အရှိန်အဟုန်မြင့်မားသော တိုးတက်မှု
Vol. 14 Ch. 203
~မျက်စိကျိန်းမတတ် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ၎င်း၏ အရှိန်အဝါမှာ ကြီးကျယ်ခမ်းနားပြီး ကြောက်ရွံ့လေးစားဖွယ် ကောင်းလှသည်။
ထိုရွှေရောင်အလင်းတန်းမှာ ဖုန်းဝူချန်မှလွဲ၍ အခြားမည်သူမျှ မဟုတ်ပေ။
ဖုန်းဝူချန် မြေပြင်ပေါ်သို့ သက်ဆင်းလာသည်နှင့် ထိန်လင်းနေသော ရွှေရောင်အလင်းတို့ ပျောက်ကွယ်သွားပြီး၊ အထွတ်အထိပ် နဂါးနတ်ဘုရား ဓားကိုလည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်တော့သည်။
"ဆရာ အောင်မြင်စွာ အဆင့် ချိုးဖြတ်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ် ခင်ဗျာ။" ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့က အလျင်အမြန်ပင် ရိုသေစွာ ဂုဏ်ပြုစကား ဆိုကြသည်။
သွမ့်ထျန်းဟွမ်သည် ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ပျော်ရွှင်စွာ ရယ်မောလိုက်၏။ "မင်းက ငါကိုယ်တော်ကို တကယ်ပဲ စိတ်ပျက်အောင် မလုပ်ခဲ့ဘူး ယန်ဟော်အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မင်းက တကယ် ထိုက်တန်ပါပေတယ်ကွာ။"
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလျက် တုံ့ပြန်လိုက်သည်။ "ဝူကျိ နက်ရှိုင်းချောက်က တကယ်ပဲ ကျင့်ကြံဖို့အတွက် ရတနာမြေတစ်ခုပါပဲ။ ကုန်ဆုံးနိုင်ဖွယ်မရှိတဲ့ ရှေးဟောင်း စွမ်းအားတွေနဲ့ ပြည့်နှက်နေတယ်။ ဒီလိုနေရာမျိုးက အင်ပါယာကို တည်ထောင်ခဲ့တဲ့ ဧကရာဇ်မင်းရဲ့ နက်ရှိုင်းပြီး ခန့်မှန်းရခက်တဲ့ ကျင့်ကြံမှုအဆင့်ကို ဖော်ပြနေတာပါပဲ။"
"ဒါပေါ့ဗျာ။" သွမ့်ထျန်းဟွမ်က ဂုဏ်ယူစွာ ဆိုလိုက်သည်။ "မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆို ငါကိုယ်တော်နဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်တဲ့အထိ အင်အားကြီးနေလောက်ပြီ ထင်တယ်၊ ဟုတ်လား။"
"အရှင်က စမ်းကြည့်ချင်လို့လား။" ဖုန်းဝူချန်က နောက်လိုက်သည်။
"တော်ပါပြီကွာ ငါ ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ ဖိနှိပ်မှု စွမ်းအားကို ကြုံဖူးပြီးသားမို့လို့ နောက်တစ်ခါ ထပ်မရင်ဆိုင်ချင်တော့ဘူး။" သွမ့်ထျန်းဟွမ်က ရယ်မောရင်း ဆိုလေသည်။
သွမ့်ထျန်းဟွမ်အနေနှင့် ရိုးရိုးသားသား ပြောရလျှင် ဖုန်းဝူချန်က ယွမ်တန်ဘုံ အဌမ အလွှာကို အဆင့် မချိုးဖြတ်ခင်တုန်းကတောင် သူ့ကို အနိုင်ယူနိုင်မည်ဟု အတပ်မပြောရဲပေ။
အထူးသဖြင့် ထိုကောင်လေးက ပိုင်ရှန်းကို သတ်နိုင်ခဲ့ပြီးသည့် နောက်မှာပေါ့။ ယခု သူက ယွမ်တန်ဘုံ အဌမ အလွှာအား အဆင့် ချိုးဖြတ်နိုင်ခဲ့ပြီဆိုတော့ သူသည် ပို၍ပင် မသေချာတော့ပါပေ။
