← Chapters

မြွေပွေးကို အနိုင်ယူခြင်း

Vol. 22 Ch. 315

မြွေပွေးကို အနိုင်ယူခြင်း

Vol. 22 Ch. 315

ဟူး...ဟူး...ဟူး...။

အစိမ်းရောင် အဆိပ်ငွေ့များက အသက်ဝင်လာသည့်အလားပင် တစ္ဆေတစ်ကောင်ပမာ စတင်အော်ညည်းလေ၏။ အဆိပ်ငွေ့များက သိပ်သည်းလှပြီး မြွေသည်းခြေအရည်နှင့် လုပ်ထားသည့်အလားပင်။ အဆိပ်ငွေ့များက ပုပ်ဟောင်သောအနံ့ရှိပြီး လူတစ်ဦး၏ နှာခေါင်းကို ပြင်းထန်စွာ ထိုးနှက်နိုင်လေသည်။

ရှီး...။

နှလုံးဖောက်မြွေရုပ်သေးက အသံပြုကာ လေထဲသို့ ပျံသန်းသွားလေ၏။ ၎င်း၏ အစိပ်းပုပ်ရောင် မျက်ဝန်းများနှငွ စူးစိုက်ကာကြည့်နေရင်း ယီယွင်ဆီသို့ တိတ်တဆိတ် ချဥ်းကပ်သွားလေသည်။ အဆိပ်ငွေ့များက နှလုံးဖောက်မြွေရုပ်သေးကို သက်ရောက်ခြင်းမရှိသာမက အထောက်အကူပင် ပေးခဲ့သေးလေ၏။

ရှုထောင့်ပုံရိပ်များက ပျံသန်းနိုင်ကြလေသောကြောင့် နှလုံးဖောက်မြွေရုပ်သေးတွင်လည်း ထိုစွမ်းရည် ရှိလေသည်။ နှလုံးဖောက်မြွေရုပ်သေးအား မြွေပွေး၏ ပုံတူတစ်ခုဟု ဆိုနိုင်လေပြီး ရုပ်သေးတစ်ခုသာ ဖြစ်သည့်တိုင်အောင် ကိုယ်ပိုင်အသက် ရှိလေသည်။

" မင်းက လက်နက်မသုံးတော့ရော ဘာဖြစ်လဲ။ ဓားမောက်ပဲဖြစ်စေ ၊ သတ္တုအုတ်ခဲပဲဖြစ်စေ အဆိပ်ကို ခံနိုင်မှာမဟုတ်ဘူး။ အဆိပ်နယ်နိမိတ်ထဲမှာဆိုရင် ငါက အရာအားလုံးကို အကြွင်းမဲ့ အုပ်စိုးတယ် "

မြွေပွေးက သရော်တော်တော် ရယ်လိုက်လေသည်။ သူ၏လက်တွင် သတ္တုလက်သည်း ရှိနေလျက်ဖြင့် လျင်မြန်စွာ စတင်ရွေ့လျားလေ၏။

အဆိပ်များအလယ်တွင် သာမန်စစ်သည်များဆိုပါက အဆိပ်တိုက်စားမှုကို ယွမ်ချီအကာအကွယ်နှင့် ခုခံမည်သာ ဖြစ်လေ၏။ သို့သော် ထိုသို့လုပ်လျှင် ယွမ်ချီများ လျင်မြန်စွာ ကုန်ဆုံးသွားမည်သာမက မြွေပွေးနှင့် နှလုံးဖောက်မြွေတို့၏ တိုက်ခိုက်မှုများကို ခုခံရန်အတွက် ကျန်ရှိသည့်ပမာဏမှာလည်း ဆုတ်ယုတ်သွားပေလိမ့်မည်။

ထို့ကြောင့် မြွေပွေးက အဆိပ်ငွေ့များထဲတွင် တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်လေသည်။

ရှဲ...ရှဲ...။

အဆိပ်ငွေ့များ၏ တိုက်စားမှုကြောင့် ယီယွင်၏ ယွမ်ချီအကာအကွယ် တိုက်စားခံရကာ ချိုင့်ဝင်လာလေ၏။

ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်သာဖြစ်သည့် ယီယွင်၏ ယွမ်ချီပမာဏက ယွမ်အုတ်မြစ်ချနယ်ပယ် စစ်သည်တစ်ဦးထက် နည်းပါးလေသည်။ ထို့ကြောင့် သူက အဆိပ်ငွေ့များကို အချိန်ကြာကြာ တောင့်ခံနိုင်ရန် ခက်ခဲလေ၏။

