အဆိပ်ဥပဒေသ
Vol. 22 Ch. 314
" ယီယွင်... ငါနဲ့တွေ့တာ မင်း ကံဆိုးတာပဲ။ ဒီနေ့တိုက်ပွဲကို မင်းတစ်သက်လုံး မှတ်မိနေအောင် လုပ်ပေးမယ် " တိုက်ပွဲမစမီတွင် မြေပွေးက ယီယွင်ကို အသံပို့လွှတ်ကာ ပြောလိုက်လေ၏။
ယီယွင် မျက်မှောင်ကုတ်လိုက်၏။ မြေပွေးက သူ့အား အစောပိုင်းကတည်းကပင် ပစ်မှတ်ထားနေခဲ့လေ၏။ ယင်းကိစ္စက သူက စွန်းလုံကို ရိုက်နှက်ထားခဲ့ခြင်းကြောင့် မဟုတ်ချေ။ ထိုသို့သာမဟုတ်ပါက မြေပွေးကိုယ်တိုင် စင်ပေါ်သို့ ဦးစွာတက်လာမည် မဟုတ်ချေ။
" မင်းက ငါ့ကို ဘာကြောင့် ပစ်မှတ်ထားနေတာလဲ " ယီယွင်က အသံပို့ကာ မေးလိုက်သည်။ သူက ယခင်နှစ် တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်နေခြင်းကြောင့် မြေပွေးက သူ့အား စိတ်စားနေခြင်းဖြစ်သည်ဟု သူ မယုံကြည်ပေ။ မြွေပွေးက အလွန်မောက်မာတတ်သူဖြစ်ကြောင်း သိသာသည်။ ထို့ကြောင့် သူ့ထက် အဆင့်နိမ့်သူတစ်ဦးကို စိတ်ဝင်စားမည်မဟုတ်ပေ။
နောက်ကွယ်တွင် အခြားတစ်ယောက်ရှိနေ၍သာ မြေပွေးက သူ့အား တမင်ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု ယီယွင် သံသယဖြစ်မိသည်။
" ဟဲဟဲ... မင်း ဒီအကြောင်းကို တွေးချိန်ရပါသေးတယ်။ မင်းအခြေအနေကို မင်း မသိသေးတဲ့ပုံပဲ။ ခဏကြာရင် ငါ မင်းကို နှိပ်စက်ပေးမယ်။ အခု မင်း အရှုံးပေးမယ်ဆိုရင် အချိန်ရှိသေးတယ်။ မင်း အရှုံးမပေးရင်တော့ ငါ မင်းကို စကားမပြောနိုင်အောင်လုပ်ပြီး စွန်းလုံထက် အဆတစ်ရာလောက် ပိုဆိုးသွားအောင် လုပ်ပေးမယ် "
မြွေပွေးက ထိုစကားများ ပြောလိုက်ချိန်တွင် ခေါင်းဆောင်နှစ်ဦး၏ တိုက်ပွဲအတွက် ဒိုင်အဖြစ် လုပ်ပေးသည့် ဥပဒေထိန်းတစ်ဦးက သူတို့နှစ်ယောက်အား အသင့်ဖြစ်ပြီလားဟု မေးခဲ့လေသည်။
" ကျုပ် အသင့်ပဲ "
ယီယွင်က ခေါင်းညိတ်လိုက်ပြီး လက်ကောက်ဝတ်အား အသာဖြေလျော့ သွေးများ တစက်စက်ကျဆင်းနေဖြစ်သည့် သတ္တုအုတ်ခဲကို ဝှေ့ယမ်းနေသည်။
အိုး...။
ဥပဒေထိန်း မှင်တက်မိသွား၏။ ယီယွင်က သည်အတိုင်း တိုက်ခိုက်ပေတော့မည်လော။
ဥပဒေထိန်းသာမက ဝမ်ယွီနှင့် အခြားသူများပင် မှင်တက်မိနေသည်။ ကျင့်ကြံမှုအဆင့် ကွာခြားချက်ကြောင့် ယီယွင်က မြွေပွေးကို ရင်ဆိုင်ရာတွင် ခက်ခဲလိမ့်မည်ဟု သူတို့က ခံစားမိနေကြသည်။ သို့တိုင်အောင်ပင် ယီယွင်က လက်နက်ထုတ်ရန် မရွေးချယ်ဘူးတဲ့လား။
