ထုံထျန်းမြို့မှ အကျပ်အတည်း
Vol. 15 Ch. 221
~“အရှင်မင်းသား... အိမ်ရှေ့စံ မင်းသားက တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ တိုက်ခိုက် နေတုန်းပါ... ကျောက်တုံးတွေ လောက်လွှဲနဲ့ ပစ်တာ... မြှားတွေ ပစ်လွှတ်တာတွေက သူ့ကို မှားမှန် သွားနိုင်ပါတယ်...”
စစ်သူကြီး တစ်ဦးက စိုးရိမ်သော အမူအရာဖြင့် တုံ့ဆိုင်းစွာ လျှောက်တင်သည်။
“ပါးစပ်ပိတ်ထား...”
သွမ့်ဟုန်ရှီးက ဒေါသတကြီး ပိတ်ဟောက် လိုက်သည်။ သူ၏ အကြည့်များက တွမ့်ဝူချင်း အပေါ် စိုးရိမ်တကြီး စူးစိုက် နေလျက် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
“မြှားတွေ လွှတ်... ကျောက်တုံးတွေ ပစ်လွှတ်...”
စစ်သူကြီးက ဟိန်းဟောက် လိုက်သည်။
အသင့် ပြင်ထားပြီး ဖြစ်သော စစ်သည်တော်များ လေးများကို ဆွဲညှို့ကာ မြှားများ ပစ်လွှတ် ကြသည်။ မီးလောင်နေသော ကျောက်တုံးများကို ပစ်လွှတ် ကြ၏။
“ဝှစ်... ဝှစ်... ဝှစ်...”
“ဘုန်း... ဘုန်း... ဘုန်း...”
ထူထပ်သော ဆူးအပ်များသဖွယ် မြှားအုပ်ကြီး ကောင်းကင်ယံသို့ ပစ်ထွက် သွားသည်။ မီးလုံးကြီး ဒါဇင်ပေါင်းများစွာ ပျံသန်း သွား၏။ ရန်သူ့ တပ်ဖွဲ့များထံသို့ ပြင်းထန်စွာ ဗုံးကြဲ တိုက်ခိုက်သည်။ မြို့ကို တိုက်ခိုက်ရန် ပြေးဝင် လာနေသော အင်ပါယာ စစ်သည်တော်များ မြှားများ ထိမှန်ခြင်း သို့မဟုတ် ပေါက်ကွဲ ထွက်သွားသော ကျောက်တုံးများကြောင့် သေဆုံးခြင်းတို့ ဖြစ်ပွား ကြသည်။
ပြင်းထန်သော ထိုးစစ် လှိုင်းလုံး တစ်ခုကြောင့် ရွှေယွဲ့အင်ပါယာ စစ်သည်တော်များ အပြင်းအထန် ထိခိုက် သေဆုံး ကြရသည်။
မြို့တံခါး အပြင်ဘက်တွင် သွမ့်ဟုန်ရှီးနှင့် သူ၏ လူများ မြို့ရိုး အတွင်းသို့ ဆုတ်ခွာ သွားသည်ကို မြင်သောအခါ အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က အော်ဟစ် လိုက်သည်။ “တွမ့်ဝူချင်းကို တားထား... သူ့ကို မြို့ထဲ ဝင်ခွင့် မပေးနဲ့... စစ်သူကြီးတွေ... မြို့ကို ဆက်တိုက် ကြ...”
ရှေ့ဆုံးမှ လိုက်လံ တိုက်ခိုက် နေသော အရိပ်တပ်ဖွဲ့သည် ပြတ်သားစွာ နောက်ပြန် လှည့်ကာ တွမ့်ဝူချင်းထံသို့ ပြေးဝင် သွားကြသည်။
တွမ့်ဝူချင်းသည် ပြင်းထန်စွာ သတ်ဖြတ် ထိုးဖောက်၍ နောက်ပြန် ဆုတ်လာသည်။ သူ၏ လွှမ်းမိုးသော စွမ်းအားဖြင့် အရိပ်တပ်ဖွဲ့ စစ်သည် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ် လိုက်၏။ မည်သူမျှ သူ့ကို မတားဆီး နိုင်ခဲ့။
“ငါ ထွက်သွားချင်တာကို မင်းတို့ တားနိုင်မယ် ထင်လို့လား...”
သူက ကြောက်မက်ဖွယ် ကောင်းအောင် ဆိုလိုက်သည်။ သူ၏ အရှိန်အဝါမှာ သတ်ဖြတ်လိုစိတ်များ ပြင်းထန် နေပြီး သူ၏ ခန္ဓာကိုယ်မှာ ရန်သူ၏ သွေးများဖြင့် စွန်းထင်း နေခဲ့ပြီ ဖြစ်သည်။
“ဘုန်း...”
