← Chapters

တုန်လှုပ် ခြောက်ခြားသွားသော လေးပြည်‌ထောင်

Vol. 14 Ch. 197

တုန်လှုပ် ခြောက်ခြားသွားသော လေးပြည်‌ထောင်

Vol. 14 Ch. 197

~မိမိသည် လော့ယွင် အင်ပါယာ၏ နန်းတွင်း အကြံပေး ပုဂ္ဂိုလ် တစ်ဦး ဖြစ်မနေခဲ့ပါလျှင်၊ ဖုန်းဝူချန်သည် မိမိအား နေရာတွင်ပင် သုတ်သင်ပစ်လိုက်မည်မှာ သေချာလှသည်။

ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို နန်းတွင်းအကြံပေးသည် အကြွင်းမဲ့ ယုံကြည်ပြီး ဖြစ်၏။

နန်းတွင်းအကြံပေး၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေလေပြီ။ သို့သော် သူသည် လောကဓံကို များစွာ တွေ့ကြုံဖူးသူပီပီ သူ၏ မျက်နှာအမူအရာကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။

"နန်းတွင်းအကြံပေး၊ ပြန်သွားပြီး လော့ယွင်အင်ပါယာရဲ့ ဧကရာဇ်ကို ကျီးရှင်းဂိုဏ်းရဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ဖို့ သွားပြောလိုက်ပါ။ ခင်ဗျား အခု သွားလို့ရပြီ။" ဖုန်းဝူချန်သည် နန်းတွင်းအကြံပေးကို လှမ်းကြည့်ရင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ဖုန်းဝူချန်သည် လှည့်ထွက်သွားရန် ပြင်လိုက်ပြီး သူ၏ စစ်သည်များအား အမိန့်ပေးလိုက်သည်။

"သုံးရက်တိုင်တိုင် အချိန်ပေးမယ်။ သုံးရက်ပြည့်ရင် လော့ယွင်အင်ပါယာသို့ ကျုပ်နောက်က လိုက်ခဲ့ကြ။ ကျီးရှင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းကြမယ်…"

"ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။ ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။"

"ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။ ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။"

"ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။ ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။"

စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ဟိန်းဟောက် အော်ဟစ်လိုက်ကြရာ သူတို့၏ အသံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။

ကြောက်လန့်၍ သတိလစ်မတတ် ဖြစ်သွားသော လော့ယွင်အင်ပါယာ၏ နန်းတွင်းအကြံပေးသည် အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ တိတ်တဆိတ်ပင် လှည့်ထွက်သွားလေတော့သည်။

ပညာရှင် ဒါဇင်ပေါင်းများစွာ သေဆုံးခြင်းမှ ရရှိသော စစ်နိုင်ပစ္စည်းများ အားလုံးကို ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ဝင်များနှင့် အလံနက်တပ်မတော်မှ စစ်သည်များအား ခွဲဝေပေးလိုက်သည်။

"ချန်အာ၊ သားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။" ရှောင်ချင်းချင်းသည် စိုးရိမ်ပူပန်မှုနှင့် သားဖြစ်သူအတွက် ရင်နာနေသော မျက်နှာဖြင့် အပြေးအလွှား လာရောက် မေးမြန်းလိုက်သည်။

"မေမေ၊ စိတ်မပူပါနဲ့။ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ဒီဒဏ်ရာလောက်က မကြာခင် ပျောက်သွားမှာပါ။" ဖုန်းဝူချန်သည် သူ၏ အေးစက်သော အမူအရာကို ဖယ်ရှားလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဒါဆို တော်ပါသေးရဲ့။ တော်ပါသေးရဲ့။" ရှောင်ချင်းချင်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ခုနက ပြင်းထန်သော တိုက်ပွဲကြောင့် သူမ အမှန်တကယ်ပင် ရင်တမမ ဖြစ်ခဲ့ရသည်။

"ဒေါ်ဒေါ်ရှောင်၊ အစ်ကိုဖုန်းက အရမ်း အားကြီးတာ၊ ပြီးတော့ သူ့မှာ ဒဏ္ဍာရီလာ တစ်ပိုင်းလက်နက်တောင် ရှိသေးတာ၊ သူ ဘာမှမဖြစ်ပါဘူးဗျ" လျိုချင်းယန်ကလည်း ပြုံးရင်း စကားဝိုင်းထဲသို့ ဝင်ပြောလိုက်သည်။

