← Chapters

ဖုန်းဝူချန် ရောက်ရှိလာခြင်း

Vol. 15 Ch. 223

ဖုန်းဝူချန် ရောက်ရှိလာခြင်း

Vol. 15 Ch. 223

~“ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက် တပ်ဖွဲ့က ပိုပိုပြီး ကြောက်စရာ ကောင်းလာတာပဲ...”

“ဒါ ငါတို့ အင်ပါယာရဲ့ အတော်ဆုံး အထက်တန်းလွှာ စစ်သည်တော်တွေရဲ့ စွမ်းအား အစစ်အမှန်လား...”

“သူတို့ တကယ် ပျံသန်း နိုင်ကြတယ်... အဲ့ဒါတွေက ပျံသန်းခြင်း သိုင်းပညာတွေပဲ...”

ကြာမြင့်စွာ တိတ်ဆိတ် နေပြီးနောက် ထုံထျန်းမြို့မှ စစ်သည်တော်များ နောက်ဆုံးတွင် အာမေဋိတ်သံများ ပြုလာ ကြသည်။ သူတို့၏ မျက်နှာများ တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက် နေ၏။

ယခင်က ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့ အရိပ်တပ်ဖွဲ့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့စဉ်က သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုကို စိုက်ထည့် ပေးခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းစွာပင် ရှုံးနိမ့်ခြင်း မရှိသော အင်အားစု တစ်ခု ဖြစ်ပေသည်။

သူတို့၏ ရှေ့မှောက်တွင် အရိပ်တပ်ဖွဲ့သည် ဖော်ပြရန်ပင် မထိုက်တန်တော့။

ဤသို့ ကြောက်မက်ဖွယ် ကောင်းသော အင်အားစုမျိုးကို အခြား မည်သည့် တပ်ဖွဲ့များက ယှဉ်ပြိုင် နိုင်မည်နည်း။

လုံးဝ မရှိ။ အနည်းဆုံးတော့ အင်ပါယာကြီး သုံးခုတွင် မရှိပေ။

ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့သည် ဖုန်းဝူချန်၏ ဦးဆောင်မှု အောက်တွင်မှသာ ဤမျှ ကြောက်မက်ဖွယ် ကောင်းလာ ခဲ့ခြင်း ဖြစ်သည်။

ယဲ့ချန်းချုံး ဦးဆောင် ခဲ့စဉ်က သူတို့သည် အင်ပါယာ၏ အတော်ဆုံး အထက်တန်းလွှာ စစ်သည်တော်များ ဖြစ်ခဲ့ကြ သော်လည်း သူတို့၏ စွမ်းအားမှာ အရိပ်တပ်ဖွဲ့ထက် များစွာ နိမ့်ကျ ခဲ့သည်။

ဖုန်းဝူချန် တာဝန်ယူ ခဲ့သည်မှာ အချိန် မည်မျှ ကြာခဲ့ပြီနည်း။ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့ ကမ္ဘာမြေ တုန်ခါ လောက်သော ပြောင်းလဲမှုများကို ကြုံတွေ့ ခဲ့ရသည်။

ဖုန်းဝူချန်၏ တည်ရှိမှု သက်သက်သည်ပင် ယန်ဟော်အင်ပါယာ စစ်သည်တော်များ၏ မျက်လုံးထဲတွင် နတ်ဘုရား တစ်ပါးနှင့် တူနေခဲ့ပြီး စစ်သည်တော် အားလုံး သူ့ကို အလွန်အမင်း ကိုးကွယ် ကြသည်။

ဤသို့ ကြောက်မက်ဖွယ် ကောင်းသော အင်အားစုများ အတွက် အရိပ်တပ်ဖွဲ့ကို ချေမှုန်းခြင်းသည် မိနစ်ပိုင်း အတွင်း ကိစ္စမျှသာ ဖြစ်လေ၏။

အကယ်၍ ရွှေယွဲ့အင်ပါယာ၏ ဧကရာဇ်နှင့် များပြားလှသော စစ်သူကြီးများက အရိပ်တပ်ဖွဲ့ ချေမှုန်း ခံလိုက်ရကြောင်း သိရှိ သွားပါက သူတို့ မည်သို့သော မျက်နှာထားများ ဖြစ်သွား ကြမည်ကို မည်သူ သိနိုင်မည်နည်း။

အခြား စစ်ဆေးရေး ဂိတ်များမှ တိုက်ပွဲများကို ကြည့်လိုက်လျှင် ယဲ့ချန်းချုံးသည် သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ ရန်သူ့ အင်အားစုများကို ဖိအား ပေးထားရာ သူတို့ တံခါးပေါက်များ အနီးသို့ မချဉ်းကပ် နိုင်ကြပေ။

