← Chapters

ကျွင်းယွဲ့နှင့် တိုက်ခိုက်ခြင်း

Vol. 22 Ch. 321

ကျွင်းယွဲ့နှင့် တိုက်ခိုက်ခြင်း

Vol. 22 Ch. 321

စင်မြင့်ပေါ်တွင် ရပ်နေသည့် ကျွင်းယွဲ့၏ တစ်ကိုယ်လုံးက ဓားတစ်လက်ပမာပင်။ သူ ယီယွင်ကိုကြည့်ကာ ပြုံးလိုက်ပြီး..." ငါ မင်းကို စောင့်ကြည့်နေခဲ့တာ အတော်ကြာပြီ "

ယီယွင် အံ့အားသင့်သွားကာ ကျွင်းယွဲ့ကို ကြည့်လိုက်သည်။

" တိုင်အာနတ်မြို့ရဲ့ ကျင့်ကြံသူတွေထဲမှာ မင်းက ငါ အတိုက်ခိုက်ချင်ဆုံးသူပဲ။ အခု ငါတို့ရဲ့တိုက်ပွဲကို ဘယ်သူမှ ကြားဝင်ပါလို့မရတော့ဘူး။ မင်း အကောင်းဆုံးအခြေအနေရမှ တိုက်ပွဲကို တိုက်ခိုက်လို့ရတယ်။ ဒါမှလဲ ဒီတိုက်ပွဲကို ငါ ကျေနပ်မှုရမှာ။ ငါ မင်းနဲ့အတူ တိုက်ခိုက်ရဖို့ကို မျှော်လင့်နေခဲ့တာ ကြာပြီ "

ကျွင်းယွဲ့က စကားဆိုနေရင်း သိုလှောင်လက်စွပ်ထဲမှ ဓားတစ်လက် ထုတ်ယူလိုက်သည်။

ဓားက အလွန်ရှည်လှပြီး တပ်တစ်ထောင်ဓားမောက်ထက်ပင် ပိုရှည်လေသည်။ ဓား၏အသွားက တစ်ပေခန့် ကျယ်သည်။ ဓားသွားအလယ်မှ မျက်နှာပြင်နှစ်ခု ဆုံရာနေရာသည် တစ်လက်မခန့် ထူလေ၏။ ယင်းက အလွန်လေးလံသော ဓားတစ်လက် ဖြစ်လေသည်။

ပရိတ်သတ်များ ဓားကိုမြင်လိုက်ချိန်တွင် ပါးစပ်အဟောင်းသား ဖြစ်သွားရလေ၏။ ဤမျှ အရွယ်အစားကြီးသည့် ဓားမျိုးကို မြင်ဖူးကြသူများ မများလှပေ။ မြင်ဖူးလျှင်ပင် သာမန်အလှဆင်ဓားတစ်လက်ကိုသာ မြင်ဖူးကြလိမ့်မည်။ ထိုကဲ့သို့ ဓားမျိုးကို ရန်သူအားသတ်ရန် အသုံးပြုသည်အား မမြင်ဖူးကြပေ။

" ဒီလို လေးလံတဲ့ဓားနဲ့ မင်း ဘယ်လိုခုတ်မှာလဲ။ ဒီဓားကို သွက်သွက်လက်လက် သုံးလိုမရဘူး " တိုင်အာနတ်မြို့မှ စစ်သည်တစ်ဦးက ဆိုလိုက်လေ၏။ လက်နက်တစ်ခုက ပိုရှည်လေ ပိုအားကောင်းလေဟု ဆိုရိုးရှိသော်ငြားလည်း ရှည်လွန်းလေ ပိုကောင်းလေဟု အမှန်တကယ်ဆိုလိုခြင်း မဟုတ်ပေ။

ဓားတစ်လက်က လူ့အရပ်ထက် ပိုရှည်နေမည်ဆိုလျှင် ခုတ်ပိုင်းချိန်၌ အဟန့်အတားဖြစ်နေမည်မှာ ၁၀၀% သေချာလေသည်။

တိုင်အာနတ်မြို့မှ စစ်သည်မှာ စကားမဆုံးနိုင်မီ ပါးစပ်ပိတ်သွားရလေ၏။ အကြောင်းကမူ သူ မြင်လိုက်ရသည့်အရာကြောင့် တုန်လှုပ်သွားရခြင်းကြောင့်ပင်။

