အစွမ်းကုန် ထုတ်သုံးခြင်း
Vol. 15 Ch. 216
~ဖုန်းဝူချန်သည် မြေကမ္ဘာအဆင့် ဓားသိုင်းအား ဖော်ဆောင် လိုက်ရာ ၎င်း၏ စွမ်းအားမှာ လုံးဝ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှု အောက်တွင် မုရုန်ထျန်းလီပင်လျှင် ထျန်းယွမ်ဘုံ ဒုတိယအလွှာ၏ စွမ်းအားကို ထုတ်သုံး နိုင်ခြင်း မရှိခဲ့ပေ။
ဖုန်းဝူချန်သည် အထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားနှင့် သူ၏ သွေးမျိုးဆက် စွမ်းအားကို နှိုးဆော် လိုက်သည်။ ချီလင် ချပ်ဝတ်ဝတ်စုံနှင့် အထွတ်အထိပ် နဂါးနတ်ဘုရားဓားတို့နှင့် အတူ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် ထျန်းယွမ်ဘုံ ပထမအလွှာနှင့် အမှန်တကယ် နှိုင်းယှဉ် နိုင်စွမ်း ရှိသည်။
ယခုမူ မုရုန်ထျန်းလီက ဖုန်းဝူချန်၏ ဓားစွမ်းအင်ကို လွယ်ကူစွာ လမ်းကြောင်း ပြန်လွှဲ လိုက်နိုင်သည်။
ကိုးထပ် ချန်ခွင်း မျှော်စင်၏ တည်ရှိမှုသည် မုရုန်ထျန်းလီကို လုံးဝ ဖိနှိပ် နိုင်စွမ်း မရှိသကဲ့သို့ပင်။
ဤ လှုပ်ရှားမှု တစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် မုရုန်ထျန်းလီ၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့ နိုင်ပေသည်။
“ဝှစ်...”
"ဝီ...."
ကြောက်မက်ဖွယ် ဓားစွမ်းအင်သည် ခြိမ်းခြောက်မှု အပြည့်ပါသော အရှိန်အဟုန်ဖြင့် ပြန်လည် ကျဆင်း လာသည်။ လေဟာနယ်ကို ပြင်းထန်စွာ တုန်ခါ သွားစေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ဖုန်းဝူချန်သည် ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်တိမ်း လိုက်သည်။ ဓားစွမ်းအင်က လွဲချော် ပျံသန်း သွား၏။ ၎င်း ကျဆင်း သွားရာ လမ်းကြောင်းတွင် တောင်တစ်လုံးကို ထိမှန် သွားပြီး တဂျုန်းဂျုန်း အသံများ ထွက်ပေါ် လာသည်။ မြေပြင်မှာ သိိမ့်ခါသွားပြီး တောင်ထိပ်ကြီးမှာ ဧရာမ တွင်းနက်ကြီး အသွင် ဘဝကူးကာ ဧရာမ ကျောက်တုံးကြီးများ လိမ့်ဆင်း ကျလာသည်။
“ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန် လှန်တာလား...”
ဖုန်းဝူချန် မျက်မှောင်ကြုတ် လိုက်ပြီး ပြောလိုက်သည်။
“တကယ် ထူးကဲတဲ့ သိုင်းပညာပဲ... ထိုက်ရွှီဂိုဏ်းချုပ်ကြီး ဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်ပါတယ်... တကယ်ပဲ အစွမ်းထက် လှတယ်...”
ထိုသို့ ပြောပြီးသည်နှင့် ဖုန်းဝူချန်၏ အတွေးများ အမြန် ခုတ်မောင်း သွားသည်။ သူ၏ စေ့ဆော်မှုနှင့်အတူ၊ ဧရာမ မျှော်စင်ကြီးသည် ချားရဟတ်နှယ် လည်ပတ် သွား၏။ သူ့လက်ကို အားကုန် ဆွဲချလိုက်ရာ ကိုးထပ် ချန်ခွင်း မျှော်စင်သည် မုရုန်ထျန်းလီထံသို့ ထိုးစိုက် ဦးတည်သွားတော့သည်။
“ဘုန်း...”
"ဝီ...."