“ဝှစ်...”
တွမ့်ဝူချင်းက သူ၏ လက်ဝါးဖြင့် လှံရိုးကို ရိုက်ချ လိုက်သည်။ “ဘုန်း” ဟူသော အသံတိုးတိုးနှင့် အတူ လှံကြီးသည် လျှပ်စီးကဲ့သို့ ပစ်ထွက် သွားသည်။ အရိပ်တပ်ဖွဲ့ စစ်သည် အချို့ကို ချက်ချင်း ထိုးဖောက် သွား၏။
“ဝှစ်... ဝှစ်... ဝှစ်...”
“ဘုန်း... ဘုန်း... ဘုန်း...”
အရိပ်တပ်ဖွဲ့ စစ်သည်များ သူတို့၏ သိုင်းပညာများကို တစ်ခုပြီး တစ်ခု ထုတ်ဖော် လိုက်ကြသည်။ ပစ်မှတ်ကို ထိမှန်နိုင်ခြင်း ရှိမရှိ ဂရုမစိုက် တော့ပေ။ လူ တစ်ထောင်က တွမ့်ဝူချင်းကို ဝိုင်းရံ တိုက်ခိုက် နေသည် မဟုတ်လော။ သူတို့ သူ့ကို မသတ်နိုင်ဘဲ နေမည်လော။
“လေးရှည်ကို ငါ့ဆီ ယူလာခဲ့...”
သွမ့်ဟုန်ရှီးက မြို့ရိုး ထိပ်မှ ဟိန်းဟောက် လိုက်သည်။ “အစ်ကိုတော်... ကျွန်တော် ဒီကနေ ကူညီ ပေးနေတယ်...”
တွမ့်ဝူချင်းက တစ်ဦးတည်း တိုက်ခိုက် နေရသည်။ သွမ့်ဟုန်ရှီး သူ့ကို ကူညီ ပေးရမည်။ သို့မဟုတ်လျှင် တွမ့်ဝူချင်း ဘေးကင်းစွာ ဆုတ်ခွာရန် အလွန် ခက်ခဲ သွားလိမ့်မည်။
သွမ့်ဟုန်ရှီးက လေးရှည်ကို မြှောက် လိုက်ပြီး အစစ်အမှန်ယွမ်ကို မြှားများ အတွင်းသို့ ထည့်သွင်း လိုက်သည်။
“ဝှစ်...”
မြှားတစ်စင်း တင်လိုက်သည်။ “ဝှစ်” ဟူသော ကျယ်လောင်သည့် အသံနှင့် အတူ လေထုကို ထိုးခွဲ ပျံသန်း သွား၏။ မြှားသည် အပြာရောင် တောက်ပ နေပြီး လျှပ်စီးကဲ့သို့ ပေါက်ကွဲ ထွက်သွားသည်။
“ရှပ်...”
နောက်တစ်စက္ကန့်တွင် အရိပ်တပ်ဖွဲ့ စစ်သည် တစ်ဦး ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားသည်။
“ငါလည်း ကူမယ်...”
စူးလျန်က အော်ဟစ် လိုက်သည်။ သူလည်း လေးရှည် တစ်လက်ကို ဆွဲယူကာ တွမ့်ဝူချင်းကို ကူညီ ပစ်ခတ် ပေးသည်။
“ဝှစ်... ဝှစ်... ဝှစ်...”
သွမ့်ဟုန်ရှီးနှင့် စူးလျန်တို့ လေးများကို ဆက်တိုက် ဆွဲညှို့ လိုက်ကြသည်။ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော မြှားများကို ပစ်လွှတ် လိုက်၏။ မယုံနိုင်လောက်အောင် တိကျ လှပြီး မြှားတစ်စင်းလျှင် ရန်သူ တစ်ယောက်နှုန်းဖြင့် ကျဆုံး သွားသည်။
“ပစ်တာ ကောင်းတယ်...”
တွမ့်ဝူချင်းက ချီးကျူး လိုက်သည်။
“ငါတို့ အသက်တွေ ပေးရရင်တောင် တွမ့်ဝူချင်းကို တားထား...”
