← Chapters

မကုန်ဆုံးနိုင်သော စွမ်းအင်

Vol. 16 Ch. 226

မကုန်ဆုံးနိုင်သော စွမ်းအင်

Vol. 16 Ch. 226

~"မြေကမ္ဘာအဆင့် သိုင်းပညာတဲ့လား"

လေကျန့်ဖုန်း၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွား၏။ လွှမ်းမိုးနိုင်သော စွမ်းအားများ ထုတ်လွှတ်နေသည့် ထိုသွေးရောင် အလင်းတန်းကို ကြည့်ကာ၊ ဖုန်းဝူချန်သည် မြေကမ္ဘာအဆင့် သိုင်းပညာတစ်ခုကို အသုံးပြုနေကြောင်း လေကျန့်ဖုန်း ကောင်းကောင်းကြီး သိမြင်လိုက်သည်။

ဤသွေးရောင်အလင်းတန်းက လေကျန့်ဖုန်းအား ခြိမ်းခြောက်မှု အရိပ်အယောင်တစ်ခုကိုပင် ခံစားလိုက်ရစေ၏။

“ဒီ ကိုးထပ် ချန်ခွန်း မျှော်စင်က တော်တော် လက်ပေါက်ကပ်တာပဲ။ ငါ့ရဲ့ စွမ်းအားတွေကို ဒီလောက်တောင် ဖိနှိပ်ထားနိုင်စွမ်း ရှိနေပါလား”

လေကျန့်ဖုန်းက မျက်မှောင်ကြုတ်ရင်း စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ၏ ကိုယ်ကို နောက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်တော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ လေကျန့်ဖုန်းသည် အခင်းအကျင်း၏ အကွာအဝေး အပြင်ဘက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဖိနှိပ်ချုပ်ချယ်ထားသော စွမ်းအားများ ပျောက်ကွယ်သွားသည်နှင့်၊ လေကျန့်ဖုန်း၏ အရှိန်အဝါသည် တစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာခဲ့ပြီး၊ သူ၏ စွမ်းအားတို့သည်လည်း ထျန်းယွမ်ဘုံ ဒုတိယအလွှာ အဆင့်သို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားတော့၏။

“ဘုန်း။”

ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုသည် မျက်တောင်တစ်ခတ်အတွင်း တိုက်ရိုက် ထိတွေ့ ပေါက်ကွဲသွား၏။ ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားကာ၊ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ နားများ အူသွားစေသည်။ ဖျက်ဆီးခြင်း စွမ်းအင်များသည် အရာအားလုံးကို ဝါးမြိုတော့မည့် အင်အားစုကြီးတစ်ခုပမာ လှိမ့်ဝင်လာသည်။

ဟင်းလင်းပြင်ရှိ တိမ်ပင်လယ်များပင် ကစဉ့်ကလျား ဖြစ်သွားပြီး ပြင်းထန်စွာ တုန်ခါသွားတော့သည်။

"ဟမ့်"

လေကျန့်ဖုန်းက ပြင်းထန်စွာ နှာမှုတ်လိုက်သည်။ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ၊ ပျံ့နှံ့လာသော ကြောက်မက်ဖွယ် အားလှိုင်းများကို အစွမ်းထက်သော စွမ်းအင်တစ်ခုက ချက်ချင်းပင် တားဆီးလိုက်သဖြင့်၊ သူ့အား အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်း မရှိခဲ့ပေ။

ဖုန်းဝူချန်သည်လည်း ချီလင် ချပ်ဝတ်၏ ကာကွယ်မှုအောက်တွင် ရှိနေသဖြင့် မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ချေ။

"ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ ဖိနှိပ်မှု အင်အား မရှိတော့ဘဲနဲ့၊ မင်းက ငါ့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ"

လေကျန့်ဖုန်းက အထက်စီးမှ ကြည့်ရင်း မောက်မာစွာ ဆိုလိုက်သည်။

ဖုန်းဝူချန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

"ကျုပ်ကတော့ အလျင်မလိုပါဘူး။ ခင်ဗျားထက် အချိန်ပိုရနေတယ်လေ။ မယုံဘူးလား။ ဒါဆို အောက်ကိုသာ ငုံ့ကြည့်လိုက်"

