ခန်းယန်၏မြည်း
Vol. 22 Ch. 318
အဖွဲ့မျိုးစုံမှ လူသားအရှင်သခင်များနှင့် ပညာရှိများက တိုင်အာနတ်မြို့ သခင်၏ မွေးနေ့ဧည့်ခံပွဲတွင် စုစည်းရောက်ရှိနေကြသည်။ ယခုတွင် အဖွဲ့ငယ်ပွဲစဥ်များ ပြီးဆုံးသွားပြီဖြစ်၍ ပြိုင်ကွင်းက လုံးဝအားလပ်နေသည်။ ယခုမှစ၍ ပြိုင်ပွဲအားလုံးကို နတ်အရိုင်းမြေစင်မြင့်ပေါ်တွင် ပြုလုပ်မည်ဖြစ်သည်။ လူတိုင်းက ပြိုင်ပွဲများကို စောင့်မျှော်နေကြလေ၏။
အတိတ်တွင် တိုင်အာနတ်မြို့၏ ကျင့်ကြံသူများက အချင်းချင်းသာ ယှဥ်ပြိုင်ခဲ့ရလေပြီး ပရိတ်သတ်များကလည်း တိုင်အာနတ်မြို့၏ ကျင့်ကြံသူများသာ ဖြစ်လေသည်။ အားလုံးက တစ်မြို့တည်းမှ ဖြစ်လေသောကြောင့် တစ်ယောက်ယောက် ရှုံးနိမ့်ရလျှင်ပင် များစွာသိက္ခာမကျပေ။
ယခုတွင်မူ ပြိုင်ပွဲတိုင်းကို မတူညီသော အရေးကြီးပုဂ္ဂိုလ်များက ကြည့်နေလေသည်။ ဤအခြေအနေမျိုးတွင် လူအများအဖို့ စိတ်ဖိစီးမှုခံစားရမည်မှာ သံသယဖြစ်ရန်မလိုပေ။
" စီနီယာဝမ် " ၁၃ နှစ်အရွယ် ဂျူနီယာတစ်ဦးက ဝမ်ယွီ၏လက်ဝါးကို ကိုင်ကာ ငြိမ်သွားလေ၏။
ထိုဂျူနီယာက စိုးရိမ်နေသည်ကို ဝမ်ယွီ သိသည်။ သူမတို့သုံးယောက်က ထုတ်ပယ်ခံရသင့်လေ၏။ ယီယွင်က စောစီးစွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် သူမတို့ ပထမအကျော့တွင် တိုက်ခိုက်စရာမလိုတော့ဘဲ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ လာမည့်တိုက်ပွဲများတွင် ပြိုင်ဘက်များက သူမတို့ထက် ပိုမိုအားကောင်းကြသည်ဖြစ်၍ စင်မြင်ပေါ်တက်ခြင်းသည် နာကျင်မှုကို နှစ်သက်နေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
အရိုက်ခံရသည်မှာ ကိစ္စကြီးတစ်ခု မဟုတ်သော်ငြားလည်း ပရိတ်သတ်ထဲရှိ အရေးကြီးပုဂ္ဂိုလ်အားလုံး၏ စောင့်ကြည့်မှုအောက်တွင် ဆိုးရွားစွာ အရိုက်ခံနေရပါက အရှက်တကွဲရလဒ် ဖြစ်လာမည်သာ သိသာလေသည်။
ဝမ်ယွီ စိတ်ပျက်နေရ၏။ စင်စစ်တွင် သူမ၏ အခြေအနေကလည်း ဂျူနီယာများထက် ပိုကောင်းမနေပေ။
ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်များကို ကြည့်လိုက်ချိန်တွင် တစ်ဦးချင်းစီတိုင်းက လူအများ ကြောက်ရွံ့စေနိုင်သည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။