ထိုအခါမှာပင် ယန်ထျန်းရှန်က ရှေ့သို့တိုး၍ ရိုသေစွာ လျှောက်တင်လိုက်သည်။ "ဆရာ စစ်သူကြီးလင်ဆီက သတင်းစကား ပို့လာပါတယ် ၊ ဖုန်းလေဂိုဏ်းက ဂိုဏ်းချုပ် ကျန်းထျန်းရန်က အကြီးအကဲ နှစ်ယောက်၊ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်နဲ့အတူ ဖုန်းစံအိမ်မှာ
ရက်ပေါင်းများစွာ အခုဆို စုစုပေါင်း ၂၃ ရက်တိတိ စောင့်ဆိုင်းနေပါ
တယ်တဲ့"
"ဖုန်းလေဂိုဏ်း။" ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်သည် အံ့အားသင့်သွားပြီး
"သူတို့က ဖုန်းစံအိမ်ကို ဘာကိစ္စနဲ့ ရောက်နေကြတာလဲဗျ။" ဟု မေးလိုက်သည်။
"ဟဲဟဲ…သူတို့က တောင်းပန်ဖို့နဲ့ သူတို့အမှားကို ဝန်ခံဖို့ လာကြတာ သိသာနေတာပဲ။" သွမ့်ထျန်းဟွမ်က အားရပါးရ ရယ်မောလိုက်သည်။
"အမှားကို ဝန်ခံတာလား။" ဖုန်းဝူချန်သည် အေးစက်စွာ ခနဲ့လိုက်သည်။
"သူတို့ တော်တော် ပါးနပ်သားပဲ။"
"ဖုန်းဝူချန်၊ ငါကိုယ်တော်မှာ တောင်းဆိုစရာတစ်ခု ရှိတယ် ၊မင်း သဘောတူမယ်လို့ မျှော်လင့်ပါတယ်။" သွမ့်ထျန်းဟွမ်က အလျင်အမြန် ထပ်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ပခုံးတွန့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
"ကျွန်တော် သိသားပဲ ၊ မင်းကြီး ကျွန်တော့်ကို ဝူကျိ နက်ရှိုင်းချောက်မှာ တစ်လ ကျင့်ကြံခွင့် ပေးကတည်းက ဒီလောက် လွယ်လွယ်နဲ့တော့ အလွတ်မပေးဘူးဆိုတာ။ ဘာပဲဖြစ်ဖြစ်ပါ ၊အရှင် တောင်းဆိုစရာရှိတာ ပွင့်ပွင့်လင်းလင်းသာ ပြောပါ။"
"အိမ်း၊ ဟုတ်ပြီကွာ။"
သွမ့်ထျန်းဟွမ်သည် အလွန် ပျော်ရွှင်သွားပြီး ချက်ချင်းပင် မျက်နှာကို လေးနက်တည်ကြည်သွားအောင် ပြင်လိုက်သည်။
"ငါ ဘုရင်ရဲ့ တောင်းဆိုမှုက ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ မင်းအနေနဲ့ ဝူချင်းကို လေ့ကျင့်ပေးစေချင်တယ်။ ကိုယ်တော်က ထီးနန်းကို ဝူချင်းဆီ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ကဏ္ဍတိုင်းမှာ သူက ဟွေ့ထျန်းထက် သာလွန်ပြီး အနာဂတ် ဧကရာဇ် ဖြစ်လာမှာပဲ။ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက နည်းနည်း အားနည်းနေသေးတော့ ငါ စိတ်မချဘူး ဖြစ်နေတယ်။"
"အရှင်က အိမ်ရှေ့စံမင်းသားကို လေ့ကျင့်ပေးဖို့ ကျွန်တော့်ကို ဒီလောက်တောင် ယုံကြည်တယ်လား။" ဖုန်းဝူချန်က အံ့အားသင့်စွာ မေးလိုက်သည်။
"တခြားသူတွေကိုတော့ ငါ ဒီလို မပြောရဲဘူး၊ ဒါပေမဲ့ မင်းကိုတော့ ငါ ယုံတယ်။" သွမ့်ထျန်းဟွမ်က အခိုင်အမာ ဆိုလေသည်။
သွမ့်ဝူချင်းဘက်သို့ လှည့်ကြည့်ရင်း ဖုန်းဝူချန်က ပြုံးလျက် မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား၊ ခင်ဗျားမှာ ကြီးမားတဲ့ ပါရမီ ရှိပြီးသားပဲ။ ယွမ်တန်ဘုံ သတ္တမ အလွှာကိုတောင် ရောက်နေပြီပဲ။ ခင်ဗျား တကယ်ပဲ သေချာ စဉ်းစားပြီးပြီလား။"