ထိုစကားကို ကြားသောအခါ၊ လေကျန့်ဖုန်း၏ မျက်ခုံးအစုံမှာ တင်းတင်းကြုတ်မိသွားပြီး၊ သူ၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များက အောက်ဘက် မြင်ကွင်းဆီသို့ ဝေ့ဝဲကြည့်လိုက်သည်။

အောက်ဘက်မှ စစ်မြေပြင်တွင် ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားနေသည်ပင်။

ရွှေယွဲ့အင်ပါယာ၏ တပ်မတော်သည် အထိအခိုက် အကျအဆုံး များပြားလှပြီး၊ စစ်သည်များမှာ ကြောက်မက်ဖွယ် နှုန်းဖြင့် အသတ်ခံနေရသည်။ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ နှင့် အလံနက်တပ်မတော်တို့သည် အရူးအမူး လိုက်ပါ သတ်ဖြတ်နေကြသည်။ ယန်ဟော်အင်ပါယာ၏ စစ်သည်များနှင့် ပူးပေါင်းလိုက်သောအခါ၊ ရွှေယွဲ့အင်ပါယာ တပ်မတော်သားများ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

ဤအတိုင်းသာ ဆက်သွားပါက၊ ရွှေယွဲ့အင်ပါယာ၏ ဤတပ်ဖွဲ့သည် ကြိမ်းသေပေါက် အမြစ်ပြတ် ချေမှုန်းခံရပေလိမ့်မည်။ အချိန် ကြာကြာဆွဲထားလေ၊ သူတို့အတွက် အခြေအနေ ပိုမို ဆိုးရွားလာလေ ဖြစ်သည်။

" ဝှစ်.."

သူ၏ အနက်ရောင် တောင်ပံတစ်ချက် ခတ်လိုက်သည်နှင့်၊ ဖုန်းဝူချန်သည် ရုတ်တရက် ပစ်ထွက်သွား၏။

လေပြင်းသံနှင့်အတူ ကောင်းကင်ယံ အမြင့်တွင်၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကြီးသည်လည်း ဖုန်းဝူချန်နှင့်အတူ အရှိန်ပြင်းစွာ လိုက်ပါလာသည်။

မျက်တောင်တစ်ခတ်အတွင်း၊ ကြီးမားလှသော ရွှေရောင် အခင်းအကျင်းကြီးသည် လေကျန့်ဖုန်းအား နောက်တစ်ကြိမ် ထပ်မံ လွှမ်းခြုံသွားခဲ့ပြီး၊ ဧရာမ ဖိနှိပ်မှုက သူ့အပေါ်သို့ နောက်တစ်ဖန် ကျရောက်လာကာ သူ၏ အရှိန်အဝါများ ကျဆင်းသွားတော့သည်။

ထိုစဉ်၊ ဖုန်းဝူချန်က ချက်ချင်းပင် ရောက်ရှိလာသည်။ သူ၏ သွေးမျိုးဆက် စွမ်းအားများက သူ၏ လက်ဝါးပြင်တွင် စုစည်းနေခဲ့ပြီး ဖြစ်သည်။

"တတိယအလွှာ ကောင်းကင် အမျက်ဒေါသ လက်ဝါး"

ဖုန်းဝူချန်က အေးစက်စွာ ကြွေးကြော်လိုက်ပြီး၊ သူ၏ လက်ဝါးကို ထပ်ဆင့် လက်ဝါး သုံးခုအဖြစ်ဖြင့် လေကျန့်ဖုန်းထံသို့ ရက်စက်စွာ ရိုက်ချလိုက်သည်။ စွမ်းအားမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး၊ လက်ဝါးလေလှိုင်းများက အော်ဟစ်မြည်တမ်းကာ၊ အလွန်အမင်း ဖိနှိပ်နိုင်စွမ်း ရှိလှသည်။

ဖိနှိပ်ခံနေရသည့် ခံစားချက်က တကယ့်ကို ဆိုးဝါးလှသည်။ လေကျန့်ဖုန်း၏ ပါးစပ်များ တွန့်ကွေးသွား၏။

"ဒီသကောင့်သား..."

