← Chapters

ရှောင်ချင်းရှန်း၏ တုန်လှုပ်မှု

Vol. 15 Ch. 213

ရှောင်ချင်းရှန်း၏ တုန်လှုပ်မှု

Vol. 15 Ch. 213

~လင်ရှောင်ရှောင်၏ အရှိန်အဝါသည် တခဏချင်းမှာပင် ယွမ်တန်ဘုံ နဝမအလွှာကို ကျော်လွန် သွားခဲ့သည်။ ၎င်းသည် ရှောင်ချင်းရှန်းထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှ၏။

လင်ရှောင်ရှောင်သည် ပြင်းထန်သော စွမ်းအားများ ထုတ်ဖော် လိုက်သည်။ သူမ၏ အရှိန်အဝါတွင် ဒေါသ အရိပ်အယောင်များ ပါဝင် နေ၏။ သူမ၏ အေးစက်သော အကြည့်များမှာ ရင်ဆိုင် ကြည့်ရဲစရာ မရှိအောင်ပင်။

“ယွမ်တန်ဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်...” ရှောင်ချင်းရှန်း ကြောက်လန့်တကြား ခုန်ဆုတ် မိသွားသည်။ သူ၏ မျက်လုံးများ ပြူးကျယ် ထွက်လာ၏။ သူက လင်ရှောင်ရှောင်ကို မယုံနိုင်သော အမူအရာဖြင့် စိုက်ကြည့် နေမိသည်။

လင်ရှောင်ရှောင်၏ ကျင့်ကြံမှုသည် ရှောင်ချင်းရှန်းထက် ပိုမို သန်မာသည်။ သူမ၏ အရှိန်အဝါကလည်း သူ့ကို ကျော်လွန် သွားသည်။

လင်ရှောင်ရှောင်၏ စွမ်းအားသည် ရှောင်ချင်းရှန်းကို လုံးဝ လွှမ်းမိုး သွားသည်ဟု ဆိုနိုင်သည်။

မောက်မာ လှသော ရှောင်ချင်းရှန်း...။ သူ၏ ကျင့်ကြံမှုက အသက် (၁၆) (၁၇) နှစ်အရွယ် မိန်းကလေး တစ်ယောက်ထက်ပင် နိမ့်ကျ နေသည်။ ဤသို့ ဖြစ်လျက် သူက ဖုန်းမိသားစုတွင် မည်သည့် မျက်နှာဖြင့် ဆက်လက် မောက်မာ နေနိုင်ဦးမည်နည်း။

တခဏမျှ ရှောင်ချင်းရှန်းသည် သူ၏ မျက်နှာကြီး ပူလောင် တက်လာသည်ဟု ခံစား လိုက်ရသည်။ အရှက်ကြောင့် နီရဲ တက်လာ၏။ ဤသည်မှာ ရှောင်ချင်းရှန်းက ကိုယ့် မျက်နှာကိုယ် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

လင်ရှောင်ရှောင်က ဘယ်သူလဲ။ ဖုန်းမိသားစုတွင် ဤသို့သော လူတစ်ယောက် မရှိဘူးဟု ရှောင်ချင်းရှန်း ယခုမှ သတိပြု လိုက်မိတော့သည်။

‘ဒီကောင်မလေး ဘယ်သူလဲ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံမှုမျိုး ပိုင်ဆိုင် ထားတယ်... သူ့ရဲ့ နောက်ခံက သာမန် မဖြစ်နိုင်ဘူး... ဒီလို ပါရမီရှင်မျိုးက တိုက်ကြီးမှာတောင် အများကြီး မရှိနိုင်ဘူး... သေးငယ်တဲ့ အင်ပါယာ တစ်ခုမှာ ဒီလို ပါရမီရှင်မျိုး ရှိနေတာ မဖြစ်နိုင်ဘူး…’ရှောင်ချင်းရှန်းက စိတ်ထဲတွင် တွေးလိုက်သည်။ လင်ရှောင်ရှောင်သည် ဖုန်းမိသားစု၏ မျိုးဆက်သစ် အဖွဲ့ဝင် တစ်ဦး မဟုတ်သည်မှာ သေချာလွန်း နေသည်။

လင်ရှောင်ရှောင်ကို ကြည့်ရင်း ရှောင်ချင်းရှန်းက မေးလိုက်သည်။ “မင်းက ဖုန်းမိသားစုရဲ့ မျိုးဆက်သစ် မဟုတ်ရင် ဘယ်သူလဲ...”