မုရုန်ထျန်းလီ လက်တစ်ဖက် မြှောက် လိုက်သည်။ လက်ဖဝါးကို အထက်သို့ မျက်နှာမူ ထားပြီး ကြောက်မက်ဖွယ် စွမ်းအား တစ်ခုဖြင့် နေရာလပ်ကို ဖြည့်တင်း လိုက်သည်။ ၎င်းက ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ရှေ့သို့ ဆောင့်တက် သွား၏။ ဤ ကြောက်မက်ဖွယ် စွမ်းအား လည်ပတ်သွားပြီး မုရုန်ထျန်းလီသည် မျှော်စင်၏ တိုက်ခိုက်မှုကို လွယ်ကူစွာ တားဆီး လိုက်သည်။ သူ တစ်လက်မမျှပင် ရွေ့လျား သွားခြင်း မရှိချေ။
‘ဒီအဘိုးကြီးရဲ့ စွမ်းအားက သန်မာလွန်းတယ်... ငါတို့ကြားက ကွာဟချက်က ကြီးလွန်းနေတာ... မျှော်စင်ရဲ့ ဖိနှိပ်မှု စွမ်းအားက သူ့အပေါ်မှာ သိပ် အကျိုးသက်ရောက်မှု မရှိဘူး...’ ဖုန်းဝူချန်က စိတ်ထဲတွင် တွေးလိုက်သည်။ ဒါကြောင့်ပင် မုရုန်ထျန်းလီက ဖုန်းဝူချန်၏ ဓားစွမ်းအင်ကို ဤမျှ လွယ်ကူစွာ လမ်းကြောင်းလွှဲ နိုင်ခဲ့ခြင်း ဖြစ်သည်။
မုရုန်ထျန်းလီ၏ ကျင့်ကြံမှုက အလွန် သန်မာ လွန်းသည်။ ဤမျှ ကွာဟချက် ကြီးမား နေသဖြင့် ကိုးထပ် ချန်ခွင်း မျှော်စင်က သူ့ကို မလွဲမသွေပင် ဖိနှိပ် မထားနိုင်ပေ။
ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှု အောက်တွင် ရှိနေသည့်တိုင် မုရုန်ထျန်းလီ၏ စွမ်းအားသည် ထျန်းယွမ်ဘုံ ပထမအလွှာ အထက်တွင် ရှိနေဆဲ ဖြစ်သည်။
မုရုန်ထျန်းလီက တစ်ချိန်က ပြောခဲ့ဖူးသည်။ ဖုန်းဝူချန်သာ ထျန်းယွမ်ဘုံသို့ အဆင့် ချိုးဖြတ် ဝင်ရောက်ခြင်း မရှိသေးသ၍ ထိုက်ရွှီဂိုဏ်းကို သူက မည်သည့် ခြိမ်းခြောက်မှုမျှ ပေးနိုင်မည် မဟုတ်ဟူ၍ပင်။
“ဖုန်းဝူချန်... မင်းရဲ့ ယွမ်တန်ဘုံ နဝမအလွှာ ကျင့်ကြံမှုနဲ့... ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအား ရောက်နေတာ တကယ့်ကို အထင်ကြီးစရာပဲ... ထျန်းယွမ်ဘုံ အောက်မှာတော့ မင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ နိုင်တယ်... ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်... မင်းက ထျန်းယွမ်ဘုံ အဆင့် မဟုတ်သေးဘူး...”
မုရုန်ထျန်းလီက အေးစက်စွာ ရေရွတ်လိုက်သည်။ သူ၏ စကားလုံးများတွင် မာနနှင့် မထီမဲ့မြင် ပြုမှု အရိပ်အယောင် အနည်းငယ် ပါဝင် နေပြီး သူ၏ အိုမင်းသော မျက်လုံးများက ဖုန်းဝူချန်ကို စူးစိုက် ကြည့်နေသည်။
ဖုန်းဝူချန်၏ စွမ်းအား မည်မျှပင် သန်မာ နေပါစေ၊ မုရုန်ထျန်းလီကို မကျော်လွှား နိုင်ပေ။ ထို့ကြောင့် မလွဲမသွေပင်၊ မုရုန်ထျန်းလီက ဖုန်းဝူချန်ကို အလေးအနက် ထားမည် မဟုတ်။
“ဒါဆို ခင်ဗျား ထင်တာက ကျုပ်ရဲ့ စွမ်းအားက မလုံလောက်ဘူး... ဒါမှမဟုတ် အမြန်နှုန်းက မမီဘူး... ဒီလိုလား...”
