← Chapters

ဟွမ်ယွမ်ဂိုဏ်း၏ ကျဆုံးခြင်း

Vol. 14 Ch. 210

ဟွမ်ယွမ်ဂိုဏ်း၏ ကျဆုံးခြင်း

Vol. 14 Ch. 210

~ကောင်းကင်ယံ၌ ပျံ့နှံ့သွားသော ဓားချီ လှိုင်းလုံးများက ဟွမ်ယွမ်ဂိုဏ်း နန်းတော်ကို ဖုံးလွှမ်းသွားသည်။

သို့သော်လည်း ထိုကြောက်မက်ဖွယ် ဓားချီ လှိုင်းလုံးများ အတွင်း၌ ဝူခွန်း၏ တည်ရှိမှုက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လုံးဝ အစအနမကျန် ပျောက်ကွယ် သွားခြင်းပင်။

ဝူခွန်း.. ပြာမှုန် ဖြစ်သွားခဲ့လေပြီ။

“ဂိုဏ်း.. ဂိုဏ်းချုပ်ကြီး”

အကြီးအကဲ၏ ခန္ဓာကိုယ်သည် တုန်ယင် လာသည်။ သူသည် ဝူခွန်း၏ တည်ရှိမှုကို မခံစား နိုင်တော့သည့်အခါ ဝမ်းနည်းမှု လှိုင်းလုံးတစ်ချက် သူ၏ နှလုံးသားထဲသို့ တိုးဝင် လာလေသည်။

တိုက်ပွဲက ပြီးဆုံးသွားလေပြီ။ ဟွမ်ယွမ်ဂိုဏ်း တစ်ခုလုံးလည်း တိတ်ဆိတ်ကျသွား၏။ ကောင်းကင်ယံမှ ဓားချီ လှိုင်းလုံးများလည်း ပျောက်ကွယ် သွားခဲ့သည်။ လူတိုင်း၏ အကြည့်တို့က အထက်သို့သာ ရောက်ရှိ နေကြသည်။

သူတို့၏ အထက် ကောင်းကင်တွင် ဖုန်းဝူချန်မှလွဲ၍ အခြား မည်သူမျှ မရှိတော့ပေ။

“ဂိုဏ်း.., ဂိုဏ်းချုပ်ကြီး ဘယ်မှာလဲ”

“ဂိုဏ်းချုပ်ကြီး သေသွားပြီ”

“ငါတို့ ဂိုဏ်းချုပ်ကြီးရဲ့ တည်ရှိမှုကို မခံစား နိုင်တော့ဘူး”

ဟွမ်ယွမ်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ မျက်နှာပျက် သွားကြသည်။ သူတို့အားလုံး ရလဒ်ကို ခန့်မှန်း နိုင်ကြ၏။ တပည့်များမှာမူ အလွန်အမင်း ကြောက်သွေးတက်နေကြသည်။

“ချလွင်”

ဓားရှည် တစ်လက်သည် ရင်ပြင်ပေါ်သို့ ပြုတ်ကျ လာသည်။

မြေပြင်ပေါ်သို့ စိုက်ဝင် သွားချိန်တွင် ကြည်လင်သော မြည်သံတစ်ချက် ထွက်ပေါ် လာ၏။

ဤဓားသည် အခြား မဟုတ်။ ဝူခွန်း၏ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ပင် ဖြစ်သည်။

ဖုန်းဝူချန်သည် အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားကို အသက်သွင်း ခဲ့သည်။ ထို တခဏအတွင်း၌ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် ထျန်းယွမ်ဘုံ ပထမအလွှာကို ကျော်လွန် သွားခဲ့ပြီး ဖြစ်ရာ ဝူခွန်းကို သတ်ရန်မှာ လွယ်ကူလှ ပေသည်။

ဖုန်းဝူချန်..ဖြည်းညင်းစွာ ဆင်းသက် လာသည်။ သူ၏ လက်တစ်ချက် ဝှေ့ယမ်း လိုက်သည်တွင် ဝူခွန်း၏ ဓားသည် ချီဟွမ်ထံသို့ ပျံသန်း သွား၏။

“ဒီဓားက အခုကစပြီး ခင်ဗျားအတွက်ပဲ”

“ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်”

ချီဟွမ်က ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူ၏ နှလုံးသားထဲတွင် အရိုင်းဆန်သော ပျော်ရွှင်မှုများ ပြည့်နှက် သွား၏။

ဤသို့သော နတ်ဘုရား လက်နက်မျိုးမှာ သူ အိပ်မက်ထဲတွင်ပင် ပိုင်ဆိုင်ရန် လိုလားခဲ့ရသော အရာ ဖြစ်ပါသည်။

