မုရုန်ထျန်းလီအား ခြောက်လှန့် မောင်းထုတ်ခြင်း
Vol. 15 Ch. 217
~ဖုန်းဝူချန်သည် တိုက်ခိုက်မှု တစ်ခုတည်းတွင် အားကုန် စုစည်း လိုက်သည်။ ၎င်း၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါ သွားစေ၏။ ထျန်းယွမ်ဘုံ အောက်တွင် သူ့အား ယှဉ်နိုင်သူ မရှိတော့ပေ။
ဖုန်းဝူချန်၏ စွမ်းအားမှာ လူတိုင်း စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပေသည်။
မုရုန်ထျန်းလီသည် ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင် ရှိနေသူ တစ်ယောက် ဖြစ်သော်လည်း ယခုအခါ သူ၏ အစွမ်းအကုန်ကို ထုတ်သုံး ရတော့သည်။ ၎င်းက သူ ဖုန်းဝူချန်ကို မည်မျှ သတိထား နေရသည်ကို ပြသ နေသည်။
ကြောက်မက်ဖွယ် စွမ်းအား နှစ်ခုသည် လေဟာနယ်ကို ထိုးခွဲ ဖြတ်သန်းသည်။ ကြည့်ရှု နေသူများ၏ မယုံနိုင်လောက်အောင် လန့်ဖျတ်နေသည့် မျက်လုံးများ အောက်တွင် ၎င်းတို့က ပြင်းထန်စွာ ထိတိုက်သွားကြသည်။
“ဘုန်း...”
ကောင်းကင်သို့ ထိုးတက် နေသော နီရဲသည့် ဓားချီနှင့် ချီစွမ်းအင် တံဆိပ်တုံးတို့ တိုက်မိ သွားကြသည်။ ထို တခဏ၌ အချိန်သည် ရပ်တန့် သွားသကဲ့သို့ပင်။ မြင်ကွင်းသည် အေးခဲ သွားပြီး နေရာလပ်သည် တိတ်ဆိတ် သွားသည်။
သို့သော် နောက် ခဏအကြာတွင် ပြိုင်ဘက်ကင်းသော ချီစွမ်းအင် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ် လာသည်။ အပြင်းစား ဗုံးတစ်လုံး ပေါက်ကွဲ လိုက်သကဲ့သို့ပင်။ အလွန် ကြောက်မက်ဖွယ် ကောင်းသော ချီစွမ်းအင် လှိုင်းလုံးများ ရူးသွပ်စွာ တုန်ခါ လှုပ်ရှား သွားသည်။ ၎င်းတို့သည် ကျန်း (၁၀) ခုမျှ ကျယ်သော ချီစွမ်းအင်လုံးကြီး တစ်ခုကို ဖွဲ့တည် လိုက်သည်က ကောင်းကင်နှင့် မြေပြင်ကိုပင် ဖျက်ဆီး နိုင်လောက်သည်။
“ဖျစ်...”
“ဝှီး...”
ကြောက်မက်ဖွယ် ချီစွမ်းအင်များ ပျံ့နှံ့ သွားကာ ဖုန်းဝူချန်ကို တုန်ခါ သွားစေပြီး သွေးများ အန်ထုတ် လိုက်ရသည်။ ချီလင် ချပ်ဝတ်ဝတ်စုံပင်လျှင် ၎င်းကို တောင့်မခံနိုင်ဘဲ သူက အနက်ရောင် မျဉ်းကြောင်း တစ်ခုအဖြစ် ပြောင်းလဲ သွားပြီး လွင့်စင် ထွက်သွားသည်။ သူ၏ ပတ်ပတ်လည် ပေ ဒါဇင်များစွာ အတွင်းမှ လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါ လှုပ်ရှား နေသည်။
လေဟာနယ်ကို ဤသို့ လှုပ်ရှား သွားစေ နိုင်ခြင်းကပင် ဤ စွမ်းအား၏ ကြောက်မက်ဖွယ် ကောင်းမှုနှင့် ပြိုင်ဘက်ကင်းမှုကို သက်သေ ပြရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။
ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင် ရှိသော မုရုန်ထျန်းလီပင်လျှင် ထို တုန်ခါမှုကြောင့် ပစ်လွင့်သွားခဲ့သည်။ သို့သော်လည်း နက်ရှိုင်းပြီး အစွမ်းထက်သော ကျင့်ကြံမှုဖြင့် သူသည် ထိုစွမ်းအားကြောင့် ဒဏ်ရာ ရရှိခြင်း မရှိခဲ့ပေ။
