← Chapters

တစ်နိုင်ငံလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း

Vol. 14 Ch. 206

တစ်နိုင်ငံလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း

Vol. 14 Ch. 206

~"ယွမ်တန်ဘုံ နဝမအလွှာ"

"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

"တစ်လတည်းနဲ့ နှစ်လွှာတောင် ကျော်တက်သွားတယ်"

ထျန်းဝူအင်ပါယာ၏ နန်းတွင်းအကြံပေး ပုဂ္ဂိုလ် နှင့် တခြား ဩဇာကြီးမားသူတွေအားလုံး မျက်နှာတွေ ချက်ချင်း အရောင်ပြောင်းသွားကြ၏။ သူတို့၏ မျက်နှာတွေပေါ်မှာ ထိတ်လန့်တုန်လှုပ်ခြင်းတွေနှင့် ပြည့်နှက်နေတော့သည်။

ဝရုန်းသုန်းကား ထွက်လာကြသည့် မရေမတွက်နိုင်သော ပညာရှင်များ၏ ရင်ထဲမှာတော့ အခုဆိုလျှင် ပိုပြီးတောင် ကြောက်မက်ဖွယ်ရာ ခံစားချက်များ ပြည့်နှက်လာပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများ စတင်ပေါ်ပေါက်လာလေသည်။

ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှု စွမ်းအားတစ်ခုတည်းနှင့်တင် သူတို့ကို လုံလောက်စွာ ထိတ်လန့်စေနိုင်နေပါပြီ။ သို့သော် အခု ဖုန်းဝူချန်က ယွမ်တန်ဘုံ နဝမအလွှာကို ချိုးဖြတ်ဝင်ရောက်သွားပြီဆိုတာ သိလိုက်ရချိန်မှာတော့ သူတို့၏ ဝိညာဉ်များ လွင့်ထွက်သွားမတတ် ကြောက်လန့်သွားစေဖို့ လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ဟုတ်ပါသည်။ ဖုန်းဝူချန်က အမှန်တကယ်ပင် ယွမ်တန်ဘုံ နဝမအလွှာကို ဝင်ရောက်သွားခဲ့တာ ဖြစ်ပါသည်။ အဋ္ဌမအလွှာ လောက်တင် မဟုတ်တော့ပါ။

ဖုန်းဝူချန်၏ ကျင့်ကြံမှုက ယွမ်တန်ဘုံ နဝမအလွှာကို ရောက်ရှိသွားသည်ဆိုခြင်းက ဖုန်းဝူချန်၏ စွမ်းအားက ပိုပြီး ကြောက်စရာကောင်းလာပြီ ဖြစ်သလို၊ ကိုးထပ် ချန်ခွန်း မျှော်စင်၏ စွမ်းအားကလည်း ပိုပြီး ထိတ်လန့်ဖွယ်ရာ ကောင်းလာလိမ့်မည် ဆိုတာကို ပြသနေသည်။

ဒီအချိန်မှာတော့ ထျန်းဝူဧကရာဇ် ကိုယ်တိုင်တောင် တစ်ကိုယ်လုံး တုန်ယင်လာပါတော့သည်။

‘ငါတော့ မှားပြီ တကယ်မှားပြီ’

"ဒါ မဖြစ်နိုင်ဘူး"

ထျန်းဝူဧကရာဇ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဖုန်းဝူချန်ရဲ့ ပါရမီက ဘယ်လောက်ပဲ ကြောက်စရာ ကောင်းကောင်း၊ တစ်လအတွင်းမှာ နှစ်လွှာတောင် တိုးတက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ဧကရာဇ်မှာ ဖုန်းဝူချန် ဘယ်လို ကျင့်ကြံခဲ့သလဲဆိုတာကို စိတ်ကူးနှင့်တောင် လိုက်၍ မမီနိုင်တော့ပါ။

ထျန်းဝူဧကရာဇ်ဟာ ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက် ဖြစ်တာကြောင့် ဒီလမ်းကြောင်းကို ဖြတ်သန်းခဲ့ဖူးသူပီပီ၊ ကျင့်ကြံမှုအဆင့် တိုးမြှင့်ဖို့ ဘယ်လောက် ခက်ခဲ‌လေကြောင်း သူ ကောင်းကောင်းကြီး သိသည်လေ။

ဖုန်းဝူချန်လိုမျိုး သဘာဝလွန်သည့် ကျင့်ကြံခြင်း ပါရမီရှင်ကိုတော့ တစ်သက်နှင့်တစ်ကိုယ် မမြင်ဖူးခဲ့ပါ။

