← Chapters

ဇာမဏီငှက်ဂိုဏ်းကို လာရောက်လည်ပတ်တာပါ ခင်ဗျ

Vol. 11(A) Ch. 142

ဇာမဏီငှက်ဂိုဏ်းကို လာရောက်လည်ပတ်တာပါ ခင်ဗျ

Vol. 11(A) Ch. 142

ပိုင်ဟွာပြည်နယ်၏ နန်လင် စီရင်စုတွင် ဧရာမသစ်ပင်ကြီး တစ်ပင်ရှိသည်။ ထိုသစ်ပင်ကြီးသည် လေထုအတွင်းသို့ ကီလိုမီတာများစွာ ထိုးထွက်လျက်ရှိပြီး ပင်စည်လုံးပတ်မှာ ကီလိုမီတာ အနည်းငယ်ခန့် ရှိပေသည်။

ထိုသစ်ပင်၏ထိပ်တွင် ခမ်းနားထည်ဝါသည့် အဆောက်အဦများ အဆောက်အအုံများ ရှိလေသည်။ အကြည့်တစ်ချက်နှင့်ပင် ထိုနေရာသည် လှပကာ အံ့ဩဖွယ်ကောင်းလှသည်။ ထိုနေရာသည် ကျော်ကြားလှသည့် ဇာမဏီငှက်ဂိုဏ်း၏ တည်နေရာ ဖြစ်ပေသည်။

“ဝိုး.. ဒီသစ်ပင်က ကြီးလိုက်တာ”

ထိုသစ်ပင်အား မြင်သည့်အခါတွင် အန်လင်းသည် အလွန်အံ့အားသင့်သဖြင့် အာမေဋိတ် ပြုမိသည်။

သူတို့သည် ကောင်းကင်နှင့် နေလုံးအား ပိတ်ကွယ်ထားသည့် သစ်ပင်ကြီးထံသို့ ဦးတည်ပျံသန်းနေကြခြင်း ဖြစ်သည်။ သစ်ပင်၏ ထိပ်တွင် ခမ်းနားထည်ဝါသည့် အဆောက်အဦများစွာ ရှိနေပြီး ယင်းတို့သည် တောက်ပသည့် နေရောင်အောက်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် ရွှန်းရွှန်းစိုလျက် ရှိသည်။

“ဟွန့် အဲဒီအဆောက်အဦတွေက အရမ်းစိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ သူတို့က ဖိုးဖိုးသစ်ပင်ကို နေရောင်ခြည်စွမ်းအင် စုပ်ယူတာကနေ တားဆီးနေတာပဲ” ရှောင်းဟုန်သည် အန်လင်း၏ အိတ်ကပ်အတွင်းမှ ခေါင်းပြူထွက်လာပြီးနောက် မကျေမနပ်ဖြင့် ပြောလေသည်။

သစ်ပင်များသည် လူသားများနှင့် ကွဲပြားစွာ တွေးခေါ်ကြလေသည်။

အန်လင်းသည် ဧရာမ သစ်ပင်ကြီးအား ကြည့်လိုက်သည်။ စွမ်းအင်အပြည့်နှင့် အခက်အလက် ဝေဝေဆာဆာ ရှိနေဆဲ ဖြစ်သည်။

ဇာမဏီငှက်ဂိုဏ်းက ဒီသစ်ပင်ရဲ့ထိပ်မှာ ဆော့ကစားနေတာ နှစ်ပေါင်း သောင်းချီရှိနေပြီ။ ခဏလေး မဟုတ်သေးဘူး။ သူတို့တွေက မီးနဲ့ ဆော့ကစားနေတာ နှစ်သောင်းချီ ရှီနေပြီ...