" မင်းတို့တွေ စင်ပေါ်တက်ဖို့ မလိုဘူး " ယီယွင်က ဝမ်ယွီကို ပြောလိုက်သည်။ သူ၏လေသံက တည်ငြိမ်နေ၏။
" အာ...ငါ..." ဝမ်ယွီ၏မျက်နှာ နီရဲသွားကာ..." အနည်းဆုံးတော့ ကျွန်မတို့က သူတို့ကို စမ်းသပ်ကြည့်လို့ရပါတယ် "
" မလိုဘူး "
ဝမ်ယွီက ပြိုင်ဘက်များအား စမ်းသပ်ကြည့်မည်ကို ယီယွင် မလိုအပ်ပေ။ အမှန်တကယ်တွင် သူတို့က ထိုသို့လုပ်ရန် အရည်အချင်းမမီပေ။ လာတော့မည့် တိုက်ပွဲများတွင် သူနှင့် ချူရှောင်းရန်သာ ပါဝင်ရမည်။
သူတို့၏ ပြိုင်ဘက်များက ခုနစ်ယောက်ဖြစ်၏။ လူအရေအတွက်က သုံးဆခန့် ပိုများနေလေသည်။
အဖွဲ့မျိုးစုံမှ အရေးကြီးပုဂ္ဂိုလ်များက လူသစ်အားလုံးကို အကဲခတ်နေကြလေပြီး အထူးသဖြင့် ယီယွင်နှင့် ကျွင်းယွဲ့ကို ဖြစ်လေ၏။
လူတိုင်းက သူတို့နှစ်ဦးကို အာရုံစိုက်နေကြသည်။
ယီယွင်က မြွေပွေးကို လက်နက်မသုံးဘဲ အနိုင်ယူခဲ့လေပြီး ကျွင်းယွဲ့က လီဟုန်ကို ခြေတစ်လှမ်းမရွေ့ဘဲ အနိုင်ယူခဲ့သည်။ နှစ်ဦးလုံးက အကြွင်းမဲ့ပါရမီရှင်များ ဖြစ်ကြသော်လည်း ကံမကောင်းစွာနှင့်ပင် ယီယွင် တစ်နှစ်ပိုငယ်နေသည်။
ပါရမီရှင်များ ဆယ်ကျော်သက်အရွယ်တွင် တိုးတက်မှုအမြန်ဆုံး ဖြစ်လေ၏။ တစ်နှစ်ကာလက ရှည်ကြာလွန်းသည်။ သုံးလေးလအချိန်ကပင် လူတစ်ဦး၏ စွမ်းအားများ တဟုန်ထိုး တိုးတက်စေကာ တစ်ဆင့်ချိုးဖျက်စေနိုင်သည်။
" နှမြောစရာပဲ... ယီယွင်က ငယ်သေးပြီးတော့ အဖွဲ့ဝင်တွေလည်း အများကြီးမကျန်တော့ဘူး။ လူတစ်ဦးတည်းက အခြေအနေကို ကယ်တင်မပေးနိုင်ဘူး " ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲတစ်ဦးက မုတ်ဆိတ်သပ်ရင်း ဆိုသည်။
" ယီယွင်သာ တစ်နှစ်လောက်ပိုကြီးရင် ကျွင်းယွဲ့နဲ့ ယှဥ်နိုင်လောက်တယ်။ ဒါပေမဲ့ လောလောဆယ်တော့ သူက ငယ်လွန်းနေသေးတယ် " ယွင်လုံနတ်ပြည်ထောင်မှ အခြားအကြီးအကဲတစ်ဦးက သံယောင်လိုက်သည်။ ထိုသူက အဖြူပြောင် ဝတ်ဆင်ထားပြီး အင်မော်တယ်တစ်ဦး၏ဟန်ပန် ရှိလေသည်။
သူတို့နှစ်ဦးသာ် တိုက်ပွဲတွင် ကျွင်းယွဲ့က အငြင်းပွားစရာမရှိ အနိုင်ရလိမ့်မည်ဟု ယုံကြည်ထားကြသည်။
" ငပိန်း "
အကြီးအကဲနှစ်ဦး စကားပြောပြီးချိန်တွင် တစ်စုံတစ်ယောက်၏ စကားသံကို ကြားလိုက်ရ၏။ သူတို့ မှင်တက်မိသွားသည်။ ဂန္တဝင်ပုဂ္ဂိုလ်များ အတူထိုင်နေချိန်တွင် မည်သူကများ နိမ့်ကျသောစကားလုံးများ သုံးခဲ့လေသလေသနည်။