လူအုပ်ထဲမှ ဟွမ်ယန်ကမူ သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး တီးတိုး ပြောလာသည်။

“စစ်သူကြီးချုပ် ၊ ခုနက ဓားချက်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ် ဝူခွန်းကတော့ ပြာမှုန် ဖြစ်သွား ခဲ့ပါပြီ၊ အဲ့ဒီ ဓားချက်က ထျန်းယွမ်ဘုံ ဒုတိယအလွှာနဲ့တောင် ယှဉ်နိုင်မယ် ထင်တယ် ဟုတ်တယ် မဟုတ်လား”

“အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်ကနေ ရတဲ့ ကြောက်မက်ဖွယ် စွမ်းအားက တကယ်ကို တုန်လှုပ်စရာပဲ”

လျိုချင်းယန် မျက်မှောင်ကြုတ် လိုက်သည်။ သူသည် အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်သို့ ချက်ချင်း ဖောက်ထွင်း ဝင်ရောက် နိုင်ရန် ဆန္ဒပြင်းပြ နေမိသည်။

အစ်ကိုဖုန်းက ထျန်းယွမ်ဘုံ ပညာရှင် တစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် ပြာမှုန် ဖြစ်သွားအောင် လုပ်နိုင်သည်ကို မြင်လိုက်ရသည်လေ၊ ဤမျှ မြင့်မားလှသော စွမ်းအားမျိုးကို အမှန်တကယ် ယုံရ ခက်လှသည်။

ထျန်းယွမ်ဘုံ တစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း။ ၎င်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ဖြစ်ရမည်နည်း။

ဟွမ်ယွမ်ဂိုဏ်းမှ လူများမှာ ကြောက်လွန်း၍ သတိလစ် မတတ်ပင်။ သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေပြီး ခန္ဓာကိုယ်များမှာ ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် တောင့်တင်း နေကြသည်။

ထျန်းယွမ်ဘုံ ပညာရှင် များသည် သူတို့အတွက်တော့ မယှဉ်ပြိုင် နိုင်သော သူများ ဖြစ်သည်။ သို့သော် ဖုန်းဝူချန်၏ ရှေ့တွင်တော့ သူတို့သည် အသေးအဖွဲ အရာများထက် မပိုခဲ့ပေ။

ယွမ်တန်ဘုံ နဝမအလွှာတွင် ရှိသော ဖုန်းဝူချန်က ဝူခွန်းကို ချေမှုန်း နိုင်သည့် စွမ်းအား ပိုင်ဆိုင် ထားသည်ကို မည်သူမျှ မယုံချင် ခဲ့ကြပေ။

“ဂိုဏ်းချုပ်ကြီး တကယ် သေသွားပြီ”

“အကြီးအကဲ ကျွန်တော်တို့ ဘာလုပ် ကြမလဲ ဂိုဏ်းချုပ်ကြီးတောင် သူ့ကို မယှဉ်နိုင် ခဲ့ဘူး”

“ဂိုဏ်းချုပ်ကြီး သေပြီ ဆိုတော့ ဟွမ်ယွမ်ဂိုဏ်းလည်း ပြီးဆုံး သွားပြီ ဖုန်းဝူချန်ကို ဘယ်သူက ခုခံ နိုင်တော့မှာလဲ”

ဟွမ်ယွမ်ဂိုဏ်း တပည့်များသည် ဖုန်းဝူချန်ကို ကြောက်ရွံ့စွာ ကြည့်နေ ကြသည်။ သူတို့၏ မျက်နှာများမှာ စက္ကူတစ်ရွက်လို ဖြူဖျော့ နေပြီး စိတ်ထဲတွင် ဆင်ခြင်နိုင်စွမ်း ပျောက်ရှကာ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြ၏။

ဝူခွန်း၏ ဓား (ပြုတ်ကျလာခြင်း) က သူသည် ဖုန်းဝူချန်၏ သတ်ဖြတ်ခြင်းကို ခံရပြီး ပြာမှုန် အဖြစ်သို့ ပျက်သုဉ်း သွားခဲ့ကြောင်း သက်သေ ပြနေခဲ့ပြီ ဖြစ်သည်။

