ကျွင်းယွဲ့
Vol. 22 Ch. 316
" စီနီယာယီ... ခုနတုန်းက တိုင်အာနတ်ကျင့်စဥ်ကို သုံးလိုက်တာလား "
ယီယွင် စင်မြင့်ပေါ်မှ ဆင်းလာချိန်တွင် အဖွဲ့သားများ ဝိုင်းလာကြကာ မေးကြလေသည်။
တိုင်အာနတ်ပြည်ထောင်၏ ထိပ်တန်းကျင့်စဥ်နည်းစနစ်တစ်ခုဖြစ်သည့် တိုင်အာနတ်ကျင့်စဥ်က အလွန်ကျော်ကြားလေ၏။ တပ်သားသစ်များက တိုင်အာနတ်ကျင့်စဥ်အကြောင်း ကြားဖူးကြသော်လည်း တစ်ခါမျှ မမြင်ဖူးကြပေ။
" ဒါပေါ့ဟ... မေးစရာလိုသေးလို့လား "
အခြားတစ်ယောက်က ဆိုသည်... " တိုင်အာနတ်ကျင့်စဥ်က အရမ်းအစွမ်းထက်တယ်။ အဆိပ်တွေအားလုံးကို တစ်စက္ကန့်အတွင်း လောင်ကျွမ်းပစ်လိုက်တယ် "
တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံရန်အတွက် အလွန်တရာပင် ခက်ခဲကြောင်းကို ထိုဂျူနီယာများက သိကြသည်။ ပါရမီရှင်များစွာသည် တိုင်အာနတ်ကျင့်စဥ်ကို ကျင့်ကြံရန် ကြိုးပမ်းခဲ့ကြသော်လည်း ကျရှုံးခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေ၏။
တပ်သားသစ်များထဲတွင် ဝမ်ယွီကဲ့သို့ ခေါင်းဆောင်များက တိုင်အာနတ်ကျင့်စဥ်ကို တတ်ကျွမ်းရမည်ဟု ပန်းတိုင်ထားကြသည်။ သို့သော် ထိုပန်းတိုင်က အလွန်တရာပင် အလှမ်းဝေးကွာနေလေ၏။
ယခုတွင်မူ ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို အလွန်ကျင်လည်သောပုံစံနှင့် သုံးပြသွားခဲ့သည်။ ယီယွင်က သတ္တုအုတ်ခဲနှင့်ပင် တိုင်အာနတ်ကျင့်စဥ်ကို သုံးပြသွားခဲ့ချေ၏။ သူတို့ထက် များစွာမကြီးလှသော ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို အံ့ဩဖွယ်ရာအဆင့်အထိ ရောက်ရှိနေခြင်းကြောင့် သူတို့ မနာလိုအားကျ ဖြစ်ရလေသည်။
" ဟဲဟဲ... ဒီကောင်စုတ်လေး ယီယွင်က ကောင်းကောင်းလုပ်ထားသားပဲ " မဝေးလှသောနေရာမှ ခန်းယန်က စိတ်ကျေနပ်ဟန်ဖြင့် မေးစေ့အား ပွတ်နေသည်။
ခန်းယန်နံဘေးမှ ကျန်းကဲ့ကလည်း တိုက်ပွဲတစ်ခုလုံးကို မြင်ခဲ့သည်။ သူက ဆိုသည်..." တစ်နှစ်နီးပါး ပျောက်သွားပြီးတဲ့နောက်မှာ ယီယွင်ရဲ့ တိုင်အာနတ်ကျင့်စဥ်က အများကြီးတိုးတက်လာတယ် "
လက်ရှိ ယီယွင်က ကျင့်ကြံမှုအဆင့်တွင် ရိုးစင်းစွာ တိုးတက်ခဲ့သည်သာမက ကဏ္ဍအားလုံးတွင်လည်း အရည်အသွေးပြည့်မီစွာ တိုးတက်ခဲ့လေ၏။
" ဒါပေါ့ဟ... သူ့ကို ဘယ်သူက သင်ပေးနေတယ်ထင်လို့လဲ " ခန်းယန် အလွန်ကျေနပ်နေသည်။