အန်လင်းသည် ခေါင်းခါလိုက်ပြီးနောက် ထိုကိစ္စအား သူ၏စိတ်အတွင်းမှ ထုတ်လိုက်သည်။ တပိုင်အား စီးနင်းကာဖြင့် ဆက်လက်ပျံသန်းလိုက်လေသည်။

သူတို့သည် ဇာမဏီမျှော်စင်နှစ်ခုရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ထိုမျှော်စင် နှစ်ခု၏ကြားတွင် ဇာမဏီမီးလျှံတစ်ခုပုံ ရှိနေသည်။

“ဟိတ် မင်းတို့ ဘာလာလုပ်တာလဲ”

အနီရောင် တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် အစောင့်သည် သူတို့၏လမ်းအား တားဆီးလိုက်သည်။

အန်လင်းပြောကာနီးမှာပင် တပိုင်သည် တံဆိပ်တစ်ခုအား ထုတ်ယူလိုက်သည်။

ထိုတံဆိပ်အား မြင်လိုက်သည့်အခါတွင် အစောင့်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုပင် ဒူးတစ်ဖက်ထောက်လိုက်ပြီးနောက် လက်သီးများအား ယှက်သန်းကာဖြင့် “သခင်လေးကို ရိုသေစွာဖြင့် ကြိုဆိုပါတယ်”

တပိုင်သည် ခေါင်းညိတ်လိုက်ပြီးနောက် အန်လင်းအား သူနှင့်အပါခေါ်ကာ ယုံကြည်မှု ရှိစွာဖြင့် အထဲသို့ ဝင်လိုက်သည်။

“လခွမ်း မင်းက ဘယ်တုန်းက ဇာမဏီငှက်ဂိုဏ်းရဲ့ သခင်လေး ဖြစ်သွားတာတုန်း တပိုင်ရေ..” အန်လင်းသည် တပိုင်၏ ခေါင်းအား ဖွကာဖြင့် အံ့ဩတကြီး ရေရွတ်လေသည်။

“ငါ ငယ်ငယ်တုန်းက အဖေနဲ့အတူ ဒီကို တစ်ကြိမ်ရောက်ဖူးတယ်” တပိုင်သည် ဂုဏ်ယူစွာဖြင့် ပြောသည်။

“အကြီးအကဲ ကျူ ဆိုလာ ဘာလားမသိ ခေါ်တဲ့သူက ငါ့ကို ဒီတံဆိပ် ပေးခဲ့တာ။ ဒီတံဆိပ်ပြားက ငါကြိုက်သလို ဝင်ထွက်သွားလာခွင့် ရှိတယ်လို့ ပြောတာပဲ။ အခုလိုမျိုး အသုံးဝင်လာမယ်လို့ ဘယ်သူက ထင်မှာလဲ”

အန်လင်းသည် ရုတ်တရက် နားလည်လိုက်ပြီ ဖြစ်သည်။ ဒဏ္ဍာရီသားရဲဂိုဏ်းနှင့် ဇာမဏီငှက်ဂိုဏ်းတို့သည် ဂိုဏ်းကြီး  ၄ ဂိုဏ်းအဖြစ် ထင်ရှားကျော်ကြားသည်။ ထို့ကြောင့် ဂိုဏ်းအချင်းချင်း အပြန်အလှန် ဆက်သွယ်မှုတချို့ ရှိကြခြင်းမှာ သာမန်သာလျှင် ဖြစ်သည်။

ထို့နောက်တွင် သူတို့သည် ဇာမဏီငှက်ဂိုဏ်းအား လှည့်လည် ကြည့်ရှုကြတော့သည်။

“အကိုကြီး အန်.. တစ်ခုခုကို သတိထားမိသလား” တပိုင်သည် ဘဝင်မြင့်သည့် လေသံဖြင့် ပြောသည်။ “လူတွေအများကြီးက ငါတို့ လမ်းလျှောက်တာကို ကြည့််နေကြတယ်လေ”

“ငါက အရမ်းခန့်ညားနေလို့ ဒါမှမဟုတ် မင်းက အရမ်းကို ကြီးကျယ်နေလို့ အဲလိုဖြစ်ရတာလို့ ထင်နေတာလား” အန်လင်းသည် သူ၏မေးအား ပွတ်ကာဖြင့် တွေးတွေးဆဆ ပြောသည်။

“နှစ်ခုလုံးကြောင့်ပြ နေမယ်” တပိုင်သည် ဂုဏ်ယူစွာဖြင့် သူ၏ခေါင်းအား အနည်းငယ် စောင်းလိုက်ပြီးနောက် ဆွဲဆောင်မှု ရှိသည်ဟု ထင်မိသော (ကောက်ကျစ်ဟန်ရှိသည့်) အပြုံးတစ်ခုအား မျက်နှာတွင် ချိတ်ဆွဲကာဖြင့် ဇာမဏီဂိုဏ်း၏ တပည့်ဂိုဏ်းသားများအား ကြည့်လိုက်သည်။

