← Chapters

အနိုင်မခံ အရှုံးမပေးစိတ်နဲ့ ရှေ့ဆက်သွားတဲ့ ဓားမောက်

Vol. 22 Ch. 319

အနိုင်မခံ အရှုံးမပေးစိတ်နဲ့ ရှေ့ဆက်သွားတဲ့ ဓားမောက်

Vol. 22 Ch. 319

" လုပ်တာကောင်းတယ် စီနီယာရှောင်းရန် "

ချူရှောင်းရန် ဆင်းလာချိန်တွင် တိုင်အာနတ်မြို့မှ ဂျူနီယာအချို့က ချူရှောင်းရန်ကို ဒဏ်ရာကုသဆေးများ ပေးကြလေ၏။ သို့သော် ချူရှောင်းရန်၏ အသားအရေက မူမမှန်စွာ နီရဲနေလေသည်။ သူမ စင်မြင့်ပေါ်မှ ဆင်းလာပြီးနောက်တွင်မူ သွေးအန်လိုက်လေ၏။

" စီနီယာရှောင်းရန် " ဝမ်ယွီနှင့် အခြားသူများက ချူရှောင်းရန်ဆီသို့ ပြေးသွားကာ ဖေးကူပေးလိုက်ကြသည်။

ယီယွင် ချူရှောင်းရန်၏ ဒဏ်ရာများကိုကြည့်ကာ မျက်မှောင်ကုတ်လိုက်သည်။ သူမ၏ ဒဏ်ရာများက သူ ထင်ထားသည်ထက် ပိုမိုပြင်းထန်နေလေ၏။ လင်ထုံက အမှန်တကယ်ပင် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။ သူက သာမန်မဟုတ်သည့် လည်ပတ်ခြင်းသဘောတရားကို ကျင့်ကြံထားလေသောကြောင့် သူ၏တိုက်ခိုက်မှုတိုင်းတွင် လည်ပတ်အားများ ပါဝင်နေသည်။

ချူရှောင်းရန်က သေကွင်းသေကွက်နေရာများ ထိခိုက်မိဟန် မရှိသော်လည်း ဘီးပျံ၏ လည်ပတ်အားက ချူရှောင်းရန်၏ ဒဏ်ရာမှာတစ်ဆင့် သွေးကြောများကို ထိုးဖောက်ခဲ့လေသောကြောင့် သူမ၏ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားခဲ့ရသည်။

ထိုကဲ့သို့ ဒဏ်ရာမျိုး ပျောက်ကင်းရန်အတွက် တစ်ရက်နှစ်ရက် အနားယူရန်လိုအပ်သည်။ ဤကဲ့သို့ ဒဏ်ရာမျိုးနှင့်ဆိုလျှင် ချူရှောင်းရန်အဖို့ သူမ၏ စွမ်းအားတစ်ဝက်ကိုပင် သုံးနိုင်မည်မဟုတ်ပေ။ ရန်သူများစွာ ရှိနေချိန်တွင် ချူရှောင်းရန်၏ တိုက်ခိုက်ရေးစွမ်းရည် ၅၀% က မလုံလောက်သည်မှာ ရှင်းလင်းလှသည်။

" တောင်းပန်ပါတယ်။ ငါက တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်ခဲ့မိတာ။ ဒီကိစ္စက ထိခိုက်စရာတွေ ဖြစ်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "

သွေးအန်ပြီးနောက်တွင် ချူရှောင်းရန်၏မျက်နှာ နီနေခြင်းများ ပျောက်ကွယ်သွားပြီး ဖြူလျော်သွားလေ၏။

ယီယွင် ခေါင်းယမ်းကာ... " မင်းသာ တိုက်ပွဲကို မြန်မြန်အဆုံးမသတ်ရင် ယွမ်ချီတွေ ကုန်ခမ်းပြီးတော့ တိုက်ခိုက်ဖို့အတွက် အားနည်းလွန်းတာနဲ့ အဆုံးသတ်ရလိမ့်မယ်။ ရလဒ်က အတူတူပဲ ဖြစ်နေမှာပဲ "

လင်ထုံက အလွန်ပင် အားကောင်းသည်။ ချူရှောင်းရန်၏ စွမ်းအားနှင့်ဆိုလျှင် လင်ထုံနှင့် တိုက်ခိုက်ပြီးနောက် ထပ်မံတိုက်ခိုက်နိုင်မည် မဟုတ်တော့ပေ။