သူတို့၏ နောက်မှ အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ သူ၏ မျက်နှာမှာ သတ်ဖြတ်လိုစိတ်များကြောင့် ကြောက်မက်ဖွယ် ကောင်းအောင် ရှုံ့မဲ့ နေသည်။
တွမ့်ဝူချင်းက အစစ်အမှန်ယွမ်ကို လှုံ့ဆော် လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအား တစ်ခု ထွက်ပေါ် လာ၏။ လိုက်လံ တိုက်ခိုက် နေသော အရိပ်တပ်ဖွဲ့က သူ့ထံသို့ ပြင်းထန်စွာ ပြေးဝင် လာကြသည်။
“နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာ... နတ်ဘုရား ဓားချက်...”
တွမ့်ဝူချင်းက လက်တစ်ဖက်ဖြင့် လေထုတွင်း လက်ဟန်များ ရေးဆွဲလိုက်သည်။ ထို့နောက် ပြင်းထန်သော ဟိန်းဟောက်သံနှင့် အတူ သူ၏ ဘယ်လက်ကို ဝှေ့ယမ်း လိုက်ရာ အလွန် အစွမ်းထက်သော အပြာရောင် ချီစွမ်းအင် ဓားချက်ကြီး တစ်ခု ထွက်ပေါ် လာသည်။
“မြန်မြန် ရှောင်ကြ...”
“နောက်ကျ သွားပြီ...”
အရိပ်တပ်ဖွဲ့ စစ်သည် ဒါဇင်ပေါင်း များစွာ အလွန် ကြောက်လန့် သွားကြသည်။ လျင်မြန်စွာ တုံ့ပြန် နိုင်သူများ ကပ်သီလေး လွတ်မြောက် သွားကြသည်။ ကံဆိုးသော သူများမှာမူ ချီစွမ်းအင် ဓားချက်ကြောင့် ထိမှန် သေဆုံး သွားကြသည်။
“တွမ့်ဝူချင်း... မင်းမှာ အစစ်အမှန်ယွမ် ဘယ်လောက် ကျန်သေးလဲ ကြည့်ကြသေးတာပေါ့... ဆက်တိုက် ကြ...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က အော်ဟစ် လိုက်သည်။
လိုက်လံ တိုက်ခိုက် နေသော အရိပ်များမှာ မညှာမတာပင်။ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက် ထုတ်ဖော် နေကြသည်။ သူတို့၏ သိုင်းပညာ စွမ်းအင်များ တွမ့်ဝူချင်းထံသို့ တိုးဝင် သွားကြသည်။
တွမ့်ဝူချင်းက ရူးသွပ်စွာ လိုက်လံ တိုက်ခိုက် နေသော အရိပ်တပ်ဖွဲ့ ခေါင်းဆောင်နှင့် များပြားလှသော အရိပ်တပ်ဖွဲ့ စစ်သည်များကို နောက်သို့ လှည့်ကြည့် လိုက်သည်။ ထို့နောက် သူ၏ လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုကာ မြို့ဆီသို့ ဆက်လက် သတ်ဖြတ် ချီတက် သွားသည်။ မြို့ကို တိုက်ခိုက် နေသော စစ်သည်တော်များ တွမ့်ဝူချင်း၏ ပြင်းထန်သော တန်ပြန် တိုက်ခိုက်မှုကို မြင်သောအခါ ကြောက်လန့်တကြား ဖြစ်သွား ကြသည်။
ပြင်းထန်သော တိုက်ပွဲ အပြီးတွင် တွမ့်ဝူချင်း၏ အစစ်အမှန်ယွမ်မှာ သိသိသာသာ ကုန်ဆုံး သွားခဲ့ပြီ။ ယွမ်တန်ဘုံ သတ္တမအလွှာတွင် ရှိနေသော်လည်း သူ၏ မျက်နှာရောင်မှာ ယခု အနည်းငယ် ဖြူဖျော့ နေသည်။
သို့သော်လည်း အရိပ်တပ်ဖွဲ့ စစ်သည်များမှာလည်း တွမ့်ဝူချင်းကို ကြားဖြတ် တားဆီးရန် ရုန်းကန် နေရသည်။ အထူးသဖြင့် မြို့ရိုး ထိပ်မှ သွမ့်ဟုန်ရှီးနှင့် စူးလျန်တို့၏ လေးရှည် ပစ်ကူများ ရှိနေချိန်တွင် ပိုဆိုးသည်။
အရိပ်တပ်ဖွဲ့ မည်မျှပင် အစွမ်းထက် ပါစေ သူတို့ ယွမ်တန်ဘုံ အဋ္ဌမအလွှာနှင့် နှိုင်းယှဉ် နိုင်သော စွမ်းအား ရှိသည့် တွမ့်ဝူချင်းကို မယှဉ်နိုင် ခဲ့ကြပေ။
“တောက်... တရားလွန်လွန်းတယ်...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင် ဒေါသ တကြီး ဖြစ်သွားသည်။
တွမ့်ဝူချင်း၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူတို့ လိုက်မမီ နိုင်ခဲ့။ နောက်ပြန် လှည့်လာသော အရိပ်တပ်ဖွဲ့ စစ်သည်များလည်း သူ့ကို မတားဆီး နိုင်ခဲ့ပေ။
တွမ့်ဝူချင်း သွေးလမ်းကြောင်း တစ်ခု ဖွင့်ကာ ပြန်လာသည်ကို မြင်သောအခါ သွမ့်ဟုန်ရှီး၏ တင်းမာ နေသော အာရုံကြောများ နောက်ဆုံးတွင် ပြေလျော့ သွားသည်။ သူ ကျယ်လောင်စွာ အော်ဟစ် လိုက်၏။ “တံခါးတွေ ဖွင့်...”