ကြောက်မက်ဖွယ် ချီစွမ်းအင် လှိုင်းလုံးများသည် အထက်မှ ဖိစီးတိုက်ခတ်လာသည်။ မြေပြင်သို့ ရောက်ရှိ လာသောအခါ စွမ်းအား အများစု အားနည်း သွားခဲ့ပြီး ဖြစ်သော်လည်း အရိုင်းဆန်သော လေပြင်းများမှာ ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။ ထို ဖိအားကြောင့် လူများ ဖြောင့်ဖြောင့် မတ်မတ် မရပ် နိုင်အောင်ပင် ဖြစ်ရသည်။
ကျင့်ကြံမှု အားနည်းသော သူများမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပုံလဲသွားပြီး မလှုပ်ရှား နိုင်တော့ပေ။
မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ ထိတ်လန့်ခြင်းတို့က သူတို့ကို ဝါးမြို သွားသည်။ ကမ္ဘာကြီး၏ အဆုံးသတ် ရောက်ရှိ လာပြီဟု သူတို့ ထင်မှတ် မိကြသည်။
ပြိုင်ဘက်ကင်းမြို့နှင့် အနီးတဝိုက်မှ မြို့များမှ ကျင့်ကြံသူများသည် ကောင်းကင်ယံမှ သည်းထန်သော ချီစွမ်းအင် လှိုင်းလုံးများကြောင့် ထိတ်လန့် တုန်လှုပ် နေကြသည်။
ဖုန်းဝူချန်သည် သူ၏ အစွမ်းအကုန်ဖြင့် တိုက်ခိုက် ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိ သွားသည်။ သူ၏ မျက်နှာ ဖြူဖျော့ နေသော်လည်း မုရုန်ထျန်းလီကို ဒဏ်ရာ ရရှိအောင် မလုပ်နိုင် ခဲ့သဖြင့် နောက်ထပ် စိတ်ပျက်မှု လှိုင်းလုံး တစ်ခု ဖြစ်ပေါ် လာရသည်။
၎င်းမှာ ဖုန်းဝူချန်၏ ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ အပေါ် နားလည် သဘောပေါက်မှု မလုံလောက် သေးဟုသာ ဆိုနိုင်ပေသည်။ သူ ၎င်း၏ စွမ်းအား အစစ်အမှန်ကို ထုတ်ဖော် နိုင်ခြင်း မရှိခဲ့။ သို့မဟုတ်လျှင် မုရုန်ထျန်းလီ သေချာပေါက် ဒဏ်ရာ ရရှိ သွားလိမ့်မည်။
“အစ်ကိုကြီးဖုန်း...”
လင်ရှောင်ရှောင်၏ လက်များ စိုးရိမ်မှုကြောင့် ချွေးများ စို့လာသည်။ သူမသည် ပျံ့နှံ့ နေသော ကြောက်မက်ဖွယ် ချီစွမ်းအင် လှိုင်းလုံးများကို ဥပေက္ခာ ပြုလျက် ပျံသန်းခြင်း သိုင်းအား ဖော်ဆောင်ကာ လျင်မြန်စွာ ပျံတက် လာခဲ့သည်။
“အဲ့ဒီ အဘိုးကြီး မုရုန်ထျန်းလီက သန်မာလွန်းတယ်... စစ်သူကြီးချုပ် သူ့ကို မယှဉ်နိုင်ဘူး...”
ချောင်းရှန်က စိုးရိမ်တကြီး ပြောလိုက်သည်။
ရှောင်ချင်းချင်းသည်လည်း စိုးရိမ်မှုများဖြင့် ပြည့်နှက် နေသည်။ သူမ မငြိမ်မသက် ထိုင်နေမိသည်။
‘ချန်အာက ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ မုရုန်ထျန်းလီကို ဘယ်လို ဆက်တိုက် နိုင်မှာလဲ...’
ဖုန်းဝူချန်သည် စွမ်းအားကုန် ထုတ်သုံး ခဲ့ပြီး ဖြစ်သည်။ သူ၏ အပြင်းထန်ဆုံး ဓားသိုင်းပညာကိုပင် ထုတ်သုံး ခဲ့သော်လည်း မုရုန်ထျန်းလီကို ဒဏ်ရာ ရရှိအောင် မလုပ်နိုင် ခဲ့ပေ။
“အစ်ကိုကြီးဖုန်း... ရှင့် ဒဏ်ရာတွေက အရမ်း ပြင်းထန်တယ်နော်…
အစ်ကိုကြီး..ဆက်မတိုက်နိုင်တော့ဘူး...”