" နှမြောစရာပဲ။ ယီယွင်က တစ်ဦးတည်း ကျန်တော့ပုံပဲ။ ယီယွင်မှာက ပြိုင်ဘက်ခြောက်ယောက် ကျန်နေသေးတယ် " ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲတစ်ဦးက သဘောကျဟန်ဖြင့် ဆိုလိုက်လေသည်။

ယီယွင်က ရှုံးထွက်ပြိုင်ပွဲနှင့် ရင်ဆိုင်နေရသည်။ သူက ကျွင်းယွဲ့နှင့် ရင်ဆိုင်ရန် လုံလောက်နေလျှင်ပင် ရေရှည်တောင့်ခံရန် လုံလောက်မည်မဟုတ်ပေ။

ထိုစဥ်တွင် ယွင်လုံနတ်ပြည်ထောင်မှ လူတစ်ဦး စင်မြင့်ပေါ်သို့ တက်လာသည်။ ထိုသူက အလွန်ပိန်လေ၏။ သူ၏မျက်လုံးများက ဓားသွားများအလားပင် သတ်ဖြတ်လိုစိတ်အချို့ ရှိနေသည်။

" အဲ့ဒါ ခွေ့ယွီပဲ။ သူက ချိုးနျိုကို အနိုင်ယူထားတယ် "

ယီယွင်၏နံဘေးမှ ဂျူနီယာတစ်ဦးက အရိုးစုသဖွယ်လူ စင်မြင့်ပေါ်သို့ တက်သွားသည်ကို မြင်လိုက်ချိန်တွင် ထိတ်လန့်တကြား အော်လိုက်သည်။

" ခွေ့ယွီက ဆန်းကြယ်နတ်အရိုင်းမြေမျိုးနွယ်က မွေးဖွားလာတာ။ သူ့ရဲ့ဆန်းကြယ်မျိုးနွယ်က ရုပ်သေးတွေ ဖန်တီးနိုင်ကြတယ်။ ခွေ့ယွီကိုယ်တိုင်ကလည်း ရုပ်သေးပညာရှင်တစ်ဦးပဲ "

" ခွေ့ယွီတဲ့လား။ အတော်ထူးဆန်းတဲ့ အမည်ပဲ "

ဆန်းကြယ်နတ်အရိုင်းမြေမျိုးနွယ်ကို ယီယွင် ယခင်က ကြားဖူးသည်။ နတ်အရိုင်းမြေထဲတွင် သမိုင်းကြောင်းရှည်ကြာစွာ နေထိုင်လာကြသည့် မိသားစုမျိုးနွယ်များ ရှိလေသည်။ ထိုမိသားစုမျိုးနွယ်မှ သေးငယ်သော မိသားစုမျိုးနွယ်များ မဟုတ်ကြပေ။ ၎င်းတို့တွင် အတုမဲ့သော အမွေအနှစ်များရှိပြီး ကိုင်တွယ်ရခက်သည်။

" ဆန်းကြယ်နတ်အရိုင်းမြေမျိုးနွယ်ရဲ့ မျိုးဆက်တစ်ဦးက ယွင်လုံစေတီ ၇၂ ခုမှာ လေ့ကျင့်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး "

" ဂရုစိုက်ပါ အစ်ကိုယီ။ ခွေ့ယွီက အရမ်း ခက်ခဲတယ်။ ရုပ်သေးပညာရှင်ရဲ့ အားနည်းချက်က သူတို့ရဲ့ခန္ဓာကိုယ်ဆိုပေမဲ့ ရုပ်သေးပညာရှင်တွေက တိုက်ခိုက်တဲ့အချိန်ကျရင် ခုခံအားကောင်းတဲ့ ရုပ်သေးတစ်ခုထဲကို ဝင်နေကြတယ်။ အဲ့ဒါက လိပ်ခွံတစ်ခုလိုပဲ။ အဲ့ဒီရုပ်သေးမှာ တိုက်ခိုက်စွမ်းအားနဲ့ အမြန်နှုန်းအားသာချက်တွေ မရှိပေမဲ့ တိုက်ခိုက်မှုတွေကိုတော့ အရမ်းခံနိုင်ရည်ရှိတယ် "