ဖုန်းဝူချန်က အေးစက်စွာ ပြုံးရင်း မေးလိုက်သည်။ ပြောဆိုနေစဉ်မှာပင် သူက ကြောက်မက်ဖွယ် စွမ်းအားများကို အထွတ်အထိပ် နဂါးနတ်ဘုရားဓား အတွင်းသို့ ထပ်မံ ထည့်သွင်း လိုက်ရာ မျက်စိ ကျိန်းလောက်သော သွေးရောင် အလင်းသည် နောက်တစ်ကြိမ် ဖြာထွက် သွားသည်။
ဤစကားကို ကြားသောအခါ မုရုန်ထျန်းလီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုး သွားသည်။ ဖုန်းဝူချန်၏ မေးခွန်းကို ရင်ဆိုင် ရသောအခါ သူ အမှန်တကယ်ပင် မည်သို့ ပြန်ဖြေ ရမည်ကို မသိ ဖြစ်သွားသည်။
ဖုန်းဝူချန်၏ စွမ်းအားက ထပ်တိုး လာဦးမည်လား။ မုရုန်ထျန်းလီ မသေချာ နိုင်ခဲ့ပေ။
"ဝုန်း..."
ဖုန်းဝူချန်က လွှမ်းမိုး နိုင်သော စွမ်းအားကို အထွတ်အထိပ် နဂါးနတ်ဘုရားဓား အတွင်းသို့ သွင်းလိုက်သည်နှင့် လှိုင်းထန် နေသော ကြီးမားသည့် စွမ်းအားများ လိမ့်ထွက် လာသည်။
အသက်ရှူ မှားစေ လောက်ပြီး ခြိမ်းခြောက်မှု အပြည့်ပါသော တည်ရှိမှုဖြင့် ပြည့်နှက် နေကာ စိုးရိမ် ပူပန်မှုကို ဖြစ်စေသည်။
သို့သော် ဖုန်းဝူချန်သည် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို အထွတ်အထိပ် နဂါးနတ်ဘုရားဓား အတွင်းသို့ သိုင်းပညာ တစ်ခု ထုတ်ဖော်ရန် ထည့်သွင်း နေခြင်း မဟုတ်ပေ။
ဓားစိတ်ဆန္ဒ၏ အရိပ်အယောင် လုံးဝ မရှိ။ ကြောက်မက်ဖွယ် ချီစွမ်းအင် တည်ရှိမှု သက်သက်သာ ရှိနေသည်။
“မြေကမ္ဘာအဆင့် သိုင်းပညာ...”
မုရုန်ထျန်းလီ မျက်မှောင်ကြုတ် လိုက်သည်။ ဖုန်းဝူချန် စုဆောင်း နေသော စွမ်းအားနှင့် သူ ထုတ်ဖော်မည့် သိုင်းပညာသည် အလွန် အစွမ်းထက် လှပြီး သူ့စိတ်ထဲတွင် စိုးရိမ်မှု တစ်စကို ဖြစ်ပေါ် စေသည်။
မုရုန်ထျန်းလီ ထူးဆန်း နေမိသည်။ အင်ပါယာကြီး လေးခုတွင် မည်သည့် မြေကမ္ဘာအဆင့် သိုင်းပညာမှ မရှိပေ။ သို့ဖြစ်ရာ ဖုန်းဝူချန်က ဒီလောက် များပြားသော သိုင်းပညာများကို ဘယ်က ရခဲ့သနည်း။
အထွတ်အထိပ် နဂါးနတ်ဘုရားဓားမှ ထွက်ပေါ် လာသော စွမ်းအားသည် တဖြည်းဖြည်း ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ ဓားသွားပေါ်ရှိ သွေးရောင် အလင်းတန်းများ တဖျပ်ဖျပ် လင်းလက် နေပုံမှာ အဖျက်စွမ်းအား ချီများဖြင့် ပြည့်နှက် နေပြီး လွှမ်းမိုး နိုင်သော အရှိန်အဟုန် ရှိနေသည်။
ဖုန်းဝူချန် မည်သည့် သိုင်းပညာကို ထုတ်ဖော် သုံးစွဲမည်ကို မည်သူမျှ မသိကြပေ။ သို့သော် တစ်ခု သေချာသည်မှာ... ၎င်းသည် အလွန်အမင်း မြင့်မားလိမ့်မည် ဖြစ်သည်။
‘စွမ်းအား အားလုံးကို တစ်နေရာတည်းမှာ စုစည်း ထားတယ်... ပြီးတော့ ဒါက မြေကမ္ဘာအဆင့် သိုင်းပညာ ဆိုတာကို ထည့်တွက် ရင်... လျှော့တွက်လို့ မဖြစ်ဘူး...’ မုရုန်ထျန်းလီက အထွတ်အထိပ် နဂါးနတ်ဘုရားဓားအား ရည်ညွှန်းကာ တိတ်တဆိတ် ဆင်ခြင်လိုက်သည်။
“စစ်သူကြီးချုပ် ဘာ သိုင်းပညာ သုံးတော့မလို့လဲ... ငါ ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး...”