" သေစမ်း "

ကြုံးဝါးသံနှင့်အတူ မြွေပွေးနှင့် နှလုံးဖောက်မြွေတို့က ဦးတည်ရာအရပ်နှစ်ခု ခွဲထွက်သွားလေ၏။ တစ်ခုသည် အရှေ့မှဝင်ကာ အခြားတစ်ခုက အနောက်မှဝင်လာပြီး အဆိပ်ငွေ့များအလယ်မှ ယီယွင်ကို ပြိုင်တူတိုက်ခိုက်လေ၏။

ဝှစ်...ဝှစ်...။

မြွေပွေး၏ခန္ဓာကိုယ်သည် အရိပ်ဆယ်ခု ခွဲထွက်သွားလေ၏။ နှလုံးဖောက်မြွေ၏ခန္ဓာကိုယ်ကမူ လျှပ်ပြက်သည့်အလား ဝေဝါးသွားလေ၏။

မြွေပွေး၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ယီယွင်၏စိတ်က ရေပမာပင် ကြည်လင်နေလေ၏။ သူ၏လက်ထဲမှ အုတ်ခဲထဲတွင် ယွမ်ချီများကို အဆုံးစွန်အထိ စုစည်းလိုက်လေ၏။

ဝုန်း...။

မြည်သံတစ်ခုနှင့်အတူ ယီယွင်၏နှလုံးထဲမှ ခရမ်းရောင်သလင်းကျောက် တုန်ခါသွားလေ၏။ ထိုအခိုက်တွင် ယီယွင်၏ခန္ဓာကိုယ်မှ ပူပြင်းသော သန့်စင်ယန်ချီများ ထွက်ပေါ်လာလေ၏။

တိုင်အာနတ်ကျင့်စဥ် ဒုတိယအဆင့်...။

အစင်ကြယ်ဆုံး သန့်စင်ယန်ချီများက လေထဲတွင် ထန်တောင်ကြားပုံရိပ်အဖြစ် ပြောင်းလဲသွားလေ၏။ တောင်ကြားပုံရိပ်အား ပါးလျသောလေထု လွှမ်းခြုံထားပြီး အထဲတွင် စိမ်းလန်းသော နတ်သစ်ပင်များ ရှိလေသည်။

ရွှေကျီးကန်းမျိုးစိတ်၏ သားရဲအမှတ်အသားကို စုပ်ယူခဲ့ပြီး မီးငရဲ၏ သန့်စင်ယန်ဓားနန်းတော်ထဲတွင် ဆယ်လကျော်မျှ ကျင့်ကြံပြီးသည့်နောက် ယီယွင်က တိုင်အာနတ်ကျင့်စဥ်က ယခင်နှင့်မတူတော့ပေ။

သန့်စင်ယန်မီးတောက်များက အဆိပ်ငွေ့ ပမာဏများစွာကို လောင်ကျွမ်းပစ်လေ၏။

အဆိပ်ဥပဒေသက ဓာတ်ငါးပါးဥပဒေသနှင့် အဆင့်တူ၌သာရှိပြီး အဆင့်ပိုမြင့်သော သန့်စင်ယန်ဥပဒေသကို ယှဥ်နိုင်ခြင်းမရှိပေ။

ရှဲ...ရှဲ...ရှဲ..။

အဆိပ်ငွေ့များမှာ အစိမ်းရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားရလေ၏။ ယီယွင်၏ ခြေထောက်အောက်မှ ခရမ်းရောင်အဖြိုက်နက်စင်မြင့်ပင် အရည်ပျော်ကျလာလေ၏။

ဟမ်...။

မြွေပွေး ကြီးစွာထိတ်လန့်သွားလေ၏။ ဤမျှထူထဲသော သန့်စင်ယန်မီးတောက်များ ရှိလာရန်အတွက် ယီယွင်၏ သန့်စင်ယန်ဥပဒေသက သူ၏ အဆိပ်ဥပဒေသထက် ကျော်လွန်နေရပေမည်။