ဖုန်းချန်ယန်က လေးနက်သော လေသံဖြင့် ညည်းညူလေသည်။

"ဒီတစ်ကြိမ်တော့ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဝူချန်ရဲ့ လက်ရှိ စွမ်းအားနဲ့ ပိုင်ရှန်းကို မယှဉ်နိုင်နေမှာကို ဒီအဘိုးကြီး စိုးရိမ်မိတယ်။"

"ဟုတ်ကဲ့၊ အကြီးအကဲ ပြောတာ မှန်ပါတယ်။ ကျွန်တော့် စွမ်းအားတွေ တိုးတက်လာပေမဲ့ ထျန်းယွမ်ဘုံ ပညာရှင် တစ်ယောက်ကိုတော့ ယှဉ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။" ဖုန်းဝူချန်သည် ပြုံးလျက် ပြောလိုက်ပြီး သူ၏ အကြည့်များက လင်ရှောင်ရှောင်ထံသို့ ရောက်ရှိသွားကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ရှောင်ရှောင်၊ မင်းရဲ့ ဒဏ်ရာတွေရော။"

"ကျွန်မ ဘာမှမဖြစ်တော့ပါဘူး။" လင်ရှောင်ရှောင်က သိမ်မွေ့စွာ ပြုံးရင်း ပြောလိုက်သည်။ သူမ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်လေသည်။

သူမ၏ ပြန်လည် ကောင်းမွန်လာမှုနှုန်းမှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှပြီး ဖုန်းဝူချန်ပင်လျှင် သူမကို မယှဉ်နိုင်ခဲ့ပေ။

"အစ်ကိုကြီးဖုန်း၊ ခုနတုန်းက အစ်ကိုကြီး အသုံးပြုလိုက်တဲ့ စွမ်းအားက…"

လင်ရှောင်ရှောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေရာ ထိုအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်များကလည်း ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားသည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ပြုံးလျက် "ဒါက အထွတ်အထိပ် ခန္ဓာကျင့်စဉ် ဒုတိယအဆင့်ရဲ့ စွမ်းအားပဲ။ ပိုင်ရှန်းကို ကျေးဇူးတင်ရမယ်၊ သူ့ကြောင့် အစ်ကို မမျှော်လင့်ဘဲ ဒုတိယအဆင့်ကို အဆင့် ချိုးဖြတ်နိုင်ခဲ့တာ။ အဆိုးထဲက အကောင်းလို့ ပြောရမှာပေါ့။"

"အထွတ်အထိပ် ခန္ဓာကျင့်စဉ် ဒုတိယအဆင့်။" ချီဟွမ်နှင့် ဟွမ်ယန်တို့ အလွန်အမင်း တုန်လှုပ်သွားကြသည်။

အထွတ်အထိပ် ခန္ဓာကျင့်စဉ်မှာ ဒုတိယအဆင့် ရှိသေးသည်တဲ့လား။

ပထမအဆင့်ကပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပြီလေ။

ဒုတိယအဆင့်က စစ်သူကြီးချုပ်၏ စွမ်းအားကို ဤမျှလောက် သိသိသာသာ မြှင့်တင်ပေးနိုင်သည်မှာ အံ့ဩစရာ မရှိတော့ပါလေ။

"ဒါကိုး။ အထွတ်အထိပ် ခန္ဓာကျင့်စဉ်မှာ ဒုတိယအဆင့် ဆိုတာ တကယ် ရှိနေတာပဲ။" ဖုန်းချန်ယန်သည် တစ်စုံတစ်ခုကို နားလည်

သဘောပေါက်သွားသည့်အလား မပီမသ ရေရွတ်လိုက်သည်။

ဖုန်းဝူချန်က ပြုံးလျက်

"ဒုတိယအဆင့်က အဆင့် ချိုးဖြတ်ဖို့ သိပ်မလွယ်ဘူး။ ခင်ဗျားတို့က ပထမအဆင့်ကို စတင်လေ့ကျင့်နေတုန်းပဲ ရှိသေးတယ်။ အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ ခင်ဗျားတို့ အဆင့် ချိုးဖြတ်နိုင်ပါလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော် ခင်ဗျားတို့ကို ဒုတိယအဆင့် နည်းလမ်းတွေ သင်ပေးပါ့မယ်။"

