← Chapters

မဟာတိုက်ပွဲကြီး နီးကပ်လာခြင်း

Vol. 15 Ch. 219

မဟာတိုက်ပွဲကြီး နီးကပ်လာခြင်း

Vol. 15 Ch. 219

~ဖုန်းဝူချန်၏ အံ့ဩဖွယ် ကျင့်ကြံခြင်း ပါရမီသည် ရွှေယွဲ့အင်ပါယာကို အလွန်အမင်း စိုးရိမ် ပူပန်စေခဲ့သည်။

အကယ်၍ သူတို့ ဆက်လက် ခြေလှမ်း ဆွဲထားဦးမည် ဆိုပါက ဖုန်းဝူချန်သာ ထျန်းယွမ်ဘုံသို့ အဆင့် ချိုးဖြတ် ဝင်ရောက် သွားသည်နှင့် သူ့ကို မည်သူမျှ ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။

“ခမည်းတော်... ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး...”

လေကျွယ်က နောက်ဆုံးတွင် ထုတ်ဖော် ပြောလိုက်သည်။

“နောက်ထပ် ဆွေးနွေးစရာ မလိုတော့ဘူး။ ဖုန်းဝူချန်က ငါတို့ အင်ပါယာ အတွက် ခြိမ်းခြောက်မှု ကြီးမားလွန်းတယ်... သူ့ကို ချေမှုန်း ပစ်ရမယ်...”

လေကျန့်ဖုန်းက ခက်ထန်စွာ ပြောသည်။ သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီး ဖြစ်ရာ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲတော့မည် မဟုတ်ပေ။

“ခမည်းတော်... ဖုန်းဝူချန်က ငါတို့ အင်ပါယာကို ခြိမ်းခြောက်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ခမည်းတော်တို့ အားလုံး ဘာမှ မဟုတ်တာတွေ အတွက် စိုးရိမ် နေကြတာပါ။ စဉ်းစား ကြည့်ပါဦး... ဒီလောက် ကြောက်စရာ ကောင်းတဲ့ ကျင့်ကြံခြင်း ပါရမီ ရှိနေတာ... အကယ်၍ ခမည်းတော် သူ့ကို မသတ်နိုင် ခဲ့ရင် ဘယ်လို လုပ်မလဲ။ ဒါက ဖုန်းဝူချန်ဆီက ပိုပြီး ကြောက်စရာ ကောင်းတဲ့ လက်စားချေမှုကို လှုံ့ဆော် ပေးသလိုပဲ ဖြစ်သွားလိမ့်မယ်...”

လေကျွယ်က ပြတ်သားစွာ ပြောသည်။

ခေတ္တ ရပ်နားပြီးနောက် လေကျွယ်က ထပ်ပြောပြလာသည်။

“နန်းတွင်းအကြံပေး သေဆုံးမှုက ဖုန်းဝူချန်ကို တကယ် ဒေါသ ထွက်စေခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ ဒါက ညှိနှိုင်းလို့ မရတဲ့ ကိစ္စ မဟုတ်ပါဘူး။ စစ်ပွဲသာ ဖြစ်ပွား လာခဲ့ရင်... နောက်ပြန်လှည့်ဖို့ လမ်း ရှိတော့မှာ မဟုတ်ဘူး”

“မင်းသား... ခင်ဗျားက ရန်သူရဲ့ စိတ်ဓာတ်ကို မြှင့်တင် ပေးပြီး ကိုယ့်ရဲ့ အရှိန်အဝါကို လျှော့ချ နေတာပဲ။ ကျုပ်တို့ ရွှေယွဲ့အင်ပါယာက ဖုန်းဝူချန်ကို ကြောက်ရမယ်တဲ့လား...”

စစ်သူကြီးချုပ်က မကျေမနပ်ဖြင့် ထုတ်ဖော် ပြောလိုက်သည်။

ထိုအခါ လေကျွယ်က လေးနက်စွာ ပြန်ပြောသည်။ “စစ်သူကြီးချုပ်က ရွှေယွဲ့အင်ပါယာရဲ့ မရေမတွက်နိုင်တဲ့ ပြည်သူတွေ ဒုက္ခ ဆင်းရဲထဲ နေထိုင် နေရတာကို မြင်ချင်လို့လား။ ကျွန်တော်တို့ အင်ပါယာရဲ့ သာမန် ပြည်သူတွေရဲ့ အိမ်တွေ ပျက်စီးပြီး သူတို့ လူတွေ သေဆုံး သွားတာကိုရော လိုလား နေလို့လား...”

“နန်းတွင်းအကြံပေး အတွက် ရန်ကြွေးကိုတော့ ဆပ်ရပါမယ်...”