ကျွင်းယွဲ့က လက်ကို အသာယမ်းလိုက်ရာ ဓားသည် လေထုထဲတွင် မြောလွင့်နေလေ၏။ ထို့နောက်တွင် ကျွင်းယွဲ့က ဓားသွားပေါ်သို့ အသာခုန်တက်သွားလေ၏။

ဘယ်လို...။

ပရိတ်သတ်များစွာ ကြောင်အသွားလေ၏။

ဓားပေါ်မှာ ပျံသန်းနေတာမလား။

ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်များက ပျံသန်းနိုင်ခြင်းမရှိသော်လည်း ကျွင်းယွဲ့က ဓားကြီးပေါ်တွင် ရပ်လိုက်ခြင်းအားဖြင့် အလိုရှိရာကို ပျံသန်းနိုင်သွားလေသည်။ ယင်းက ဓားကြီးတစ်လက် ရှိနေခြင်း၏ အားသာချက်ဖြစ်မည်မှာ သံသယဖြစ်ရန်မလိုပေ။

လူတစ်ဦး၏ ဥပဒေသက အဆင့်တစ်ခုအထိ ရောက်သွားခဲ့လျှင် ကို့ရို့ကားယားနိုင်သော တိုက်ခိုက်ရေးနည်းစနစ်ပေါင်းစုံကို အသုံးပြုနိုင်ကြသည်။ ယင်းက ဥပဒေသ၏စွမ်းအား ဖြစ်လေ၏။

" ငါတိုက်ခိုက်တော့မယ် "

ကျွင်းယွဲ့က မတိုက်ခိုက်မီတွင် ယီယွင်ကို သတိပေးခဲ့လေပြီး သူ၏ ကြီးမားသော ယုံကြည်ချက်ကို ပြသနေသည်။

ဝှစ်...။

ကျွင်းယွဲ့ ဓားပေါ်တွင် ရပ်နေလျက်ဖြင့်ပင် ဓားက ယီယွင်ဆီသို့ တိုးဝင်သွားလေသည်။ ဓား၏အမြန်နှုန်းက အလွန်တရာပင် မြန်ဆန်လှသည်။ ဓားက ယီယွင်နှင့် ပေသုံးဆယ်ခန့်အကွာတွင် မြည်သံတစ်ခုနှင့်အတူ ဓားကိုယ်ထည် ခွဲထွက်သွားလေ၏။

" ဘယ်လို "

ယီယွင်၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားလေ၏။ ဓားကြီးက ဓားပျံ ၂၄ ချောင်းအဖြစ် ခွဲထွက်သွားသည်ကို သူ မြင်လိုက်ရသည်။

ဓားကြီးက ဓားတစ်လက်တည်းမဟုတ်ဘဲ ဓားများစွာနှင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ ဓားက ထိုမျှအထိ ကြီးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။

စက္ကန့်ပိုင်းအတွင်းမှာ ဓားပျံ ၂၄ ချောင်းက ယီယွင်အား ဝိုင်းလာသည်။

တဒင်္ဂလှုပ်ရှားမှု... ။

ယီယွင်၏ခန္ဓာကိုယ်က ပုံရိပ်အကြွင်းအကျန်များစွာ ဖန်တီးပြီး လျင်မြန်စွာပင် ဆုတ်ခွာသွားလေ၏။

ဝှစ်...ဝှစ်...ဝှစ်... ။

ခရမ်းရောင်အဖြိုက်နက် ကြမ်းခင်းပေါ်တွင် ဓားပျံ ၂၀ ခန့်၏ ခုတ်ရာများ ဖြစ်ပေါ်သွားလေ၏။ တစ်ချိန်တည်းမှာ ဓားပျံနှစ်ချောင်းက ယီယွင်၏ ပါးပြင်နှင့် ခန္ဓာကိုယ်အနီးသို့ ရောက်လာသည်။ ထက်ရှသော ဓားပျံနှစ်ချောင်းက ယွမ်ချီအကာအကွယ်ကို ထိုးဖောက်သွားခဲ့ပြီး ယီယွင်၏ မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် သွေးစွန်းရာနှစ်ခု ပေါ်လာသည်။

" မင်းရဲ့အမြန်နှုန်းက မြန်လွန်းတယ်။ ဆိုးတာပဲ "