‘ဒီကောင် လူရော ဟုတ်ရဲ့လား၊ ငါ ဒါကို ထည့်စဉ်းစားမိခဲ့သင့်တယ်။’

ဖုန်းဝူချန်က ထျန်းဝူအင်ပါယာ၏ တော်ဝင်မိသားစုထဲကို တစ်ယောက်တည်း ကျူးကျော်ဝင်ရောက်ရဲသည် ဆိုကတည်းက၊ သူ့မှာ လုံလောက်သည့် စွမ်းအားကြီးများ ပိုင်ဆိုင်ထားရမည်မှာ အသေအချာပင်။ မဟုတ်လျှင် ဒါက ကျားခေါင်းထဲကို သိုးတစ်ကောင် ဝင်သွားတာနှင့် ဘာထူးမှာလဲ။

ယွမ်တန်ဘုံ သတ္တမအလွှာ ဘဝနှင့်တုန်းကတောင်၊ သူက ထျန်းယွမ်ဘုံ ပညာရှင် ဖြစ်သည့် ပိုင်ရှန်းကို သတ်ဖြတ်နိုင်ခဲ့ပြီး အင်ပါယာကြီးလေးခုကို ခြိမ်းခြောက်နိုင်ခဲ့တာ မဟုတ်လား။

အခု သူက ယွမ်တန်ဘုံ နဝမအလွှာကို ရောက်နေပြီဆိုတော့ ပထမအလွှာ ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက်ကို သတ်ဖို့က လက်ဖဝါးလှန်

လိုက်သလောက်တောင် လွယ်ကူနေမလားပဲ။

ဖုန်းဝူချန်က တစ်လတည်းနှင့် ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်ကနေ နဝမအလွှာအထိ ချိုးဖြတ်သွားလိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြပါ။

ဒီအခိုက်အတန့်မှာတော့ ထျန်းဝူဧကရာဇ် တစ်ယောက် နောင်တတွေ ရလာပါပြီ။

သို့သော် နောင်တရဖို့က အချိန် အရမ်း နောက်ကျသွားခဲ့ပါပြီ။

ဖုန်းဝူချန်က လှုပ်ရှားပြီဆိုမှတော့၊မည်သို့ လက်လျှော့ပေးမည်နည်း။

"ဝှစ် ဝှစ် ဝှစ်"

လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်၊ သူ့ ပတ်ပတ်လည်မှာ ဖြစ်ပေါ်နေသည့် ကြီးမားလှသော ရေခဲဆူးချွန် အစုအဝေးကြီးများမှာ ချက်ချင်းဆိုသလိုပင် အရပ်လေးမျက်နှာကို လျှပ်စီးလက်သလို အရှိန်နှင့် ပစ်ခတ်သွားကြတော့သည်။ ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းမှာ၊ ပညာရှင် တစ်ယောက်ပြီးတစ်ယောက် ရေခဲဆူးချွန်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။ ၎င်းတို့မှ တချို့ဆိုလျှင် လူပေါင်းများစွာကို တစ်စုတစ်စည်းတည်း ထွင်းဖောက်သွားသဖြင့် နောက်က ကျင့်ကြံသူများ ကြောက်လန့်တကြားနှင့် နောက်ကို ဆုတ်ကုန်ကြရသည်။

အနှီစွမ်းအားက တကယ်ကို ကြောက်စရာကောင်းလွန်းလှပြီး၊ တိုက်ပွဲပေါင်းများစွာ ချပ်ဝတ်ဖောက် လေးကြီး ထက်တောင် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်နေပါတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ယွမ်တန်ဘုံ တိုက်ခိုက်ရေးသမား တစ်ရာကျော် ဖုန်းဝူချန်၏ လက်ထဲမှာ အသတ်ခံလိုက်ရသည်။ ဒီလို ရက်စက်သည့် စွမ်းဆောင်ရည်နှင့် သွေးအေးမှုမျိုးကို ဘယ်သူက မကြောက်ရွံ့ဘဲ နေနိုင်ပါမည်လဲ။

"အင်ပါယာရဲ့ ကျွမ်းကျင်သူအားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်"

ထိတ်လန့်တုန်လှုပ်နေသည့် နန်းတွင်းအကြံပေး ပုဂ္ဂိုလ်က အမိန့်ပေးလိုက်သည်။

“အရာရှိအားလုံး သူတို့ရဲ့ အင်အားကြီးတဲ့ တိုက်ခိုက်ရေးသမားတွေကို လွှတ်ပြီး ဖုန်းဝူချန်ကို အဆုံးစီရင်ခိုင်း”,