ရွှေယွဲ့အင်ပါယာ၏ အင်အားစု အသီးသီးမှ အင်အားကြီး ခေါင်းဆောင်များ၏ အကူအညီများ ရှိနေသည့်တိုင် သူတို့ ယခုအခါ ခက်ခဲသော တိုက်ပွဲ တစ်ခုတွင် ရောက်ရှိ နေကြပြီ ဖြစ်သည်။

ယဲ့ချန်းချုံးသည် ဗျူဟာ ပါရမီရှင် တစ်ဦး ဖြစ်၏။ သူ၏ တပ်ဖွဲ့စည်းပုံနှင့် အခင်းအကျင်း ပြောင်းလဲမှုများမှာ နားလည် ရန် ခက်ခဲ လှပြီး ရန်သူ့ အင်အားစုများကို အပြင်းအထန် ထိခိုက် သေဆုံးမှုများနှင့် အတူ အဆက်မပြတ် ဆုတ်ခွာ သွားစေသည်။

လင်ကျန့်ထျန်း ဦးဆောင်သော တပ်ဖွဲ့များကို ကြည့်လိုက်လျှင် ရွှမ်းထျန်းဂိုဏ်း ဂိုဏ်းချုပ် မူယွင်ရှန်းနှင့် ယွင်ကျိုးနယ်မှ အင်အားစု အသီးသီးမှ အင်အားကြီး ခေါင်းဆောင်များ၏ အကူအညီများဖြင့် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ချီဟွမ် ဦးဆောင်သော ကောင်းကင်ဗိမာန် ပညာရှင်များကို ထည့်မပြောနှင့်ဦး။

ရန်သူ့ အင်အားစုများတွင်လည်း အင်အားကြီး ကျင့်ကြံသူ များစွာ ပါဝင် သော်ငြား သူတို့ တဖြည်းဖြည်း ရှုံးနိမ့် နေခဲ့ရသည်။

ကောင်းကင်ဗိမာန်၏ အသန်မာဆုံး (၁၀) ဦး သက်သက်ကပင် ရန်သူ့ အင်အားစုများ၏ နှလုံးသားများထဲသို့ ကြောက်ရွံ့ ထိတ်လန့်မှုကို သက်ဆင်း စေရန် လုံလောက်သည်။

ချီဟွမ်နှင့် သူ၏ နောက်လိုက်များ၏ စွမ်းအားမှာ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။ ချီဟွမ်၏ စွမ်းအားမှာ တွမ့်ဝူချင်းနှင့် ယှဉ်နိုင် လောက်သည်။

သို့သော်လည်း အဓိက စစ်ဆေးရေး ဂိတ်များမှ ကြီးမားသော တိုက်ပွဲများတွင် ထိုက်ရွှီဂိုဏ်းမှ ပညာရှင် တစ်ဦးတစ်ယောက်မျှ မတွေ့ရ သေးသလို မည်သည့် တပည့် တစ်ဦး၏ အရိပ် အယောင်မျှပင် မမြင်ရ သေးပေ။

ထိုက်ရွှီဂိုဏ်း ဝင်ရောက် စွက်ဖက်ခြင်း ရှိမရှိကို ယခု အချိန်တွင် မည်သူမျှ မသိနိုင် သေးချေ။

ယန်ဟော်မြို့ ဘက်သို့ ကြည့်လိုက်လျှင် ရွှေယွဲ့အင်ပါယာ၏ စစ်အင်အား အများစု ထိုနေရာတွင် စုစည်း ထားသည်။ ပညာရှင် များစွာလည်း စုဝေး ရောက်ရှိ နေကြ၏။

ပြင်းထန်သော တိုက်ပွဲတွင် ယန်ဟော်မြို့ အပြင်ဘက်မှ ကျယ်ပြန့်သော မြေပြင်ကြီးသည် အလောင်းများဖြင့် ပြန့်ကျဲ နေသည်။ သွေးများ မြစ်တစ်စင်း အလား စီးဆင်း နေ၏။ ကြည့်ရှုရန်ပင် မခံနိုင်လောက်အောင် ဆိုးရွား လှသော မြင်ကွင်း ဖြစ်ပြီး မြင်ရသူတိုင်း တုန်လှုပ် သွားစေသည်။

စစ်တပ် နှစ်ခုကြားမှ တိုက်ပွဲသည် အပြင်းအထန် ထိခိုက် သေဆုံးမှုများကို ဖြစ်ပေါ် စေခဲ့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

“ဘုန်း... ဘုန်း... ဘုန်း...”