သူတို့ လှည့်ကြည့်လိုက်ရာ ပိန်ပါးသော အဖိုးအိုတစ်ဦးကို မြင်လိုက်ရသည်။ ထိုအဖိုးအိုက ကွာစေ့စားနေကာ အခွံများကို မဆင်မခြင် လွှင့်ပစ်နေသည်။ ထိုအဖိုးအိုက နတ်အရိုင်းမြေစင်မြင့်ကိုသာ ကြည့်နေပြီး သူတို့အား ကြည့်မနေပေ။
ထိုအဖိုးအိုက အခြားသူမဟုတ်လေဘဲ ခန်းယန် ဖြစ်လေသည်။
" ငပိန်း " ဟူသည့် စကားကို ထိုအဖိုးအိုက ပြောခဲ့ကြောင်းကို အင်မော်တယ်နှင့်တူသော အဖြူဝတ်အဖိုးအိုက အတပ်သိသည်။
" ရောင်းရင်းက ဘာကြောင့် အဲ့ဒီလိုပြောရတာလဲ " အဖြူဝတ်အဖိုးအိုက မေးလိုက်သည်။
" ဘာလဲ " ခန်းယန် အံ့အားသင့်သွားကာ အော်လိုက်သည်။ သူက ဇဝေဇဝါအမူအရာဖြင့်..." ခင်ဗျားက ကျုပ်ကို ပြောနေတာလား "
" ဟုတ်တယ် " အဖြူဝတ်အဖိုးအို၏ အမူအရာ အရုပ်ဆိုးနေလျက်ဖြင့်..." အခုလေးတင် ရောင်းရင်း ပြောသွားခဲ့တဲ့ စကားလုံးတွေကို ရှင်းပြပေးပါဦး "
" အခုလေးတင်လား။ ကျုပ်လား "
ခန်းယန် အံ့အားသင့်သွားပြီးနောက် နားလည်သွားဟန်ဖြင့်..." ဪ...ကျုပ် ကွာစေ့စားနေရင်း ကျုပ်ရဲ့ စီးတော်ယာဥ်ဖြစ်တဲ့ အစိမ်းရောင်မြည်းကို ရုတ်တရက် သတိရသွားလို့ပါ။ ဒီမြည်းက ကျုပ်ရဲ့ ဆေးမီးဖိုးကို မှောက်ချပစ်လိုက်လို့ ကျိန်ဆဲနေတာပါ။ ပြဿနာရှိလို့လား "
ခန်းယန်၏ အပြစ်ကင်းသောပုံစံကြောင့် အကြီးအကဲနှစ်ဦး ဒေါသထွက်သွားရလေ၏။
ခန်းယန်က ငပိန်းဟု ဆဲရေးခဲ့သည်။ ယခုတွင်မူ သူ၏စီးတော်ယာဥ် အစိမ်းရောင်မြည်းကို ဆဲရေးသည်ဟု ဆိုနေလေ၏။ ယင်းက ပြဿနာမရှိပေ။ ထို့အပြင် ခန်းယန်က သူတို့နှစ်ဦးကို အစောကတည်းကပင် ကြည့်မနေခဲ့ပေ။
အကြီးအကဲနှစ်ဦး စိတ်ပျက်နေရ၏။ အဖွဲ့ကြီးများ၏ ဂန္တဝင်ပုဂ္ဂိုလ်များ အသိုင်းအဝိုင်းထဲတွင် ဤသို့လူညစ်တစ်ဦး ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
" ဒီအရူးအိုကြီး " အဖြူဝတ်အဖိုးအိုက အသံပို့ကာ ဒေါသတကြီး ဆိုသည်။
" ထားလိုက်တော့... သူ ကြာကြာရောင့်တက်နိုင်မှာမဟုတ်ဘူး။ ငါတို့ လျှာတွေကို ခဏလောက် ထိန်းထားပေးဖို့ပဲ လိုအပ်တယ်။ ရလဒ်ထွက်လာရင် သူ ဘာပြောလာမလဲဆိုတာ ကြည့်ကြတာပေါ့ "
" ဟုတ်တယ်။ ဒီတစ်ကြိမ်မှာ ငါတို့ ယွင်လုံနတ်ပြည်ထောင်က ကောင်းကင်သားတော်တွေနဲ့ ပြည့်နေတယ်။ ဒါက နှစ်တစ်ရာအတွင်းမှာ အထွန်းတောက်ဆုံးမျိုးဆက်ပဲ။ ငါတို့က တိုင်အာနတ်မြို့ကို အဖက်ဆယ်မရအောင် သိက္ခာချပစ်မယ် "