ဒီစကားကို ကြားသည့်အခါ ဖုန်းဝူချန်က သွေးအေးစွာ မဲ့ပြုံးပြုံးလိုက်သည်။

"ထျန်းဝူအင်ပါယာ တော်ဝင်မိသားစုရဲ့ ပညာရှင်တွေ အကုန်လုံး ထွက်လာကြတာလား။ နန်းတွင်းအကြံပေး ပုဂ္ဂိုလ်ကတော့ တကယ်ကိုပဲ ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ။ ခင်ဗျားတို့က အင်ပါယာထဲက အင်အားစု အကြီးအသေးတိုင်းက အင်အားကြီး ပညာရှင်တွေ အကုန်လုံးကိုပါ ခေါ်ချင်နေတာလား"

အမှန်တော့၊ နန်းတွင်းအကြံပေး ပုဂ္ဂိုလ် အမိန့်ပေးစရာတောင် မလိုပါချေ။

ကျယ်ပြန့်လှသည့် ဧကရာဇ်မြို့တော်ကြီး အတွင်းမှာ၊ အရာရှိအားလုံး၏ ပညာရှင်များမှာ နန်းတော်ထဲက ကြီးမားလှသည့် အရှိန်အဝါကို ခံစားမိလိုက်ကတည်းက၊ ပထမဆုံး အခိုက်အတန့်မှာတင် အလျင်အမြန် ပြေးထွက်လာခဲ့ကြပြီးသား ဖြစ်သည်။

စစ်သူကြီးချုပ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့ရဲ့ သိုင်းပညာတွေ ထုတ်သုံးကြစမ်း"

မရေမတွက်နိုင်သည့် အင်အားကြီး ပညာရှင်များမှာ သူတို့၏ အစစ်အမှန်ယွမ်များကို အမြင့်ဆုံးအထိ တစ်ဖန် ပြန်လည် လှုံ့ဆော်လိုက်ကြပြီး၊ သူတို့၏ ခွန်အားအထက်ဆုံး သိုင်းပညာများကို ထုတ်ဖော် အသုံးပြုလိုက်ကြတော့သည်။

"နက်နဲခြင်း အလယ်အလတ် အဆင့် သိုင်းပညာ။ လေမီးလျှံ လက်ဝါး”

"နက်နဲခြင်း အလယ်အလတ် အဆင့် သိုင်းပညာ။ မီးလျှံလှံ"

"နက်နဲခြင်း အဆင့်မြင့် အဆင့် သိုင်းပညာ။ ကောင်းကင်နှင့် မြေကြီး ဖျက်ဆီးခြင်း"

အင်အားကြီး ပညာရှင်တစ်စုကြီးက ဆက်တိုက် ညာသံပေးလိုက်ကြသည့်အခါ အားကောင်းလှသည့် စွမ်းအားလှိုင်းလုံးများက ဖုန်းဝူချန်ဆီသို့ တိုးဝင်သွားကြသည်။

နန်းတော်တစ်ခုလုံး ဝရုန်းသုန်းကား ပေါက်ကွဲသံများနှင့် ဆူညံသွားပြီး၊ မြင်ကွင်းက ခမ်းနားထည်ဝါသလို အမြင်အာရုံကိုလည်း အလွန်အမင်း ထိခိုက်စေနိုင်လောက်သည်။

နန်းတွင်းအကြံပေး ပုဂ္ဂိုလ် ကိုယ်တိုင်တောင် ဝင်ရောက် လှုပ်ရှားလာသည်။ ယွမ်တန်ဘုံ အဋ္ဌမအလွှာ၏ စွမ်းအားကို လျှော့တွက်၍ မရနိုင်ပါ။

ရင်ပြင်မှာတော့ ဖုန်းဝူချန်က မလှုပ်မယှက် ရပ်တည်နေဆဲပင်။ သူ့ဆီ တိုးဝင်လာသည့် အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း၊ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ၊ ဒါတွေအားလုံးက ဘာမှမဟုတ်သလိုမျိုး သဘောထားနေသည်။