သွမ့်ဝူချင်းသည် ချက်ချင်းပင် တစ်ဖက်ဒူးထောက်လိုက်ပြီး "စစ်သူကြီးချုပ်ကို ကျွန်တော့်ကို လေ့ကျင့်ပေးဖို့ ကျိုးနွံစွာ တောင်းဆိုပါတယ်။ ဝူချင်း ဘယ်တော့မှ နောင်တရမှာ မဟုတ်သလို၊ မကျေမနပ်လည်း ဖြစ်မှာ မဟုတ်ပါဘူး။"
ထိုစဉ် ဖုန်းဝူချန်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အားကောင်းသော စွမ်းအားတစ်ခုက သွမ့်ဝူချင်း ဒူးထောက်မည့်အပြုအမူကို တားဆီးလိုက်ပြီး၊ ပြုံးလျက် ဆိုလိုက်သည်။
"မင်းကြီးက ကျွန်တော့်အပေါ် သံယောဇဉ် ရှိခဲ့ပါတယ်။ ပြီးတော့ အင်ပါယာကလည်း ဖုန်းမိသားစုအပေါ် ကျေးဇူး ရှိခဲ့တယ်။ ကျွန်တော်က ကျေးဇူးမသိတတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ယန်ဟော်အင်ပါယာရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်အတွက် အကျိုးပြုရမှာ ကျွန်တော့် တာဝန်ပါပဲ။"
"စစ်သူကြီးချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ်။" သွမ့်ဝူချင်းက သူ၏ ကျေးဇူးတင်စကားကို ဆိုလိုက်သည်။
"ကောင်းကင်ဘုံကနေ ငရဲပြည်ထဲ ပြုတ်ကျသွားသလို ခံစားရဖို့အတွက်သာ ကြို ပြင်ဆင်ထားလိုက်တော့ အခြေအနေက သိပ်တော့ ပျော်စရာ ကောင်းမှာ မဟုတ်ဘူး။" ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ဆိုလိုက်သည်။
နှလုံးသားထဲတွင် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သော သွမ့်ဝူချင်းက "ဝူချင်း ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။" ဟု တုံ့ပြန်လိုက်သည်။
"ဒီနေ့ကစပြီး မင်းက အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား မဟုတ်တော့ဘူး။ မင်းက ဟွမ်ယန်တို့လိုပဲ ငါ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်ပဲ။ ဒီအခြေအနေကို မင်း လက်ခံနိုင်မလား။" ဖုန်းဝူချန်က ပြုံးလျက် မေးလိုက်သည်။
"လက်ခံနိုင်ပါတယ် ခင်ဗျာ။" သွမ့်ဝူချင်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။ ဒါဆို ထျန်းကျိုးနယ်က ပြိုင်ဘက်ကင်းမြို့ကို ငါ့နောက် လိုက်ခဲ့တော့။" ဖုန်းဝူချန်က ခပ်ရေးရ ပြုံးလိုက်သည်။
သွမ့်ထျန်းဟွမ်နှင့် သူ၏ အဖွဲ့ကို နှုတ်ဆက်ပြီးနောက်၊ ဖုန်းဝူချန်သည် သွမ့်ဝူချင်းကို ဓားပျံဖြင့် အတူ ခေါ်ဆောင်ကာ ထျန်းကျိုးနယ်သို့ အလျင်အမြန် ပြန်လာခဲ့တော့သည်။
'ဝူချင်း အင်ပါယာရဲ့ အနာဂတ်က မင်းအပေါ်မှာ မူတည်နေပြီ။'
သွမ့်ထျန်းဟွမ်သည် အဝေးသို့ မှေးမှိန် ပျောက်ကွယ်သွားသော သွမ့်ဝူချင်း၏ ပုံရိပ်ကို ကြည့်ရင်း စိတ်ထဲမှ တွေးတောလိုက်သည်။
သူ၏ သားတော် ဝူချင်းအပေါ် မျှော်လင့်ချက်များမှာ အလွန် ကြီးမားလှပေသည်။
—--------
