← Chapters

လှုပ်ခတ်လာသော လျှို့ဝှက်ရေစီး

Vol. 15 Ch. 211

လှုပ်ခတ်လာသော လျှို့ဝှက်ရေစီး

Vol. 15 Ch. 211

~ဟွမ်ယွမ်ဂိုဏ်း တစ်ဂိုဏ်းလုံး ပြုတ်ပြုတ်ပြုန်း သွားခဲ့သည်။ ဤအကြောင်းကို ထျန်းဝူအင်ပါယာက မသိလိုက်ပေ။

ဖုန်းဝူချန်က ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့ကို ယန်ဟော်အင်ပါယာသို့ ပြန်လည် ဦးဆောင် ခေါ်သွားပြီး နောက်မှသာလျှင် ဟွမ်ယွမ်ဂိုဏ်း တစ်ဂိုဏ်းလုံး အမြစ်ပြတ် ချေမှုန်း ခံလိုက်ရပြီး အသက်ရှင် ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်း လူများက သိရှိ သွားကြသည်။

ထိုသတင်း ပျံ့နှံ့ သွားသည်နှင့် ထျန်းဝူအင်ပါယာ၏ အင်အားစု အသီးသီးကို တုန်လှုပ် သွားစေတော့သည်။

ထျန်းဝူအင်ပါယာ၏ အသန်မာဆုံး ဂိုဏ်းကြီးသည် အသံတိတ် ပျက်သုဉ်း သွားခဲ့လေပြီ။

သို့သော်လည်း ထျန်းဝူအင်ပါယာ အတွင်းမှ အင်အားစု အားလုံးကတော့ ၎င်းမှာ ဖုန်းဝူချန်၏ လက်ချက် ဖြစ်ကြောင်း ဒက်ခနဲ ခန့်မှန်း နိုင်ခဲ့ကြသည်။

ဟွမ်ယွမ်ဂိုဏ်းသည် ကိုးထပ် ချန်ခွင်း မျှော်စင် အတွက် ဖုန်းဝူချန်နှင့် ရန်ငြိုး ဖွဲ့ခဲ့ကြပြီး သူ့ကို ရှင်းလင်းရန် လူများ စေလွှတ် ခဲ့ဖူးသည်။

ဖုန်းဝူချန်က ကျီးရှင်းဂိုဏ်းကို ချေမှုန်း ခဲ့ပြီး မကြာမီပင် ဟွမ်ယွမ်ဂိုဏ်းက နောက်ဆက်တွဲ ပျက်စီး သွားခဲ့သည်။ ဒါဟာ သဘာဝအတိုင်းပင် ဖုန်းဝူချန်၏ လက်ချက် ဖြစ်ပေလိမ့်မည်။

လမ်းမများပေါ်နှင့် လက်ဖက်ရည်ဆိုင်များထဲတွင် တုန်လှုပ်ခြောက်ခြားနေသော စကားသံများဖြင့် ပြည့်နှက်နေတော့သည်။

“ခင်ဗျားတို့ ကြားပြီးပြီလား... ဟွမ်ယွမ်ဂိုဏ်း ပျက်စီး သွားပြီတဲ့... ဖုန်းဝူချန်ရဲ့ လက်ချက် ဆိုပဲ...” တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။

“ဟွမ်ယွမ်ဂိုဏ်း ပျက်စီး သွားတာကို ရက်အတော်ကြာတဲ့ အထိ ဘယ်သူမှ မသိလိုက် ကြဘူးနော်...”

“ဖုန်းဝူချန်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်... ဧကရာဇ်တောင်မှ ဝင်မစွက်ဖက် ရဲဘူး... ဟွမ်ယွမ်ဂိုဏ်းက ဖုန်းဝူချန်ကို သွားစော်ကား မိတာကိုး... သူတို့ သေတာ မဆန်းပါဘူး...”

ထျန်းဝူအင်ပါယာ၏ မရေမတွက် နိုင်သော ကျင့်ကြံသူများက ဖုန်းဝူချန်၏ ဟွမ်ယွမ်ဂိုဏ်း ချေမှုန်းမှု အကြောင်းကို ဆွေးနွေး ပြောဆို နေကြသည်။

သူတို့ မသိလိုက်သည်မှာ ဖုန်းဝူချန်သည် ထျန်းဝူအင်ပါယာမှ အင်အားကြီး ပညာရှင်များစွာနှင့် ထျန်းဝူ နတ်ဘုရား စစ်သည်တော် များကို တစ်ဦးတည်း ရင်ဆိုင်ခဲ့ပြီး နန်းတော် မိသားစုကို သူ၏ လွှမ်းမိုးသော စွမ်းအားဖြင့် ချေမှုန်း ခဲ့သေးသည် ဆိုသည့် အချက်ပင်။