စစ်သူကြီးချုပ်က ဒေါသတကြီး အော်ဟစ် လိုက်သည်။

“ဟမ့်... ခင်ဗျား ပြည်သူတွေရဲ့ အသက်ကို လျစ်လျူရှု ထားရင်... ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ဘယ်လို ခေါ်နိုင်မှာလဲ။ ခမည်းတော်.. နိုင်ငံ တစ်ခုရဲ့ အုပ်စိုးသူ တစ်ယောက် အနေနဲ့... ပြည်သူတွေကို အရာအားလုံးထက် ဦးစား ပေးသင့်တယ်။ ကိုယ်ပိုင် ဆန္ဒတွေကို ရှေ့တန်း မတင် သင့်ဘူး...”

လေကျွယ်က အေးစက်စွာ နှာမှုတ် လိုက်သည်။

ဤစကားကို ကြားသောအခါ လေကျန့်ဖုန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ ဒေါသတကြီး ပြောလိုက်၏။

“အမိန့်ကို ချက်ချင်း ထုတ်ပြန် လိုက်။ အင်ပါယာ အတွင်းက အင်အားစု အားလုံး အသင့် အနေအထားမှာ ရှိနေပါစေ... အင်ပါယာ အတွက် တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထား...”

“ခမည်းတော်...”

လေကျွယ်က ကြားဝင် ဖျန်ဖြေရန် ကြိုးစားသည်။

“တော်တော့...”

လေကျန့်ဖုန်းက ဟိန်းဟောက် လိုက်သည်။ သူ၏ အကြည့်များ လေကျွယ်ထံသို့ ရွေ့လျား သွားသည်။ “သားတော်... မင်း ငယ်သေးတယ်... ပါဝင် ပတ်သက်နေတဲ့ အန္တရာယ်တွေကို နားမလည် သေးဘူး။ အချိန်တန်ရင် မင်း သိလာလိမ့်မယ်... ပြည်သူတွေရဲ့ ဘေးကင်း လုံခြုံမှုက အကြွင်းမဲ့ အာဏာ ရှိခြင်း အပေါ်မှာ မူတည် နေတယ် ဆိုတာကို... အာဏာ မရှိရင်သာ... ပြည်သူတွေက တကယ့်အန္တရာယ် ကြားထဲမှာ နေထိုင် ကြရတာ”

“မင်းသား... အင်ပါယာရဲ့ နယ်မြေတွေကို ခွန်အားနဲ့ ရယူ ခဲ့ရတယ် ဆိုတာကို ခင်ဗျား သဘောပေါက် သင့်ပါတယ်...”

လန်လီက ထပ်ပြော လိုက်သည်။

လေကျွယ် ဆိတ်ငြိမ် သွားသည်။ သူ ဘာပဲ ပြောပြော ဤလူများ၏ အမြင်များနှင့် ဆုံးဖြတ်ချက်များကို ပြောင်းလဲ နိုင်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။

“သားတော်... ပြန်သွားပြီး အနားယူတော့...”

လှပသော အမျိုးသမီး တစ်ဦးက ဖြည်းညင်းစွာ တိုက်တွန်းလိုက်သည်။ နိုင်ငံ တစ်ခု၏ မိဖုရား ဖြစ်သော်လည်း သူမသည် နိုင်ငံတော် ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။

လေကျွယ်က အကူအညီမဲ့စွာ ခေါင်းခါ လိုက်သည်။ သူ လှည့်ထွက်ပြီး ခန်းမဆောင်ကြီးမှ လျှောက်ထွက် သွားသည်။

“သားတော် နက်နဲတဲ့ အခြေခံ သဘောတရားတွေကို နားမလည် ပေမယ့်... လူကောင်း တစ်ယောက်က လုပ်သင့်တာကို လုပ်ပြီး မလုပ်သင့်တာကို ရှောင်ကြဉ် ရတယ် ဆိုတာတော့ သိပါတယ်... ဒါက ခမည်းတော်က ငယ်ငယ်ကတည်းက သားတော်ကို သင်ပေးခဲ့တဲ့ သင်ခန်းစာပဲ မဟုတ်လား…”

“...”

လေကျွယ်၏ စကားများကို ကြားသောအခါ ခန်းမဆောင်ကြီး တစ်ခုလုံး ဆိတ်ငြိမ် သွားသည်။

... ... ...