လင်ရှောင်ရှောင်က ကပျာကယာ ပြောလိုက်သည်။
“ထျန်းယွမ်ဘုံ ဒုတိယ အလွှာက တကယ် သန်မာတာပဲ... ငါ အားကုန် ထုတ်သုံး ခဲ့တာတောင် သူ့ကို ဒဏ်ရာ မရစေ နိုင်ခဲ့ဘူး...”
ဖုန်းဝူချန်က အားယူ ပြောလိုက်ရသည်။ သူသည် လေးလံစွာ အသက်ရှူ နေရပြီး သူ၏ နှလုံးသားထဲတွင် မကျေမနပ်မှုများဖြင့် ပြည့်နှက် နေသည်။
မည်သို့ပင် ဆိုစေ ဖုန်းဝူချန်သည် ယွမ်တန်ဘုံ နဝမ အလွှာတွင်သာ ရှိနေသေးသည်။ သူ မုရုန်ထျန်းလီကို မကျော်လွှား နိုင်ခြင်းမှာ သဘာဝ ကျပါသည်။
“အစ်ကိုကြီးဖုန်း... အစ်ကိုသာ ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် နိုင်ခဲ့ရင်... သူ့ကို ရှင်းပစ်ဖို့က လက်ဖဝါး လှန်လိုက်သလို လွယ်သွားမှာပါ... အရမ်း အလျင်မလိုပါနဲ့...”
လင်ရှောင်ရှောင်က သူ့ကို နှစ်သိမ့် လိုက်ပြီး ကုစားဆေးလုံး တစ်လုံး ထုတ်ကာ ဖုန်းဝူချန်ကို မျိုချ စေလိုက်သည်။
မုရုန်ထျန်းလီ ဒဏ်ရာ မရရှိ ခဲ့သော်လည်း သူ၏ အတွင်းမှ ချီနှင့် သွေးများမှာ အလွန် ပြင်းထန်စွာ လှုပ်ခတ် နေသည်။ သူ သွေးများ အန်ထုတ် မကျမိစေရန် မနည်း ထိန်းချုပ် ထားရသည်။
မုရုန်ထျန်းလီသည် အတွင်းစိတ်ထဲတွင် တုန်လှုပ် နေသည်။ ‘ဒီ ဓားသိုင်းပညာရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်... ဒါ ငါ့ကို ဒဏ်ရာ ရသွားစေ လုနီးပါးပဲ...’
“ဂိုဏ်းချုပ်ကြီး... ဖုန်းဝူချန်ကို အခု သတ်လိုက်ပါ...”
ဟယ်ရှုံးက ဟိန်းဟောက် လိုက်သည်။ ဖုန်းဝူချန် ပြင်းထန်စွာ ဒဏ်ရာ ရနေချိန်... အခု မဟုတ်လျှင် ဘယ်အချိန် သတ်ရမည်နည်း။
ဘဝတွင် တစ်ခါသာ ရသော ဤ အခွင့်အရေးကို လက်လွှတ် လိုက်ရလျှင် သူတို့ ဒုတိယ အခွင့်အရေး ရတော့မည် မဟုတ်ပေ။
‘ဒီကောင်လေးကို အသက်ရှင် ထားလို့ မဖြစ်ဘူး... သူသာ ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် နိုင်ခဲ့ရင်... ငါ သူ့ကို ယှဉ်နိုင်မှာ သေချာမှာ မဟုတ်ဘူး... ဒီကောင်လေးက ထိုက်ရွှီဂိုဏ်းကိုလည်း ချမ်းသာ ပေးမှာ မဟုတ်ဘူး...’ မုရုန်ထျန်းလီက ရက်စက်စွာ တွေးလိုက်သည်။ သူ၏ အိုမင်းသော မျက်လုံးများတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ တဖျပ်ဖျပ် လင်းလက် သွားသည်။
ဤသို့ တွေးလိုက်သည်နှင့် မုရုန်ထျန်းလီထံမှ ထွက်ပေါ် လာသော သတ်ဖြတ်လိုစိတ်များ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။
ချီစွမ်းအင် လှိုင်းလုံးများ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး နေရာလပ်သည် တည်ငြိမ်မှုသို့ ပြန်ရောက် သွားသည်။
ဖုန်းဝူချန် အပေါ်သို့ ပြင်းထန်သော အကြည့်ကို စူးစိုက် ထားရင်း မုရုန်ထျန်းလီသည် တုံ့ဆိုင်း မနေတော့ဘဲ အံ့ဩဖွယ် အမြန်နှုန်းဖြင့် ပေါက်ကွဲ ထွက်လာသည်။
လင်ရှောင်ရှောင်သည် ရုတ်တရက် လှည့်လိုက်ပြီး မုရုန်ထျန်းလီကို အေးစက်သော အသံဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
“ အစ်ကိုကြီးဖုန်းကို သတ်ချင်ရင်... ကျွန်မကို အရင် သတ်ရလိမ့်မယ်...”
