← Chapters

ရှောင်မိသားစုမှ ဧည့်သည်များ

Vol. 15 Ch. 212

ရှောင်မိသားစုမှ ဧည့်သည်များ

Vol. 15 Ch. 212

~ဖုန်းဝူချန်က ထိုက်ရွှီဂိုဏ်းကို ချေမှုန်းမည်ဟု ကြေညာခဲ့သော သတင်းသည် အင်ပါယာကြီး လေးခု အနှံ့သို့ မီးဟုန်းဟုန်း တောက်လောင်သလို ပျံ့နှံ့ သွားခဲ့ပြီး တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများကို ဖြစ်စေခဲ့သည်။

သို့သော် ဖုန်းမိသားစုကတော့ ဤကိစ္စအပေါ် ဂရုမစိုက်ဟန် ရှိနေသည်။

ဤနေ့တွင် အလွန် ထူးခြားသော ဧည့်သည် တစ်ဦး ရုတ်တရက် ဖုန်းမိသားစုထံ ရောက်ရှိ လာခဲ့သည်။

“သခင်မကြီး... သခင်လေးဖုန်း... ရှောင်မိသားစုက အဖွဲ့ဝင် တစ်ယောက် တွေ့ခွင့် တောင်းနေပါတယ်...” အစောင့် တစ်ဦးက ရိုသေစွာ သတင်းပို့ လိုက်သည်။

“ရှောင်မိသားစုက လူ...” ဖုန်းဝူချန်က အံ့အားတသင့် ရေရွတ် လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် တခဏချင်း အေးခဲ တင်းမာ သွားသည်။

ဖုန်းဝူချန်၏ ရုတ်တရက် အေးစက် သွားသော ဟန်ပန်ကို သတိပြုမိ လိုက်သော လင်ရှောင်ရှောင်သည် စိတ်ထဲမှ တွေးလိုက်မိသည်။ “ရှောင်မိသားစု... ဒေါ်ဒေါ်ရှောင်ရဲ့ မျိုးနွယ်တွေလား...”

“ရှောင်မိသားစု...” ရှောင်ချင်းချင်း အနည်းငယ် တုန်ယင် သွားသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ရင်းနှီး သော်လည်း ဝေးကွာနေသော မိသားစု အမည်သည် သူမ၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက် လာခဲ့သည်။

ခန်းမဆောင် အတွင်း၌ ဖုန်းချန်ယန် အပါအဝင် ဖုန်းမိသားစု အကြီးအကဲများ၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲ သွားသည်။ သူတို့သည် ရှောင်မိသားစုနှင့် ရင်းနှီး ကျွမ်းဝင်ကြသည်မှာ ထင်ရှား လှသည်။

ရင်းနှီးရုံရုံတင် သက်သက် မဟုတ်။ ထူးထူးခြားခြားပင် ရင်းနှီး နေကြခြင်း ဖြစ်သည်။

ရှောင်မိသားစုသည် အမှန်တကယ်ပင် ရှောင်ချင်းချင်း၏ မိသားစု အရင်းအချာ ဖြစ်သည်။

အကြီးအကဲများ၏ ရှုံ့မဲ့ နေသော မျက်နှာများ အရ ဖုန်းမိသားစုနှင့် ရှောင်မိသားစု ကြားမှ ဆက်ဆံရေးသည် လုံးဝ သဟဇာတ မဖြစ်ကြောင်း ထင်ရှား နေသည်။

သွမ့်ဝူချင်းနှင့် လျိုချင်းယန် တို့လည်း တစ်စုံတစ်ခုကို သတိပြု မိလိုက်ကြသည်။ သို့သော် ဖုန်းမိသားစုနှင့် ရှောင်မိသားစု ကြားတွင် အတိအကျ ဘာတွေ ဖြစ်ပျက် ခဲ့သည်ကိုတော့ သူတို့ မသိကြပေ။

သို့သော် ယခု အချိန်သည် မေးမြန်းရန် အချိန် မဟုတ်သေး။ သူတို့သည် မိမိတို့၏ မေးခွန်းများကို စိတ်ထဲတွင်သာ သိမ်းဆည်း ထားနိုင် ကြသည်။

ဖုန်းဝူချန်က စိတ်မပါသော ဟန်ပန်ဖြင့် မေးလိုက်သည်။

“ရှောင်မိသားစုက လူတွေ ဘာလိုချင်လို့လဲ...”