"ဒါဆို အရမ်းကောင်းတာပေါ့။ ကျွန်တော်ရော၊ ကျွန်တော်လည်း ဒုတိယအဆင့်ကို လေ့ကျင့်ချင်တယ်။" လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ဖုန်းဝူချန်နှင့် အခြားသူများသည် ပြိုင်ဘက်ကင်းမြို့ရှိ ဖုန်းမိသားစုထံသို့ ပြန်လာခဲ့ကြသည်။ အင်ပါယာ၏ ထိပ်တန်း စစ်သည် ရာပေါင်းများစွာကို ပြိုင်ဘက်ကင်းမြို့အတွင်း၌ တပ်စွဲထားလိုက်သည်။

ဖုန်းဝူချန်သည် သူ၏ ဒဏ်ရာများကို အမြန်ဆုံး ပြန်လည် ကုစားရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သုံးရက်အကြာတွင် သူတို့သည် လော့ယွင်အင်ပါယာသို့ ကျီးရှင်းဂိုဏ်းကို ချေမှုန်းရန် သွားရောက်ကြမည် ဖြစ်သောကြောင့်ပင်။

ကျီးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ယန်ဟော်အင်ပါယာ၏ စစ်သူကြီးချုပ် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်ဟူသော သတင်းသည် နိုင်ငံအသီးသီးနှင့် အင်အားကြီး ပညာရှင်များကြားတွင် လေအလျင်လို ဆောင်ကြဉ်းသွားခဲ့ပြီး၊ မကြာမီပင် အင်ပါယာကြီး လေးခုနှင့် အခြား မရေမတွက်နိုင်သော အင်အားစုများထံသို့ တမုဟုတ်ချင်း ပျံ့နှံ့သွားတော့သည်။

အင်ပါယာကြီး လေးခု၏ ဧကရာဇ်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့်တကွ နိုင်ငံအသီးသီးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤသတင်းကြောင့် အကြီးအကျယ် လန့်သွားကြသည်။

ကျီးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်၊ ထျန်းယွမ်ဘုံ ပထမအလွှာရှိ ပညာရှင်တစ်ဦး၏ ဂုဏ်သတင်းမှာ လွှမ်းမိုးနိုင်စွမ်း ရှိပြီး၊ ကြားရသူတိုင်း၏ ကျောချမ်းသွားစေရန် လုံလောက်လှသည် မဟုတ်ပါလော။

သို့သော် ဤမျှ စွမ်းအား မြင့်မားသော ပုဂ္ဂိုလ်တစ်ဦးသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်လား။

သူတို့အတွက် အကြောက်မက်ဖွယ် အကောင်းဆုံးအချက်မှာ ဖုန်းဝူချန်သည် ယွမ်တန်ဘုံ သတ္တမ အလွှာ အဆင့်၌သာ ရှိနေသေးစဉ် ထိုသို့ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖုန်းဝူချန်၏ ဂုဏ်သတင်းသည် အင်ပါယာကြီး လေးခုတွင် ယခင်ကတည်းကပင် ဖြုံစေခဲ့ပြီး ဖြစ်သည်။ ယခု ဤသတင်း ဟိုးလေးတကျော် ဖြစ်သွားသောအခါ အင်ပါယာများတစ်ခွင်လုံးတွင် အကြီးအကျယ် ဂယက်ရိုက်သွားစေတော့သည်။

ဤသတင်းအပြင် နောက်ထပ် သတင်းတစ်ခုလည်း ပေါက်ကွဲလာခဲ့သည်။ ၎င်းမှာ သုံးရက်အကြာတွင် ဖုန်းဝူချန် ကိုယ်တိုင် အင်ပါယာ၏ အတော်ဆုံး စစ်သည်များကို ဦးဆောင်၍ လော့ယွင်အင်ပါယာသို့ ကျီးရှင်းဂိုဏ်းကို ချေမှုန်းရန် လာရောက်မည် ဟူ၍ ဖြစ်သည်။