“ကောင်မလေး... မင်းကလည်း ထိုက်ရွှီဂိုဏ်း အတွက် ခြိမ်းခြောက်မှု တစ်ခုပဲ... မင်းကို မသတ်ဘဲ ထားခဲ့ရင် အနာဂတ်မှာ ဘေးဒုက္ခ တစ်ခု ချန်ထားခဲ့တာနဲ့ တူတူပဲ မဟုတ်လား...”
မုရုန်ထျန်းလီက အေးစက်စွာ ပြောလိုက်ကာ သူ၏ ခန္ဓာကိုယ်သည် သူမထံသို့ ချက်ချင်း ရောက်ရှိလာ
လေသည်။
မုရုန်ထျန်းလီသည် သူ၏ အစစ်အမှန်ယွမ်ကို နှိုးဆော် လိုက်ပြီး လင်ရှောင်ရှောင်ထံသို့ ရက်စက်သော လက်ဝါး တစ်ချက် ရိုက်သွင်း လိုက်သည်။
လင်ရှောင်ရှောင်သည် ကြောက်ရွံ့မှု မပြဘဲ ပို၍ပင် ပြင်းထန်၊ ကြမ်းတမ်း လာသည်။ အန္တရာယ် ချဉ်းကပ် လာသည်နှင့် သူမ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် စိမ်းပြာရောင် ချီစွမ်းအင် အကာအကွယ်လွှာ တစ်ခု လျင်မြန်စွာ ဖြစ်ပေါ် လာသည်။
ထိုအရာကို သတိပြုမိလိုက်သော မုရုန်ထျန်းလီ၏ မျက်နှာအမူအရာ ရုတ်တရက် သိသိသာသာ ပြောင်းလဲ သွားသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသော ချီစွမ်းအင်ကို သူသည် ရှင်းလင်းစွာ ခံစား နေရ၏။
သို့သော်လည်း သူ၏ တိုက်ခိုက်မှုက ထွက်ပေါ် သွားခဲ့ပြီ ဖြစ်ရာ ယခု အချိန်တွင် အတင်းအကျပ် ရပ်တန့်ရန် မဖြစ်နိုင် တော့ပေ။
“ဘုန်း...”
ရက်စက် ကြမ်းကြုတ်သော လက်ဝါးချက် ရိုက်ခတ် သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ် လာ၏။
“ဖျစ်...”
ကြောက်မက်ဖွယ် စွမ်းအားများ တခဏချင်း လှိုင်းထန် သွားသည်။ မုရုန်ထျန်းလီကို တုန်ခါ သွားစေပြီး သွေးများ အန်ထုတ် လိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ ကန်ထွက်သွားသည်။
“ဝေါ့”
မုရုန်ထျန်းလီ၏ ကြောက်မက်ဖွယ် စွမ်းအားနှင့်ပင် သူသည် လင်ရှောင်ရှောင်၏ စိမ်းပြာရောင် အကာအကွယ်လွှာကို လုံးဝ မလှုပ်ခတ် နိုင်ခဲ့ပေ။
တိုက်ခိုက်မှု စွမ်းအား ပိုမို သန်မာ လေလေ... ပြန်ကန် ထွက်လာသော စွမ်းအားက ပို၍ ကြောက်မက်ဖွယ် ကောင်းလေလေ ဖြစ်သည်။
“ဂိုဏ်းချုပ်ကြီး...”
ဟယ်ရှုံးနှင့် ကျိုးရှန်းတို့ ကြောက်လန့်တကြား မျက်နှာ ဖြူဖျော့ သွားကြသည်။ လင်ရှောင်ရှောင်၏ အစွမ်းထက်သော အကာအကွယ်ကြောင့် သူတို့ နှစ်ယောက်မှာ ကျောက်ရုပ်များ အဖြစ်သို့ ပြောင်းလဲ သွားကြသည်။
“အကာအကွယ်...”