“တော်ဝင် အမိန့် အတိုင်း... ယန်ဟော်အင်ပါယာနှင့် စစ်ပွဲကို သုံးရက် အတွင်း စတင်မည်။ အင်ပါယာ အတွင်းမှ အင်အားစု အားလုံး အချိန်မရွေး အသင့် အနေအထားတွင် ရှိနေရမည်။ ယန်ဟော် အင်ပါယာကို ချေမှုန်းရာတွင် အင်ပါယာကို ကူညီရမည်”

ထိုသို့ သတင်းစကားများ တစ်ခုပြီး တစ်ခု တော်ဝင် မိသားစုမှ ရွှေယွဲ့ အင်ပါယာ၏ ဒေသ အသီးသီးသို့ လျင်မြန်စွာ ပေါက်ရောက်သွားသည်။

“နန်းတွင်းအကြံပေးက သူ့ဘာသာ သေလမ်း ရှာသွားတာကို... အခု ငါတို့ကိုပါ သူနဲ့အတူ ဆွဲခေါ် ချင်နေတာလားဟ... ဖုန်းဝူချန်လို ကြောက်စရာ ကောင်းတဲ့ လူမျိုးကို သွား စော်ကားတာ ကောင်းတဲ့ အဆုံးသတ် မရှိနိုင်ဘူး”

“ဖုန်းဝူချန်က ငါတို့ အင်ပါယာ အတွက် ခြိမ်းခြောက်မှု ကြီးမားလွန်းတယ်... အင်ပါယာသာ ကျဆုံး သွားရင်... ငါတို့ အားလုံး ဖုန်းဝူချန် လက်အောက်မှာ လက်နက်ချကြရမှာပဲ”

“ဒီကိစ္စက ငါတို့နဲ့ မပတ်သက်ဘူး... နိုင်ငံ နှစ်ခု စစ်ဖြစ်တဲ့အခါ... ငါတို့ ဂိုဏ်းကတော့ သေချာပေါက် ဝင်စွက်ဖက်မှာ မဟုတ်ဘူး”

ရွှေယွဲ့အင်ပါယာ အတွင်းမှ အင်အားစု အကြီးအသေး အားလုံး၌ မတူညီသော စိတ်နေသဘောထားများ ရှိနေကြသည်။

ဖုန်းလေဂိုဏ်း၏ ဂိုဏ်းချုပ်ကတော့ ယဉ်ကျေးမှု တစ်စက်မျှ မပါဘဲ တိုက်ရိုက် ငြင်းပယ်ချလိုက်လေသည်။ သူတို့ ဖုန်းဝူချန်ထံ သစ္စာခံ ထားပြီး ဖြစ်ရာ သူ့ကို သစ္စာဖောက်ဝံ့မည် လော။

သူတို့ သစ္စာ မဖောက်ရုံ သာမက အခြေအနေကို သတင်းပို့ရန် တစ်စုံတစ်ယောက်ကို ပြိုင်ဘက်ကင်းမြို့သို့ ချက်ချင်း စေလွှတ် လိုက်သေးသည်။

... ... ...

ထျန်းဝူအင်ပါယာ၏ ခန်းမဆောင်ကြီး၊

ရွှေယွဲ့အင်ပါယာ၏ စစ်သူကြီးချုပ် ကိုယ်တိုင် ရောက်လာပြီး အခြေအနေကို သတင်းပို့ လိုက်သည်။ ထျန်းဝူဧကရာဇ်က ယန်ဟော်အင်ပါယာကို တိုက်ခိုက်ရာတွင် ပါဝင်ရန်နှင့် ဖုန်းဝူချန်ကို ချေမှုန်းရန် စစ်တပ်များ စေလွှတ် ပေးလိမ့်မည်ဟု သူက မျှော်လင့် ခဲ့သည်။

သို့သော်လည်း ထျန်းဝူ ဧကရာဇ်ကလည်း ငြင်းပယ် လိုက်သည်။

“ထျန်းဝူ ဧကရာဇ်... ဖုန်းဝူချန်ရဲ့ စွမ်းအားက ပို၍ ပို၍ ကြောက်မက်ဖွယ် ကောင်းလာနေပါတယ်... ကျွန်တော်တို့ အခု မလှုပ်ရှား ခဲ့ရင်... သူသာ ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် သွားခဲ့ရင်... ကျွန်တော်တို့ထဲက ဘယ်သူမှ သူ့ကို နိုင်တော့မှာ မဟုတ်ဘူး...”