ကျီးရှင်းဂိုဏ်း တစ်ခုလုံး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားကြသည်။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ဖုန်းဝူချန်၏ လက်ချက်ဖြင့် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ပြီး ဖြစ်ရာ၊ ဂိုဏ်းအတွင်း၌ သူ့ကို ခုခံနိုင်စွမ်းရှိသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

သတ္တိနည်းသော တပည့်များသည် သူတို့၏ အသက်ကို ကယ်တင်ရန် တောင်ပေါ်မှ ထွက်ပြေးသွားခဲ့ကြပြီး ဖြစ်သည်။

ရွှေယွဲ့အင်ပါယာ၏ ဧကရာဇ်သည်လည်း ဆက်လက် ထိုင်မနေနိုင်တော့ပေ။ ဖုန်းဝူချန်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူ သိရှိသွားပြီ။ ပိုမိုအားကောင်းသော ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး မရှိပါက၊ သူတို့သည် သေမင်းထံသို့ သွားတွေ့ကြသည်နှင့်သာ တူပေလိမ့်မည်။

ထျန်းဝူနှင့် လော့ယွင်အင်ပါယာတို့၏ ဧကရာဇ်များမှာ ပို၍ပင် ထိတ်လန့်နေကြသည်။ သူတို့၏ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်များဖြင့်ပင် ပိုင်ရှန်းကို အနိုင်ယူနိုင်ကြောင်း ကြွားဝါရန် မဝံ့ရဲကြပေ။

ထိုနည်းတူစွာ၊ ထိုက်ရွှီဂိုဏ်း၊ ဟွမ်ယွင်ဂိုဏ်းနှင့် ဖုန်းလေဂိုဏ်း ကဲ့သို့သော အဓိက အင်အားစုကြီးများသည်လည်း ထိတ်လန့်စ ပြုလာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ဖုန်းဝူချန်ကို ရန်စဖူးပြီး၊ ဖုန်းဝူချန်သည် သူတို့ကို မည်သည့် အကျိုးဆက်မှ မရှိဘဲ အလွတ်ပေးလိမ့်မည် မဟုတ်သောကြောင့်တည်း။

သူတို့ထံတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ပထမတစ်ခုမှာ ဖုန်းဝူချန်ကို ရင်ဆိုင်ရန် အတူတကွ ပူးပေါင်းကြရန် ဖြစ်ပြီး၊ ထိုသို့မှသာ သူတို့ အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်ပေမည်။ ဒုတိယ ရွေးချယ်စရာမှာ ထွက်ပြေးရန် ဖြစ်သည်။

သို့သော် နှစ်ပေါင်း ရာနှင့်ချီသော သမိုင်းကြောင်းနှင့် သူတို့၏ ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများဖြင့် တည်ထောင်ထားသော ဤမျှ ခွန်အားထက်သည့် ဂိုဏ်းကြီးများက မတိုက်ခိုက်ဘဲ ထွက်ပြေးကြမည်လော။

ပိုင်ရှန်း၏ သေဆုံးမှုသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သက်ရောက်ခဲ့သည်။ နိုင်ငံအသီးသီးမှ ခွန်အားထက်သော သီးခြားကျင့်ကြံသူများသည် အလွန်အမင်း ကြောက်ရွံ့နေကြပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကို လောဘတက်ရန် မဝံ့ရဲကြတော့ပေ။

ကိုးထပ် ချန်ခွန်း မျှော်စင်ကို လိုချင်တပ်မက်ခဲ့သူများ အားလုံး ဖုန်းဝူချန်၏ လက်ထဲတွင် သေဆုံးခဲ့ကြရသည်။ တစ်ယောက်လာလျှင် တစ်ယောက်သေ၊ နှစ်ယောက်လာလျှင် နှစ်ယောက်သေ၊ ဒါဇင်ပေါင်းများစွာ လာသော်လည်း တစ်ဦးတစ်ယောက်မျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိခဲ့ပေ။

ယန်ဟော်အင်ပါယာ၏ နန်းတော်သို့ သတင်းရောက်ရှိလာသောအခါ သွမ့်ထျန်းဟွမ်နှင့် အဆင့်မြင့် အရာရှိကြီးများ အားလုံး တုန်လှုပ်သွားကြသည်။