မုရုန်ထျန်းလီသည် သူ၏ ရှေ့မှ လင်ရှောင်ရှောင်၏ စိမ်းပြာရောင် အကာအကွယ်ကို ကြောက်ရွံ့ တုန်လှုပ်စွာ ကြည့်နေမိသည်။
မုရုန်ထျန်းလီ၏ ဒဏ်ရာများမှာ အနည်းငယ် ပြင်းထန် သွားသည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် မှင်တက်မှု နှစ်မျိုးလုံး၏ အမူအရာများ ထင်ဟပ် နေသည်။
‘ဒီကောင်မလေး ဘယ်သူလဲ... ပြီးတော့ ဒါ ဘယ်လို အကာအကွယ်မျိုးလဲ... ဘာလို့၊ ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအား ရှိနေရတာ...’ မုရုန်ထျန်းလီ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ တစ်စထက်တစ်စ ပွားများ လာသည်။ သူ ဤမျှ အစွမ်းထက်သော အကာအကွယ်မျိုးကို တစ်ခါမျှ မကြုံတွေ့ ခဲ့ဖူးပေ။
အင်ပါယာကြီး လေးခုတွင် လေကျန့်ဖုန်းမှ လွဲ၍ မည်သူမျှ မုရုန်ထျန်းလီ၏ ကျင့်ကြံမှုနှင့် မယှဉ်နိုင်ပေ။
ဤသို့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် လင်ရှောင်ရှောင်၏ စိမ်းပြာရောင် အကာအကွယ် ရှေ့မှောက်တွင် အစွမ်းအစ မရှိ ဖြစ်နေသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားကို မခံနိုင်ခဲ့ပေ။
လင်ရှောင်ရှောင်၏ အကာအကွယ်က မည်မျှ ထက်မြက်သည်ကို မုရုန်ထျန်းလီ လုံးဝ နားမလည် နိုင်ခဲ့။ ထို အကာအကွယ်၏ စွမ်းအားနှင့် ရင်ဆိုင် ရသောအခါ သူ၏ စွမ်းအားသည် ပင်လယ်ထဲသို့ ကျောက်တုံး တစ်တုံး ပစ်ချ လိုက်သကဲ့သို့ လုံးဝ အဓိပ္ပာယ် မရှိ ဖြစ်သွားသည်။
မုရုန်ထျန်းလီ ဒဏ်ရာ ရသွားသည်ကို မြင်သောအခါ ရှောင်ချင်းချင်းနှင့် အခြားသူများ အားလုံး သက်ပြင်း ချလိုက် မိကြသည်။ အနည်းဆုံးတော့ မုရုန်ထျန်းလီသည်လည်း လင်ရှောင်ရှောင်၏ အကာအကွယ်ကို မချိုးဖြတ်နိုင်ခဲ့ပေ။
ကံမကောင်းစွာပင် ဖုန်းဝူချန်သည် ပြင်းထန်သော ဒဏ်ရာများ ရရှိ ထားခဲ့ပြီး ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့ မုရုန်ထျန်းလီကို သတ်ဖြတ်ရန် အခွင့်အရေးကို အသုံးချ နိုင်ခဲ့ လောက်သည်။
‘ဒီ အကာအကွယ်ရဲ့ စွမ်းအားကို ထျန်းယန်ဘုံ ဒါမှမဟုတ် ထျန်းကျီဘုံက အင်အားကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်က ထည့်သွင်း ပေးထားတာ ဖြစ်ရမယ်... ဒီကောင်မလေးက သာမန် လူ မဟုတ်ဘူး...’ မုရုန်ထျန်းလီက စိုးရိမ်တကြီး ခန့်မှန်း လိုက်သည်။
အကာအကွယ်၏ ကြောက်မက်ဖွယ် ကောင်းမှုက မုရုန်ထျန်းလီကို အလွန် သတိထား သွားစေသည်။ သူ့ကို နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ် နိုင်အောင် တားဆီး လိုက်သည်။
လင်ရှောင်ရှောင်ကို အချိန် အတော်ကြာ စိုက်ကြည့် နေပြီးနောက် မုရုန်ထျန်းလီသည် ပြတ်သားစွာ သူ၏ ခန္ဓာကိုယ်ကို နှိမ့်ချ လိုက်သည်။
ရုတ်ချည်းပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိ နေသော ဟယ်ရှုံး၊ ကျိုးရှန်းတို့ကို ခေါ်ကာ အလျင်အမြန် ဆုတ်ခွာ ထွက်ပြေး သွားတော့သည်။
“ရှောင်ရှောင်... ကျေးဇူးတင်ပါတယ်...”
ဖုန်းဝူချန်က ကျေးဇူးတင်စွာ ပြောလိုက်သည်။ အကယ်၍သာ ခုလေးတင် လင်ရှောင်ရှောင် မရှိခဲ့ပါက သူ မုရုန်ထျန်းလီ၏ လက်ချက်ဖြင့် သေဆုံး သွားလောက်ပြီ ဖြစ်သည်။
“ကျွန်မ အစ်ကိုကြီးဖုန်းကို မကူညီ နိုင်ခဲ့တာပဲ စိတ်မကောင်း ဖြစ်မိတယ်...”