ဟွမ်ယွမ်ဂိုဏ်းမှ အကြီးအကဲ များ၏ မျက်နှာအမူအရာများမှာ အလွန် ဆိုးရွား နေလေသည်။ နောက်ဆုံး အခိုက်အတန့်တွင် ဖုန်းဝူချန်က သူ၏ တိုက်ခိုက်ရေး စွမ်းအားကို ထပ်မံ တိုးမြှင့် နိုင်သေးပြီး ဓားတစ်ချက်တည်းဖြင့် ဝူခွန်းကို သတ်ဖြတ် လိုက်နိုင်မည်ဟု သူတို့ထဲမှ မည်သူ တစ်ဦးတစ်ယောက်မျှ မျှော်လင့် မထားခဲ့ ကြပေ။

“အကြီးအကဲ တိုက်ဖို့ အမိန့်ပေးပါ၊ ကျွန်တော်တို့ သေရင်တောင် သူတို့ကို တန်ရာတန်ကြေး တစ်ခုတော့ ပေးဆပ် သွားစေရမယ်” ရာထူးမြင့် လူကြီးတစ်ဦးက ဒေါသတကြီး အော်ဟစ် လိုက်သည်။

“ဟုတ်တယ် သူတို့နဲ့ အသေခံ တိုက်ကြမယ်” အခြား ရာထူးမြင့်လူများကလည်း သဘောတူညီစွာ ဟိန်းဟောက် လိုက်ကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်ယံသို့ ထိုးတက် သွားတော့သည်။

ထိုအခါ ဟွမ်ယန်က မထီမဲ့မြင် မဲ့ပြုံး ပြုံးလိုက်သည်။

“တိုက်မယ်.. ဟမ့် ၊ အရေအတွက် များတိုင်းလည်း အနိုင်ရတာမှ မဟုတ်တာ”

တောက်ဟွမ်ကလည်း အေးစက်စွာ လှောင်ပြောင် လိုက်သည်။

“ဒီ ဟွမ်ယွမ်ဂိုဏ်း တပည့်တွေက ငါတို့နဲ့ အသေခံ တိုက်နိုင်မယ် ထင်နေသလား တကယ့်ကို စိတ်ကူး ယဉ်နေတာပဲ”

ဟွမ်ယွမ်ဂိုဏ်း တပည့် အများအပြားကို သူ လုံးဝ အလေးအနက် မထားပေ။

ဟွမ်ယွမ်ဂိုဏ်းတွင် တပည့် သောင်းနှင့်ချီ ရှိသော်လည်း အများစုမှာ ချီသန့်စင်ဘုံနှင့် ခန္ဓာပြောင်းလဲခြင်းဘုံ အဆင့်များတွင်သာ ရှိကြပြီး စွမ်းအားမှာ သနားစဖွယ် အားနည်း လှသည်။

ဟွမ်ယွမ်ဂိုဏ်း အကြီးအကဲ၏ မျက်နှာသည် ပို၍ပင် အရုပ်ဆိုး လာသည်။ သူက ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင် လျက် အော်ဟစ် လိုက်သည်။

“တိုက်ကြ”

“ဝှီး ဝှီး”

ယွမ်တန်ဘုံ နဝမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားကို အပြည့်အဝ အသက်သွင်း လိုက်သည်။ အကြီးအကဲသည် နောက်ထပ် သည်းခံ နိုင်စွမ်း မရှိတော့ပေ။

ဟွမ်ယွမ်ဂိုဏ်းတွင် ရွေးချယ်စရာ ဒုတိယ လမ်းကြောင်း မရှိတော့။

ဖုန်းဝူချန်၏ ဟွမ်ယွမ်ဂိုဏ်းကို ချေမှုန်းမည့် ဆုံးဖြတ်ချက်သည် ပြောင်းလဲ သွားမည် မဟုတ်ပေ။ ဟွမ်ယွမ်ဂိုဏ်း အကြီးအကဲသည် အသတ်ခံရမည့် အစား တိုက်ပွဲဝင်ရင်း သေဆုံး သွားရန်ကိုသာ ပိုမို နှစ်သက် လေသည်။

ယနေ့တွင် ဖုန်းဝူချန် သေမည်။ သို့မဟုတ်လျှင် ဟွမ်ယွမ်ဂိုဏ်း ပျက်စီးမည်။

ဟွမ်ယန်နှင့် အခြားသူများမှာ ဖုန်းဝူချန်၏ အမိန့်ကို စောင့်ဆိုင်း နေကြသည်။ အမိန့်ပေးသည်နှင့် တပြိုင်နက် ကောင်းကင်အရိပ် မြင်းစီးတပ်နှင့် အလံနက် တပ်ဖွဲ့တို့သည် တုံ့ဆိုင်းခြင်းမရှိ ဝင်တိုက် ကြလိမ့်မည်။