“ရှင် အခု မထွက်သွား ရင်... ရှင့်ကို တွားသွားပြီး ထွက်သွားအောင် ကျွန်မ လုပ်ရလိမ့်မယ်...” လင်ရှောင်ရှောင်က အေးစက်စွာ ပြောသည်။

“မင်း...” ရှောင်ချင်းရှန်း ဒေါသထွက် သွားသည်။ သူ၏ လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။ ကလေး တစ်ယောက်၏ အထင်သေး လျစ်လျူရှုမှုကို သူ ဘယ်တုန်းက ခံခဲ့ရ ဖူးလို့နည်း။

သို့သော် ရှောင်ချင်းရှန်း မဆင်မခြင် မလှုပ်ရှား ရဲပေ။ လင်ရှောင်ရှောင်၏ စွမ်းအားက သူ့အထက်တွင် ရှိနေသည်ကို ထည့်မပြောလျှင်တောင် သူမ၏ ကျင့်ကြံမှုကို ကြည့်ခြင်းအားဖြင့် သူမ၏ နောက်ကွယ်မှ အင်အားစုသည် ဧရာမ ကြီးမားမည်မှာ သေချာသည်။ ရှောင်မိသားစုပင်လျှင် သူမကို လွယ်လွယ်ကူကူ မစော်ကား ရဲပေ။

“ရှောင်ချင်းရှန်း... ကျွန်တော့် အမေက ရှောင်မိသားစုကနေ ထုတ်ပယ် ခံထားရပြီးသား... ဖုန်းမိသားစုနဲ့ ရှောင်မိသားစုကြားမှာ ဘာ ပတ်သက်မှုမှ မရှိတော့ဘူး... ဒီတစ်ခါတော့ ကျွန်တော် ဘာမှ မမြင်လိုက်ဘူးလို့ သဘောထား လိုက်မယ်... နောက်တစ်ခါ ဖုန်းမိသားစုထဲ ခြေတစ်လှမ်းတောင် ဝင်မလာနဲ့... မဟုတ်ရင်... ခင်ဗျားကို ကျွန်တော် သတ်ပစ်မယ်...” ဖုန်းဝူချန်က အေးစက်စွာ ပြောသည်။ သူ၏ ပြင်းထန်သော အကြည့်များက ရှောင်ချင်းရှန်း အပေါ်တွင် စူးစိုက် နေသည်။

ရှောင်ချင်းရှန်းသည် ဖုန်းဝူချန်၏ သွေးသား တော်စပ်သော ဦးလေး ဖြစ်သော်လည်း သူတို့ ကြားတွင် သံယောဇဉ် လုံးဝ မရှိပေ။ ရှောင်ချင်းရှန်းက ဖုန်းဝူချန်ကို တူတစ်ယောက် အဖြစ် ဘယ်တုန်းကမှ မဆက်ဆံ ခဲ့သလို ဖုန်းဝူချန်ကလည်း ရှောင်ချင်းရှန်းကို ဦးလေး တစ်ယောက် အဖြစ် သဘောမထား ခဲ့ပေ။

“ငါ့ကို သတ်မယ်... ဟမ့်... ချင်းချင်း... နင် မွေးထားတဲ့ သားကောင်းကို နင် ကြည့်ဦး... နင်တို့ ဖုန်းမိသားစု ဘယ်လောက်ကြာကြာ မောက်မာ နိုင်မလဲ ဆိုတာ ငါ ကြည့်သေးတာပေါ့... ဟမ့်...” ရှောင်ချင်းရှန်းက ဒေါသတကြီး ပြောသည်။ သူ၏ အသံမှာ ဆိုးရွား လှ၏။ သူ လှည့်ထွက်ကာ ဖုန်းမိသားစုမှ ထွက်ခွာ သွားသည်။

“အစ်ကိုကြီးဖုန်းရဲ့ တကယ့် ဇာတိရုပ်မှန်ကို သေချာ စုံစမ်းဖို့ မမေ့နဲ့ဦး...” လင်ရှောင်ရှောင်က အေးစက်စွာ ထပ်ပြော လိုက်သည်။ သူမ၏ လွှမ်းမိုး နိုင်သော အရှိန်အဝါများ ဖြည်းဖြည်းချင်း ပြန်လည် ရုပ်သိမ်း သွားသည်။