အကြီးအကဲနှစ်ဦးက အပြန်အလှန်ဆက်သွယ်နေရင်း ယာယီတည်ငြိမ်သွားကြသည်။ ပထမတိုက်ပွဲ စတင်တော့မည်ဖြစ်၍ သူတို့က နတ်အရိုင်းမြေစင်မြင့်ကို အာရုံစိုက်လိုက်ကြသည်။
ယွင်လုံနတ်ပြည်ထောင်မှ လူတစ်ယောက်က စင်ပေါ်သို့ တက်သွားလေ၏။ ထိုသူက ခုနစ်နှစ် ၊ ရှစ်နှစ်အရွယ် ချစ်စရာကလေးတစ်ဦး ဖြစ်လေ၏။
" ကလေးတစ်ဦးလား "
" သူက ငယ်တယ်ပဲ ထင်ရတာ။ သူ့အမည်က လင်ထုံ။ သူက ငါတို့နဲ့ အသက်အတူတူပဲ။ သူ့ကို လျော့မတွက်နဲ့။ ငါ သူရဲ့ သတင်းအချက်အလက်တွေကို မြင်ပြီးပြီ။ သူက အရမ်းအားကောင်းတယ်။ ပထမဆုံး တိုက်ခိုက်လာတာက သန်မာတာကို ပြနေတာပဲ "
" ငါတိုက်မယ် " ချူရှောင်းရန်က စင်မြင့်ပေါ်သို့ တက်သွားလေသည်။ သူတို့တွင် လူနှစ်ဦးသာ ရှိလေသောကြောင့် ယီယွင်က နောက်ဆုံးဖြစ်ရလိမ့်မည်။ ထို့ကြောင့် စေလွှတ်၍ရသူမှာ ချူရှောင်းရန်သာ ဖြစ်လေ၏။
" ကောင်းပြီ...ဂရုစိုက်ပါ " ယီယွင် ခေါင်းညိတ်လိုက်၏။
" ဟီဟီ..." ကလေးက ရယ်လိုက်လေသည်။
" တိုက်ပွဲစမယ် "
ဒိုင်က တိုက်ပွဲစရန် ပြောလိုက်သည်နှင့် ချူရှောင်းရန်၏ ကျောဘက်တွင် နှင်းရေခဲဝံပုလွေ ရှုထောင့်ပုံရိပ် ပေါ်လာလေပြီး သူမ၏လက်ထဲတွင်လည်း ဓားရှည် ကိုင်ထားသည်။ ချူရှောင်းရန်က တိုက်ပွဲကို မြန်ဆန်စွာ အဆုံးသတ်လိုခြင်းကြောင့် ရှုထောင့်ပုံရိပ်ကို ထုတ်သုံးခဲ့လေသည်။
" ဥာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ " ကလေးက သူမကို ချီးကျူးလိုက်လေ၏။
ဝေါင်း...။
နှင်းရေခဲဝံပုလွေက ဟိန်းဟောက်ကာ လင်ထုံဆီသို့ ပြေးဝင်သွားလေ၏။ တစ်ချိန်တည်းမှာပင် ချူရှောင်းရန်က ဓားနှင့်ခုတ်လိုက်သည်။ ခရမ်းရောင်အဖြိုက်နက် စင်မြင့်ထက်တွင် ရေခဲတိုင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လင်ထုံကို ပိတ်လှောင်လိုက်လေ၏။
ဖောင်း...ဖောင်း...ဖောင်း...။
ရေခဲတိုင်များက လင်ထုံဆီသို့ တိုးဝင်နေရင်း ပေါက်ကွဲသွားကာ မရေမတွက်နိုင်လောက်သော ရေခဲအပိုင်းအစများအဖြစ် ပြောင်းလဲသွားလေ၏။
ဤတိုက်ကွက်က ရှောင်စရာမရှိပေ။ ယီယွင်၏ တဒင်္ဂလှုပ်ရှားမှုနှင့်ပင် ရှောင်နိုင်မည်မဟုတ်ပေ။
ချူရှောင်းရန်၏ဓားနှင့် နှင်းရေခဲဝံပုလွေတို့က လင်ထုံကို အလင်းတန်းနှစ်ခုပမာ တိုက်ခိုက်လာ၏။ ချူရှောင်းရန်က အစပိုင်းမှာပင် သူမ၏နည်းစနစ်အားလုံး ထုတ်သုံးခဲ့သည်။