ဟု ချောင်းရှန်က အံ့ဩတကြီး ရေရွတ် လိုက်သည်။
ဟွမ်ယန်ကလည်း ဖုန်းဝူချန်ကို ထိတ်လန့်တကြား ကြည့်ရင်း ခေါင်းခါကာ အော်ဟစ် လိုက်သည်။
“ငါလည်း မမြင်ဖူးဘူး... ဒီစွမ်းအားက ဓားစွမ်းအင်ထက်တောင် ပို ကြောက်စရာ ကောင်းတယ် နော်..”
လူတိုင်းသည် ဖုန်းဝူချန် အသုံးပြုရန် ပြင်ဆင် နေသော သိုင်းပညာကို သိချင် နေကြသည်။
“မုရုန်ထျန်းလီရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်... ဗိမာန်သခင် တကယ် သူ့ကို နိုင်ပါ့မလား... အဲ့ဒီ အဘိုးကြီးက အစွမ်းကုန် ထုတ်မသုံး သေးတာ သေချာတယ်...”
ထိုသို့ သွမ့်ထျန်းဖုန်းက စိုးရိမ်မှု အချို့ဖြင့် ထုတ်ဖော် ပြောလိုက်သည်။
ထိုစဥ်…
“မြေကမ္ဘာအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...”
…ပြင်းထန်သော တိုက်ပွဲဆင့်ခေါ်သံနှင့် အတူ အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ကိုင်ဆောင် ထားသော ဖုန်းဝူချန်သည် ရုတ်တရက် မျက်စိ ရှေ့မှ ပျောက်ကွယ် သွား လေသည်။
ဖုန်းဝူချန် ပြန်ပေါ် လာသောအခါ သူသည် မုရုန်ထျန်းလီ၏ ရှေ့ (၀.၅) မီတာ အကွာသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
“နဂါးနတ်ဘုရား ထိုးနှက်ချက်…”
သူ၏ ဟိန်းဟောက်သံ လေထုတွင်း ထပ်မံ ထွက်ပေါ် လာသည်နှင့် သူက အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ပြင်းစွာသော အဟုန်ဖြင့် ရှေ့သို့ ထိုးစိုက် လိုက်ပြီး ဖြစ်သည်။
မုရုန်ထျန်းလီ၏ မျက်နှာမှ သွေးများ ဆုတ်ယုတ် သွားသည်။ ရုတ်တရက် ဖြစ်ပျက်သော အဖြစ်အပျက်က သူ့ကို လုံးဝ အငိုက်မိ သွားစေသည်။
“ဒါ... လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းပဲ...”
လျိုချင်းယန်က အံ့ဩတကြီး အော်ဟစ် လိုက်သည်။
ချီဟွမ်က “လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းကို သုံးပြီး ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်တာ... ဗိမာန်သခင် ရဲ့ ဂုဏ်ပုဒ်က တကယ် ထိုက်တန် ပါပေတယ်...”ဟု တုန်လှုပ်စွာ အော်ဟစ် လိုက်သည်။
သိုင်းပညာ တစ်ခုကို ထုတ်ဖော်ရန် လျှပ်တပြက် နေရာ ရွှေ့ပြောင်း၍ အကွာအဝေးကို ချုံ့လိုက်ပြီး ရန်သူကို အငိုက် ဖမ်းလိုက်ခြင်း ဖြစ်လေသည်။
ဤ ရုတ်တရက် တိုက်ခိုက်မှုသာ ထိမှန် သွားပါက မုရုန်ထျန်းလီ အသက်ရှင်ရန် အခွင့်အလမ်း မရှိသည်မှာ သေချာသည်။
မုရုန်ထျန်းလီတွင် တုံ့ပြန်ရန် အချိန် မရှိတော့ပေ။ ဖုန်းဝူချန်၏ အထွတ်အထိပ် နဂါးနတ်ဘုရားဓား သူ့ထံ တိုးဝင် လာသည်ကို မြင်သောအခါ မုရုန်ထျန်းလီသည် သူ၏ အစစ်အမှန်ယွမ်ကို အလိုအလျောက် စုစည်း လိုက်ပြီး လက်ဝါးဖြင့် ခံဆောင် လိုက်သည်။
“ဘုန်း...”