အကယ်၍ ထျန်းဝူအင်ပါယာမှ လူများက ဖုန်းဝူချန် တစ်နိုင်ငံလုံးကို တစ်ယောက်တည်း ရင်ဆိုင် ခဲ့ကြောင်း သိသွားလျှင် သူတို့ ကြောက်လန့်တကြား သေဆုံး သွားကြမည်လား မည်သူ သိနိုင်မည်နည်း။

ဟုတ်ပါသည်။ ဤမျှ အရှက်ရဖွယ် ကောင်းသော ကိစ္စကို နန်းတော် အသိုက်အဝန်းက မည်သို့ ပေါက်ကြား စေနိုင်မည်နည်း။

ရက်အနည်းငယ် ကြာပြီးနောက် ဟွမ်ယွမ်ဂိုဏ်း ပျက်စီးခြင်း သတင်းသည် ထျန်းဝူအင်ပါယာမှ အခြား နိုင်ငံများဆီသို့ ပျံ့နှံ့ သွားတော့သည်။

တုန်လှုပ်ဖွယ် သတင်းသည် အခြား အင်ပါယာကြီး သုံးခုကို ဗုံးကြဲ တိုက်ခိုက် လိုက်သကဲ့သို့ပင်။

အင်ပါယာကြီး သုံးခု အတွင်းမှ အင်အားစု အကြီးအသေး အားလုံးနှင့် ထိပ်တန်း ပညာရှင် များစွာတို့ မှင်တက် သွားကြသည်။

ပထမ ကျီးရှင်းဂိုဏ်း၊ ထို့နောက် ဟွမ်ယွမ်ဂိုဏ်း။ နောက်တစ်ခုက ဖုန်းလေဂိုဏ်း သို့မဟုတ် ထိုက်ရွှီဂိုဏ်း ဖြစ်နိုင်လေသည်။

ဟွမ်ယွမ်ဂိုဏ်းကို ဖုန်းဝူချန်က အမြစ်ပြတ် ချေမှုန်း ခဲ့သည်နှင့် လူတိုင်းက နောက်ထပ် ပျက်စီးမည့် အင်အားစုမှာ မည်သူ ဖြစ်မည်ကို ခန့်မှန်း နေကြ၏။ အများအပြားက လောင်းကြေးများပင် ထပ်နေကြတော့သည်။

ဖုန်းလေဂိုဏ်းက ဖုန်းဝူချန်ထံ လက်နက်ချ ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ဦး၏ ပစ်မှတ်မှာ ထိုက်ရွှီဂိုဏ်းပင်။

ဖုန်းဝူချန်တွင် ထိုက်ရွှီဂိုဏ်းကို ရင်ဆိုင်ရန် လုံလောက်သော အင်အား မရှိသေး သော်လည်း ထိုက်ရွှီဂိုဏ်းနှင့် တိုက်ပွဲကတော့ မလွဲမသွေ ဖြစ်လာ ပေတော့မည်။

ဟွမ်ယွမ်ဂိုဏ်း ပျက်စီးမှု အကြောင်းကို သိရှိသောအခါ ထျန်းဝူ ဧကရာဇ်သည် အလွန်အမင်း တုန်လှုပ် သွားသည်။ ဝူခွန်းပင်လျှင် ဖုန်းဝူချန်၏ လက်ထဲတွင် သေဆုံး ခဲ့ရသည် မဟုတ်လား။

သူသည် ဖုန်းဝူချန်က ထျန်းဝူ နန်းတော် မိသားစုကို ဝင်မတိုက်ခိုက် ခဲ့သည့် အတွက် တိတ်တဆိတ် သက်ပြင်း ချမိသည်။

သို့မဟုတ်လျှင် နန်းတော် မိသားစု ပျက်စီး သွားခဲ့ပေမည်။ အကယ်၍ ဖုန်းဝူချန်သာ အမှန်တကယ် လှုပ်ရှား ခဲ့ပါက ထျန်းဝူ ဧကရာဇ်နှင့် အခြား နန်းတွင်း ပညာရှင်များ သေချာပေါက် သေဆုံး ကြလိမ့်မည်။

အကယ်၍ ဖုန်းဝူချန်က နန်းတော် မိသားစုကို ဖျက်ဆီးပြီးမှ ဟွမ်ယွမ်ဂိုဏ်းကို ချေမှုန်း ခဲ့လျှင် ထျန်းဝူအင်ပါယာသည် ဖုန်းဝူချန်၏ အင်ပါယာ ဖြစ်သွားမည် မဟုတ်လော။

ထျန်းဝူ ဧကရာဇ်သည် တွေးလေလေ ပို၍ ထိတ်လန့် လေလေ ဖြစ်ရသည်။

... ... ...