အားကောင်းလှသည့် သိုင်းပညာ အမြောက်အမြားက ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပစ်မှတ်ထား၍ တိုက်ခိုက်နေကြပြီး၊ ဆက်တိုက် ပေါက်ကွဲသံများက ကြီးမားလှသည့် ဧကရာဇ်မြို့တော်ကြီး တစ်ခုလုံးကို ထပ်မံ ပဲ့တင်ထပ်သွားကာ၊ တော်ဝင်နန်းတော်ကြီးတစ်ခုလုံး တုန်ခါသွားရပြန်သည်။

"ဟွန့်"

စစ်သူကြီးချုပ်က ဒေါသတကြီး အော်လိုက်သည်။

"သူ ရှောင်တောင် မရှောင်ဘူး။ သေချင်နေတာပဲ"

"မောက်မာတဲ့ကောင်။ ငါတို့ကို အထင်သေးရဲတယ်။ တကယ် သေလမ်းရှာနေတာပဲ"

"ငါတို့ ဒီလောက်များတဲ့ လူအင်အားနဲ့ တစ်ပြိုင်တည်း တိုက်ခိုက်တာ ဖုန်းဝူချန် ဘယ်လောက် အင်အားကြီးကြီး၊ မသေတောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပဲ"

"ဒီ သောက်ကျိုးနည်းကောင်တော့ ရူးသွားပြီ"

မရေမတွက်နိုင်သည့် အင်အားကြီး ပညာရှင်များ၏ မျက်နှာတွေပေါ်မှာ ကျေနပ်အားရသည့် သွေးအေးသော အပြုံးများ ပေါ်လာသည်။

‘သည်တစ်ခါတော့ အသေပဲ ဖုန်းဝူချန်။’

"

လူပေါင်း တစ်ထောင်နီးပါးက သူတို့၏ သိုင်းကွက်များကို ထုတ်ဖော် အသုံးပြု တိုက်ခိုက်နေတာတောင် ဖုန်းဝူချန်က ရှောင်တောင် မရှောင် ပေ။

ဒါက သေလမ်းရှာတာ မဟုတ်လျှင် ဘာလဲ။

အားလှိုင်း လေပွေများ တဖြည်းဖြည်း အားပျော့သွားသည့်အခါ၊ အလွန်အမင်း ထက်ရှသော အရှိန်အဝါတစ်ခုက ရင်ပြင်၏ အလယ်ဗဟိုကနေ ပျံ့နှံ့လာပြီး၊ ယခင် ပေါက်ကွဲမှု စွမ်းအင်များကို တဖြည်းဖြည်း ပြန်လည် ဖုံးလွှမ်းလာတော့သည်။

ဒီ အကြမ်းဖက်ပြီး သွေးဆာနေသည့် အရှိန်အဝါကို ခံစားမိလိုက်ရသည့်အခါ၊ လူတိုင်း၏ မျက်နှာများ ထပ်မံ အရောင်ပြောင်းသွားပြီး ထိတ်လန့်မှုများ လွှမ်းခြုံသွားပြန်သည်

“ဒါ ဖုန်းဝူချန်ရဲ့ တိုက်ပွဲဝတ် ချပ်ဝတ်ပဲ” ဟု ထျန်းဝူဧကရာဇ်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

ထိုအခိုက်မှာ လေပြေတစ်ချက် ဝေ့တိုက်သွားပြီး၊ ဖုန်မှုန့်များ ပြန်လည် ငြိမ်သက်သွားသည်။ ရင်ပြင်၏ အလယ်ဗဟိုမှာ ကြီးမားသည့် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်နေ၏။

ထိုချိုင့်ခွက်၏ အလယ်ဗဟိုမှာတော့ ပုံရိပ်တစ်ခု မတ်တပ်ရပ်နေပြီး၊ သူ၏ ခြေဖဝါးအောက်က စိမ်းပြာရောင် ကျောက်တုံးများကတော့ ပျက်စီးခြင်း လုံးဝမရှိခဲ့ပေ။

ဤလူမှာ တခြားသူ မဟုတ်ပါ။ ဖုန်းဝူချန် ပင်တည်း။

ဖုန်းဝူချန်၏ နောက်ကျောမှာ အနက်ရောင် တောင်ပံတစ်စုံ ထွက်ပေါ်လာခဲ့၏။ ဒါကတော့ ချီလင် ချပ်ဝတ် ပင် ဖြစ်သည်။

ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည့်အတွက်၊ ဖုန်းဝူချန်၏ အရှိန်အဝါမှာ ပိုပြီးတော့တောင် အားကောင်းလာခဲ့သည်။