" ခွေ့ယွီလည်း အတူတူပဲ။ သူ လိပ်ခွံထဲကို ဝင်ပြီးသွားရင် အထဲကနေပဲ တိုက်ပွဲကို ကြိုးကိုင်လိမ့်မယ်။ ရှင်သာ သူ့ရဲ့ အဓိကခန္ဓာကိုယ်ကို တိုက်ခိုက်မယ်ဆိုရငင် ပွဲသိမ်းပြီပဲ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ရုပ်သေးတွေက ရှင့်ရဲ့ယွမ်ချီတွေ ကုန်ခမ်းချိန်ကို စောင့်ပြီးတော့ အသေသတ်တိုက်ကွက် ထုတ်ဖော်မှာမလို့ပဲ "

ဝမ်ယွီက သူမ အသုံးဝင်ကြောင်း ပြသလာချေပြီ။ သူမ ယွင်လုံနတ်ပြည်ထောင်မှ ကျွမ်းကျင်သူများစွာ၏ သတင်းအချက်အလက်များကို မှတ်သားထားလေသည်။

ဝမ်ယွီက ဆက်ပြောလေသည်..." ခွေ့ယွီကို ရင်ဆိုင်ဖို့ဆိုရင် အခြားရုပ်သေးတွေကို အရင်ဆုံးဖြေရှင်းတာက အကောင်းဆုံးနည်းလမ်းပဲ။ သူ့ရဲ့ရုပ်သေးအားလုံးကို ရှင်းထုတ်ပြီးသွားရင် သူက အစွယ်နဲ့လက်သည်းတွေ မရှိတော့တဲ့ ကျားတစ်ကောင်လို ဖြစ်သွားပြီ။ ကြောက်စရာမရှိတော့ဘူး။ သူ့ရဲ့ အဓိကခန္ဓာကိုယ်က ခုခံမှုအားကောင်းတဲ့ ရုပ်သေးထဲမှာ ရှိနေဆဲပဲဆိုပေမဲ့ ရုပ်သေးတွေ မရှိတော့ရင် သူ တိုက်ခိုက်နိုင်မှာမဟုတ်တော့ဘူး။ အဲ့ဒီအချိန်ကျရင် သူက ရွေ့လျားနေတဲ့ ပစ်မှတ်တစ်ခုလိုပဲ ဖြစ်နေတော့မှာဆိုတော့ အလွယ်တကူ အနိုင်ယူလို့ရတယ် "

" ဒါပေမဲ့ ခွေ့ယွီရဲ့ ရုပ်သေးတွေကို ရင်ဆိုင်ဖို့က မလွယ်ကူဘူး "

ဝမ်ယွီက အမှန်တကယ်ပင် အလုပ်ကြိုးစားလှပြီး ခွေ့ယွီ၏ အားနည်းချက်များကို ပြောပြနေသည်...." ရုပ်သေးတွေကို အထူးနည်းစနစ်နဲ့ ဖန်တီးထားတာ။ ရုပ်သေးတွေမှ သတ္တုချပ်ဝတ် ဒါမှမဟုတ် ပျက်စီးခြင်းသားရဲတွေရဲ့ ကြေးခွံချပ်ဝတ်တွေ ရှိတယ်။ ရုပ်သေးတွေက ခုခံနိုင်စွမ်းမြင့်တာကြောင့် ရုပ်သေးတွေကို တိုက်ရိုက်ထိခိုက်အောင် လုပ်ဖို့အတွက်က ခက်ခဲတယ် "

" ကျေးဇူးတင်ဖို့ကောင်းတာက ရုပ်သေးတွေမှာ အားနည်းချက်ရှိတယ်။ ရုပ်သေးတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပင်မအစီရင်တစ်ခုစီ ရှိတယ်။ ပင်မအစီရင်က ပိုင်ရှင်ရဲ့ ညွှန်ကြားချက်တွေကို လက်ခံရယူပေးတယ်။ ပင်မအစီရင်မှာ အကာကွယ်အလွှာတွေ ရှိနေပေမဲ့ ပင်မအစီရင်ကို ဖျက်ဆီးလိုက်ရင် ရုပ်သေးတစ်ခုလုံး ပျက်စီးသွားမှာပဲ။ ပင်မအစီရင်ကို ဖျက်ဆီးလိုက်ရင် ရုပ်သေးက မလှုပ်ရှားနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် စီနီယာယီ သေချာပေါက် အနိုင်ရလိမ့်မယ် "

ယီယွင်က ခေါင်းညိတ်ကာ ခပ်ရိုးရိုးသာ တုန့်ပြန်သည်..." သိပြီ "

