တိကျသေသပ်သော ဓားမောက်
Vol. 22 Ch. 320
ငါးပေရှည်သော မရဏအသံလှိုင်းဓားက ဓားသွားအရင်းပိုင်းအထိ တည့်တည့်ထိုးသွင်းထားလေ၏။ လိပ်ခွံအရှေ့ပိုင်းတွင် အက်ကြောင်းများ ပေါ်ထွက်နေသည်။ ပြင်းထန်သော သက်ရောက်အားကြောင့် လိပ်ခွံအောက်မှ ခရမ်းရောင်အဖြိုက်နက် ကြမ်းခင်းသည်ပင် အနည်းငယ်ခန့် ချိုင့်ဝင်သွားခဲ့၏။
ယီယွင်၏ တိုက်ခိုက်မှုက မည်မျှအစွမ်းထက်ကြောင်း သိသာလှလေသည်။
ယီယွင်က မရဏအသံလှိုင်းဓား၏ ဓားရိုးကို ကိုင်ထားဆဲပင်။ သူ၏နောက်မှ သူ့အား ပြိုင်တူတိုက်ခိုက်လာသော ရုပ်သေးရှစ်ခုမှာ တိုက်ခိုက်နိုင်စွမ်းများ ကုန်ခမ်းသွားပြီး နေရာတွင်ပင် ရပ်သွားကြလေ၏။
ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ လူတိုင်း အလွန်တုန်လှုပ်နေကြ၏။ အထူးသဖြင့် ယွင်လုံနတ်ပြည်ထောင်မှ လူများအတွက် ဖြစ်လေသည်။ သူတို့၏မျက်စိရှေ့မှောက်မှ အခြေအနေကို လက်မခံနိုင်ကြချေ။
ယီယွင်ရဲ့ဓားမောက်က ခွေ့ယွီကို ထိုးဖောက်သွားတယ်။
ခွေ့ယွီ ဂုဏ်ယူနေခဲ့သည့် ခုခံနိုင်စွမ်းက ယီယွင်၏ တိုက်ကွက်တစ်ခုကိုပင် မခံနိုင်ခဲ့ချေ။
ယီယွင်က ခွေ့ယွီ၏ အားနည်းချက်ကို ရှာလိမ့်မည်ဟု လူအများက ထင်ထားခဲ့ကြသည်။ သို့သော် မမျှော်လင့်စွာဖြင့်ပင် ယီယွင်က ခွေ့ယွီ၏ ပင်မခန္ဓာကိုယ်ကို ရက်စက်စွာ တိုက်ခိုက်ခဲ့လေ၏။ အကြွင်းမဲ့တိုက်ခိုက်မှုတစ်ခု၏ ရှေ့မှောက်တွင် ခွေ့ယွီ၏ ခုခံနိုင်စွမ်းနှင့် ရုပ်သေးများမှာ အရေးမပါတော့ပေ။
" ခွေ့ယွီ သေပြီလား " ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များက အိပ်မက်မှ လန့်နိုးလာကြသည့်ပမာ ဆိုလိုက်သည်။
ခွေ့ယွီ၏ခန္ဓာကိုယ်ပါ တွဲလျက်ထိုးဖောက်ခံလိုက်ရသည့် ထိုသက်ရောက်မှုအရ ခွေ့ယွီ အသက်ရှင်နိုင်ရေးမှာ အတော်ပင်နိမိတ်မကောင်းလှဟု ဆိုလိုလေသည်။
" ယီယွင်က အတော်ရက်စက်တာပဲ "
ယီယွင်၏အကြည့်များတွင် သတ်ဖြတ်လိုစိတ် ပါဝင်နေသည်ကို ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များက မြင်ကြသည်။ မဟာမိတ်ပြိုင်ပွဲတွင် တစ်စုံတစ်ယောက်ကို သတ်မိပါက အရေးယူခံရမည် မဟုတ်သော်လည်း တစ်စုံတစ်ယောက် သေဆုံးသွားခဲ့လျှင်မူ လူသတ်သမားကို အခြားသူများက မုန်းတီးကြမည်သာ ဖြစ်လေ၏။
စင်မြင့်ပေါ်တွင် ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲတစ်ဦး ပေါ်လာသည်။ သူ၏မျက်နှာ သုန်မှုန်နေလျက်ရှိပြီး ခွေ့ယွီ၏ လိပ်ခွံရုပ်သေးကို လက်တစ်ဖက်နှင့် ဖိလိုက်သည်။
ဂလောက်...။
အကြီးအကဲက လိပ်ခွံကို အမည်မသိ နည်းစနစ်တစ်ခုနဲ့ ဖယ်ရှားပစ်ခဲ့သည်။