“ကျွန်တော် အဲ့ဒါတော့ သေချာ မသိပါဘူးခင်ဗျာ...” အစောင့်က ခေါင်းခါရင်း ပြန်ဖြေ လိုက်သည်။

“သူ့ကို ဝင်လာ ခိုင်းလိုက်ပါ...” ရှောင်ချင်းချင်းက ဝင်ရောက်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မကြီး...” အစောင့်က ရိုသေစွာ ခေါင်းညိတ်ပြီး ထွက်ခွာ သွားသည်။

ဖုန်းဝူချန်က စိတ်မပါ သော်လည်း ရှောင်ချင်းချင်းက ပြောလိုက်ပြီ ဖြစ်သောကြောင့် သူ၏ မိခင် ဆန္ဒကို လေးစား လိုက်ရသည်။

များမကြာမီပင် အသက် လေးဆယ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦး ဖုန်းမိသားစု ခြံဝင်း အတွင်းသို့ လျှောက်လှမ်း လာပြီး ခန်းမဆောင်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ် လာသည်။

ထိုအမျိုးသားသည် မီးခိုးရောင် ပိုးထည် အဝတ်အစားများကို ဝတ်ဆင် ထားသည်။ မျက်နှာထား ချောမောပြီး အနက်ရောင် ဆံပင်ရှည်များကို ပခုံးပေါ်တွင် ဖြန့်ချ ထားကာ မယုံနိုင်လောက်အောင် လွှမ်းမိုး နိုင်သော အရှိန်အဝါ တစ်မျိုး ထွက်ပေါ် နေသည်။

ရှောင်မိသားစုမှ ဤအမျိုးသား၏ အမည်မှာ ရှောင်ချင်းရှန်း ဖြစ်ပြီး ယွမ်တန်ဘုံ အဋ္ဌမအလွှာတွင် ရှိနေသည်။

မောက်မာပြီး မထီမဲ့မြင် ပြုသော ဟန်ပန်ဖြင့် ရှောင်ချင်းရှန်းသည် ခန်းမဆောင်ထဲသို့ ဝင်လာပြီး မခန့်လေးစား ပြောလိုက်သည်။ “ဒီ သာမန် မျိုးနွယ်စုလေးက ဘာမှ ပြောင်းလဲ မသွားသေးဘူးပဲ... စွမ်းအားကလည်း ဆိုးဆိုးရွားရွား နိမ့်ကျ နေတုန်း... ပြီးတော့ ဧည့်ဝတ်ကျေပွန်မှု ဆိုတာကလည်း...”

“ခင်ဗျား ဒီနေရာကို အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောဖို့ လာတာဆိုရင်တော့ ထွက်သွားလိုက်တော့...” ဖုန်းဝူချန်သည် ရှောင်ချင်းရှန်း၏ စကားလုံး တိုက်ခိုက်မှုများကို သည်းမခံ နိုင်တော့ဘဲ အေးစက်စွာ ဖြတ်ပြော လိုက်သည်။

“ကောင်စုတ်လေး... မင်းအဖေတောင် ငါ့ကို ဒီလို လေသံနဲ့ မပြောရဲဘူး... မင်းက ဘာကောင်မို့လို့လဲ...” ရှောင်ချင်းရှန်းက ဖုန်းဝူချန်ကို စူးစိုက် ကြည့်ရင်း ပြန်ပြော လိုက်သည်။ သူ၏ မထီမဲ့မြင်စိတ်မှာ ပိုမို ပြင်းထန် လာသည်။

“အစ်ကိုကြီး... ချန်အာက ငယ်သေးလို့ နားမလည် တာပါ... စိတ်မဆိုး ပါနဲ့နော်...” ရှောင်ချင်းချင်းက အလျင်အမြန် ကြားဝင် ပြောလိုက်သည်။

“အစ်ကိုကြီး...” ရှောင်ချင်းချင်းက ရှောင်ချင်းရှန်းကို အစ်ကိုကြီးဟု ခေါ်ဝေါ် လိုက်သည်ကို ကြားသောအခါ သွမ့်ဝူချင်းနှင့် လျိုချင်းယန်တို့၏ မျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ် သွားသည်။

အကယ်၍ ရှောင်ချင်းရှန်းက ရှောင်ချင်းချင်း၏ အစ်ကို အရင်း ဖြစ်လျှင် သူသည် ဖုန်းဝူချန်၏ ဦးလေး ဖြစ်နေမည် မဟုတ်လော။

‘ဖြစ်နိုင်လို့လား... သူက တကယ်ကြီး အစ်ကိုဖုန်းရဲ့ ဦးလေး... ဒါပေမဲ့ ဘာလို့ ဒီဆက်ဆံရေးက ဒီလောက်…’မြောင်ချင်းချင်းမှာ ရှုပ်ထွေး သွားသည်။

‘ဒီမှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲ…’