စစ်တပ် နှစ်ခုလုံး လေးများနှင့် မီးလောင်နေသော ပစ်လွှတ်သည့် အရာများဖြင့် ပြင်းထန်သော တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ် နေကြသည်။ စစ်မြေပြင် အနှံ့မှ စစ်ရထားများ မရေမတွက် နိုင်သော မြှားများ စိုက်ဝင် နေကြသည်။ မီးလောင်နေသော ပစ်လွှတ်သည့် အရာများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုမှာ မညှာမတာ ပြင်းထန် လှ၏။

စစ်တပ် နှစ်ခု ပြင်းထန်စွာ တိုက်ခိုက် နေကြပြီး အင်အား ချင်း တူညီ နေသည်။ တစ်ဖက်စီ ဒဏ်ရာများ ရရှိ နေကြ၏။

နိုင်ငံ နှစ်ခုလုံးမှ အစွမ်းထက်သော ခေါင်းဆောင်များ ပြင်းထန်သော တိုက်ပွဲတွင် ပါဝင် နေကြသည်။

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်း အပါအဝင် အခြား ပညာရှင်များ တစ်ဦးစီ မတူညီသော အတိုင်းအတာဖြင့် ဒဏ်ရာများ ရရှိ ထားကြသည်။

ကောင်းကင်ယံ အမြင့်တွင် သွမ့်ထျန်းဟွမ် တစ်ဦးတည်း လေကျန့်ဖုန်းကို မယှဉ်နိုင် ခဲ့ပေ။ လင်ရှောင်ရှောင်က မူထျန်းယွင်နှင့် အတူ တိုက်ပွဲတွင် ပါဝင် လာခဲ့သည်။ ထို သုံးဦး ပူးပေါင်းကာ လေကျန့်ဖုန်းကို တိုက်ခိုက် နေကြရသည်။

လင်ရှောင်ရှောင်သည် ယခုအခါ ယွမ်တန်ဘုံ နဝမအလွှာသို့ အဆင့် ချိုးဖြတ် ဝင်ရောက် ထားခဲ့ပြီး ဖြစ်သည်။ သူမ၏ သွေးမျိုးဆက် စွမ်းအားကို အသက်သွင်း လိုက်ပြီး သူမ၏ မှော်ဆန်သော လက်နက်ကို ကိုင်စွဲ ထားရာ သူမ၏ စွမ်းအားသည် ထျန်းယွမ်ဘုံ ပထမအလွှာနှင့် ယှဉ်နိုင် လောက်သည်။

မူထျန်းယွင်သည် ယွမ်တန်ဘုံ နဝမအလွှာ အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ယခုအခါ ထျန်းယွမ်ဘုံ ပထမအလွှာသို့ အောင်မြင်စွာ အဆင့် ချိုးဖြတ် ဝင်ရောက် ထားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ထျန်းယွမ်ဘုံ အဆင့် စွမ်းအား ရှိသော ပညာရှင် သုံးဦး ပူးပေါင်း ထားသည့်တိုင် သူတို့ လေကျန့်ဖုန်း၏ ရှေ့မှောက်တွင် အရေး နိမ့်နေဆဲ ဖြစ်သည်။

အကယ်၍ အရေးကြီးသော အခိုက်အတန့်များတွင် လင်ရှောင်ရှောင်၏ အကာအကွယ်က လေကျန့်ဖုန်း၏ စွမ်းအားကို မတားဆီး ပေးနိုင်ခဲ့ပါက သူတို့ ကြာမြင့်စွာ ကတည်းက ကျဆုံး သွားခဲ့ လောက်ပြီ ဖြစ်သည်။

ထျန်းယွမ်ဘုံ ဒုတိယအလွှာ ကျင့်ကြံသူ တစ်ဦး အဖြစ် လေကျန့်ဖုန်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး ထျန်းယွမ်ဘုံ ပထမအလွှာ ကျင့်ကြံသူ သုံးဦး၏ လက်လှမ်း မမီနိုင်သော အဆင့်တွင် ရှိနေသည်။

‘ဒီ သေနာကျ ကောင်မလေးက တကယ် ဘယ်သူလဲ... ဘာလို့ သူက ဒီလောက် အစွမ်းထက်တဲ့ အကာအကွယ်မျိုး ပိုင်ဆိုင် ထားရတာလဲ... ယွမ်တန်ဘုံ နဝမအလွှာ ကျင့်ကြံမှုနဲ့... သူ့ စွမ်းအားက ထျန်းယွမ်ဘုံ ပထမအလွှာနဲ့ ယှဉ်နိုင် နေတယ်...’ လေကျန့်ဖုန်းက လင်ရှောင်ရှောင်ကို စိုက်ကြည့် လိုက်သည်။ သူ၏ စိတ်ထဲတွင် အလွန်အမင်း သံသယများနှင့် သူမ အပေါ် သတိထားမှုများဖြင့် ပြည့်နှက် နေ၏။