ဖုန်းဝူချန်၏ အရှိန်အဟုန်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ဧကရာဇ်မြို့တော်မှ ပညာရှင်များ သတိမထားမိလိုက်ခင်မှာပင်၊ သူသည် မျက်စိတစ်မှိတ်အတွင်း နန်းတော်ထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ကြောင့် သွမ့်ဝူချင်းမှာ တုန်လှုပ်ခြောက်ခြားကာ နောက်ကျောမှာ ချွေးများပင် စို့လာတော့သည်။
နာရီဝက်ပင် မပြည့်သော အချိန်အတွင်း၊ ဖုန်းဝူချန်သည် သွမ့်ဝူချင်းနှင့်အတူ ထျန်းကျိုးနယ်မှ ပြိုင်ဘက်ကင်းမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"စစ်သူကြီးချုပ် ပြန်လာပြီ။"
သူ၏ ရောက်ရှိလာမှုကို အာရုံခံမိလိုက်သည်နှင့် ကျန်းထျန်းရန်၏ မျက်နှာမှာ ဝင်းလက်သွားပြီး၊ ကောင်းကင်ယံသို့ ရုတ်တရက် မော့ကြည့်လိုက်သည်။
ကျန်းထျန်းရန်နှင့် အခြားသူများမှာ တုန်လှုပ်နေသလို ကြောက်ရွံ့လည်း နေကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ ထိတ်လန့်တကြား ဖြစ်နေကြ၏။ သူတို့သည် ဖုန်းစံအိမ်တွင် တစ်လနီးပါး စောင့်ဆိုင်းခဲ့ရပြီး ဖြစ်သော်လည်း၊ ဖုန်းဝူချန်က သူတို့ကို အလွတ်ပေးမည်၊ မပေးမည်ကို မသေချာခဲ့ပေ။
"အစ်ကိုကြီးဖုန်းပဲ။" လင်ရှောင်ရှောင်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် အခန်းထဲမှ အလျင်အမြန် ပြေးထွက်လာသည်။
"ဟေး…တတိယ သခင်လေး ပြန်လာပြီ။"
ပိုင်ယွင်ချီနှင့် ဖုန်းမိသားစု အစောင့်များလည်း စိတ်လှုပ်ရှားသော မျက်နှာများဖြင့် အပြေးအလွှား ထွက်လာကြသည်။
ဖုန်းဝူချန်နှင့် သွမ့်ဝူချင်းတို့သည် ဖုန်းမိသားစု ခြံဝင်းထဲသို့ သက်ဆင်းလာခဲ့သည်။
"ဖုန်းလေဂိုဏ်းက ကျန်းထျန်းရန်က စစ်သူကြီးချုပ်ကို ရိုသေစွာ ဂါရဝပြုပါတယ် ခင်ဗျာ။" ကျန်းထျန်းရန်သည် အလျင်အမြန် ဒူးထောက် အရိုအသေပေးလိုက်ပြီး၊ အကြီးအကဲများနှင့် ကာကွယ်စောင့်ရှောက်သူများကလည်း သူ့နောက်မှ လိုက်၍ ဒူးထောက်လိုက်ကြသည်။
ဖုန်းဝူချန်၏ ပိုမို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် သူတို့ အကြီးအကျယ် ထိတ်လန့်သွားကြပြီး၊ မရပ်မနား တုန်ယင်နေကြတော့သည်။
"တတိယ သခင်လေး။"
"အစ်ကိုကြီးဖုန်း။"
လင်ရှောင်ရှောင်သည် ဖုန်းဝူချန်ထံသို့ ပျော်ရွှင်စွာဖြင့် လက်နှစ်ဖက် ဆန့်တန်းကာ ပြေးလာခဲ့သည်။ တစ်လလုံးလုံး မတွေ့ခဲ့ရသဖြင့် သူမ သူ့ကို အလွန် လွမ်းဆွတ်နေခဲ့သည်။
"ယွမ်တန်ဘုံ အဌမ အလွှာ ဟုတ်လား။ ရှောင်ရှောင် မင်း တကယ် တော်တာပဲ။ ဒီတစ်လလုံး မင်း တော်တော် ပင်ပန်းသွားပြီပဲ နော်။" ဖုန်းဝူချန်သည် ကျန်းထျန်းရန်နှင့် သူ၏ အဖွဲ့ကို လုံးဝ လျစ်လျူရှုထားပြီး၊ လေထုသဖွယ် သဘောထားကာ ပြုံးလျက် ရှောင်ရှောင်အား ချီးကျူးလိုက်သည်။
လင်ရှောင်ရှောင်က ခေါင်းခါလိုက်ပြီး "မပင်ပန်းပါဘူး ရှင်။" ဟု ပြုံးလျက် ဆိုသည်။
ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါ သုံးဦးမှာ အလွန်အမင်း အရှက်ရသွားကြသည်။ သူတို့သည် ဒူးထောက်လျက်သားပင် မတ်တပ်ထရပ်ရန် မဝံ့ရဲကြဘဲ၊ ခေါင်းများကိုပင် မဖော်နိုင်ကြပေ။