ထိုစဥ်၊ ထိုက်ရွှီဂိုဏ်း၏ ခန်းမဆောင်ကြီး အတွင်း၊

“ဖုန်းဝူချန်က ဟွမ်ယွမ်ဂိုဏ်းကို ဖျက်ဆီး သွားပြီ... နောက်ဆို ငါတို့ အလှည့် ဖြစ်နိုင်တယ်... ဒီလူငယ်က အငြိုးအတေး တွေကို တကယ် အလေးအနက် ထားပုံပဲ...” အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်ရင်း လေးနက်စွာ ပြောလိုက်သည်။

အခြား အကြီးအကဲကလည်း

“ဖုန်းဝူချန်က ဟွမ်ယွမ်ဂိုဏ်း မတိုင်ခင် ကျီးရှင်းဂိုဏ်းကို ဖျက်ဆီး ခဲ့တာက ထိုက်ရွှီဂိုဏ်းကို ခြိမ်းခြောက်ဖို့ ဖြစ်မှာ သေချာတယ်... သူ့ကို ကြောက်မယ်လို့ တကယ် ထင်နေတာလား...” ဟု ဒေါသတကြီး ပြောလာသည်။

“ဖုန်းဝူချန်ရဲ့ ကြောက်စရာ ကောင်းတဲ့ စွမ်းအားကိုတော့ အသိအမှတ် ပြုရလိမ့်မယ်.. ပိုင်ရှန်းနဲ့ ဝူခွန်းကို သတ်နိုင်ခဲ့တာ... သူ့စွမ်းအားက ထျန်းယွမ်ဘုံ ပထမအလွှာထက် မနည်းဘူး... ဒါမှမဟုတ် ဒုတိယအလွှာနဲ့ ယှဉ်နိုင်တဲ့ အစွမ်းတောင် ရှိနိုင်တယ်... မဟုတ်ရင် သူ ဘယ်လိုလုပ် ဒီလောက် ထင်တိုင်းကြဲ နေရဲမှာလဲ...” ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကြုတ်ရင်း ကောက်က်ချက်ချလိုက်သည်။

ဂိုဏ်းချုပ်ကြီး၏ စကားကို ကြားသောအခါ ခန်းမဆောင်ကြီး အတွင်းမှ လူတိုင်း၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲ သွားသည်။

ထျန်းယွမ်ဘုံ ဒုတိယ အလွှာနှင့် ယှဉ်နိုင်သော စွမ်းအား...။ ၎င်းမှာ ဖုန်းဝူချန်က ထိုက်ရွှီဂိုဏ်းချုပ်ကြီးနှင့် ယှဉ်နိုင်စွမ်း ရှိသည်ဟု ဆိုလိုခြင်း မဟုတ်လော။

ထိုက်ရွှီဂိုဏ်းချုပ်ကြီး ကိုယ်တိုင်လည်း အနည်းငယ် မျက်မှောင်ကြုတ် လိုက်ပြီး ပြောသည်။ “ဖုန်းဝူချန်ရဲ့ စွမ်းအားက အများကြီး တိုးတက် သွားပုံရတယ်... ဒီလူငယ်က တကယ်ကို ထူးခြားတယ်...”

အကယ်၍ ဖုန်းဝူချန်က ပိုင်ရှန်းကို သတ်ဖြတ် ခဲ့ခြင်းသည် ကံကောင်း ထောက်မစွာ ဖြစ်သွားခြင်းဟု ဆိုနိုင်လျှင်တောင် ဝူခွန်းကို သတ်ဖြတ် ခြင်းကတော့ ထိုသို့ ပြော၍ မရတော့ပေ။

ထျန်းယွမ်ဘုံ ပညာရှင် နှစ်ဦးလုံး ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံး ခဲ့ရသဖြင့် ထိုက်ရွှီဂိုဏ်းချုပ်ကြီး အနေဖြင့် သူ့ကို လျှော့တွက်၍ မရတော့ပေ။

“ဂိုဏ်းချုပ်ကြီး... ဖုန်းဝူချန် ကျုပ်တို့ဆီ လာမယ့် အချိန်ကို စောင့်နေမယ့်အစား... ကျုပ်တို့က အရင် ခြေလှမ်းစပြီး တိုက်ခိုက် သင့်တယ်... ဒါမှ အဲ့ဒီကောင်လေး ကျင့်ကြံဖို့ အချိန် အလုံအလောက် မရမှာ... အင်ပါယာကလည်း ဒီအချိန်အထိ တိတ်ဆိတ် နေတုန်းပဲ... ဒီကောင်စုတ်လေးကို ဆက်ပြီး သန်မာခွင့် ပေးလိုက်ရင် နောက်ပိုင်း သူ့ကို သတ်ဖို့ ခက်ခဲ သွားလိမ့်မယ် နော်...” တတိယ အကြီးအကဲက အကြံပြု လိုက်သည်။ သူ၏ အိုမင်းသော မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်နေသည်။