ဖုန်းဝူချန်၏ ကျင့်ကြံမှုက ယွမ်တန်ဘုံ နဝမအလွှာကို ခြေချလိုက်နိုင်

သည်နှင့်အမျှ၊ ချီလင် ချပ်ဝတ်၏ ခုခံကာကွယ်မှု စွမ်းအားကလည်း အရင်ကထက် အများကြီး ပိုပြီး ကြောက်စရာ ကောင်းလာခဲ့တာ ကြာလေပြီ။

ဒီ့ထက် ပိုသည်မှာတော့၊ ဖုန်းဝူချန်မှာ အထွတ်အထိပ် ခန္ဓာ၏ ဒုတိယအဆင့်ကို ချိုးဖြတ် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၍၊ သူ၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှု စွမ်းအားကလည်း လူတိုင်း၏ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေခဲ့သည်။

သန်မာလွန်းသော ရုပ်ခန္ဓာ၊ ချီလင် ချပ်ဝတ်နှင့် ပေါင်းစပ်လိုက်သည့်အခါ၊ လူပေါင်း တစ်ထောင်နီးပါး၏ စုပြုံ တိုက်ခိုက်မှုများက ဖုန်းဝူချန်ကို နည်းနည်းလေးတောင်မှ အန္တရာယ် မပေးနိုင်ခဲ့ချေ။

လူအားလုံး၏ မျက်လုံးများ အံ့ဩမှု၊ မယုံနိုင်မှုတို့ဖြင့် ပြူးကျယ်သွားကြပြီး၊ ဖုန်းဝူချန်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြရင်း၊ သူတို့၏ မျက်လုံးများမှာ ကျွတ်ကျတော့မလို ဖြစ်သွားကြသည်။

တစ်ခဏတာတော့၊ မြင်ကွင်းတစ်ခုလုံး ခေတ္တခဏ တိတ်ဆိတ်သွားပြီး၊ ထို့နောက်မှာတော့ ပရမ်းပတာ အော်ဟစ်သံများနှင့် ပေါက်ကွဲထွက်သွားတော့သည်။

"ဖုန်းဝူချန် .. ဒဏ်ရာ တစ်ချက်တောင် မရဘူးလား"

"ဒါ ..မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်တာ။ ဖုန်းဝူချန် ဘယ်လောက်ပဲ အင်အားကြီးကြီး၊ ငါတို့အားလုံးရဲ့ တိုက်ခိုက်မှုတွေကို သူ ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ"

"တကယ်ကြီး သရဲ မြင်‌နေနေရတာပဲ။

ဒီကောင် လူရော ဟုတ်သေးရဲ့လား"

အင်အားကြီး ပညာရှင်များအားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး၊ ဧကရာဇ်နှင့် နန်းတွင်းအကြံပေး ပုဂ္ဂိုလ် နှစ်ယောက်လုံး ကြောက်လွန်း၍ စကားတောင် မပြောနိုင်တော့ပါ။

အကယ်၍သာ သူက ထျန်းယွမ်ဘုံ ပညာရှင် ဖြစ်နေခဲ့လျှင်၊ သူတို့ ယုံကြည်နိုင်ပါသေးသည်။ သို့သော် ဖုန်းဝူချန်က ယွမ်တန်ဘုံ နဝမအလွှာမှာပဲ ရှိသေးပြီး ထျန်းယွမ်ဘုံထဲသို့ ခြေချရသေးတာ မဟုတ်ပါ။

လူပေါင်း တစ်ထောင်နီးပါး၊ နန်းတွင်းအကြံပေး ပုဂ္ဂိုလ် အပါအဝင် ယွမ်တန်ဘုံ ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာက အင်အားကြီး ပုဂ္ဂိုလ်များစွာ ပါဝင်သည့် ဤပေါင်းစပ်တိုက်ခိုက်မှုကို၊ ထျန်းဝူဧကရာဇ် ကိုယ်တိုင်တောင်မှ ဒဏ်ရာ အနာတရမရှိဘဲ တားဆီးနိုင်သည်ဟု မပြောရဲပါ။

သူ၏ အနက်ရောင် တောင်ပံများကို တစ်ချက်ခတ်လိုက်ရင်း၊ ဖုန်းဝူချန်၏ ပုံရိပ်သည် မြေပြင်အထက် သုံးမီတာအကွာသို့ ပျံဝဲတက်သွားလေသည်။

ဖုန်းဝူချန်က မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

"အခုက ငါ့အလှည့်ပဲ"

"မြန်မြန် လှုပ်ရှားကြ"