ထို အကာအကွယ်၏ အစွမ်းအစမှာ သာမန် ပညာရှင်များ ဖွဲ့တည် နိုင်သော အရာ မဟုတ်ပေ။

လေကျန့်ဖုန်း၏ စွမ်းအားနှင့်ပင် သူ လင်ရှောင်ရှောင်၏ အကာအကွယ်ကို မလှုပ်ခတ် နိုင်ခဲ့။ ၎င်းက သူမ၏ နောက်ကွယ်မှ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းသော အဆင့်တွင် ရှိနေသည်ကို ညွှန်ပြ နေသည်။

လေကျန့်ဖုန်းသည် လင်ရှောင်ရှောင်၏ နောက်ကွယ်မှ စွမ်းအားကို သွားရောက် ထိပါး မိမည်ကို စိုးရိမ် နေသည်။

အကာအကွယ်ကို ဘေးဖယ် ထားလိုက်ဦး...။ လင်ရှောင်ရှောင်၏ ကြောက်မက်ဖွယ် ပါရမီနှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကပင် သူမ၏ နောက်ကွယ်တွင် အစွမ်းထက်သော အင်အားစု တစ်ခု ရှိနေကြောင်း သက်သေ ပြရန် လုံလောက် နေသည်။

ထို့ပြင် ဤ အင်အားစုသည် ရွှေယွဲ့အင်ပါယာကို မိနစ်ပိုင်း အတွင်း ချေမှုန်း နိုင်လောက်သည်။

“ဒီ အဘိုးကြီးရဲ့ စွမ်းအားက တကယ် ကြောက်စရာ ကောင်းတာပဲ... ငါတို့ သုံးယောက် ပေါင်းထားတာတောင် သူ့ကို မယှဉ်နိုင်ဘူး...”

မူထျန်းယွင်က လေးနက်စွာ မှတ်ချက်ချသည်။ ပြင်းထန်သော တိုက်ပွဲ အပြီးတွင် သူ၏ မျက်နှာရောင် အနည်းငယ် ဖြူဖျော့ သွား၏။

သွမ့်ထျန်းဟွမ်က လေးနက်စွာ ဆိုသည်။ “အရေးကြီးတဲ့ အခိုက်အတန့်မှာ ရှောင်ရှောင်ရဲ့ အကာအကွယ်သာ မရှိခဲ့ရင်... ငါတို့ ရှုံးနိမ့် သွားခဲ့ လောက်ပြီ... ဒါပေမဲ့ အခြေအနေက အကောင်းဘက်ကို မရောက် သေးဘူး... မုရုန်ထျန်းလီနဲ့ ထိုက်ရွှီဂိုဏ်းက ပညာရှင်တွေ ခုထိ ပေါ်မလာ သေးဘူး”

သွမ့်ထျန်းဟွမ် အကြောက်ဆုံးမှာ ထိုက်ရွှီဂိုဏ်း ဖြစ်သည်။ ကြောက်မက်ဖွယ် စွမ်းအား ရှိပြီး ၎င်း၏ ဂိုဏ်းချုပ်ကြီး မုရုန်ထျန်းလီ၏ စွမ်းအားမှာ လေကျန့်ဖုန်းထက် မနိမ့်ကျပေ။

အကယ်၍ လေကျန့်ဖုန်းနှင့် မုရုန်ထျန်းလီတို့ ပူးပေါင်း လိုက်ပါက သူတို့ လုံးဝ အခွင့်အရေး ရတော့မည် မဟုတ်။

အကယ်၍ ထိုက်ရွှီဂိုဏ်း ယခု ဝင်ရောက် စွက်ဖက် လာပါက ၎င်းမှာ ယန်ဟော်မြို့မှ အင်အားစုများ လုံးဝ ချေမှုန်း ခံရမည်ဟု ဆိုလို နေနိုင်သည်။

“အစ်ကိုကြီးဖုန်း ဘယ်အချိန် ရောက်လာမလဲ မသိဘူး... ငါတို့ လေးယောက် ပေါင်းလိုက်ရင်... လေကျန့်ဖုန်းကို ရှင်းပစ်ဖို့ ပြဿနာ မရှိတာ သေချာတယ်...”

လင်ရှောင်ရှောင်က လေးနက်စွာ ဆိုသည်။ သူမ၏ ချောမောသော မျက်နှာလေးမှာ ယခင်ကထက် ပို၍ လေးနက် တည်ကြည် နေ၏။

“ဟုတ်တယ်... စစ်သူကြီးချုပ်ရဲ့ စွမ်းအားက ငါတို့ထက် သာလွန်တယ်... တကယ်ပဲ... ငါတို့ လေးယောက် ပေါင်းလိုက်ရင်... ငါတို့ သူ့ကို ယှဉ်နိုင်မှာ သေချာတယ်...”