ထိုက်ရွှီဂိုဏ်းချုပ်ကြီး၏ မျက်မှောင်များ ပိုမို ကြုတ်သွားသည်။ တတိယ အကြီးအကဲ၏ စကားများက အဓိပ္ပာယ် ရှိလှသည်။ ဖုန်းဝူချန်သည် ယန်ဟော်အင်ပါယာ၏ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံနှုန်းမှာ အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်လှသည်။ အကယ်၍ သူတို့ အခု မလှုပ်ရှား ခဲ့လျှင် ဖုန်းဝူချန် သန်မာ လာသည်နှင့် သူ့ကို မည်သူမျှ ရင်ဆိုင် နိုင်တော့မည် မဟုတ်ပေ။

အကယ်၍ ဖုန်းဝူချန်သာ ထျန်းယွမ်ဘုံသို့ အဆင့် ချိုးဖြတ် ဝင်ရောက် နိုင်ခဲ့လျှင် အင်ပါယာကြီး လေးခုတွင် သူ့ကို မည်သူမျှ ရင်ဆိုင် နိုင်တော့မည် မဟုတ်ပေ။ ဤအချက်ကို ထိုက်ရွှီဂိုဏ်းချုပ်ကြီးက မျက်ကွယ် ပြုထား၍ မဖြစ်နိုင်။

ခေတ္တ ရပ်နားပြီးနောက် တတိယ အကြီးအကဲက ဆက်လက် ပြောသည်။ “ဂိုဏ်းချုပ်ကြီး... ဖုန်းဝူချန်ရဲ့ အရည်အချင်းကို မမေ့ပါနဲ့... သူက ပဉ္စမအလွှာ အတွေးဖြင့် ပုံဖော်ခြင်း လက်နက်ပညာရှင် တစ်ယောက်... အချိန်မရွေး ဝိညာဉ်လက်နက်တွေကို သန့်စင် နိုင်တယ်... ပြီးတော့ ယွင်ကျိုးနယ်ရဲ့ အရှင်သခင်လည်း ဖြစ်တယ်... သူ့ကို မြန်မြန် ရှင်းပစ် နိုင်လေ ကျုပ်တို့အတွက် ပိုကောင်းလေပဲ...”

“ဖုန်းဝူချန်...” ထိုက်ရွှီဂိုဏ်းချုပ်ကြီး၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ လင်းလက် သွားသည်။

“ဂိုဏ်းချုပ်ကြီး... ကျွန်တော် အကြီးအကဲချုပ်နဲ့ အတူ ဖုန်းဝူချန်ရဲ့ စွမ်းအားကို သွားစမ်းသပ် ပါ့မယ်... အခွင့်အရေး ရတာနဲ့ သူ့ကို သေချာပေါက် သတ်ခဲ့ပါ့မယ်...” ကာကွယ်စောင့်ရှောက်သူက သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ဖြင့် တာဝန်ယူ လိုက်သည်။

ဖုန်းဝူချန်တွင် ထျန်းယွမ်ဘုံ ပထမအလွှာကို သတ်ဖြတ် နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအား ရှိနေလျက်ပင် ထိုက်ရွှီဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူက ဤမျှ ယုံကြည်မှု ရှိနေသည်။ သူကိုယ်တိုင်လည်း ထျန်းယွမ်ဘုံ၏ စွမ်းအားကို ပိုင်ဆိုင် ထားလေ သလား။

“သူ့ကို ပေါ့ပေါ့ဆဆ သဘောမထားနဲ့...” ထိုက်ရွှီဂိုဏ်းချုပ်ကြီးက ခေါင်းညိတ် လိုက်ပြီး လေးနက်စွာ ဆိုသည်။ “လေကျန့်ဖုန်းက ခုထိ ဘာမှ မလှုပ်ရှား သေးဘူး... အခွင့်အရေး အကောင်းဆုံးကို စောင့်နေပုံပဲ... ထိုက်ရွှီဂိုဏ်းနဲ့ ဖုန်းဝူချန်ကြားက တိုက်ပွဲက သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လိမ့်မယ်...”