"အယ်။ အိမ်ရှေ့စံမင်းသား။" လင်ရှောင်ရှောင်သည် သွမ့်ဝူချင်းကို ကြည့်ရင်း အံ့အားသင့်စွာ ဆိုလိုက်သည်။
“မိန်းကလေး ရှောင်ရှောင်”
သွမ့်ဝူချင်းက ယဉ်ကျေးစွာ ပြုံးလျက် တုံ့ပြန်လိုက်သည်။
"အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။" ပိုင်ယွင်ချီနှင့် အစောင့်များက ရိုသေစွာ အလေးပြုကြသည်။
"ငါတို့ နောက်ဘက် ခြံဝင်းထဲ သွားကြရအောင်။" ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ လက်ကို ဆွဲကိုင်လိုက်ပြီး၊ ကျန်းထျန်းရန်နှင့် အခြားသူများကို လုံးဝ လျစ်လျူရှုကာ နောက်ဘက် ခြံဝင်းဆီသို့ ဦးတည် ထွက်ခွာသွားသည်။
ကျယ်ဝန်းသော နောက်ဘက် ခြံဝင်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ဖုန်းဝူချန်သည် လင်ရှောင်ရှောင်၏ အခန်းထဲမှ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ဆင့်ခေါ်လိုက်သည်။ ၎င်းသည် ကောင်းကင်ယံသို့ တက်သွားပြီး ချက်ချင်းပင် ချဲ့ကားလာကာ၊ ပေ သုံးဆယ်ကျော်အထိ ကြီးမားလာပြီး ဖုန်းစံအိမ်တော်ကို မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေသည်။
ကိုးထပ် ချန်ခွန်း မျှော်စင်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသောအခါ၊ ရှေ့ခြံဝင်းမှ ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ ဖုန်းဝူချန်က သူတို့ကို သတ်တော့မည်ဟု ထင်မြင်သွားကြသည်။ သူတို့ ကြောက်လန့်လွန်းသဖြင့် ဝိညာဉ်များပင် လွင့်စဉ်သွားမတတ် တုန်လှုပ်သွားကြပြီး၊ သူတို့၏ မျက်နှာများတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်သွားသည်။
နောက်ဘက် ခြံဝင်းထဲတွင်၊ ကိုးထပ် ချန်ခွန်း မျှော်စင်သည် ပေ သုံးဆယ်မျှ ကြီးမားလာသည်နှင့်၊ မျှော်စင် အတွင်းမှ ပုံရိပ်များစွာ စတင် ထွက်ပေါ်လာကြသည်။
ရှောင်ချင်းချင်း၊ ဖုန်းချန်ယန်နှင့် အခြား ဖုန်းမိသားစုဝင် အဆင့်မြင့် ပုဂ္ဂိုလ်များ၊ ထို့အပြင် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ဝင်များနှင့် အလံနက်တပ်မတော်မှ စစ်သည် ရာပေါင်းများစွာတို့ ဖြစ်ကြသည်။
အားကောင်းသော အရှိန်အဝါများသည် ဖုန်းမိသားစု၏ နောက်ဘက် ခြံဝင်းထဲတွင် လွှမ်းခြုံသွားပြီး၊ အထူးသဖြင့် တုန်ခါနေသော၊ သံမဏိသွေးသားကဲ့သို့ အရှိန်အဝါမှာ ကြောက်ရွံ့လေးစားဖွယ် ခံစားမှုများဖြင့် ပြည့်နှက်နေ၏။
ချက်ချင်းပင်၊ ဖုန်းမိသားစု၏ နောက်ဘက် ခြံဝင်းမှာ လူများဖြင့် ပြည့်ကျပ်သွားတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း၊ သွမ့်ဝူချင်းသည် အလွန်အမင်း တုန်လှုပ်ကာ မှင်သက်နေခဲ့ပြီး ဖြစ်သည်။
