စစ်ပွဲ စတင်ခြင်း
Vol. 15 Ch. 220
~ရွှေယွဲ့အင်ပါယာနှင့် ယန်ဟော်အင်ပါယာ ကြားမှ တင်းမာမှုများ မြင့်တက် လာခဲ့သည်။
ရွှေယွဲ့အင်ပါယာ အတွင်း၌ အင်ပါယာကို ကူညီသော ဒေသ အသီးသီးမှ အင်အားစုများသည် တော်ဝင် စစ်တပ်နှင့် အတူ ထွက်ခွာ လာခဲ့ကြပြီ ဖြစ်သည်။
ရွှေယွဲ့အင်ပါယာ၏ ကြီးမားသော အလံတော်များ လေထဲတွင် တလူလူ လွင့်ပျံ နေသည်။ စစ်သည်တော် အားလုံး အနက်ရောင် သံချပ်ဝတ်စုံများကို ဝတ်ဆင် ထားကြသည်။ ဧရာမ စစ်တပ်ကြီးသည် လွှမ်းမိုး နိုင်သော ဒီရေလှိုင်း တစ်ခုအလား ရှေ့သို့ ချီတက် လာနေပြီး ၎င်း၏ အရှိန်အဟုန်မှာ တားဆီး မရနိုင်ပေ။
သူတို့သည် နိုင်ငံ လေးခုတွင် အသန်မာဆုံး စစ်တပ်ကို ကိုယ်စားပြုသည်။
ထျန်းဝူအင်ပါယာနှင့် လော့ယွင်အင်ပါယာတို့က စစ်တပ် စေလွှတ်ရန် သဘော မတူခဲ့ သော်လည်း ဤသည်က လေကျန့်ဖုန်း၏ စစ်တပ်များ စေလွှတ်ရန် ဆုံးဖြတ်ချက်ကို မထိခိုက် စေခဲ့ပေ။
ရွှေယွဲ့အင်ပါယာ၏ စစ်သည် တစ်သိန်း၊ အင်ပါယာ၏ အဓိက အင်အားစု အားလုံးမှ ကျင့်ကြံသူများ ပေါင်းလိုက်လျှင် စုစုပေါင်း နှစ်သိန်း နီးပါး ရှိသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသော စုဖွဲ့မှု တစ်ခုပင်။
စစ်သည် နှစ်သိန်း နီးပါးကို တပ်ခွဲ လေးခု ခွဲထားသည်။ ယန်ဟော်အင်ပါယာထံသို့ အပြေးအလွှား ချီတက် နေကြပြီး အုပ်စု တစ်ခုစီမှာ အမြီးကို ဝှေ့ယမ်း နေသော နဂါးရှည်ကြီး တစ်ကောင်နှင့် တူလှသည်။
ရွှေယွဲ့အင်ပါယာ၏ စစ်တပ်သည် ကောင်းစွာ လက်နက် တပ်ဆင် ထားသည်။ မြင်းသည်တော်တပ်ဖွဲ့များ၊ စစ်ရထား တပ်များ၊ လေးသည်တော် တပ်များနှင့် အမျိုးမျိုးသော မြို့ရိုး ဖောက်စက်များ သူတို့ လက်ဝယ်တွင် ရှိနေသည်။
သို့သော်လည်း ၎င်းတို့သည် ရွှေယွဲ့အင်ပါယာ၏ အတော်ဆုံး အထက်တန်းလွှာ စစ်သည်များ မဟုတ်သေးပေ။
နိုင်ငံ လေးခုတွင် ထိပ်ဆုံးမှ ဖြစ်ပြီး အသန်မာဆုံး အဖြစ် ရွှေယွဲ့အင်ပါယာတွင် သူ၏ အစွမ်းအထက်ဆုံး အင်အားစုများ သဘာဝအတိုင်း ရှိနေသည်။
အရိပ်တပ်ဖွဲ့သည် ရွှေယွဲ့အင်ပါယာ၏ အတော်ဆုံး အထက်တန်းလွှာ တပ်ဖွဲ့ ဖြစ်သလို လုပ်ကြံ သတ်ဖြတ်ရေး အဖွဲ့ တစ်ခုလည်း ဖြစ်သည်။ လုပ်ကြံ သတ်ဖြတ်ခြင်း တာဝန်များကို အထူးပြု ဆောင်ရွက်၏။ သူတို့၏ တည်ရှိမှုသည်ပင် အင်ပါယာကြီး လေးခု၏ နှလုံးသားများထဲသို့ ကြောက်ရွံ့ ထိတ်လန့်မှုကို သက်ဆင်း စေသည်။
အရိပ်တပ်ဖွဲ့တွင် အဖွဲ့ဝင် ထောင်ပေါင်း များစွာ ပါဝင်သည်။ တစ်ဦးစီသည် အနည်းဆုံး ယွမ်တန်ဘုံ ဒုတိယအလွှာတွင် ရှိပြီး သူတို့ထဲမှ အသန်မာဆုံးမှာ ယွမ်တန်ဘုံ ဆဌမအလွှာတွင် ရှိသည်။ အားလုံးသည် သာလွန် အရည်အသွေးမြင့် ရတနာများ၊ လက်နက်များနှင့် သံချပ်ဝတ်စုံများ တပ်ဆင် ထားကြသည်။ ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင် ထားပြီး အထက်တန်းလွှာ စစ်သည် တစ်ဦးစီမှာ ရဲရင့်ပြီး တိုက်ပွဲတွင် ကျွမ်းကျင် လိမ္မာ ကြသည်။