မြို့တံခါးများဆီသို့ ရောက်ရှိသောအခါ တွမ့်ဝူချင်းသည် မြို့ရိုး ဖောက်စက် တစ်ခုကို ခုတ်ပိုင်း လိုက်ပြီး အော်ဟစ် လိုက်သည်။ “မြှားတွေ ပစ်...”
“မြှားတွေ ပစ်...”
သွမ့်ဟုန်ရှီးက ထပ်ဆင့် အော်ဟစ် လိုက်သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
“ဘုန်း... ဘုန်း... ဘုန်း...”
ထူထပ်သော မြှားမိုးများနှင့် ကျောက်တုံးများ နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကို စတင် လိုက်သည်။ ရွှေယွဲ့အင်ပါယာ တပ်ဖွဲ့များ အပြင်းအထန် ထိခိုက် သေဆုံး ကြရပြီး ကြည့်ရှုရန်ပင် ဆိုးရွား လှသော မြင်ကွင်း ဖြစ်ပေါ် လာသည်။
အရိပ်တပ်ဖွဲ့ မည်မျှပင် အစွမ်းထက် ပါစေ သူတို့လည်း မြှားများနှင့် ကျောက်တုံး မိုးများ အောက်တွင် ဆုံးရှုံးမှု များစွာ ခံစား လိုက်ရသည်။
“အစ်ကိုတော်... အဆင်ပြေရဲ့လား...”
သွမ့်ဟုန်ရှီးက စိုးရိမ်တကြီး မေးလိုက်သည်။
“ငါ အဆင်ပြေပါတယ်... အစစ်အမှန်ယွမ်တွေ အများကြီး ကုန်သွားရုံပဲ...”
တွမ့်ဝူချင်းက အားယူ ပြန်ဖြေ လိုက်သည်။ အသက်ကို မမှန်မကန် ရှူနေရသည်။
“အရိပ်တပ်ဖွဲ့က အစွမ်းထက် လွန်းတယ်... ငါတို့ စစ်သည်တွေ သူတို့ကို မယှဉ်နိုင်ဘူး... ဒီအတိုင်း ဆက်သွား နေရင်... ထုံထျန်းမြို့ကို ကာကွယ် နိုင်မှာ မဟုတ်ဘူး...”
စူးလျန်က လေးနက်စွာ မှတ်ချက်ချသည်။
“ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ငါတို့ တောင့်ခံ ထားရမယ်... အရိပ်တပ်ဖွဲ့ကို တံခါးပေါက်ကနေ အဆင့် ချိုးဖြတ် ဝင်ရောက်ခွင့် လုံးဝ မပေးရဘူး...”
တွမ့်ဝူချင်းက ပြင်းထန်စွာ ဆိုလိုက်သည်။ အချိန်မရွေး မိမိကိုယ်ကို စတေးရန် အသင့် ဖြစ်နေဟန် ပေါ်သည်။
“ဟုတ်တယ်... ငါတို့ အသက်တွေ ပေးရရင်တောင် သူတို့ကို ဝင်ခွင့် မပေးရဘူး...”