ထိုအချိန်တွင် အခြားဂိုဏ်သား ၂ ဦး လျှောက်လှမ်းလာသည်။

တပိုင်၏ အပြုံးအား မြင်သည့်အခါတွင် သူတို့သည် ရှုံ့မဲ့သွားပြီးနောက် ခပ်သွက်သွက် ရှောင်ဖယ်သွားကြသည်။

“အဲဒီလူက ဘယ်ကလာတာလဲ” ဂိုဏ်းသားတစ်ဦးသည် လေသံဖြင့် မေးလိုက်သည်။ “သူက ထူးဆန်းတဲ့ ခွေးပေါ်မှာ ထိုင်နေတာ အရမ်းကို ရယ်ရတာပဲ”

အခြားဂိုဏ်းသားတစ်ဦးသည် ခေါင်းယမ်းလိုက်ပြီးနောက် သူ၏ ရယ်သံကို ချုပ်ထိန်းကာဖြင့် “အဲဒါက ရယ်ရတယ်လို့ မင်းထင်နေတာလား။ သူ့ပုခုံးပေါ်မှာရှိတဲ့ မျောက်လေးကို မင်းမမြင်လိုက်ဘူးလား။ အဲဒီမျောက်ကမှ တကယ်ရယ်ရတာကွ..”

နေနတ်ဘုရားစင်မြင့်သည် ဂိုဏ်း၏ တားမြစ်ထားသည့် နယ်ပယ်တစ်ခု ဖြစ်သည်။ ထိုနေရာတွင် အစိမ်းဖျော့ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ၏ မျက်လုံးများကို ပိတ်ကာဖြင့် စင်မြင့်ထိပ်တွင် တရားထိုင်နေခြင်း ဖြစ်သည်။

သူမ၏ သွယ်လျသည့် လက်ချောင်းအား ဆန့်ထုတ်လိုက်ပြီးနောက် လေထုအလယ်တွင် ရပ်တန့်လျက်ရှိနေသည့် မီးတောက် စိတ်ဝိညာဉ်ပုတီးစေ့အား ညင်သာစွာ ထိတွေ့လိုက်သည်။ အလွန်သန့်စင်သည့် စွမ်းအင်များသည် သူမ၏ လက်ချောင်းမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး သူမကိုယ်အတွင်း၌ ပေါင်းစပ်ပြောင်းလဲခြင်းများ ပြုလုပ်နေလေသည်။

“ဟဟ ရှောင်လန်ရေ ငါဒီကို လျှောက်လာတုန်း ငကြောင်တစ်ကောင်ကို မြင်ခဲ့ရတယ်။ အာ မဟုတ်ဘူး။ ငကြောင် နှစ်ကောင်” ကန့်သတ်နယ်မြေ အတွင်း၌ ရုတ်တရက်ဆိုသလို နူးညံ့သာယာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

လှပသည့် မိန်းမပျိုလေးတစ်ဦးသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်လျက်ဖြင့် ပေါ့ပါးစွာ ပြေးလာသည်။

ကန့်သတ်နယ်မြေအတွင်း တရားထိုင်နေသည့် အမျိုးသမီးမှာ စုရှောင်လန်မှလွဲ အခြားမရှိချေ။ ထိုအသံကို ကြားလိုက်သည့်အခါတွင် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ “အမ လန်ရန်ရေ.. အမရဲ့ ပုံရိပ်ကို ထိန်းပါဦး။ အခုလိုမျိုး အော်ဟစ်ဆူညံနေတာကို အကြီးအကဲ တစ်ယောက်ယောက်သာ မြင်သွားမယ်ဆိုရင် အမကို ထပ်ပြီးတော့ ပိတ်လှောင်ထားကြလိမ့်မယ်”

စုရှောင်လန်၏ စကားကို ကြားလိုက်သည့်အခါတွင် လန်ရန်၏ မျက်နှာမှာ ရှက်သွေးဖြာသွားသည်။ သို့သော်လည်း သူမသည် စိတ်အားထက်သန်စွာဖြင့် ရှိနေဆဲဖြစ်ကာ “ငါဘာကို မြင်လာတယ်ဆိုတာ ခန့်မှန်းကြည့်”