လင်ရှောင်ရှောင်က ပြင်းထန်စွာ ဒဏ်ရာ ရနေသော ဖုန်းဝူချန်ကို ကြည့်ရင်း ပြောသည်။ သူမ၏ နှလုံးသားထဲတွင် စိတ်မကောင်း ဖြစ်နေရသည်။
“မုရုန်ထျန်းလီက သန်မာလွန်းတယ်... ငါတို့ အားလုံး ပေါင်းတိုက်ရင်တောင် သူ့ကို နိုင်မှာ မဟုတ်ဘူး... ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ် မတင်ပါနဲ့...”
ဖုန်းဝူချန်က ခါးသီးသော အပြုံးဖြင့် ခေါင်းခါရင်း ပြောသည်။
ဖုန်းဝူချန်သည် သူ၏ ဝိညာဉ် ချေမှုန်း ဓားသိုင်းအား ဖော်ဆောင် ခဲ့သည်။ အကယ်၍ မုရုန်ထျန်းလီသာ ကိုးထပ် ချန်ခွင်း မျှော်စင်၏ ဖိနှိပ်မှု အခင်းအကျင်း အတွင်း၌သာ ရှိနေခဲ့ပါက သူ သေချာပေါက် အပြင်းအထန် ဒဏ်ရာ ရရှိ သွားလိမ့်မည်။
လင်ရှောင်ရှောင်သည် ပြင်းထန်စွာ ဒဏ်ရာ ရနေသော ဖုန်းဝူချန်နှင့် အတူ ဆင်းသက် လာခဲ့သည်။ ရှောင်ချင်းချင်းနှင့် အခြားသူများ အားလုံး သက်ပြင်း ချလိုက် မိကြသည်။
ထို့နောက် ဖုန်းချန်ယန်က လေးနက်စွာ ပြောလိုက်သည်။
“ဝူချန်ကို အမြန်ဆုံး ခေါ်သွားပြီး ကုသပေးရမယ်... ငါတို့ အရာအားလုံး အတွက် အသင့် ပြင်ထားရမယ်... ရွှေယွဲ့အင်ပါယာရဲ့ နန်းတွင်းအကြံပေး အသတ်ခံ လိုက်ရပြီ... ဒီကိစ္စက နိုင်ငံ နှစ်ခုကြား စစ်ပွဲ ဖြစ်စေ နိုင်တာမို့...”
“နိုင်ငံ နှစ်ခုကြား စစ်ပွဲ...”
ဤစကားကို ကြားသောအခါ အခြားသူများ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲ သွားကြသည်။ ထိုအခါမှ ချင်းဖေးသည် ဖုန်းဝူချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သူတို့ ပြန်သတိဝင်လာကြ၏။
ထိုအခါ ရှောင်ချင်းချင်းက စိုးရိမ်တကြီး ပြောသည်။
“ဒါ ..အခု ..ဒုက္ခရောက်ကုန်ပြီ... ဧကရာဇ်က ကျွန်မတို့ အပေါ်ကို အပြစ်တင် လိမ့်မလား...”
“ဒေါ်ဒေါ်ရှောင်... စိတ်ချပါ... ဒါက စစ်သူကြီးချုပ်ရဲ့ အမှား မဟုတ်ပါဘူး... ဒါ သူတို့ ကိုယ်တိုင် လုပ်လို့ ဖြစ်ရတာပါ...”ဟု သွမ့်ဝူချင်းက နှစ်သိမ့်လိုက်သည်။
ချီဟွမ်က မျက်မှောင်ကြုတ်ရင်း လေးနက်သော အမူအရာဖြင့် ညွှန်ကြားလိုက်သည်။
“ဟွမ်ယန်... ချောင်းရှန်... အင်ပါယာကို ချက်ချင်း ပြန်ကြ... ပြီးတော့ စစ်သူကြီးချုပ်နဲ့ ဧကရာဇ်ကို သတင်းပို့... သူတို့ကို ဒီကိစ္စ အကြောင်းစုံ အသိပေး လိုက်ပါ...”
“ကောင်းပါပြီ”
ဟွမ်ယန်နှင့် ချောင်းရှန်တို့ အင်ပါယာသို့ အလောတကြီး ပြန်သွား ကြသည်။ အနည်းငယ်မျှပင် နှောင့်နှေးမနေရဲ ကြပေ။
နိုင်ငံ နှစ်ခုကြား စစ်ပွဲ ဖြစ်နိုင်ခြေသည် အလွန် လေးနက်သော ကိစ္စရပ် ဖြစ်ပြီး သူတို့ ပေါ့ပေါ့ဆဆ သဘောထား၍ မရပါချေ။
“ချင်းယန်... ယွင်ကျိုးကို ချက်ချင်း သွား... အကြီးအကဲမူနဲ့ တခြားသူတွေကို အသင့် ပြင်ထားဖို့ ပြောလိုက်...”