သူတို့ ရွေ့လျား လှုပ်ရှားရာတွင် ခြေရာ လက်ရာ မကျန်သောကြောင့် သူတို့ကို ‘အရိပ်များ’ ဟု ခေါ်ဝေါ် ကြခြင်း ဖြစ်သည်။
အရိပ်တပ်ဖွဲ့ကို ယခုထိ စေလွှတ်ခြင်း မရှိသေးပေ။ သို့တည်း မဟုတ် သူတို့ကို လျှို့ဝှက်စွာ စေလွှတ် ထားခဲ့ပြီး ဖြစ်လေသလား။
ထိုစဉ် ယန်ဟော်အင်ပါယာသည် စစ်သည် တစ်သိန်းကို စုစည်း ခဲ့ပြီး ဖြစ်သည်။ ဒေသ အသီးသီးမှ အင်အားစုများ တော်ဝင် စစ်တပ်၏ နောက်မှ လိုက်ပါ လာကြသည်။ သူတို့ကိုလည်း တပ်ခွဲ လေးခု ခွဲထားပြီး နိုင်ငံ၏ အဓိက တံခါးပေါက်ကြီး လေးခုဆီသို့ ဦးတည် နေကြသည်။
တံခါးပေါက်ကြီး လေးခု၏ အပြင်ဘက်တွင် ကျယ်ပြန့်သော မြေကွင်းပြင်ကြီး တစ်ခု ရှိသည်။ စစ်မြေပြင်ပင်။
ရွှမ်းထျန်းဂိုဏ်း၊ ဖန်ထျန်းတောင်ကြား၊ ထျန်းတု လေလံပွဲရုံ၊ ယဲ့မိသားစု၊ နီမိသားစု၊ ကောင်းကင်ဗိမာန်နှင့် အခြား အဓိက အင်အားစုများ အားလုံး အင်အား အပြည့်ဖြင့် ထွက်ခွာ လာကြပြီး တော်ဝင် စစ်တပ် အတွင်းသို့ ပေါင်းစည်း သွားကြသည်။
ကောင်းကင်ဗိမာန်တွင် လူ နှစ်ရာကျော်မျှသာ ရှိသော်လည်း ချီဟွမ် ကိုယ်တိုင် ဦးဆောင် လာခဲ့သည်။ သူတို့၏ စွမ်းအားကို လျှော့မတွက် သင့်ပေ။ အကြောင်းမှာ ကောင်းကင်ဗိမာန်၏ ကျင့်ကြံသူများသည် အလေးမထား ပစ်ပယ်၍ ရသော သာမန် စစ်သည်များ မဟုတ်ကြသောကြောင့် ဖြစ်သည်။
ကောင်းကင်ဗိမာန်၏ သခင် (၁၀) ဦးသည် ထည့်သွင်း စဉ်းစား ရမည့် ကြောက်မက်ဖွယ် အင်အားစု တစ်ခု ဖြစ်သည်။
အစွမ်းအထက်ဆုံးမှာ ရွှမ်းထျန်းဂိုဏ်း ဖြစ်သည်။ လပေါင်းများစွာ ကြမ်းတမ်းသော လေ့ကျင့်မှုများ ပြီးနောက် အလွန် အစွမ်းထက်သော တပည့် အစုလိုက် တစ်ခုကို မွေးထုတ် ပေးနိုင်ခဲ့သည်။
ထျန်းယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး၊ အကြီးအကဲများနှင့် နည်းပြများ၊ ယွမ်တန်ဘုံမှ ကျောင်းသားများပင်လျှင် ပါဝင် လာကြသည်။
ယန်ဟော်အင်ပါယာ၏ စစ်တပ်သည်လည်း နှစ်သိန်း နီးပါး အင်အား ရှိနေသည်။ ပိုမို များပြားသော ကျင့်ကြံသူများ အဆက်မပြတ် ပါဝင် လာကြပြီး စစ်တပ်၏ စွမ်းအားကို အမြဲ တိုးပွား စေလျက် ရှိသည်။
သွမ့်ထျန်းဟွမ်၊ ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည် ယန်ဟော်အင်ပါယာ၏ အရေးကြီးဆုံး တံခါးပေါက်ဖြစ်သော ယန်ဟော်မြို့သို့ ရောက်ရှိ နေခဲ့ကြပြီ ဖြစ်သည်။
ယန်ဟော်မြို့မှ လူများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထားခဲ့ပြီး ဖြစ်သည်။ စစ်သည် သောင်းပေါင်း များစွာ မြို့ အတွင်း၌ တပ်စွဲထားကြ၏။
အခြား တပ် သုံးခုကို ယဲ့ချန်းချုံး၊ သွမ့်ဝူချင်းနှင့် လင်ကျန့်ထျန်းတို့က အသီးသီး ဦးဆောင် ကြသည်။ တစ်ခုစီတွင် စစ်သည် သောင်းပေါင်း များစွာ ရှိနေပြီး ယခုအခါ တံခါးပေါက် အသီးသီးတွင် ရွှေယွဲ့အင်ပါယာ၏ စစ်တပ်ကို စောင့်ဆိုင်းနေကြ၏။