ရွှေယွဲ့ ဧကရာဇ်သည် ဖုန်းဝူချန်၏ ကြီးထွား လာမှုကို အမြဲ စိုးရိမ် နေခဲ့သည်။ ရွှေယွဲ့အင်ပါယာကို ခြိမ်းခြောက် လာမည်ကို ကြောက်ရွံ့ နေရပြီး ၊ ကိုးထပ် ချန်ခွင်း မျှော်စင်ကို ရယူရန်လည်း၊ ဖုန်းဝူချန်ကို ဖယ်ရှား လိုနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ယခင်တစ်ကြိမ် ယန်ဟော်အင်ပါယာမှ ပြန်လာပြီး နောက်တွင် ရွှေယွဲ့ ဧကရာဇ်က ဖုန်းဝူချန်ကို အမြန်ဆုံး သတ်ဖြတ်ရန် အမိန့်ပေး ခဲ့သည်။ သို့သော် ယခု အချိန်အထိ တိတ်ဆိတ် နေသည်မှာ ဖုန်းဝူချန်ကို ကြောက်ရွံ့ နေ၍လား၊ သို့တည်းမဟုတ် အခြား အကြောင်းပြချက် တစ်ခုခု ရှိနေ၍လား မသေချာပေ။

ကာကွယ်စောင့်ရှောက်သူက လေးနက်သော အသံဖြင့် ပြောသည်။

“ဘာပဲ ဖြစ်ဖြစ်... ဖုန်းဝူချန်ကတော့ သေရမယ်...”

... ... ...

ရွှေယွဲ့အင်ပါယာ၏ နန်းတော်၊

ဖုန်းဝူချန်၏ ဟွမ်ယွမ်ဂိုဏ်းကို ချေမှုန်း ခဲ့သည့် သတင်းသည် လေကျန့်ဖုန်း၏ နားထဲသို့ ရောက်ရှိ သွားခဲ့ပြီ။

လေကျန့်ဖုန်း တုန်လှုပ် သွားသည်။ တုန်လှုပ် သွားခြင်းမှ လွဲ၍ အခြား မည်သို့မျှ မခံစားရပေ။

နန်းတော် အတွင်း၌ မှူးမတ် များစွာတို့ မှင်တက် နေကြပြီး သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေသည်။

“ဖုန်းဝူချန်က... သူက နောက်ထပ် ထျန်းယွမ်ဘုံ တစ်ယောက်ကို သတ်... သတ်လိုက် ပြန်ပြီလား...” ခန်းမဆောင်ကြီး အတွင်း၌ လေကျွယ်၏ မျက်နှာသည် တုန်လှုပ်မှုကြောင့် ဖြူဖျော့ နေသည်။ သူ၏ မျက်လုံးများ ပြူးကျယ်လျက် ပါးစပ် အဟောင်းသား ဖြစ်နေ၏။

လေကျွယ်က ကြောင်ငေးငေးဖြင့် ခေါင်းခါ လိုက်ပြီး ပြောသည်။ “ဖုန်းဝူချန်ရဲ့ စွမ်းအားက တကယ်တမ်း ဘယ်အဆင့်ကို ရောက်သွားပြီလဲ...”

“သူက ယွမ်တန်ဘုံ အဋ္ဌမအလွှာကို အဆင့် ချိုးဖြတ် ပြီးလောက်ပြီလို့ ကျွန်တော်မျိုး တွေးမိတယ်... ဟွမ်ယွမ်ဂိုဏ်းနဲ့ ကျီးရှင်းဂိုဏ်းက စွမ်းအား ချင်း တူတူလောက်ပဲ... ဖုန်းဝူချန်က ကျီးရှင်းဂိုဏ်းကို ချေမှုန်း နိုင်ခဲ့ရင် ဟွမ်ယွမ်ဂိုဏ်းကိုလည်း ချေမှုန်း နိုင်တာ သဘာဝ ကျပါတယ်..မင်းသား..” နန်းတွင်းအကြံပေးက လေးနက်စွာ ပြောသည်။

“ပထမ ကျီးရှင်းဂိုဏ်း... ပြီးတော့ ဟွမ်ယွမ်ဂိုဏ်း... နောက်ဆုံး တစ်ခုက ငါတို့ အင်ပါယာရဲ့ ထိုက်ရွှီဂိုဏ်းပဲ ဖြစ်လိမ့်မယ်... အဲ့ဒီကောင်လေး ဖုန်းဝူချန်က ထိုက်ရွှီဂိုဏ်းကို ဘယ်အချိန် ရှင်းပစ်ဖို့ စီစဉ် နေလဲ မသိဘူး...” လေကျန့်ဖုန်းက မည်းမှောင်သော ဒေါသ လေသံဖြင့် ပြောသည်။

“ထိုက်ရွှီဂိုဏ်းက ငါတို့ အင်ပါယာရဲ့ အသန်မာဆုံး ဂိုဏ်းပဲ... ဖုန်းဝူချန်က ချေမှုန်းမယ် ပြောတိုင်း ချေမှုန်း ခံရအောင် ကျွန်တော်မျိုးတို့က ဘယ်လိုလုပ် ခွင့်ပြု နိုင်မှာလဲ...” စစ်သူကြီးချုပ်က ဒေါသတကြီး ပြောသည်။

ထိုအခိုက်၊ လေကျန့်ဖုန်းက အမိန့်ပေး လိုက်သည်။

“စစ်သူကြီးချုပ်... ထိုက်ရွှီဂိုဏ်းကို ချက်ချင်း သွားပါ... ငါ့ရဲ့ တော်ဝင် အမိန့်ကို ယူသွားပြီး ထိုက်ရွှီဂိုဏ်းချုပ်ကြီးကို နန်းတော်ကို လာဖို့ ပြောပါ...ဒီဘုရင် သူနဲ့ အရေးကြီး ကိစ္စတွေ ဆွေးနွေးစရာ ရှိတယ်လို့ ပြောလိုက်...”