လင်ရှောင်ရှောင် အမုန်းဆုံး အရာမှာ ဖုန်းဝူချန် အထင်သေး ခံရခြင်းနှင့် နှိမ့်ချ ခံရခြင်းကို မြင်ရခြင်းပင်။ ၎င်းသည် သူမ ဘယ်တော့မှ သည်းခံ နိုင်မည် မဟုတ်သော အရာ ဖြစ်သည်။

“မေမေ... ရှောင်မိသားစုက မေမေ့ကို ဒီလို ဆက်ဆံ ခဲ့တာ... မေမေက ဘာလို့ သူတို့နဲ့ ယဉ်ကျေး နေရဦးမှာလဲ...” ဖုန်းဝူချန်က ရှောင်ချင်းချင်းကို ကြည့်ရင်း ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ရှောင်ချင်းချင်းသည် ညင်သာစွာ သက်ပြင်း ချလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အကူအညီမဲ့သော အပြုံးတစ်ခု ပေါ်လာသည်။

ဖုန်းမိသားစုနှင့် ရှောင်မိသားစုတို့ ဤမျှလောက် စိမ်းကား သွားလိမ့်မည်ဟု ရှောင်ချင်းချင်း ဘယ်တုန်းကမှ မတွေးထင် ခဲ့ဖူးပေ။ သူမ၏ စိတ်ထဲတွင်တော့ မိသားစု နှစ်ခုသည် ရန်သူများကဲ့သို့ ဖြစ်လာမည့် အစား ငြိမ်းချမ်းစွာ အတူတကွ နေထိုင် ကြလိမ့်မည်ဟု မျှော်လင့် ခဲ့သည်။

တစ်ဖက်တွင် ရှောင်ချင်းချင်း ဂရုစိုက်သော ရှောင်မိသားစု ရှိပြီး အခြား တစ်ဖက်တွင်တော့ သူမ ခွဲခွာ မသွားနိုင်သော ဖုန်းမိသားစု ရှိသည်။ သူမသည် သူတို့ ကြားတွင် ရိုးရှင်းစွာ ရွေးချယ် နိုင်စွမ်း မရှိခဲ့ပေ။

ဖုန်းကျန့်ကလည်း ဒေါသတကြီး အံကြိတ်ရင်း ပြောသည်။

“ရှောင်မိသားစုက ငါတို့ ဖုန်းမိသားစုကို ဘယ်တုန်းကမှ အလေးမထား ခဲ့ဘူး... မေမေ့ကိုတောင် ရှောင်မိသားစုကနေ နှင်ထုတ်ပြီး အဆက်အသွယ် အားလုံး ဖြတ်တောက် ခဲ့တယ်... ရှောင်မိသားစုက မေမေ့ကို အထင်သေးတာကို ငါတို့ လုံးဝ လက်မခံ နိုင်ဘူး...”

“မေမေ့ရဲ့ ဆုံးဖြတ်ချက် တွေအတွက် မေမေ ဘယ်တော့မှ နောင်တ မရဘူး...”

ရှောင်ချင်းချင်းက ကျေနပ်စွာ ပြုံးရင်း ပြောသည်။ ဤမျှ အောင်မြင်ပြီး သိတတ် လှသော သား သုံးယောက် ရှိနေခြင်းက သူမကို ကျေနပ် စေခဲ့ပြီး ဖြစ်သည်။

ဖုန်းကျိန့်ရှုံး မရှိသည့် အချိန်တွင် အနည်းဆုံးတော့ သူမထံတွင် ဖုန်းမိသားစုကို ထောက်ပံ့ရန်နှင့် ပိုမို သန်မာ လာစေရန် ဖုန်းဝူချန် ညီအစ်ကို သုံးဦး ရှိနေသေးသည်။

အမှန်တကယ်ပင် ရှောင်ချင်းချင်းတွင် နောင်တ မရှိခဲ့ပေ။ သို့မဟုတ်လျှင် သူမသည် ဖုန်းမိသားစုမှ ကြာမြင့်စွာ ကတည်းက ထွက်ခွာ သွားလောက်ပြီ ဖြစ်ပြီး ရှောင်မိသားစု၏ ကမ်းလှမ်းမှု များကို အကြိမ်ကြိမ် ငြင်းပယ် ခဲ့မည် မဟုတ်ပေ။

ဖုန်းမိသားစုသည် ယခင်က အလွန် အားနည်း ခဲ့သည်။ သို့သော် ယခုအခါ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ကြီးထွား လာခဲ့ပြီ ဖြစ်ပြီး ရှောင်မိသားစုကို ကျော်တက် သွားရန်မှာ အချိန် ကိစ္စမျှသာ ဖြစ်သည်။