မူထျန်းယွင်က သဘောတူ လိုက်သည်။

“ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက် တပ်ဖွဲ့က အရိပ်တပ်ဖွဲ့ကို ချေမှုန်း နိုင်မလား မသိဘူး... ဒီ တပ်ခွဲ နှစ်ခုရဲ့ စွမ်းအား အစစ်အမှန်ကို... ငါတောင် မမြင်ဖူး သေးဘူး...”

သွမ့်ထျန်းဟွမ်က လေးနက်စွာ ဆိုသည်။ သူတို့ အရိပ်တပ်ဖွဲ့ကို ချေမှုန်းပြီး အကူအညီ ပေးရန် အမြန်ဆုံး ရောက်ရှိ လာနိုင်မည်ဟုသာ သူ မျှော်လင့် နေသည်။

“အရှင်မင်းကြီး... စိတ်ချပါ... သူတို့ရဲ့ စွမ်းအားက အစွမ်းထက် လှပါတယ်...”

လင်ရှောင်ရှောင်က ပြုံးလျက် ပြန်ဖြေ လိုက်သည်။ ဖုန်းဝူချန်မှ လွဲ၍ အင်ပါယာ၏ အတော်ဆုံး အထက်တန်းလွှာ တပ်ဖွဲ့များ၏ စွမ်းရည်များကို သူမ ကောင်းစွာ သိရှိ ထားသည်။

လင်ရှောင်ရှောင်သည် အရိပ်တပ်ဖွဲ့၏ စွမ်းအားကို မသိရှိ ခဲ့လျှင်ပင် သူမ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့တို့ အပေါ်တွင် ယုံကြည်မှု အပြည့် ရှိနေသည်။

“ဘုန်း...”

ကောင်းကင်ယံ အမြင့်တွင် လေကျန့်ဖုန်းက လင်ရှောင်ရှောင်ကို စိုက်ကြည့် လိုက်သည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့် အတူ သူ နောက်ထပ် ရူးသွပ်သော တိုက်ခိုက်မှု တစ်ခုကို ထုတ်ဖော် လိုက်သည်။ ၎င်း၏ အမြန်နှုန်းမှာ အလွန် လျင်မြန် လှပြီး တခဏချင်းမှာပင် ရောက်ရှိ လာသည်။

“သတိထား...”

သွမ့်ထျန်းဟွမ် မျက်မှောင်ကြုတ်ကာ ဟစ်ကြွေး လိုက်သည်။ သူ၏ အစစ်အမှန်ယွမ်ကို အဝေးမှ ဦးဆောင် မောင်းနှင်ကာ လက်ဝါးဖြင့် ရိုက်ချ လိုက်သည်။ သူ၏ အစွမ်းထက်သော လက်ဝါး ပုံရိပ်သည် လေကျန့်ဖုန်းထံသို့ ထိုးဆင်း သွားသည်။

လင်ရှောင်ရှောင်နှင့် မူထျန်းယွင်တို့ ဘေးတစ်ဖက်စီသို့ လျှပ်တပြက် ရောက်ရှိ သွားကြသည်။ တစ်ပြိုင်နက်တည်း သူတို့၏ တိုက်ခိုက်မှုများကို ထုတ်ဖော် လိုက်ကြရာ အစွမ်းထက်သော စွမ်းအား နှစ်ခု လေကျန့်ဖုန်းထံသို့ ဗုံးကြဲ တိုက်ခိုက် သွားသည်။

“ကြေမွစေ...”

လေကျန့်ဖုန်းက ဟိန်းဟောက် လိုက်သည်။ သွမ့်ထျန်းဟွမ်၏ လက်ဝါး ပုံရိပ်ကို လက်သီး တစ်ချက်ဖြင့် ကြေမွ သွားစေသည်။ ပေါင်မုန့်ကို ချေလိုက်သကဲ့သို့ လွယ်ကူ လှပြီး အားစိုက် ထုတ်စရာ မလိုခဲ့ပေ။

သူ၏ မလိုမုန်းတီးသော အကြည့်များ လင်ရှောင်ရှောင်ထံသို့ ဝေ့ဝဲ သွားသည်။ လေကျန့်ဖုန်း၏ ပုံရိပ် ပျောက်ကွယ် သွားပြီး တခဏချင်း ပြန်ပေါ် လာသည်။ သူ၏ လက်ဝါးတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပြည့်လျှံ နေပြီး သူမ အပေါ်သို့ ရိုက်ချ လိုက်သည်။

“မကောင်းတော့ဘူး...”