တံခါးပေါက်ကြီး တစ်ခုစီ၏ အထက်တွင် ယန်ဟော်အင်ပါယာ၏ အလံတော်များ လွှင့်ထူ ထားသည်။ “炎” (ယန် )(မီးလျှံ) ဟူသော စာလုံးဖြင့် ထွင်းထုထားသည်။
["ယန်" (炎) ဆိုတာက “ဟော်” "မီး" (火) ဆိုတဲ့ စာလုံးနှစ်လုံးကို အပေါ်အောက် ထပ်ထားတာပါ။ "မီး" နှစ်ခါဆင့်ဆိုတော့ "တောက်လောင်နေတဲ့ မီးတောက်မီးလျှံ" ပေါ့။
နောက်ပြီး အဲဒါ "ယန်ဧကရာဇ်" ကိုလည်း ရည်ညွှန်းပါတယ်။ ယန်ဧကရာဇ်က ဒဏ္ဍာရီထဲမှာ မီးနဲ့ပတ်သက်တဲ့ ဘိုးဘေးတစ်ယောက်ပါ။ ဆိုတော့ အဲဒီအလံက "ငါတို့က မီးလို တောက်လောင်ပြီး တန်ခိုးကြီးတယ်၊ မျိုးရိုးလည်း မြင့်တယ်" ဆိုတဲ့ သဘောပါပဲ။]
ယန်ဟော် အင်ပါယာ၏ စစ်သည်တော် များသည်လည်း ကောင်းစွာ လက်နက် တပ်ဆင် ထားကြသည်။ အမျိုးမျိုးသော မီးကျောက် စစ်ရထားများ၊ စစ် လေးတင် စိန်ပြောင်းများ၊ သံမဏိ ဒိုင်းများနှင့် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားကို လျှော့မတွက်သင့်ပေ။
ဟုတ်ပါသည်။ အရေးကြီးဆုံးမှာ ယန်ဟော်အင်ပါယာ၏ အစောင့်အရှောက် နတ်ဘုရားများ ဖြစ်သည်။ အင်ပါယာ၏ အစွမ်းအထက်ဆုံး တပ်ဖွဲ့များပင်။
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့ကို ဖုန်းဝူချန်က ဦးဆောင်သည်။
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့သည် အတိတ်ကနှင့် မတူတော့ပေ။ သူတို့သည် ယန်ဟော်အင်ပါယာ၏ အဓိက အင်အားစုများ ဖြစ်ကြသည်။ အင်ပါယာ တစ်ခုလုံးက သူတို့၏ စွမ်းအား အစစ်အမှန်ကို မျက်မြင် တွေ့ရန် မျှော်လင့် နေကြ၏။
ဤ အထက်တန်းလွှာ တပ်ဖွဲ့ နှစ်ခုသည် ရွှေယွဲ့အင်ပါယာ၏ အရိပ်တပ်ဖွဲ့ကို လွှမ်းမိုး နိုင်မည်လော။
အချိန် တဖြည်းဖြည်း ကုန်ဆုံး လာသည်နှင့် တံခါးပေါက်ကြီး လေးခု၏ တည်ငြိမ် အေးချမ်းမှုသည် တံပိုး ခရာသံများကြောင့် စတင် ပျက်ပြား လာသည်။ ရွှေယွဲ့အင်ပါယာ စစ်တပ် ချဉ်းကပ် လာပြီ ဖြစ်ကြောင်း အချက်ပြ လိုက်ခြင်း ဖြစ်လေသည်။
ရွှေယွဲ့အင်ပါယာ၏ တပ်ခွဲ လေးခုသည် ယန်ဟော်အင်ပါယာ၏ တံခါးပေါက်ကြီး လေးခုသို့ ရောက်ရှိလာခဲ့ကြလေပြီ။
သူတို့ စစ်တပ်၏ အရှိန်အဝါသည် အရောင်စုံ သက်တန့် တစ်ခုအလားပင်။ သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ကြည့်ရှု နေသူများ၏ နှလုံးသားများထဲသို့ ကြောက်ရွံ့မှုကို သက်ဆင်း စေသည်။
ယန်ဟော်မြို့ အပြင်ဘက်တွင် လေကျန့်ဖုန်း ကိုယ်တိုင် ဦးဆောင် လာသော စစ်တပ်သည် မြို့တံခါးများဆီသို့ ရောက်ရှိ လာခဲ့သည်။
မြို့ရိုးပေါ်တွင် သွမ့်ထျန်းဟွမ်က လေကျန့်ဖုန်းကို ကြည့်ရှုရင်း ပြောလေ၏။
“ဧကရာဇ်လေ... ခင်ဗျား အတော်လေး မြန်မြန် ရောက်လာတာပဲ”
လေကျန့်ဖုန်းက ပတ်ပတ်လည်သို့ လှမ်းကြည့် လိုက်သည်။ ဖုန်းဝူချန်၏ ပုံရိပ်ကို မမြင်တွေ့ရ။ ထို့နောက် သူ ရက်စက်စွာ မေးလိုက်သည်။
“ဘာလဲ... ဖုန်းဝူချန်က သေဖို့ ရင်ဆိုင်ရမှာ ကြောက်လွန်းလို့ မလာရဲတာလား...”