ရွှေယွဲ့အင်ပါယာ၏ စစ်သူကြီးချုပ်က စိုးရိမ်တကြီး ပြောလိုက်သည်။ ထျန်းဝူ မဟာဧကရာဇ်က ငြင်းပယ် လိမ့်မည်ဟု လုံးဝ မျှော်လင့် မထား ခဲ့ပေ။

အင်ပါယာ သုံးခုလုံးက ဖိအား ပေးနေသည်။ ဖုန်းဝူချန်က မဟာဧကရာဇ် သုံးပါးလုံးကို စော်ကား ထားခဲ့သည်။ ယုတ္တိတန်တန် ဆိုရလျှင် ထျန်းဝူ မဟာဧကရာဇ်တွင် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။

ထျန်းဝူ မဟာဧကရာဇ်က ခေါင်းခါ လိုက်ပြီး လေးနက်စွာ ဆိုသည်။ “ငါ မကြာသေးခင်က ကျင့်ကြံရင်း အတွင်းဒဏ် ရသွားလို့... ငါ့ စွမ်းအားတွေ အများကြီး အားနည်း သွားတယ်... အမြန်ဆုံး ပြန်လည် နာလန်ထူဖို့ လိုအပ်တယ်... ဒါ့အပြင်... တိုက်ပွဲတစ်ရာ သံချပ်ဖောက် လေးကြိုးကြီးတွေမှာလည်း ပြဿနာ ဆိုးဆိုးရွားရွား ပေါ်နေလို့...အကူအညီ ပေးဖို့ စစ်တပ်တွေ မလွှတ်နိုင်ဘူး”

“ဒါ...”

ထျန်းဝူ မဟာဧကရာဇ်က ဝင်ပါလိုစိတ် မရှိသည်ကို သိရှိ လိုက်ရသဖြင့် ရွှေယွဲ့အင်ပါယာ၏ စစ်သူကြီးချုပ် အကူအညီမဲ့ သွားသည်။

ဖုန်းဝူချန်က ထျန်းဝူအင်ပါယာ၏ နန်းတော် မိသားစုကို တစ်ဦးတည်း လွှမ်းမိုး ချေမှုန်း ခဲ့သည်ကို ရွှေယွဲ့အင်ပါယာက မသိရှိ ခဲ့ပေ။

ထျန်းဝူ မဟာဧကရာဇ်သည် ယခုအခါ ဖုန်းဝူချန် အပေါ် အလွန်အမင်း သတိထား နေရပြီး သူ့ကို ရန်သူ အဖြစ် မသတ်မှတ်ရဲတော့ပေ။

ဖုန်းဝူချန်က ထျန်းဝူအင်ပါယာ၏ တော်ဝင် မိသားစုကို လွှမ်းမိုး ခဲ့သည့် မြင်ကွင်းသည် နန်းတော် မိသားစု အတွင်းမှ လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် စွဲထင် ကျန်ရစ် နေဆဲ ဖြစ်သည်။ ထိုနေ့က ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ် ကောင်းခဲ့သည်ကို မည်သူမျှ မေ့နိုင်ကြမည် မဟုတ်ပေ။

“ရွှေယွဲ့အင်ပါယာမှာ သန်မာတဲ့ စစ်အင်အား ရှိပါတယ်... ယန်ဟော်အင်ပါယာကို ရှင်းပစ်ဖို့ လုံလောက်တာထက် ပိုပါတယ်... စစ်သူကြီးချုပ်.. အခု ပြန်လို့ ရပါပြီ...”

ထျန်းဝူဧကရာဇ်က နှင်လွှတ်လိုက်သည်။

“...”

ရွှေယွဲ့အင်ပါယာ၏ စစ်သူကြီးချုပ် တိတ်တဆိတ် စိတ်ပျက်သွားသည်။

... ... ...

ထိုစဉ် လော့ယွင်အင်ပါယာ၏ ခန်းမဆောင်ကြီး အတွင်း၊

ရွှေယွဲ့အင်ပါယာ၏ သံတမန် တော်ဝင်မြို့စား ဝမ်သည် လော့ယွင်အင်ပါယာသို့ ရောက်ရှိ လာခဲ့သည်။

“ရွှေယွဲ့အင်ပါယာ သံတမန်... တော်ဝင်မြို့စား ဝမ်က လော့ယွင် ဧကရာဇ်ကို ဂါရဝ ပြုပါတယ်...”

တော်ဝင်မြို့စား ဝမ်က ရိုသေစွာ အလေးပြု လိုက်သည်။

“အော်... တော်ဝင်မြို့စား ဝမ် ပါလား...”

