← Chapters

အညှို့ခံရခြင်း

Vol. 1 Ch. 147

အညှို့ခံရခြင်း

Vol. 1 Ch. 147

အမြီးသုံးချောင်း မြေခွေးသည် အမည်အတိုင်း မြေခွေး တစ်ကောင်ပင် ဖြစ်သည်။ ၎င်းသည် နယ်မြေတစ်ခွင် အလွန် ကျော်ကြားသော မြေခွေးမျိုးလည်း ဖြစ်သည်။

ထိုမြေခွေး မျိုးများသည် အမြီးသုံးချောင်းနှင့် မွေးဖွားလာကာ မွေးဖွားလာချိန် တည်းက တတိယအဆင့် နတ်ဆိုးသားရဲများ ဖြစ်ကြသည်။ ၎င်း၏ စွမ်းအားသည် ကြောက်စရာ အကောင်းဆုံး မဟုတ်သော်လည်း တတိယအဆင့် နတ်ဆိုး သားရဲများတွင်တော့ ကြောက်စရာ အကောင်းဆုံး ကောင်များ ဖြစ်ကြသည်။

အမြီးသုံးချောင်း မြေခွေးများသည် ကျင့်ကြံနိုင်ကာ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူ၍ အမြီးလေးချောင်း သို့မဟုတ် အမြီးငါးချောင်း ပါသည့် မြေခွေးဘုရင် ဖြစ်လာနိုင်သည်ဟု ကောလာဟလများ ရှိသည်။ သို့သော် ၎င်းသည် ဒဏ္ဍာရီ သက်သက်သာ ဖြစ်ပြီး သမိုင်း တစ်လျှောက်တွင် အမြီးလေးချောင်း ပါသည့် မြေခွေးဘုရင်အား မည်သူမှ မကြားဖူးခဲ့ပေ။

သို့သော် အမြီးသုံးချောင်း မြေခွေးများသည် တတိယအဆင့် နတ်ဆိုး သားရဲများတွင် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်ကိုတော့ သံသယဝင်စရာ  မလိုပေ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ကျင်းရှန် နိုင်ငံတော်၏ ဝူချီယွမ်တောင်တွင် အလွန် ထိတ်လန့်စရာ ကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အမြီးသုံးချောင်း မြေခွေးတစ်ကောင်၏ ကလေးသည် ခရီးသွား စွန့်စားသူ တစ်အုပ်၏ တိုက်ခိုက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ မြေခွေးသည် တောင်ပေါ်မှ ဒေါသတကြီး ဆင်းလာခဲ့ပြီး တောင်ခြေရှိ မြို့မှ လူတိုင်းအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ အသတ်ခံ ရသူများတွင် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် နှစ်ယောက်တောင် ပါသေးသည်။

ကျင်းရှန် နိုင်ငံတော်၏ ဘုရင်သည် ဒေါသထွက်ကာ တပ်စုတစ်ခုအား အမြီးသုံးချောင်း မြေခွေးကို ဖမ်းဆီး သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။ ထိုတပ်စု၏ အဆင့်အနိမ့်ဆုံး စစ်သည်တော်တောင် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် တတိယအဆင့်၌ ရှိလေသည်။ အဆုံးတွင် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် ဆယ့်ရှစ်ယောက်၌ လူလေးယောက် ရက်ရက်စက်စက်  သေဆုံးပြီးမှသာ မြေခွေးအား သတ်ဖြတ် နိုင်ခဲ့သည်။

