လရောင်နှင့် နေအလင်း
Vol. 22 Ch. 322
လေးလံသောချပ်ဝတ် လွှမ်းခြုံထားပြီး လက်ထဲတွင် ရှုထောင့်ပုံရိပ်ဓား ကိုင်ထားသော ကျွင်းယွဲ့က စစ်နတ်ဘုရားပမာ ဖြစ်နေသည်။
" ယီယွင်... ငါက မင်းထက် နယ်ပယ်တစ်ဆင့် ပိုမြင့်နေတာတောင် မင်းနဲ့တိုက်ခိုက်ဖို့အတွက် ရှုထောင့်ပုံရိပ် ထုတ်လိုက်ရပြီ။ မင်း ဂုဏ်ယူသင့်တယ် " ကျွင်းယွဲ့၏အသံက ပြိုင်ကွင်းထဲတွင် ပဲ့တင်ထပ်သွားလေသည်။
" ငါ့ရဲ့ ပုံရိပ်ဓားက ဓားပျံတွေထက် ၁၀၀% ပိုမြန်တယ်။ မင်းရဲ့ လှုပ်ရှားမှုနည်းစနစ်က အရမ်းမြန်တယ်ဆိုပေမဲ့ မင်း ငါ့ရဲ့ဓားကို ဘယ်လိုရှောင်မလဲဆိုတာ ကြည့်ကြတာပေါ့ " ကျွင်းယွဲ့က ဆိုလိုက်ချိန်တွင် ယွင်လုံနတ်ပြည်ထောင်မှ လူများက အားပေးကြသည်။
" ကျွင်းယွဲ့ တိုက်တော့ "
လူများစွာ အော်ဟစ်ကြလေ၏။ စစ်သည်လောကတွင် စင်မြင့်တစ်ခုတည့် ကျွမ်းကျင်သူများ တိုက်ခိုက်ကြသည်ကို ကြည့်ရသည်ထက် စိတ်လှုပ်ရှားရသည့်အရာ မရှိပေ။ ဤတိုက်ပွဲ၏ရလဒ်က တိုင်းပြည်၏ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေလေသောကြောင့် သူတို့၏စိတ်ခံစားချက်များ အလွယ်တကူပင် တက်ကြွလာရသည်။
ကျွင်းယွဲ့က လက်ထဲမှ အလင်းဓားကို ဦးခေါင်းထက်သို့ မြောက်လိုက်သည်။ သူက အေးဆေးသော သဘောထား ရှိသော်ငြားလည်း စိတ်လှုပ်ရှားဖွယ်ရာ အားပေးသံများကြောင့် ထိန်းမရစွာပင် ယစ်မူးမိလေသည်။
သူ ကြုံးဝါးလိုက်ရာ ဓားပျံ ၂၄ ချောင်းက မုန်တိုင်းတစ်ခုထဲမှ မိုးစက်များပမာ ကျဆင်းသွားလေ၏။ ကျွင်းယွဲ့ ရှုထောင့်ပုံရိပ်ကို ထုတ်ပြီးသည့်နောက်တွင် ဓားပျံ ၂၄ ချောင်းက ပိုမြန်လာခဲ့သည်။
ယီယွင် လျင်မြန်စွာပင် ဆုတ်ခွာသွားလေ၏။
ထန်း...ထန်း...ထန်း...။
ယီယွင် ရပ်နေခဲ့သောနေရာမှ ခရမ်းရောင်အဖြိုက်နက် အခင်းပြားများ အက်ကွဲသွားရသည်။ တစ်ချိန်တည်းမှာပင် ကျွင်းယွဲ့၏ အလင်းဓားက ယီယွင်ကို ခုတ်ချလာပေပြီ။
ထိုဓားက ယီယွင်၏တည်နေရာကို ပိတ်ချထားပြီး တွန်းလှန်မရနိုင်သော အင်အားများနှင့် ခုတ်ပိုင်းသည်။
အဆုံးစွန်သတ်ဖြတ်ခြင်း ၊ နတ်လရောင်မုခ်ဦးဓား။