“အမက ငကြောင် ၂ ကောင်ကို မြင်ခဲ့ရတယ်ဆို” စုရှောင်လန် လက်ဖျောက်တီးလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ အဲဒီ ငကြောင် ၂ ကောင်က တကယ်ကို ရယ်ရတာ။ ဟားဟားဟားဟား”

လန်ရန်သည် သူမ၏ လက်များကို ဝမ်းဗိုက်တွင် အုပ်လျက် ရယ်မောနေလေသည်။

စုရှောင်လန်သည် သူမ၏ မျက်လုံးများကို တစ်ပတ်လှည့်လိုက်သည်။ အမ လန်ရန်သည် အားသားချက်နည်းတူ အားနည်းချက်လည်း ရှိသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမသည် သေးငယ်သည့်အရာများကိုပင် သဘောကျ နှစ်ခြိုက်ကာဖြင့် ရယ်မောလေ့ရှိသည်။ ယခင်က သူမသည် ပက်လက်လန်နေသည့် လိပ်တစ်ကောင်အား မြင်သည့်အခါတွင် နေ့တစ်ဝက်ခန့် ရယ်မောနေခဲ့ဖူးသည်။

ထို့ကြောင့် စုရှောင်လန်သည် လန်ရန်ပြောသည့် ငကြောင် ၂ ကောင်အား အမှန်တကယ် စိတ်ဝင်စားခြင်း မရှိပေ။ သူမ ရယ်မောရခြင်းမှာ ဂိုဏ်းသားအချို့ မြေပြင်တွင် ခလုပ်တိုက်ခြင်းမျှသာ ဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် မီးမန္တန်များအား လေ့ကျင့်နေစဉ် ကိုယ်ကိုယ်ကိုယ် ပြန်လည်လောင်ကျွမ်းစေမိသော ဂိုဏ်းသားများကြောင့် ဖြစ်ပေလိမ့်မည်။ ထိုသို့သော အရာများသာလျှင် ဖြစ်လိမ့်မည်။

လန်ရန်သည် စုရှောင်လန်၏ ပုခုံးကို ပုတ်လိုက်ပြီးနောက် ခေတ္တမျှ အရယ်ရပ်လိုက်သည်။  အသက်ရှူပြီးသည့်နောက်တွင် သူမသည် စိတ်ပါလက်ပါဖြင့် ပြောလာသည်။ “လူတစ်ယောက်က ခွေးဖြူကြီးတစ်ကောင်ကို စီးပြီး ငါတို့ဂိုဏ်းကို လှည့်ပတ်နေတာ။ သူတို့ရဲ့ ဟိတ်ဟန်များပြီး ကြွားလုံးထုတ်နေတဲ့ပုံကို နင်မမြင်လိုက်လို့ပေါ့။ နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးတဲ့နောက်မှာ ခွေးတစ်ကောင်ကို စီးနင်းတာမျိုး အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲဟေ့။ ဟားဟားဟားဟား”

စုရှောင်လန်သည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး “ဝက်စီးလာတဲ့သူကို မြင်ရင်လည်း သေတဲ့အထိ ရယ်နေမိမှာပဲ မဟုတ်လား။ တကယ်ပါပဲ”

ထို့နောက်တွင် ‘ခွေးစီးလာခြင်း’ ဟူသည့် စကားလုံးသည် သူမ၏စိတ်ထဲ ဝေ့ဝဲနေလေသည်။

စုရှောင်လန်၏ မျက်နှာတွင် စူးစမ်းလိုမှုများ ပေါ်လာပြီး “အမလန်ရန် အဲဒီ ငကြောင် ၂ ကောင်က ဘယ်လိုပုံစံမျိုးလဲ”

“ဟမ်.. လူကတော့ အတော်လေး ခန့်ညားချောမောတယ်။ ခွေးကတော့ သူ့ရဲ့အမွေးက ဖြူဆွတ်ပြီး အရမ်းကို သဘောကျစရာကောင်းလွန်းတယ်။ အိုး ဟုတ်သားပဲ။ အဲဒီလူရဲ့ ပုခုံးပေါ်မှာ မျောက်ရုပ်ဆိုးလေးတစ်ကောင်လည်း ရှိနေသေးတယ်။ အရမ်းကို ရယ်ရတာပဲ။ ဟားဟားဟား”

သူမသည် ရယ်ရွှင်ဖွယ်ရာ မြင်ကွင်းကို ပြန်လည်သတိရမိသည်ကြောင့် နောက်တစ်ကြိမ် တပ်မံရယ်မောလာပြန်သည်။

အမွေးဖြူခွေး.. မျောက်ရုပ်ဆိုး..