“အဲ့ဒါ ခင်ဗျား စိုးရိမ်စရာ မဟုတ်ဘူး...”
သွမ့်ထျန်းဟွမ်က အေးစက်စွာ ရယ်မောရင်း ပြန်ပြော လိုက်သည်။
“မြို့ကို တိုက်စေ...”
လေကျန့်ဖုန်းက ဟိန်းဟောက် လိုက်သည်။ နောက်ထပ် စကားပြောဆိုမှုများ မပြုတော့။
“မြို့ကို တိုက်မယ်... မြှားတွေ ပစ်လွှတ်ကြ...”
စစ်သူကြီး တစ်ဦးက ဟိန်းဟောက် လိုက်သည်။ များပြားလှသော စစ်သည်တော်များ သူတို့၏ လေးများကို ဆွဲညှို့ကာ မြှားများ ပစ်လွှတ် လိုက်ကြသည်။ များစွာသော စစ်သည်များက ဧရာမ စစ်ရထားကြီးများကို မြို့တံခါးများဆီသို့ တွန်းပို့ လာကြသည်။
မြို့တံခါးများကို မှုတ်ထုတ် ဖျက်ဆီးရန် ကြိုးပမ်းသည့် အနေဖြင့် အမျိုးမျိုးသော သိုင်းပညာများကို ထုတ်ဖော် လိုက်ကြသည်။
“ဝှစ်... ဝှစ်... ဝှစ်...”
တခဏချင်းမှာပင် ထူထပ်သော မြှားမိုးကြီး ယန်ဟော်မြို့ထံသို့ ပျံသန်း သွားသည်။ ထို တိုက်ခိုက်မှုမှာ ရက်စက် ကြမ်းကြုတ် လှပြီး မြို့ အတွင်းမှ အဆောက်အဦများ မြှားများ စိုက်ဝင် ပေါက်ပြဲ သွားကာ စစ်သည်များစွာ ပျားအုံများ အပေါက်ဖောက်ခံရသလို ဖြစ်သွား ကြသည်။
“သွမ့်ထျန်းဟွမ်... လာစမ်း... ဒီနှစ်တွေ အတွင်းမှာ မင်းရဲ့ စွမ်းအား ဘယ်လောက် တိုးတက် လာသလဲ ဆိုတာ ငါ့ကို ပြစမ်း...”
လေကျန့်ဖုန်းက အော်ဟစ် လိုက်ပြီး လေထဲသို့ ခုန်တက် သွားသည်။ သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ လေထုထဲတွင် ပြည့်နှက် သွားသည်။
“ကျောက်တုံး လောက်လွှဲတွေ... မြှားတွေ ပစ်လွှတ်...”
သွမ့်ထျန်းဟွမ်က ဟိန်းဟောက် လိုက်သည်။ သူလည်း ကောင်းကင်ယံသို့ လိုက်ပါ တက်သွားပြီး သူ၏ ထျန်းယွမ်ဘုံ ပထမအလွှာမှ ကြောက်မက်ဖွယ် စွမ်းအား အပြည့်အဝကို ထုတ်ဖော် လိုက်ရာ လေဟာနယ်ကို တုန်ခါ သွားစေသည်။
သွမ့်ထျန်းဟွမ်၏ အမိန့်အရ မြို့တံခါး ထိပ်တွင် လေးသည်တော် အမြောက်အမြား ချက်ချင်း လေးများကို ဆွဲညှို့ကာ မြှားများ ပစ်လွှတ် လိုက်ကြသည်။
ယန်ဟော်မြို့ အတွင်း၌ ကောင်းစွာ ပြင်ဆင် ထားသော မီးကျောက် စစ်ရထားများ ရုတ်တရက် သူတို့၏ တိုက်ခိုက်မှုကို စတင် လိုက်ကြသည်။
စစ်ရထားများ တစ်ခုပြီး တစ်ခု မီးလုံးကြီးများကို ကောင်းကင်ယံသို့ ပစ်လွှတ် လိုက်ကြသည်။ အံ့မခန်း မြင်ကွင်း တစ်ခု ဖြစ်ပေါ် လာ၏။ ဧရာမ မီးလုံးကြီး ဒါဇင်ပေါင်း များစွာ ယန်ဟော်မြို့ အတွင်းမှ တက်လာပြီး တံခါး အပြင်ဘက်မှ ရွှေယွဲ့အင်ပါယာ စစ်တပ်ထံသို့ ပြင်းထန်စွာ ထိုးဆင်း သွားသည်။
တိုက်ပွဲသည် ပေါက်ကွဲ ထွက်တော့မည် အခြေအနေသို့ ရောက်ရှိ လာပြီ။
“ဘုန်း... ဘုန်း... ဘုန်း...”