အမြီးသုံးချောင်း မြေခွေး၏ ကိုယ်ထည်သည် အလွန် သေးငယ်သည်။ ၎င်း၏ အရှိန်သည်လည်း မမြန်လွန်းပေ။ ခြေသည်း လက်သည်းများနှင့် သွားများသည်လည်း အားနည်းကြသည်။ ၎င်း၏ တိုက်ခိုက်မှုအား အင်အား ကြီးစေသော တစ်ချက်မှာ နတ်ဆိုးစွမ်းအား ဖြစ်လေသည်။ ၎င်း၏ ကိုယ်မှ ထွက်သော ရနံ့တစ်မျိုးသည် လူများအား စိတ်လွတ် သွားစေနိုင်သည်။ အားမကောင်းသော သူများနှင့် စိတ်ဝိညာဉ် ကြံခိုင်ခြင်း မရှိသော သူများသည် ရနံ့ဖြင့် ညှို့ယူမှု ခံရပြီး မြေခွေး၏ ထိန်းချုပ်မှု အောက်သို့ ရောက်သွား ပေလိမ့်မည်။

လျှိုလောင်နှင့် ကျိလောင်တို့သည် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ဒုတိယအဆင့်နှင့် တတိယ အဆင့်များသာ ဖြစ်ကြရာ သူတို့ နှစ်ယောက်သည် အရမ်းအား မကောင်းပေ။ ထို့ကြောင့် လျှိုလောင်သည် အဝေးမှ အမြီးသုံးချောင်း မြေခွေးအား မြင်လိုက်သည်နှင့် ချက်ချင်း နောက်ဆုတ် လိုက်ခြင်း ဖြစ်လေသည်။ သူသည် ကျန်းရီအား သွား၍ပင် မကယ်ရဲပေ။ သူသာ အမြီးသုံးချောင်း မြေခွေး၏ အညှို့ ခံရလျှင် ၎င်း၏ ရုပ်သေးရုပ်လေး ဖြစ်သွားလိမ့်မည် ဖြစ်ပြီး မြင်မြင်သမျှသော လူတိုင်းအား သတ်မိပေလိမ့်မည်။

"အစ်ကိုကြီး"

"ကျန်းရီ"

"အစ်ကိုကျန်းရီ"

ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းနှင့် ကျန့်လင်းအာတို့သည် တစ်ပြိုင်နက်တည်း အော်ဟစ် လိုက်ကြသည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့သည် လျှိုလောင်နှင့် ကျိလောင်တို့၏ လက်မှ ရုန်းထွက်ကာ ပြိုကျနေပြီ ဖြစ်သော ဂူဝထံ ပြေးသွားရန် ပြင်လိုက်ကြသည်။ လက်ဝါးနှစ်ဖက်သည် ကျဆင်းလာခဲ့ပြီး ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့၏ မျက်လုံးများ ပိတ်သွားကာ ကိုယ်များ လဲကျလာခဲ့သည်။ ကျိလောင်လက် ထပ်မံ လှုပ်ရှားသွားခဲ့ပြီး ကျန့်လင်းအာ သည်လည်း မေ့မျော သွားခဲ့သည်။

ခေါင်းဆောင် ငယ်များ၏ လုံခြုံရေးသည် လျှို့ဝှက် သက်တော်စောင့်များ၏ နံပါတ်တစ် ဦးစားပေးပင် ဖြစ်သည်။ အန္တရာယ်ရှိသော အရေးပေါ် အခြေအနေ တိုင်းတွင် သူတို့၏ ခေါင်းဆောင် ငယ်များ၏ အသက်ကို ကာကွယ်ရန်မှ တစ်ပါး ကျန်တာ အရေးမကြီးပေ။

"အားလုံး ... အသက် အောင့်ထားကြ ... ဘာသံမှ မထွက်စေနဲ့ ... မဟုတ်ရင် သေမယ်"

လျှိုလောင်သည် သတ်ဖြတ်ချင်သော မျက်လုံးအစုံနှင့် ဘေးပတ်လည်ကို ကြည့်ကာ ချမ်ဂိုဏ်းသားများသည် ပါးစပ်ကိုယ်စီ ပိတ်လိုက်ကြကာ ဂူကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူတို့အား အမြီးသုံးချောင်း မြေခွေး ရှာတွေ့သွားပါလျှင် ချမ်ဝမ်ကွမ်၏ အသက် မလုံခြုံရုံသာမက အားလုံးသေရ ပေလိမ့်မည်။