မုန်တိုင်းထန်သော တိုက်ခိုက်မှုအောက်တွင် လင်ထုံက ရှောင်းတိမ်း၍မရသလို တစ်ချိန်တည်းမှာပင် ရှောင်တိမ်းလိုဟန်လည်း မရှိပေ။
သူ ဟစ်အော်လိုက်ပြီး ယွမ်ချီများ ပေါက်ကွဲထွက်လာကာ သူ၏ချီများကို ဝဲကတော့သဖွယ် လည်ပတ်စေသည်။
မြောက်မြားစွာသော ရေခဲအပိုင်းအစများမှာ ယွမ်ချီဝဲကတော့နှင့် ဆုံတွေ့မိကာ လွင့်စဥ်သွားရလေ၏။
လည်ပတ်ခြင်းသဘောတရား...။
လင်ထုံက လည်ပတ်ခြင်းစွမ်းအားကို အသုံးပြုကာ ရေခဲအပိုင်းအစများကို ရိုက်ချပစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်ထုံက လက်များ ဆန့်လိုက်လေ၏။ သူ၏လက်များထံမှ ထီးငယ်ဆယ့်နှစ်ခု ထွက်ပေါ်လာ၏။ အကြီးဆုံး ထီးက ရေဇလုံအရွယ်ခန့် ရှိလေသည်။ ထီးများက ဝေ့ဝိုက်ကာ ချူရှောင်းရန်ဆီသို့ ပျံသန်းသွားလေ၏။
ဝှစ်...ဝှစ်...ဝှစ်...။
ထီးများထံမှ တောက်ပသော ဓားသွားများ ပေါ်ထွက်လာသည်။ ချစ်စဖွယ် ထီးငယ်များက ယခုအခါတွင် ကြမ်းတမ်းသော မရဏဘီးပျံများ ဖြစ်သွားခဲ့လေ၏။ ဘီးပျံဆယ့်နှစ်ခုက ချူရှောင်းရန်၏ တွဲလုံးတိုက်ခိုက်မှုကို အရပ်မျက်မှာ ဆယ့်နှစ်ခုမှ ခုခံလေသည်။
လင်ထုံသည် ချူရှောင်းရန်၏ ရှောင်စရာနေရာမရှိသည့် တွဲလုံးတိုက်ခိုက်မှုကို ထိုးဖောက်ပစ်ခဲ့လေ၏။
ဘီးပျံဆယ့်နှစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ချူရှောင်းရန်၏ မျက်ဝန်းထဲ၌ စိတ်ပိုင်းဖြတ်လိုက်ဟန်အချို့ ပေါ်ထွက်လာသည်။ သူမ အံကျိတ်ကာ ခန္ဓာကိုယ်အား အံ့မခန်းပုံစံဖြင့် တွန့်လိမ်လိုက်ပြီး ဘီးပျံဆယ့်နှစ်ခုအကြားရှိ နေရာလပ်ထဲသို့ တိုးဝင်သွားသည်။
အမာအပျော့သဘောတရား...။
သို့သော် ချူရှောင်းရန်၏ အမာအပျော့သဘောတရားက မည်မျှပင် ပြည့်စုံနေစေကာမူ ဘီးပျံဆယ့်နှစ်ခုကို ပြီးပြည့်စုံစွာ ရှောင်နိုင်ခြင်းမရှိခဲ့ပေ။ ဘီးပျံသုံးခုက ချူရှောင်းရန်၏ ပခုံးများနှင့် လည်ပင်းအား ခြစ်မိသွားလေ၏။
သွေးများပြန့်ကျဲသွားသည်။
" သေစမ်း "
ချူရှောင်းရန်က လင်ထုံ၏ မျက်နှာကို ထိုးသွင်းလိုက်သည်။
" ဘယ်လို "
လင်ထုံ ထိတ်လန့်တကြား ဆုတ်ခွာသွား၏။ သူ၏လက်များက ချိတ်စည်းဖော်ဆောင်လိုက်ရာ သူ့အား ကာကွယ်ရန်အတွက် ထီးကြီးတစ်လက် ပွင့်လာသည်။
ဖောင်း...။