မီးကျောက်တုံးများ ဖြတ်သန်း သွားရာ နေရာတိုင်းတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ် လာသည်။ မရေမတွက် နိုင်သော စစ်သည်များ တခဏချင်း သေဆုံး သွားကြသည်။ သူတို့၏ သေဆုံးမှုမှာ ဝမ်းနည်းဖွယ် ကောင်းလှသည်။
တစ်ချိန်တည်းမှာပင် အခြား အဓိက တံခါးပေါက် သုံးခုတွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွား နေခဲ့သည်။ မီးကျောက်တုံးများနှင့် မြှားများ အရူးအမူး တိုက်ခိုက် နေကြသည်။
စစ်သည်တော်များနှင့် အတူ အင်အားစု အသီးသီးမှ ကျင့်ကြံသူများလည်း ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို စတင် လိုက်ကြသည်။ မရေမတွက် နိုင်သော သိုင်းပညာ နည်းစနစ်များ ပြသ လိုက်ကြသည်။
မင်းသား သွမ့်ဝူချင်းသည် သူ၏ စစ်သည်တော်များကို မြို့တံခါးများ ဖွင့်လှစ်ရန် ဦးဆောင် လိုက်သည်။ လှံရှည် တစ်ချောင်းကို ကိုင်ဆောင်လျက် စစ်မြင်း တစ်ကောင်ပေါ်တွင် ထိုင်လျက် သူက တိုက်ပွဲ အတွင်းသို့ ပြေးဝင် သွားသည်။ သူ၏ တည်ရှိမှုမှာ ခန့်ညား ထည်ဝါပြီး အရှိန်အဟုန်မှာ လွှမ်းမိုး နိုင်လွန်းလှသည်။
အင်ပါယာ၏ အိမ်ရှေ့စံ မင်းသားနှင့် မင်းသားငယ်များ ကိုယ်တိုင် တိုက်ပွဲတွင် ပါဝင် လာကြသည်။ ရန်သူကို ရှေ့တန်းမှ တိုက်ခိုက် နေကြရာ စစ်သည်တော်များ၏ စိတ်ဓာတ်များ မြင့်တက် လာပြီး သတ်ဖြတ်လိုစိတ်များ ဆူပွက် လာသည်။ ရွှေယွဲ့အင်ပါယာ တပ်ဖွဲ့များနှင့် ပြင်းထန်စွာ တိုက်ခိုက် ကြတော့သည်။
လင်ကျန့်ထျန်း၏ တပ်ဖွဲ့များမှာ မြို့တံခါးများကို ခိုင်မာစွာ ကာကွယ် ထားကြသည်။ အဝေးမှ တိုက်ခိုက်မှုများကို အာရုံစိုက် ထား၏။ ရန်သူ့ တပ်ဖွဲ့များ ပြေးဝင် လာတိုင်း ပြင်းထန်သော တိုက်ခိုက်မှုများ တရစပ်ဖြင့် ကြိုဆို ခံရမည် ဖြစ်ရာ ကာကွယ်ရေးမှာ ရွှေဖြင့် ပြုလုပ်သော ခံတပ် တစ်ခုကဲ့သို့ ခိုင်မာ လှသည်။
သူတို့ ရွှေယွဲ့အင်ပါယာ တပ်ဖွဲ့များကို မြို့ကို ဖောက်ဝင်ခွင့် မပေးပေ။ ကာကွယ်ရေးသာ ပြိုကျ သွားပါက ရွှေယွဲ့ စစ်တပ်သည် တံခါးပေါက်မှ တရကြမ်း ဝင်ရောက် လာကြမည် ဖြစ်ပြီး ယန်ဟော်အင်ပါယာ၏ သာမန် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ခံရမည် ဖြစ်သည်။
ယဲ့ချန်းချုံး၏ တပ်ဖွဲ့များမှာ ပို၍ပင် ပြင်းထန်စွာ တိုက်ခိုက် ကြသည်။ သူတို့၏ တပ်ဖွဲ့များကို အုပ်စု သုံးခု ခွဲထား၏။ ချူဝူဟန်နှင့် ရှန်းယန်တို့က ဘယ် နှင့် ညာ တောင်ပံများကို ဦးဆောင် ကြပြီး ယဲ့ချန်းချုံး၏ စစ်သည်များက ရန်သူ၏ ဗဟိုချက်ကို တိုက်ရိုက် ထိုးနှက် ကြသည်။