"အရမ်းလည်း ကြောက်မနေကြနဲ့ ... ဒီအမြီးသုံးချောင်း မြေခွေးက ငယ်သေးတယ် ... ငါတို့ကို သတိမထား မိလောက်ပါဘူး"

လူတိုင်းသည် အလွန်အမင်း ထိတ်လန့် နေကြသည်ကို လျှိုလောင်မြင်လျှင် ကြောက်လွန်း၍ အမှားလုပ်မိမည် စိုးကာ အနည်းငယ် နှစ်သိမ့်လိုက်သည်။ သို့သော် မည်မျှငယ်သော အမြီးသုံးချောင်း မြေခွေး ဖြစ်ပါစေ … ယ၎င်း၏ ရနံ့သည် သူတို့အားလုံးအား ရှင်းထုတ်နိုင်သည့် သေမင်းသဖွယ် တည်ရှိမှုကြီး ဖြစ်လေသည်။

လျှိုလောင်သည် အမြီးသုံးချောင်း မြေခွေးအား မြင်လိုက်သည်နှင့် ချက်ချင်း နောက်ဆုတ်ရန် စီစဉ် လိုက်နိုင်မှုကြောင့် သူတို့တွင် မျှော်လင့်ချက်များ ရှိသေးသည်။ ထို့ပြင် မနီးမဝေးရှိ တောအုပ်ထဲမှ ထွက်လာသော အမြီးသုံးချောင်း မြေခွေး၏ မျက်လုံးများသည် နတ်ဆိုး သားရဲများအား သတ်ဖြတ်နေသော ကျန်းရီထံတွင်သာ တစ်ချိန်လုံး ကျရောက် နေသည်ကို သူနှင့် ကျိလောင် နှစ်ယောက်လုံး မြင်လိုက်သည်။ ၎င်းသည် သူတို့အား သတိမပြု မိနိုင်ပေ။

***

"ကျီ ... ကျီ"

အမြီးသုံးချောင်း မြေခွေးသည် အမှန် တကယ်လည်း လူအုပ်အား သတိမပြုမိပေ။ ၎င်း၏ ကျောက်မျက်နှယ် မျက်လုံး သေးသေးလေး များသည်  ကျန်းရီထံတွင်သာ ရှိနေခဲ့သည်။ ၎င်းသည် အလွန်သေးငယ်ပြီး ကြောင်တစ်ကောင် ခန့်သာ အရွယ်အစား ရှိလေသည်။ ၎င်း၏ အမွေးများသည် မည်သည့် အရောင်မှ ရောမနေဘဲ နှင်းကဲ့သို့ ဆွတ်ဆွတ် ဖြူနေသည်။ တင်ပါးထက်မှ လှပသော အမြီးသုံးချောင်းသည် မရပ်မနား ယိမ်းနွဲ့ နေလေသည်။ ၎င်းသည်လည်း ငါးကြီးအန်ဖတ် ရနံ့၏ ဆွဲဆောင်မှုအား ခံထားရဟန် တူလေသည်။

"ဘန်း"

ကျန်းရီသည် ကျရောက် လာတော့မည့် အန္တရာယ်အား သတိပြုမိပုံ မရပေ။ အဘယ်ကြောင့် ဆိုသော် အမြီးသုံးချောင်း မြေခွေးသည် မည်သည့် အရှိန်အဝါကိုမှ မထုတ်လွှင့်ဘဲ ပုံမှန် နတ်ဆိုး သားရဲများကဲ့သို့ ရှိနေသောကြောင့် ဖြစ်လေသည်။ ၎င်းသည် အလွန်လှပသော ကြောင်လေး တစ်ကောင် အလားပင် ...