ကျန်းကဲ့ ပြောစရာမဲ့သွားရ၏။ ဤအဖိုးကြီးက အရှက်မရှိ ကြွားလုံးထုတ်ရသည်ကို သဘောကျချေသည်။ အဖိုးကြီးခန်းက ယီယွင်ကို များစွာကူညီပေးဖူးသည်။ သင်ကြားမှုအတွက်မူ အဖိုးကြီးခန်းက ယီယွင်ကို တစ်ခုမျှသင်မပေးဖူးသည်မှာ သိသာလေသည်။
သို့သော် ကျန်းကဲ့က ခန်းယန်နှင့် အငြင်းအခုံမလုပ်ပေ။ ယီယွင်ကို ဦးစွာရှာတွေ့ခဲ့သူက အမှန်တကယ်ပင် ခန်းယန် ဖြစ်သည်ကို ကျန်းကဲ့ သိသည်။ အစပိုင်းတွင် ခန်းယန်က ယီယွင်ကို ဓားမောက်သင်္ချိုင်းထဲ ခေါ်သွားခဲ့ဖူးလေသည်။
" ဒီကောင်လေး ထိုင်ခုံနေရာနှစ်ခု အနိုင်ရသွားပြီ။ တိုင်အာနတ်မြို့ရဲ့ မကြာသေးခင် နှစ်တွေအတွင်းမှာ ယီယွင်တို့အသုတ်က အားအကောင်းဆုံးပဲ။ ကံဆိုးချင်တော့ သူတို့က အရွယ်မရောက်သေးဘူး။ သူတို့သာ ယွမ်အုတ်မြစ်ချနယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ရင် ပိုပြီးတော့တောင် တော်လာကြဦးမယ် "
ပြိုင်ပွဲစည်းမျဥ်းက အသက် ၁၅ နှစ်နှင့် ပိုင်းခြားထားလေသည်။ ယင်းက ယီယွင် ၊ ချူရှောင်းရန် ၊ ချိုးနျိုတို့အတွက် အတော်ပင် အရေးမသာလှချေ။
ဤပြိုင်ပွဲတွင် တတိယနှစ် ကျင့်ကြံသူများက အရေးအပါဆုံး ဖြစ်လေ၏။ ကံမကောင်းစွာဖြင့်ပင် တိုင်အာနတ်မြို့၏ တတိယနှစ် ကျင့်ကြံသူများထဲတွင် လီဟုန် တစ်ဦးတည်းကသာ လောက်လောက်လားလား ရှိလေသည်။ ထို့အပြင် လီဟုန်က အခြေအနေမကောင်းသည်မှာ သိသာလေ၏။
ပထမအကြော့ ပြီးသွားခဲ့လေသောကြောင့် ယီယွင် လုပ်စရာမရှိတော့ပေ။ ကျန်ရှိနေသော ပွဲစဥ်များအတွက် အချိန်အချို့ လိုသေးလေသည်။ ယီယွင်က သမထထိုင်နေခဲ့လေ၏။
ဂျူနီယာများက ယီယွင် သမထထိုင်နေသည်ကို မြင်သောအခါတွင် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ယီယွင်တွင် မတိုက်ခိုက်ရသေးသည့် ပြိုင်ပွဲများ ကျန်သေးလေသည်။ လက်ရှိတွင် ယီယွင် တိုက်ပွဲအခြေအနေများကို လေ့လာကာ ပြိုင်ဘက်များ၏အကြောင်းကို သိအောင်လုပ်ထားသင့်သော်လည်း သူက သမထထိုင်နေခဲ့လေ၏။
လွန်ခဲ့သည့် ဆယ့်ငါးမိနစ်ခန့်ကဆိုလျှင် ဝမ်ယွီက ယီယွင်၏ အပြုအမူကြောင့် ဒေါသထွက်နေပေလိမ့်မည်။ ယခုတွင်မူ မြွေပွေးကို အလွယ်တကူပင် အလဲထိုးထားလေသောကြောင့် ဝမ်ယွီ စကားမဆိုဝံ့တော့ပေ။