ဖုန်းချန်ယန်က သူ၏ အကြည့်ကို လျိုချင်းယန်ထံသို့ လှည့်ကာ ညွှန်ကြား လိုက်သည်။
“ဟုတ်ကဲ့... ကျွန်တော် ချက်ချင်း သွားပါ့မယ်...”
လျိုချင်းယန် ခေါင်းညိတ် လိုက်ပြီး ယွင်ကျိုးသို့ နှောင့်နှေး မနေဘဲ ထွက်ခွာ သွားသည်။
... ... ...
မုရုန်ထျန်းလီ အပါအဝင် လူသုံးဦးလုံး၏ မျက်နှာအမူအရာများမှာ အမှန်တကယ်ပင် ညှိုးငယ် နေကြသည်။ သူတို့ ဗုံးတစ်လုံး မျိုချ လိုက်ရသကဲ့သို့ပင်။
“ဂိုဏ်းချုပ်ကြီး... ဒီ အခွင့်အရေးကို လက်လွှတ် လိုက်ရမှတော့... နောက်ဆို ဖုန်းဝူချန်ကို သတ်ဖို့ ပိုခက် သွားလိမ့်မယ်...”
ဟယ်ရှုံးက အလွန် မကျေမနပ် ဖြစ်နေသည်။ သူတို့ ဖုန်းဝူချန်ကို သတ်နိုင် လုနီးပါး ဖြစ်ခဲ့သော်လည်း လင်ရှောင်ရှောင်၏ ကြောက်မက်ဖွယ် အကာအကွယ်ကြောင့် တားဆီး ခံလိုက်ရကြောင်း သူ သိနေသည်။
“အဲ့ဒီ ကောင်မလေးရဲ့ နောက်ခံက သာမန် မဟုတ်ဘူး... အဲ့ဒီ အကာအကွယ်ရဲ့ စွမ်းအားက ထျန်းကျီဘုံ ပညာရှင် တစ်ယောက်ယောက်က ထည့်သွင်း ပေးထားတာ ဖြစ်နိုင်တယ်...”
မုရုန်ထျန်းလီက လေးနက်စွာ ပြောသည်။ ထို ကြောက်မက်ဖွယ် အကာအကွယ်ကို ပြန်တွေး လိုက်တိုင်း သူ တုန်လှုပ် မိသည်။
“အဲ့ဒီ ကောင်မစုတ်လေးကြောင့်သာ မဟုတ်ရင်... ဖုန်းဝူချန် အခု အချိန်ဆို ဂိုဏ်းချုပ်ကြီးရဲ့ လက်ထဲမှာ သေနေ လောက်ပြီ...”
ဟု ကျိုးရှန်းက မည်းမှောင်စွာ ပြောလိုက်ကာ သူ၏ ဒေါသများ ဆူပွက်လာပြီး ပေါက်ကွဲ ထွက်တော့မတတ်ပင်။
“ဟင့်အင်း၊ ဒီကိစ္စက မပြီးသေးဘူး... ဖုန်းဝူချန်က ရွှေယွဲ့အင်ပါယာရဲ့ နန်းတွင်းအကြံပေးကို သတ်ခဲ့တယ်... လေကျန့်ဖုန်းက ဒါကို ဒီအတိုင်း ကြည့်နေမှာလား... အဲ့ဒီ အဘိုးကြီးက လှုပ်ရှားဖို့ အခွင့်အရေး တစ်ခုကို ရှာနေခဲ့တာ... ဒါက သူ့အတွက် အကောင်းဆုံး အခွင့်အရေးပဲ... ကံကောင်းတာက ကျုပ်ဒဏ်ရာတွေက သိပ် မပြင်းထန်ဘူး...”
မုရုန်ထျန်းလီက မဲ့ပြုံး ပြုံးလိုက်သည်။
“ဂိုဏ်းချုပ်ကြီး... ခင်ဗျားက ဖုန်းဝူချန် ချင်းဖေးကို သတ်တာကို ဝင်မတား ခဲ့ဘူး... ဒါက ရွှေယွဲ့အင်ပါယာနဲ့ ယန်ဟော်အင်ပါယာတို့ စစ်ဖြစ်စေချင်လို့များလား...”