ကျွင်းယွဲ့က လက်နှစ်ဖက် ဆုပ်ကိုင်လိုက်သည်။

ဝှစ်...။

ယီယွင် ခြေထောက်အောက်မှ ခရမ်းရောင်အဖြိုက်နက် အခင်းပြားများထံမှ လက်မလုံးခန့်တုတ်သော သတ္တုချောင်းများ ထွက်လာသည်။ သတ္တုချောင်းများက ချက်ချင်းပင် လှောင်အိမ်တစ်ခု ဖြစ်သွားကာ ယီယွင်ကို ပိတ်လှောင်လိုက်လေသည်။

" ဒီတစ်ကြိမ်မှာ မင်း ဘယ်လိုရှောင်မလဲ "

ကျွင်းယွဲ့ တစ်ချက်တွေးလိုက်ရာ ဓားပျံ ၂၀ သည် လှောင်အိမ်ထဲမှ ယီယွင်ဆီသို့ ပြေးဝင်သွားလေ၏။

ထိုအခိုက်တွင် ယီယွင် ကြုံးဝါးလိုက်ပြီး ခန္ဓာကိုယ်မှ နေအလင်းချီများ မီးတောင်ပမာပင် ပေါက်ကွဲထွက်လာသည်။ သန့်စင်ယန်မီးတောက်၏ စွမ်းအားများက သတ္တုလှောင်အိမ်ကို အရည်ပျော်စေသည်အထိ လောင်ကျွမ်းပစ်ခဲ့ပြီး ယီယွင် လွတ်မြောက်လာသည်။

ထန်း...ထန်း...ထန်း...။

ယီယွင် ရပ်နေခဲ့သည့်နေရာ ခုတ်ပိုင်းခံလိုက်ရလေ၏။

ထိုစဥ် ယီယွင်က လေထဲတွင် ဦးတည်ရာအရပ် ပြောင်းလိုက်လေ၏။ သူ မရဏအသံလှိုင်းဓားကိုကိုင်ကာ ကျွင်းယွဲ့ဆီသို့ တိုးဝင်သွားရင်း အောက်ဘက်ဆီသို့ ခုတ်ပိုင်းလေသည်။

ဓားမောက်အမှန်တရား ၃၂ ခု ၊ အကြီးမြတ်ဆုံး အုပ်စိုးမှု။

မြစိမ်းရောင် ဓားမောက်အလင်းက လေထုကို ထိုးဖောက်ကာ တဝီဝီမြည်သံများ ပေးလေသည်။ မရဏအသံလှိုင်းဓားက အသံနှင့်ပင် လူသတ်နိုင်လေ၏။

ကျွင်းယွဲ့က တည်ငြိမ်နေဆဲပင်။ သူ လက်ဝါးဆန့်ကာ ယီယွင်၏တိုက်ခိုက်မှုကို လက်ဗလာနှင့် ခုခံလိုက်လေ၏။

ဘယ်လို...။

လူအများ ထိတ်လန့်သွားသည်။ သို့သော် ယီယွင်၏ဓားမောက်က ကျွင်းယွဲ့၏လက်ဝါးကို ခုတ်မိတော့မည့်အချိန်တွင် လက်ဝါးရှေ့၌ သတ္တုဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။

ဘုန်း...။

မရဏအသံလှိုင်းဓားမောက်က ဒိုင်းအား ခုတ်ပိုင်းမိလေသည်။ မရဏအသံလှိုင်းဓားကြောင့် ပေဝက်ခန့်ထူသော ဒိုင်းကာ နှစ်ပိုင်းပြတ်သွားရလေ၏။ သို့သော် ဓားမောက်စွမ်းအားများ ပျောက်ကွယ်သွားရလေ၏။

" ကောင်းလိုက်တဲ့ ဓားမောက်သိုင်း "

ကျွင်းယွဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားကာ နှလုံးသားအောက်ခြေမှ လေးစားသွားရလေသည်။ သူ့ထက် ကျင့်ကြံမှုအဆင့် ပိုနိမ့်သည့် ယီယွင်အား ယခုထိတိုင် အနိုင်မယူနိုင်သေးချေ။

ယီယွင်၏ ဓားမောက်အမှန်တရားအပေါ် ထိုးထွင်းသိမြင်မှုက ကျွင်းယွဲ့ကို တုန်လှုပ်စေခဲ့သည်။

ကျွင်းယွဲ့က လက်ချောင်းများ လှုပ်လိုက်လေရာ သတ္တုဒိုင်းကာ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် သတ္တုချပ်ဝတ် ပေါ်ထွက်လာလေ၏။