ကျင့်ကြံမှုအဆင့် ကွာခြားနေသည့်တိုင်အောင် ယီယွင်၏ သန့်စင်ယန်မီးတောက်များက သန့်စင်ယန်ဓားနန်းတော်နှင့် ရွှေကျီးကန်းမျိုးစိတ်တို့ထံမှ ရရှိလာခြင်းဖြစ်သည်။ အရည်အသွေးသည် နှလုံးဖောက်မြွေကဲ့သို့ ပျက်စီးခြင်းသားရဲများထံမှ ထုတ်ယူထားသည့် မြွေပွေး၏အဆိပ်ဓာတ် ယှဥ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

အရည်အသွေးသည် ကျင့်ကြံမှုအဆင့် ကွာခြားချက်ကို ဖြည့်ဆည်းပေးသွားလေ၏။

လက်ရှိအချိန်၌ ယီယွင်၏မျက်ဝန်းများ တောက်ပနေပြီး သန့်စင်ယန်ချီများအားလုံးကို သတ္တုအုတ်ခဲထဲသို့ ထည့်သွင်းထားသည်။ ယင်းသည် သာမန်သတ္တုအုတ်ခဲ မဟုတ်တော့လေဘဲ သန့်စင်ယန်မီးတောက်အုတ်ခဲ ဖြစ်သွားခဲ့လေ၏။

မြွေပွေးက ဘေးပတ်လည်တွင် လူးလားခေါက်ပြန် သွားနေလေ၏။ သူက မြွေလှုပ်ရှားမှုနည်းစနစ်ကို အကန့်အသတ်ကုန်အထိ ထုတ်ဖော်ထားသည်။ သန့်စင်ယန်ဥပဒေသများ ရှိနေသည့်တိုင်အောင် သူနှင့် နှလုံးဖောက်မြွေရုပ်သေးတို့ ပူးပေါင်းလိုက်ပါက ယီယွင်ကို တိုက်ခိုက်မိနိုင်ရန် အခွင့်အရေးရှိသေးသည်။

သို့သော် ထိုအခိုက်တွင် ယီယွင် လှုပ်ရှားလာသည်။ သူ စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်ချိန်တွင် ပုံရိပ်များ ပျောက်ကွယ်သွားပြီး မြွေပွေး၏ ပုံရိပ်အစစ်ကို မြင်လာရသည်။ လျှပ်ပြက်သည့်ပမာ ရွေ့လျားနေသည့် နှလုံးဖောက်မြွေရုပ်သေးကမူ စွမ်းအင်မြင်ကွင်းထံမှ ဖုံးကွယ်မထားနိုင်ပေ။

အဆင့်ကြီးအောင်မြင်မှုအဆင့် တဒင်္ဂလှုပ်ရှားမှု... ။

ဝှစ်...။

ယီယွင်က ဆန်းကြယ်စွာ ပျောက်ကွယ်သွားလေ၏။ မြွေပွေးမှာ ကျောချမ်းသွားရကာ တွေးမနေတော့ဘဲ ကျောဘက်ဆီသို့ လက်သည်းနှင့် ကုတ်လိုက်သည်။

ထိုအခိုက်တွင် ယီယွင်၏ လက်ထဲမှ သန့်စင်ယန်မီးတောက်အုတ်ခဲက အောက်ဘက်သို့ ပြင်းထန်စွာကျဆင်းလာ၏။ တိုင်အာနတ်ကျင့်စဥ်ကို အကန့်အသတ်အထိ ထုတ်ဖော်ထားခြင်းကြောင့် အုတ်ခဲရိုက်ချက်က လေထဲတွင် မီးတောက်များ ဖြစ်ပေါ်စေလေသည်။

ဘုန်း...။

ယီယွင်၏ မီးတောက်အုတ်ခဲက မြွေပွေး၏ သတ္တုလက်သည်းနှင့် ဆုံတွေ့မိလေ၏။ သန့်စင်ယန်မီးတောက်ကြောင့် သတ္တုလက်သည်း ကွေးသွားရသော်လည်း မီးတောက်အုတ်ခဲကမူ အရှိန်အဟုန်လျော့ခြင်း မရှိပေ။ မီးတောက်အုတ်ခဲက သတ္တုလက်သည်းကို ဖြတ်ကျော်ကာ မြွေပွေး၏ ဦးခေါင်းဆီသို့ ကျဆင်းသွားလေ၏။