သူက သူ၏ အစစ်အမှန်ယွမ်ကို လှုံ့ဆော်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။ "နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာ ။ ယင်လေ လက်ဝါး"

မျက်တောင်တစ်ခတ်အတွင်း၊ လက်ဝါးနှစ်ခုသည် အနီးကပ် တိုက်မိသွားပြီး "ဘုန်း" ဟူသော အသံကြီးဖြင့် ပေါက်ကွဲသွားသည်။ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး၊ ပြင်းထန်သော စွမ်းအင်များ နောက်တစ်ကြိမ် လှိမ့်တက်လာကာ၊ အရိုးထိအောင် အေးစိမ့်သွားစေသည်။

လေကျန့်ဖုန်း၏ မျက်နှာ မည်းမှောင်သွားပြီး၊ သူ၏ လက်မောင်းများ အနည်းငယ် တုန်ယင်သွားသည်။

ဤတည့်တည့်တိုး တိုက်ခိုက်မှုတွင်၊ ဖုန်းဝူချန်က ရှင်းရှင်းလင်းလင်း အသာစီး ရနေခဲ့သည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ ဖိနှိပ်မှု အင်အား ရှေ့မှာတော့၊ ခင်ဗျားရဲ့ အစွမ်းက ဒီလောက်ပဲ ရှိပုံရတယ်"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။ သူ၏ ကြံ့ခိုင်လှသော ခန္ဓာကိုယ်နှင့် ဧရာမ စွမ်းအားများက သူ့အား ရှုံးနိမ့်စရာ အကြောင်းမရှိအောင် ပြုလုပ်ပေးထားသည်။

"ငါ့ရှေ့မှာ လာပြီး မောက်မာဝင့်ကြွား မနေစမ်းနဲ့"

လေကျန့်ဖုန်းက ပုပ်သိုးကာ ဒေါသထွက်နေလေ၏။

ဧကရာဇ်တစ်ပါး ဖြစ်လျက်သားနဲ့၊ သူ့ရဲ့ အစွမ်းအစက အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးတစ်ယောက်လောက်တောင် မရှိဘူးတဲ့လား။

သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည််နည်း။

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်း သိုင်းပညာ ။ လေမုန်တိုင်းချီ"

ဒေါသထွက်နေသော လေကျန့်ဖုန်း၏ လေဓာတ် အစစ်အမှန်ယွမ်များ တိုးဝှေ့လာ၏။ ကြီးမားလှသော လေမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး၊ သူတို့နှစ်ဦးလုံး မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေကြလေသည်။

ပြင်းထန်သော လေများသည် ဟင်းလင်းပြင်ကို ဖြတ်သန်း တိုက်ခတ်သွားပြီး၊ ပေနှစ်ဆယ်ကျော် ကျယ်ဝန်းသော ကြီးမားသည့် လေမုန်တိုင်းကြီးက မာကျောလှသော လေနံရံကြီးတစ်ခုကို ဖန်တီးကာ၊ ဖုန်းဝူချန်၏ ဆုတ်ခွာရာ လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။

ကြောက်မက်ဖွယ် လေမုန်တိုင်းကြီးက အောက်သို့ တိုက်ခတ်သွားရာ၊ စစ်တပ်နှစ်ခုလုံးမှ စစ်သည်များ ထိတ်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြသည်။

"အား"

"ကယ်ကြပါဦး။ မြန်မြန် ကယ်ကြပါဦး"

"အရှင်မင်းကြီး။ ရပ်လိုက်ပါ"

မုန်တိုင်း၏ ဗဟိုချက် အောက်ဘက်ရှိ စစ်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် လေမုန်တိုင်းထဲသို့ စုပ်ယူခံလိုက်ရပြီး၊ သူတို့၏ သနားစဖွယ် အော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့သည်။

ဒေါသထွက်နေသော လေကျန့်ဖုန်းသည် သူ၏ စစ်သည်များ အသက်ကို လုံးဝ ဂရုမစိုက်ပေ။ ရွှေယွဲ့အင်ပါယာမှ စစ်သည်များ ဖြစ်နေလျှင်ပင်၊ သူ အနည်းငယ်မျှ ဝမ်းနည်း သောကရောက်သည့် အရိပ်အယောင် မပြခဲ့။