သူနဲ့ အတော်တူတာပဲ..

စုရှောင်လန်သည် တက်ကြွလာပြီးနောက် လန်ရန်၏လက်အား ဆွဲလိုက်သည်။ “သွားကြစို့။ သူတို့ကို သွားကြည့်ဖို့ ခေါ်သွားပေး”

လန်ရန်သည် အနည်းငယ် အံ့ဩသွားမိသည်။ “ဟမ်.. နင်က အဲလိုအရာတွေကို စိတ်မဝင်စားဘူး မဟုတ်လား။ ဘာလို့ ဒီနေ့ အရမ်းကို တက်ကြွနေရတာလဲ။ ဘာပဲဖြစ်ဖြစ်လေ ငါလည်းပဲ နောက်တစ်ခေါက် ထပ်သွားကြည့်မလို့ပဲ။ သွားကြစို့”

ဇာမဏီငှက်ဂိုဏ်း၏ လေ့ကျင့်ရေးကွင်းအတွင်း၌ ဧရာမကျောက်နီပြားချပ် တစ်ခု ရှိသည်။

တပိုင်၏ နောက်ကျောပေါ်တွင် ထိုင်နေလျက်နှင့် အန်လင်းသည် လေ့ကျင့်ရေးကွင်းအား ဖြည်းညှင်းစွာ လှည့်ပတ်ကြည့်ရှူနေလေသည်။

“ဝှီး.. ဒီနေရာက အရမ်းပူတာပဲ။ လေအေးပေးစက်လေးဘာလေး မရှိကြဘူးလား မသိဘူး”

လေ့ကျင့်ရေးကွင်းသို့ အန်လင်းဝင်ရောက်လိုက်သည်နှင့် လေပူများဖြင့် ပြည့်လျှံနေသည်ကို ခံစားလိုက်ရသည်။

“မီးတောက်ပေါက်ကွဲ နည်းစနစ်”

အမျိုးသား ဂိုဏ်းသားတစ်ဦးသည် ထိုသို့ အော်ဟစ်လိုက်ပြီးနောက် သူ၏ လက်ဖဝါးမှ ကြီးမားသည့် မီးလုံးတစ်ခု ထွက်ပေါ်လာပြီး ထိုမီးလုံးအား ကွင်းပြင်အတွင်းရှိ ကျောက်နီပြားသို့ ပစ်လွှတ်လိုက်သည်။

ဘုန်း

မီးလုံး ပေါက်ကွဲထွက်သွားပြီး ကျောက်နီပြားပေါ်တွင် အဝါ ‘၃၆၆’၊ အနီ ‘၂၁၀’ ဟု ပေါ်လာသည်။

“ဝိုး.. ဒါက ကိန်းဂဏန်းတွေပါ ရေတွက်ပေးတာလား” အန်လင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။

လေ့ကျင့်ရင်းကွင်းထဲရှိ ဂိုဏ်းသားတစ်ဦးနှင့် စကားပြောဆိုပြီးသည့်အခါတွင် ထိုကိန်းဂဏန်းများ၏ အဓိပ္ပါယ်ကို သိရှိလိုက်ရပြီ ဖြစ်သည်။ အနီရောင်ကိန်းဂဏန်းသည် မန္တန်၏ စွမ်းအားကို ဖော်ပြပြီး အဝါရောင်ကိန်းဂဏန်းသည် မန္တန်အတွင်း၌ ပါဝင်သည့် မီးတောက်၏ သန့်စင်မှုကို ဖော်ပြသည်။