သွမ့်ထျန်းဟွမ်၏ မျက်နှာ သိသိသာသာ ပြောင်းလဲ သွားသည်။ သူ အရေးတကြီး အော်ဟစ် လိုက်၏။ “မြန်မြန်... အခင်းအကျင်း ဖွဲ့...”

“ဟမ့်... ကိုယ့် အစွမ်းကို လွန်ကဲပြီး အထင်ကြီး နေတာပဲ...”

လင်ရှောင်ရှောင် ကြောက်ရွံ့မှု မပြခဲ့။ ကြောက်မက်ဖွယ် အပြာရောင် အကာအကွယ် တစ်ခု ဖြစ်ပေါ် လာသည်။

သို့သော်လည်း သူတို့ လေကျန့်ဖုန်း တိုက်ခိုက် လာမည်ဟု ထင်မှတ် နေသည့် အခိုက်တွင် သူ၏ ပုံရိပ်သည် နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ် သွားပြန်သည်။

လင်ရှောင်ရှောင် မှင်တက် သွားပြီး ချက်ချင်းပင် လျှပ်တပြက် နေရာ ရွှေ့ပြောင်းမှု တစ်ခုကို လုပ်ဆောင် လိုက်သည်။

လေကျန့်ဖုန်း ပြန်ပေါ် လာသောအခါ သူသည် သွမ့်ထျန်းဟွမ်၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိ နေခဲ့ပြီး လက်ဝါးချက် တစ်ခု မိုးကြိုးပစ်သံသဖွယ် ထွက်ပေါ် လာသည်။

“မင်း... အကောင်စုတ်...”

သွမ့်ထျန်းဟွမ် ဒေါသတကြီး ကျိန်ဆဲ လိုက်သည်။

“ဝှစ်...”

“ဘုန်း...”

သေရေးရှင်ရေး အန္တရာယ်နှင့် ပြည့်နှက် နေသော တခဏ၌ လင်ရှောင်ရှောင်သည် မမျှော်လင့်ဘဲ လျှပ်တပြက် ပေါ်ထွက် လာသည်။ လေကျန့်ဖုန်း၏ လက်ဝါး ထိုးဆင်း လာသည်နှင့် သူ၏ မျက်နှာ တုန်လှုပ်မှုကြောင့် ရှုံ့မဲ့ သွားသည်။ သူ၏ တိုက်ခိုက်မှုကို အချိန်မီ ပြန်ရုပ်သိမ်း နိုင်ခြင်း မရှိတော့ပေ။ အလွန်အမင်း စိတ်ပျက်အားငယ်စွာဖြင့် လေကျန့်ဖုန်းသည် သူ၏ စွမ်းအား တစ်ဝက်ကို အတင်းအကျပ် ပြန်ရုပ်သိမ်း လိုက်သည်။ “ဘုန်း” ဟူသော ပေါက်ကွဲသံနှင့် အတူ သူ၏ လက်ဝါးသည် အကာအကွယ်ကို ရိုက်ခတ် မိသွားသည်။ ပြန်ကန် ထွက်လာသော ကြောက်မက်ဖွယ် စွမ်းအားကြောင့် လေကျန့်ဖုန်း လွင့်စင် ထွက်သွားသည်။

ကံကောင်းစွာပင် လေကျန့်ဖုန်း အလျင်စလို သူ၏ စွမ်းအား တစ်ဝက်ကို ပြန်ရုပ်သိမ်း လိုက်သောကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင် ထို လက်ဝါးချက်က သူ့ကို ပြင်းထန်သော ဒဏ်ရာများ ရရှိ စေခဲ့ လောက်သည်။

“မင်း... သေနာကျ ကောင်မလေး...”

လေကျန့်ဖုန်းက မည်းမှောင်စွာ ဟိန်းဟောက် လိုက်သည်။ ဒေါသကြောင့် ပေါက်ကွဲ ထွက်လုနီးပါး ဖြစ်နေသော်လည်း သူ လင်ရှောင်ရှောင်ကို အကူအညီမဲ့စွာ ကြည့်နေ ရုံသာ တတ်နိုင် ခဲ့သည်။

သူ သွမ့်ထျန်းဟွမ်ကို ပြင်းထန်စွာ ဒဏ်ရာ ရရှိ စေတော့မည့် အခိုက်တွင် လင်ရှောင်ရှောင်က သူ၏ လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်း နိုင်ခဲ့သည်။

“ဧကရာဇ်သွမ့်က ထျန်းယွမ်ဘုံ ပထမအလွှာမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာ... သူ့ရဲ့ နယ်ပယ်က နက်ရှိုင်းစွာ အမြစ်တွယ်ပြီး ခိုင်မာ နေပြီ... ဂိုဏ်းချုပ်ဟောင်းမူက ထျန်းယွမ်ဘုံကို အဆင့် ချိုးဖြတ် ခဲ့တာ မကြာ သေးဘူး... ရှင့် အတွက် ခြိမ်းခြောက်မှု မရှိဘူး... ခန့်မှန်းစရာတောင် မလိုဘဲ... ရှင်က ဧကရာဇ်သွမ့်ကို ပြင်းထန်စွာ ဒဏ်ရာ ရအောင် ရည်ရွယ်ခဲ့တာ သိသာပါတယ်...”