လေမုန်တိုင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး၊ ၎င်းထဲသို့ စုပ်ယူခံရသော မည်သည့် စစ်သားမဆို မျက်တောင်တစ်ခတ်အတွင်း အသားအပိုင်းအစများ ဖြစ်သွားကြသည်။

"မဖြစ်သင့်လိုက်တာ။ တကယ့်ကို လူစိတ်မရှိတဲ့ကောင်"

သွမ့်ထျန်းဟွမ်က မည်းမှောင်သော မျက်နှာဖြင့် ရှုံ့ချလိုက်သည်။ သူသည် သူ၏ အစစ်အမှန်ယွမ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး အမြန် ရှောင်တိမ်း ထွက်ခွာသွားသည်။

လေကျန့်ဖုန်းက သူ၏ စစ်သည်များကို ဂရုမစိုက်သော်လည်း၊ သွမ့်ထျန်းဟွမ် ကတော့ ဂရုစိုက်သည်။

သွမ့်ထျန်းဟွမ်သည် ပေါ်ထွက်လာပြီး သူ၏ လက်ဝါးများတွင် ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းကာ၊ ပြင်းထန်လှသော လေမုန်တိုင်းကို တန်ပြန်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

"မဆင်ခြင်တဲ့ကောင်"

လေကျန့်ဖုန်းက ဤအခြေအနေကို အာရုံခံမိသောအခါ၊ မထီမဲ့မြင် ဟားတိုက်လိုက်သည်။

ဖုန်းဝူချန်၏ မျက်နှာမှာတော့ တည်ငြိမ်နေသည်။ သူ၏ လေဓာတ် အစစ်အမှန်ယွမ်ကို လှုံ့ဆော်လိုက်ပြီး၊ သူ၏ ညာဘက် လက်မောင်းတွင် စုစည်းလိုက်ရာ၊ အရှိန်ပြင်းစွာ လည်ပတ်နေသော လေစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားသည်။

"ကွဲစမ်း"

သူ၏ တောင်ပံများကို တစ်ချက်ခတ်လိုက်ရင်း၊ ဖုန်းဝူချန်သည် ကောင်းကင်သို့ ထိုးတက်သွားသည်။ သူက ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး သူ၏ ညာဘက် လက်သီးကို မုန်တိုင်း၏ အပေါ်ဘက်သို့ ပင့်ချီ၍ ထိုးလိုက်သည်။

“ဘုန်း”

ထိတွေ့မှု အပြီးတွင်၊ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ပြင်းထန်လှသော လက်သီးတစ်ချက်က ကြောက်မက်ဖွယ် လေမုန်တိုင်းကြီးတွင် ကြီးမားသော အပေါက်ကြီးတစ်ခုကို ဆုတ်ဖြဲသွား၏။ ကြီးမားလှသော လေမုန်တိုင်းကြီးသည် တစ်စစီ ကြေမွသွားတော့သည်။

"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

လေကျန့်ဖုန်း၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ၏ ဓာတ်စွမ်းအင် အစစ်အမှန်ယွမ်အားလုံးသည် ဖုန်းဝူချန်၏ ရှေ့တွင် အမှိုက်သရိုက်များသာ ဖြစ်သည်ကို သူ နားလည်လိုက်ရသည်။

မုန်တိုင်းကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွင်းလိုက်ပြီးနောက်၊ ဖုန်းဝူချန်၏ ပြင်းထန်သော အကြည့်က လေကျန့်ဖုန်းထံသို့ ကျရောက်သွားသည်။ ထို့နောက် သူ၏ ပုံရိပ်သည် ရုတ်တရက် လျှပ်တပြက် ပျောက်ကွယ်သွား၏။

“ဘုန်း”

နောက်တစ်စက္ကန့်တွင်၊ ဖုန်းဝူချန်သည် ချက်ချင်း ရောက်ရှိလာသည်။ ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ၊ မှင်သက်နေသော လေကျန့်ဖုန်းအား လက်သီးတစ်ချက်ဖြင့် ထိုးလွှတ်လိုက်သည်။

“ဝှစ်”

“ဘုန်း”