ဇာမဏီငှက်ဂိုဏ်း၏ ဂိုဏ်းသားများစွာတို့သည် သူတို့၏ အင်မော်တယ်မန္တန်များအား ဤနေရာတွင် လေ့ကျင့်ကြခြင်း ဖြစ်သည်။ များပြားလှစွာသော မီးအင်မော်တယ်မန္တန်များသည် လေထုအား လျင်မြန်စွာ ဖြတ်သန်းသွားကြပြီး ကျောက်နီပြားပေါ်တွင် ပေါက်ကွဲကြလေသည်။

မီးတောက်များသည် အဘက်ဘက်သို့ ရောက်ရှိသွားပြီး နေရာများစွာသည် မီးတဟုန်းဟုန်း တောက်လောင်လျက်ရှီသည်။ သို့သော်လည်း ဂိုဏ်းသားများသည် ပိုမိုအင်အား စိုက်ထုတ်ကာ လေ့ကျင့်နေကြမြဲ ဖြစ်သည်။

အထူးသဖြင့် ဂိုဏ်းသားများသည် အနီရောင်ကိန်းဂဏန်း တိုးလာသည်ကို မြင်သည့်အခါတွင် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ကြလေသည်။ ဉပမာအားဖြင့် ‘၂၁၅’ မှ ‘၂၁၆’ သို့ တိုးသွားခြင်း။

“ဇာမဏီငှက်ဂိုဏ်းက အတော်လေး စဉ်းစားထားပုံရတယ်။ ဒီလိုနည်းနဲ့ ဂိုဏ်းသားတွေကို အားတက်စေပြီး သူတို့ရဲ့ အင်မော်တယ်မန္တန်တွေကို လေ့ကျင့်တဲ့အခါမှာ ပိုမိုတိုးတက်ပြီး တက်ကြွလာစေနိုင်တယ်” အန်လင်းသည် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ကျောက်နီပြားထံသို့ စိတ်ဝင်တစားဖြင့် လျှောက်လှမ်းသွားလေသည်။

“မီးလျှံလက်ဝါး” အန်လင်းသည် ကျောင်းတော်တွင် သင်ကြားခဲ့ရသည့် သာမန် မီးအင်မော်တယ်မန္တန်တစ်ခုအား အသုံးပြုလိုက်သည်။

ဘုန်း

ကျောက်နီပြား တုန်ခါသွားပြီးနောက် ကိန်းဂဏန်းနှစ်ခု ပေါ်လာသည်။ အနီ ‘၆၁၁’ နှင့် အဝါ ‘၁၉၀’ ဖြစ်သည်။

အန်လင်းသည် သက်ပြင်းအသာ ချလိုက်မိသည်။ သူ၏တိုက်ခိုက်စွမ်းအားသည် ယခုလေးတွင် လေ့ကျင့်သွားသော ဂိုဏ်းသားအသုံးပြုလိုက်သည့် မီးတောက်ပေါက်ကွဲနည်းစနစ်၏ နှစ်ဆ ဖြစ်သည်။ သို့သော်လည်း မီးတောက်များ၏ သန့်စင်မှုမှာ အလွန်ကွာခြားလွန်းလှသည်။

ထိုအခိုက်အတန့်တွင် ရှောင်ချိုးသည် သူ၏မူလအရွယ်အစားသို့ ပြောင်းလဲလိုက်ပြီး “ငါလည်း စမ်းကြည့်မယ်”

ထိုသို့ပြောရင်း သူ၏ ညာဘက်လက်မှနေ မဟူရာမီးတောက် ထွက်ပေါ်လာသည်။ ထိုမီးတောက်သည် အလွန်ပူလောင်ပုံ မရသော်လည်း သေခြင်းတရားနှင့် စိတ်အားငယ်မှုများ ပေးစွမ်းနေလေသည်။

ဝှစ်

ရှောင်ချိုးသည် သူ၏ မဟူရာမီးတောက်လုံးအား ကျောက်နီပြားထံသို့ ပို့လွှတ်လိုက်သည်။

ပြင်းထန်သည့် တုန်ခါမှုဖြစ်ပေါ်လာပြီးနောက် ကျောက်နီပြားတစ်ခုလုံးသည် စတင်တုန်ခါလာကာ အနီဖျော့ဖျော့အလင်းများ ထွက်ပေါ်လာသည်။