ကိုးထပ် ချန်ခွန်း မျှော်စင်က လူပေါင်းများစွာကို သယ်ဆောင်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သွမ့်ဝူချင်းသည် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်။ အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။" ဟွမ်ယန်နှင့် လွမ်ရှန်းတို့ အပါအဝင် ထိပ်တန်း စစ်သည်များက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ရိုသေစွာ အော်ဟစ်လိုက်ကြသည်။
ရုတ်တရက် အော်ဟစ်လိုက်သံနှင့် သံမဏိလို ဖိနှိပ်မှု အရှိန်အဝါကြောင့် ကျန်းထျန်းရန်နှင့် သူ၏ အပေါင်းအပါများမှာ ညှိုးငယ်သွားကြပြီး၊ သူတို့၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မတတ်ပင်။
"ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ပါလား။ ဖုန်းဝူချန်က ငါတို့ ဖုန်းလေဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းမလို့လား။" အကြီးအကဲတစ်ဦးက သူ၏ မျက်နှာ စက္ကူဖြူကဲ့သို့ ဖြူဖျော့လျက် ကြောက်ရွံ့တကြား မေးလိုက်သည်။
ကျန်းထျန်းရန်သည် ဝိညာဉ်လွင့်နေသူတစ်ဦးကဲ့သို့ "ပြီးသွားပြီ" ဟုသာ ရေရွတ်လိုက်သည်။
နောက်ဘက် ခြံဝင်းထဲတွင်၊ ဟွမ်ယန်နှင့် လွမ်ရှန်းတို့ အပါအဝင် ထိပ်တန်း စစ်သည်များက တစ်ဖန် ထပ်မံ အော်ဟစ်လိုက်ကြသည်။ "ကျွန်တော်တို့ကို အကာအကွယ်ပေးခဲ့တဲ့အတွက် သခင်မလေး ရှောင်ရှောင်ကို ကျေးဇူးတင်ပါတယ်။"
လင်ရှောင်ရှောင်သည် သူတို့ အေးချမ်းစွာ ကျင့်ကြံနိုင်ရန်အတွက် တစ်လလုံးလုံး နေထိုင်ကာ အကာအကွယ် ပေးခဲ့သည်။ ဤအချက်က စစ်သည်များကို အလွန်အမင်း စိတ်လှုပ်ရှား ကြည်နူးသွားစေခဲ့သည်။
ဖုန်းမိသားစုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ စွမ်းအားမှာ တစ်ဖန် ထပ်မံ မြင့်တက်လာခဲ့ပြန်ပြီ။ ဖုန်းချန်ယန်သည် ယွမ်တန်ဘုံ စတုတ္ထအလွှာသို့ ခြေချနိုင်ခဲ့ပြီး၊ ရှောင်ချင်းချင်းမှာမူ ဖုန်းကျိန့်ရှုံးကို အမီလိုက်နိုင်ကာ ယွမ်တန်ဘုံ ပဉ္စမ အလွှာသို့ပင် အဆင့် ချိုးဖြတ်နိုင်ခဲ့သည်။
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သည် ယွမ်တန်ဘုံ ပဉ္စမ အလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။ နတ်ဘုရား စုံတွဲများ၏ အမွေအနှစ်နှင့် ကောင်းကင်နှင့်မြေကြီး ရတနာများကို ရရှိထားသဖြင့်၊ သူတို့၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာ ဒုံးပျံကဲ့သို့ပင် မြန်ဆန်လှ၏။