"နန်းတွင်းအကြံပေး၊ ပိုင်ရှန်းကို ဖုန်းဝူချန်က တကယ် သတ်လိုက်တာလား။" သွမ့်ထျန်းဟွမ်သည် မယုံနိုင်စွာ မေးလိုက်သည်။

"လုံးဝ အမှန်တရားပါပဲ မင်းကြီး၊ မင်းသားနဲ့ ကျွန်တော်မျိုးတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ။ စစ်သူကြီးချုပ်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းပါတယ်။ ပိုင်ရှန်းက သူ့စွမ်းအား အကုန်ထုတ်သုံးခဲ့ပေမဲ့ စစ်သူကြီးချုပ်ကို မယှဉ်နိုင်ခဲ့ပါဘူး။" ယန်ထျန်းရှန်သည် ထိုပြင်းထန်သော တိုက်ပွဲကို ပြန်လည် သတိရမိရင်း အနည်းငယ် ကြောက်ရွံ့နေသည့် လေသံဖြင့် လေးနက်စွာ လျှောက်တင်လိုက်သည်။

'ယွမ်တန်ဘုံ သတ္တမ အလွှာ အထွတ်အထိပ်က ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက်ကို တကယ် သတ်နိုင်ခဲ့တယ် ဟုတ်လား။' သွမ့်ထျန်းဟွမ်သည် ယခုတိုင် သူ့အကြား အာရုံ..သူ မယုံနိုင်သေးပေ။

ဖုန်းဝူချန်သည် စွမ်းအားကြီး ဒဏ္ဍာရီလာ လက်နက်ကို ပိုင်ဆိုင်ထားသည် ဆိုဦးတောင်မှ သွမ့်ထျန်းဟွမ် ယုံရခက်နေဆဲ ဖြစ်ပါသည်။ ထျန်းယွမ်ဘုံ အဆင့်တွင် ရှိနေသူတစ်ဦးအနေနှင့် ထိုဘုံသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ ကောင်းကောင်း သိသည်လေ။

"စစ်သူကြီးချုပ်က ထျန်းယွမ်ဘုံ ပညာရှင်တစ်ယောက်ကို သတ်နိုင်ခဲ့တယ်ဆိုတာ တကယ် မယုံနိုင်စရာပဲ။" အဆင့်မြင့် အရာရှိကြီးများသည် သူတို့၏ တံတွေးကို ကြောက်လန့်တကြား မျိုချလိုက်ကြပြီး မျက်နှာများ ဖြူဖျော့နေကြသည်။

အချိန်အတော်ကြာပြီးနောက် သွမ့်ထျန်းဟွမ်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး "ဖုန်းဝူချန်က တကယ်ပဲ အထင်ကြီးစရာပဲ။ သူ တကယ် လုပ်နိုင်ခဲ့တယ်။ ပိုင်ရှန်း သေဆုံးသွားတာက ဟိုအဘိုးကြီးတွေကို တုန်လှုပ်သွားစေမှာ သေချာတယ်၊ ဟဲဟဲ။" ဟု ရယ်မောလျက် ဆိုလိုက်သည်။

ထို့နောက် စစ်ထူကျန့်ထျန်းက လျှောက်လဲလာ၏။

"အရှင်၊ စစ်သူကြီးချုပ်က သုံးရက်အကြာမှာ လော့ယွင်အင်ပါယာကို သွားပြီး ကျီးရှင်းဂိုဏ်းကို ချေမှုန်းမယ်လို့ အမိန့်ထုတ်ထားပါတယ်။"

"ဟေ။ သုံးရက်တည်းလား။ မြန်လိုက်တာ။" သွမ့်ထျန်းဟွမ်သည် အံ့ဩစွာ ရေရွတ်လိုက်သည်။

သွမ့်ထျန်းဟွမ်သည် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့။ "ပိုင်ရှန်းကို သတ်ပြီးတာနဲ့ ကျီးရှင်းဂိုဏ်းကို ချက်ချင်း ရှင်းလင်းချင်နေတယ်။ ဒီလူငယ်လေးက တကယ်ပဲ ရက်စက်တာပဲ။ ငါကိုယ်တော်တိုင်တောင် လန့်သွားတယ်။ ပိုင်ရှန်း သေသွားမှတော့ ကျီးရှင်းဂိုဏ်းက အင်အား အကြီးအကျယ် ယုတ်လျော့သွားပြီ။ သူတို့ကို ရှင်းလင်းဖို့က ဘယ်အချိန်ဖြစ်ဖြစ် လွယ်ကူနေမှာပဲ။"