“အမိန့်တော် အတိုင်းပါ ၊မင်းကြီး...” စစ်သူကြီးချုပ်က ရိုသေစွာ အမိန့်ကို လက်ခံ လိုက်သည်။

... ... ...

နိုင်ငံ အသီးသီးတွင် တုန်လှုပ်မှုနှင့် အံ့ဩမှုများ ဂယက်ရိုက်နေစဉ်မှာပင် နောက်ထပ် လောက တုန်ခါ လောက်သော သတင်း တစ်ပုဒ်သည် အင်ပါယာကြီး လေးခုကို နောက်တစ်ကြိမ် ထပ်မံ လှုပ်ခတ် သွားစေသည်။

ထိုသတင်းတွင် ဖော်ပြ ထားသည်မှာ ဖုန်းဝူချန် ချေမှုန်းရန် ရည်ရွယ် ထားသော နောက်ထပ် အင်အားစုမှာ ထိုက်ရွှီဂိုဏ်း ဖြစ်သည်ဟု ဆို၏။

ထိုသတင်းသည် လုံးဝ အမှန်အကန် ဖြစ်ပြီး ပြိုင်ဘက်ကင်းမြို့ရှိ ဖုန်းမိသားစုထံမှ ထွက်ပေါ် လာခြင်း ဖြစ်သည်။ ၎င်းမှာ ဖုန်းဝူချန် ကိုယ်တိုင် ပြောကြား ခဲ့သည်ဟု ဆိုသည်။

သတင်း ပျံ့လွင့် သွားပြီးနောက် နိုင်ငံ အားလုံး တုန်လှုပ် သွားကြပြီး အင်အားစု အကြီးအသေး အားလုံး အလွန်အမင်း တုန်လှုပ် သွားကြသည်။

ဖုန်းဝူချန်က ဟွမ်ယွမ်ဂိုဏ်းကို ချေမှုန်းပြီး ခါစတွင်ပင် နောက်ထပ် သူ ချေမှုန်းမည့် အင်အားစုမှာ ထိုက်ရွှီဂိုဏ်း ဖြစ်ကြောင်း မောက်မာစွာ ကြေညာ လိုက်သည်လား။

ထိုက်ရွှီဂိုဏ်းသည် ရွှေယွဲ့အင်ပါယာ၏ အသန်မာဆုံး ဂိုဏ်း ဖြစ်သည်။ ၎င်း၏ ဂိုဏ်းချုပ်ကြီးမှာ ထျန်းယွမ်ဘုံ ဒုတိယအလွှာသို့ ရောက်ရှိ နေပြီ ဖြစ်ပြီး ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင် ထားသည်။ ထိုက်ရွှီဂိုဏ်းကို အင်ပါယာကြီး လေးခုတွင် အသန်မာဆုံး အဖြစ် သတ်မှတ် ထားကြပြီး အခြား မည်သည့် အင်အားစုမျှ ၎င်းကို ယှဉ်ပြိုင် နိုင်စွမ်း မရှိပေ။

ထို့ကြောင့် နိုင်ငံ အသီးသီးမှ အဓိက အင်အားစုများ၏ အင်အားကြီး ပုဂ္ဂိုလ်များ အားလုံးက ဖုန်းဝူချန်သည် အလွန် မောက်မာ လွန်းသည်၊ အလွန် ပေါ့ဆ လွန်းသည်၊ ထိုက်ရွှီဂိုဏ်းကိုပင် သူ၏ မျက်စိထဲတွင် ထည့်မထားဟု ခံစား လိုက်ကြရသည်။

ထိုက်ရွှီဂိုဏ်းက ဤသတင်းကို ကြားသိ သွားသောအခါ ၎င်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ မိုးကြိုး ပစ်ခံရသလို ဒေါသ ထွက်သွား ကြသည်။ ဂိုဏ်းအတွင်းမှ တပည့်များမှာလည်း ဒေါသကြောင့် မျက်နှာများ နီမြန်း နေကြပြီး အားလုံးက ဖုန်းဝူချန်ကို သတ်ပစ်ရန် ဟစ်ကြွေး နေကြသည်။