ဘုန်း...။

သန့်စင်ယန်စွမ်းအင်များ ပေါက်ကွဲထွက်လာချိန်တွင် မြွေပွေး၏ ယွမ်ချီအကာအကွယ်မှာ ဖန်ခွက်ပမာပင် ကွဲကြေသွားရလေ၏။ ရူးနေသော ဦးချိုးသားရဲတစ်ကောင် သူ၏ခေါင်းအား ဝင်ဆောင့်လာသည့်ပမာ ခံစားလိုက်ရပြီး ခေါင်းမူးသွားရလေ၏။ သူ၏စိတ် လစ်ဟာသွားကာ မြင်ကွင်းတွင် ရွှေရောင်များသာ လွှမ်းခြုံနေပြီး မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။

နှလုံးဖောက်မြွေရုပ်သေးကမူ ပိုင်ရှင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာ ရသွားခြင်းကြောင့် အထဲတွင်ရှိနေသည့် ရှုထောင့်ပုံရိပ်လည်း ပျောက်ကွယ်သွားလေ၏။ နှလုံးဖောက်မြွေရုပ်သေး၏ တိုက်ခိုက်နိုင်စွမ်းများ ပျောက်ကွယ်သွားကာ အရှိန်အဟုန်များ ကြီးစွာကျဆင်းသွားလေ၏။ မြွေပွေး ကယောင်ကတမ်းဖြစ်နေချိန်တွင် ယီယွင်က တုန့်ဆိုင်းမနေဘဲ အုတ်ခဲကိုမြောက်ကာ ထပ်မံရိုက်ချသည်။

ဖောင်း...။

မြွေပွေး လေထဲတွင် လည်ထွက်သွားကာ သွေးများ အန်ထွက်လာ၏။ မြွေပွေးထံမှ သွေးစွန်းနေသော သွားစအချို့ပင် ထွက်လာလေ၏။

မြွေပွေး မြေပေါ်သို့ကျသွားချိန်တွင် ယီယွင်က လျင်မြန်စွာတိုးကပ်သွားကာ အုတ်ခဲနှင့် ထပ်မံကာ ပင့်ရိုက်ပြန်သည်။ ထိုအုတ်ခဲရိုက်ချက်က မြွေပွေး၏ မျက်နှာဘယ်ဘက်ခြမ်းအား ရိုက်မိသည်။ မြေပွေး၏ ခန္ဓာကိုယ်မှ နာရီလက်တံပြောင်းပြန်အတိုင်း လည်ထွက်သွားပြီး အပေါ်သို့ တက်သွားလေ၏။

မြွေပွေး၏မျက်နှာ လုံးဝပင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေ၏။ သူ ထပ်မံကာ သွေးအန်လိုက်ရသည်။

ထို့နောက်တွင်မူ ယီယွင်က အုတ်ခဲနှင့်အတူ ခုန်တက်သွားကာ ဘောလုံးတစ်လုံးအား ရိုက်ချသည့်ပမာပင် အုတ်ခဲနှင့် ရိုက်ချလိုက်လေ၏။

ဝုန်း...။

အုတ်ခဲက မြွေပွေး၏ ကျောပြင်ကို ရိုက်မိသွားကာ အရိုးကျိုးသံ ထွက်ပေါ်လာပြီး မြွေပွေး မြေပြင်ပေါ်သို့ ပစ်ကျသွားလေသည်။ မြွေပွေး အသိစိတ်ပျောက်သွားကာ ငေးငိုင်နေလေ၏။

သို့သော် လက်ရှိအချိန်၌ ယီယွင်က မြွေပွေးကို ဆက်လက်တိုက်ခိုက်ရန် ဝန်မလေးတော့ပေ။ သူ နှလုံးဖောက်မြွေရုပ်သေးကို ဖမ်းယူကာ ခရမ်းရောင်အဖြိုက်နက် စင်မြင့်ပေါ်သို့ ပစ်ပေါက်လိုက်လေ၏။ မြွေပွေး၏ စေခိုင်းမှုမရှိတော့သည့် နှလုံးဖောက်မြွေရုပ်သေးမှာ တိုက်ခိုက်နိုင်စွမ်းများ မရှိတော့ပေ။ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခံရပြီးနောက်တွင် နှလုံးဖောက်မြွေရုပ်သေးမှာ တွားသွားနိုင်ဆိုရုံသာ ရှိတော့လေ၏။

ထို့နောက်တွင် ယီယွင်က နှလုံးဖောက်မြွေရုပ်သေး၏ တြိဂံပုံစံဦးခေါင်း တည့်တည့်အား ရိုက်ချလိုက်လေ၏။