" ဒီကောင်လေးက စိတ်ပူရအောင် အတော်လုပ်တာပဲ "
ခန်းယန်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။ ဤကောင်လေး ယီယွင်က သူ၏ ဆန်းကြယ်ပုံရိပ်နည်းစနစ်အဖြစ် သားရဲတစ်သောင်းပုံရိပ်ကို ရွေးချယ်ခဲ့ပြီး ဓားမောက်သင်္ချိုင်းထဲမှ သင်ယူပြီးနောက်တွင် ဓားသင်္ချိုင်းထဲသို့ ဝင်ခဲ့လေ၏။ ယခုတွင်မူ ထိုကောင်လေးက ယွင်လုံနတ်ပြည်ထောင်မှ သူ့ထက် ကျင့်ကြံမှုပိုမြင့်သော ပါရမီရှင်တစ်ဦးကို အုတ်ခဲတစ်လုံး အသုံးပြုကာ ရင်ဆိုင်နေပြန်ချေ၏။
ထိုအရာများကို သာမန်လူတစ်ဦးက လုပ်ပါမည်လော။
မြွေပွေးက ယီယွင်၏စကားကြောင့် အားပါးတရ ရယ်မောကာ..." မင်းရဲ့ဦးနှောက်က ပုံမှန်ပဲလား။ မင်းက ငါနဲ့ရင်ဆိုင်မှာကို အုတ်ခဲတစ်လုံးပဲ သုံးမှာလား "
ယီယွင်က ပြုံးကာ..." ဒါက ငါ့လက်နက် မဟုတ်ဘူးလို့ ဘယ်သူကပြောလဲ။ ငါ့ဓားမောက်ကို လေးစားဖို့ထိုက်တန်တဲ့ ပြိုင်ဘက် ဒါမှမဟုတ် အားကောင်းတဲ့ ပြိုင်ဘက်နဲ့တွေ့မှ ထုတ်သုံးမယ်လို့ ငါ ပြောပြီးသားလေ။ သောက်ပိန်းတွေနဲ့ ရင်ဆိုင်ဖို့က အုတ်ခဲနဲ့ဆို လုံလောက်တယ် "
ယီယွင်၏စကားကြောင့် ဝမ်ယွီနှင့် အဖွဲ့ဝင်များ အသက်ရှုမှားသွားရလေ၏။ မြွေပွေးက အရူးတစ်ယောက် ဖြစ်လေ၏။ သို့တိုင်အောင်ပင် ယီယွင်က မြွေပွေးကို တမင်ရန်စနေချေသည်။ မြွေပွေးသာ အမှတ်တကယ် ရူးသွပ်သွားပါက ရလဒ်များကို မှန်းဆနိုင်မည်မဟုတ်တော့ပေ။
မြွေပွေး၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ..." ငါနားလည်ပြီ... ငါ မင်းကို တမလွန်ပို့ပေးမယ် "
ဝှစ်...။
မြွေပွေး ရှေ့သို့တက်လာသည်။ သူ၏အမြန်နှုန်းက အလွန်တရာပင် မြန်ဆန်လှပြီး မြေပြင်ပေါ်တွင် အရိုးမပါသည့်ပမာ လှုပ်ရှားနေလေ၏။ သူက စပါးအုံတစ်ကောင်ပမာပင် ရှေ့သို့ မြန်ဆန်စွာ သွားနေသည်။
လူများစွာအဖို့ ဤကဲ့သို့ ထူးဆန်းသော လှုပ်ရှားမှုနည်းစနစ်ကို ပထမဆုံး မြင်ဖူးကြခြင်း ဖြစ်လေ၏။
" သေစမ်း "
မြွေပွေးက လက်သည်းနှင့် ကုတ်လိုက်သည်။ သူ၏လက်နက်ကလည်း သတ္တုလက်သည်းဖြစ်ပြီး အထက်မှအောက်သို့ ကုတ်ချလာသည်။ သူ၏ပစ်မှတ်က ယီယွင်၏မေးစေ့ ဖြစ်လေ၏။
ယီယွင်၏အကြည့်များ အေးစက်သွားပြီး အုတ်ခဲကိုပင့်ကာ သတ္တုလက်သည်းအား ခုခံလိုက်သည်။
အုတ်ခဲတစ်ခုက လက်သည်းနှင့် ရင်ဆိုင်ချိန်တွင် တောင့်တင်းသော အုတ်ခဲက အရေးသာလေသည်။ သို့သော် ထိုအခိုက်တွင် မြွေပွေး၏ ခန္ဓာကိုယ်ပေါ်မှ အဆိပ်ပြင်းမြွေက ယီယွင်၏ ရင်ဘက်ဆီသို့ တိုးဝင်လာကာ တိုက်ခိုက်လေသည်။