ရှောင်ချင်းချင်းသည် ရှောင်မိသားစုက ဖုန်းကျိန့်ရှုံးကို အထင်သေးခြင်းကို ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။

သို့သော် ယခု အချိန်တွင် ဖုန်းကျိန့်ရှုံး၏ သတင်းမှာ ပျောက်ဆုံး နေဆဲ ဖြစ်ပြီး အသေအရှင်ပင် မသေချာပေ။

“ဒေါ်ဒေါ်ရှောင်... စိတ်မပူ ပါနဲ့... ဒေါ်ဒေါ် စိတ်ပြေလက်ပျောက် ရှောင်ရှောင်နဲ့ လမ်းလျှောက် ထွက်ဖို့ အဖော် လိုက်ပေးပါနော်...” လင်ရှောင်ရှောင်က ရှောင်ချင်းချင်း၏ လက်ကို ဆွဲရင်း ခပ်ဖွဖွ ရယ်မောကာ ပြောသည်။

မြောင်ချင်းချင်းက လည်း အားပေးလာသည်။

“ဒေါ်ဒေါ်ရှောင်... ကျွန်မလည်း အဖော် လိုက်ခဲ့မယ်နော်...” ... ... ...

ဖုန်းမိသားစုမှ ထွက်ခွာ လာသောအခါ ရှောင်ချင်းရှန်း၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့ နေသည်။

မိန်းကလေး ငယ်ငယ် တစ်ယောက်၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသည် ဆိုသော အတွေးက သူ့ကို ဒေါသများ ပေါက်ကွဲ ထွက်စေပြီး ထိုဒေါသကို ထုတ်ဖော်ရန် နေရာပင် မရှိ ဖြစ်နေသည်။

“ဒီ သေနာကျ ကောင်မလေးက တကယ် ဘယ်သူလဲ...” ရှောင်ချင်းရှန်းက အံကြိတ်ရင်း မကျေနပ်ချက်ကို ထုတ်ဖော်လိုက်သည်။ သူ တွေးလေလေ ပို၍ မွန်းကျပ်ပြီး ဒေါသ ထွက်လေလေ ဖြစ်သည်။

နှစ်ပေါင်းများစွာ လာရောက်ခြင်း မရှိခဲ့ဘဲ ရှောင်ချင်းရှန်းသည် ဖုန်းမိသားစုက ဤမျှလောက် မာကျော လာသည်ကို လုံးဝ မသိရှိ ခဲ့ပေ။ ရှောင်မိသားစုကို လုံးဝ ထည့်မတွက် တော့ဘဲ အထူးသဖြင့် ဖုန်းဝူချန်က ပိုဆိုး နေသည်။

“ဖုန်းဝူချန်...” ရှောင်ချင်းရှန်းက အံကြိတ် လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ လင်းလက် သွားသည်။

ဒေါသထွက် နေသော ရှောင်ချင်းရှန်းသည် လမ်းသွားလမ်းလာ တစ်ဦးကို ကျပန်း တားလိုက်ပြီး လေးနက်သော အသံဖြင့် အမိန့်ပေး လိုက်သည်။ “ဟိတ်၊ အသားမနာချင်ရင် ဖုန်းဝူချန် အကြောင်း ငါ့ကို ပြောစမ်း...”

“ဖုန်း... ဖုန်းဝူချန်...” ရှောင်ချင်းရှန်း၏ ဒေါသထွက် နေသော အမူအရာကို မြင်သဖြင့် လမ်းသွားလမ်းလာက ထိတ်လန့်တကြား ပြောသည်။ “ဖုန်းဝူချန်က အင်ပါယာရဲ့ စစ်သူကြီးချုပ်ပါဗျာ... ယွင်ကျိုးနယ်ရဲ့ အရှင်သခင်... ပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ပထမ... ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက် တပ်ဖွဲ့ရဲ့ တပ်မှူး... ထျန်းယွင်ဂိုဏ်းကို ချေမှုန်း ခဲ့ပြီး... ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက် တပ်ဖွဲ့ကို ဦးဆောင်ပြီး ကျီးရှင်းဂိုဏ်းနဲ့ ဟွမ်ယွမ်ဂိုဏ်းကို ဖျက်ဆီး ခဲ့ပါတယ်...”