“ဖုန်းဝူချန် မင်း သေရမယ်” အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ သူသည် ဟွမ်ယွမ်ဂိုဏ်းမှ အကြီးအကဲ (၂) ဦး၊ ရာထူးမြင့် (၆) ဦးတို့နှင့် ပူးပေါင်းကာ ဖုန်းဝူချန်ထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင် သွားကြသည်။

“ဟွမ်ယွမ်ဂိုဏ်းကို ချေမှုန်းပါ” ချဉ်းကပ် လာသော အဆင့်မြင့် ပုဂ္ဂိုလ် (၉) ဦးကို အေးစက်စွာ စိုက်ကြည့်ရင်း ဖုန်းဝူချန်က အမိန့်ကို အေးစက်စွာ ထုတ်ပြန် လိုက်သည်။ ဝူခွန်းကို သတ်ဖြတ်ပြီး နောက်မှာပင် သူသည် ဟွမ်ယွမ်ဂိုဏ်းကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမည် မဟုတ်ပေ။

“ဟွမ်ယွမ်ဂိုဏ်းကို ချေမှုန်းမယ်” ဟွမ်ယန်နှင့် စန်းဟွမ်တို့က ပြင်းထန်စွာ တိုက်ပွဲသံ ပေးလိုက်ကြသည်။

ခေါင်းဆောင်များ အနေဖြင့် သူတို့သည် ပထမဆုံး ပြေးဝင် သွားကြ၏။ သူတို့၏ နောက်မှ တိုက်ပွဲခေါ်သံကို ဟိန်းဟောက် အော်ဟစ်ရင်း စစ်သည်တော် အုပ်စုကြီး လိုက်ပါ လာကြသည်။ ထိုအရှိန်အဟုန်မှာ ကမ္ဘာမြေကြီးကို တုန်ခါ သွားစေသည်။

သွေးဆာနေသော တိုက်ပွဲ၏ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက အရပ်မျက်နှာ အနှံ့သို့ တိုးဝင်သွားသည်။ ရင်ပြင်၏ ထောင့်တိုင်းကို လွှမ်းခြုံ သွား၏။ ကျင့်ကြံမှု အားနည်းသော တပည့်များမှာ ကြောက်လွန်း၍ သတိလစ်သွားကြသည်။ ကြီးမားသော တောင်ကြီး တစ်တောင်က သူတို့ အပေါ်သို့ ဖိနှိပ် ထားသကဲ့သို့ ခံစားရပြီး အသက်ပင် ကောင်းစွာ မရှူနိုင် ကြတော့ပေ။

“ငါတို့လည်း ဝင်တိုက်မယ်” ချီဟွမ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ကို ကိုင်စွဲကာ ရှေ့သို့ ပြေးဝင် သွားသည်။

သွမ့်ဝူချင်းက ပြောလိုက်သည်။

“ကျွန်တော်က ဟွမ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီး တပည့်ကို တာဝန်ယူမယ်”

၎င်လျိုချင်းယန်၊ မြောင်ချင်းချင်း၊ ဖုန်းကျန့်နှင့် ဖုန်းယွမ် တို့လည်း တိုက်ပွဲထဲသို့ ဝင်ရောက်သွားကြ လေသည်။

“ဝှစ် ဝှစ် ဝှစ်”

“ဘုန်း ဘုန်း ဘုန်း”

ဟွမ်ယန်နှင့် တောက်ဟွမ်တို့ ဦးဆောင်သော ရာနှင့်ချီသည့် အထက်တန်းစား စစ်သည်တော် များသည် ရက်စက်မှု ကင်းမဲ့စွာ သွေးအေးစွာ သတ်ဖြတ် နေကြသည်။ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု နိုင်သည့် ကြောက်မက်ဖွယ် လှုပ်ရှားမှု သိုင်းကွက်များကို အသုံးပြု၍ သူတို့သည် ဟွမ်ယွမ်ဂိုဏ်း တပည့်များ၏ အသက်ကို သေမင်းတမန်များ အလား ရိတ်သိမ်း နေကြသည်။

တိုက်ပွဲ စတင်သည်နှင့် ဟွမ်ယွမ်ဂိုဏ်း တပည့်များ အများအပြား သေဆုံး ဒဏ်ရာ ရရှိ သွားကြသည်။