ကျန်းရီသည် အမြီးသုံးချောင်း မြေခွေးအား မြင်သည်မှာ ကြာပြီ ဖြစ်သော်လည်း ၎င်းကို လုံးဝ လျစ်လျူရှု ထားခဲ့သည်။ သူသည် အနီရောင် ဓားမြှောင်ကို ဝှေ့ယမ်း၍သာ ကျန်နတ်ဆိုး သားရဲများအား ဆက်လက် တိုက်ခိုက် နေခဲ့သည်။

"ကျီ ... ကျီ"

မြေခွေးငယ်သည် လူသား တစ်ယောက်အား မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ဟန် တူလေသည်။ ၎င်း၏ မျက်လုံးများသည် စူးစမ်းလိုမှုများနှင့် ပြည့်နေပြီး ကျန်းရီအား ကြည့်ကာ နှစ်ကြိမ်တိုင် ဆွဲဆွဲငင်ငင် အော်မြည် လာလေသည်။ သို့သော်လည်း သတ္တဝါလေးသည် သူ့ဘက်သို့ ကြည့်လာသော ကျန်းရီ၏ သွေးရောင် မျက်လုံးတစ်စုံအား ကြောက်လန့်သွားကာ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည်။ သို့သော် မကြာခင်တွင် ကျန်းရီထံ ထပ်မံ၍ တိုးသွားခဲ့ ပြန်သည်။

ကျန်းရီသည် ဆက်လက် တိုက်ခိုက် နေခဲ့သည်။ သူသည် ခုန်လိုက်၍ မျောက်ဝံတစ်ကောင်၏ ဦးခေါင်းထံ အနီရောင် ဓားမြှောင်ကို စိုက်ချလိုက်သည်။ မျောက်ဝံကြီး၏ ဦးခေါင်းထက်တွင် သွေးများ ထွက်နေသော အပေါက်ကြီး တစ်ခု ဖြစ်သွားခဲ့သည်။ ကျန်းရီသည် မျောက်ဝံ အသေကောင်ကြီးအား ကန်ထုတ် လိုက်သည်။ သူသည် ကိုယ်အား လှည့်လိုက်ကာ မျောက်ဝံကြီး၏ ကိုယ်ပေါ်နင်း၍ နောက်ဆုံး ကျန်နေသော ကျားအနွယ်ဝင် နတ်ဆိုးသားရဲ နှစ်ကောင်အား တိုက်ခိုက် လိုက်သည်။

ကျားအနွယ်ဝင် နတ်ဆိုးသားရဲ နှစ်ကောင်၏ အင်အားသည် သိပ်မကောင်းပေ။ သူတို့သည် ဒုတိယအဆင့် နတ်ဆိုးသားရဲများတွင် စွမ်းအား အနိမ့်ဆုံးကောင်များ ဖြစ်ကြသည်။ ကျန်းရီ၏ ရက်ရက်စက်စက် တိုက်ခိုက်မှုများ အောက်တွင် ကျားအနွယ်ဝင် နတ်ဆိုးသားရဲ နှစ်ကောင်သည် မကြာလိုက်သော အချိန်အတွင်း သေဆုံး သွားလေသည်။

ကျန်းရီ၏ ကိုယ်သည် နတ်ဆိုးသားရဲများ၏ သွေးများဖြင့် စွန်းထင်း နေလေသည်။ နတ်ဆိုးသားရဲ အသေကောင်များသည် နေရာအနှံ့ ပြန့်ကျဲနေခဲ့ပြီး သူသည် အလောင်းကောင်များ အလယ်တွင် ဝံ့ကြွားစွာ ရပ်နေခဲ့သည်။ သူ၏ သွေးရောင်မျက်လုံးများသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ သူ၏ အသိစိတ်မှာ အနည်းငယ် ပြန်ရလာခဲ့ပြီး ထိတ်လန့်စရာ တစ်စွန်းတစ်စကို အာရုံခံမိလိုက်သည်။ တိုက်ပွဲပြီးသွား တာတောင် ဘာလို့ ကျန့်ဝူရွှမ်းက သူ့ကို မေ့သွားအောင် လာမရိုက် သေးတာလဲ…