မတူသောလူများက တူညီသောအရာကို လုပ်ဆောင်နေကြပြီး လုံးဝမတူသော ရလဒ်များ ထွက်ပေါ်ကြသည်။ အားနည်းသူသည် ငတုံးသာဖြစ်ပြီး အားကောင်သူကိုမူ ကျွမ်းကျင်သူအဖြစ် ဆက်ဆံကြပေလိမ့်မည်။
" နင် ဘာတွေငိုင်နေတာလဲ... သတင်းအချက်အလက်တွေ ယူကြမယ် " ဝမ်ယွီက ဂျူနီယာတစ်ဦး၏ ခေါင်းကိုပုတ်လိုက်သည်။ သူတို့က ကြီးမားသောကဏ္ဍတွင် ပါဝင်မနေရလေသောကြောင့် တစ်ခုခုလုပ်ပေးရပေမည်။ သူတို့က ပြိုင်ပွဲများ ကြည့်ရှုရန်အတွက် လူစုခွဲသွားကြလေ၏။
သမထထိုင်နေသည့် ယီယွင်က ဝမ်ယွီနှင့် အဖွဲ့ဝင်များ ထွက်ခွာသွားသည်ကို လျစ်လျူရှူထားသည်။ လူအချို့က သူ့အား ကြည့်နေသည်ကို ခံစားမိလေ၏။ အကြည့်များတွင် ရန်လိုခြင်းနှင့် ကြောက်ရွံ့ခြင်းများ ပါဝင်နေသည်။ ထိုသူများက မည်သူများဖြစ်သည်ကို ယီယွင် ကြည့်နေရန်ပင်မလိုပေ။
" ဒီကောင်လေးက အဆင့်နိမ့်နေတာတောင် မြွေပွေးကို နိုင်သွားသေးတယ် " ယန်ဟောက်ရန် လက်သီးအား တင်းကျပ်စွာ ဆုပ်ထားလေ၏။
ယီယွင်နှင့်မြွေပွေးတို့၏ တိုက်ပွဲရလဒ်ကို သူ မျှော်လင့်မထားပေ။ ယီယွင်ကို သုတ်သင်ရန်အတွက် သူက ရက်စက်ကြမ်းကြုတ်သော မြွေပွေးကို ရွေးခဲ့လေသည်။
ယီယွင်ရဲ့စွမ်းအားက ဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ။
ယန်ဟောက်ရန်မှာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကာ စိတ်ဓာတ်ကျသွားလေ၏။ ယီယွင်က ကြီးပြင်းလာခြင်းမရှိသေးသည့်တိုင်အောင် လက်တစ်ဖက် ထိခိုက်ထားသည် သူက ယီယွင်ကို မယှဥ်နိုင်တော့ပေ။
" ဟောက်ရန်... ငါတို့တွေ ဒီကောင့်ကို ပစ်မှတ်မထားတော့တာ ပိုကောင်းလိမ့်မယ် "
ယန်ဟောက်ရန်၏နံဘေးမှ လီဟုန်မှာ ယုံကြည်ချက်နည်းပါးနေသည်။
လီဟုန် အငြိုးကြီးသူ ဖြစ်လေ၏။ သူ့အား ရန်စသူတိုင်းကို ဆယ်ဆခန့်ပိုဆိုးအောင် လုပ်တတ်လေသည်။ သို့သော် တစ်ဖက်လူက မည်သူဖြစ်ကြောင်း မူတည်သေးလေ၏။ တစ်ဖက်လူက သူ့ထက် သာလွန်နေလျှင် တစ်ဖက်လူကို ရန်စမိသည့် သူက ငတုံးတစ်ကောင် ဖြစ်သွားပေလိမ့်မည်။
ကနဦးပိုင်းတွင် လီဟုန်က ယီယွင်ကို အလွယ်တကူ အနိုင်ကျင့်၍ရမည်ဟု ထင်မိခဲ့ကာ ယီယွင်ကို ကိုင်တွယ်လိုခဲ့သည်။
ယခုတွင်မူ ယီယွင်၏ စွမ်းအားနှင့် ပါရမီတို့က သူ့ထက် ပိုသာနေလေ၏။ ယီယွင်က ကဏ္ဍများစွာတွင် သူ့ထပ် ကျော်လွန်နေသည်။ သူ အရေးသာသည်မှာ မိသားစုနောက်ခံသာ ဖြစ်လေ၏။ သို့သော် တိုင်အာနတ်မြို့၏ အကြီးအကဲများက ယီယွင်ကို မြောက်စားထားသည်နှင့် ယှဥ်ကြည့်လျှင်မူ ဘာမျှမဟုတ်တော့ပေ။