နှလုံးဖောက်မြွေ...။
နှလုံးဖောက်မြွေက အလွန်ပင် အန္တရာယ်များသော ပျက်စီးခြင်းသားရဲတစ်ကောင် ဖြစ်လေ၏။ သို့သော် မြွေပွေးက ပျက်စီးခြင်းသားရဲတစ်ကောင်ကို မည်သို့ ထိန်းချုပ်နိုင်နေလေသနည်း။ လူသားများက ပျက်စီးခြင်းသားရဲများကို ယဥ်ပါးအောင်လုပ်ရန် အလွန်ခက်ခဲလိမ့်မည်ဟု ယီယွင် ထင်မိသည်။
ယီယွင် ထိုအကြောင်းကို များစွာတွေးနေချိန်မရပေ။ နှလုံးဖောက်မြွေက သူ၏နှလုံးကို တိုက်ခိုက်မိတော့မည့်အချိန်တွင် သူ ခုန်ဆုတ်သွားလေ၏။
သို့သော် မြွေပွေးက လျင်မြန်စွာလိုက်ပါလာပြီး ပြုံးကာ..." မင်း ပွဲသိမ်းပြီ "
မြွေပွေး၏ လူသတ်ချီ ပေါက်ကွဲထွက်လာကာ ယွမ်ချီနှင့် ပေါင်းစည်းသွားပြီး မြင်နိုင်သော အနက်ရောင်လေစီးကြောင်းများ ဖြစ်လာလေ၏။ ထိုလေစီးကြောင်းများက ယီယွင် ရှောင်တိမ်းနိုင်သည့် နေရာအားလုံးကို ပိတ်ဆို့ထားလေသည်။
" မင်း ဒါကို ဘယ်လိုရှောင်မလဲဆိုတာ ငါကြည့်မယ် "
တစ်ချိန်တည်းမှာပင် မြွေပွေး၏ လက်သည်းနှင့် အဆိပ်ပြင်းမြွေတို့က ယီယွင်အား တိုက်ခိုက်လာလေ၏။
အဆိပ်ပြင်းမြွေက ယီယွင်အား ကိုက်မိတော့မည့်အချိန်တွင် ယီယွင်၏ခန္ဓာကိုယ် ဝေဝါးသွားကာ အရိပ်ပေါင်းများစွာ ထွက်ပေါ်လာ၏။
အောင်မြင်မှုကြီးအဆင့် တဒင်္ဂလှုပ်ရှားမှု...။
ယီယွင်က လေထဲတွင် ဦးတည်ရာများ ဆက်တိုက်ပြောင်းလဲကာ လူသတ်ချီ ပိတ်ဆို့ထားသည့် လမ်းကြောင်းများကို ဖောက်ထွက်နေသည်။ သူ ဆယ်ကြိမ်ခန့် ဆက်တိုင်ရှောင်ခဲ့လေပြီး မရှောင်နိုင်တော့သည့်အဆုံးတွင် အုတ်ခဲနှင့် ရိုက်သည်။
ဖောင်း...ဖောင်း...ဖောင်း...။
ယီယွင်ကို ပိတ်လှောင်ထားသည့် လူသတ်ချီသုံးခု ပြိုကွဲသွားလေ၏။
ရှီး...။
ထိုစဥ် အဆိပ်ပြင်းမြွေက ယီယွင်၏ကျောဘက်မှ ရောက်လာသည်။ နှလုံးဖောက်မြွေက ဖြတ်ချန်ခဲ့၍မရဘဲ ယီယွင်၏နောက်သို့ ယင်ကောင်ပမာ လိုက်နေလေ၏။
နှလုံးဖောက်မြွေက အလွန်မြန်ဆန်သော်လည်း ယီယွင်၏ စွမ်းအင်မြင်ကွင်းထဲတွင်မူ နှလုံးဖောက်မြွေ၏ တိုက်ခိုက်ရာလမ်းကြောင်းကို လှည့်မကြည့်ဘဲ မြင်နေရလေ၏။ ယီယွင် အုတ်ခဲနှင့်ရိုက်ကာ တိုက်ခိုက်လိုက်သည်။
ဖောင်း...။
ယီယွင်၏ အုတ်ခဲက နှလုံးဖောက်မြွေ၏ ခေါင်းကို ပြင်းထန်စွာ ရိုက်မိသွားလေ၏။ နှလုံးဖောက်မြွေ လွင့်စဥ်သွားရသည်။