လေကျန့်ဖုန်းသည် မီတာ ဆယ်ဂဏန်းခန့် လွင့်စဉ်သွားသည်နှင့် တစ်ပြိုင်နက်၊ ဖုန်းဝူချန်သည် လျှပ်တပြက် ထပ်မံ ပေါ်ထွက်လာပြီး၊ နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ရာ၊ လေကျန့်ဖုန်းအား နောက်တစ်ကြိမ် လွင့်စဉ်သွားစေပြန်သည်။

ဖုန်းဝူချန်၏ နေရာရွှေ့ပြောင်း သိုင်းကွက်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး၊ သူ၏ အမြန်နှုန်းမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလှရာ၊ လေကျန့်ဖုန်းအား လုံးဝ အမှီမလိုက်နိုင်အောင် ဖြစ်သွားစေသည်။

အဆက်မပြတ် လက်သီးချက်များစွာ ထိုးနှက်ပြီးနောက်၊ လေကျန့်ဖုန်း၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ရှင်းလင်းစွာပင် သူ ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။

သို့သော်၊ ကိုးထပ် ချန်ခွန်း မျှော်စင်၏ ဖိနှိပ်မှုအောက်တွင် ရှိနေသော်လည်း၊ လေကျန့်ဖုန်းသည် ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်တစ်ဦး ဖြစ်သည်။ ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံခဲ့ရပြီးနောက်၊ သူသည် သူ့အပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိသော ဒဏ်ရာ အသေးစားများသာ ရရှိခဲ့သည်။

"ခင်ဗျားရဲ့ ကိုယ်ပိုင် အင်ပါယာက စစ်သည်တွေရဲ့ အသက်ကိုတောင် ဂရုမစိုက်ဘူး။ ခင်ဗျား လူရော ဟုတ်သေးရဲ့လား"

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

"ဟမ့်။ မင်းကိုသာ သတ်ပစ်နိုင်မယ်ဆိုရင်၊ ငါ့စစ်သည်တွေရဲ့ အသက်ကို စတေးရတာ တန်တယ်"

လေကျန့်ဖုန်းက ရက်စက်စွာ ပြန်ပြောလိုက်သည်။ သူ တဖြည်းဖြည်း စိတ်လွတ်စပြုလာ၏။

"ဝုန်း.."

ဒေါသထွက်နေသော အခြေအနေတွင်၊ လေကျန့်ဖုန်းသည် သူ၏ အစစ်အမှန်ယွမ်ကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်ရာ၊ စိမ်းပြာရောင် အလင်းများ ပေါက်ကွဲထွက်လာသည်။

"ငါ့အစွမ်းက ဒီလောက်ပဲရှိတယ်လို့ မင်း ထင်နေတာလား၊"

လေကျန့်ဖုန်းက ဟိန်းဟောက်ရင်း သူ၏ လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး၊ ထို့နောက် ပြန်ခွဲထုတ်လိုက်ရာ၊ သူတို့ကြားမှ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြန်သည်။

ဤသည်မှာ အလယ်အလတ်တန်းစား ဝိညာဉ်လက်နက် တစ်ခု၏ အရှိန်အဝါ ဖြစ်သည်။

ဟုတ်ပေသည်။ လေကျန့်ဖုန်းသည် ရတနာတစ်ခုကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

သူ၏ လက်နှစ်ဖက်ကြားတွင်၊ လွှမ်းမိုးနိုင်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် အဖြူရောင် ကျောက်စိမ်းတုံး တစ်တုံး မျောလွင့်နေသည်။

ရတနာကို ဆင့်ခေါ်လိုက်သည်နှင့်၊ လေကျန့်ဖုန်း၏ အရှိန်အဝါသည် အရူးအမူး မြင့်တက်လာပြီး၊ ပို၍ပင် ခြိမ်းခြောက်နိုင်စွမ်း ရှိလာသည်။

'ဒီကျောက်စိမ်းထဲမှာ အရမ်း သန့်စင်တဲ့ စွမ်းအင်တွေ ပါနေပါလား။ ဒါ ဘယ်လို ရတနာမျိုးလဲ'

ဖုန်းဝူချန် တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။

သွမ့်ထျန်းဟွမ်၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားသည်။

"အသခ်ျေ ဝိဉာဉ်ကျောက်စိမ်း"