ယီယွင်ကို မယှဥ်နိုင်တော့ပါက တိုင်အာနတ်မြို့တွင် ယီယွင် အရေးပါသူတစ်ဦး ဖြစ်လာချိန်တွင် သူ ဆိုးရွားစွာပင် အဆုံးသတ်ရပေလိမ့်မည်။ လီဟုန်က နောက်ဆုတ်ရန် တွေးထားပြီးဖြစ်သည်။
" မင်း ကြောက်နေတာလား " ယန်ဟောက်ရန်က လီဟုန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
လီဟုန် ခေါင်းယမ်းလိုက်၏။ သူက ယီယွင်ကို ကြောက်သော်ငြားလည်း ယန်ဟောက်ရန်ကို အပြစ်ပြုလိုခြင်း မရှိလေသောကြောင့်..." ငါတို့က ဒီကောင့်ကို မယှဥ်နိုင်တော့ဘူးလို့ ခံစားမိရုံတင်ပါပဲ "
" ဒီကောင့်ကို မယှဥ်နိုင်ဘူးတဲ့လား " ယန်ဟောက်ရန် အံကျိတ်လိုက်၏။ လီဟုန် ပြောသည်မှာ မှန်ကန်ကြောင်း သူ ဝန်ခံရပေမည်။
မဟာမိတ်ပြိုင်ပွဲတွင် ထွန်းတောက်နေသည့် ယီယွင်ကို တိုင်အာနတ်မြို့မှ အကြီးအကဲများက အပစားပေးထားသည်သာမက ထိုကောင်က ဆရာသခင်ယွဲ့ဟွား၏ တပည့်လည်း ဖြစ်နေချေ၏။ သူတို့၏မိသားစုများက သူ့တို့အတွက်ဖြင့် ယီယွင်လိုလူစားမျိုးအား အပြစ်ပြုကြမည်မဟုတ်ပေ။
အရေးကြီးဆုံး အခြေအနေမျိုးတွင် မိသားစုမျိုးနွယ်တစ်ခုက အကျိုးနှင့်အကြောင်းကိုသာ တွေးကြမည်ဖြစ်ပြီး သူ့အား စွန့်ပစ်နိုင်လောက်သည်။ ထို့အပြင် သူက လက်တစ်ဖက် ဆုံးရှုံးထားသေးလေ၏။
ဤသည်ကား မိသားစုမျိုးနွယ်တစ်ခု၏ ရက်စက်မှုနှင့် လက်တွေ့ဆန်မှု ဖြစ်လေ၏။ ယင်းအရာကို တွေးမိပြီး ယန်ဟောက်ရန် အလွန်ဝမ်းနည်းသွားရသည်။
" ယီယွင်က ငါ့လက်ကို ဖျက်ဆီးပြီးတော့ ငါ့ရဲ့သိုင်းသမားဘဝကို အဆုံးသတ်စေခဲ့တယ်။ ဒါတောင် ငါဆိုတဲ့ ယန်ဟောက်ရန်က ဒီလိုအရှက်တကွဲဖြစ်ရချိန်မှာ သည်းခံနေရတာပါ့လား "
စစ်သည်လောကတွင် သန်မာသူကိုသာ လေးစားကြလေ၏။ ယီယွင်က သူ၏စွမ်းအားကို သက်သေပြပြီးချိန်တွင် ထင်ပေါ်သော မိသားစုတစ်ခုမှ သားတစ်ယောက်ဖြစ်သည့် သူသည် မဖြစ်မနေ ဦးညွတ်ရပေမည်။
လီဟုန်နှင့် ယန်ဟောက်ရန်တို့ အသံပို့လွှတ်ကာ စကားပြောနေချိန်တွင် လီဟုန်၏ကျောဘက်မှ စင်မြင့်ပေါ်တွင် အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