သွမ့်ဟုန်ရှီးက ပြင်းထန်စွာ အော်ဟစ် လိုက်သည်။ စစ်သည်တော်များ တညီတညွတ်တည်း ဟိန်းဟောက် လိုက်ကြရာ သူတို့၏ စိတ်ဓာတ်များ ကောင်းကင်သို့ ထိုးတက် သွားသည်။
စစ်သူကြီးဟို ဦးဆောင်သော တပ်ဖွဲ့များသည် မြို့တံခါးများဆီသို့ နီးကပ် လာခဲ့ပြီ ဖြစ်သည်။ ရှေ့ပြေး တပ်ဖွဲ့များ ကြေမွ သွားခဲ့ပြီး နောက်လိုက် တပ်ဖွဲ့များက သူတို့ နေရာကို အစားထိုး ဝင်ရောက် လာကြသည်။ အရိပ်တပ်ဖွဲ့မှ စစ်သည်တော် များသည်လည်း မြို့တံခါး ရှေ့သို့ ရောက်ရှိ လာခဲ့ကြပြီ ဖြစ်သည်။
ထူထပ်သော မြှားများနှင့် မီးကျောက်တုံးများ၏ မညှာမတာ တိုက်ခိုက်မှု အောက်တွင် ရန်သူများ အပြင်းအထန် ထိခိုက် သေဆုံး ကြရသည်။
“စစ်သူကြီးဟို... တံခါးတွေကို ဆောင့်ကြ... ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ထုံထျန်းမြို့ကို သိမ်းပိုက်ရမယ်... တွမ့်ဝူချင်းနဲ့ သွမ့်ဟုန်ရှီးကို သတ်ပြီး ယန်ဟော်အင်ပါယာရဲ့ မျိုးဆက်ကို ဖြတ်တောက်ပစ်...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က ဟိန်းဟောက် လိုက်သည်။ “ညီအစ်ကိုတို့... မြို့ကို တိုက်ခိုက် ကြ...”
အရိပ်တပ်ဖွဲ့မှ စစ်သည်တော်များ အလျင်အမြန် သူတို့၏ အစစ်အမှန်ယွမ်ကို စုစည်း လိုက်ကြပြီး မြို့တံခါးများ အပေါ်သို့ ခုန်တက် သွားကြသည်။
“သူတို့ကို အပေါ် တက်ခွင့် မပေးနဲ့...”
သွမ့်ဟုန်ရှီးက ဟိန်းဟောက် လိုက်သည်။ စစ်သည်တော်များ လေးများကို ဆွဲညှို့ကာ ပစ်ခတ် ကြသည်။
တွမ့်ဝူချင်းသည် လှံရှည် တစ်ချောင်းကို ကိုင်ဆောင်လျက် အကြိမ်ကြိမ် ဝှေ့ယမ်း လိုက်ရာ ကြောက်မက်ဖွယ် လှံစွမ်းအင်များ ပေါက်ကွဲ ထွက်သွားသည်။ အပေါ်သို့ ခုန်တက် လာသော မည်သည့် စစ်သည်မဆို ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး အောက်သို့ ပြန်ကျ သွားသည်။
သို့သော်လည်း အရိပ်တပ်ဖွဲ့မှ စစ်သည်တော်များ အလွန် များပြား လှသည်။ တွမ့်ဝူချင်းနှင့် သူ၏ လူများ သူတို့ အားလုံးကို တားဆီးရန် မဖြစ်နိုင်ပေ။
မကြာမီပင် အရိပ်တပ်ဖွဲ့မှ စစ်သည်တော် အမြောက်အမြား မြို့တံခါးများ အပေါ်သို့ ခုန်တက် ရောက်ရှိ သွားကြပြီ ဖြစ်သည်။ သူတို့၏ အမြန်နှုန်းမှာ အံ့ဩဖွယ် ကောင်းလှ၏။ သာမန် စစ်သည်များမှာ စက္ကန့်ပိုင်း အတွင်း အသတ်ခံ ရရုံသာ ရှိသည်။
“သတ်...”