ကျွင်းယွဲ့ ဓားနှင့်ခုတ်လိုက်သည့်အခိုက်တွင် သူ၏ကျောဘက်၌ မိုးမြေယွမ်ချီများ စုစည်းလာကာ တောက်ပသော လမင်းကို ကိုယ်စားပြုသည် မြစိမ်းရောင်ပုံရိပ် ဖြစ်ပေါ်လာ၏။
ကောင်းကင်ထက်တွင် ချိတ်ဆွဲနေသည့် တောက်ပသော လမင်းကို မြူခိုးများ ဖုံးလွှမ်းနေလျက်ရှိပြီး ထိတွေ့၍မရနိုင်သည့်ပမာ လျှို့ဝှက်ဆန်းကြယ်နေသည်။
ကျွင်းယွဲ့၏လက်ထဲမှ ဓားပုံရိပ်က ရုတ်တရက်ပင် မြင့်တက်သွားပြီး အလင်းတိုင်ပမာပင် တိမ်စိုင်များထဲ ထိုးဖောက်သွားလေသည်။ ဤဓားခုတ်ချက်က နတ်မုခ်ဦးကိုပင် ခုတ်ပိုင်းပစ်နိုင်ဟန် ရှိနေလေ၏။
လက်ရှိအချိန်၌ ကျွင်းယွဲ့၏ လွှမ်းမိုးမှုရှိသော ချပ်ဝတ်နှင့် လှပသော ဓားကွက်တို့က ပြီးပြည့်စုံသော ပေါင်းစည်းမှု ဖြစ်နေလေ၏။
ထိုဓားနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် ယီယွင်၏စိတ်က ရေပမာ ကြည်လင်နေဆဲပင်။ သူ၏လက်အစုံက ဓားမောက်ကို ကိုင်ထားလေပြီး နေအလင်းချီကို လည်ပတ်စေသည်။
ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု၏ ဓားမောက်ဆန္ဒနှင့် တိုင်အာနတ်ကျင့်စဥ်တို့က ကျွင်းယွဲ့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် မလုံလောက်သည်ကို ယီယွင် သိလေသည်။
ယီယွင် ခရမ်းရောင်သလင်းကျောက်ဆီသို့ စိတ်စွမ်းအား ပို့လိုက်လေရာ ခရမ်းရောင်သလင်းကျောက်ထဲမှ မီးတောက်ငယ်လေးက တိတ်တဆိတ် တောက်လောင်လာလေ၏။ ထိုမီးတောက်ငယ်လေးက မီးငရဲတွင် ယီယွင် ဖမ်းယူလာခဲ့သည့် သန့်စင်ယန်စိတ်ဝိညာဥ် ဖြစ်လေသည်။
သန့်စင်ယန်စိတ်ဝိညာဥ်သည် ဥက္ကာခဲချောက်ထဲမှ အဆုံးမဲသော သန့်စင်ယန်အဆီအနှစ်များမှ ဖြစ်တည်လာသည့် နတ်ပစ္စည်းတစ်ခု ဖြစ်လေသည်။ ယခုတွင် သန့်စင်ယန်စိတ်ဝိညာဥ်ကို ခရမ်းရောင်သလင်းကျောက်ထဲတွင် ပိတ်လှောင်ထားခဲ့ပြီး ခရမ်းရောင်သလင်းကျောက်၏ သန့်စင်ယန်စွမ်းအင်အရင်းအမြစ် ဖြစ်လာခဲ့လေသည်။
" မင်းရဲ့စွမ်းအင်တွေအားလုံး ငါ့ကိုပေး "
စိတ်ဝိညာဥ်ကမ္ဘာထဲတွင် ယီယွင်က ခရမ်းရောင်သလင်းကျောက်ထဲရှိ သန့်စင်ယန်စိတ်ဝိညာဥ်ကို စူးစိုက်ကြည့်နေသည်။ သူ၏အသံက လွှမ်းမိုးချုပ်ကိုင်လှသည်။