ချောင်းရှန်က မျက်မှောင်ကြုတ် လိုက်သည်။ အိမ်ထောင်ဖက် ဆွေမျိုးတော်စပ်သော မိသားစု နှစ်ခုကြားတွင် အဘယ်အရာက ဤမျှလောက် အက်ကွဲမှုများ ဖြစ်စေ နိုင်သနည်းဟု သူ တွေးနေမိသည်။

“ဟမ့်...” ရှောင်ချင်းရှန်းက မောက်မာစွာ နှာမှုတ် လိုက်သည်။ သူက ဖုန်းဝူချန်ကို လုံးဝ အလေးအနက် မထားပေ။

ဖုန်းဝူချန်သည် ရှောင်မိသားစုကို အရိုးထဲထိ မုန်းတီး လှသည်။ အကယ်၍သာ သူ၏ မိခင် မျက်နှာကြောင့် မဟုတ်လျှင် သူသည် ရှောင်ချင်းရှန်းကို ချက်ချင်း ကန်ထုတ် ပစ်မိလိမ့်မည်။

“ဝူချန်...” ဖုန်းချန်ယန်က ဖုန်းဝူချန်၏ ပခုံးကို ပုတ်လိုက်ပြီး သူ့အား ခေါင်းခါ ပြလိုက်သည်။

ရှောင်ချင်းရှန်းသည် ရှောင်ချင်းချင်း၏ အစ်ကို အရင်း ဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူတို့၏ ကျင့်ကြံမှု အဆင့်အတန်းများ ဤမျှ ကွာခြား နေရသနည်း။ ဤ လအနည်းငယ် အတွင်း ဖုန်းဝူချန်၏ အကူအညီသာ မရခဲ့ပါက ရှောင်ချင်းချင်းသည် ယွမ်တန်ဘုံ တတိယအလွှာတွင်သာ ရှိနေဦးမည် ဖြစ်ပြီး ရှောင်ချင်းရှန်းထက် များစွာ နောက်ကျ ကျန်နေခဲ့ လိမ့်မည်။

ရှောင်ချင်းရှန်းသည် ယွမ်တန်ဘုံ အဋ္ဌမအလွှာတွင် ရှိနေခြင်းက ရှောင်မိသားစု၏ အလွန်အမင်း သန်မာသော စွမ်းအားကို ရှင်းလင်းစွာ ညွှန်ပြ နေသည်။

ရှောင်မိသားစု၏ စွမ်းအားသည် အမှန်တကယ်ပင် အင်အား ကြီးမားလှပြီး သူတို့နှင့် ဖုန်းမိသားစု ကြားတွင် တင်းမာမှုများ ရှိနေခဲ့သည်။

ရှောင်မိသားစုသည် အင်ပါယာကြီး လေးခုထဲမှ မည်သည့် နိုင်ငံကမှ မဟုတ်ပေ။ သူတို့သည် အနောက်ဘက် အစွန်ဆုံးတွင် တည်ရှိသော တိုက်ကြီးမှ ဖြစ်သည်။ ကြီးမားသော မိသားစုနှင့် မရေမတွက် နိုင်သော အင်အားကြီး အဖွဲ့ဝင်များ ရှိပြီး သူတို့၏ စွမ်းအားသည် မည်သည့် အင်ပါယာကိုမဆို ချေမှုန်း နိုင်လောက်သည်ထက်ပင် ပိုသေးသည်။

ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့၏ တွေ့ဆုံမှုသည် ယန်ဟော်အင်ပါယာနှင့် တိုက်ကြီးကို ပိုင်းခြား ထားသော ပင်လယ်ပြင်တွင် ဖြစ်ပွား ခဲ့သည်။

သူတို့၏ လူငယ် ဘဝတွင် နှစ်ဦးသား မြင်မြင်ချင်း ချစ်ခင် ခဲ့ကြသည်။ သို့သော် ရှောင်မိသားစုက ဖုန်းမိသားစုသည် ယန်ဟော်အင်ပါယာ အတွင်းမှ သေးငယ်သော မျိုးနွယ်စု တစ်ခုမျှသာ ဖြစ်ကြောင်း သိရှိ သွားသောအခါ သူတို့ နှစ်ဦး၏ ပေါင်းသင်း ဆက်ဆံမှုကို တားဆီး ခဲ့ကြသည်။ ထို့အပြင် ဖုန်းကျိန့်ရှုံးကို အကြိမ်ကြိမ် ပြင်းထန်စွာ ဒဏ်ရာ ရရှိအောင် ပြုလုပ် ခဲ့ကြသည်။