“ကျီးရှင်းဂိုဏ်းနဲ့ ဟွမ်ယွမ်ဂိုဏ်း...” ရှောင်ချင်းရှန်း မျက်မှောင်ကြုတ် လိုက်ပြီး မေးသည်။ “သူတို့ ဘယ်လောက် သန်မာ လို့လဲ...”

“ကျီးရှင်းဂိုဏ်းနဲ့ ဟွမ်ယွမ်ဂိုဏ်း နှစ်ခုလုံးမှာ ထျန်းယွမ်ဘုံ ပညာရှင်တွေ ရှိပါတယ်... ပြီးတော့ အဲ့ဒီ ထျန်းယွမ်ဘုံ စစ်သည်တော် နှစ်ယောက်လုံး စစ်သူကြီးချုပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရ ပါတယ်...” ထိုလူက ထိတ်လန့်တကြား ပြောသည်။

“ဘာ... ဖုန်းဝူချန်က ထျန်းယွမ်ဘုံ ပညာရှင်တွေကို သတ်ခဲ့တယ်...” ရှောင်ချင်းရှန်း မယုံနိုင်လောက်အောင် တုန်လှုပ် သွားသည်။ သူက ထိုလူကို စိုက်ကြည့် လိုက်သည်။

ထိုလူက ကြောက်လန့်တကြား ခေါင်းညိတ် ပြသည်။ “ဟုတ်... ဟုတ်ပါတယ်...”

“ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှုက ဘယ်လောက်လဲ...” ရှောင်ချင်းရှန်းက ထပ်မေး လိုက်သည်။ ဖုန်းမိသားစုတွင် ရှိနေစဉ်က သူသည် ဖုန်းဝူချန်၏ ကျင့်ကြံမှု နက်ရှိုင်းပုံကို မခွဲခြား နိုင်ခဲ့ကြောင်း ယခုမှ သတိရ လာသည်။

ဖုန်းဝူချန် အပေါ် သူ၏ နားလည်မှု အရ ဖုန်းဝူချန်တွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ရှိနေခြင်းမှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် သူ လျစ်လျူရှု ထားခဲ့ခြင်း ဖြစ်သည်။

“ကြားတာကတော့ ယွမ်တန်ဘုံ သတ္တမ... သတ္တမအလွှာ အထွတ်အထိပ်ပါ...” ထိုလူက ကြောက်လန့်တကြား ဖြေသည်။

“ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်...” ရှောင်ချင်းရှန်း တခဏ ရပ်သွားသည်။ သူ၏ မျက်နှာ မည်းမှောင် သွား၏။ သူက ထိုလူ၏ လည်ပင်းကို ဆွဲကိုင်ကာ မြှောက်လိုက်ပြီး ဒေါသတကြီး အော်ဟစ် လိုက်သည်။ “မင်း သေချင် နေတာလား... ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်က လူတစ်ယောက်က ထျန်းယွမ်ဘုံက လူကို ဘယ်လို သတ်နိုင်မှာလဲ... မင်း လိမ်နေတာ...”

“ဒါ လုံးဝ အမှန်တရားပါ... စစ်သူကြီးချုပ်က ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်ရဲ့ စွမ်းအားကို အသုံးပြုပြီး ကျီးရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကို သတ်ခဲ့တာပါ... အင်ပါယာ လေးခုလုံး ဒါကို သိကြပါတယ်... ခင်ဗျား မယုံရင် တခြား တစ်ယောက်ကို မေးကြည့် နိုင်ပါတယ်...” ထိုလူက ထိတ်လန့်တကြား ပြန်ဖြေ လိုက်သည်။

ထိုစဉ်၊ ဖြတ်သွားသော လမ်းသွားလမ်းလာ တစ်ဦးက ရှောင်ချင်းရှန်းကို လှမ်းအော် ပြောလာ လေသည်။

“ဟေး... ခင်ဗျားက အင်ပါယာက မဟုတ်ဘူးလား... စစ်သူကြီးချုပ် အကြောင်း မသိဘူးလား... ကျွန်တော် ပြောပြမယ်... ပြိုင်ဘက်ကင်းမြို့ထဲမှာ ဒီလောက် ရမ်းကား မနေနဲ့... ဒါ စစ်သူကြီးချုပ်ရဲ့ နယ်မြေပဲ...”