“အစ်ကိုကြီးဖုန်း ..အကြီးအကဲကို အစ်ကိုကြီးဖုန်း အတွက် ချန်ထားခဲ့မယ် ကျန်တဲ့ လူတွေ အားလုံးကိုတော့ ကျွန်မ ရှင်းလိုက်မယ် နော်” လင်ရှောင်ရှောင်သည် သူမ၏ အစစ်အမှန်ယွမ် စွမ်းအင်ကို အသက်သွင်းရင်း ပျံသန်း ထွက်သွားသည်။ သူမက ထိုသို့ ပြုလုပ် နေရင်းပင် ဖုန်းဝူချန်ကို ကြည့်ကာ ခစ်ခနဲ ရယ်မော လိုက်သေးသည်။

ဓားတစ်ချက်တည်းဖြင့် ဖုန်းဝူချန်သည် ထျန်းယွမ်ဘုံ ပညာရှင် တစ်ဦးကို ချေမှုန်း နိုင်ခဲ့သည်။

အကြီးအကဲ အပါအဝင် လူ (၉) ဦးသည် ဤမျှ လွှမ်းမိုး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို မည်သို့ တာဝန်ယူ နိုင်မည်နည်း။

လူ (၉) ဦး ပူးပေါင်း တိုက်ခိုက်ခြင်းသည် သံသယ ဖြစ်ဖွယ်မရှိ သတ်သေသည့် တာဝန် တစ်ခုပင်။

ဟုတ်ပါသည်။ သူတို့ မလှုပ်ရှားလျှင်လည်း သေရမည်သာ ဖြစ်သည်။

“သေဖို့ ကြိုးစား နေတာပဲ”

ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ချက် ပေါ်လာသည်။ သူက အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ကိုင်စွဲကာ မြေပြင်ကို ဆောင့်ကန် လိုက်ပြီး ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် ပစ်ထွက် သွားသည်။

ဓားဂောင် တစ်ချက်သာ ဝင်းလက်သွားသည်။ သွေးများ ပန်းထွက် လာသည်နှင့် အတူ ရာထူးမြင့်လူ အချို့ ချက်ချင်း သေဆုံး သွားကြ၏။ သူတို့ မည်သို့ သေဆုံး သွားသည်ကိုပင် သိလိုက်ကြဟန် မတူပေ။

“ဝှစ်..”

ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်း နောက်တစ်နေရာသို့ ရောက်ရှိ သွားပြန်သည်။ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် သနားညှာတာမှု အလျဉ်းမရှိ။ ဟွမ်ယွမ်ဂိုဏ်း၏ ဒုတိယ အကြီးအကဲနှင့် တတိယ အကြီးအကဲတို့ မဆိုင်းမတွ ဓားချက်အောက်တွင် အသက်ပျောက် သွားကြပြန်သည်။

သူတို့ ဂိုဏ်း၏ ထိပ်တန်း ခေါင်းဆောင်များ ဆက်တိုက်..,အသတ်ခံ နေရသည်ကို မြင်သောအခါ တပည့်များ မျှော်လင့်ချက် ကင်းမဲ့ သွားကြသည်။

ကြောက်လန့်တကြားဖြင့် ဦးတည်ရာမဲ့စွာ အသက်လု ထွက်ပြေး ကြတော့သည်။ ဟွမ်ယွမ်ဂိုဏ်းမှ လွတ်မြောက်ရန် တစ်ခုတည်းကိုသာ မျှော်လင့် နေကြ၏။

ငိုယိုသံများ၊ အကူအညီ တောင်းသံများ၊ ထိတ်လန့်တကြား အော်ဟစ်သံများက ဟွမ်ယွမ်ဂိုဏ်း တစ်ခုလုံးကို ပြည့်နှက် သွားသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ မည်သူ တစ်ဦးတစ်ယောက်မျှ မလွတ်မြောက် နိုင်ခဲ့ပေ။ ကောင်းကင်အရိပ် မြင်းစီးတပ်နှင့် အလံနက် တပ်ဖွဲ့တို့သည် သတ်ဖြတ်ရေး စက်ယန္တရားများ ဖြစ်ကြသည်။ ရန်သူ အားလုံးကို ချေမှုန်းရန် သူတို့၏ တာဝန် အပေါ်တွင် မယိမ်းမယိုင် တည်ရှိ နေကြသည်။

ဖုန်းဝူချန်သည် ရက်စက် ကြမ်းကြုတ်ပြီး သနားညှာတာမှု မပြခဲ့။ ဆယ်စက္ကန့် မပြည့်မီ အချိန်အတွင်း ဟွမ်ယွမ်ဂိုဏ်း၏ အကြီးအကဲမှလွဲ၍ အဆင့်မြင့် အရာရှိ အားလုံး အသတ်ခံ လိုက်ရသည်။