ရှီး...။

နှလုံးဖောက်မြွေရုပ်သေးမှာ အသားပြား ဖြစ်သွားရလေ၏။ လက်ရှိတွင် နှလုံးဖောက်မြွေရုပ်သေးက ဦးခေါင်းမရှိတော့သော်လည်း ခန္ဓာကိုယ်ကမူ တွားသွားနေဆဲပင်။

ဝမ်ယွီနှင့် အဖွဲ့ဝင်များမှာ တိုက်ပွဲအားကြည့်ပြီး လုံးဝပင် ကြောင်အနေကြ၏။ သူတို့၏စိတ်ထဲတွင် " ရက်စက်တယ် " ဟူသည့် စကားလုံးတစ်ခုသာ ပေါ်လာသည်။

အုတ်ခဲကိုင်ထားသည့် ယီယွင်က ရက်စက်သော နတ်ဆိုးတစ်ကောင်အလားပင်။ ယီယွင်နှင့် ရင်ဆိုင်ခဲ့ရသည့် စွန်းလုံနှင့် မြွေပွေးတို့မှာ အုတ်ခဲရိုက်ချက် အနည်းငယ်မျှနှင့်ပင် မမှတ်မိနိုင်တော့လောက်အောင် အရိုက်ခံခဲ့ရချေ၏။

နှလုံးဖောက်မြွေရုပ်သေးကို ဖြေရှင်းပြီးနောက်တွင် ယီယွင်က လက်ထဲတွင် အုတ်ခဲကိုင်ထားလျက်ဖြင့် မြွေပွေးဆီသို့ လျှောက်သွားလိုက်သည်။

မြွေပွေးက သတိမလစ်သေးသော်လည်း မျက်နှာနှစ်ဘက်ခြမ်းလုံးတွင် အရိုးများပေါ်နေ၏။ သူ၏မျက်လုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး ဘာမျှမမြင်ရတော့ဘဲ ယီယွင်၏ ခြေသံကိုသာ ကြားနေရသည်။ ခြေသံများက သူ့အတွက်မူ သေခြင်းတရား ချဥ်းကပ်လာသည့်ပမာ ဖြစ်နေလေပြီး ထိတ်လန့်ကြောက်ရွံ့နေသည်။

ဤကောင်က နတ်ဆိုးတစ်ကောင် ဖြစ်ချေ၏။

အခြားသူများကို အမြဲတမ်းလိုပင် အနိုင်ကျင့်ခဲ့သည့် မြွေပွေးမှာ ရုတ်တရက်အတွင်း အနိုင်ကျင့်ခံရသူ ဖြစ်သွားရပြီး သူ၏ကြောက်စိတ်များ အဆုံးစွန်အထိ ရောက်ရှိသွားခဲ့သည်။

" မင်း အရှုံးမပေးသေးဘူးလား " ထိုစဥ် မြွေပွေး၏နားထဲတွင် ယီယွင်၏အသံ ထွက်ပေါ်လာသည်။

မြွေပွေးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည့်ပမာ ခံစားလိုက်ရလေ၏။ သူ၏မေးရိုးများ ကျိုးကြေနေကာ စကားမပြောနိုင်ပေ။ သူက ယီယွင်ဆီသို့ အသံပို့လွှတ်ကာ ပြောလိုက်သည်..." ငါ...ငါ အရှုံးပေးပါတယ် "

" အိုး...အရှုံးမပေးသေးဘူးလား " ယီယွင်က မြွေပွေး အသံပို့လွှတ်လာသည်ကို လျစ်လျူရှုထားလေ၏။ ကိုယ်တိုင် စကားမပြောဘဲ မည်သို့များ အရှုံးပေး၍ရပါမည်နည်း။

ယီယွင်က သတ္တုအုတ်ခဲကို မြောက်လိုက်သည်။

မြွေပွေး သွေးပျက်ချောက်ချားသွားရလေ၏။ အုတ်ခဲသာ သူ၏ဦးခေါင်းကို ရိုက်ချလာပါက သူ သေရပေလိမ့်မည်။ သူ မသေချင်သေးပေ။

" ရပ်လိုက်...ရပ်လိုက်... မင်းကို ဘယ်သူတွေက အန္တရာယ်ပေးချင်နေတာလဲ ဆိုတာကို ငါ ပြောပြမယ် " မြွေပွေးက အသံပို့လွှတ်လိုက်သည်။