ဤသတ္တုချပ်ဝတ်က ချိုးနျို၏ သတ္တုချပ်ဝတ်ထက် များစွာပိုထူသည်။ သတ္တုချပ်ဝတ်၏ အလေးချိန်ကို မှန်းဆ၍မရသော်လည်း ကျွင်းယွဲ့အတွက်မူ အနည်းငယ်ပင် လေးလိမ့်မည်မဟုတ်ကြောင့် ယီယွင် သိသည်။ အကြောင်းကမူ ကျွင်းယွဲ့က သတ္တုကို လိုသလိုထိန်းချုပ်နိုင်နေခြင်းကြောင့်ပင်။

" ဒီစစ်ချပ်ဝတ်ကို ထိုက်ခန်းသတ္တုနဲ့ အထူးဖန်တီးထားတာပဲ။ ချပ်ဝတ်က ငါ့ဆန္ဒအတိုင်း အကုန်လုပ်တယ်။ ငါ ယွမ်ချီ ထိုသွင်းလိုက်မယ်ဆိုရင် ချပ်ဝတ်က ဖျက်ဆီးမရနိုင်အောင် ဖြစ်သွားလိမ့်မယ်။ မင်းရဲ့ယွမ်ချီက ငါ့ထက် နိမ့်နေမယ်ဆိုရင် ငါ့ရဲ့အကာအကွယ်ကို ထိုးဖောက်ဖို့က မဖြစ်နိုင်ဘူး။ ငါ့ရဲ့ကျင့်ကြံမှူ ယွမ်အုတ်မြစ်ချနယ်ပယ် အစောပိုင်းအဆင့်အထိ ဖိနှိမ်ထားရပေမဲ့ ငါ့ရဲ့ယွမ်ချီတွေက မင်းထက် အပုံကြီးသာတယ်။ ဒါကြောင့် မင်း ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး " ကျွင်းယွဲ့၏ လေသံက တည်ငြိမ်နေသည်။

" မင်းရဲ့အကာအကွယ်ကို မထိုးဖောက်နိုင်ဘူးတဲ့လား " ယီယွင်၏ မျက်ဝန်းတွင် အလင်းတစ်ခု တောက်ပသွားလေ၏။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြဲတမ်းလိုပင် ယုံကြည်ချက်ရှိသည်။

" ငါ ကြိုးစားကြည့်မယ် "

ယီယွင် ခြေတစ်လှမ်းတိုးလိုက်ရာ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျွင်းယွဲ့ဆီသို့ တည့်တည့်ဦးတည်သည်။

ဘုန်း...။

ယီယွင်ထံမှ နေအလင်းချီ ပေါက်ကွဲထွက်လာကာ ကျောဘက်တွင် ထန်တောင်ကြားပုံရိပ် ထွက်ပေါ်လာ၏။ မရဏအသံလှိုင်းဓားတွင် သန့်စင်ယန်မီးတောက်များ စတင်တောက်လောင်လာလေ၏။

ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ ဓားမောက်နဲ့တစ်သားတည်း။

ရွှတ်...။

ခုတ်ချက်နှင့်အတူ သန့်စင်ယန်မီးတောက်များ ပေါက်ကွဲထွက်လာပြီး လူတိုင်း မျက်စိပျာသွားရလေ၏။

ယီယွင်၏ ဓားမောက်ဖျားက ကျွင်းယွဲ့၏ချပ်ဝတ် ညာဘက်ပခုံးမှ ဘယ်ဘက်ပေါင်အထိ ခုတ်ချသွားလေသည်။ ချပ်ဝတ်ပေါ်တွင် အရည်ပျော်နေသည့် ခုတ်ရာတစ်ခု ကျန်ရစ်ခဲ့လေ၏။

အိုး...။

ယီယွင် အံ့အားသင့်သွားသည်။ ဤတိုက်ခိုက်မှုတွင် သူက အားထိန်ချန်မထားသော်လည်း မရဏအသံလှိုင်းဓားက ကျွင်းယွဲ့အား ခုတ်မိချိန်တွင် ကျွင်းယွဲ့၏ ချပ်ဝတ်ထံမှ ယွမ်ချီများ ထကြွလာသည်ဟု ခံစားရသည်။ ကျွင်းယွဲ့၏ယွမ်ချီက သတ္တုအဆီအနှစ်နှင့် တစ်သားတည်းပေါင်းစည်းနေပြီး သူ၏နေအလင်းချီကို ကြီးစွာပင် အားလျော့သွားစေသည်။ သူ ကျွင်းယွဲ့၏ခန္ဓကိုယ်ကို ထိခိုက်အောင် လုပ်နိုင်ခြင်းမရှိပေ။