သူ၏ သွေးရောင် မျက်လုံးများ၏ အကြည့်သည် ကျောက်ကမူစွန်းထံ ရောက်ရှိသွားခဲ့သည်။ ကျောက်တုံးဂူဝသည် အမှန်တကယ် ပိတ်ဆို့ခံ ထားရသည်ကို မြင်လိုက်သောအခါ သူအံ့အားသင့် သွားခဲ့သည်။ သူသည် အချိန်ခဏမျ တွေဝေ သွားသော်လည်း အများကြီး တွေးမနေတော့ပေ။ သူ့စိတ်သည် အလျင်အမြန် တိုက်ပွဲအား ဆာလောင် လာခဲ့လေသည်။ သူသည် မြေခွေးငယ်အား လှည့်ကြည့်လိုက်ကာ  ၎င်းထံ ပြေးဝင်သွားတော့သည်။

"ကျီ ... ကျီ"

မြေခွေးငယ်လေးသည် အလွန်ငယ်ရွယ် သေးဟန် တူသည်။ ၎င်းသည် ကျန်းရီ သူ့ထံ ပြေးလာသည်ကို မြင်သောအခါ ကြောက်ရွံ့မှုကြောင့် ကိုယ်လေး ကျုံ့သွားခဲ့သည်။ မြေခွေးလေးသည် တိုက်ခိုက်မည့် အစား လှည့်ပြေးရန် ပြင်လိုက်သည်။

"သေစမ်း"

ကျန်းရီ၏ ပြေးနှုန်းသည် မြန်လွန်း မနေသော်လည်း သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် အားကောင်းလွန်း နေရာ မြေခွေးလေး၏ ပြေးနှုန်းအား ဖိနှိပ်ထား နိုင်လေသည်။ သူတို့အကြားရှိ အကွာအဝေးသည် ပို၍ လျော့ကျလာသည်နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိနှိပ်မှုသည် ပို၍ ပြင်းထန် လာခဲ့သည်။ မြေခွေးလေးသည် မရွေ့လျား နိုင်တော့ဘဲ မြေပြင်ပေါ်တွင် ခွေခွေလေးသာ လဲလျောင်း နေရလေသည်။

"ကျီ ... ကျီ"

မြေခွေးလေးသည် ခေါင်းလှည့်ကာ ကျန်းရီအား အထိတ်တလန့် ကြည့်နေခဲ့သည်။ ၎င်း၏ မျက်လုံးလေးများသည် ညှာတာပေးပါရန် တောင်းပန် နေသည့်အလား ... ၎င်းသည် အားကောင်းသော နတ်ဆိုး သားရဲတစ်ကောင်နှင့် လုံးဝမတူပေ။ လှပလွန်းသော အိမ်မွေးကြောင်လေး အလားပင် ...

ထိုအချိန်တွင် ကျန်းရီသည် လုံးဝအသိစိတ် လွတ်နေရာ မြေခွေးလေး၏ အမူအရာများကို လုံးဝ မမြင်ခဲ့ပေ။ သူတိုးကပ် သွားသည်နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါသည် ပိုမိုကြောက်စရာ ကောင်းလာလေရာ မြေခွေးလေးသည် ကြောက်လွန်း၍ တဆတ်ဆတ် တုန်ယင် နေတော့သည်။

အဆုံး၌ ၎င်း၏ မျက်လုံးများမှ အဖြူရောင် အလင်းတောက်ပ လာခဲ့ပြီး ၎င်း၏ ကိုယ်မှ ဆွဲဆောင်မှု ရှိလွန်းသော ရနံ့တစ်စ ထွက်ပေါ်လာခဲ့သည်။

မြေခွေးရနံ့…

စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များကိုတောင် ထိန်းချုပ်နိုင်သော ကြောက်စရာ မြေခွေးရနံ့ ထွက်ပေါ် လာခဲ့ပေပြီ။ ကျန်းရီသည် သတိထားမိဟန် မရဘဲ ရှေ့သို့သာ ဆက်တိုး လာခဲ့သည်။

"အမ်"

ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တစ်ခုခုကို သတိထား မိသွားဟန် တူလေသည်။ သူ့စိတ်သည် အလျင်အမြန် သတိဝင်လာခဲ့ပြီး ချောက်ချားဖွယ် အန္တရာယ် တစ်ခုက ချဉ်းကပ်လာသည်ကို အာရုံခံမိ လိုက်သည်။

"ဗုန်း"

သူသည် မြေပေါ်လဲကျ သွားခဲ့သည်။ သူ့မျက်လုံးများသည် သတိလစ် သွားသည့်အလား မျက်ဖြူလန် နေလေသည်။ သို့သော် သူ သတိလစ်သွားခြင်း မဟုတ်ကြောင်း စိတ်ထဲမှ သိနေလေသည်။ ၎င်းမှာ သူ့ကိုယ်အား သူ့အသိစိတ်နှင့် ထိန်းချုပ်၍ မရတော့သည့်နှယ် ...

ဘာတွေ ဖြစ်နေတာလဲ…

ကျန်းရီသည် အလွန်အမင်း ထိတ်လန့် နေလေသည်။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ချင် ပါသော်လည်း ပါးစပ်ဖွင့်၍ မရတော့သည်ကို ချောက်ချားစွာ သိရှိလိုက်ရသည်။ ထိုအချိန်တွင် သူ့မျက်လုံး များသည် မျက်ဖြူလန် နေရာမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး သူ့စိတ်သည်လည်း ကြည်လင် လာခဲ့သည်။ သူ့စိတ်သည် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်မှ လွတ်မြောက် သွားခဲ့ပေပြီ။

သူ့ကိုယ်ရော စိတ်ပါ အကောင်းအတိုင်း ရှိနေသေးသည်ကို သူ့စိတ်မှ ခံစားမိလိုက်သည်။ ပြဿနာသည် သူ့ကိုယ်အား သူထိန်းချုပ်၍ မရတော့ခြင်းပေ။

"ဒါ ... ဒါက ဘာလဲ"

မကြာခင်တွင် အကြောင်းအရင်းကို သူ သိလိုက်ရသည်။ ပုံရိပ်တစ်ခုသည် သူ့စိတ်အာရုံထဲတွင် ပေါ်လာသည်ကို သူတွေ့လိုက် ရလေသည်။ ၎င်းမှာ လှပသော မြေခွေးလေး တစ်ကောင်၏ ပုံရိပ်ဖြစ်ပြီး ထိုပုံရိပ်သည် သူ့စိတ်အာရုံထဲတွင် လှည့်လည်သွားလာ နေလေသည်။

"မြေခွေးလေး ... ထူးဆန်းတဲ့အနံ့ ... အမြီးသုံးချောင်း မြေခွေးများလား…"

ကျန်းရီသည် ချက်ချင်း သတိရသွားခဲ့သည်။ အမြီးသုံးချောင်း မြေခွေး၏ ဒဏ္ဍာရီကို သူကြားခဲ့ဖူး သော်လည်း လွန်ခဲ့သော အချိန်လေးက သတ်ဖြတ်ခြင်း အရှိန်အဝါ၏ လွှမ်းမိုးမှု အောက်သို့ ရောက်နေခဲ့သည်။ ထို့ပြင် မြေခွေးလေးသည် အားကောင်းသော နတ်ဆိုးသားရဲ တစ်ကောင်၏ အရှိန်အဝါမျိုး ရှိမနေရာ သူသည် ၎င်းအား အထွေအထူး လုပ်၍ အာရုံထား မနေလိုက်ပေ။ ယခုမူ ဘာဖြစ်နေသည်ကို သူကောင်းကောင်းကြီး သဘောပေါက် သွားပေပြီ။

"သွားပြီ ... ငါ့စိတ်ဝိညာဉ်က ဒီအမြီးသုံးချောင်း မြေခွေးရဲ့ အညှို့ ခံလိုက်ရပြီ ... ငါ ဒီအမြီးသုံးချောင်း မြေခွေးရဲ့ ရုပ်သေးရုပ် ဖြစ်လာတော့မယ် ... "

***

All Chapters