ဖုန်းဝူချန်၏ အမြန်နှုန်းသည် သူတို့ သတိပြု မိလိုက်နိုင်သည်ထက်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။

ဤအခိုက်အတန့်တွင် ဖုန်းဝူချန်၏ အထွတ်အထိပ် နဂါးနတ်ဘုရားဓား၏ ထိပ်ဖျားသည် အကြီးအကဲ၏ နှလုံးသားဆီသို့ ရောက်ရှိ နေခဲ့ပြီ။ အကြီးအကဲ၏ မျက်နှာသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေပြီး နဖူးတွင် ချွေးစေးများ ပျံနေသည်။

“ဖုန်းဝူချန် ၊ မင်း သတ်ချင်ရင် သတ်လိုက်ပါ ဒီအဘိုးကြီးက မင်းကို ဟွမ်ယွမ်ဂိုဏ်းရဲ့ တပည့်တွေကိုတော့ ချမ်းသာ ပေးဖို့ပဲ တောင်းပန် ချင်တယ်” အကြီးအကဲသည် သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့ နေသည့်တိုင် တောင်းပန် လိုက်သည်။

“ခင်ဗျားမှာ ညှိနှိုင်းခွင့် မရှိဘူး” ဖုန်းဝူချန်က အေးစက်စွာ ပြန်ပြော လိုက်သည်။ ထို့နောက် အထွတ်အထိပ် နဂါးနတ်ဘုရားဓားဖြင့် အကြီးအကဲ၏ နှလုံးသားကို တုံ့ဆိုင်းခြင်း မရှိ၊ ထိုးစိုက် လိုက်လေသည်။

“မင်း”

အကြီးအကဲ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားကာ သူက ဖုန်းဝူချန်ကို ထိတ်လန့်တကြား လက်ညှိုးထိုး လိုက်သည်။

“အကြီးအကဲ”

သူတို့၏ နောက်ဆုံး အားကိုးရာ တိုင်ကြီး ပြိုလဲ သွားသည်နှင့် ဟွမ်ယွမ်ဂိုဏ်းမှ အားအနည်းငယ် ပိုကောင်းသော တပည့်များပင် ဆက်လက် တောင့်မခံ နိုင်တော့ပေ။

ဖုန်းဝူချန်က အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ပြန်ဆွဲ ထုတ်လိုက်သည်။

အကြီးအကဲသည် ထာဝရ လဲကျ သွားခဲ့ပြီ။ ဟွမ်ယွမ်ဂိုဏ်း၏ နောက်ဆုံးသော တိုင်ကြီးတစ်တိုင် ပြိုလဲ သွားခဲ့လေပြီ။

သူတို့၏ သေဆုံးခါနီး အခိုက်အတန့်တွင် သူတို့၏ နှလုံးသားထဲ၌ နောင်တများ ရှိနေခဲ့ လေမလားဟု တွေးမိစရာပင်။

အရာအားလုံးသည် လူသားတို့၏ လောဘမှ အစပြု ခဲ့သည်။ လိုချင်တပ်မက်မှုများက ဘယ်သောအခါမှ ပြည့်ဝခြင်း မရှိ။ ထို လိုချင်တပ်မက်မှုများ ကြောင့်ပင် ကျီးရှင်းဂိုဏ်း ပျက်စီး ခဲ့ရပြီး ယခု ဟွမ်ယွမ်ဂိုဏ်းလည်း ပျက်စီးရ တော့မည် ဖြစ်သည်။

ဖုန်းဝူချန်သည် သူ၏ ဓားမှ သွေးများကို ခါထုတ် လိုက်သည်။ သူ၏ အသံမှာ အေးစက် ရက်စက် လှသည်။ “တစ်ယောက်မှ အရှင်မထားနဲ့”

“ဟုတ်ကဲ့”

စစ်သည်တော်များက နာခံစွာ ဟိန်းဟောက် လိုက်ကြသည်။ သတ်ဖြတ်မှုများကြောင့် စစ်သည်တို့၏

တစ်ကိုယ်လုံး သွေးများ စွန်းပေ နေကြသည်။

ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့တွင် ပိတ်မိ နေသော ဟွမ်ယွမ်ဂိုဏ်း တပည့်များသည် ကောင်းကင်အရိပ် မြင်းစီးတပ်နှင့် အလံနက် တပ်ဖွဲ့တို့၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ခုခံရန်ပင် မစဉ်းစား နိုင်ကြတော့ပေ။ အသေခံ တိုက်ခိုက်သူများမှ လွဲ၍ အခြား တပည့်များမှာ ထွက်ပြေးရန် ကြိုးစားခြင်း သို့မဟုတ် ဒူးထောက် တောင်းပန်ခြင်းတို့သာ ပြုကြသည်။