နန်းတွင်းအကြံပေး ပုဂ္ဂိုလ်က ထိုစကားကို ကြားလိုက်ရသည်နှင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ အရာရှိအမျိုးမျိုး လက်အောက်မှ ပညာရှင်များသည် နန်းတော်ထဲသို့ အလုံးအရင်းဖြင့် ချီတက်လာခဲ့ကြပြီး၊ နောက်ထပ် အင်အားကြီး ပုဂ္ဂိုလ် ရာပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ကြသည်။

ထျန်းဝူအင်ပါယာ တော်ဝင်မိသားစု၏ အင်အားသည် အင်ပါယာ၏ အင်အားစုကြီးများနှင့် နှိုင်းယှဉ်၍ မရနိုင်ပါ။

"မင်းတို့ အချိန်ကိုက် ရောက်လာတာပဲ"

အရာရှိ တစ်ယောက်ပြီးတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"အခု ဝင်တိုက်ကြ။ ဖုန်းဝူချန်ကို သတ်ကြ"

ဒီအချိန်မှာတော့ ဖုန်းဝူချန်က အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ထုတ်ယူလိုက်ပြီး ဖြစ်သည်။ ပြင်းထန်လှသော အစစ်အမှန်ယွမ် စွမ်းအင်များကို မောင်းနှင်ကာ နဂါးနတ်ဘုရားဓားထဲသို့ သွန်ထည့်လိုက်၏။ ဓားကြီးသည် ရွှေရောင်အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာပြီး၊ ဖျက်ဆီးခြင်း ဓားစိတ်ဆန္ဒတစ်ခုက ပတ်ဝန်းကျင်ကို ရစ်သိုင်းသွားတော့သည်။

"မြန်မြန်လုပ်ကြ။ မြန်မြန်လုပ်ကြ"

ဓားစိတ်ဆန္ဒ၏ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလိုက်ရသည့်အခါ၊ အင်ပါယာ၏ အကြီးအကဲများအားလုံး ထိတ်လန့်တကြား ဟိန်းဟောက်လိုက်ကြသည်။

"ဝင်္ကပါ ဓားသိုင်းကွက်။ ကောင်းကင်နှင့် မြေကြီး ဝင်္ကပါ ဖျက်ဆီးခြင်း"

လေထဲမှာ ပျံဝဲနေသည့် ဖုန်းဝူချန်က အသံတိုးညှင်းစွာ ရေရွတ်လိုက်ပြီး အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို လှပစွာ ဝှေ့ယမ်းလိုက်သည်။

“ဒိုင်း…”

မီတာ သုံးဆယ်ကျော် ရှည်လျားသည့် ကြီးမားလှသော ရွှေရောင် ဓားစိတ်ဆန္ဒကြီးတစ်ခု ပစ်ထွက်သွားခဲ့၏။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးကိုတောင် ဖျက်ဆီးပစ်နိုင်သလို မာန်မာနထောင်လွှားသည့် အရှိန်အဟုန်မျိုး ပါဝင်နေသည်။

တော်ဝင်နန်းတော်ကြီးတစ်ခုလုံး သိမ့်ခါသွားပြီး ရင်ပြင်ကျယ်ကြီးနှင့် ပတ်ဝန်းကျင်က နန်းတော်များအားလုံးမှာ အက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာတော့သည်။

ဧရာမနှင့် ကြောက်မက်ဖွယ်ကောင်းသည့် ဓားစိတ်ဆန္ဒကို မြင်လိုက်ရသည့်အခါ၊ ပညာရှင်အားလုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားကြသည်။

သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သည့် ဓားစိတ်ဆန္ဒမှာ အင်အားကြီး ပုဂ္ဂိုလ်များ၏ ထိတ်လန့်တုန်လှုပ်မှုများ ကြားထဲမှာ ရူးသွပ်စွာ သတ်ဖြတ်နေတော့သည်။

ဓားစိတ်ဆန္ဒ ဖြတ်သန်းသွားသည့် နေရာတိုင်းမှာ၊ အင်အားကြီး ပုဂ္ဂိုလ် အုပ်စုလိုက် ပေါက်ကွဲ သေဆုံးသွားကြပြီး၊ အသားစ သွေးစများများ လေထဲမှာ တစစီ လွင့်ပျံသွားကာ၊ နာကျင်စွာ အော်ဟစ်မြည်တမ်းသံများကလည်း လောကငရဲမာ ဆူပွက်လာတော့သည်။

"ဝှစ်"