“ဟမ့်... မင်း ပြောတာကို ငါ လောလောဆယ် ယုံလိုက်မယ်... မင်း မပြောရသေးတာ တခြား ဘာတွေ ရှိသေးလဲ အကုန် ထုတ်ပြောစမ်း...” ရှောင်ချင်းရှန်းက ဒေါသတကြီး အော်လိုက်သည်။

အခြား လမ်းသွားလမ်းလာ တစ်ဦးက ဂုဏ်ယူစွာ ပြောသည်။ “ဒါဆိုရင်တော့ ခင်ဗျား နားစွင့် ထားပြီး ကြောက်မသွားစေနဲ့... စစ်သူကြီးချုပ်မှာ နောက်ထပ် ဂုဏ်ပုဒ် တစ်ခု ရှိသေးတယ်ဗျ... သူက ပဉ္စမအဆင့် အတွေးဖြင့် ပုံဖော်ခြင်း လက်နက်ပညာရှင်လေ.. ပြီးတော့ စတုတ္ထအဆင့် ဆေးပညာရှင်လည်း ဖြစ်တယ်... စစ်သူကြီးချုပ်က ပြိုင်ဘက်ကင်း ပါရမီရှင်... အတိတ်မှာလည်း သူ့လိုလူ မရှိခဲ့သလို အနာဂတ်မှာလည်း ပေါ်လာမှာ မဟုတ်ဘူး...”

“ပဉ္စမအဆင့် အတွေးဖြင့် ပုံဖော်ခြင်း လက်နက်ပညာရှင်... စတုတ္ထအဆင့် ဆေးပညာရှင်...” ဤစကား အားလုံးကို ကြားလိုက် ရသောအခါ ရှောင်ချင်းရှန်း ခေါင်းထဲ မူးဝေ သွားသည်။ သူ၏ နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ ဗလောင်ဆူ ထသွားလေပြီ။

ဤအခိုက်အတန့်တွင် ရှောင်ချင်းရှန်းသည် ဆူနာမီ တစ်ခု၏ အလယ် ဗဟိုသို့ ရောက်ရှိ သွားသကဲ့သို့ ခံစား လိုက်ရသည်။ ဖော်ပြ မတတ်နိုင်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဖုန်းဝူချန်က တကယ် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပြီလော။

ပဉ္စမအဆင့်လက်နက်ပညာရှင်... စတုတ္ထအဆင့် ဆေးပညာရှင်... ယွမ်တန်ဘုံ သတ္တမအလွှာ အထွတ်အထိပ်က ထျန်းယွမ်ဘုံကို သတ်နိုင်သူ...။

ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ပါရမီရှင်မျိုးသည် သေးငယ်သော အင်ပါယာ တစ်ခုတွင် မဆိုထားနှင့်... တိုက်ကြီး တစ်ခုလုံးတွင်ပင် ဒုတိယ တစ်ယောက် ရှာမတွေ့ နိုင်။

ရှောင်ချင်းရှန်း တုန်ယင် လာသည်။ သူ၏ မျက်နှာ ဖြူဖျော့ သွား၏။ အသက် (၁၇) (၁၈) နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးက ဤမျှ ကြောက်မက်ဖွယ် ကောင်းနိုင်သည်ကို သူ အတွေးဖြင့်ပင် မှော်မှန်း၍ မရနိုင်ခဲ့ပါ။

“ဖုန်းဝူချန်က ဘယ်တုန်းက ဒီလောက် ကြောက်စရာ ကောင်းသွားတာလဲ...” ရှောင်ချင်းရှန်းသည် လမ်းမပေါ်တွင် မလှုပ်မယှက် မှင်တက် မိလျက် ရပ်နေသည်။ ကြားနေရသည်များကို မယုံနိုင် ဖြစ်နေသည်။ ဤသို့ တုန်လှုပ်ဖွယ် သတင်းများက သူ၏ နားထဲသို့ ပေါက်ကွဲမှုများ အလား တရစပ် ဝင်ရောက် လာသည်။

“ဖုန်းဝူချန်က တကယ်ပဲ ပဉ္စမအလွှာ လက်နက်ပညာရှင်နဲ့ စတုတ္ထအလွှာ ဆေးပညာရှင် ဟုတ်လား...” ရှောင်ချင်းရှန်းက ကြောင်ငေးငေး ရေရွတ် လိုက်သည်။ သူ၏ မျက်နှာတွင် ချွေးများ စီးကျနေပြီး အလွန် ဖြူဖျော့ နေသည်။

လမ်းမပေါ်မှ ဖြတ်သွား ဖြတ်လာ များက မလှုပ်မယှက် ဖြစ်နေသော ရှောင်ချင်းရှန်းကို ထူးဆန်းစွာ ငေးကြည့်သွားကြသည်။