အကယ်၍သာ ရှောင်ချင်းချင်း၏ သံယောဇဉ်ကြောင့် မဟုတ်ပါက ဖုန်းကျိန့်ရှုံးသည် ကြာမြင့်စွာ ကတည်းက အရိုက်သတ် ခံရပြီး ဖြစ်လောက်သည်။

သူမ၏ မိသားစု၏ ကန့်ကွက်မှုများကို ဆန့်ကျင်လျက် ရှောင်ချင်းချင်းသည် ဖုန်းကျိန့်ရှုံးနှင့် အတူ ရှိနေရန် ပြတ်သားစွာ ရွေးချယ် ခဲ့သည်။ ထို့ထက် ပို၍ပင် သူနှင့်အတူ ဖုန်းမိသားစုထံသို့ ခိုးရာလိုက်သွား ခဲ့လေသည်။

ထို့အပြင် ထိုအချိန်က ရှောင်ချင်းချင်းသည် သူမ သဘောမတူသော မိသားစုမှ စီစဉ် ပေးထားသည့် စေ့စပ်ပွဲ တစ်ခု ရှိနေခဲ့ပြီး ဖြစ်သည်။

ရှောင်ချင်းချင်း၏ ဖုန်းကျိန့်ရှုံးနှင့် ခိုးပြေးခြင်းသည် ရှောင်မိသားစု အပေါ်သို့ ကြီးမားသော အရှက်တရားကို သယ်ဆောင် လာခဲ့ပြီး သူတို့၏ ဂုဏ်သတင်းကို ညှိုးနွမ်း စေခဲ့သည်။ ဒေါသ တကြီးဖြင့် ရှောင်မိသားစု ခေါင်းဆောင်သည် ရှောင်ချင်းချင်းကို မျိုးနွယ်မှ ထုတ်ပယ် ခဲ့သည်။ ထို့နောက် ဖုန်းမိသားစုရှိ ဖုန်းကျိန့်ရှုံးကို ပြင်းထန်စွာ ဒဏ်ရာ ရအောင် တိုက်ခိုက်သူများ စေလွှတ် ခဲ့ပြီး ဖုန်းမျိုးနွယ်စုကိုပင် အမြစ်ဖြတ် သုတ်သင်ရန် ရည်ရွယ် ခဲ့သေးသည်။

နောက်ဆုံးတွင် ရှောင်ချင်းချင်းက သူမ၏ အသက်ကို သူမကိုယ်တိုင် အဆုံးစီရင်မည်ဟု ခြိမ်းခြောက် ခဲ့မှသာ ရှောင်မိသားစု ပညာရှင်များကို မောင်းထုတ် နိုင်ခဲ့သည်။

နောက်ဆက်တွဲ နှစ်များတွင် ဖုန်းဝူချန် မွေးဖွား လာသည့် အချိန်၌ ရှောင်မိသားစုသည် ရှောင်ချင်းချင်းကို ပြန်လာရန် အမိန့်ပေးဖို့ လူများ စေလွှတ် ခဲ့သည်။ အကယ်၍ သူမ နောက်ကြောင်း ပြန်လှည့်မည် ဆိုပါက ခွင့်လွှတ် ပေးမည်ဟု ကတိ ပေးခဲ့သည်။

ရှောင်ချင်းချင်းက ငြင်းဆန် ခဲ့သည်။

ဖုန်းဝူချန် အရွယ်ရောက် လာပြီးမှသာ သူသည် ဤကိစ္စများကို သိရှိ လာခဲ့သည်။

အကြိမ်များစွာ ငြင်းပယ် ခံရပြီးနောက် သံမဏိ နှလုံးသား ရှိသော ရှောင်မိသားစုသည် ရှောင်ချင်းချင်းနှင့် အဆက်ဖြတ် ရန် ဆုံးဖြတ် ခဲ့ကြသည်။ ထို အဆက်ဖြတ်ခြင်းသည် ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့် ခဲ့သည်။

ရှောင်မိသားစုသည် အစကတည်းက ဖုန်းကျိန့်ရှုံးကို အထင်သေး ခဲ့ကြသည်။ ဖုန်းမိသားစုကို မထီမဲ့မြင် ပြုပြီး လုံးဝ အလေးအနက် မထား ခဲ့ပေ။ ၎င်းက မိသားစု နှစ်ခုကြားမှ ဆက်ဆံရေးကို အလွန် ဆိုးရွား စေခဲ့သည်။

ငယ်စဉ် ကတည်းက ဖုန်းဝူချန်သည် ရှောင်မိသားစု အပေါ်တွင် ချစ်ခင် နှစ်သက်မှု မခံစား ခဲ့ရပေ။ သူတို့ကို မုန်းတီးစိတ်ပင် ဖြစ်ပေါ် လာခဲ့သည်။