ဆယ်မိနစ် ကျော်အတွင်း ဟွမ်ယွမ်ဂိုဏ်း တပည့် ထောင်ပေါင်းများစွာ အသတ်ခံ လိုက်ရသည်။ သေဆုံးသူ အရေအတွက်မှာ ကြောက်မက်ဖွယ် ကောင်းသော နှုန်းဖြင့် တိုးတက် နေသည်။

ဝူခွန်းနှင့် အခြား အဆင့်မြင့် အရာရှိများ သေဆုံး သွားသည်နှင့် ကျန်ရှိသော သူများမှာ ခုခံရန် အခွင့်အရေး မရှိကြတော့ပေ။

တစ်နာရီ ကြာပြီးနောက် ဂိုဏ်းအတွင်းမှ လူတိုင်း သေဆုံး သွားခဲ့သည်။ ဟွမ်ယွမ်ဂိုဏ်းသည် အမြစ်ပြတ် ချေမှုန်း ခံလိုက်ရပြီ ဖြစ်သည်။

ဟွမ်ယွမ်ဂိုဏ်း၏ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲ နေသည်။ သွေးများက မြစ်တစ်စင်း အလား စီးဆင်း နေ၏။ ပြင်းထန်သော သွေးညှီနံ့က နန်းတော် တစ်ခုလုံးကို လွှမ်းခြုံ ထားသည်။

ထိုမြင်ကွင်းသည် မယုံနိုင်လောက်အောင် ဆိုးရွား လှပြီး ရင်ဆိုင်ရန် ခက်ခဲ လှသည်။ လုံးဝ ထိတ်လန့် ကြောက်မက်ဖွယ် ကောင်းလှ၏။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤအချိန်တွင် ဟွမ်ယွမ်ဂိုဏ်း အနီးတွင် ရှိနေပြီး ဤမြင်ကွင်းကို မြင်လိုက်ရပါက သူတို့ လုံးဝ ကြောက်လန့် တုန်လှုပ် သွားကြမည်မှာ သေချာသည်။

“စစ်သူကြီးချုပ်ကို သတင်းပို့ပါတယ် ဟွမ်ယွမ်ဂိုဏ်း အဖွဲ့ဝင် အားလုံး သေဆုံး သွားပါပြီ တစ်ယောက်မှ အသက်မရှင် ကျန်ရစ်ခဲ့ ပါဘူး” ဟွမ်ယန်က ရိုသေစွာ သတင်းပို့ လိုက်သည်။

ဖုန်းဝူချန်က ပြုံးလိုက်ပြီး ..

“ကောင်းတယ် ကျီးရှင်းဂိုဏ်းရော ဟွမ်ယွမ်ဂိုဏ်းပါ ချေမှုန်း ပြီးပြီ ဟွမ်ယွမ်ဂိုဏ်း ပျက်စီး သွားတဲ့ သတင်း ပျံ့သွားတာနဲ့ အင်ပါယာကြီး လေးခုက ကိုးထပ် ချန်ခွန်း မျှော်စင်ကို လောဘတက်ဖို့ သတ္တိ ရှိတော့မှာ မဟုတ်ဘူး”

“အစ်ကိုဖုန်း ထိုက်ရွှမ်ဂိုဏ်း ကရော ဘယ်လိုလုပ်မလဲဗျ” လျိုချင်းယန်က ပြောသည်။

ထိုအခါ .“ထိုက်ရွှမ်ဂိုဏ်းက အရင်ဆုံး စတိုက်ခိုက်တာ သူတို့ကိုလွှတ်ပေးလို့ ဘယ်ဖြစ်မလဲ” ဟု ချီဟွမ်က အေးစက်စွာ ကြေညာ လိုက်သည်။

သွမ့်ဝူချင်းက လေးနက်စွာ ပြောသည်။ “ထိုက်ရွှမ်ဂိုဏ်းရဲ့ စွမ်းအားက အင်အား ကြီးမားတယ် ကျွန်တော်တို့ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် သူတို့ကို ယှဉ်ပြိုင်ဖို့ ခက်ခဲ လိမ့်မယ်နော်၊ အရေးကြီးဆုံးက ရွှေယွဲ့ အင်ပါယာရဲ့ ဧကရာဇ်က ကျွန်တော်တို့ ထိုက်ရွှမ်ဂိုဏ်းကို တိုက်ခိုက်တာကို ဒီအတိုင်း ရပ်ကြည့် နေမှာ မဟုတ်ဘူး လေ”