"နန်းတွင်းအကြံပေး ၊ အဲဒါ ဘယ်လို ရတနာမျိုးလဲရှင့်။ ဘာလို့ သူ့ထဲမှာ ဒီလောက် ကြီးမားတဲ့ စွမ်းအင်တွေ ရှိနေရတာလဲ"

လင်ရှောင်ရှောင်က စူးစမ်းစွာ မေးလိုက်ခြင်းပါ။

ယန်ထျန်းရှန်၏ မျက်နှာအမူအရာသည် အလွန်အမင်း လေးနက်သွားသည်။

"ဒါက စွမ်းအားတွေ ထောက်ပံ့ပေးနိုင်တဲ့ ရတနာတစ်မျိုးပဲ။ သူ့ကို အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းလို့ ခေါ်တယ်။ သူက သဘာဝရဲ့ ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူပြီး သန့်စင်တဲ့ စွမ်းအင်အဖြစ် စုစည်းပေးနိုင်တယ်"

"နန်းတွင်းအကြံပေး ပြောချင်တာက၊ လေကျန့်ဖုန်းက အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းကို သုံးပြီး သူ့ရဲ့ အစစ်အမှန်ယွမ်ကို ပြန်ဖြည့်တင်းနိုင်တယ် ဆိုတဲ့ သဘောလား"

လင်ရှောင်ရှောင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မှန်တယ်"

ယန်ထျန်းရှန် ခေါင်းညိတ်လိုက်သည်။

ထိုစဥ်၊ စစ်ထူကျန့်ထျန်းက ဖြည့်စွက် ပြောလိုက်သည်။ "အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းက လေကျန့်ဖုန်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်သေးတယ်"

"မင်းမှာ ကိုးထပ် ချန်ခွန်း မျှော်စင် ရှိသလို၊ ငါ့မှာလည်း အသခ်ျေ ဝိဉာဉ်ကျောက်စိမ်း ရှိတယ်"

ဟု လေကျန့်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်များကို အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းထဲသို့ ထည့်သွင်းလိုက်ရာ၊ ကျောက်တုံးသည် မျက်စိကျိန်းလောက်အောင် တောက်ပသော အဖြူရောင် အလင်းများ ရစ်ဝဲလာသည်။

တစ်ချိန်တည်းမှာပင်၊ အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းသည် အလွန်တရာ ကြီးမားပြီး သန့်စင်သော စွမ်းအင်များကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ဟုတ်ပေသည်။ အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းမှ ထုတ်လွှတ်သော စွမ်းအင်များသည် အမှန်တကယ်ပင် သန့်စင်လှသည်။

သန့်စင်သော စွမ်းအင်များသည် လေကျန့်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်သွားပြီး၊ သူ သုံးစွဲလိုက်သော အစစ်အမှန်ယွမ်များမှာ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် ပြန်လည် ပြည့်တင်းလာတော့သည်။

'ဒီဘိုးတော်ရဲ့ အစစ်အမှန်ယွမ်တွေ ပြန်ပြည့်သွားပြီ။ သူ့အရှိန်အဝါလည်း အများကြီး တိုးတက်လာပါလား။ အော်... ဒီလိုကိုး’

ဖုန်းဝူချန်က နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြီး၊ သူ၏ မျက်နှာအမူအရာမှာ ပို၍ လေးနက်သွားသည်။

အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းသည် လေကျန့်ဖုန်း၏ အဓိကဝှက်ဖဲ သူ၏ အစွမ်းထက်ဆုံး တိုက်ကွက် ဖြစ်သည်မှာ သံသယရှိဖွယ် မရှိပေ။

အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းက အဆုံးမရှိသော သန့်စင်သည့် စွမ်းအင်များကို ထောက်ပံ့ပေးနေသဖြင့်၊ လေကျန့်ဖုန်း၏ အစစ်အမှန်ယွမ်များသည် လုံးဝ ကုန်ဆုံးသွားစရာ အကြောင်းမရှိတော့။ သူသည် အစွမ်းထက်သော သိုင်းပညာများကို သူ့စိတ်ကြိုက် လွတ်လပ်စွာ အဆက်မပြတ် အသုံးပြုနိုင်တော့မည် ဖြစ်သည်။

ဖုန်းဝူချန်ထံမှ ပြင်းထန်သော ကြွေးကြော်သံတစ်ချက် ထွက်ပေါ်လာသည်။

"လောကပျက် ကောင်းကင်ဘုံ အပြစ်ဒဏ် ဓားချက်"

သူ၏ သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်လိုက်ပြီး၊ ကြောက်မက်ဖွယ် အင်အားများကို စုစည်းကာ၊ လေကျန့်ဖုန်းထံသို့ လွှဲယမ်း ပိုင်းဖြတ်လိုက်သည်။

" ဝှစ်.."

