် အလင်းများ စူးစူးရှရှ ယှက်ဖြာလာပြီး၊ အရိုးကွဲမတတ် အေးစက်သော အအေးဓာတ်တစ်ခု တိုက်စားလာသည်။ ရင်ပြင်တော်၏ မြေပြင်သည် မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ရေခဲစ ပြုလာသည်။
ဖုန်းဝူချန်သည် သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ၊ သူ၏ ပတ်ဝန်းကျင် ပေပေါင်းများစွာ အတွင်း၌ ထူထပ်သော ရေခဲဆူးချွန်များ ဖြစ်ပေါ်လာ၏။ ရေဆဲ ဆူးချွန် တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေလေသည်။
'ယွမ်တန်ဘုံ နဝမအလွှာ။'
ဖုန်းဝူချန်ထံမှ ထုတ်လွှတ်နေသော အားကောင်းသည့် အရှိန်အဝါကို အာရုံခံမိသောအခါ၊ ထျန်းဝူ ဧကရာဇ် မျက်စိမျက်နှာ ပျက်သွားတော့သည်။