လင်ရှောင်ရှောင်က အေးစက်စွာ ထုတ်ဖော် ပြောဆိုသည်။

လေကျန့်ဖုန်း၏ မျက်နှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ဒေါသများ ဆူပွက် နေသည်။

“ဝှစ်...”

"ဝီ...."

ထိုစဉ် ကြောက်မက်ဖွယ် ချီစွမ်းအင် အလင်းတန်း တစ်ခု အနီးအနားမှ တောင်ထိပ် တစ်ခုမှ ပစ်ထွက် လာသည်။ လေဟာနယ်ကိုပင် တုန်ခါ သွားစေ၏။

လေကျန့်ဖုန်း၏ မျက်ခုံးများ တွန့်ချိုး သွားသည်။ သူ လက်ကို ဝှေ့ယမ်း လိုက်ပြီး လွှမ်းမိုးသော အရှိန်အဝါဖြင့် ကြောက်မက်ဖွယ် စွမ်းအားကို ကြေမွ သွားစေသည်။

“ကျန်းထျန်းရန်...”

သူ၏ ရက်စက်သော အကြည့်များ အစွမ်းထက်သော ချီစွမ်းအင်၏ ရင်းမြစ်ဆီသို့ ရွေ့လျား သွားသည်။ လေကျန့်ဖုန်း၏ မျက်နှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ဒေါသများ ကောင်းကင်သို့ ထိလုမတတ် ဖြစ်သွားသည်။

တိုက်ခိုက် လိုက်သူမှာ အခြားသူ မဟုတ်။ ဖုန်းလေဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းထျန်းရန်ပင် ဖြစ်သည်။

“သတ်...”

များပြားလှသော အင်အားကြီး ပုဂ္ဂိုလ်များ ဒေါသတကြီး ဟိန်းဟောက် လိုက်ကြသည်။ ရွှေယွဲ့အင်ပါယာ စစ်တပ်ထံသို့ ရူးသွပ်စွာ ပြေးဝင် သွားကြသည်။

ဤ အင်အားကြီး ပုဂ္ဂိုလ်များ အုပ်စုသည် ဖုန်းလေဂိုဏ်း၏ တန်းခွဲများနှင့် ၎င်း၏ များပြားလှသော တပည့်များမှ လာကြခြင်း ဖြစ်သည်။

ကျန်းထျန်းရန် အပေါ်သို့ ရက်စက်သော အကြည့်ကို စူးစိုက် ထားရင်း လေကျန့်ဖုန်းက ဟိန်းဟောက် လိုက်သည်။ “ကျန်းထျန်းရန်... မင်းရဲ့ ဖုန်းလေဂိုဏ်းက ပုန်ကန်ဖို့ ရည်ရွယ် နေတာလား...”

ကျန်းထျန်းရန် လျင်မြန်စွာ ဆင်းသက် လာသည်။ ရွှေယွဲ့အင်ပါယာမှ စစ်သည်တော်များကို ပေါ့ပေါ့ပါးပါး သတ်ဖြတ် လိုက်၏။ သူ၏ စွမ်းအားမှာ ခြိမ်းခြောက်မှု အပြည့် ဖြစ်သည်။ မည်သူမျှ ချဉ်းကပ် မလာရဲပေ။ ရွှေယွဲ့အင်ပါယာ၏ အစွမ်းအထက်ဆုံး ပညာရှင်များပင်လျှင် ကျန်းထျန်းရန်ကို တိုက်ခိုက်ရန် တုံ့ဆိုင်း နေကြသည်။

“ပုန်ကန်တယ်... ဟုတ်လား... ဖုန်းလေဂိုဏ်းက ငါ့ထံမှာ လက်နက်ချ ထားပြီးသားပဲ... ပုန်ကန်တယ်လို့ ဘယ်လို ပြောလို့ ရမှာလဲ...”

ဂရုမစိုက်ဟန်၊ အေးစက်သော ရယ်သံ တစ်ခု ကောင်းကင်ယံမှ ပဲ့တင် ထွက်လာသည်။

“ဝှစ်...”