ဆယ်ကျန်းခန့် ရှည်လျားသော သွေးရောင် စွမ်းအင် ဓားချက်ကြီးသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ ပြင်းထန်သော အရှိန်အဟုန်ဖြင့် လေကျန့်ဖုန်းထံသို့ တိုးဝင်သွားသည်။

၎င်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဟင်းလင်းပြင်များမှာ ပြင်းထန်စွာ တုန်ခါနေ၏။

"ဟမ့်။ မြေကမ္ဘာအဆင့် သိုင်းပညာ ဆိုတော့ ဘာဖြစ်လဲ။ ငါ့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ"

လေကျန့်ဖုန်းက မောက်မာစွာ ကဲ့ရဲ့လိုက်ပြီး၊ ဖုန်းဝူချန်၏ မြေကမ္ဘာအဆင့် သိုင်းပညာကို လုံးဝ အလေးမထားဟန် ပြလိုက်သည်။

“အုန်း”

လေကျန့်ဖုန်းက လက်ဝါးတစ်ချက် ဖြင့် ရိုက်ထုတ်လိုက်သည်။ ရုတ်တရက် သူ၏ လက်သည် လက်သည်းကုတ်တစ်ခု အသွင်သို့ ပြောင်းသွားပြီး၊ တိုးဝင်လာသော စွမ်းအင် ဓားချက်ကြီးသည် ချက်ချင်းပင် ပေါက်ကွဲသွားသည်။ တောက်ပသော စွမ်းအင် အလင်းတန်းများ ကောင်းကင်ယံတွင် လင်းလက်သွား၏။

သူ၏ လက်ဗလာ သက်သက်ဖြင့် ဖုန်းဝူချန်၏ မြေကမ္ဘာအဆင့် သိုင်းပညာကို အဝေးမှနေ၍ ချေဖျက်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဒါ ဘယ်လို ကြောက်စရာ စွမ်းရည်မျိုးလဲ။

'ဒါက မမြင်ရတဲ့ အင်အားတစ်မျိုးပဲ’

ဖုန်းဝူချန်က တိတ်တဆိတ် အံ့ဩသွားသည်။

လေကျန့်ဖုန်းသည် ဖုန်းဝူချန်၏ မြေကမ္ဘာအဆင့် သိုင်းပညာကို သူ၏ လက်ဗလာဖြင့် ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်သေးသည် မဟုတ်။

ပေါက်ကွဲမှုသည် သူ အသုံးပြုလိုက်သော ထိုမမြင်နိုင်သည့် အင်အားကြောင့်သာ ဖြစ်သည်။

"ဖုန်းဝူချန်၊ မင်း ဘယ်လောက်ထိ ခံနိုင်ရည် ရှိမလဲ ကြည့်ကြသေးတာပေါ့"

လေကျန့်ဖုန်းက ဟိန်းဟောက်လိုက်သည်။

သူ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်များကို အပြည့်အဝ လှုံ့ဆော်လိုက်ရာ၊ စိမ်းပြာရောင် အလင်းများ ထွန်းလင်းတောက်ပလာပြီး သူ၏ ဝတ်ရုံများ လေထဲတွင် တဟူးဟူး လွင့်နေသည်။

"နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာ ။ ယင်လေ လက်ဝါး"

“နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာ ။ အဆုံးမဲ့ကျားသစ်”

"နက်နဲခြင်းအဆင့် အရည်အသွေးမြင့် သိုင်းပညာ..."