ဝမ်ယွီ ပျော်ရွှင်နေသည်။ နောက်ဆုံးတွင် သူမက အသုံးဝင်လာခဲ့ပေပြီ။

ယီယွင် စင်မြင့်ပေါ်သို့ တက်သွားလေ၏။

ခွေ့ယွီက ရယ်မောကာ... " မင်းတို့က တိုက်ပွဲဗျူဟာကို ဆွေးနွေးနေကြတာလား။ ဟဲဟဲ...ဒီကောင်မလေးက ကြိုတင်ပြင်ဆင်ထားပုံပဲ။ ငါ့ ရုပ်သေးတွေရဲ့ ပင်မအစီရင်ကို တိုက်ခိုက်ဖို့ သူ ပြောခဲ့တယ်မလား "

ဝမ်ယွီက ယီယွင်ကို အသံပို့လွှတ်ကာ ပြောနေခြင်းဖြစ်ပြီး ခွေ့ယွီ ကြားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ခွေ့ယွီက သူမ၏ စကားများကို မှန်းဆနိုင်နေချေ၏။

ဝမ်ယွီ မျက်နှာပျက်နေ၏။ တစ်ဖက်လူက အကုန်သိနေသည်မှာ မကောင်းလှချေ။

" ဒီမိန်းကလေးပေးတဲ့ တိုက်ပွဲဗျူဟာက ကောင်းတယ်ဆိုပေမဲ့ ကံဆိုးချင်ပြန်တော့ ငါနဲ့ရင်ဆိုင်ရင် အဲ့ဒီဗျူဟာတွေက အသုံးမဝင်ဘူး။ ငါက အခြားရုပ်သေးပညာရှင်တွေနဲ့ လုံးဝမတူဘူး။ ငါ့ရဲ့သွေးမျိုးဆက်နဲ့ ပတ်သတ်နေတာမျိုးလေ...အဟေဟေး "

ခွေ့ယွီက ထူးဆန်းစွာ ရယ်လိုက်လေသည်။ ဝမ်ယွီ၏အမူအရာ ပိုမိုအရုပ်ဆိုးသွားရလေ၏။ ခွေ့ယွီ၏ စကားများကြောင့် ဝမ်ယွီမှာ ယုံကြည်ချက်များ ပျောက်ဆုံးသွားရလေ၏။

သွေးမျိုးဆက် ပါဝင်လာလျှင်မူ ပြောရခက်သွားချေပြီ။ ခွေ့ယွီက ရုပ်သေးများကို ထိန်းချုပ်ရန်အတွက် ပင်မအစီရင်ကို မလိုအပ်သည်ပင် ဖြစ်နိုင်ခြေရှိသည်။

ဝမ်ယွီမှာ အရှုံးကို အာရုံရလာနေ၏။ သူမ၏ စုံစမ်းမှုများက မှားယွင်းနေလေသလော။

" ဒါပေမဲ့ မိန်းကလေးပြောတာ အချို့ကတော့ မှန်ပါတယ်။ ငါ့ရဲ့ ပင်မခန္ဓာကိုယ်က အားနည်းချက်မဟုတ်ဘူး "

ခွေ့ယွီက ရုတ်တရက်ပင် အော်လိုက်လေရာ ခန္ဓာကိုယ်သည် လိပ်ခွံပမာ ရုပ်သေးထဲသို့ ဝင်ရောက်သွားလေ၏။ လိပ်ခွံရုပ်သေးသည် အခုံးပုံစံရှိပြီး အမည်မသိ သတ္တုစပ်ဖြင့် ပြုလုပ်ထားလေသည်။ မျက်နှာပြင်တွင် ထူးဆန်းသောမျဥ်းများရှိကာ တောက်ပနေလေ၏။ ထိုမျဥ်းများထဲသို့ ယွမ်ချီများ ထည့်သွင်းလိုက်ချိန်တွင် ယွမ်ချီအကာအကွယ်အလွှာနှစ်ခု ဖြစ်ပေါ်လာသည်။

ဝှစ်...။

ခွေ့ယွီ၏ ဘေးပတ်လည်တွင် ရုပ်သေးရှစ်ခု ပေါ်လာသည်။

ရုပ်သေးရှစ်ခုက ပုံသဏ္ဌာန်နှင့် အရွယ်အစား မျိုးစုံဖြစ်သည်။ အချို့ကို သတ္တုဖြင့် ပြုလုပ်ထားပြီး အချို့ကမူ အမည်မသိ နတ်သစ်သားနှင့် ပြုလုပ်ထားလေသည်။ ရုပ်သေးရှစ်ခုက မတူညီသော လက်နက်များ ကိုင်ထားလေသည်။