ချူရှောင်းရန်၏ဓားက ထီးကို ထိုးဖောက်သွားလေ၏။ ဓားအလင်း ပေါက်ကွဲသွားကာ ထီးကြီး အပြင်းအထန် တုန်ခါသွားလေသည်။ တစ်ချိန်တည်းမှာပင် နှင်းရေခဲဝံပုလွေက လင်ထုံ၏ ကျောနောက်မှ ပြေးဝင်လာကာ ပခုံးအား ကိုက်လေ၏။
လင်ထုံ ထိတ်လန့်တကြား အော်လိုက်ရသည်။ ဝံပုလွေ၏ သွားများကြောင့် သူ၏ပခုံး စုတ်ပြဲသွားရသည်။ သူ၏ယွမ်ချီများ ပျောက်ကွယ်သွားပြီး လက်ထဲမှ ထီးကြီးကို ထိန်းမထားနိုင်တော့ပေ။
ထိုစဥ်တွင် ချူရှောင်းရန်က ယွမ်ချီအနည်းငယ် စုစည်းကာ လင်ထုံဆီသို့ ဓားအလင်း ပစ်လွှတ်လိုက်လေ၏။
ဖောင်း...။
ထီးကြီး ပေါက်ကွဲသွားကာ ယွမ်ချီများအဖြစ် ပြိုကွဲသွားလေ၏။ ဓားအလင်းက လင်ထုံ၏ ယွမ်ချီအကာအကွယ်နှင့် ဆုံတွေ့လေသည်။
လင်ထုံ သွေးအန်လိုက်ရကာ စင်မြင့်အပြင်ဘက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။
ထီးကြီးက လင်ထုံ၏ ရှုထောင့်ပုံရိပ် ဖြစ်လေသည်။ အချို့သော စစ်သည်များ၏ ရှုထောင့်ပုံရိပ်က ပျက်စီးခြင်းသားရဲများ မဟုတ်လေဘဲ ၎င်းတို့၏ ကျင့်စဥ်နည်းစနစ် သို့မဟုတ် အသုံးပြုသောလက်နက်နှင့် ဆက်စပ်နေလေသည်။
လင်ထုံက လည်ပတ်ခြင်းဥပဒေသကို ကျင့်ကြံသည်။ ယင်းက အလွန်အစွမ်းထက်သည့် ဥပဒေသ မဟုတ်သော်လည်း အလွန်ပင် အသုံးဝင်သည်။
" လင်ထုံ ရှုံးသွားပြီ "
တိုင်အာနတ်မြို့မှ လူများမှာ တိုက်ပွဲအဆုံးသတ်ကို မြင်တွေ့ကာ စိတ်အားတက်ကြွလာကြ၏။
ဤတိုက်ပွဲက လျှပ်ပြက်သည့်ပမာ မြန်ဆန်ခဲ့ပြီး ချူရှောင်းရန်က စိတ်ပြတ်သားစွာ တိုက်ခိုက်ခဲ့သည်။ သူမက ယွင်လုံနတ်ပြည်ထောင်၏ အားကောင်းသော ကျင့်ကြံသူတစ်ဦးဖြစ်သည့် လင်ထုံကို အနိုင်ယူသွားခဲ့သည်။
ဤသည်က ကြီးစွာပင် စိတ်အားတက်ကြွစေသည်။
သို့သော် ချူရှောင်းရန်အတွက် စိုးရိမ်နေကြသူအချို့ ရှိလေသည်။ ယီယွင်သည် ချူရှောင်းရန်၏ ပခုံးများနှင့် ဝမ်းဗိုက်မှ ဒဏ်ရာများကိုကြည့်ကာ သက်ပြင်းချလိုက်၏။
ဒဏ်ရာများက အလွန်နက်လေ၏။ လင်ထုံက အလွန်အစွမ်းထက်လေပြီး ချူရှောင်းရန်က မြန်ဆန်ရန်ရည်ရွယ်ကာ ပြတ်သားစွာ တိုက်ခိုက်ခဲ့သည်။ သူမ၏ သက်လုံအားကို ချွေတာရန်အလို့ငှာ မဖြစ်မနေပင် အားအပြည့် တိုက်ခိုက်ရပေမည်။ ဤဒဏ်ရာများနှင့်ဆိုလျှင် ချူရှောင်းရန်၏ တိုက်ခိုက်ရေးစွမ်းရည်များ ကြီးစွာကျဆင်းသွားမည်မှာ ကျိန်းသေလေ၏။