ခရမ်းရောင်သလင်းကျောက်က မိုးမြေယွမ်ချီများ စတင်စုစည်းကာ လည်ပတ်စေလိုက်လေ၏။ ပေါက်ကွဲသံတစ်ခုနှင့် ငြိမ်သက်စွာ တောက်လောင်နေသည့် မီးတောက်ငယ်လေးက ရုတ်တရက်ပင် ကြီးထွားလာ၏။
သန့်စင်ယန်စွမ်းအင်များက ယီယွင်၏ သွေးကြောများထဲသို့ ဝင်ရောက်သွားကြသည်။ လက်ရှိအချိန်၌ သူ၏ချွေးပေါက်များထံမှ သန့်စင်ယန်မီးတောက်များ ယိုစိမ့်လာလေသည်။ ယင်းသည် ယီယွင်၏ခန္ဓာကိုယ်က နေမင်းတစ်စင်းပမာ ပြောင်းလဲသွားသည့်ပမာပင်။
ဓားမောက်အမှန်တရား စကားလုံး ၃၂ ခု ၊ အကြီးမြတ်ဆုံး အုပ်စိုးမှု။
ယီယွင်က မရဏအသံလှိုင်းဓားကို လက်ထဲတွင်ကိုင်ကာ နေမင်းတစ်စင်း သေမျိုးဘုံသို့ ဆင်းသက်လာသည့်ပမာ ၊ စွမ်းအားကြီးသော နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်ပမာ ခုတ်ချလိုက်လေ၏။
ယီယွင်၏ကျောဘက်မှ ထန်တောင်ကြားပုံရိပ်က ကြီးမားသော စာလိပ်တစ်ခုအလားပင် ပြိုင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
" ဟင်..."
ကျွင်းယွဲ့ ကြီးစွာထိတ်လန့်သွားသော်လည်း နတ်လရောင်မုခ်ဦးဓားကွက်ကို ဆက်လက်၍ စွမ်းအားပေးကာ ယီယွင်ကို ခုတ်ချလေသည်။
လရောင်နှင့် နေအလင်း ၊ သတ္တုနှင့် သန့်စင်ယန်။
ဘုန်း...။
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး တစ်လောကလုံး တိတ်ဆိတ်သွားလေသည်။ သူတိုင်း၏ အမူအရာများ အေးခဲနေကြပြီး မမှိတ်မသုန် ကြည့်နေကြသည်။ သူတို့က လေထဲတွင် တောက်လောင်နေသည့် သန့်စင်ယန်မီးတောက်ကို ကြည့်နေကြလေ၏။ ယင်းသည် နေမင်းက တောက်ပသော လမင်းကို ဝါးမျိုနေသည့်အလားပင်။
သန့်စင်ယန် ထကြွလာကာ သတ္တု အရည်ပျော်ရလေ၏။
ယီယွင်၏ခုတ်ချက်ကြောင့် ကျွင်းယွဲ့၏ ပုံရိပ်ဓား တစ်စစီပျက်စီးသွားကာ ကျွင်းယွဲ့ အော်လိုက်ရလေသည်။ ယီယွင်၏ဓားမောက်က ရပ်တန့်ခြင်းမရှိဘဲ ကျွင်းယွဲ့၏ချပ်ဝတ်ကို ခုတ်ပိုင်းလေ၏။ ဓားမောက်က ပခုံးမှ ပေါင်အထိ ဒေါင်လိုက်ခုတ်ချသွားလေသည်။
ဖောင်း...။