“အစ်ကိုကြီး... ဆယ်နှစ်ကျော် ကြာသွားတာတောင် အစ်ကိုကြီးက နည်းနည်းလေးမှ ပြောင်းလဲ မသွားဘူးနော်... ဖေဖေ နေကောင်း သက်သာ ရှိရဲ့လား...” ရှောင်ချင်းချင်းက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။ ရှောင်ချင်းရှန်းကို ထိုင်ခုံတွင် ထိုင်ရန်လည်း လက်ဟန်ပြ လိုက်သည်။

ရှောင်မိသားစုမှ ထုတ်ပယ် ခံထား ရသော်လည်း သူမ၏ ဆွေမျိုးရင်းချာကို ပြန်လည် တွေ့မြင် ရခြင်းက ရှောင်ချင်းချင်းကို ပျော်ရွှင်မှုများဖြင့် ပြည့်စေသည်။

ရှောင်ချင်းရှန်းက မောက်မာစွာ ဆိုသည်။ “အဲ့ဒီတုန်းကသာ နင် ဖေဖေ့စကားကို နားထောင် ခဲ့ရင်... နင့်ရဲ့ ပါရမီနဲ့ဆို နင့်ရဲ့ ကျင့်ကြံမှုက ငါ့ထက်တောင် မဆိုးလောက်ဘူး... အာ... မေ့တော့မလို့... နင်က ရှောင်မိသားစုရဲ့ အဖွဲ့ဝင် မဟုတ်တော့ဘူးပဲ... ဒီတော့ ငါတို့ ဖေဖေ နေကောင်းလား မကောင်းလား ဆိုတာက နင်နဲ့ ဘာမှ မဆိုင်တော့ဘူး...”

“ဒါက အကောင်းဆုံးပါပဲ... ကျွန်တော်တို့လည်း မကောင်းဆိုးဝါးကံတွေ သယ်ဆောင် လာမယ့် ဈာပနပွဲကို တက်စရာ မလိုတော့တာပေါ့...” ဖုန်းဝူချန်က အေးစက်စွာ ထေ့ငေါ့ ပြောလိုက်သည်။

ဖုန်းဝူချန်၏ အေးစက်သော အကြည့်များက ရှောင်ချင်းရှန်း အပေါ်သို့ ဝေ့ဝဲ သွားသည်။ သူက ကြောက်ရွံ့ခြင်းမရှိ ဆက်ပြော လိုက်သည်။ “ဖုန်းမိသားစုက ခင်ဗျားနဲ့ ဘာမှ မပတ်သက်ဘူး... ခင်ဗျားမှာ ဒီမှာ ဘာ ကိစ္စမှ မရှိဘူးဆိုရင် ဖုန်းမိသားစု အိမ်ကို မလာပါနဲ့... ပြီးတော့ တခြား ဘာမှ မရှိဘူးဆိုရင် ချက်ချင်း ထွက်သွားပါ... ဖုန်းမိသားစုက ခင်ဗျားကို မကြိုဆိုဘူး...”

“မင်း... ကောင်စုတ်လေး... မင်းမှာ ငါနဲ့ စကားပြောဖို့ အရည်အချင်းတောင် မရှိဘူး...” ရှောင်ချင်းရှန်းက ဖုန်းဝူချန်ကို အေးစက်စွာ ကြည့်ရင်း မထီမဲ့မြင် ပြောလိုက်သည်။ “ဖုန်းကျိန့်ရှုံး ဘယ်မှာလဲ... သူ့ကို ထွက်လာပြီး ငါနဲ့ တွေ့ခိုင်း လိုက်...”

ရှောင်ချင်းရှန်း၏ ဖုန်းဝူချန် အပေါ် မထီမဲ့မြင် ပြုမှုသည် သွမ့်ဝူချင်းနှင့် ချီဟွမ်တို့ကိုသာ စိတ်မကျေမနပ် ဖြစ်စေသည် မဟုတ်ဘဲ ရှောင်ချင်းချင်း ကိုယ်တိုင်ကိုပင် စိတ်မသက်မသာ ဖြစ်စေသည်။

“ခင်ဗျားက ဘာကောင်မို့လို့ ခင်ဗျား ကြိုက်တဲ့ အချိန်တိုင်း ကျွန်တော့် အဖေကို တွေ့ခွင့် တောင်းနေရတာလဲ...” ဖုန်းဝူချန်က ညှာတာမှုမရှိ ပြန်ပက် လိုက်သည်။

“မင်း... အကောင်စုတ်... သေချင် နေတာလား...” ရှောင်ချင်းရှန်းက ဒေါသတကြီး အော်ဟစ် လိုက်သည်။