ရွှေရောင် အလင်းတန်း တစ်ခု လက်ခနဲ လင်းလက် သွားပြီး ယန်ဟော်မြို့ အထက်တွင် ချက်ချင်း ပေါ်ထွက် လာသည်။

“အစ်ကိုကြီးဖုန်း...”

လင်ရှောင်ရှောင်က အလွန် ပျော်ရွှင် အံ့ဩစွာ ဟစ်ကြွေး လိုက်သည်။

“ဆရာ ရောက်လာပြီ...”

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ ဝမ်းမြောက်စွာ ရေရွတ် လိုက်ကြသည်။

“ဒီကောင်လေး နောက်ဆုံးတော့ ရောက်လာပြီ...”

သွမ့်ထျန်းဟွမ် သက်ပြင်း ချလိုက် မိသည်။

“ဖုန်းဝူချန်...”

လေကျန့်ဖုန်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲ သွားသည်။ ဖုန်းဝူချန်ထံမှ ထွက်ပေါ် လာသော ကြောက်မက်ဖွယ် အရှိန်အဝါက သူ့ကို ခြိမ်းခြောက် ခံရသကဲ့သို့ ခံစား စေရန် လုံလောက်သည်။

ရွှေယွဲ့အင်ပါယာမှ စစ်သည်တော်များနှင့် အတူ အဖွဲ့အစည်း အသီးသီးမှ အင်အားကြီး ပုဂ္ဂိုလ်များ အားလုံး သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့သော အမူအရာများ ထင်ဟပ် လာသည်။

“စစ်သူကြီးချုပ် ရောက်လာပြီ...”

ဆန့်ကျင်ဘက် အနေဖြင့် ယန်ဟော်အင်ပါယာမှ စစ်သည်တော်များ စိတ်လှုပ်ရှားမှုများ ဆူပွက် နေကြသည်။ စိတ်ခံစားမှုများ လွှမ်းမိုး နေကြ၏။

ဖုန်းဝူချန် ရောက်ရှိ လာခြင်းက ပြင်းထန်သော တိုက်ပွဲကို ခေတ္တ ရပ်တန့် သွားစေသည်။ လူတိုင်း၏ အကြည့်များ သူ၏ထံသို့ လှည့်သွား ကြသည်။

ယန်ဟော်အင်ပါယာသည် မျှော်လင့်ချက် အလင်းတန်း တစ်စကို မြင်တွေ့ လိုက်ရသည်။ ရွှေယွဲ့အင်ပါယာမှာမူ ထိတ်လန့် လာကြသည်။

ဤ (၁၇) နှစ်၊ (၁၈) နှစ်အရွယ် လူငယ်လေးသည် သူတို့၏ မျက်လုံးထဲတွင် မိစ္ဆာ တစ်ကောင် အဖြစ် ရှုမြင် ခံနေရသည်။

“ ဖုန်းလေဂိုဏ်းက မင်းဆီမှာ လက်နက်ချ ထားပြီးသား ဟုတ်လား...”

လေကျန့်ဖုန်းက မည်းမှောင်စွာ မေးလိုက်သည်။

“သတင်းပို့ပါတယ်... အရှင်မင်းကြီး... သတင်းဆိုးပါ...”

ဖုန်းဝူချန် မတုံ့ပြန်မီမှာပင် ယွမ်တန်ဘုံ ပဉ္စမအလွှာမှ စစ်သူကြီး တစ်ဦး မကြုံစဖူး ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြေးဝင် လာသည်။ သူ တစ္ဆေ တစ်ကောင်ကို မြင်လိုက် ရသကဲ့သို့ပင်။

“ဘာဖြစ်တာလဲ...”

လေကျန့်ဖုန်းက လေးနက်စွာ မေးလိုက်သည်။

“အရှင်မင်းကြီးကို သတင်းပို့ပါတယ်... အရိပ်တပ်ဖွဲ့ လုံးဝ ချေမှုန်း ခံလိုက်ရပါပြီ... ထုံထျန်းမြို့ကို ဦးတည် သွားတဲ့ တပ်ဖွဲ့တွေ သုံးသောင်းကျော် ထိခိုက် သေဆုံး ခဲ့ရပါတယ်... အသက်ရှင် ကျန်ရစ် ခဲ့တဲ့ သူတွေကို တွမ့်ဝူချင်းက ဖမ်းဆီးပြီး ကျွန်တော်တို့ အင်ပါယာဆီ ခေါ်ဆောင် လာနေပါတယ်... ကျွန်တော်တို့ နိုင်ငံရဲ့ တော်ဝင် မိသားစုဆီ ဦးတည် လာနေပါတယ်...”

စစ်သူကြီးက ထိတ်လန့်တကြား သတင်းပို့ လိုက်သည်။ သူ ပြင်းထန်စွာ တုန်ယင် နေ၏။

All Chapters