ချီဟွမ်မှာမူ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ယွမ်တန်ဘုံ သတ္တမ အလွှာသို့ ခြေချနိုင်ခဲ့သည်။ တစ်ချိန်က ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ဝင် တစ်ဦးသည် ယခုအခါ အင်ပါယာ၏ အိမ်ရှေ့စံမင်းသား၏ ကျင့်ကြံမှုအဆင့်ကိုပင် အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဟွမ်ယန်နှင့် လွမ်ရှန်းတို့သည် ယွမ်တန်ဘုံ ပဉ္စမ အလွှာသို့ အဆင့် ချိုးဖြတ်နိုင်ခဲ့ကြ၏။ ပါရမီမြင့်မားသော လိန်မူချန်မှာမူ တစ်လတာ ကျင့်ကြံပြီးနောက် ယွမ်တန်ဘုံ စတုတ္ထအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ကာ ပဉ္စမ အလွှာသို့ ခြေတစ်လှမ်းတောင် လှမ်းဝင်နေခဲ့ပြီ ဖြစ်သည်။
"ခင်ဗျားတို့အားလုံး အဆင့် ချိုးဖြတ်နိုင်ခဲ့ကြပြီပဲ။ တော်ကြပါတယ်။" ဖုန်းဝူချန်သည် အားလုံး၏ ကျင့်ကြံမှု တိုးတက်လာမှုအပေါ် အလွန် ကျေနပ်လျက် တောက်ပစွာ ပြုံးရင်း ဆိုလိုက်သည်။
ဖုန်းမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး အလွန်အမင်း ဝမ်းမြောက်နေကြသည်။
"အကြီးအကဲ၊ ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအားက စတုတ္ထအလွှာ ဆေးပညာရှင်အဆင့်ကို အဆင့် ချိုးဖြတ်ဖို့ နီးစပ်နေပြီပဲ။" ဖုန်းဝူချန်က ဖုန်းချန်ယန်အား ပြုံးလျက် ဆိုလိုက်သည်။
ဖုန်းချန်ယန်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။ "အဘိုးသာ ဆေးပညာရှင်အဖြစ် အချိန်တွေ အများကြီး မကုန်ဆုံးခဲ့ဘူးဆိုရင်၊ အဘိုး ယွမ်တန်ဘုံ ပဉ္စမ အလွှာကို သေချာပေါက် အဆင့် ချိုးဖြတ်နိုင်ခဲ့မှာ။"
"အစ်ကိုဖုန်း၊ ကျွန်တော်နဲ့ ချင်းချင်းက ယွမ်တန်ဘုံ ဆဌမ အလွှာကို အဆင့် ချိုးဖြတ်ဖို့ နီးနေပြီဆိုတာ အစ်ကိုဖုန်း သတိမထားမိဘူးလား။" လျိုချင်းယန်က မျက်စောင်းတစ်ချက် ပစ်သွင်းရင်း တုံ့ပြန်လိုက်သည်။
"စစ်သူကြီးချုပ်၊ ဒီ လျိုချင်းယန်က ကျွန်တော့်ထက်တောင် ကျင့်ကြံတာ ပိုမြန်နေတယ်။ သူ ဘာတွေ စားထားမှန်းတောင် မသိဘူးဗျာ" လိန်မူချန်က အားကျမခံဘဲ ဆိုလိုက်သည်။
ဟွမ်ယန်ကလည်း ရိုသေစွာ ဆိုလေသည်။
"ကျွန်တော်တို့ ဒီနေ့ ဒီလို ကျင့်ကြံမှုအဆင့် ရောက်လာတာအားလုံး စစ်သူကြီးချုပ်ရဲ့ သင်ကြားပြသမှုကြောင့်ပါ။" "ချီဟွမ်ရဲ့ ကျင့်ကြံမှုက ငါ့ကိုတောင် မီလာပြီလား။" သွမ့်ဝူချင်းသည် တုန်လှုပ်မှုမှ အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး၊ သူ၏ မျက်နှာမှာ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သွမ့်ဝူချင်းသည် တစ်ချိန်က အင်ပါယာ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့ပြီး၊ ကြီးမားလှသော အင်ပါယာတစ်ခုလုံး၏ ထောက်ပံ့မှု ရှိခဲ့၍သာ သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ချီဟွမ်၏ ပါရမီမှာ ပဉ္စမ အဆင့် သိုင်းဝိညာဉ်ထက် မပိုခဲ့ပေ။ သို့သော် ယခု သူသည် သွမ့်ဝူချင်းကို အမီလိုက်နိုင်ခဲ့ပြီ။ ချီဟွမ်၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