ကျွင်းယွဲ့ လွင့်စဥ်သွားက နတ်အရိုင်းမြေစင်မြင့်၏ ဘေးဘက်မှ ခရမ်းရောင်အဖြိုက်နက်နံရံနှင့် ဝင်ဆောင့်မိလေ၏။ တစ်ပေခန့်ထူသော ခရမ်းရောင်အဖြိုက်နက်နံရံမှာ ကျွင်းယွဲ့ ဝင်တိုက်လေသောကြောင့် ပြိုကျသွားရလေ၏။
ခလွမ်...ခလွမ်..။
ကျွင်းယွဲ့၏ သတ္တုချပ်ဝတ် တစ်စစီဖြစ်သွားရသည်။ သူ၏သတ္တုချပ်ဝတ်က သန့်စင်ယန်စွမ်းအင်များ၏ လောင်ကျွမ်းစွမ်းအားကို ခံနိုင်ရည်မရှိချေ။ ယီယွင်၏ သန့်စင်ယန်ဓားမောက်ချီက ကျွင်းယွဲ့၏ခန္ဓာကိုယ်ထဲသို့ နက်နဲစွာဝင်ရောက်သွားကာ ကိုယ်တွင်းအင်္ဂါများနှင့် သွေးကြောများကို လောင်ကျွမ်းသွားလေသည်။
ကျွင်းယွဲ့ သွေးတစ်လုတ် အန်လိုက်ရပြီး မျက်နှာသည် နီရဲနေကာ ခန္ဓာကိုယ်က တုန်ယင်နေသည်။ ကျွင်းယွဲ့၏ ပခုံးမှ ပေါင်အထိ သွေးစင်းကြောင်းထံမှ သွေးများကျဆင်းနေသော်လည်း ပူပြင်းလောင်ကျွမ်းနေသည့် ချပ်ဝတ်ကာ လောင်ကျွမ်းပစ်ခဲ့သည်။
ယီယွင်၏တိုက်ခိုက်မှုက ကျွင်းယွဲ့၏ အသားနှင့်နံရိုးများကို လုံးဝခုတ်ဖြတ်သွားခဲ့၏။
ယီယွင်က မရဏအသံလှိုင်းဓားကို ကိုင်ထားလျက်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ မရဏအသံလှိုင်းဓားတွင် သွေးစက်များ ရှိမနေသော်လည်း သန့်စင်ယန်ချီကြောင့် ပူပြင်းနီရဲနေလေသည်။
ယီယွင်၏တိုက်ခိုက်မှုကို သန့်စင်ယန်စိတ်ဝိညာဥ်၏ စွမ်းအင်များနှင့် စွမ်းအားဖြည့်တင်းပေးခဲ့သည်။ မိုးမြေယွမ်ချီများနှင့် သန့်စင်ယန်စိတ်ဝိညာဥ်တို့အတွက် ယီယွင်က ယွမ်ချီပမာဏများစွာ အသုံးပြုခဲ့ရလေ၏။
ပရိတ်သတ်များအားလုံး ငြိမ်သက်နေကြသည်။ အထူးသဖြင့် ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များအတွက် ဖြစ်လေ၏။ ၎င်းတို့၏ အားပေးသံများ ငြိမ်ကျသွားခဲ့သည်။ အရာအားလုံးက စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့လေပြီး သူတို့၏မျက်နှာများထက်မှ အရူးအမူး အမူအရာများ ရှိနေဆဲပင်။
ကျွင်းယွဲ့ ရှုံးသွားတာလား။
နောက်ဆုံးအချိန်တွင် ကျွင်းယွဲ့က ရှုထောင့်ပုံရိပ် ထုတ်ဖော်ခဲ့ပြီး အားအကုန် သုံးခဲ့သည့်တိုင်အောင် ယီယွင်ကို ရှုံးခဲ့ရချေသည်။
ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များမှာ ထိုအရာကို မယုံကြည်နိုင်ကြချေ။