သူ့ကို ဘာက ဤမျှ ကြောက်လန့် သွားစေသည်ကို သူတို့ မသိကြပေ။

တုန်လှုပ်စရာ ကောင်းလှသည်။ မယုံနိုင်လောက်အောင် တုန်လှုပ်စရာ ကောင်းလှ၏။

အချိန် မည်မျှ ကြာသွားသည်ကို ရှောင်ချင်းရှန်း မသိလိုက်…။ နောက်ဆုံးတွင် သူ သတိ ပြန်ဝင် လာသောအခါ သူ၏ ကျောပြင် တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲ နေလေပြီ။

သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး သူ၏ နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖိနှိပ် လိုက်သည်။

ရှောင်ချင်းရှန်း၏ စိတ်ထဲတွင် ဖုန်းဝူချန်နှင့် ပတ်သက်သော ကြောက်မက်ဖွယ် ကောင်းသည့် ဂုဏ်ပုဒ်များနှင့် လုပ်ရပ်များ အစုံအလင် ပြည့်နှက် နေသည်။ ၎င်းတို့သည် သူ၏ အတွေးများထဲမှ ထိန်းမနိုင် သိမ်းမရ ပေါ်ထွက် နေသည်။

ဖုန်းဝူချန်က ရှောင်ချင်းရှန်း အပေါ် သက်ရောက် စေခဲ့သော တုန်လှုပ်မှုသည် အလွန် ကြီးမားလှပြီး သူ့ အပေါ်တွင် ကြောက်ရွံ့မှု အရိပ်မည်းကြီး တစ်ခု သက်ဆင်း စေခဲ့သည်။

ရှောင်မိသားစု၏ အစွမ်းထက် အဖွဲ့ဝင် တစ်ဦး အနေဖြင့် ရှောင်ချင်းရှန်းသည် ပဉ္စမအလွှာ လက်နက်ပညာရှင် တစ်ဦး၏ တန်ဖိုးကို ကောင်းစွာ သဘောပေါက် နားလည်သည်။

“ငါ ဒီအကြောင်းကို သေချာ အတည်ပြုရမယ်...” ရှောင်ချင်းရှန်း မျက်မှောင်ကြုတ် လိုက်ပြီး ပြောသည်။ လူနှစ်ယောက်၏ ပါးစပ်ဖျား စကား သက်သက်ကို သူ မယုံရဲသေးပေ။

သို့သော် သူက အခြား လူများစွာကို ထပ်မံ မေးမြန်း ကြည့်ပြီးနောက် သူ လုံးဝ သေချာ သွားတော့သည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းပုံကို သိရှိ သွားပြီးနောက် ရှောင်ချင်းရှန်းသည် ရှောင်မိသားစုထံ ချက်ချင်း ပြန်သွားသည်။ သူသည် သူ၏ မိသားစု အဆင့်မြင့် ပုဂ္ဂိုလ်များကို တတ်နိုင်သမျှ အမြန်ဆုံး အသိပေးရန် လိုအပ် လေပြီ။

... ... ...

ဖုန်းမိသားစု ခြံဝင်း အတွင်း၊

ရှောင်ချင်းရှန်း ထွက်သွားပြီး မကြာမီပင် ဖုန်းဝူချန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲ သွားသည်။ သူ မျက်မှောင်ကြုတ် လိုက်ပြီး ပြောသည်။ “သတ်ဖြတ်လိုစိတ်...”

“ယွမ်တန်ဘုံ နဝမအလွှာ...” လင်ရှောင်ရှောင်၏ မိုးမခ မျက်ခုံးလေးများ တွန့်ချိုး သွားသည်။ သူမ၏ ချောမောသော မျက်နှာလေးပေါ်တွင် အေးစက်သော အမူအရာတစ်ခု ပေါ်လာသည်။

“လာတဲ့သူက ကောင်းတဲ့ သဘောနဲ့ လာတာ မဟုတ်ဘူး... လူတိုင်း သတိထား ကြပါ...”

ဖုန်းချန်ယန်က လေးနက်စွာ သတိပေးလိုက်သည်။

“ဝှစ်... ဝှစ်...”