ကိန်းဂဏန်းနှစ်ခု တဖြည်းဖြည်းချင်း ပေါ်လာသည်။ အနီ ‘၈၅၀’ နှင့် အဝါ ‘၈၀၃’ ဖြစ်သည်။

“ငလူး.. အဲလောက်တောင် မြင့်ရလား” အန်လင်း၏ မျက်လုံးများ ပြူးထွက်လာသည်။

အန်လင်း၏ အံ့အားသင့်မှုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် လေ့ကျင့်ရေးကွင်းအတွင်းရှိ ဂိုဏ်းသားအများစုသည် ထိုကိန်းဂဏန်းများအား မြင်ရသည့်အခါတွင် လုံးဝဆွံ့အသွားကြလေသည်။

ဂိုဏ်းသားများသည် ကျောက်နီပြားထံသို့ အင်မော်တယ်မန္တန်များ ထုတ်လွှတ်နေကြခြင်း ဖြစ်သည်။ သူတို့သည့် အနီရောင်အလင်းအား တွေ့ရှိလိုက်ရသည့်အခါတွင် တစ်စုံတစ်ခု ဖြစ်ပွားနေကြောင်း သိရှိလိုက်ကြသည်။

ဂိုဏ်းသားအားလုံး ရပ်တန့်သွားပြီးနောက် သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။

မျက်ခုံးမွေးများပင်လျှင် မီးလောင်ကျွမ်းခြင်းခံရသော ဂိုဏ်းသားတစ်ဦးလည်းရှိသည်။ သို့သော်လည်း ထိုဂိုဏ်းသားသည် ထိုအခြင်းအရာအား သတိမမူမိဘဲ ကျောက်နီပြားပေါ်ရှိ ကိန်းဂဏန်းများကိုသာ ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

လေ့ကျင့်ရေးကွင်းရှိ ဂိုဏ်းသားများသည် ထိုကိန်းဂဏန်းများသည် မည်သည်အား ကိုယ်စားပြုသည်ကို နက်နဲစွာနားလည်ထားကြသူများ ဖြစ်သည်။

“သူ့မီးတောက်ရဲ့ သန့်စင်မှုက ၉၀ ရာနှုန်းကျော်မှာရှိတာကြောင့် အစကတည်းက နတ်မီးလျှံအဆင့်ကို ရောက်ရှိနေတာပဲ” ဂိုဏ်းသားတစ်ဦး တီးတိုးရေရွတ်လိုက်သည်။

“အဲဒါက ဘယ်လိုမျိုး ပါရမီမြင့်လွန်းတဲ့ ဂိုဏ်းသားလဲ။ မဟုတ်ဘူး ဂိုဏ်းခေါင်းဆောင် ရောက်လာတာများလား” ဂိုဏ်းသားတစ်ဦးသည် ပတ်ပတ်လည်အား လှည့်ကြည့်လိုက်ပြီးနောက် ယင်းအင်မော်တယ်မန္တန် ထုတ်လွှတ်လိုက်သည့် နေရာအား ရှာဖွေနေလေသည်။

ထိုအချိန်တွင် အမျိုးသမီးဂိုဏ်းသားတစ်ဦးသည် သူ၏ပုခုံးအား ပုတ်ကာဖြင့် အန်လင်းတို့ ရှိနေသည့် နေရာသို့ ညွှန်ပြလိုက်သည်။ “အဲဒီလူတွေလေ။ ငါက သူတို့ ဒီနေရာကို ရောက်လာကတည်းက တိတ်တိတ်လေး ကြည့်နေမိတာ။ အဲဒီ အင်မော်တယ်မန္တန်ကို အသုံးပြုလိုက်တာက မျောက်လေ”

ထိုသတင်းသည် တောမီးအသွင် ပျံ့နှံ့ရောက်ရှိသွားပြီး လေ့ကျင့်ရေးကွင်းတစ်ခုလုံးအား ဟုန်းဟုန်းထစေသည်။

ဂိုဏ်းသားများစွာသည် ရှောင်ချိုးအား ကြည့်လာကြသည်။ ထို့နောက်တွင် သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီးနောက် အသက်ရှူသံများ ပြင်းလာတော့သည်။

ဒီအကျည်းတန်လိုက်တဲ့မျောက်က အရမ်းကို ကြောက်ဖို့ ကောင်းလိုက်တာ...။

***

All Chapters