“ထိုက်ရွှမ်ဂိုဏ်းရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းတာ အမှန်ပဲ ၊ အစ်ကိုကြီးဖုန်း သူတို့ကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး” လင်ရှောင်ရှောင်က ပြောသည်။

ဖုန်းဝူချန်က ခေါင်းညိတ် လိုက်ပြီး ပြန်ဖြေ လိုက်သည်။

“ထိုက်ရွှမ်ဂိုဏ်းရဲ့ စွမ်းပကားက တကယ်ကို အင်အား ကြီးမားတယ် ဧကရာဇ်ကလည်း ငါ့ကို ရွှေယွဲ့ ဧကရာဇ်ကို သတိထားဖို့ အမြဲ သတိပေး ခဲ့တယ် ၊ဒါပေမဲ့ သူကတော့ ခုထိ ဘာမှ မလှုပ်ရှား သေးဘူး”

ထို့နောက် ဖုန်းဝူချန်က အေးစက်စွာ တွေးလိုက်သည်။

..ငါ့အဖေ ပျောက်ဆုံး နေတာ ဒီလောက် ကြာနေပြီ ဘာ သဲလွန်စမှလည်း မရှိဘူး၊ ဒါက ရွှေယွဲ့ အင်ပါယာ ဒါမှမဟုတ် ထိုက်ရွှမ်ဂိုဏ်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..

သူ၏ အကြည့်များတွင် ခြိမ်းခြောက်မှု အပြည့်ပါသော အေးစက်မှုများ လင်းလက်သွားသည်။

ကျီးရှင်းဂိုဏ်းနှင့် ဟွမ်ယွမ်ဂိုဏ်းတို့ ပျက်စီး သွားခြင်းက ဖုန်းကျိန့်ရှုံးကို သူတို့ ဖမ်းဆီး သွားခြင်း မဟုတ်ကြောင်း ဆိုလိုသည်။ သို့မဟုတ်လျှင် သူတို့သည် သူ့ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် ယခု အချိန်အထိ အသုံးပြု လောက်ပြီ ဖြစ်သည်။

ထျန်းဝူ အင်ပါယာနှင့် လော့ယွမ် အင်ပါယာတို့လည်း ပါဝင် ပတ်သက်ခြင်း မရှိမှာ သေချာသည်။ သို့မဟုတ်လျှင် သူတို့ ဖုန်းဝူချန်ကို ကြောက်ရွံ့ နေကြမည် မဟုတ်ပေ။

ဖုန်းလေ ဂိုဏ်းမှာမူ ပို၍ပင် ဖြစ်နိုင်ခြေ မရှိ။

သို့ဆိုလျှင် ကြီးမားသော အင်အားစု ဖြစ်သည့် ရွှေယွဲ့ အင်ပါယာနှင့် ထိုက်ရွှမ်ဂိုဏ်း တို့သာ ကျန်တော့သည်။

“စစ်သူကြီးချုပ်က သူတို့လို့ သံသယ ဝင်နေတာလား” သွမ့်ဝူချင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

အကယ်၍ ဖုန်းဝူချန် အကြံပြု သလိုသာ အမှန် ဖြစ်ပါက အခြေအနေက တကယ်ကို ဆူးငြောင့် ခလုပ်များလှ ပေသည်။

ဖုန်းဝူချန်က ခေါင်းခါ လိုက်ပြီး ပြောသည်။

“ငါလည်း မသေချာဘူး ခန့်မှန်းချက် တစ်ခု သက်သက်ပါပဲ ..လာ၊ သွားကြစို့”

မထွက်ခွာမီ စစ်သည်တော် များသည် များပြားလှသော ရတနာများကို သိမ်းယူ သွားကြသည်။

ဟွမ်ယွမ်ဂိုဏ်းရှိ ခမ်းနား ထည်ဝါသော နန်းတော် ဒါဇင်ပေါင်း များစွာကိုလည်း ဖျက်ဆီး ပစ်ခဲ့ရာ အပျက်အစီးများ အဖြစ်သို့ ဘဝပြောင်းသွားတော့သည်။

ထျန်းဝူ အင်ပါယာ၏ ဩဇာ အရှိဆုံး ဂိုဏ်းဖြစ်သော ဟွမ်ယွမ်ဂိုဏ်းသည် ကျဆုံး သွားခဲ့လေပြီ။

All Chapters