ခေတ္တမျှ စဉ်းစားပြီးနောက် သွမ့်ထျန်းဟွမ်၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားသည်။ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် သူက ထပ်ပြောလိုက်သည်။ "သုံးရက် ဟုတ်လား။ သတင်းတွေ နိုင်ငံလေးခုလုံး ပျံ့ဖို့ အချိန် လုံလောက်တာပေါ့။ ကြည့်ရတာ ဖုန်းဝူချန်က ဒီသတင်းကို တမင်တကာ လွှင့်လိုက်တာပဲ။"

"တမင်တကာ လွှင့်လိုက်တာ။" အဆင့်မြင့် အရာရှိကြီးများသည် နားမလည်စွာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

သွမ့်ထျန်းဟွမ်က ရယ်မောလိုက်ပြီး "သတင်းက နိုင်ငံလေးခုလုံး ပျံ့သွားတာနဲ့ သုံးရက်အကြာမှာ တခြားနိုင်ငံတွေက ပညာရှင်တွေ တိုက်ပွဲကို လာကြည့်ကြလိမ့်မယ်။ ဖုန်းဝူချန်က ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်ချင်နေတာ။ ကျီးရှင်းဂိုဏ်းကို အသုံးချပြီး တခြားနိုင်ငံတွေက အဓိက အင်အားစုတွေကို ခြိမ်းခြောက်လိုက်တာပဲ။"

"ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်တာ။ အရှင်၊ စစ်သူကြီးချုပ်က အရမ်း ထောင်လွှားလွန်းနေတာ မဟုတ်ဘူးလား။ ဒီလိုလုပ်ခြင်းအားဖြင့် အင်ပါယာ သုံးခုလုံးကို ဒေါသထွက်စေနိုင်ပါတယ်။ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် စစ်ပွဲကြီးတစ်ခု မလွဲမသွေ ဖြစ်လာနိုင်ပါတယ်။"

"အမတ်ကြီးကျန်း ပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ ကျွန်တော်မျိုး အမြင်အရတော့ စစ်သူကြီးချုပ်ရဲ့ လုပ်ရပ်က နိုင်ငံတွေကို မကျေမနပ် ဖြစ်စေပါလိမ့်မယ်။ စစ်သူကြီးချုပ်ရဲ့ ခရီးစဉ်က အန္တရာယ် အကြီးကြီးတွေနဲ့ ပြည့်နှက်နေမှာကို စိုးရိမ်မိပါတယ်။" အခြား အရာရှိတစ်ဦးက ပြောလိုက်သည်။

"စစ်သူကြီးချုပ် အနေနဲ့ ဒီလို စွန့်စားခန်းမျိုး မလုပ်သင့်ပါဘူး။ ကိုးထပ် ချန်ခွန်း မျှော်စင် ကိစ္စကြောင့် သူက အင်ပါယာကြီး သုံးခုလုံးကို အပြစ်ပြုထားပြီးသား ဖြစ်နေပြီ။ ဒီအင်ပါယာတွေက လုပ်ကြံသတ်ဖြတ်သူတွေ ချောင်းမြောင်းနေမှာကို ဒီငယ်သား စိုးရိမ်မိပါတယ်။ စစ်သူကြီးချုပ်က ဒီငယ်သားတို့ အင်ပါယာရဲ့ အကြီးမားဆုံး ပါရမီရှင်၊ နိုင်ငံတော်ရဲ့ ကြီးထွားလာမှုအတွက် အရေးပါသူ ဖြစ်လို့ သူ ဘာအန္တရာယ်မှ မဖြစ်ရပါဘူး။" ဟု နောက်တစ်ဦးကလည်း ထပ်မံ အဆို တင်သွင်းလာသည်။

အမတ်မင်းများ၏ စိုးရိမ်မှုများမှာ အခြေအမြစ်မရှိ မဟုတ်ပေ။

အခြား နိုင်ငံများ၏ ဧကရာဇ်များ အားလုံးသည် သူတို့၏ ခြိမ်းခြောက်မှုကို ဖယ်ရှားရန် ဖုန်းဝူချန်ကို သုတ်သင်ပစ်ချင်နေကြ၏။