သုံးဖက်ညှပ် တိုက်ခိုက်မှုဖြင့် သူတို့ ရွှေယွဲ့အင်ပါယာ တပ်ဖွဲ့များကို ဝိုင်းရံ ထားလိုက် ကြသည်။ မြို့ အတွင်းမှ လေးသည်တော်များနှင့် စစ်ရထားများက ရန်သူ၏ ဗဟို စခန်းကို ရူးသွပ်စွာ တိုက်ခိုက် ကြသည်။ အဓိက ရည်ရွယ်ချက်မှာ ဖရိုဖရဲ ဖြစ်အောင် ပြုလုပ်ရန် ဖြစ်သည်။
ယဲ့ချန်းချုံး ကိုယ်တိုင် လေ့ကျင့် ပေးထားသော တပ်ဖွဲ့များသည် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ သို့မဟုတ် အလံနက် တပ်ဖွဲ့တို့လောက် အစွမ်းထက်ခြင်း မရှိ သော်လည်း သူတို့ သာမန် စစ်သည်များထက် အဆပေါင်း များစွာ သန်မာပြီး အလွန်အမင်း ပြင်းထန် ကြမ်းတမ်း ကြသည်။
စစ်ပွဲ၏ ရက်စက် ကြမ်းကြုတ်မှုသည် နိုင်ငံ နှစ်ခု တိုက်ပွဲ စတင်သည်နှင့် ထင်ရှား လာသည်။ မိနစ်ပိုင်း အတွင်းမှာပင် အလွန် များပြားသော ထိခိုက် သေဆုံးမှုများနှင့် ထူထဲသော မီးခိုးများ တက်လာသည်။
စက္ကန့်တိုင်းတွင် စစ်သည်တော်များ အသတ်ခံ ရခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ပေါ် နေသည်။ အလောင်းများ စစ်မြေပြင် အနှံ့ ပြန့်ကျဲ နေပြီး သွေးများ မြစ်တစ်စင်း အလား စီးဆင်း နေသည်။ ၎င်း၏ အနံ့သည် နှာခေါင်းဝသို့ စူးရှစွာ ထိုးတက် လာသည်။
ထုံထျန်းမြို့... ဝူချင်း ကာကွယ် စောင့်ရှောက် နေသော တံခါးပေါက်။
“အိမ်ရှေ့စံ မင်းသားကို သတင်းပို့ပါတယ်... ရွှေယွဲ့အင်ပါယာရဲ့ အရိပ်တပ်ဖွဲ့တွေ ရောက်လာ ပါပြီ...”
စစ်သည် တစ်ဦးက မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ထင်ဟပ်လျက် သတင်းပို့ လိုက်သည်။
“အစ်ကိုတော်... ဘာလုပ် ကြမလဲ...”
သွမ့်ဟုန်ရှီးက မေးလိုက်သည်။
ဝူချင်း မျက်မှောင်ကြုတ် လိုက်ပြီး လေးနက်စွာ ဆိုသည်။ “အရိပ်တပ်ဖွဲ့က ရွှေယွဲ့အင်ပါယာရဲ့ အတော်ဆုံး အင်အားစုပဲ... ငါတို့ စွမ်းအားက မယှဉ်နိုင်ဘူး... ချက်ချင်း ဆုတ်ခွာ ရမယ်...”
“ဆုတ်ခွာမယ်... ဟုတ်လား... တကယ်ကြီးလား... ငါတို့က အရိပ်တပ်ဖွဲ့ကို တကယ် ကြောက်နေ ကြတာလား...”
သွမ့်ဟုန်ရှီးက အနည်းငယ် မှင်တက် သွားလျက် ဆိုသည်။
စူးလျန်က ပိတ်ဟောက် လိုက်သည်။ “မင်း စစ်ရေး ဗျူဟာ ဘာမှ နားမလည်ဘူး... မင်းရဲ့ စကား မပြောဘဲ မြန်မြန် ဆုတ်ခွာ...”