“ဝှီး... ဝှီး...”
သူ၏ လက်ဝါးမှ ချီစွမ်းအင်သည် အထွတ်အထိပ် နဂါးနတ်ဘုရားဓား၏ စွမ်းအားနှင့် ထိခတ် မိသွားသည်။ မိုးကြိုးပစ်သံသဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေဟာနယ်ကို တုန်ခါ သွားစေသည်။ ထိတိုက် မိသည့် တခဏမှာပင် မုရုန်ထျန်းလီ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲ သွားသည်။ သူ၏ ခန္ဓာကိုယ်သည် အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် နောက်သို့ ပစ်လွင့်သွားသည်။
ဖုန်းဝူချန်၏ လှုပ်ရှားမှုသည် မုရုန်ထျန်းလီကို အမှန်တကယ် အငိုက် မိသွား စေခဲ့သည်။ သူ့ကို အလျင်အမြန် စွမ်းအား စုစည်း ခုခံစေ ခဲ့သော်လည်း ၎င်းမှာ ဖုန်းဝူချန်ကို ရင်ဆိုင်ရန် လုံးဝ မလုံလောက် ခဲ့ပေ။
သို့တိုင်၊ ဖုန်းဝူချန်၏ နဂါးနတ်ဘုရား ထိုးနှက်ချက်သည် အလွန် အစွမ်းထက်သောကြောင့်ဟု ဆိုရမည်။ ၎င်း၏ စွမ်းအားသည် ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာထက် မနိမ့်ကျပေ။
သို့သော် မုရုန်ထျန်းလီသည် ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင် ရှိနေပြီး နက်ရှိုင်းသော ကျင့်ကြံမှု ရှိနေသည်။ နဂါးနတ်ဘုရား ထိုးနှက်ချက်၏ စွမ်းအားနှင့်ပင် သူ့ကို ဒဏ်ရာ ရရှိအောင် မစွမ်းဆောင် နိုင်ခဲ့ပေ။
ထိုသို့ ဖြစ်လင့်ကစား ၎င်းက လူတိုင်းကို ပါးစပ် အဟောင်းသားဖြင့် တုန်လှုပ် မှင်တက် သွားစေသည်။
မုရုန်ထျန်းလီက မည်မျှ သန်မာလိုက်သနည်း။ ဤမျှ အစွမ်းထက်သော မြေကမ္ဘာအဆင့် သိုင်းပညာပင် သူ့ကို ဒဏ်ရာ မရရှိ စေနိုင်ခဲ့ပေ။
ထိုက်ရွှီဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖုန်းဝူချန်၏ လက်ချက်ဖြင့် လွင့်စင် ထွက်သွား ခဲ့သည်။ ဒဏ်ရာ မရရှိ ခဲ့လျှင်ပင် ဤသတင်းသာ ပေါက်ကြား သွားပါက အင်ပါယာကြီး လေးခု အနှံ့တွင် ပွက်လောရိုက်သွားစေမည်မှာ သေချာသည်။
တောင်ထိပ်တွင် ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ ကြောက်လန့်တကြား တုန်ယင် နေကြသည်။ မုရုန်ထျန်းလီ လွင့်ထွက် သွားသည်ကို မြင်လိုက်ရခြင်းက သူတို့၏ နှလုံးသားများကို ရင်ခေါင်းထဲမှ ခုန်ထွက် သွားစေ မတတ်ပင်။
အကယ်၍ မုရုန်ထျန်းလီသာ ရှုံးနိမ့် သွားပါက မိမိတို့၏ သေခြင်းမှာ သေချာ သလောက် ဖြစ်သွားမည် ဖြစ်ပြီး ထိုက်ရွှီဂိုဏ်းလည်း ကျိန်းသေ ကျဆုံး သွားပေလိမ့်မည် မဟုတ်ပါလော။
“သူ ဒဏ်ရာ မရဘူးလား...”
ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ အနည်းငယ် စိတ်ပျက် သွားမိသည်။
မီတာ ရာပေါင်းများစွာ အကွာတွင် မုရုန်ထျန်းလီ၏ မျက်နှာသည် အနည်းငယ် တင်းမာ နေသည်။ ဒဏ်ရာ မရရှိ ခဲ့သော်လည်း သူ၏ သွေးနှင့် ချီများသည် အတွင်း၌ ပြင်းထန်စွာ လှုပ်ခတ် နေသည်။
‘မြေကမ္ဘာအဆင့် သိုင်းပညာရဲ့ စွမ်းအားက အပြင်းစားပဲ ၊ အရင် ဓားချီထက်တောင် အားမနည်းဘူး... ဒီလူငယ်သာ ခုနက အားကုန် ထုတ်သုံး ခဲ့ရင်... ငါတောင် ဒဏ်ရာ ရသွား နိုင်တယ်...’ မုရုန်ထျန်းလီ မျက်မှောင်ကြုတ် လိုက်ပြီး တိတ်တဆိတ် တွေးမိလိုက်သည်။ သူ၏ လက်ဖဝါးမှ နာကျင်မှု တစ်ချက်ကို ခပ်ရေးရေး ခံစား လိုက်ရသည်။
မုရုန်ထျန်းလီ ဒဏ်ရာ မရရှိ ခဲ့ခြင်းက ချီဟွမ်နှင့် အခြားသူများကိုလည်း အနည်းငယ် စိတ်ပျက် သွားစေသည်။ ၎င်းက ဖုန်းဝူချန်နှင့် မုရုန်ထျန်းလီ ကြားတွင် သိသာထင်ရှားသော ကွာဟချက် ရှိနေဆဲ ဖြစ်ကြောင်း ဆိုလိုသည်။
မုရုန်ထျန်းလီက “ဖုန်းဝူချန်... မင်းရဲ့ အစွမ်းအကုန် ထုတ်သုံး လိုက်...”
ဟု အေးစက်စွာ ပြောလိုက်သည်။ ဖုန်းဝူချန်က သူ၏ စွမ်းအား အစစ်အမှန်ကို ချုပ်တည်း ထားခဲ့သည်ကို သူ အစကတည်းက တွက်ဆမိထား၏။
မုရုန်ထျန်းလီလည်း ထိုနည်းတူပင်။ သူလည်း သူ၏ အစွမ်းအကုန်ကို ထုတ်သုံး ခဲ့ခြင်း မရှိသေးပေ။
“ဂိုဏ်းချုပ်ကြီး... ကိုးထပ် ချန်ခွင်း မျှော်စင်ရဲ့ ဖိနှိပ်မှု ဧရိယာကနေ ထွက်လိုက်ပါ...”
ဟယ်ရှုံးက အလျင်အမြန် အော်ဟစ် လိုက်သည်။
ဟယ်ရှုံး၏ သတိပေးချက် မလိုအပ်ဘဲ မုရုန်ထျန်းလီ သိရှိပြီး ဖြစ်သည်။ သူ ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှု ဧရိယာ အတွင်းသို့ မဝင် သရွေ့ ဖုန်းဝူချန် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
ယခု အချိန်တွင်ပင် ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှု ဧရိယာ အတွင်း၌ ဖုန်းဝူချန်သည် မုရုန်ထျန်းလီကို ဘာမှ လုပ်နိုင်ခြင်း မရှိသေးပေ။
မုရုန်ထျန်းလီသည် ချီယန်ကွမ်း မျှော်စင် အခင်းအကျင်း၏ အစွန်းတွင် ရပ်နေရင်း နောက်သို့ (၁၀) မီတာကျော် ဆုတ်ခွာ လိုက်သည်။ အခင်းအကျင်း၏ ဖိနှိပ်မှု ဧရိယာမှ ထွက်ခွာ သွား၏။
ဤအခိုက်အတန့်တွင် မုရုန်ထျန်းလီထံမှ ထွက်ပေါ် လာသော စွမ်းအားသည် ထျန်းယွမ်ဘုံ ဒုတိယအလွှာ အဆင့်သို့ ရောက်ရှိ သွားပြီး ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက် လှသည်။
“ဝှီး... ဝှီး...”