သွမ့်ဟုန်ရှီးက ဟိန်းဟောက် လိုက်သည်။ စစ်ဝိညာဉ် လှံတံကို ထုတ်ဖော် လိုက်ပြီး သူ၏ စစ်သည်များကို ဦးဆောင်ကာ ပြေးဝင် သွားသည်။ အားလုံး၏ အသွင်အပြင်မှာ ပြင်းထန်ပြီး မိစ္ဆာဆန် နေသည်။
သွမ့်ဟုန်ရှီး၏ ကျင့်ကြံမှုမှာ အစွမ်းထက် လှသည်။ သူ ယွမ်တန်ဘုံ ပဉ္စမအလွှာသို့ အဆင့် ချိုးဖြတ် ဝင်ရောက် ထားခဲ့ပြီး ဖြစ်သည်။ ရန်သူ စစ်သည်များ တစ်ယောက်ပြီး တစ်ယောက် လဲကျ သွားကြသည်။ အလောင်းများ မြို့တံခါးများမှ အဆက်မပြတ် လိမ့်ကျ နေသည်။
“သူတို့ အားလုံးကို သတ်... စစ်သူကြီးဟို... တံခါးတွေကို ချိုးဖျက်... ထုံထျန်းမြို့ကို သိမ်းပိုက်...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။ သူ တံခါး အပေါ်သို့ ခုန်တက် လိုက်ပြီး ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်မှုတွင် ပါဝင် လိုက်သည်။
အရိပ်တပ်ဖွဲ့သည် အမှန်တကယ်ပင် ရွှေယွဲ့အင်ပါယာ၏ အထက်တန်းလွှာ ဖြစ်သည်။ ယန်ဟော်အင်ပါယာ၏ စစ်သည်တော်များမှာ ခုခံနိုင်စွမ်း မရှိကြပေ။ သူတို့၏ တည်ရှိမှုသည်ပင် အသက်များကို ရိတ်သိမ်းသူများနှင့် တူလှသည်။
တွမ့်ဝူချင်းနှင့် သွမ့်ဟုန်ရှီးတို့ တောင့်ခံ ထားသည့်တိုင် သူတို့ အရိပ်တပ်ဖွဲ့ စစ်သည် ထောင်ပေါင်းများစွာ၏ ရူးသွပ်သော သတ်ဖြတ်မှုများကို မရပ်တန့် နိုင်ခဲ့ကြပေ။
“ဘုန်း... ဘုန်း... ဘုန်း...”
မြို့တံခါးများ အောက်တွင် တံခါးများကို ဆောင့်တိုက် နေသည့် ပြင်းထန်သော အသံများ အဆက်မပြတ် ထွက်ပေါ် နေသည်။ အတွင်းမှ စစ်သည်တော်များ အသည်းအသန် ကာကွယ် နေကြသည်။
သို့သော် ဤသို့ ပြင်းထန်စွာ ဆောင့်တိုက်မှုများကြောင့် တံခါးများသည် ကြာကြာ တောင့်ခံ နိုင်တော့မည် မဟုတ်ဘဲ မကြာမီ ကျိုးပေါက် သွားဖွယ် ရှိနေသည်။
“သူတို့ နှစ်ယောက်ကို သတ်လိုက်... ဒါဆို ယန်ဟော်အင်ပါယာ အဆုံးသတ် သွားပြီ... ကျန်တဲ့ ညီအစ်ကိုတွေ... မြို့အောက်ကို ဆင်းပြီး စစ်သူကြီးဟိုရဲ့ တပ်ဖွဲ့တွေ အတွက် တံခါးတွေ ဖွင့်ပေး လိုက်...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က အေးစက်စွာ မဲ့ပြုံး ပြုံးလိုက်သည်။ သူ သွေးဆာ လျက် ရူးသွပ် နေပုံ ပေါက်သည်။
ပို၍ ပို၍ များပြားသော အရိပ်တပ်ဖွဲ့ စစ်သည်များ မြို့တံခါး အပေါ်သို့ ခုန်တက် လာကြပြီး ထိုမှ တစ်ဆင့် မြို့ အတွင်းသို့ ဝင်ရောက် လာကြသည်။ အရိပ်တပ်ဖွဲ့သည် ရက်စက်စွာ ရှေ့ဆက် တိုးလာပြီး ယန်ဟော်အင်ပါယာ၏ စစ်သည်တော်များ အပြင်းအထန် ထိခိုက် သေဆုံးကာ နောက်ဆုတ် နေကြရသည်။
“မင်းတို့ရဲ့ မျိုးဆက်ကို ငါ အဆုံးသတ် ပေးမယ်... မင်းတို့ကို ငါ ဘယ်လို သတ်ဖြတ်မလဲ ကြည့်နေ...”
သွမ့်ဟုန်ရှီးက ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ အရိပ်တပ်ဖွဲ့ ခေါင်းဆောင်ထံသို့ ပြေးဝင်ရန် အသင့် ဖြစ်နေသည်။
“ဒီကိစ္စ ငါ့ကို ထားလိုက်...”
တွမ့်ဝူချင်း၏ ပြင်းထန်သော အကြည့်များ အရိပ်တပ်ဖွဲ့ ခေါင်းဆောင်ထံသို့ ရွေ့လျား သွားသည်။ သူ အေးစက်စွာ ဆိုလိုက်၏။ “ယွမ်တန်ဘုံ ပဉ္စမအလွှာ တစ်ယောက်... မင်း တကယ် ဘယ်လောက် စွမ်းဆောင် နိုင်မလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်...”