“ရှောင်ချင်းရှန်း... တော်တော့...” ရှောင်ချင်းချင်းက ဒေါသတကြီး အော်လိုက်သည်။ သူမသည် သူမ၏ ကိုယ်ပိုင် သားကိုပင် တစ်ခါမျှ မဆူရက်ခဲ့။ သို့ဖြစ်ရာ အခြား တစ်ယောက်က သူ့ကို ဤသို့ စော်ကား နေသည်ကို သူမ မည်သို့ ခွင့်ပြု နိုင်မည်နည်း။

ရှောင်ချင်းချင်း၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက် သွားသည်။ “အစ်ကိုကြီးက ဖုန်းမိသားစုကို အပြစ်တင်ဖို့ပဲ လာတာဆိုရင်တော့ အခုချက်ချင်း ပြန်ပါလို့ ကျွန်မ တောင်းဆို ပါရစေ...”

“ချင်းချင်း... ငါ မင်းကို သတိမပေးဘူးလို့ မပြောနဲ့... ကြီးမားတဲ့ ဘေးဥပဒ်ကြီး တစ်ခု ဖုန်းမိသားစု အပေါ်ကို ကျရောက် လာတော့မယ်... မောင်နှမ သံယောဇဉ်ကြောင့် ငါ မင်းကို ကြင်နာစွာနဲ့ လာသတိ ပေးတာ... မင်းအပေါ်ကို ဘေးဒုက္ခတွေ မကျရောက် စေချင်ရင် ဖုန်းမိသားစုကနေ ချက်ချင်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်...” ရှောင်ချင်းရှန်းက အေးစက် မောက်မာစွာ ပြောသည်။

“အသက်ရှင်နေသမျှ ကာလပတ်လုံး ကျွန်မက ဖုန်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲ... သေသွားရင်လည်း ဖုန်းမိသားစုရဲ့ တစ္ဆေ တစ်ကောင်ပဲ ဖြစ်စေရမယ်...” ရှောင်ချင်းချင်းက ပြတ်သားစွာ ကြေညာ လိုက်သည်။

“ဖုန်းမိသားစုရဲ့ ကိစ္စတွေက ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး...” ဖုန်းဝူချန်က အေးစက်စွာ ပြောသည်။

“ဖုန်းဝူချန်... မင်းမှာ အခု အရည်အချင်း တချို့ ရှိနေတာ ငါသိတယ်... အင်ပါယာရဲ့ စစ်သူကြီးချုပ်လား... ဘာလား... ဆရာဖုန်း ဆိုလားပဲ... ဒါပေမဲ့ မင်းရဲ့ အရည်အချင်း တွေက ရှောင်မိသားစုရဲ့ မျက်စိထဲမှာ ဘာမှ မဟုတ်ဘူး... ကိုယ့်ကိုယ်ကိုယ် သိပ် အထင်ကြီး မနေနဲ့... ရှောင်မိသားစုက မင်းတို့လို အသေးစား အင်ပါယာ တစ်ခုကို ဘာမှ ကြောက်နေစရာ မလိုဘူး...” ရှောင်ချင်းရှန်းက မဲ့ရွဲ့ လိုက်သည်။

ခေတ္တ ရပ်လိုက်ပြီးနောက် ရှောင်ချင်းရှန်းက ထပ်မံ မဲ့ပြုံး လိုက်သည်။ “မင်းက ဟွမ်ဖူမိသားစုကို သွား စော်ကား ထားတယ်... ဒီတစ်ခါတော့ အင်ပါယာတောင်မှ မင်းကို ကူညီ နိုင်မှာ မဟုတ်ဘူး... ဖုန်းမိသားစုက သေဖို့သာ စောင့်နေ လိုက်တော့... ဒါပေမဲ့ မင်းသာ ငါ့ရှေ့မှာ ဒူးထောက် တောင်းပန် မယ်ဆိုရင်တော့ မင်းကို ကူညီဖို့ ငါ စဉ်းစား ပေးကောင်း စဉ်းစား ပေးနိုင်တယ်...”

ဖုန်းဝူချန်က ပြန်လည် ထေ့ငေါ့ လိုက်သည်။ “ဟွမ်ဖူမိသားစု... သူတို့က ကျွန်တော့်ကို လာမတိုက်ခိုက်ကြမှာကို ကျွန်တော် စိုးရိမ် နေတာ... ခင်ဗျားသာ အခု ကျွန်တော့် ရှေ့မှာ ဒူးထောက် လိုက်ရင်... ခင်ဗျားကို အသက်ရှင်လျက် ဖုန်းမိသားစု တံခါးကနေ လမ်းလျှောက် ထွက်သွားခွင့် ပေးကောင်း ပေးနိုင်တယ်...”