လော့ယွင် ဧကရာဇ်က ခေါင်းညိတ် ပြုံးပြ လိုက်သည်။ သို့သော် သူ၏ အပြုံးမှာ အတော်လေး မူမမှန် ဖြစ်နေသည်။

နန်းတွင်းအကြံပေးနှင့် ခန်းမဆောင်ကြီး အတွင်းမှ မှူးမတ်များ၏ မျက်နှာများမှာလည်း အလွန် ထူးဆန်း နေကြသည်။ တစ်စုံတစ်ခု ဖြစ်ပျက် ခဲ့သည့် အလားပင်။

တော်ဝင်မြို့စား ဝမ် ဝင်လာသည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်း နေသည်ကို သူ ခံစား မိလိုက်သည်။ သို့သော် ၎င်းမှာ အဘယ်အရာ ဖြစ်နိုင်သည်ကို သူလည်း မသိခဲ့ပေ။

လော့ယွင် ဧကရာဇ်က တော်ဝင်မြို့စား ဝမ်ကို ထိုင်ရန် လက်ဟန်ပြ လိုက်သည်။ ထို့နောက် ပြုံးလျက် မေးလိုက်၏။ “တော်ဝင်မြို့စား ဝမ် ကျွန်တော်တို့ အင်ပါယာကို ကြွရောက် လာခြင်း အကြောင်းရင်းကို သိခွင့် ပြုပါ...”

ဤစကားကို ကြားသောအခါ တော်ဝင်မြို့စား ဝမ်သည် ခန်းမဆောင် အတွင်းမှ လူများ၏ ထူးဆန်းမှုကို ဂရုမစိုက် နိုင်တော့ဘဲ ပြောလိုက်သည်။ “ဖုန်းဝူချန်က ကျွန်တော်တို့ အင်ပါယာရဲ့ နန်းတွင်းအကြံပေးကို သတ်ခဲ့ပါတယ်... ဧကရာဇ်က အလွန် ဒေါသ ထွက်နေပါတယ်... သုံးရက် အတွင်းမှာ... သူ ယန်ဟော်အင်ပါယာကို ချေမှုန်းဖို့ စစ်တပ်တွေကို ဦးဆောင် ချီတက် ပါတော့မယ်... ဒါကြောင့်... လော့ယွင် ဧကရာဇ်ကို စစ်တပ် စေလွှတ်ပြီး ယန်ဟော်အင်ပါယာနဲ့ ဖုန်းဝူချန်ကို ချေမှုန်းရာမှာ ပူးပေါင်း ပါဝင်ဖို့ တောင်းဆိုဖို့ ကျွန်တော်မျိုးကို အထူး စေလွှတ် လိုက်တာပါ”

“အိုး... ဖုန်းဝူချန်က နန်းတွင်းအကြံပေး ချင်းဖေးကို သတ်ခဲ့တယ်... ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ...”

လော့ယွင် ဧကရာဇ်က အံ့ဩတကြီး မေးလိုက်သည်။ သို့သော် သူ၏ အံ့ဩမှုမှာ ဟန်ဆောင် နေပုံ ပေါက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဖြစ်ခဲ့တာပါ...”

တော်ဝင်မြို့စား ဝမ်က ပြောသည်။ “ဖုန်းဝူချန်က အခု ယွမ်တန်ဘုံ နဝမအလွှာမှာ ရှိနေပါပြီ... သူ့ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလှပါတယ်... ကျွန်တော်တို့ သူ့ကို အခု မချေမှုန်း ခဲ့ရင်... သူသာ ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် သွားခဲ့ရင်... အဲ့ဒီ အခါကျရင် သူ့ကို ဘယ်သူမှ နိုင်တော့မှာ မဟုတ်ပါဘူး... သူက ကျွန်တော်တို့ အင်ပါယာ သုံးခုလုံး အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာ ပါလိမ့်မယ်”

ခေတ္တ ရပ်နားပြီးနောက် တော်ဝင်မြို့စား ဝမ်က ထပ်ပြောသည်။ “စစ်သူကြီးချုပ် ကိုယ်တိုင် ထျန်းဝူအင်ပါယာကို သွားခဲ့ပါတယ်... ထျန်းဝူအင်ပါယာကလည်း ယန်ဟော်အင်ပါယာကို တိုက်ခိုက်ဖို့ စစ်တပ် စေလွှတ်ဖို့ သဘောတူ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

ထိုအခါ လော့ယွင်အင်ပါယာ၏ နန်းတွင်းအကြံပေးက မေးလေသည်။ “ဖုန်းဝူချန်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းတာ မှန်ပါတယ်... ဒါပေမဲ့ ဒါက ခင်ဗျားတို့ ရွှေယွဲ့အင်ပါယာရဲ့ ကိစ္စပဲလေ... ရွှေယွဲ့အင်ပါယာရဲ့ စွမ်းအားနဲ့ ဆိုရင်... ယန်ဟော်အင်ပါယာကို ချေမှုန်းဖို့က ပြဿနာ မဟုတ်ပါဘူး... ဘာကြောင့် တော်ဝင်မြို့စား ဝမ်က ဒီကို ကိုယ်တိုင် ဒုက္ခခံပြီး ကြွလာ ရတာလဲ...”