အိုး...။

ယီယွင်က တိုက်ခိုက်မှုကို အရှိန်လျော့ချကာ ဆိုသည်..." ပြော "

" အဲ့ဒါက အနက်ရောင်ဝတ်ရုံနဲ့ လူနှစ်ဦးပဲ။ သူတို့က ရုပ်ရည်ကို ဖုံးကွယ်ထားပြီး အသံကိုလည်း ပြောင်းထားတယ်။ ဒါပေမဲ့ သူတို့ထဲက လူတစ်ဦးမှာ လက်တစ်ဖက်ပဲ ရှိတယ် " မြွေပွေးက ဝတ်ရုံနှင့်လူနှစ်ဦး၏ ပုံပန်းသွင်ပြင်ကို အသံပို့လွှတ်ကာ ပြောပြလိုက်လေသည်။

ယီယွင်၏ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားလေ၏။

သူနှင့်ရန်ငြိုးရှိသည့် လက်တစ်ဖက်နှင့် ကျင့်ကြံသူက မည်သူဖြစ်မည်ကို ယီယွင် သိသွားချေပြီ။ အခြားတစ်ယောက်က မည်သူဖြစ်မည်ကို သူ မသိသော်လည်း လီဟုန်နှင့် ယန်ယွဲ့ဖုန်းမှလွဲ၍ အခြားသူမဖြစ်နိုင်ပေ။

ယီယွင် အုတ်ခဲကို သိမ်းဆည်းကာ မြွေပွေးအား ရက်စက်စွာရိုက်နေခြင်းကို ရပ်လိုက်သည်။

ပြိုင်ပွဲစည်းမျဥ်းအရ လူတစ်ဦးကို တမင်ရည်ရွယ်ကာ သတ်၍မရသလို တမင်ရည်ရွယ်ကာ ဒုက္ခိတဖြစ်အောင်လည်း လုပ်၍မရပေ။ လုပ်ခဲ့မည်ဆိုလျှင် ယွင်လုံနတ်ပြည်ထောင်က ကန်းမနေလေသောကြောင့် တိုင်အာနတ်ပြည်ထောင်အတွက်ပင် သူ့အား ကာကွယ်ပေးရန် ခက်ခဲသွားပေလိမ့်မည်။ ထို့ကြောင့် ယီယွင်က ထိုကိစ္စကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။

" စင်မြင့်ရှစ်... ယီယွင် အနိုင်ရတယ်။ သူက ပြိုင်ဘက်ခေါင်းဆောင်ကို အနိုင်ယူပြီး ထိုင်ခုံနေရာနှစ်ခု ရသွားပါပြီ " ဥပဒေထိန်းက တိုက်ပွဲရလဒ်ကို ကြေညာလိုက်သည်။

ဤသည်မှာ မဟာမိတ်အဖွဲ့ပြိုင်ပွဲတွင် ပထမအကျော့ ဖြစ်လေ၏။ ယင်းသည် ထိုင်ခုံများ ပထမဆုံးအကြိမ် ပိုင်ရှင်ရှိသွားခဲ့ခြင်းလည်း ဖြစ်လေ၏။

ဤတိုက်ပွဲ ပြီးဆုံးသွားသည့် အမြန်နှုန်းက မြန်ဆန်လွန်းလှပြီး ချဲ့ကားလွန်းနေသည်ဟု ခံစားရသည်။

ယီယွင် စင်မြင့်ပေါ်မှ ဆင်းလာချိန်တွင် ဝမ်ယွီနှင့် အဖွဲ့ဝင်များမှာ ငေးငိုင်နေကြဆဲပင်။ ယခုအဖြစ်အပျက်များကို အိပ်မက်တစ်ခုဟု သူ ခံစားနေရလေ၏။

ယီယွင်က မရိုးရှင်းကြောင်းကို သူတို့ သိကြသော်လည်း ယီယွင်က အလွန်ကြမ်းတမ်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ မြွေပွေးကို အုတ်ခဲတစ်လုံးနှင့် အဆုံးသတ်ပေးခဲ့၏။

အဆုံးသတ်တွင် ယီယွင် ထုတ်သုံးခဲ့သည့် တိုင်အာနတ်ကျင့်စဥ်က ပိုမို၍ပင် မှင်တက်မိဖွယ်ကောင်းနေလေ၏။

All Chapters