“မင်းကို တောင်းပန်ရမယ်...” ရှောင်ချင်းရှန်း ပထမတော့ မှင်တက် သွားသည်။ ပြီးမှ ရယ်မော လိုက်တော့သည်။ “ဟားဟား... မင်း ဘာတွေ ပြောနေလဲ ဆိုတာရော မင်းကိုယ်မင်း သိရဲ့လား... ကောင်စုတ်လေး... မင်း လုပ်နိုင်မယ် ထင်နေတာလား...”

‘လူ့အန္ဓ…’

ချီဟွမ်နှင့် အခြားသူများ စိတ်ထဲမှ ခေါင်းခါ လိုက်ကြသည်။ မောက်မာ နေသော ရှောင်ချင်းရှန်းကို အရူး တစ်ယောက်လို ကြည့်နေ ကြသည်။

ဖုန်းဝူချန်သည် ရှောင်ချင်းရှန်းက ဖုန်းမိသားစု အိမ်တွင် ဤမျှ မောက်မာစွာ မလေးမစား ပြုမူ နေသည်ကို အမှန်တကယ် သည်းမခံ နိုင်တော့ပေ။

သို့သော် ဖုန်းဝူချန် လှုပ်ရှား တော့မည့် အခိုက်တွင် ဖုန်းချန်ယန်က သူ့ကို ထပ်မံ တားဆီး လိုက်သည်။ “ဝူချန်... စိတ်လိုက်မာန်ပါ မလုပ်နဲ့... စိတ်ထိန်း... ရှောင်မိသားစုရဲ့ စွမ်းအားက မင်း စိတ်ကူး နိုင်တာထက် ကျော်လွန်ပါတယ်...”

ရှောင်မိသားစုသည် အလွန်အမင်း အစွမ်းထက် လှသည်။ ရှောင်ချင်းရှန်းတွင် မောက်မာရန် အခွင့်အရေး အမှန်တကယ် ရှိနေသည်။ ရှောင်မိသားစု၏ စွမ်းအားနှင့် ဆိုလျှင် အင်ပါယာကြီး လေးခု ပေါင်းထားလျှင်ပင် ၎င်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

“ချင်းချင်း... နင့်သား ပါးစပ်ကို နင် သေချာ ထိန်းထားတာ ပိုကောင်းမယ်... လူတိုင်းကို ဒီလို ပေါ့ပေါ့ဆဆ စော်ကားလို့ မရဘူး... ကိုယ့်မှာ အရည်အချင်း နည်းနည်း ရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်တယ်လို့ မထင်စေနဲ့... အပြင်မှာ ကိုယ့်ထက် ပိုသန်မာတဲ့ လူတွေ အမြဲ ရှိတယ်... နင့် မျက်နှာကြောင့် မဟုတ်ရင်... သူ ခုနက ပြောလိုက်တဲ့ စကား အတွက်ပဲ ငါ သူ့ကို သေချာပေါက် သတ်ပစ် လိုက်ပြီ...” ရှောင်ချင်းရှန်းက အေးစက်စွာ ပြောသည်။

“ယွမ်တန်ဘုံ အဋ္ဌမအလွှာ တစ်ယောက်ကများ စစ်သူကြီးချုပ်ကို သတ်မယ်လို့ ပြောရဲတယ်... ဟုတ်လား...” ချောင်းရှန်သည် သူ၏ ဒေါသကို ထပ်မံ မထိန်းနိုင် တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားက ဒေါ်ဒေါ်ရှောင်ရဲ့ အစ်ကို မဟုတ် ခဲ့ရင်... ခင်ဗျား အခု အချိန်ဆို လူသေ တစ်ယောက် ဖြစ်နေပြီ...”

“ယွမ်တန်ဘုံ အဋ္ဌမအလွှာ...” ရှောင်ချင်းရှန်းက အေးစက်စွာ ရယ်မော လှောင်ပြောင် လိုက်သည်။ “မင်းက ငါ့ကို သတ်နိုင်မယ် ထင်နေတာလား... ဟို သတ္တမအလွှာ နှစ်ယောက်က ငါ့ကို လုပ်ကြံ နိုင်မယ် ထင်နေတာလား... ဒါမှမဟုတ် ဖုန်းမိသားစုထဲမှာ ငါ့ကို သတ်နိုင်တဲ့ တစ်ယောက်ယောက် ရှိနေလို့လား...”

“ဝှီး... ဝှီး...”