“တော်ဝင်မြို့စား ဝမ်... ထျန်းဝူအင်ပါယာကလည်း စစ်တပ် စေလွှတ်ဖို့ သဘောတူမှတော့... လော့ယွင်အင်ပါယာက ဝင်စွက်ဖက်မှာ မဟုတ်တော့ပါဘူး... ခင်ဗျား သိတဲ့ အတိုင်းပဲ... ကျီးရှင်းဂိုဏ်းလည်း ချေမှုန်း ခံလိုက်ရပြီ... ကျုပ်တို့ အင်ပါယာက အကြီးစား စစ်ပွဲ တစ်ခုကို တောင့်မခံနိုင်တော့ဘူးလေ...” ဟု လော့ယွင် စစ်သူကြီးချုပ်က ထပ်ပြောလိုက်သည်။

“ဒါ...”

တော်ဝင်မြို့စား ဝမ် မှင်သက်သွားသည်။ ဤသို့သော ရလဒ်မျိုးကို သူ မမျှော်လင့် ထားခဲ့ပေ။

လော့ယွင်အင်ပါယာက ဖုန်းဝူချန်ကို မကြောက်ဘူးလား။

ဖုန်းဝူချန်ကို ချေမှုန်းဖို့ ဒီလောက် ကောင်းတဲ့ အခွင့်အရေး ရနေတာ... ဘာကြောင့် လော့ယွင်အင်ပါယာက စစ်တပ် မလွှတ်ချင် ရတာလဲ။

တော်ဝင်မြို့စား ဝမ် တကယ် နားမလည် နိုင်တော့ပေ။

“လော့ယွင် ဧကရာဇ်... ကျွန်တော်တို့ ဖုန်းဝူချန်ကို ချေမှုန်း လိုက်ရင်... ဒါက ကျွန်တော်တို့ အင်ပါယာ သုံးခုလုံး အတွက် အကျိုးရှိ ပါလိမ့်မယ်... ဧကရာဇ်က ပြောပါတယ်... ကိုးထပ် ချန်ခွင်း မျှော်စင်နဲ့ ဖုန်းဝူချန်ရဲ့ မြေကမ္ဘာအဆင့် သိုင်းပညာတွေကို မျှဝေ ယူနိုင်တယ်တဲ့...”

တော်ဝင်မြို့စား ဝမ်က ထပ်ပြော လိုက်သည်။

ကိုးထပ် ချန်ခွင်း မျှော်စင်နှင့် မြေကမ္ဘာအဆင့် သိုင်းပညာများကို ကမ်းလှမ်းခြင်းသည် ငြင်းဆန် မရနိုင်သော အရာ ဖြစ်သင့်သည်ဟု သူ တွေးလိုက်၏။

ကိုးထပ် ချန်ခွင်း မျှော်စင်ကို ထည့်မပြောလျှင်ပင်... ဖုန်းဝူချန်၏ အစွမ်းထက်သော မြေကမ္ဘာအဆင့် သိုင်းပညာ တစ်ခုတည်းကပင် မရေမတွက် နိုင်သော လူများကို လောဘ တက်စေရန် လုံလောက်သည်။

တော်ဝင်မြို့စား ဝမ်၏ စကားများကို ကြားသောအခါ လော့ယွင် ဧကရာဇ်နှင့် အခြားသူများ လန့်ဖျပ်သွားကာ ချွေးစေးများ ပျံထွက် လာသည်။

ဒါက ဘယ်သူ့ ရတနာလဲ ဆိုတာ သူတို့ မမြင်ဘူးလား။... ဒါက သူတို့ ကြိုက်သလို ယူ၍ ရသည့် အရာ မဟုတ်ပေ။

ထို့အပြင် သူတို့ ဖုန်းဝူချန်၏ ရတနာများကို ရရှိ ခဲ့လျှင်ပင် ရွှေယွဲ့အင်ပါယာက အမှန်တကယ် မျှဝေ ပေးမည်လော။

ရွှေယွဲ့အင်ပါယာသည် နိုင်ငံ လေးခုတွင် ထိပ်ဆုံးမှ ဖြစ်သည်ကို လူတိုင်း သိကြသည်။ ယန်ဟော်အင်ပါယာကို ချေမှုန်းပြီး နောက်တွင် ထျန်းဝူအင်ပါယာနှင့် လော့ယွင်အင်ပါယာတို့ ပူးပေါင်း လျှင်ပင် ရွှေယွဲ့အင်ပါယာကို ယှဉ်နိုင်မည် မဟုတ်ပေ။