လီဟုန် လှည့်ကြည့်လိုက်ရာ သူ၏အဖွဲ့ဝင်တစ်ဦး လက်ကျိုးသွားပြီး စင်မြင့်ပေါ်မှ ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။ ထိုအဖွဲ့ဝင်ကလည်း တပ်သားသစ်တစ်ဦး ဖြစ်လေ၏။ ထိုသူက မျက်နှာဖြူလျော်နေပြီး မြေကြီးပေါ်တွင် တွန့်လိမ်နေသည်။ ရလဒ်က သိသာလှချေ၏။
ယီယွင်၏အဖွဲ့မှလွဲ၍ လီဟုန်၏အဖွဲ့က တိုးတက်မှုအမြန်ဆုံး ဖြစ်လေသည်။ အကြောင်းကမူ လီဟုန်၏အဖွဲ့ထဲ၌ အသုံးမကျသော စစ်သည်များသာရှိပြီး ယီယွင်၏အဖွဲ့နှင့် တူညီလေသည်။
အသုံးမဝင်သော အဖွဲ့ဝင်များရှိခြင်း တူညီသည့်တိုင်အောင် ယီယွင်က တောက်ပသွားခဲ့သည်။ ပြိုင်ပွဲစတင်ပြီး ဆယ့်ငါးမိနစ် မပြည့်မီတွင် ယီယွင်က ထိုင်ခုံနေရာနှစ်ခု အနိုင်ရသွားခဲ့လေ၏။ လီဟုန်၏အဖွဲ့တွင်မူ ပြောင်လုနီးပါး ဖြစ်နေပေပြီ။
သူ့အား ကာကွယ်ပေးမည့် ရှေ့ပြေးများ တစ်ဦးပြီးတစ်ဦး ရှုံးနိမ့်နေသည်ကို မြင်ရချိန်တွင် လီဟုန် ထိုင်မနေနိုင်တော့ပေ။
" တကယ်ကို အရမ်းအားနည်းတယ် "
စင်မြင့်ပေါ်တွင် တောင့်တင်းသော လူငယ်တစ်ဦး ရှိသည်။ သူက ရယ်မောကာ..." မင်းတို့က အစွန့်ပယ်ခံအဖွဲ့မလား။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ မင်းက အရှက်ကွဲတာကို ခံနိုင်ရည်ရှိသားပဲ "
လီဟုန်၏အမူအရာ အေးစက်သွားကာ တုတ်ရှည်ကိုကိုင်ပြီး စင်ပေါ်သို့ တက်သွားလေသည်။ သူ၏အဖွဲ့တွင် မည်သူမျှ မကျန်တော့လေသောကြောင့် သူ မဖြစ်မနေပင် တက်ရတော့မည် ဖြစ်လေသည်။
" ဆင်းလာခဲ့တော့ အားကျွင်း။ ငါ အဲ့ဒီကောင်နဲ့ ရင်ဆိုင်လိုက်မယ် " ထိုစဥ်တွင် ခပ်အေးအေးအသံတစ်ခု ထွက်ပေါ်လာပြီး အရပ်ရှည်ကာ ပိန်ပါးသော လူငယ်တစ်ဦး စင်မြင့်ပေါ်သို့ တက်လာသည်။
ထိုသူက လူငယ်နှင့် မတူပေ။ ထိုသူ၏မျက်ဝန်းများက မျက်ပေါက်ကျဥ်းသော်လည်း အသက်ဝင်နေကာ မတူကွဲပြားသော အရှိန်အဝါတစ်ခု ပေးနေလေသည်။
" စီနီယာကျွင်းယွဲ့က ခေါင်းဆောင်လေ။ ဒီငါးဖားလောင်းလေးကို ဘာကြောင့် မင်းကိုယ်တိုင် ကိုင်တွယ်နေမှာလဲ " လူငယ်က လေးစားစွာ ဆိုလိုက်လေ၏။
ကျွင်းယွဲ့က ရယ်မောကာ... " ငါ ဘာမှလုပ်စရာမလိုဘူးလို့ ထင်ခဲ့ပေမဲ့ စင်မြင့်ရှစ်မှာ မြွေပွေး ရှုံးသွားခဲ့တာကို မြင်ခဲ့ရတယ်။ မြွေပွေးကို အနိုင်ယူသွားတဲ့သူက အတော်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ရလဒ်အနေနဲ့ ငါ့လက်တွေ ယားလာတယ်။ ငါ ဒီကောင်နဲ့ တိုက်ခိုက်သင့်တယ်။ ဒါမှပဲ ငါ သွေးပူလာမှာ "