ထိုအခိုက်တွင် မရဏအသံလှိုင်းဓားက ခွေ့ယွီ၏ ရင်ဘက်အား ထုတ်ချင်းပေါက် ထိုးဖောက်ထားသည်ကို လူအများ မြင်လိုက်ရကြသည်။ သူ၏မျက်နှာ ဖြူလျော်နေပြီး နဖူးတွင် ချွေးများသီးနေကာ ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်နေလေ၏။
ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲ၏မျက်နှာ ပိုမိုအရုပ်ဆိုးသွားရလေ၏။ သူက မရဏအသံလှိုင်းဓားကို မဆင်မခြင်ဆွဲထုတ်ခြင်း မပြုခဲ့ပေ။ သူက ခွေ့ယွီအား ယွမ်ချီထည့်သွင်းပေးကာ အသက်ကိုဆွဲဆန့်ပေးရန်အတွက် ခွေ့ယွီ၏ ရင်ဘက်ပေါ်တွင် လက်တစ်ဖက် တင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ သိုလှောင်လက်စွပ်ထဲမှ နတ်ဆေးတစ်လုံး ထုတ်ယူကာ ခွေ့ယွီကို တိုက်လိုက်လေသည်။
သို့သော် ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲ၏လက်က ခွေ့ယွီ၏ရင်ဘက်အား ထိမိလိုက်ချိန်တွင် သူ၏အမူအရာ ပြောင်းလဲသွားလေ၏။
ယီယွင်၏ဓားမောက်က ခွေ့ယွီ၏ ခန္ဓာကိုယ်အား တည့်တည့်ထိုးဖောက်သွားခဲ့ပြီး သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများကိုပင် ထိခိုက်မိခြင်းမရှိပေ။ ယီယွင်၏ဓားမောက်က နှလုံးနှင့်အဆုတ်ကြားမှ ကျဥ်းမြောင်းလှသော နေရာလွတ်ထဲမှ ထိုးဖောက်သွားခဲ့ချေသည်။ ဓားမောက်က ရင်ဘက်အား ထိုးဖောက်သွားခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာ မရပေ။
" ဓားမောက်က ကိုယ်တွင်းအင်္ဂါတွေကြားက နေရာလွတ်ကို ထိုးဖောက်သွားတာလား " အကြီးအကဲက ယီယွင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။
လူသားများ၏ ကိုယ်တွင်းအင်္ဂါများက အခြေခံအားဖြင့် တစ်ခုနှင့်တစ်ခု ထပ်နေကြလေသည်။ ဤဖြစ်ရပ်ကို ကံကောင်းမှုဆိုရုံမျှဖြင့် ရှင်းပြရခက်ခဲသည်။
လူတိုင်းတွင် ကိုယ်တွင်းအင်္ဂါနေရာများက အနည်းငယ်ကွဲပြားကြသည်ဖြစ်၍ ရှောင်ရှားကာ ထိုးသွင်းရန်မှာ အလွန်ခက်ခဲသည်။ ဓားမောက်သမားအချို့က ယင်းသို့လုပ်နိုင်ရန် လေ့ကျင့်ယူကြရသည်။ သို့သော် ခွေ့ယွီက လိပ်ခွံရုပ်သေးထဲတွင် ပုန်းအောင်းနေခဲ့လေ၏။ ခွေ့ယွီ၏ အနေအထားအား ရှင်းလင်းစွာ မမြင်ရဘဲနှင့်ပင် ယီယွင်က ခွေ့ယွီအား မည်သို့များ ဓားမောက်နှင့် တိကျသေသပ်စွာ ထိုးနိုင်ခဲ့လေသနည်း။
ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲက ယီယွင်ကို နက်နဲစွာကြည့်ကာ..." ယီယွင် ဟုတ်တယ်မလား။ ငါ မင်းကို မှတ်ထားမယ် "
အကြီးအကဲက ခွေ့ယွီ၏ သွေးကြောဆုံမှတ်များ ဖိကာ သွေးစီးဆင်းမှုကို ရပ်လိုက်လေသည်။