ဖုန်းဝူချန်က လှည့်လိုက်ပြီး သူ့နောက်ကျောဘက်ကို ဓားတစ်ချက် ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

ကြီးမားလှသည့် ဓားစိတ်ဆန္ဒက ထျန်းဝူအင်ပါယာ တော်ဝင်မိသားစု၏ အင်အားကြီး ပုဂ္ဂိုလ်များကို ရမ်းကားစွာ ဆက်လက် သတ်ဖြတ်နေလေ၏။

ဖုန်းဝူချန် လှုပ်ရှားလိုက်သည်နှင့်ပင်၊ အင်အားကြီး ပညာရှင်များစွာကို ကြောက်လန့်တကြား ထွက်ပြေးစေခဲ့ပြီး၊ ခဏလေးအတွင်းမှာပင် ရင်ပြင်တစ်ခုလုံး သွေးချောင်းစီးသွားခဲ့သည်။

ပိုပြီး ခွန်အားထက်သည့် ကျင့်ကြံသူများမှာ အလွန်အမင်း အန္တရာယ်များသည့် အခြေအနေကနေ ရှောင်တိမ်းနိုင်ခဲ့ကြသော်လည်း၊ ဓားစိတ်ဆန္ဒက သူတို့ကို သုညအကွာအဝေးကနေ ပွတ်တိုက်သွားသဖြင့်၊ ၎င်း၏ ကြောက်မက်ဖွယ် သဘာဝကို သူတို့ လေးလေးနက်နက် ခံစားမိလိုက်ကြရသည်။

"နန်းတွင်းအကြံပေး ပုဂ္ဂိုလ်။ စစ်သူကြီးချုပ်။ ကျွန်တော်တို့ လက်တွဲ တိုက်ခိုက်ကြရအောင်" ယွမ်တန်ဘုံ သတ္တမအလွှာ ပညာရှင်တစ်ဦးက အော်ဟစ်လိုက်သည်။

ယွမ်တန်ဘုံ ဆဋ္ဌမအလွှာ၊ သတ္တမအလွှာနှင့် အဋ္ဌမအလွှာမှာ ရှိနေသူများမှာ ဖုန်းဝူချန်ကို ဝန်းရံဖို့ လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး၊ လူပေါင်း တစ်ရာကျော် အရေအတွက် ရှိလေသည်။

သူတို့၏ ပေါင်းစပ်စွမ်းအားက တကယ်ကို သည်းထန်လှသည်။

"ဟား..ကောင်းကောင်း လုပ်ပြနိုင်ကြတာပဲ" ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏ ဘယ်ဘက်လက်ထဲတွင် ပြင်းထန်သော စွမ်းအားတစ်ခုကို စုစည်းလိုက်သည်။

"တတိယအလွှာ ကောင်းကင် အမျက်ဒေါသ လက်ဝါး"

ဖုန်းဝူချန် ဟိန်းဟောက်လိုက်ပြီး လက်ဝါအားလှိုင်းတစ်ခု အောက်ဘက်သို့ ရိုက်ချလိုက်သည်။

ဗုဒ္ဓ၏ လက်ဝါးတော် ဆင်းသက်လာသလို ကြီးမားလှသည့် လက်ဝါးပုံရိပ်ကြီးတစ်ခုက အလွန်အမင်း ဖိနှိပ်စွာ ကျဆင်းလာခဲ့သည်။

"နက်နဲခြင်း အလယ်အလတ်အဆင့် သိုင်းပညာ။ လော့ ဝိညာဉ် လက်ဝါး"

"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ။ ခုနစ်ကြယ် လေပြင်း လက်သည်း"

"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ။ သန့်ရှင်းသော ဝိညာဉ် လှံ"

ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ရာကျော်တို့သည် သူတို့၏ စွမ်းအား အပြည့်အဝကို အလျင်အမြန် ထုတ်ယူကာ သိုင်းပညာများ ဖော်ဆောင်လိုက်ကြသည်။

အားကောင်းလှသော စွမ်းအားလှိုင်းလုံးများ တစ်လုံးပြီးတစ်လုံး ကောင်းကင်ပေါ်သို့ တဟုန်ထိုး တက်သွားပြီး၊ ဖုန်းဝူချန်၏ ကြီးမားသော ရွှေရောင် လက်ဝါးပုံရိပ်ကြီးဆီသို့ ဦးတည်သွားကြသည်။

"ဝေါ့…"