သတင်းက ပျံ့နှံ့ပြီး ဖြစ်ရာ ဖုန်းဝူချန် လော့ယွင်အင်ပါယာသို့ ဝင်ရောက်သည်နှင့် သူသည် ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

ဤသို့သော အခွင့်အရေးမျိုးကို အခြား နိုင်ငံများက လက်လွတ်ခံကြမည် မဟုတ်ပေ။ လော့ယွင်အင်ပါယာ ကိုယ်တိုင်ကပင် ဦးစွာ လက်ဦးမှု ရယူ တိုက်ခိုက်နိုင်ဖွယ် ရှိသည်။

သူ၏ ပလ္လင်ထက်တွင် ထိုင်နေသော သွမ့်ထျန်းဟွမ်၏ မျက်မှောင်များ တွန့်ချိုးသွားပြီး သူက သြဇာအာဏာပါသော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဖုန်းဝူချန်က အင်မတန် သန်မာတယ်။ အင်ပါယာကြီး လေးခုလုံးမှာ သူ့ကို သတ်နိုင်တဲ့သူ လက်ငါးချောင်းတောင် မရှိတာ။ သူက သူ့လုပ်ရပ်တွေမှာ သတိကြီးတယ်။ မလိုအပ်ဘဲနဲ့ သူ့ကိုယ်သူ အန္တရာယ်ထဲကို ဘယ်တော့မှ တွန်းပို့မှာ မဟုတ်ဘူး။"

အင်ပါယာကြီး လေးခုမှ အင်အားကြီး ပညာရှင်များထဲတွင် ထျန်းယွမ်ဘုံသို့ ရောက်ရှိသူ များများစားစား မရှိဘဲ၊ ပိုင်ရှန်း အဆင့်ထက် မြင့်သူ နှစ်ဦးသာ ရှိလေသည်။

တစ်ဦးမှာ ရွှေယွဲ့အင်ပါယာ၏ ဧကရာဇ် လေကျန့်ဖုန်း ဖြစ်ပြီး၊ နောက်တစ်ဦးမှာ ထိုက်ရွှီဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင် ရှိနေကြလေသည်။

ပိုင်ရှန်း ကဲ့သို့ အလွန် ခွန်အားထက်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖုန်းဝူချန်၏ လက်ထဲတွင် ကျဆုံးခဲ့ရပြီးမှတော့၊ ထို ထျန်းယွမ်ဘုံ ပညာရှင် နှစ်ဦးမှလွဲ၍ မည်သူက သူ့ကို အနိုင်ယူနိုင်ဦးမည်နည်း။

ကျယ်ပြန့်ပြီး နက်ရှိုင်းသော အရှိန်အဝါတစ်ခု ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားပြီး သွမ့်ထျန်းဟွမ်က အေးစက်စွာ ဆိုသည်။

"သုံးရက်ပြည့်ရင်၊ ဒီအရှင်ကိုယ်တိုင် သွားကြည့်မယ်။ ဘယ်ကောင်က ဖုန်းဝူချန်ကို လာထိရဲလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။ ဟမ့်။"

"ကျွန်တော်မျိုးတို့လည်း အရှင်နဲ့ အတူ လိုက်ပါခဲ့ပါ့မယ်။" ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့က တညီတညွတ်တည်း လျှောက်တင်လိုက်သည်။ သွမ့်ထျန်းဟွမ် ကိုယ်တိုင် လိုက်ပါသွားမည် ဖြစ်သောကြောင့် သူတို့ ပို၍ စိတ်အေးသွားကြသည်။

အောက်တွင် ရှိသော အမတ်မင်းများမှာ စိုးရိမ်စိတ်များ ရှိနေသေးသော်လည်း နောက်ထပ် ကန့်ကွက်စကားများ မဆိုရဲကြတော့ပေ။

ဤအမတ်မင်းများသည် ဖုန်းဝူချန်၏ လုံခြုံရေးအတွက် အမှန်တကယ် စိုးရိမ်နေခြင်း ဟုတ်မဟုတ်ကို မည်သူမျှ မသိနိုင်ပေ။ သူတို့သည် စစ်ပွဲကြီး ဖြစ်ပွားလာပါက သူတို့၏ မိသားစုများ ပါဝင်ပတ်သက်သွားမည်ကို ကြောက်ရွံ့နေခြင်းမျှသာ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