" ကျုပ်ရဲ့ဓားကို ပြန်ဆွဲထုတ်လို့ရမလား "
ယီယွင် တိုက်ခိုက်ခဲ့ချိန်က စွမ်းအင်မြင်ကွင်းကို ဖွင့်ထားခဲ့သည်။ သူက ခွေ့ယွီ၏ ကိုယ်တွင်းအင်္ဂါများ နေရာချထားပုံကို ရှင်းလင်းစွာပင် မြင်နေရသည်။ ထို့ကြောင့် သူ အသေသတ်တိုက်ကွက်အား သုံးခဲ့သည့်တိုင်အောင် ခွေ့ယွီ မသေခဲ့ခြင်း ဖြစ်လေသည်။
" ဟမ့်..." အကြီးအကဲက နှာမှုတ်ကာ ဓားသွားကို လက်ချောင်းများနှင့် ညှပ်လိုက်သည်။
ထန်း...။
မရဏအသံလှိုင်းဓားက မြည်ဟီးသံပေးကာ ယီယွင်၏လက်ထဲသို့ တည့်မတ်စွာ ပျံသန်းသွားလေ၏။
ယီယွင်က ဓားသွားကို လက်တစ်ဖက်ဖြင့် သုတ်လိုက်လေရာ မရဏအသံလှိုင်းဓားထံမှ သွေးစက်များ ကျဆင်းသွားကာ သန့်စင်သွားလေ၏။
ဓားမောက်သည် လက်နက်များထဲတွင် ဥသျှောင်ဖြစ်၏။ လှုပ်ရှားကွက်များတွင် ဓားတစ်လက်ထက် နိမ့်ကျသော်လည်း တိုက်ခိုက်အားအရာတွင်မူ ဓားတစ်လက်ထက် သာလွန်လေသည်။
သေမျိုးတိုင်းပြည်များတွင် ပြည်သူပြည်သားများ ပုန်ကန်မည်ကို ကာကွယ်ရန်အတွက် ဓားမောက်နှင့်ဒူးလေးတို့ကို တားမြစ်ထားထားသော်လည်း ဓားနှင့် မြားကိုမူ ကိုင်ခွင့်ပြုကြသည်။ ဤသည်ကပင် ကိစ္စများကို ရှင်းလင်းသွားစေသည်။ သေမျိုးများ၏ လက်ထဲတွင် ဓားမောက်တစ်လက်က ဓားတစ်လက်၏ လုပ်နိုင်စွမ်းထက် များစွာသာလွန်လေ၏။
ခွေ့ယွီ ရှုံးပြီးသည့်နောက်တွင် ယွင်လုံနတ်ပြည်ထောင်ဘက်၌ လူငါးဦးသာ ကျန်တော့သည်။
ယီယွင်က မရဏအသံလှိုင်းဓားကို လက်ထဲတွင်ကိုင်ကာ စင်ပေါ်တွင် ရပ်နေသည်။ သူက ဓားမောက်ကို ကြမ်းပြင်တွင် ထောက်ထားပြီး နောက်တစ်ဦး စင်မြင့်ပေါ်သို့ တက်လာမည်ကို စောင့်နေလေသည်။
" ယွင်လုံနတ်ပြည်ထောင်... နောက်ထပ် ဘယ်သူက တိုက်ခိုက်မှာလဲ "
ဒိုင်က ယွင်လုံနတ်ပြည်ထောင်ဘက်သို့ ကြည့်ကာ အော်လိုက်သည်။
ယွင်လုံနတ်ပြည်ထောင်မှ လူများက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြည်။ မည်သူ့အား စေလွှတ်ရမည်ကို သူတို့ မသိတော့ပေ။ အများစုက လင်ထုံထက်ပင် အားနည်းကြလေသည်။
ခွေ့ယွီကမူ လင်ထုံထက် ပိုအားကောင်းလေ၏။ ပြိုင်ပွဲငယ်များတွင် ခွေ့ယွီက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ချိုးနျိုကို အနိုင်ယူကာ သူ၏စွမ်းအားကို သက်သေပြခဲ့သည်။
ယီယွင်က ခွေ့ယွီကို ချက်ချင်းပင် အနိုင်ယူခဲ့သည်ဖြစ်ရာ သူတို့သာ တက်သွားပါက ခွေ့ယွီထက်ပင် အဖြစ်ဆိုးစွာ အဆုံးသတ်ရနိုင်လောက်သည်။