ဘယ်လို...။
ယီယွင်ကြောင့် လူသတ်ချီများစွာ ပြိုကွဲသွားရပြီး နှလုံးဖောက်မြွေလည်း လွင့်စဥ်သွားလေသောကြောင့် မြွေပွေး ကြီးစွာပင် ထိတ်လန့်သွားရသည်။
ထုံသော လက်နက်တစ်ခုကို ကိုင်ထားသည့် ယီယွင်၏ တိုက်ခိုက်မှုအမြန်နှုန်းက ကြီးစွာပင် အကန်အသတ်ဖြစ်သင့်သည်။ ထို့ကြောင့် လျှပ်ပြက်သည့်ပမာ မြန်ဆန်သော နှလုံးဖောက်မြွေက ယီယွင်၏အုတ်ခဲနှင့် အရိုက်ခံရမည်ဟု ထင်မထားခဲ့ပေ။
မြွေပွေးသည် ယီယွင်ကို စူးစိုက်ကြည့်နေပြီး မျက်ဝန်းထဲတွင် ထိတ်လန့်ဟန်အချို့ ထွက်ပေါ်နေသည်။
သူတို့နှစ်ဦးက စက္ကန့်အနည်းငယ်သာ လက်ရည်ယှဥ်ခဲ့ရသည်။ ကြည့်ရှုသူများစွာအဖို့ အဖြစ်အပျက်များကို တုန့်ပြန်ချိန်ပင် မရခဲ့ပေ။ တိုက်ခိုက်မှုများက မြန်ဆန်လှသောကြောင့် ဝမ်ယွီကဲ့သို့ လူများအဖို့ မြင်ပင် မမြင်လိုက်ကြရပေ။ တိုက်ပွဲက အသက်ရှုမှားအောင် ပြင်းထန်သည်ဟုသာ သူတို့ ခံစားမိကြသည်။
" စီနီယာယီ အံ့ဩစရာပဲ။ သူ လုံးဝကို အရေးနိမ့်မနေဘူး " ဝမ်ယွီနှင့် အဖွဲ့ဝင်များအတွက်မူ ယွမ်အုတ်မြစ်ချနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ကာ အရေးမနိမ့်သည်မှာ အံ့ဩဘနန်းဖြစ်ရပ် ဖြစ်လေ၏။
" စီနီယာယီက ဓားမောက်ကိုတောင် မသုံးရသေးဘူး "
ယီယွင်၏အဖွဲ့မှ တပ်သားသစ်များအားလုံး မျက်ဝန်းများ တောက်ပနေကြလေ၏။ ယီယွင်က မြွေပွေးနှင့် ရင်ဆိုင်ရာတွင် ဓားမောက်ကို အသုံးမပြုသည့်တိုင်အောင် အုတ်ခဲနှင့် ယီယွင်က အားနည်းသည်ဟု အထင်ရောက်နေလျှင် အကြီးအကျယ် မှားယွင်းသွားပေလိမ့်မည်။ ယီယွင် ပြောခဲ့သကဲ့သို့ပင် အုတ်ခဲ့သည်လည်း လက်နက် ဖြစ်လေ၏။
မြွေပွေး၏အမူအရာ သုန်မှုန်နေ၏။ အောင်ပွဲက သူ့အတွက်ဟုသာ ထင်ထားမိခဲ့ပြီး ယီယွင်က တန်ပြန်တိုက်ခိုက်နိုင်ကာ နှလုံးဖောက်မြွေကိုပင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ယွမ်အုတ်မြစ်ချနယ်ပယ်ဖြစ်သည့် သူက တစ်နှစ်ပိုငယ်သော ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးကို တစ်ကွက်တည်းနှင့် အသေမသတ်နိုင်သည်မှာ အရှက်ကွဲရသည်ဟု သူ ခံစားရလေသည်။
ရှီး...။
နှလုံးဖောက်မြွေက မြွေပွေး၏ ပခုံးပေါ်သို့ ပြန်တက်လာကာ လျှာထုတ်ပြနေသည်။
ယင်းကြောင့် ယီယွင် ထိတ်လန့်သွားရ၏။ နှလုံးဖောက်မြွေက ဦးခေါင်းအား ပြင်းထန်စွာ ရိုက်ခံထားရသည့်တိုင်အောင် သေဆုံးခြင်းမရှိဘဲ ခံနိုင်ရည်ရှိနေ၏။ ဤမြွေက သာမန်နှလုံးဖောက်မြွေများထက် ပိုအားကောင်းလေသည်။