ဖုန်းဝူချန်နှင့် ထိုက်ရွှီဂိုဏ်းကြားမှ ပဋိပက္ခသည် မမြင်နိုင်သော ပုံစံဖြင့် ပိုမို ဆိုးရွား လာသည်မှာ သံသယ ဖြစ်ဖွယ် မရှိ။

အချိန် အတော်ကြာအောင် အင်ပါယာကြီး လေးခုမှ အင်အားစု အကြီးအသေး အားလုံးက ဖုန်းဝူချန်သည် ထိုက်ရွှီဂိုဏ်းကို တိုက်ခိုက်ရန် ဘယ်အချိန် စစ်အင်အား စုစည်း မည်ကို ခန့်မှန်း နေကြသည်။ သူ လှုပ်ရှားရန် နောက်ထပ် တစ်လ ကြာဦးမည်လား။

ဖုန်းဝူချန်က တစ်လလျှင် အဓိက အင်အားစု တစ်ခုကို ချေမှုန်း နေခြင်းဖြင့် လူများစွာက သူသည် တစ်လကြာ ပြီးနောက် ထိုက်ရွှီဂိုဏ်းကို တိုက်ခိုက် မည်လားဟု ခန့်မှန်း နေကြသည်။

သတင်း တစ်ပုဒ်တည်းက အင်ပါယာကြီး လေးခုကို တုန်လှုပ် သွားစေပြီး အားလုံးကို မှောက်ခုံ လန်သွား စေမတတ်ပင်။

... ... ...

ထျန်းဝူအင်ပါယာ၏ နန်းတော်။

သတင်းကို လက်ခံ ရရှိသည်နှင့် သွမ့်ထျန်းဟွမ်၏ မျက်နှာသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက် သွားသည်။

“အဲ့ဒီကောင်လေး ဖုန်းဝူချန် ရူးသွားပြီလား...”

သွမ့်ထျန်းဟွမ်က ရုတ်တရက် မတ်တပ် ထရပ် လိုက်ပြီး ပြောသည်။

“ထိုက်ရွှီဂိုဏ်းမှာ ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအား ရှိနေတာကို သူက တကယ် ချေမှုန်းပစ်ဖို့ ယုံကြည်မှု ရှိနေတာလား...”

“ဆရာမှာ ယုံကြည်မှု ရှိမရှိတော့ ကျွန်တော်မျိုး မသိဘူး... ဒါပေမဲ့ ရွှေယွဲ့ ဧကရာဇ်ကတော့ ဒီအခွင့်အရေးကို အသုံးချပြီး ဝင်စွက်ဖက်မှာ သေချာတယ်... ရွှေယွဲ့ ဧကရာဇ်နဲ့ ထိုက်ရွှီဂိုဏ်းချုပ်တို့ ပူးပေါင်း သွားမှာကိုပဲ စိုးရိမ်မိပါတယ် မင်းကြီး...” ယန်ထျန်းရှန်က မျက်မှောင်ကြုတ်လျက် ပြောသည်။

စစ်ထူကျန့်ထျန်းက လေးနက်စွာ ဆိုသည်။ “နန်းတွင်းအကြံပေးရဲ့ စကားက လုံးဝ မှန်ပါတယ်... ဒါ့အပြင် ကျွန်တော်မျိုးတို့ ဆရာက လူမိုက် တစ်ယောက် မဟုတ်ဘူး... သူ မသေချာတဲ့ ကိစ္စတွေကို ပေါ့ပေါ့ဆဆ ပြောမှာ မဟုတ်ဘူး... အထူးသဖြင့် ဆရာက ထိုက်ရွှီဂိုဏ်းကို ဘယ်အချိန် တိုက်ခိုက်မယ် ဆိုတာ အတိအကျ မပြောထားပါဘူး... အရှင် စိုးရိမ်ဖို့ မလိုပါဘူး...”

ထိုအခါ..သွမ့်ထျန်းဟွမ်က သူ၏ စိုးရိမ်မှုကို ထုတ်ဖော် ပြောလိုက်သည်။

“ဒီဘုရင် စိုးရိမ်တာက ဒါ မဟုတ်ဘူး... ပြိုင်ဘက်ကင်းမြို့ကို ချက်ချင်း ထွက်ခွာ ကြ... ဖုန်းဝူချန် ..အန္တရာယ် ကျရောက် နေမှာကိုပဲ ဒီဘုရင် ပူမိတာ...”

“အန္တရာယ်...”

ယန်ထျန်းရှန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲ သွားသည်။

ထိုအခါ သွမ့်ထျန်းဟွမ်က လေးနက်စွာ ပြောသည်။ “ရန်သူက အင်အား ကြီးမှန်း သိလျက်နဲ့ မင်းတို့က သူတို့ကို ပြင်ဆင်ဖို့ အချိန် ပေးမှာလား... ဖုန်းဝူချန်က ထိုက်ရွှီဂိုဏ်းကို ချေမှုန်းမယ့် သတင်းကို ဖြန့်လိုက်တာ... ထိုက်ရွှီဂိုဏ်းက ဖုန်းဝူချန်ကို ကျင့်ကြံဖို့ အချိန် ပေးလိမ့်မယ် ထင်လို့လား...”