ထိုသို့ ပြောပြီးသည်နှင့် တွမ့်ဝူချင်းသည် အရိပ်တပ်ဖွဲ့ ခေါင်းဆောင်ထံသို့ အရှိန်ပြင်းစွာ ပြေးဝင် သွားသည်။ သူ၏ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ ထိုးတက် သွား၏။
“ဟမ့်... ညီအစ်ကိုတို့... တွမ့်ဝူချင်းကို ချေမှုန်းဖို့ ငါနဲ့အတူ လိုက်ခဲ့ ကြ...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က မျက်နှာပေါ်တွင် တင်းမာသော အမူအရာဖြင့် ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။
“သတ်...”
အရိပ်တပ်ဖွဲ့ စစ်သည် ဒါဇင်ပေါင်းများစွာ လျင်မြန်စွာ လှုပ်ရှား လိုက်ကြသည်။ သူတို့ တစ္ဆေများ အလား ရှေ့သို့ တိုးလာ ကြသည်။
အရိပ်တပ်ဖွဲ့သည် အရိပ် မထင်ဘဲ ပေါ်လာပြီး ခြေရာ မကျန်ဘဲ ထွက်ခွာ သွားသည် ဆိုသော သူတို့၏ နာမည်ဂုဏ်သတင်းနှင့် ထိုက်တန် လှသည်။
“မသေဆုံးနိုင်သော စစ်ဝိညာဉ် လှံတံ... ကြယ်များကို ကြေမွစေ...”
တွမ့်ဝူချင်းက ပြင်းထန်စွာ ဟစ်ကြွေး လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားများ သူ၏ လှံရှည် အတွင်းသို့ လှိုင်းထန်စွာ စီးဝင် သွားသည်။ လှံတံသည် မျက်စိ ကျိန်းလောက်သော အပြာရောင် အလင်းဖြင့် တောက်လောင် လာပြီး လှံတန်းမှ ကြောက်မက်ဖွယ် စွမ်းအင်များ အသက်ရှူ မှားစေ လောက်သည်။
“ဝှစ်...”
“ဟိန်း... ဟိန်း...”
လှံကို ဝှေ့ယမ်း ထိုးထုတ် လိုက်သည်နှင့် တွမ့်ဝူချင်းသည် မီတာ (၂၀) ကျော် ရှည်လျားသော ဧရာမ အပြာရောင် ချီစွမ်းအင် လှံတံကြီး တစ်ခုကို ထုတ်လွှတ် လိုက်သည်။ ၎င်း၏ အရှိန်အဟုန်မှာ အံ့မခန်း ဖြစ်ပြီး စွမ်းအားမှာ လွှမ်းမိုး နိုင်လွန်းလှသည်။
“မြေကမ္ဘာအဆင့် သိုင်းပညာ...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင်၏ မျက်နှာ ဖြူဖျော့ သွားသည်။ သူ ထိတ်လန့်တကြား အော်လိုက်၏။ “သတိထား ကြ...”
အရိပ်တပ်ဖွဲ့ စစ်သည် ဒါဇင်ပေါင်းများစွာ ကြောက်လန့်တကြား ဖြစ်သွား ကြသည်။ သူတို့၏ လှုပ်ရှားမှု ပညာရပ်များကို အလျင်အမြန် အသုံးပြုကာ ရှောင်တိမ်း လိုက်ကြသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဒုန်း... ဒုန်း... ဒုန်း...”
ကျန်ရှိသော ရန်သူ့ တပ်ဖွဲ့များမှာမူ ထိုမျှ ကံမကောင်း ကြတော့ပေ။ တွမ့်ဝူချင်း၏ ကြောက်မက်ဖွယ် လှံတံနှင့် ထိတွေ့ မိသော မည်သူမဆို သွေးမှုန်များ အဖြစ်သို့ လွင့်စဉ် သွားကြသည်။
မြေကမ္ဘာအဆင့် ကနဦး သိုင်းပညာ တစ်ခု၏ စွမ်းအားသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
“ဝှစ်...”
“ရှပ်... ရှပ်... ရှပ်...”
ဤသို့ ဖြစ်ပျက် နေစဉ်မှာပင် တွမ့်ဝူချင်းသည် သူ၏ လှံရှည်ကို ကိုင်ဆောင်လျက် ရှေ့သို့ ပေါက်ကွဲ ထွက်သွားသည်။ အပြာရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ သွား၏။ သူ၏ လှံတံ ဆက်တိုက် လင်းလက် သွားပြီး အရိပ်တပ်ဖွဲ့ စစ်သည် (၁၀) ဦးကျော်ကို ချက်ချင်း သတ်ဖြတ် လိုက်သည်။
“ဒါက မင်းတို့ ငါ့ အင်ပါယာကို ဆန့်ကျင်ဖို့ အကောင်းဆုံး လုပ်နိုင်တာလား...”