ဟူး...။
ထိုစဥ် နှလုံးဖောက်မြွေထံမှ အစိမ်းရောင်ချီများ ထွက်လာလေ၏။ နှလုံးဖောက်မြွေထံမှ မြည်သံများ ထွက်ပေါ်လာကာ ခန္ဓာကိုယ်တွင် ကြေးခွံလွှာတစ်ခု ကြီးထွားလာသည်။ ထိုကြေးခွံလွှာက ဓားသွားပမာပင် ထက်ရှလေ၏။
" ဒါက..." ယီယွင် တုန်လှုပ်သွားရ၏။ နှလုံးဖောက်မြွေက အဘယ်သို့များ အသွင်ပြောင်းနိုင်နေလေသနည်း။ ထိုခံစားချက်က ရှုထောင့်ပုံရိပ်နှင့် ဆင်တူလေ၏။
" ကောင်လေး..မြွေပွေးရဲ့ ပခုံးပေါ်က နှလုံးဖောက်မြွေက နှလုံးဖောက်မြွေရဲ့ အလောင်းကနေ ဖန်တီးထားတဲ့ ရုပ်သေးတစ်ခုပဲ။ မြွေပွေးရဲ့ ရှုထောင့်ပုံရိပ်ကလည်း မြွေပုံစံပဲ။ သူက ရှုထောင့်ပုံရိပ်နဲ့ ရုပ်သေးကို ပေါင်းစည်းလိုက်တာပဲ။ အခု သူ့ရဲ့စွမ်းရည်အစစ်ကို ထုတ်သုံးတော့မယ်။ ဂရုစိုက်ပါ "
ထိုစဥ် ယီယွင်၏နားထဲတွင် ခန်းယန်၏အသံ ထွက်ပေါ်လာသည်။
နှလုံးဖောက်မြွေ ရုပ်သေးတဲ့လား။ ရှုထောင့်ပုံရိပ်နဲ့ ပေါင်းစည်းတာတဲ့လား။ ဒီလိုနည်းစနစ်မျိုး ရှိသေးတာလား။
ယီယွင် သတိထားလာသည်။ သိုင်းပညာလမ်းစဥ်က အမှန်တကယ်ပင် လမ်းကြောင်းများစွာ ရှိလေ၏။ မတူကွဲပြားသော တိုက်ခိုက်ရေးနည်းစနစ်များ ချို့တဲ့ခြင်းမရှိပေ။
မြွေပွေး ဟစ်အော်လိုက်ပြီး ခန္ဓာကိုယ်မှ အစိမ်းရောင်အငွေ့များ ထွက်လာသည်။ အောက်ဘက်မှ ခရမ်းရောင်အဖြိုက်နက် စင်မြင့်သည် အစိမ်းရောင်အငွေ့များနှင့် ထိတွေ့ချိန်တွင် တရှဲရှဲမြည်လာ၏။ အငွေ့များက စင်မြင့်ကို တိုက်စားကာ အပေါက်များ ဖြစ်သွားစေလေသည်။
အတော်ကို အစွမ်းထက်တဲ့ အဆိပ်ပဲ။
လူများစွာ အသက်အောင့်လိုက်ကြ၏။ အဆိပ်က ခရမ်းရောင်အဖြိုက်နက်ကိုပင် တိုက်စားသွားချေသည်။ အဆိပ်သာ လူတစ်ဦး၏ ခန္ဓာကိုယ်အား ထိမှန်သွားခဲ့လျှင် အရာအားလုံး ကျွမ်းလောင်သွားကာ အရိုးထိ ရောက်သွားပေလိမ့်မည်။
" ယီယွင်... မင်းက တကယ်ကို အရမ်းသန်မာတယ်။ ငါ့ကို ရှုထောင့်ပုံရိပ်နဲ့ အဆိပ်ဥပဒေသ ထုတ်သုံးရတဲ့အထိ တွန်းအားပေးနိုင်တာက အထင်ကြီးစရာပဲ " မြွေပွေးက ယီယွင်၏ခန္ဓာကိုယ်ကို အဆိပ်နှင့်တိုက်စားရန် စီစဥ်ထားကာ တစ်လှမ်းချင်း လျှောက်လာသည်။
ယီယွင်က တိတ်ဆတ်နေပြီး လက်ကောက်ဝတ်အား ဖြေလျော့ကာ အုတ်ခဲကို ကစားနေသည်။