" ယီယွင်ရဲ့ နောက်ဆုံးတိုက်ကွက်က ဘယ်လိုလုပ်ပြီး အရမ်းအစွမ်းထက်နေရတာလဲ "
လူအများစူ ကျိတ်၍ ဆွေးနွေးနေကြသည်။ အစပိုင်းတွင် ယီယွင်က ကျွင်းယွဲ့၏ ခုခံနိုင်စွမ်းကို မခုတ်ဖြတ်နိုင်သည်မှာ အရှင်းသားပင်။ သို့သော် ယီယွင်၏ နောက်ဆုံးတိုက်ကွက်က ကျွင်းယွဲ့ကို တစ်ကွက်တည်းနှင့် အနိုင်ယူသွားခဲ့ချေသည်။
" ငါလည်းမသိဘူး။ သူ့ရဲ့ လျှို့ဝှက်သိုင်းကွက်လည်း ဖြစ်နိုင်တာပဲ "
လူအများအဖို့ ထိုသို့သာ နားလည်နိုင်ကြတော့သည်။ သန့်စင်ယန်စိတ်ဝိညာဥ်က ယီယွင်၏ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်ထဲတွင် ပုန်းအောင်းနေလေသည်။ ၎င်းက သန့်စင်ယန်စွမ်းအင်များ အန်ထုတ်ပေးချိန်တွင်လည်း ယီယွင် ပုံမှန်သုံးနေသည့် သန့်စင်ယန်စွမ်းအင်များနှင့် ကွာခြားမှုမရှိပေ။ ထို့ကြောင့် မည်သူကမျှ သတိမထားမိကြပေ။ ယီယွင်၏ ယန်ချီ၏ သန့်စင်မှုနှင့်စွမ်းအားတို့က ရုတ်တရက်ပင် တစ်ဆင့်တိုးသွားကာ ပေါက်ကွဲထွက်လာသည်ဟုသာ သိကြပေလိမ့်မည်။
စင်မြင့်ဘေးမှ သမားတော်များ အပြေးရောက်လာကာ ကျွင်းယွဲ့၏ ဒဏ်ရာများကို စစ်ဆေးကြည့်ကြသည်။ ကျွင်းယွဲ့ ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ ယီယွင်က အထွတ်အထိပ်တွင်ရှိနေသည့် ကျွင်းယွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ယီယွင် ပေါ့လျော့၍မရပေ။ ထိုသို့သာမဟုတ်ပါက သူ ကျိန်းသေပင် ရှုံးရပေလိမ့်မည်။
" ယီယွင်နဲ့ ကျွင်းယွဲ့.... အနိုင်ရသူက ယီယွင် "
တိုင်အာနတ်မြို့၏ ဥပဒေထိန်းက ရလဒ်ကို ကြေညာပေးလိုက်သည်။ အမြဲလိုပင် အေးစက်နေတတ်သော ဥပဒေထိန်းသည်ပင် စိတ်လှုပ်ရှားနေကာ အသံများ အနည်းငယ်တုန်ယင်နေသည်။
ဤတိုက်ပွဲတွင် အနိုင်ရခဲ့ခြင်းသည် ဆယ့်ငါးနှစ်အောက် အုပ်စုချန်ပီယံက တိုင်အာနတ်မြို့အတွက် ဖြစ်လာဖို့ရာများသည်ဟု ဆိုလိုနေခြင်းသာ ဖြစ်လေ၏။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပရိတ်သတ်များက ကျယ်လောင်စွာ အောင်ပွဲခံကြလေသည်။
" ယီယွင်...ယီယွင်..."