သတင်းသည် အင်ပါယာကြီးများနှင့် အဓိက အင်အားစုများ အားလုံးထံ ရောက်ရှိသွားပြီးနောက်၊ ခွန်အားထက် ပုဂ္ဂိုလ်များစွာသည် ဤသတင်းကို ကြားသိရသည့် အချိန်မှစ၍ ထွက်ခွာလာခဲ့ကြပြီး ဖြစ်သည်။

သုံးရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ယနေ့။

ယနေ့သည် ဖုန်းဝူချန်က ကျီးရှင်းဂိုဏ်းကို ချေမှုန်းမည်ဟု ကြေညာထားသော နေ့ပင် ဖြစ်သည်။

ပြိုင်ဘက်ကင်းမြို့ရှိ ဖုန်းမိသားစု စံအိမ်၏ အပြင်ဘက်တွင်၊

ထိပ်တန်း စစ်သည် ရာပေါင်းများစွာသည် လမ်းမများပေါ်တွင် စနစ်တကျ စီတန်း၍ စစ်ချီရန် အသင့်။ သူတို့၏ သံမဏိသွေးသားဆန်သော အရှိန်အဝါသည် လေးစားရိုသေမှုကို တောင်းဆိုနေပြီး၊ သူတို့၏ တည်ရှိမှုမှာပင် ကြောက်ရွံ့ဖွယ် ကောင်းလှသည်။

ထို ထိပ်တန်း စစ်သည် ရာပေါင်းများစွာကို ကြည့်ရင်း ဖုန်းဝူချန်က လေးနက်တည်ကြည်စွာ ညွှန်ကြလိုက်သည်။

"ဒီနေ့က ကျီးရှင်းဂိုဏ်း ပျက်သုဉ်းမယ့်နေ့ပဲ။ ကျီးရှင်းဂိုဏ်းက လူတစ်ယောက်ကိုမှ အရှင်လက်လွတ် ပြန်မလွှတ်ရဘူး။"

"ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။ ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။"

"ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။ ကျီးရှင်းဂိုဏ်းကို ချေမှုန်းပစ်။”

စစ်သည်များသည် ပြိုင်ဘက်ကင်းမြို့ တစ်မြို့လုံး ပဲ့တင်ထပ်သွား

စေလောက်အောင် ကျယ်လောင်သော အသံကြီးဖြင့် အားကုန် အော်ဟစ်လိုက်ကြသည်။ သံမဏိဆန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါ လှိုင်းလုံးများ ရိုက်ခတ်၍ ကြားရသူတိုင်းအား ကျောချမ်းသွားစေသည်။

"မြင်းပေါ် တက်ကြ။"

ဖုန်းဝူချန် အမိန့်ပေးလိုက်သည်နှင့် စစ်သည်များသည် သူတို့၏ မြင်းများပေါ်သို့ တစ်ပြိုင်နက်တည်း ခုန်တက်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ ထက်ရှ၍ အလေ့အကျင့် ပြည့်ဝလှသည်။

ဖုန်းဝူချန်၏ ဦးဆောင်မှုဖြင့် စစ်သည် ရာပေါင်းများစွာသည် ပြိုင်ဘက်ကင်းမြို့မှ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားကြသည်။ သူတို့၏ သံခွာသံများ၏ လှုပ်ရှားတက်ကြွဖွယ် အသံသည် ပြိုင်ဘက်ကင်းမြို့အတွင်း၌ စုရုံးဟစ်ကြွေးသံတစ်ခုအဖြစ် ပဲ့တင်ထပ်နေလေသည်။

စစ်သည်တို့သည် အင်ပါယာ၏ အချွန်ထက်ဆုံး ဓားသွားများ၊ အင်ပါယာ၏ အစောင့်အရှောက် နတ်ဘုရားများ ဖြစ်ကြပေ၏။

ဤတာဝန်သည် မည်သို့ပင် ဖြစ်စေ ၊ ကျီးရှင်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန် ဖြစ်သည်။

All Chapters