လော့ယွင် ဧကရာဇ်သည် လူအ တစ်ယောက် မဟုတ်။ သူ ဤသည်ကို နားမလည်ဘဲ နေမည်လော။

လော့ယွင် ဧကရာဇ်က ခေါင်းခါ လိုက်ကာ…

“တော်ဝင်မြို့စား ဝမ်... ဧကရာဇ်လေရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုကို ငါတို့ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဖုန်းဝူချန်ရဲ့ ရတနာတွေကို စိတ်မဝင်စား ဘူး... အကယ်၍ ရွှေယွဲ့အင်ပါယာက ယန်ဟော်အင်ပါယာကို စစ်ကြေညာ ခဲ့ရင်... လော့ယွင်အင်ပါယာက လုံးဝ ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး...”

“လော့ယွင် ဧကရာဇ်... ကျေးဇူးပြုပြီး ပြန်စဉ်းစား ပါဦး...”

တော်ဝင်မြို့စား ဝမ်က စိုးရိမ်တကြီး ပြောသည်။

ရွှေယွဲ့အင်ပါယာသည် နိုင်ငံ လေးခု၏ ခေါင်းဆောင် ဖြစ်သော်လည်း အကူအညီ တောင်းခံသည့် အခါ ယဉ်ကျေးမှု ရှိနေရန် လိုအပ်ပေသည်။

လော့ယွင် ဧကရာဇ်က သူ၏ လက်ကို မြှောက် လိုက်ပြီး ဆိုသည်။ “တော်ဝင်မြို့စား ဝမ်... နောက်ထပ် ဆွေးနွေးစရာ မလိုတော့ပါဘူး... ယန်ဟော်အင်ပါယာကို ရှင်းပစ်ဖို့... ထျန်းဝူအင်ပါယာနဲ့ ရွှေယွဲ့အင်ပါယာတို့နဲ့ လုံလောက် ပါတယ်... ငါတို့ အင်ပါယာရဲ့ စွမ်းအားက အရင်ကနဲ့ မတူတော့ဘူး... စစ်ပွဲ ဆင်နွှဲဖို့ မတတ်နိုင် တော့ဘူး”

အကူအညီမဲ့သော ခံစားချက်ဖြင့် တော်ဝင်မြို့စား ဝမ်က ခေါင်းခါ လိုက်သည်။ ထို့နောက် စိတ်ပျက်စွာ ထွက်ခွာ သွားသည်။

“လော့ယွင် ဧကရာဇ်... ဒီအကြောင်းကို သေချာ စဉ်းစား ပါဦး... ခင်ဗျား ဒီအခွင့်အရေးကို လက်လွှတ် လိုက်ရင်... ခင်ဗျား ကျုပ် ရတနာတွေကို မျှဝေ ခံစားခွင့် ရတော့မှာ မဟုတ်ဘူး နော်...”

ထိုအခိုက်..ဖုန်းဝူချန်၏ ခပ်တိုးတိုး ရယ်သံသည် ခန်းမဆောင်ကြီး အတွင်း ရုတ်တရက် ပြည့်နှက် သွားသည်။ ထို့နောက် သူ၏ ပုံရိပ်သည် ခန်းမဆောင် အတွင်း ရုတ်တရက် ပေါ်ထွက် လာသည်။

“စစ်သူကြီးချုပ်က နောက်နေတာပါ... ကျုပ်က စစ်သူကြီးချုပ်နဲ့ ရန်သူ ဖြစ်ရဲပါ့မလား...”

လော့ယွင် ဧကရာဇ်က က်ြိတ်မှိတ်၍ ပြုံးကာ ဆိုလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စိုးရိမ်မှု အရိပ်အယောင် တစ်စ ရှိနေလေသည်။

တော်ဝင်မြို့စား ဝမ် မရောက်လာခင် ကတည်းက ဖုန်းဝူချန်သည် လော့ယွင်အင်ပါယာသို့ ရောက်ရှိ နေခဲ့ပြီး လော့ယွင် တော်ဝင် မိသားစုကို သူ၏ လွှမ်းမိုးသော စွမ်းအားဖြင့် ချုပ်ကိုင် ထားခဲ့ပြီး ဖြစ်သည်။ သို့မဟုတ်လျှင် လော့ယွင် ဧကရာဇ်သည် တော်ဝင်မြို့စား ဝမ်၏ တောင်းဆိုမှု အတိုင်း စစ်တပ် စေလွှတ်ရန် သဘောတူ လိုက်လောက်ပြီ ဖြစ်သည်။