" မင်းရဲ့ဓားမောက်ကို မသုံးသေးဘူးလား။ မင်းက တကယ်ကို သေချင်နေတာပဲ " မြွေပွေး ဒေါသထွက်သွား၏။ ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးဖြစ်သည့် သူက ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် စစ်သည်တစ်ဦးဖြစ်သည့် ယီယွင်နှင့် တိုက်ခိုက်ရသည်မှာ ပါရမီရှင်ဟူသည် သူ၏ဘွဲ့ကို နိမ့်ကျစေလေသည်။ သူ ရှုထောင့်ပုံရိပ်ကို သုံးပြီးချိန်တွင်ပင် ယီယွင်က ဓားမောက်ကို မသုံးသေးဟု သူ ထင်မထားခဲ့ပေ။ သူ အနိုင်ရခဲ့လျှင်ပင် ဂုဏ်ယူစရာမရှိတော့ချေ။
" ငါ့ဓားမောက်ကို လေးစားဖို့ထိုက်တန်တဲ့ ပြိုင်ဘက် ဒါမှမဟုတ် အားကောင်းတဲ့ ပြိုင်ဘက်နဲ့တွေ့မှ ထုတ်သုံးမယ်လို့ ငါ ပြောပြီးသားလေကွာ။ မင်းလို သောက်ပေါက အုတ်ခဲနဲ့ပဲ တန်တယ် " ယီယွင်၏အသံက ခပ်အေးအေးပင်။
ဝမ်ယွီနှင့် အဖွဲ့ဝင်များမှာမူ ပါးစပ်အဟောင်းသားဖြစ်ကာ ပြောစရာမဲ့နေ၏။ လက်ရှိတွင် မြွေပွေးက နည်းစနစ်အားလုံး ထုတ်သုံးထားသော်လည်း ယီယွင်ကမူ ဓားမောက်ကို အသုံးမပြုဘဲ မြွေပွေးက သောက်ပိန်းဟု ထပ်တလဲလဲ ခေါ်နေခဲ့ချေသည်။
" သူ့ကို ထပ်ပြီးရန်မစပါနဲ့တော့ " ဝမ်ယွီက စိတ်ထဲတွင် ရေရွတ်လိုက်လေသည်။ သူမက မြွေပွေး၏ သတင်းအချက်အလက်များကို မြင်ဖူးလေပြီး မြွေပွေး၏စရိုက်ကို သိသည်။ ထိုသူက ကောက်ကျစ်စဥ်းလဲလေ၏။ ဤတိုက်ပွဲတွင် မြေပွေးက မသမာသောနည်းလမ်း အသုံးပြုကာ ယီယွင်အား ကုသမရအောင် ဒဏ်ရာရသွားစေမည်ကို သူမ စိုးရိမ်မိသည်။
" ငါ မင်းရဲ့ အသွေးအသားတွေကို တစ်လွှာချင်းစီ တိုက်စားပစ်မယ် "
မြွေပွေးက ကြုံးဝါးလိုက်လေပြီး သံလက်သည်းနှစ်ဖက်သည် အစိမ်းရောင်အငွေ့များအဖြစ် ပြောင်းလဲသွားလေ၏။ အစိမ်းရောင်အငွေ့များက စင်မြင့်ရှစ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
အဆိပ်ဥပဒေသကို ကျင့်ကြံသူများက အဆိပ်မျိုးစုံကို ဝါးမျိုရပြီး သူတို့၏ ယွမ်ချီများကို အဆိပ်မြင့်မားအောင် ပြောင်းလဲရသည်။
အဆိပ်ဥပဒေသက အမြင့်ဆုံးအဆင့်သို့ ရောက်သွားလျှင် လောကထဲမှ မိုးမြေယွမ်ချီများကို ပြင်းထန်သော အဆိပ်ချီများ ဖြစ်သွားစေပြီး တစ်လောကလုံးကို တိုက်စားပစ်ကာ သေစေနိုင်သော အဆိပ်နွံတောအဖြစ် ပြောင်းလဲပစ်နိုင်သည်ဟူသော ဒဏ္ဍာရီများ ရှိလေသည်။
အဆိပ်ငွေ့များအားလုံးက ယီယွင်ဆီသို့ စုစည်းသွားကြလေ၏။ ယင်းသည် သတ္တုအုတ်ခဲနှင့် တားဆီးမရသော တိုက်ခိုက်မှု ဖြစ်လေ၏။