ဝူချင်း၏ တပ်ဖွဲ့များကို ဦးဆောင်မှုနှင့် သူ၏ စစ်ရေး ဗျူဟာ ကျွမ်းကျင်မှုများ အားလုံးကို ယဲ့ချန်းချုံးထံမှ သင်ယူ ထားခဲ့ခြင်း ဖြစ်သည်။ ရွှေယွဲ့အင်ပါယာ၏ အထက်တန်းလွှာ တပ်ဖွဲ့များနှင့် ရင်ဆိုင် ရသောအခါ ဝူချင်းတွင် ပြတ်သားစွာ ဆုတ်ခွာရန် အမိန့်ပေး ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။ ရပ်တန့် တိုက်ခိုက်ခြင်းသည် အလွန် ဆိုးရွားသော ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ် စေလိမ့်မည်။
နောက်ဆုတ်စရာ ခိုင်မာသော မြို့ရိုးများ ရှိနေသည်နှင့် သူတို့ သူတို့၏ စွမ်းအားကို ထိန်းသိမ်း နိုင်ရုံ သာမက ရန်သူကိုလည်း အားနည်း စေနိုင်သည်။
ဝူချင်း၏ အမိန့်အရ သွမ့်ဟုန်ရှီးသည် အင်ပါယာ စစ်တပ်ကို ဆုတ်ခွာရန် ဦးဆောင် လိုက်သည်။ ဝူချင်း တစ်ဦးတည်းက သူတို့၏ ဆုတ်ခွာမှုကို ကာကွယ် ပေးကျန်ရစ် ခဲ့သည်။ ရွှေယွဲ့ တပ်ဖွဲ့များက သူတို့၏ အသာစီး ရမှုကို အသုံးချကာ လိုက်လံ တိုက်ခိုက် နေစဉ်မှာပင် သူ ရန်သူကို ဆက်လက် တိုက်ခိုက် နေခဲ့သည်။
အရိပ်တပ်ဖွဲ့ တိုက်ပွဲတွင် ပါဝင် လာသည်နှင့် ရွှေယွဲ့အင်ပါယာ၏ စစ်ရေး စိတ်ဓာတ်များ ပို၍ပင် မြင့်တက် လာခဲ့သည်။
“စစ်သူကြီးဟို... တပ်တွေကို မြို့ကို တိုက်ခိုက်ဖို့ ဦးဆောင် လိုက်... ဝူချင်းကို လောလောဆယ် ထားလိုက်...”
အရိပ်တပ်ဖွဲ့၏ ခေါင်းဆောင်က ကျယ်လောင်စွာ အမိန့်ပေး လိုက်သည်။
“ဟုတ်ကဲ့...”
စစ်သူကြီးဟိုက ရိုသေစွာ တုံ့ပြန် လိုက်သည်။
ထောင်ဂဏန်းမျှသော အရိပ်တပ်ဖွဲ့သည် သူတို့၏ အံ့ဩဖွယ် အမြန်နှုန်းဖြင့် ဆုတ်ခွာ နေသော ယန်ဟော်အင်ပါယာ စစ်တပ်ကို လျင်မြန်စွာ မှီလာပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု တစ်ခုကို စတင် လိုက်ကြသည်။
“ရှပ်... ရှပ်... ရှပ်...”
အရိပ်တပ်ဖွဲ့ သွားရာ နေရာတိုင်းတွင် ယန်ဟော်အင်ပါယာ တပ်ဖွဲ့များ ခုခံနိုင်စွမ်း မရှိဘဲ အပြင်းအထန် ထိခိုက် သေဆုံး ကြရသည်။ စစ်သည်တော်များ အလွန်အမင်း ထိတ်လန့်မှုများဖြင့် ပြည့်နှက် နေကြသည်။
“ဝူချင်း... မင်း ဘယ်လောက် သန်မာ သန်မာ... ငါတို့ အရိပ်တပ်ဖွဲ့ တစ်ခုလုံးကို ချေမှုန်း နိုင်မှာလား... သွမ့်ထျန်းဟွမ်က မင်းတို့ ညီအစ်ကို နှစ်ယောက်ကို ထုံထျန်းမြို့ကို စောင့်ရှောက်ဖို့ တကယ် ယုံကြည်တာပဲ...”
အရိပ်တပ်ဖွဲ့၏ ခေါင်းဆောင်က မဲ့ပြုံးဖြင့် လှောင်ပြောင် လိုက်သည်။
“မင်း သေချင် နေတာ...”
ဝူချင်းက ဟိန်းဟောက် လိုက်သည်။ သူ သူ၏ စစ်မြင်း ကျောပေါ်တွင် မတ်တပ် ရပ်လိုက်သည်။ သူ၏ လှံရှည်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်း လိုက်ပြီး အရိပ်တပ်ဖွဲ့၏ ခေါင်းဆောင်ထံသို့ ပြေးဝင် သွားသည်။
“ညီအစ်ကိုတို့... လူခွဲ လိုက်... ငါ့ကို ဂရုမစိုက်နဲ့...”
အရိပ်တပ်ဖွဲ့၏ ခေါင်းဆောင်က ဝူချင်း သူ့ထံ တိုးဝင် လာသည်ကို မြင်သောအခါ အော်ဟစ် လိုက်သည်။ သူ ချက်ချင်းပင် သူ၏ လှုပ်ရှားမှု ပညာရပ်ကို ထုတ်ဖော် လိုက်ရာ သူ၏ ပုံရိပ်သည် အနက်ရောင် မီးခိုးငွေ့ တစ်လိပ် အဖြစ်သို့ ပြောင်းလဲ သွားပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ် သွားသည်။
“ဟန်ရှီး... စစ်သည်တွေကို မြို့ထဲ ခေါ်သွား...”
ဝူချင်းက သတိ ရှိနေလျက် အမိန့်ပေး လိုက်သည်။
“သူတို့ကို တားလိုက်...”