ဟယ်ရှုံးက ရုတ်တရက် မေးလိုက်သည်။
“တောင် တစ်လုံးမှာ ကျား နှစ်ကောင် မရှိနိုင်ဘူး... လေကျန့်ဖုန်းသာ ကိုးထပ် ချန်ခွင်း မျှော်စင်ကို တကယ် ရသွားခဲ့ရင်... သူက ထိုက်ရွှီဂိုဏ်းကို ဆက်ရှိနေခွင့် ပေးမယ် ထင်လို့လား... နိုင်ငံ နှစ်ခုကြား စစ်ပွဲက နှစ်ဖက်စလုံးကို အင်အား အကြီးအကျယ် အားနည်း သွားစေမှာ သေချာတယ်... အဲ့ဒီ အချိန်ကမှ ကျုပ်တို့ရဲ့ အခွင့်အရေး အစစ်အမှန်ပဲ... ကျုပ်လည်း မကြာခင် ထျန်းယွမ်ဘုံ ဒုတိယအလွှာ အထွတ်အထိပ်ကို ဝင်တော့မှာ... ဖုန်းဝူချန် ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် နိုင်ခဲ့ရင်တောင်...ကျုပ်ကို မခြိမ်းခြောက်နိုင်ပါဘူး...”
မုရုန်ထျန်းလီက ယုံကြည်မှု အပြည့်ဖြင့် ပြောသည်။
“ရွှေယွဲ့ အင်ပါယာက နိုင်ငံ လေးခုထဲမှာ ထိပ်ဆုံးမှာ ရှိနေတာ... အင်ပါယာကြီး သုံးခုကလည်း ယန်ဟော် အင်ပါယာကို တစ်ပြိုင်တည်း ဖိအား ပေးလာရင်... ဖုန်းဝူချန်ကို ကိုးထပ် ချန်ခွင်း မျှော်စင်ကို လက်လွှဲ ပေးဖို့ တွန်းအားပေးလိမ့်မယ်... စစ်ပွဲသာ ဖြစ်ပွားလာခဲ့ရင်... ထျန်းဝူအင်ပါယာနဲ့ လော့ယွင်အင်ပါယာတို့က ရွှေယွဲ့အင်ပါယာနဲ့ လက်တွဲ လာနိုင်တယ်... အဲ့ဒီ အခါကျရင်... ယန်ဟော်အင်ပါယာ ကျိန်းသေ ကျဆုံး သွားမှာပဲ...”
ကျိုးရှန်းက အေးစက်စွာ ရယ်မောရင်း ပြောသည်။
ထိုအခါ မုရုန်ထျန်းလီက လှောင်ပြောင် လိုက်သည်။
“လေကျန့်ဖုန်းနဲ့ ကျုပ်တို့ ထိုက်ရွှီဂိုဏ်းက ဘယ်တုန်းကမှ အဆင်ပြေခဲ့တာ မဟုတ်ဘူး... သူက ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ဒီလောက် စိတ်အား ထက်သန်နေတာက ဖုန်းဝူချန်ကို ရှင်းပစ်ဖို့ သက်သက်ပဲ မဟုတ်လား... အဲ့ဒီကောင်မစုတ်လေး ဖုန်းဝူချန်ကို ကယ်တင် လိုက်တာက အမှန်တော့ ကျုပ်တို့ကို အကျိုးပြု သွားတာပဲ... ပိုကောင်းတဲ့ အခွင့်အရေး တစ်ခု ပေးလိုက်တာပါ...”
သူတို့ ဖုန်းဝူချန်ကို မသတ် နိုင်ခဲ့သည့် အတွက် စိတ်ပျက် နေကြ သော်လည်း ပိုမို ကောင်းမွန်သော အခွင့်အရေး တစ်ခုကို မျက်စိ ရှေ့တွင် မြင်တွေ့ နေရ လေသည်။
“ဟားဟားဟား၊အကြီးအကဲ... လေကျန့်ဖုန်းဆီ သတင်း ပို့လိုက်ပါ... ဖုန်းဝူချန်ရဲ့ စွမ်းအားတွေ အကြောင်း သူ့ကို ပေးသိလိုက်ပါ... အဲ့ဒီ အဘိုးကြီးက ဖုန်းဝူချန်ကို ထျန်းယွမ်ဘုံ အဆင့် ချိုးဖြတ်ခွင့် ရမယ့် အခွင့်အရေး ပေးမှာ မဟုတ်တာ သေချာတယ်... ကြီးကျယ်တဲ့ တိုက်ပွဲကြီး မကြာခင် စတင်တော့မှာဗျား...”
မုရုန်ထျန်းလီက အေးစက်စွာ ရယ်မောရင်း စေခိုင်းလိုက်တော့သည်။