ဖုန်းဝူချန် သူ၏ သွေးမျိုးဆက် စွမ်းအားကို အပြည့်အဝ စုစည်း လိုက်သောအခါအထွတ်အထိပ်ခန္ဓာ ဒုတိယအဆင့်၏ စွမ်းအားများ လုံးလုံး ပေါက်ကွဲ ထွက်လာသည်။ သူ၏ သွေးရောင် အလင်းသည် ပေါက်ကွဲမတတ် တောက်ပ လာပြီး လေဟာနယ်ကို ဖုံးလွှမ်းသွား၏။ သူ၏ အစွမ်းထက်သော အရှိန်အဝါများ အရူးအမူး လှိုင်းထန်လာသည်။
ဤ အခိုက်အတန့်တွင် ပို၍ လွှမ်းမိုး နိုင်ပြီး ကြောက်မက်ဖွယ် ကောင်းသော ဓားစိတ်ဆန္ဒ တစ်ခု ကောင်းကင်ယံသို့ ထိုးတက် သွားသည်။ တိမ်တိုက်များကိုပင် ထိုးဖောက် သွားသည်။
ဖုန်းဝူချန်ထံမှ ထွက်ပေါ် လာသော အရှိန်အဝါသည် ပို၍ ပို၍ အစွမ်းထက် လာသည်။ ဤသည်မှာ ဖုန်းဝူချန်၏ အထွတ်အထိပ် ပုံစံ ဖြစ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။
“ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ...”
လင်ရှောင်ရှောင်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုး သွားသည်။
“ဒီလို ဓားစိတ်ဆန္ဒမျိုးက တကယ် ကျောချမ်းစရာ ကောင်းတယ်... စစ်သူကြီးချုပ်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်... မုရုန်ထျန်းလီကို ဒဏ်ရာ ရအောင် လုပ်နိုင်လောက်တယ်...”
ချောင်းရှန်က အသံတုန်တုန်ဖြင့် အော်ဟစ် လိုက်သည်။
“ဝူချန် သူ့ရဲ့ အစွမ်းအကုန် ထုတ်သုံး နေပြီ...”
ဖုန်းချန်ယန်က ပြောလိုက်သည်။ လူတိုင်း၏ မျက်နှာအမူအရာများ အလွန်အမင်း တုန်လှုပ် သွားကြပြီး အားလုံး အသက်ရှူ မှားသွား ကြသည်။
“ဒီကောင်စုတ်လေး လက်ထဲမှာ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ဓားသိုင်းပညာ ရှိနေသေးတာလား...”
ဟယ်ရှုံးက မည်းမှောင် ဒေါသထွက်သော အမူအရာဖြင့် ပြောသည်။
ကောင်းကင်ယံ အထက်တွင် ဖုန်းဝူချန်၏ ကမ္ဘာမြေ တုန်ခါ လောက်သော ဓားစိတ်ဆန္ဒကို ခံစား မိသောအခါ မုရုန်ထျန်းလီ၏ မျက်နှာအမူအရာ လေးနက် သွားသည်။ သူ၏ နှလုံးသားထဲတွင် လေးလံသော တုန်လှုပ်မှုများ ဖြစ်ပေါ် နေသည်။
“ဒါ... ဒါက နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာလား...”
မုရုန်ထျန်းလီ မျက်မှောင်ကြုတ် လိုက်သည်။ ဤ ကြောက်မက်ဖွယ် အရှိန်အဟုန်သည် နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာထက် များစွာ ပိုမို အစွမ်းထက် သည်ဟု သူ ခန့်မှန်း လိုက်သည်။
ဖုန်းဝူချန်၏ ထက်ရှသော ဓားသိုင်းပညာ အရှိန်အဝါက မုရုန်ထျန်းလီကို အလွန် သတိထား သွားစေသည်။
“ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ... ဝိညာဉ် ချေမှုန်းခြင်း၏ ငိုကြွေးသံများ...”
ဖုန်းဝူချန်သည် အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ဝှေ့ယမ်းရင်း ကျယ်လောင်စွာ ဟိန်းဟောက် လိုက်သည်။ သူက ရက်စက်မှု ကင်းမဲ့သော ကန့်လန့်ဖြတ် ဓားချက် တစ်ချက်ကို ဝှေ့ယမ်း ထုတ်လိုက်သည်။
“ဝှစ်...”