" မကောင်းဘူး... ချိုးနျိုနဲ့ တိုက်ခိုက်တုန်းက ရုပ်သေးခြောက်ခုပဲ သုံးခဲ့တာလေ။ အခု ယီယွင်နဲ့ရင်ဆိုင်တော့ ရုပ်သေးရှစ်ခု သုံးရုံတင်မကဘူး ပင်မခန္ဓာကိုယ်ကိုလည်း ရူးလောက်တဲ့ ကာကွယ်မှုတွေလုပ်ထားတဲ့ ခွေ့ယွီက ပြိုင်ဘက်ကင်းပဲ။ သာမန်ရုပ်သေးပညာရှင်တွေလို အားနည်းချက်မရှိဘူးလို့လည်း သူက ပြောထားသေးတယ်။ သူ့ကို ဘယ်လို အနိုင်ယူရမလဲ "

ရုပ်သေးရှစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ယီယွင်၏အမူအရာ အနည်းငယ် သုန်မှုန်သွားသည်။ သူ သိုလှောင်လက်စွပ်ကိုထိကာ ဓားမောက်တစ်လက် ထုတ်ယူလိုက်လေ၏။

ထိုဓားမောက်က နက်မှောင်နေပြီး လက်နှစ်သစ်ခန့် ကျယ်ကာ ငါးပေခန့် ရှည်လေသည်။ ဓားမောက်၏အမည်က မရဏအသံလှိုင်းဓားဖြစ်ပြီး ဓားမောက် ခုတ်ပိုင်းချိန်တွင် ထွက်ပေါ်လာသည် အသံလှိုင်းနှင့်ပင် လူသတ်နိုင်စွမ်းရှိသည်။

" နောက်ဆုံးတော့ မင်းရဲ့ဓားမောက်ကို ထုတ်သုံးလာပြီပေါ့။ ဒါက ပျော်ဖို့ကောင်းမှာပါ။ ကံဆိုးချင်တော့ ဒါကလဲ အသုံးမဝင်ဘူး " လိပ်ခွံထံမှ ခွေ့ယွီ၏ အက်ကွဲသောအသံ ထွက်ပေါ်လာသည်။

ဝှစ်...။

ယီယွင်၏ ယွမ်ချီများ ပေါက်ကွဲထွက်လာပြီး ကျောဘက်တွင် ထန်တောင်ကြားပုံရိပ် ထွက်ပေါ်လာသည်။

နေအလင်းချီ... ။

ယီယွင်၏မျက်ဝန်းများ စူးရှသွားကာ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ လှိုင်းများပမာ ထွက်ပေါ်လာသည်။

ဝှစ်...ဝှစ်...ဝှစ်...။

ရုပ်သေးရှစ်ခု ပြိုင်တူလှုပ်ရှားကာ ယီယွင်ကို ဝိုင်းထားလိုက်ကြလေ၏။

ယီယွင် မရဏအသံလှိုင်းဓားကို မထုတ်သေးဘဲ ရုပ်သေးရှစ်ခု၏ တိုက်ကွက်အစီရင်အလယ်သို့ ခန္ဓာကိုယ်သက်သက် တိုးဝင်သွားခဲ့သည်။ ရုပ်သေးများက အလွန်မြန်ဆန်လှပြီး ယီယွင်အား ဓားအလင်းများ ၊ လက်သည်းအလင်းများနှင့် ခုတ်ပိုင်းလိုက်လေသည်။

ယီယွင်၏စိတ်က ရေပမာပင် ကြည်လင်နေသည်။ သူ တဒင်္ဂလှုပ်ရှားမှုကို စတင်အသုံးပြုကာ ရုပ်သေးရှစ်ခု၏ အဆက်မပြတ် တိုက်ခိုက်မှုများ အံ့မခန်းဆန်စွာဖြင့် ပွတ်ကာသီကာ ရှောင်တိမ်းလေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ခွေ့ယွီ၏ ပင်မခန္ဓာကိုယ်ဆီသို့ တိုးကပ်သွားလေသည်။