ထိတိုက်မိသည့် အခိုက်အတန့်မှာပင်၊ ထိပ်တန်း ပညာရှင် တစ်ရာကျော်တို့ တစ်ယောက်ပြီးတစ်ယောက် သွေးများ အန်ထုတ်လိုက်ကြရသည်။ ဖုန်းဝူချန်၏ မာန်မာနထောင်လွှားလှသော လက်ဝါးပုံရိပ်၏ စွမ်းအားကို ရင်ဆိုင်ရာတွင်၊ သူတို့ လုံးဝ ခံနိုင်ရည် မရှိခဲ့ကြပေ။

ကြောက်မက်ဖွယ် အားလှိုင်း လေပွေများသည် ဟာရီကိန်း မုန်တိုင်းတစ်ခုအဖြစ် စုစည်းသွားပြီး၊ ကြီးမားလှသော ဧကရာဇ်မြို့တော်ကြီး တစ်ခုလုံး တုန်ခါလာတော့သည်။

ဧကရာဇ်မြို့တော်ကြီး အတွင်းရှိ မရေမတွက်နိုင်သော ပြည်သူများသည် ကြောက်ရွံ့မှုနှင့် ပရမ်းပတာ အခြေအနေများထဲတွင် နစ်မြုပ်သွားကြသည်။

ယွမ်တန်ဘုံ အဋ္ဌမအလွှာ နန်းတွင်းအကြံပေး ပုဂ္ဂိုလ် ပင်လျှင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

နန်းတွင်းအကြံပေး ပုဂ္ဂိုလ်က ကြောက်ရွံ့ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

"အဓိပ္ပာယ်မရှိဘူး။ ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ရတာလဲ"

စစ်သူကြီးချုပ်ကလည်း သူ၏ သွားများကို ကျိတ်ထားရင်း "အားလုံးပဲ အားတင်းထားကြ” ဟု ဟိန်းဟောက်လိုက်သည်။

သူ့မျက်နှာသည် နာကျင်မှုကြောင့် တွန့်လိမ်နေပြီး၊ သူ၏ အတိုင်းအတာ တစ်ခုထိ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။

အကယ်၍ ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ရာကျော်ကတောင် ဖုန်းဝူချန်၏ လက်ဝါးပုံရိပ်ကို မခံနိုင်လျှင်၊ ထိုစွမ်းအားက ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေမှာလဲ။

“ဘုန်း”

မာန်မာနထောင်လွှားလှသော လက်ဝါးပုံရိပ်ကြီးသည် ရက်စက်စွာ ထိုးကျလာပြီး၊ ပေါက်ကွဲသံကြီးနှင့်အတူ ဟိန်းဟောက်လိုက်ချိန်တွင်၊ ထိပ်တန်း ပညာရှင် တစ်ရာကျော်တို့ ထပ်မံ သွေးတစ်လုတ်အပြည့် အော့အန်လိုက်ကြရပြန်သည်။ ကျင့်ကြံမှု အားနည်းသူများမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြပြီး၊ ကျန်လူများမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြလေ၏။

"အီးဟီးဟီး…"

ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ ကြောက်လန့်နေသည့် ပညာရှင်များစွာနှင့် အင်ပါယာ၏ အရာရှိများအားလုံး ထိတ်လန့်တကြားနှင့် သူတို့၏ တံတွေးများကို မျိုချလိုက်မိကြသည်။

နန်းတော်အပြင်ဘက်မှာ ရပ်နေသည့် ထျန်းဝူ နတ်ဘုရား စစ်သည်တော်များတောင် ကြောက်ရွံ့မှုများ ပြသနေကြသည်။

ဖုန်းဝူချန်က သူ၏ ကိုယ်ပိုင်အစွမ်းအစ တစ်ခုတည်းဖြင့်၊ ထျန်းဝူအင်ပါယာ တော်ဝင်မိသားစု တစ်ခုလုံး၏ အင်အားကြီး ပုဂ္ဂိုလ်များကို ရင်ဆိုင်ခဲ့ပြီး၊ လူပေါင်းများစွာကို သူ၏ လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

ဤသို့ မြင့်မားလှသော ခွန်အားမျိုးမှာ ထျန်းဝူဧကရာဇ်၏ ထျန်းယွမ်ဘုံ စွမ်းအား အပြည့်အဝနှင့်တောင်မှ ဖြစ်နိုင်ဖွယ် မရှိပါ။

သည်တိုက်ပွဲကိုတော့ ဖုန်းဝူချန်က တစ်နိုင်ငံလုံးကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေသည်ဟုပင် ဖော်ပြနိုင်ပါသည်လေ။

All Chapters