“ဝှီး... ဝှီး...”
(၁၀) ကျန်းမက ရှည်လျားသော ဧရာမ သွေးရောင် ဓားချီကြီး တစ်ခု ဓားထိပ်မှ ပေါက်ကွဲ ထွက်လာသည်။ မျက်စိ ကျိန်းလောက်အောင် တောက်ပ နေပြီး ကမ္ဘာလောကကို ဖျက်ဆီး နိုင်သော အရှိန်အဟုန်ကို သယ်ဆောင်လျက် မုရုန်ထျန်းလီထံသို့ တရကြမ်း တိုးဝင် သွားသည်။ ၎င်း၏ နောက်တွင် နေရာလပ်များပင် လှိုင်းလုံးများပမာ လိပ်တက်နေသည်။
“ဂလု...”
ကြောက်မက်ဖွယ် သွေးရောင် ဓားချီနှင့် ၎င်း သယ်ဆောင် လာသော ပြိုင်ဘက်ကင်း စွမ်းအားကို စိုက်ကြည့်ရင်း လူတိုင်း ကျောက်ရုပ်များ အဖြစ်သို့ ပြောင်းလဲ သွားကြသည်။ သူတို့၏ မျက်နှာများမှာ စက္ကူတစ်ရွက်ပမာ ဖြူဖျော့ နေသည်။
ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ မှင်တက် သွားကြသည်။ သူတို့၏ မျက်နှာများ၌ ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်။
၎င်း၏ အရှိန်အဝါမှ ထွက်ပေါ် လာသော ရိုးရှင်းသည့် ကြောက်မက်ဖွယ် စွမ်းအားက လူများကို အသက်ရှူရ ခက်ခဲ သွားစေသည်။ သူတို့၏ မျက်နှာများ နာကျင်မှုကြောင့် ရှုံ့မဲ့ သွားသည်။
ဤ ဓားချီ၏ ကြောက်မက်ဖွယ် ကောင်းမှုသည် ဤမျှလောက်ပင်။
“ဒီလောက် စွမ်းအား ရှိလိမ့်မယ်လို့ ထင်မထားဘူး...”
မုရုန်ထျန်းလီ၏ မျက်နှာ သိသိသာသာ ပြောင်းလဲ သွားသည်။ သူ၏ သတိထားမှု ပိုမို ပြင်းထန် လာပြီး သူ၏ အစွမ်းအကုန်ကို အလျင်အမြန် စုစည်း လိုက်သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ဓားချီကို ရင်ဆိုင် ရသောအခါ မုရုန်ထျန်းလီသည် လျှော့မတွက်ရဲတော့ပေ။
မြင့်မားသော စွမ်းအားများ မုရုန်ထျန်းလီ၏ ခန္ဓာကိုယ်မှ ရုန်းကြွလာသည်။ အပြာရောင် အလင်း လွှာတစ်ခု ပေါက်ကွဲပြီးနောက် ကြီးမားသော အရှိန်အဝါ တစ်ခု ရူးသွပ်စွာ လည်ပတ်နေလေသည်။
“အရည်အသွေးမြင့် နက်နဲခြင်းအဆင့် သိုင်းပညာ... ရှန်လော် ထျန်းကန်း ဓားချက်...”
မုရုန်ထျန်းလီက ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ သူ၏ လက်များကို ဦးခေါင်း အထက်တွင် ပူးယှက် လိုက်ရာ ထိုနေရာတွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်း သွားသည်။ ကျန်း (၁၀) ချက်မက မြင့်သော ဧရာမ အပြာရောင် ချီစွမ်းအင် တံဆိပ်ကြီး တစ်ခု ဖွဲ့တည်လာပြီး အဖျက်စွမ်းအား ချီများဖြင့် ပြည့်နှက် နေသည်။
ဖုန်းဝူချန်က ခွန်အား ကုန် ထုတ်သုံး လိုက်ပြီ ဖြစ်သည်။ သူ မုရုန်ထျန်းလီကို ပြင်းထန်စွာ ဒဏ်ရာ ရရှိ စေနိုင်မည်လား ဆိုသည်မှာ ဤ ဓားချက် တစ်ချက် အပေါ်တွင် မူတည် နေတော့သည်။