စကားဆုံးသည်နှင့် ရှောင်ချင်းရှန်း၏ အတွင်းမှ အစစ်အမှန်ယွမ် စွမ်းအင်များ အားကောင်းစွာ ပန်းထွက် လာသည်။ ၎င်း၏ စွမ်းအားကြောင့် ဖုန်းမိသားစု အိမ်တော်ကြီး တုန်ခါ သွား၏။ ထိုစွမ်းအားသည် အဋ္ဌမအလွှာကို ချက်ချင်း ကျော်လွန် သွားပြီး ယွမ်တန်ဘုံ နဝမအလွှာနှင့်ပင် ယှဉ်နိုင် လောက်သည်။

ရှောင်မိသားစုတွင် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိပြီး ရှောင်ချင်းရှန်း၏ စွမ်းအားသည် အမှန်တကယ်ပင် အစွမ်းထက် လှသည်။

“ရှောင်ချင်းရှန်း... ခင်ဗျား ဖုန်းမိသားစုမှာ ခင်ဗျားရဲ့ စွမ်းအားကို လာကြွားချင်တယ် ဆိုရင်... ပိုကောင်းတဲ့ အချိန်ကို ရွေးချယ် သင့်တယ်... ဖုန်းမိသားစုရဲ့ လက်ရှိ စွမ်းအားက ရှောင်မိသားစုနဲ့ မယှဉ်နိုင်တာ မှန်တယ်... ဒါပေမဲ့ အချိန်တွေက ပြောင်းလဲ သွားပြီ... လူတိုင်းကို အထင်မသေး သင့်ဘူး...” ဖုန်းချန်ယန်က ခက်ထန်စွာ ပြောသည်။

ဖုန်းချန်ယန်ကို မထီမဲ့မြင် ကြည့်လိုက်ရင်း ရှောင်ချင်းရှန်းက ပြန်ပြော လိုက်သည်။ “အချိန်တွေက ပြောင်းလဲ သွားပြီ... ဟုတ်လား... ဒါဆိုရင်တော့ ဖုန်းမိသားစုက အခု ဘာတွေ တတ်နိုင် လဲဆိုတာ ကျွန်တော် မြင်ချင် သေးတယ်...”

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီး နေတာက ရှင်ပဲ၊ သေချာ မစုံစမ်းဘဲနဲ့တောင် ဖုန်းမိသားစုထဲကို ဝင်လာရဲတယ်... ရှောင်မိသားစုက အစွမ်းထက်တယ်... ဟုတ်လား... ထျန်းယွမ်ဘုံ သခင်တွေရော ရှိလို့လား... ထျန်းကျီဘုံ သခင်တွေရော ရှိလို့လား... တိုက်ကြီးပေါ်မှာ ရှောင်မိသားစုထက် အစွမ်းထက်တဲ့ မိသားစုတွေ မရေမတွက် နိုင်အောင် ရှိနေတာ... ရှောင်မိသားစုက ဘာ အရေးပါ နေလို့လဲ...” လင်ရှောင်ရှောင်က သနားညှာတာမှုမရှိ အေးစက်စွာ ဝင် ပြောလိုက်သည်။

ရှောင်ချင်းရှန်း၏ မထီမဲ့မြင် ပြုမှုနှင့် စော်ကားမှုများက လင်ရှောင်ရှောင်၏ ရင်ထဲတွင် တောက်လောင် နေသော ဒေါသမီးကို ကြာမြင့်စွာ ကတည်းက ညှိထွန်း ပေးခဲ့ပြီး ဖြစ်သည်။

“ရိုင်းစိုင်းလိုက်တဲ့ ကောင်မလေး... ပါးစပ် သိပ်ရဲ နေတာပဲ... ရှောင်မိသားစုကို စော်ကား လိုက်ရင် ဘာ အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာရော မင်း သိရဲ့လား...” ရှောင်ချင်းရှန်းက မျက်လုံးများ ကျဉ်းမြောင်း သွားရင်း ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။

“ဒါဆိုရင်လည်း ကျွန်မကို ဉာဏ်အလင်း ဖွင့်ပေးပါဦးလား...”

လင်ရှောင်ရှောင်က အေးစက်စွာ ပြန်လည်ချေပလိုက်သည်။

စကားအဆုံး၌ ၊ သူမ၏ ယွမ်တန်ဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်မှ အရှိန်အဝါများ ပျံ့နှံ့ ထွက်လာသည်။ သူမ၏ ကြောက်မက်ဖွယ် သွေးမျိုးဆက် စွမ်းအားများလည်း လှိုင်းထန် လာပြီး ၎င်းက သူမ၏ အလွန် အစွမ်းထက်သော တည်ရှိမှုကို ပိုမို ပြင်းထန် သွားစေသည်။

All Chapters