ခန်းမဆောင်ကြီး အတွင်း၌ နန်းတွင်းအကြံပေး၊ စစ်သူကြီးချုပ်နှင့် အဆင့်မြင့် မှူးမတ် များစွာတို့သည် ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို တွေးမိတိုင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေကြသည်။ ဒါက သူတို့၏ စိတ်ကူးနိုင်သော အတိုင်းအတာထက်ပင် ကျော်လွန် နေခဲ့လေသည်။

“ဒါ ကောင်းတယ်..၊. လော့ယွင်အင်ပါယာက စစ်တပ် မလွှတ် သရွေ့... ကျုပ်က ခင်ဗျားတို့ရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်မှာ မဟုတ်သလို... ခင်ဗျားတို့ရဲ့ ဘယ် ကိစ္စကိုမှလည်း ဝင်စွက်ဖက်မှာ မဟုတ်ဘူး...”

ဖုန်းဝူချန်က ညင်သာစွာ ပြောလိုက်သည်။

“စစ်သူကြီးချုပ်... ရွှေယွဲ့အင်ပါယာက အင်အား ကြီးမားပါတယ်... ထိုက်ရွှီဂိုဏ်းမှာလည်း ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင် နှစ်ယောက် ရှိနေတယ်ာ... တကယ် ယုံကြည်မှု ရှိရဲ့လား...”

နန်းတွင်းအကြံပေးက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ယုံကြည်မှု မရှိဘူး...”

ဖုန်းဝူချန်က ခေါင်းခါ လိုက်သည်။

“ဟင်၊ ယုံကြည်မှု မရှိဘူး...”

ဤစကားကို ကြားသောအခါ လော့ယွင် ဧကရာဇ်နှင့် အခြားသူများ တုန်လှုပ် သွားကြသည်။ သူတို့၏ မျက်နှာများ ရုတ်တရက် ဖြူဖျော့ သွားကြသည်။

ယုံကြည်မှု မရှိဘဲနဲ့ ရွှေယွဲ့အင်ပါယာကို ဆန့်ကျင် ရဲသေးသည်လား။ ဒါ သေကြောင်း ကြံတာ မဟုတ်ဘူးလား။

လူတိုင်း၏ မျက်နှာပေါ်မှ ကြောက်ရွံ့သော အမူအရာများကို မြင်သောအခါ ဖုန်းဝူချန်က ပြောလိုက်သည်။ “ဒါပေမဲ့ သူတို့လည်း ကျုပ်ကို သတ်နိုင်မှာ မဟုတ်ဘူး... ကျုပ် သိချင်တာက ကျုပ် အဖေကို ရွှေယွဲ့အင်ပါယာက ဖမ်းသွားတာလား... ဒါမှမဟုတ် ထိုက်ရွှီဂိုဏ်းက ခေါ်သွားတာလား ဆိုတာပဲ”

ရွှေယွဲ့အင်ပါယာနှင့် ထိုက်ရွှီဂိုဏ်းမှ လွဲ၍ ဖုန်းဝူချန် အခြား မည်သူ့ကိုမျှ မတွေးမိ တော့ပေ။

၎င်းမှာ ဟွမ်ဖူမိသားစု မဖြစ်နိုင်ပေ။ အကယ်၍ ဖုန်းကျိန့်ရှုံးကို ဟွမ်ဖူမိသားစုက ဖမ်းဆီး သွားခဲ့ပါက ဟွမ်ဖူထျန်းပါနှင့် အခြားသူများ လက်စားချေရန် ကြာမြင့်စွာ ကတည်းက ရောက်လာ လောက်ပြီ ဖြစ်သည်။

ဖုန်းဝူချန်က ကြာကြာ မနေခဲ့ပေ။ မကြာမီ သူ၏ အင်ပါယာသို့ ပြန်သွားလေသည်။

သုံးရက် ကြာပြီးနောက် နိုင်ငံ နှစ်ခု စစ်ဖြစ် လာသောအခါ သူသည်လည်း ဆေးလုံးများ ပြင်ဆင်ရန် ပြန်သွားရန် လိုအပ်ပေသည်။

ယန်ဟော်အင်ပါယာသည်လည်း လာမည့် တိုက်ပွဲ အတွက် ပြင်ဆင် နေခဲ့သည်။

အင်ပါယာ၏ စစ်သည်တော် အားလုံးကို ပြန်လည် ခေါ်ယူ ထားပြီး အင်ပါယာ နယ်မြေ တစ်ဝှမ်းလုံးမှ အင်အားစု အကြီးအသေး အားလုံး ပြင်ဆင်မှုများ ပြုလုပ် နေကြလေ၏။

All Chapters