မကြာမီပင် အရိပ် နှစ်ခု ဝေဝါးထွက်ပေါ်လာသည်။ ဖုန်းမိသားစု ခြံဝင်းထဲသို့ လူအိုကြီး နှစ်ဦး ရောက်ရှိ လာ၏။ နှစ်ဦးလုံး ယွမ်တန်ဘုံ နဝမအလွှာ၏ စွမ်းအားကို ပိုင်ဆိုင် ထားကြပြီး သူတို့၏ စွမ်းအားမှာ အလွန် အစွမ်းထက် လှသည်။

လူအိုကြီး နှစ်ဦးကို စူးစမ်း ကြည့်ရှုရင်း ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ “ခင်ဗျားတို့ကး ဘယ်သူတွေလဲ... ဒီကို ဘာလာ လုပ်ကြသလဲ...”

“ငါက ထိုက်ရွှီဂိုဏ်း ကာကွယ်စောင့်ရှောက်သူ ဟယ်ရှုံး...” အဘိုးကြီး တစ်ဦးက လေးနက်စွာ ပြန်ဖြေ လိုက်သည်။ သူ၏ အိုမင်းသော မျက်လုံးများထဲတွင် ပြင်းထန်သော ရက်စက်မှုများ ပေါ်လွင် နေသည်။

“ထိုက်ရွှီဂိုဏ်း အကြီးအကဲ ကျိုးရှန်း...” အနက်ရောင် ဝတ်ရုံနှင့် အခြား အဘိုးကြီး တစ်ဦးက သူ့အမည်သူ ကြေညာ လိုက်သည်။

“ဒါဆို ထိုက်ရွှီဂိုဏ်းက ကာကွယ်စောင့်ရှောက်သူနဲ့ အကြီးအကဲပေါ့... တကယ် ဂုဏ်ယူစရာပဲ...” ဖုန်းဝူချန်က အေးစက်စွာ ပြုံးလိုက်သည်။ သူ ကြောက်ရွံ့ နေဟန် မရှိ။

ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင် နှစ်ယောက်တည်းနှင့် ဖုန်းဝူချန်ကို ကြောက်လန့် သွားစေရန် မလုံလောက်ပေ။

‘ဒါဆို ထိုက်ရွှီဂိုဏ်းကပေါ့…’ချီဟွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ လေးနက် သွားသည်။

ထိုက်ရွှီဂိုဏ်း၏ စွမ်းအားကို မည်သူမျှ လျှော့မတွက် သင့်ပေ။

ခေတ္တ ရပ်နားပြီးနောက် ဖုန်းဝူချန်က မဲ့ပြုံး ပြုံးလိုက်သည်။ “ကြည့်ရတာ ခင်ဗျားတို့ နှစ်ယောက်က ကျွန်တော့်ကို လာသတ် ကြတာ ထင်တယ်...”

ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အငွေ့အသက်များ ပျံ့နှံ့ ထွက်လာသည်။ ဟယ်ရှုံးက ဒေါသတကြီး အော်ဟစ် လိုက်သည်။ “မင်း သိရဲ့သားနဲ့... သေဖို့သာ ပြင်ထားတော့...”

“ခင်ဗျားတို့ နှစ်ယောက်တည်းက ကျွန်တော့်ကို သတ်နိုင်မယ် ထင်နေတာလား...” ဖုန်းဝူချန်က အေးစက်စွာ ရယ်မော လိုက်သည်။ “ထိုက်ရွှီဂိုဏ်းချုပ်ကြီး ကိုယ်တိုင် လာရင်တောင် သူ ကျွန်တော့်ကို သတ်နိုင်မှာ မဟုတ်ဘူး... ကြည့်ရတာ ခင်ဗျားတို့က သေဖို့ အကြောင်း ရှာနေကြတာပဲ...”

“ဒီလိုလား... ငါတို့ ဘက်မှာ နောက်ထပ် နှစ်ယောက် ထပ်ပေါင်း လိုက်ရင်ရော ဘယ်လိုလဲ...” ဖုန်းဝူချန် စကားဆုံးသည်နှင့် တပြိုင်နက် နောက်ထပ် အေးစက်သော အဘိုးကြီး တစ်ဦး၏ အသံ ထွက်ပေါ် လာသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ် တူညီသော အခိုက်အတန့်၌ အငွေ့အသက် နှစ်ခု ပျံ့နှံ့ လာပြီး ဖျတ်လတ်သော လှုပ်ရှားမှု အနည်းငယ်ဖြင့် သူတို့သည် ဖုန်းမိသားစု ခြံဝင်း အတွင်းသို့ ပေါ်ထွက် လာကြသည်။

All Chapters