အရိပ်တပ်ဖွဲ့၏ ခေါင်းဆောင်က ဟိန်းဟောက် လိုက်သည်။ သူ၏ တပ်ဖွဲ့များ သူတို့ နောက်သို့ လိုက်ပါ သွားကြပြီး လမ်းတစ်လျှောက် သတ်ဖြတ် ကြသည်။
“ဟမ့်... စိတ်တောင် မကူးနဲ့...”
ဝူချင်းက ပြင်းထန်စွာ နှာမှုတ် လိုက်ပြီး မြို့ဆီသို့ ပြန်လည် သတ်ဖြတ် ထိုးဖောက် သွားသည်။
ဝူချင်းသည် ကြောက်မက်ဖွယ် ကောင်းအောင် လျင်မြန်ပြီး စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည်။ သူ ဖြတ်သန်း သွားရာ နေရာတွင် သေဆုံး ဒဏ်ရာ ရမှုများ တပုံတပင် ဖြစ်ပေါ် ကျန်ရစ် ခဲ့သည်။ မည်သူမျှ သူ၏ လမ်းကို မရပ်တန့် နိုင်ခဲ့ပေ။
ဝူချင်း ဆုတ်ခွာ နေသည်ကို အာရုံခံ မိလိုက်သည်နှင့် အရိပ်တပ်ဖွဲ့၏ မျက်နှာအမူအရာများ ပြောင်းလဲ သွားသည်။
လိုက်လံ တိုက်ခိုက် နေခဲ့သော အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က အော်ဟစ် လိုက်သည်။ “ဝူချင်းကို တားလိုက်... သူ့ကို မြို့ထဲ ဝင်ခွင့် မပေးနဲ့...”
ဟန်ရှီး နောက်သို့ လိုက်ပါ နေသော အရိပ်တပ်ဖွဲ့သည် ပြတ်သားစွာ လှည့်လိုက်ပြီး ဝူချင်းကို ကြားဖြတ် တားဆီး လိုက်ကြသည်။
“မြှားတွေ ပစ်...”
ဝူချင်းက ကျယ်လောင်စွာ အမိန့်ပေး လိုက်သည်။
မြို့တံခါးများ အထက်တွင် စစ်သည်တော်များ တုံ့ဆိုင်း သွားကြသည်။ ဝူချင်း အပြင်ဘက်တွင် ရှိနေသေးရာ မြှားများ ပစ်လွှတ် လိုက်ပါက သူ့ကို မလွဲမသွေ ထိမှန် သွားနိုင်သည်။
“အစ်ကိုတော်...”
သွမ့်ဟုန်ရှီးက စိုးရိမ်တကြီး နောက်သို့ လှည့်ကြည့် လိုက်သည်။ သူ၏ နှလုံးသား ထိတ်လန့်မှုကြောင့် အပြင်းအထန် ခုန်နေသည်။
ဝူချင်းသည် တစ်ဦးတည်း ရဲရင့်စွာ တိုက်ခိုက် နေသည်။ ရွှေယွဲ့အင်ပါယာ၏ အရိပ်တပ်ဖွဲ့ကို တစ်ယောက်တည်း ရင်ဆိုင် နေသည်။
“အိမ်ရှေ့စံ မင်းသား...”
စစ်သည်တော်များ အားလုံး သူတို့၏ အလွန်အမင်း စိုးရိမ်မှုကို ထုတ်ဖော် ပြောလိုက် ကြသည်။
“အထဲကို မြန်မြန် ဝင်ကြ...”
ဝူချင်းက ဟိန်းဟောက် လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ ထိုးတက် သွားပြီး သူ အရိပ်တပ်ဖွဲ့ အတွင်းသို့ လုံးဝ ကြောက်ရွံ့ခြင်းမရှိ ပြင်းထန်စွာ ပြေးဝင် သွားသည်။
“ဝူချင်း... မင်း သေကြောင်း ကြံနေတာပဲ... မင်း ဘယ်လောက် သန်မာ သန်မာ... ငါတို့ အားလုံးကို သတ်နိုင်မှာလား...”
အရိပ်တပ်ဖွဲ့ စစ်သည် တစ်ဦးက အေးစက်စွာ ရယ်မောရင်း ပြောသည်။
“မြို့ထဲ ဝင်ကြ...”
ဟန်ရှီးက စစ်တပ်ကို မြို့ထဲသို့ ဦးဆောင် ဝင်ရောက် သွားသည်။ ဝူချင်းက သူ၏ အသက်ကို စွန့်စားပြီး ရယူ ပေးခဲ့သော အခွင့်အရေးကို အလဟဿ မဖြစ်စေခဲ့ပေ။
သူတို့ မြို့တံခါးများကို ပိတ်လိုက်သည်နှင့် ဟန်ရှီး၏ မျက်လုံးများ မျက်ရည်များ ပြည့်လျှံ လာသည်။ သူ အော်ဟစ် လိုက်၏။ “မြှားတွေ ပစ်လွှတ်... ကျောက်တုံးတွေ လွှတ်…”