မရဏအသံလှိုင်းဓားကို ဆွဲထုတ်လိုက်ရာ အေးစက်သောအလင်းတစ်ခု တောက်ပသွားလေသည်။

ဒီကောင်က ပင်မခန္ဓာကိုယ်ကို ချက်ချင်းတိုက်ခိုက်တော့မလို့လား။

ပရိတ်သတ်များ အံ့အားသင့်သွားကြ၏။ ယီယွင်က ရုပ်သေးများ၏ အားနည်းချက်ကို ရှာဖွေခြင်းမပြုဘဲ ခွေ့ယွီ၏ပင်မခန္ဓာကိုယ်ကိုသာ ပစ်မှတ်ထားခဲ့သည်။ သို့သော် ခွေ့ယွီ၏ ပင်မခန္ဓာကိုယ်တွင် အကာအကွယ်အလွှာနှစ်ခုရှိပြီး မဖျက်ဆီးနိုင်လုနီးပါးပင်။

အကြီးအကဲစင်မြင့်ပေါ်ရှိ ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲများ ပြုံးနေကြသည်။

ခွေ့ယွီ၏ပင်မခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်းသည် အရူးချီးပန်းလုပ်ခြင်းသာ ဖြစ်လေ၏။ ယင်းက ကိုယ့်သေတွင်း ကိုယ်ပြန်တူးသည်နှင့် ဆင်တူလှသည်။

ယီယွင်၏ တိုက်ခိုက်မှုက မဖြစ်နိုင်ဟု သူတို့ ခန့်မှန်းထားကြသည်။ ယီယွင်၏ အရှိန်အဟုန်များ လျော့နည်းသွားသည်နှင့် ရုပ်သေးများက တိုက်ခိုက်ကြမည်ဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရကာ သွေးအန်ရသည့် ရလဒ်သာ ဖြစ်လာပေလိမ့်မည်။

ခွေ့ယွီက ပြုံးနေလေ၏။ သူက လိပ်ခွံရုပ်သေး၏ အကာအကွယ်ကို စွမ်းအားဖြည့်ထားပြီး စွမ်းအင်များစုစည်းကာ တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

ယီယွင်က အာရုံမလွင့်ပေ။ ယီယွင်၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုစိတ် လွှမ်းခြုံနေလျက်ရှိပြီး နေအလင်းချီကို အဆုံးစွန်အထိ မြင့်တင်ထားသည်။

" ဓားမောက်ဆန္ဒ ၊ အနိုင်မခံ အရှုံးမပေးတဲ့စိတ်နဲ့ ရှေ့ဆက် "

မရဏအသံလှိုင်းဓားသည် မြည်ဟီးသံတစ်ခုပေးကာ ယီယွင်နှင့် တစ်သားတည်းဖြစ်သွားလေ၏။

ရွှတ်...။

တောက်ပသော ဓားအလင်းသည် ကောင်းကင်ကို ပိုင်းဖြတ်သွားပြီး အာကာယံပင် အရောင်အသွေး ကင်းမဲ့သွားရလေ၏။ ဝင်းထိန်သော နေမင်းပမာ တောက်ပနေသည့် ဓားအလင်းသာ ကျန်ရစ်ခဲ့လေသည်။

ဓားမောက်သည် လိပ်ခွံကို တည့်တည့်ထိမှန်လေ၏။

ဘုန်း...။

ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ နေအလင်းချီသည် ပရိတ်သတ်များ၏ အမြင်အာရုံကို ဖုံးလွှမ်းသွားပြီး သူတို့ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။

တောက်ပမှုများ ပျောက်ကွယ်သွားပြီးနောက် ပါးစပ်အဟောင်းသားဖြစ်ဖွယ်ရာ မြင်ကွင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ငါးပေရှည်သော မရဏအသံလှိုင်းဓားက ခွေ့ယွီ၏ လိပ်ခွံရုပ်သေးကို လုံးလုံးလျားလျားပင် ထိုးဖောက်ထားလေ၏။

မရဏအသံလှိုင်းဓားက လိပ်ခွံကို ထုတ်ချင်းဖောက်ထားလေပြီး အခြားတစ်ဖက်မှ သုံးလက်မခန့် ဓားဖျားတွင် သွေးများ စွန်းထင်းနေသည်။

ခွေ့ယွီနှင့် လိပ်ခွံရုပ်သေးတို့ ထိုးဖောက်ခံလိုက်ရလေသလော။

All Chapters