ယီယွင်ကဲ့သို့ အားကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် ယွင်လုံနတ်ပြည်ထောင်မှ လူများမှာ ကြီးမားသောဖိအားကို ခံစားနေကြရ၏။ အရေးကြီးပုဂ္ဂိုလ်များစွာ ကြည့်နေလေသောကြောင့် မည်သူတစ်ဦးကမျှ စင်ပေါ်တွင် ယီယွင် နှိပ်စက်သည်ကို မခံလိုကြပေ။
" ငါတိုက်မယ် "
ထိုစဥ် ကျွင်းယွဲ့ မတ်တက်ထရပ်လာသည်။
" ကျွင်းယွဲ့... "
ကျွင်းယွဲ့ ထရပ်သည်ကို မြင်သောအခါတွင် သူတို့ ကြီးစွာပင် လေးစားသွားကြလေ၏။
ကျွင်းယွဲ့က ဆိုသည်..." တိုင်အာနတ်ပြည်ထောင်ဘက်မှာ စင်ပေါ်ကို မတက်ရသေးတဲ့သူ သုံးယောက်ရှိတယ်။ ဒါပေမဲ့ ဒီအုပ်စုချန်ပီယံအတွက်ကတော့ အဆုံးမှာ ငါနဲ့ယီယွင်ပဲ တိုက်ခိုက်ရလိမ့်မယ် "
ကျွင်းယွဲ့က စကားဆိုရင်း စင်မြင့်ပေါ်သို့ ရောက်သွားခဲ့ပြီး ယီယွင်နှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်သည်။
" ကျွင်းယွဲ့ စင်ပေါ်ကိုတက်သွားပြီ။ ငါတို့ ယွင်လုံနတ်ပြည်ထောင်ရဲ့ လူငယ်မျိုးဆက်ထဲမှာ နံပါတ်တစ်လူတစ်ယောက်။ သူက ယီယွင်နဲ့ ရင်ဆိုင်ဖို့အတွက် စင်မြင့်ပေါ်ကို စောစောစီးစီး တက်သွားခဲ့ပြီ "
ကျွင်းယွဲ့...။
ယီယွင် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်သည်။ ကျွင်းယွဲ့၏ ခန္ဓာကိုယ်တွင် စွင်းအင်များ ထကြွနေ၏။ စင်မြင့်ပေါ်တွင် ရပ်နေသည့် ထိုကောင်က ညအချိန်မှ လမင်းပမာပင်။
" စီနီယာယီ... ဒီလူက သတ္တုဥပဒေသကို အဆင့်မြင့်မြင့်အထိ ပေါက်မြောက်ထားတယ်။ သူနဲ့တိုက်ခိုက်ချိန်မှာ အောက်ခြေက ကြမ်းပြင်ကို သတိထားပါ။ သူက ခရမ်းရောင်အဖြိုက်နက် ကြမ်းပြင်ကို ထိန်းချုပ်နိုင်တယ် "
ဝမ်ယွီက ယီယွင်ဆီသို့ အသံပို့လိုက်သည်။
ယီယွင် အသာခေါင်းညိတ်လိုက်၏။ ယွင်လုံနတ်ပြည်ထောင်တွင် ကျွမ်းကျင်သူများ ပြည့်နေသည်။ ၎င်းတို့၏ ကျွမ်းကျင်မှုနယ်ပယ်များနှင့် တိုက်ပွဲဗျူဟာများက ကွဲပြားကြလေ၏။ ထိုသူများနှင့် အဆင့်တူတွင် တိုက်ခိုက်ရသည့် သူ့အဖို့ များစွာပင် အမြင်ကျယ်ရလေသည်။
" ကျွင်းယွဲ့က ၁၅ နှစ်ကျော်ဖြစ်ပြီး ယီယွင်ထက် တစ်နှစ်ကျော်လောက် ပိုကြီးတယ်။ မင်းရဲ့ကျင့်ကြံမှုအဆင့်ကို အဆင့်ငယ်တစ်ဝက်လောက် ဖိနှိမ်ဖို့လိုတယ် " ဒိုင်က ဆိုလိုက်သည်။
ကျွင်းယွဲ့၏ ကျင့်ကြံမှုအဆင့်က ယွမ်အုတ်မြစ်ချနယ်ပယ် အစပျိုးအဆင့် အထွတ်အထိပ် ဖြစ်လေသည်။ အဆင့်ငယ်တစ်ဝက် ဖိနှိမ်မည်ဆိုလျှင်ပင် သူက ယွမ်အုတ်မြစ်ချနယ်ပယ် အစပျိုးအဆင့်တွင်သာ ရှိနေဆဲသာဖြစ်ပြီး ယီယွင်ထက် ပိုမြင့်နေသေးသည်။
ကျွင်းယွဲ့ ခေါင်းညိတ်လိုက်၏။ သူ၏ကျင့်ကြံမှုကို ဖိနှိမ်ရသည်က အလွန်လွယ်ကူလေသည်။ သူ၏ခန္ဓာကိုယ်ထဲသို့ ချိတ်စည်းတစ်ခု ထည့်သွင်းလိုက်လျှင် ထိုကိစ္စက ပြီးမြောက်လေသည်။