လေကျန့်ဖုန်း၏ ဟိန်းဟောက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူသည် တစ်ချက်တည်းဖြင့် လွှမ်းမိုးနိုင်သော သိုင်းပညာ သုံးမျိုးကို အဆက်မပြတ် ထုတ်ဖော်လိုက်ပြီး၊ ကြောက်မက်ဖွယ် အင်အား သုံးခုလုံးကို ဖုန်းဝူချန်ထံသို့ ဦးတည် ပစ်လွှတ်လိုက်သည်။

အသခ်ျေ ဝိဉာဉ်ကျောက်စိမ်း၏ စွမ်းအင် ထောက်ပံ့မှုကြောင့် လေကျန့်ဖုန်းသည် အစစ်အမှန်ယွမ် ကုန်ခမ်းမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

အချိန်ဆွဲ၍ အင်အားကုန်အောင် တိုက်ခိုက်သည့် စစ်ပွဲသည် လေကျန့်ဖုန်း၏ အားသာချက်သာ ဖြစ်သည်။ ရန်သူ မည်မျှပင် အစွမ်းထက်ပါစေ၊ သူတို့၏ အစစ်အမှန်ယွမ်များ ကုန်ခမ်းသွားသည်နှင့်၊ ၎င်းသည် လေကျန့်ဖုန်းအတွက် သူ၏ ပြိုင်ဘက်ကို သတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လာလိမ့်မည်။

ယခု ဖုန်းဝူချန်သည်လည်း ထိုအခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

လေကျန့်ဖုန်းက လွှမ်းမိုးနိုင်သော သိုင်းပညာ သုံးခုကို အလျင်အမြန် ထုတ်ဖော် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ၊ လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြသည်။ ဤကြောက်မက်ဖွယ် အင်အား သုံးခုကို ရင်ဆိုင်ရလျှင်၊ ဖုန်းဝူချန်တစ်ယောက် ခံနိုင်ရည် ရှိပါဦးမည်လော။

"ကိုးထပ် ချန်ခွန်း မျှော်စင်"

ဖုန်းဝူချန်ထံမှ တိုးညှင်းသော ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာပြီး၊ ကောင်းကင်ယံမှ ကြီးမားလှသော မျှော်စင်ကြီးသည် လျင်မြန်စွာ စတင် လည်ပတ်သွားသည်။

ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင်၊ ချန်ခွန်း မျှော်စင်၏ အောက်ခြေသည် ပွင့်ထွက်သွားပြီး စုပ်ယူမှု အင်အားကြီးတစ်ခု ပေါ်ထွက်လာသည်။

သူ့ထံသို့ တိုးဝင်လာသော ကြောက်မက်ဖွယ် စွမ်းအား သုံးခုစလုံးသည်၊ ကြည့်ရှုနေသူများ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများ ရှေ့မှောက်တွင်ပင်၊ မျှော်စင်ကြီးထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

ထိုကြောက်မက်ဖွယ် စွမ်းအင် သုံးခုစလုံးကို ကိုးထပ် ချန်ခွန်း မျှော်စင်ကြီးက ဝါးမြိုသွားခဲ့သည်။

ဤရတနာသည် မည်မျှ လွှမ်းမိုးနိုင်စွမ်း ရှိလိုက်သနည်း။

" ဝုန်း.."

ဖုန်းဝူချန်၏ အရှိန်အဝါသည် ရုတ်တရက် ထိုးတက်လာသည်။ သူ၏ လက်ကို ဆန့်တန်း ဆုပ်ကိုင်လိုက်ရာ၊ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး၊ ၎င်း၏ ပြင်းထန်သော အရှိန်အဝါများက ဓားသွားမှနေ၍ ပျံ့နှံ့သွားသည်။

"အသခ်ျေ ဝိဉာဉ်ကျောက်စိမ်းက ခင်ဗျားရဲ့ စွမ်းအားကို ပြန်ဖြည့်ပေးနိုင်တယ်။ ဒါပေမဲ့၊ ခင်ဗျားရဲ့ ဒဏ်ရာတွေကိုရော ကုသပေးနိုင်လို့လား"

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

လွှမ်းမိုးနိုင်သော ဓားစိတ်ဆန္ဒများသည် အထွတ်အထိပ် နဂါးနတ်ဘုရားဓားမှ ဖွဲ့တည်နေသည်။

All Chapters