" ကောင်းလိုက်တဲ့ တိုက်ခိုက်မှု " ကျွင်းယွဲ့ အံကျိတ်လိုက်၏။ သူ ယွမ်ချီများ စတင်လည်ပတ်လိုက်သည်။

" ဒါပေမဲ့ မင်းက နည်းနည်းလေး လိုနေသေးတယ် " ကျွင်းယွဲ့ ပြုံးလိုက်သည်။ ကျွင်းယွဲ့၏ မျက်ဝန်းတွင် အလင်းတစ်ခု တောက်ပသွားလေ၏။

ဝှစ်...။

ဓားပျံ ၂၄ ချောင်းသည် ယီယွင်ဆီသို့ ထိုးဖောက်သွားလေ၏။

ဘုန်း...။

ဓားပျံ ၂၄ ချောင်း ခရမ်းရောင်အဖြိုက်နက် အခင်းပြားထဲသို့ စိုက်ဝင်သွားကြသည်။ ယွမ်ချီ ပေါက်ကွဲမှုနှင့်အတူ ယီယွင်က တဒင်္ဂလှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ သူ နောက်သို့ခုန်ဆုတ်သွားပြီး မြေပြင်သို့ ခြေချမိချိန်တွင် ခြေဆယ်လှမ်း ထပ်မံကာဆုတ်သွားသည်။ သူ၏ ချီနှင့်သွေးများ ဗြောင်းဆန်နေလေ၏။

ကျွင်းယွဲ့၏ ခုခံနိုင်စွမ်းက သန်မာလွန်းလေ၏။ အစောပိုင်းက ယီယွင် အနိုင်ယူခဲ့သည့် ခွေ့ယွီနှင့် လုံးဝမတူသောအဆင့်တွင် ရှိနေလေသည်။

ကျွင်းယွဲ့က အကြွင်းမဲ့ခုခံနိုင်စွမ်းဟု ပြောခဲ့သည်မှာ ကြွားနေခြင်းမဟုတ်ပေ။ ကျွင်းယွဲ့ထက် ယွမ်ချီနိမ့်သူများက ကျွင်းယွဲ့၏ ခုခံနိုင်စွမ်းကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။

လက်ရှိတွင် ကျွင်းယွဲ့၏ချပ်ဝတ်က စတင်ကာ ပြန်လည်ပြုပြင်နေလေ၏။ ယီယွင် ချန်ထားပေးခဲ့သည့် ခုတ်ရာကြီးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

တိုင်အာနတ်မြို့မှ ပရိတ်သတ်များမှာ မြင်ကွင်းကိုကြည့်ကာ မည်သို့ပြောရမည်မှန်း မသိကြတော့ချေ။ ဥပဒေသကို ဤကဲ့သို့ ထိန်းချုပ်မှုမျိုးက ကြောက်စရာကောင်းလွန်းလှသည်။ ကျွင်းယွဲ့၏ ခုခံနိုင်စွမ်းကို တစ်ချက်တည်း ထိုးဖောက်နိုင်ခြင်းမရှိပါက ချပ်ဝတ်သည် ပြန်ကောင်းသွားလိမ့်မည် ဖြစ်ချေ၏။

" ကျွင်းယွဲ့.... ကျွင်းယွဲ့... "

ယွင်လုံနတ်ပြည်ထောင်မှ ကျင့်ကြံသူများ စတင်ကာ အားပေးကြလေသည်။ အမျိုးသမီး ကျင့်ကြံသူများက အသံအကျယ်ဆုံးပင်။ စစ်သည်လောကတွင် အားကောင်းပြီး ပါရမီထူးချွန်သည့် ယောက်ျားတစ်ဦးက အမျိုးသမီးများ၏ နှလုံးသားများကို အလွယ်တကူပင် သိမ်းပိုက်နိုင်လေသည်။

" ကျွင်းယွဲ့ နိုင်မှာသေချာတယ် "

" တိုင်အာနတ်မြို့ကို အပြတ်ရှင်းပစ်။ အသုံးမကျတဲ့ အရူးတွေကို သတ်ပစ် "