ဖုန်းဝူချန်၏ သင်ကြားပြသမှုအောက်တွင်၊ ထိပ်တန်း တပ်ဖွဲ့နှစ်ခု၏ ကျင့်ကြံမှုအဆင့်များမှာ ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး၊ သူတို့၏ စွမ်းအား တိုးတက်လာမှု အရှိန်အဟုန်မှာ သွမ့်ဝူချင်း စိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်နေခဲ့သည်။
"ချန်အာ၊ အိမ်ရှေ့စံက သားနဲ့အတူ ဘယ်လိုလုပ် ပြန်ပါလာတာလဲ။" ရှောင်ချင်းချင်းက မေးလိုက်သည်။
ဖုန်းဝူချန် မဖြေမီမှာပင်၊ သွမ့်ဝူချင်းက အလျင်အမြန် ပြုံးလျက် ဆိုလိုက်သည်။ "ဒေါ်ဒေါ်ရှောင်၊ ကျွန်တော် အခု အိမ်ရှေ့စံမင်းသား မဟုတ်တော့ပါဘူး။ အခု ကျွန်တော် စစ်သူကြီးချုပ်နောက်ကို လိုက်ပြီး ကျင့်ကြံတော့မှာပါ၊ အနာဂတ်မှာလည်း ကျွန်တော်က စစ်သည်တော်တွေလိုပါပဲ။ ကျွန်တော့်ကို ဝူချင်းလို့ ခေါ်ရင် ရပါပြီ။"
သွမ့်ဝူချင်းသည် အလွန် ယဉ်ကျေးပြီး မင်းသားတစ်ပါး၏ မောက်မာမှု တစ်စိုးတစ်စိမျှ မပြပေ။ စစ်တပ်ထဲတွင် နေထိုင်ခဲ့သော နှစ်များက သူ၏ မရင့်ကျက်မှုများကို တိုက်စားသွားခဲ့သည်မှာ ထင်ရှားလှသည်။
သွမ့်ဝူချင်းက အလွန် တည်ငြိမ်လှသဖြင့်၊ သွမ့်ထျန်းဟွမ်က သူ့အား ထီးနန်း လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
"အိမ်ရှေ့စံမင်းသားက ကျွန်တော်တို့နဲ့အတူ ကျင့်ကြံတော့မှာ ဟုတ်လား။" စစ်သည်များသည် သွမ့်ဝူချင်းကို ကြည့်ရင်း မယုံနိုင်လောက်အောင် တုန်လှုပ်သွားကြသည်။
"ဟုတ်ပါတယ်၊ ဒီနေ့ကစပြီး ကျွန်တော့်ကို ဝူချင်းလို့ပဲ ခေါ်ပါ။" သွမ့်ဝူချင်းက ပြုံးလျက် ဆိုသည်။
"အိမ်ရှေ့စံမင်းသား၊ ခင်ဗျား ကြိုတင် ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်။ စစ်သူကြီးချုပ်ရဲ့ နည်းလမ်းတွေက ကြောက်ဖို့ကောင်းလွန်းတယ် နော်။" လွမ်ရှန်းက သွမ့်ဝူချင်းအတွက် အမှန်တကယ် စိုးရိမ်တကြီး ဆိုလိုက်သည်။
သွမ့်ဝူချင်းကမူ မကြောက်မရွံ့ဘဲ ပြုံးလျက် တုံ့ပြန်လိုက်သည်။ "စစ်သူကြီးချုပ်ရဲ့ နည်းလမ်းတွေအကြောင်း ကျွန်တော် ကြားဖူးပါတယ်။ ရိုးရိုးသားသား ပြောရရင်၊ ကျွန်တော်လည်း ခန္ဓာကိုယ်ကို သွေးတိုးစမ်းခိုင်းပြီးတော့ အထွတ်အထိပ် ခန္ဓာကျင့်စဉ်ကို ကျင့်ကြံချင်နေတာပါ။"
"အိမ်ရှေ့စံမင်းသား၊ ခင်ဗျားသာ ကျွန်တော်တို့နဲ့ တကယ် လေ့ကျင့်မယ်ဆိုရင်တော့ ခင်ဗျား အတော်လေး ခံရတော့မှာပဲ။"
"အိမ်ရှေ့စံမင်းသားက ကြားရုံပဲ ကြားဖူးတာ တကယ် မသိသေးဘူး။ ခင်ဗျားသာ ကျွန်တော်တို့နဲ့ လာကျင့်ရင် အနည်းဆုံး ရက်ပေါင်း ရာနဲ့ချီပြီး အရိုက်ခံရမှာဗျ"
"အယ်၊ ခင်ဗျားက ကျွန်တော်တို့ထက် ပိုဆိုးဦးမှာ။ ကျွန်တော်တို့က အယောက် လေးရာကျော်တောင် ရှိတာ ခင်ဗျား ရက်ပေါင်း လေးရာကျော်လုံးလုံး တိုက်ခိုက်နေရမှာပဲ။"
ထိုအကြောင်းကို တွေးကြည့်ရုံမျှဖြင့် စစ်သည်များမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ချွေးများပင် စို့လာကြတော့သည်။