“ထိုက်ရွှီဂိုဏ်းချုပ်က လွဲရင် တခြား ဘယ်သူက စစ်သူကြီးချုပ်ကို ယှဉ်နိုင်မှာလဲ မင်းကြီး...” အဆင့်မြင့် အရာရှိ တစ်ဦးက သံသယဖြင့် မေးလိုက်သည်။

သွမ့်ထျန်းဟွမ်၏ မျက်နှာအမူအရာသည် တင်းမာ သွားသည်။ “အကယ်၍ ရွှေယွဲ့အင်ပါယာနဲ့ ထိုက်ရွှီဂိုဏ်းတို့ လက်တွဲ လိုက်ရင်ရော...”

ဤစကားကို ကြားသောအခါ ယန်ထျန်းရှန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ နောက်တစ်ကြိမ် ပြောင်းလဲ သွားပြန်သည်။ အကယ်၍ ရွှေယွဲ့အင်ပါယာနှင့် ထိုက်ရွှီဂိုဏ်းတို့ ပူးပေါင်း လိုက်ပါက သူတို့၏ စွမ်းအားသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသွား ပေလိမ့်မည်။

ယန်ထျန်းရှန်၊ စစ်ထူကျန့်ထျန်းနှင့် ယဲ့ချန်းချုံးတို့သည် ပြိုင်ဘက်ကင်းမြို့သို့ ချက်ချင်း ထွက်ခွာ သွားကြသည်။ အနည်းငယ်မျှပင် နှောင့်နှေး မနေရဲ ကြတော့ပေ။

ရွှေယွဲ့အင်ပါယာ၏ နန်းတော် မိသားစုနှင့် ထိုက်ရွှီဂိုဏ်းသည် သာမန် အခြေအနေများတွင် ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိနိုင် သော်လည်း အကျပ်အတည်းနှင့် ရင်ဆိုင် ရသောအခါ သူတို့သည် အင်ပါယာ တစ်ခုတည်းမှ လူများ ဖြစ်နေဆဲပင်။ သူတို့ ပူးပေါင်း သွားမည် မသွားမည်ကို မည်သူ သိနိုင်မည်နည်း။

သွမ့်ထျန်းဟွမ်၏ စိုးရိမ်မှုများတွင် သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေသည်မှာ သဘာဝ ကျပါသည်။

ဖုန်းဝူချန်သည် အင်အား ကြီးမားလှပြီး ထျန်းယွမ်ဘုံ ပထမအလွှာကိုပင် သတ်ဖြတ် နိုင်စွမ်း ရှိသည်။ သူသည် အစွမ်းထက်သော တစ်ပိုင်း အဆင့် အင်မော်တယ် လက်နက်ကိုလည်း ပိုင်ဆိုင် ထားသည်။ ယုတ္တိတန်တန် ဆိုရလျှင် သွမ့်ထျန်းဟွမ်သည် ဖုန်းဝူချန်၏ ဘေးကင်းရေး အတွက် စိုးရိမ် နေစရာ မလိုပေ။

ဤအရာ အားလုံးက အဘယ်နည်း။ သွမ့်ထျန်းဟွမ်က အခြား ဘာများ သိထား သေးသနည်း။

ဤအရာ အားလုံးကို ဖုန်းဝူချန် လုံးဝ သိရှိခြင်း မရှိပေ။

ဤအခိုက်အတန့်တွင် ဖုန်းဝူချန်သည် ကျင့်ကြံ နေဆဲ ဖြစ်သည်။ သူသည် ထျန်းယွမ်ဘုံသို့ အမြန်ဆုံး အဆင့် ချိုးဖြတ် ဝင်ရောက် နိုင်ရန် မျှော်လင့် နေသည်။

ဖုန်းဝူချန်သာ ထျန်းယွမ်ဘုံသို့ အဆင့် ချိုးဖြတ် ဝင်ရောက် နိုင်ခဲ့သည်နှင့် သူသည် ရွှေယွဲ့အင်ပါယာနှင့် ထိုက်ရွှီဂိုဏ်းကို အချိန်မရွေး စိန်ခေါ် နိုင်တော့မည် ဖြစ်သည်။ ထိုက်ရွှီဂိုဏ်းကို ချေမှုန်းခြင်းသည် လက်ဖဝါးကို လှန်လိုက် သကဲ့သို့ လွယ်ကူ သွားပေလိမ့်မည်။

All Chapters