ကျွင်းယွဲ့၏လေသံက ပေါ့ပေါ့ပါးပါး နိုင်လှသည်။ သူ စကားပြောနေချိန်တွင် မျက်စိမှိတ်ကာ ထိုင်နေသည့် ယီယွင်ကို ကြည့်နေလေ၏။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်နေ၏။
လက်ရှိတွင် လီဟုန် မျက်နှာသုန်မှုန်နေ၏။ ကျွင်းယွဲ့က ယီယွင်ကိုသာ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားလေသည်။ ထိုကောင်က သူနှင့်တိုက်ပွဲကို သွေးပူရုံသာ သတ်မှတ်ထားလေ၏။
လီဟုန် လက်သီးဆုပ်လိုက်၏။ သူသည်လည်း ကောင်းကင်သားတော်တစ်ဦး ဖြစ်လေ၏။ ဤကဲ့သို့ မတူမတန်ဆက်ဆံခံရခြင်းကြောင့် သူ ပြိုင်ဘက်ဖြစ်သူကို တစ်စစီဆွဲစုတ်ပစ်ချင်နေသည်။
ဤသည်ကလည်း ခေါင်းဆောင်နှစ်ဦး၏တိုက်ပွဲ ဖြစ်လေသောကြောင့် ဥပဒေထိန်းတစ်ဦး ဒိုင်အဖြစ်လုပ်ရန် ထွက်လာသည်။ ဒိုင်က နှစ်ဖက်လုံးအား အသင့်ဖြစ်ပြီလားဟု မေးချိန်တွင် ကျွင်းယွဲ့က လက်ဗလာနှင့်သာ ရှိနေလေသည်။ သူက လက်နက်မထုတ်ပေ။
" လက်နက်မထုတ်ဘူးလား " လီဟုန်၏မျက်နှာ ညိုမှောင်သွားလေ၏။ သို့သော် သူက ပြိုင်ဘက်ကို လက်နက်ထုတ်ရန် မအော်ခဲ့ပေ။
ပြိုင်ဘက်က အလွန်သန်မာကြောင်းကို သူ သိသည်။ ပြိုင်ဘက်က လက်နက်မထုတ်သည့်တိုင်အောင် သူ့အဖို့မူ အားကုန်ထုတ်ရချေမည်။ ပြိုင်ဘက်ဖြစ်သူ၏ အထင်သေးစိတ်ကို အခွင့်ကောင်းယူနိုင်မှသာ အောင်ပွဲရပေမည်။
" ပြိုင်ပွဲ စပြီ "
ဒိုင်က အော်လိုက်ချိန်တွင် လီဟုန်က လက်ထဲတွင် တုတ်ရှည်ကိုင်ကာ ရှေ့တက်သွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ကျောဘက်၌ မီးခိုးရောင်ဝက်ဝံပုံစံ ရှုထောင့်ပုံရိပ် ထွက်ပေါ်လာသည်။
ကျွင်းယွဲ့ကမူ လီဟုန် တိုးလာနေသည့်တိုင်အောင် စင်မြင့်ပေါ်တွင် ဓားတစ်လက်ပမာ ရပ်နေလေ၏။ လီဟုန်က သူနှင့် ပေသုံးဆယ်ခန့်သာ ဝေးတော့ချိန်တွင် ကျွင်းယွဲ့၏ မျက်လုံးများက ဆွဲဆောင်မှုရှိသည့် အေးစက်သောအလင်းတစ်ခု တောက်ပသွားလေ၏။
ဝေါ...ဝေါ...ဝေါ...။
လီဟုန်၏အောက်မှ သတ္တုပြားများ ရုတ်တရက်ပင် အံ့မခန်းအပြောင်းလဲအောက် ရောက်ရှိသွားလေသည်။ မြေပြင်ထံမှ လက်မအတုတ်ခန့်ရှိသည့် သတ္တုမြားထိပ်ဖူးများ ခွဲထွက်လာပြီး လီဟုန်အား ပစ်လေသည်။
ဘယ်လို...။
လီဟုန် မျက်နှာပျက်သွားရ၏။ မည်ကဲ့သို့ တိုက်ခိုက်မှုမျိုးပေနည်း။