တွမ့်ဝူချင်းက အေးစက်စွာ ဆိုလိုက်သည်။ သူ အလွန် ပြင်းထန် ကြမ်းတမ်း နေပုံ ပေါက်သည်။ သူ့ကို မြင်သော မည်သူမဆို နှလုံးသားထဲတွင် အေးစက် သွားမည် ဖြစ်သည်။
“မင်းသားကြီး... ငါတို့ စစ်သည်တွေ ကြာကြာ တောင့်မခံ နိုင်တော့ဘူး...”
စစ်သူကြီးယန်က စိုးရိမ်တကြီး အော်ဟစ် လိုက်သည်။
“ညီတော်... အောက်ဆင်းပြီး တံခါးတွေကို ထိန်းထား...”
တွမ့်ဝူချင်းက အော်ဟစ် လိုက်သည်။ သူ၏ လူများကို ကူညီရန် လျင်မြန်စွာ ရွေ့လျား သွားသည်။
ထုံထျန်းမြို့၏ တံခါးများကို ဆောင့်တိုက် ဖွင့်လှစ် ထားခဲ့ပြီ ဖြစ်သည်။ ရွှေယွဲ့အင်ပါယာ စစ်သည်များ၏ မညှာမတာ ဆောင့်တိုက်မှုများကြောင့် အက်ကွဲကြောင်းမှာ ပို၍ ကျယ်ပြန့် လာသည်။
အရိပ်တပ်ဖွဲ့ စစ်သည်များ တံခါးများ၏ ထိပ်မှ သွန်ချ လာပြီး ရက်စက်စွာ သတ်ဖြတ် နေကြသည်နှင့် ယန်ဟော်အင်ပါယာ၏ စစ်သည်တော်များ နောက်ဆုတ် နေကြရသည်။ သူတို့ ကြာကြာ တောင့်ခံ နိုင်တော့မည် မဟုတ်ပေ။
“ညီအစ်ကိုတို့... သတ်ကြ... ထုံထျန်းမြို့ကို သိမ်းပိုက်... ငါတို့ ယန်ဟော်အင်ပါယာ နန်းတော်ဆီ တန်းတန်းမတ်မတ် ချီတက်မယ်...”
အရိပ်တပ်ဖွဲ့ ခေါင်းဆောင်က အော်ဟစ် လိုက်သည်။ သူ၏ စစ်သည်များ၏ စိတ်ဓာတ်များ ပို၍ပင် မြင့်တက် လာပြီး ပိုမို ပြင်းထန် ကြမ်းတမ်း လာကြသည်။
“ဝှစ်...”
ထို အခိုက်အတန့်တွင် ပုံရိပ် တစ်ခု ရုတ်တရက် ထုံထျန်းမြို့ အထက်တွင် ပေါ်ထွက် လာသည်။
“ရွှေယွဲ့အင်ပါယာရဲ့ အရိပ်တပ်ဖွဲ့က သူတို့ရဲ့ နာမည်နဲ့ တကယ် ထိုက်တန် ပါပေတယ်...”
မြို့အထက်မှ ရောက်ရှိ လာသူက အနည်းငယ် မဲ့ပြုံး ပြုံးလိုက်သည်။
“စစ်သူကြီးချုပ်...”
ဤ အသံကို ကြားသောအခါ တွမ့်ဝူချင်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲ သွားသည်။ သူ ဖုန်းဝူချန်ကို အလွန် ပျော်ရွှင်စွာ ရှာဖွေ လိုက်သည်။
“ဖုန်းဝူချန်...”
ဖုန်းဝူချန် ပေါ်လာသည်ကို မြင်သောအခါ အရိပ်တပ်ဖွဲ့မှ စစ်သည်တော်များ အားလုံး ကြောက်ရွံ့သော အမူအရာများ ပြသ လိုက်ကြသည်။ မြို့ရိုးပေါ်မှ စစ်သည်တော်များ ကြောက်လန့်တကြား ခုန်ချ သွားကြပြီး စစ်သည် များစွာ ကြောက်ရွံ့မှုကြောင့် နောက်ဆုတ် သွားကြသည်။
“စစ်သူကြီးချုပ်ကို ဂါရဝ ပြုပါတယ်...”
ထုံထျန်းမြို့ အတွင်း၌ စစ်သည်တော်များ အလွန် စိတ်လှုပ်ရှား သွားကြသည်။ သူတို့ အားလုံး ဒူးထောက် လိုက်ကြပြီး ရိုသေစွာ အော်ဟစ် လိုက်ကြသည်။