ယွင်လုံနတ်ပြည်ထောင်မှ လူများ၏အော်သံများက ပိုကျယ်လောင်လာခဲ့ပြီး တိုင်အာနတ်မြို့မှ လူများမှာမူ မျက်နှာများ မကောင်းလှတော့ပေ။

ယီယွင်၏အမူအရာ တည်ကြည်နေသည်။ ဤပြိုင်ဘက်က အမှန်တကယ်ပင် လှည့်ကွက်များလေ၏။

ဓာတ်ငါးပါးဥပဒေသက သန့်စင်ယန်ဥပဒေသထက် အဆင့်နိမ့်သော်လည်း တစ်ဖက်လူ၏ ဥပဒေသအပေါ် ထိုးထွင်းသိမြင်မှုက သူ့ထက် သာလွန်နေချိန်တွင် ဥပဒေသစွမ်းကို ဥပဒေသများ၏ အဆင့်မတူညီမှုများနှင့် တိုင်းတာ၍မရတော့ပေ။

ယီယွင်က တုန်လှုပ်ဖွယ်ကောင်းသည့် ရှုထောင့်ပုံရိပ်ကို နောက်ဆုံးမှသာ သုံးလိုခဲ့သည်။ သူသာ ရှုထောင့်ပုံရိပ်ကို သုံးလိုက်လျှင် ဖြေရှင်းချက်များ ပေးရပေတော့မည်။ သို့သော် လက်ရှိတွင်မူ သာမန်တိုက်ခိုက်မှုများက ကျွင်းယွဲ့အား ထိခိုက်နိုင်စေခြင်း မရှိပုံပင်။

ကျွင်းယွဲ့က သတ္တုချပ်ဝတ်ကို ထိန်းချုပ်ကာ ဖြည်းညင်းစွာ စတင်ပျံသန်းလာ၏။ လေထဲမှ ကျွင်းယွဲ့က ယီယွင်အား အာဏာရှင်တစ်ဦးပမာ ကြည့်နေသည်။ ဓားပျံ ၂၄ ချောင်းက သူ၏ဘေးပတ်လည်တွင် ဒေါင်းတစ်ကောင် အမြီးဖြန့်ထားသည့် ပုံစံအတိုင်း ရှိနေလေ၏။

" မင်းရဲ့အမြန်နှုန်းက အရမ်းမြန်ပြီးတော့ လှုပ်ရှားမှုနည်းစနစ်ကလည်း အားကောင်းတယ်။ ငါ့ရဲ့ ဓားတွေအပေါ်မှာ စွမ်းအားအကုန် ဖြည့်ပေးထားတာတောင် မင်းကို ဒဏ်ရာအပြင်းအထန်ရအောင် မလုပ်နိုင်သေးဘူး။ ဒါကြောင့် ငါ့ရဲ့နောက်ဆုံးဓားကို သုံးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး "

ကျွင်းယွဲ့ စကားဆိုနေရင်းဖြင့် ခန္ဓာကိုယ်သည် သက်တံ့ရောင်အလင်း တောက်ပလာလေ၏။ သူ၏ကျောဘက်၌ ခရမ်းရောင်စွမ်းအင်ဓားတစ်လက် ပေါ်လာကာ လက်ထဲသို့ ရောက်လာသည်။

ထိုစွမ်းအင်ဓားက သေးသွယ်ရှည်လျား၏။ ဓားသည် ကျွင်းယွဲ့၏လက်တွင် ခရမ်းရောင်အလင်း တောက်ပနေသည့်နှယ် ဖြစ်နေလေ၏။

ပရိတ်သတ်များမှာ ခရမ်းရောင်အလင်းကိုကြည့်ကာ ကြီးစွာထိတ်လန့်သွားကြ၏။

" ရှုထောင့်ပုံရိပ်... ဒါက ကျွင်းယွဲ့ရဲ့ ရှုထောင့်ပုံရိပ် "

ဓားသဏ္ဌာန် ရှုထောင့်ပုံရိပ်သည် ဓားသမားများ အိပ်မက်မက်ကြရသည့် ရှုထောင့်ပုံရိပ်တစ်ခု ဖြစ်လေ၏။

ရှုထောင့်ပုံရိပ် ထုတ်ဖော်လာသည့် ကျွင်းယွဲ့က အားကုန်ထုတ်တော့ပေမည်။

All Chapters