တိုင်အာနတ်မြို့မှ စစ်သည်များက ကျယ်လောင်စွာဟစ်အော်ကာ ပျော်ရွှင်မှုများ ပြသနေလေ၏။
အစပိုင်းတွင် တိုင်အာနတ်မြို့၏ စစ်သည်များက စွမ်းအားနည်းကြလေသောကြောင့် မျှော်လင့်ချက်များစွာ မရှိခဲ့ပေ။ သူတို့ နောက်ဆုံးအောင်ပွဲကို ရုတ်တရက် ရရှိသွားချိန်တွင် မမျှော်လင့်ထားသော ဝမ်းသာပျော်ရွှင်မှု ဖြစ်ခဲ့ရလေသည်။
" ဒီကောင်လေးက ကောင်းကောင်းတိုက်ခိုက်ခဲ့တာပဲ...ဟားဟားဟား " ခန်းယန်က ကျယ်လောင်စွာ ရယ်လိုက်လေသည်။ သူ၏အပြုံးက နားရွက်အား ချိတ်မိတော့မည့်အလားပင်။ ယီယွင်၏ အောင်ပွဲက ပုံရိပ်များစွာမကျန်တော့သည့် ဤအဖိုးကြီးကို အားတက်သွားစေခဲ့လေ၏။ သူ ရုတ်တရက်ပင် တစ်စုံတစ်ခုကို သတိရသွားကာ အစောပိုင်းက ယီယွင်ကို အထင်သေးနေခဲ့သည့် အကြီးအကဲနှစ်ဦးအား လှည့်ကြည့်လိုက်သည်။ ထိုအမူအရာအား " မင်းတို့နှစ်ယောက်... မနေ့က ငါ့ရဲ့မြည်းအကြောင်း ပြောကြမလား " ဟု ဖတ်ရမည်လားပင်။
အမူအရာများ အရုပ်ဆိုးနေလျက်ရှိပြီးသော အကြီးအကဲနှစ်ဦးမှာ သူတို့၏ရှေ့တွင် ခန်းယန်က ဂန္ဓမာပန်းပမာပင် မခိုးမခန့်ပြုံးနေသည်ကို မြင်လိုက်ရလေ၏။ သူတို့ ခန်းယန်ကို လျစ်လျူရှုလိုက်ကြသည်။ သူတို့ တုန့်ပြန်လိုက်သည်နှင့် ပြက်ရယ်ပြုစရာအဖြစ် အဆုံးသတ်ရမည်ကို သိကြလေသည်။
" ယီယွင်က ကျုပ်ကို အံ့ဩစရာအကြီးကြီး ပေးလိုက်တာပဲ "
အေးဆေးတည်ငြိမ်သော မြို့သခင်သည်ပင် အားပါးတရ ရယ်မောနေလေ၏။
နံဘေးမှ ခုနစ်စင်ကြယ်စေတီပိုင်ရှင်ကမူ မျက်နှာ သုန်မှုန်နေသည်။ တိုက်ပွဲရလဒ်က သူ ထင်ထားသည်နှင့် တက်တက်စင်အောင် လွဲနေလေ၏။
ယွင်လုံစေတီ ၇၂ ခုမှ လူငယ်မျိုးဆက် ပါရမီရှင်အချို့ကို သူ သိထားလေသောကြောင့် မဟာမိတ်ပြိုင်ပွဲကို အကြံပြုခဲ့ခြင်း ဖြစ်လေသည်။ ထိုသူများက အဆင့်တူတွင် ပြိုင်ဘက်ကင်းကြ၏။ တိုင်အာနတ်ပြည်ထောင် နယ်စပ်တွင် လမ်းပြလူငယ် ပေါ်လာခဲ့ခြင်းကြောင့် ဖိအားကြုံနေရသည့် တိုင်အာနတ်မြို့အဖို့ ပူးပေါင်းဆောင်ရွက်ရန်မှလွဲ၍ အခြားမရှိပေ။
သို့သော် ကျွင်းယွဲ့ ရှုံးနိမ့်ခဲ့ရခြင်းသည် ခုနစ်စင်ကြယ်စေတီပိုင်ရှင်အတွက် အထိနာခဲ့လေ၏။ ကျွင်းယွဲ့ ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ထိုင်ခုံနေရာ ၆၀% ရယူမည့် သူ၏အစီအစဥ်မှာလည်း ပျက်သုဥ်းသွားချေပြီ။
ခုနစ်စင်ကြယ်စေတီပိုင်ရှင်က အသက်ပြင်းပြင်းရှုကာ လူလတ်ပိုင်း ကျောင်းတော်သားကို ပြောလိုက်သည်..." ဆယ့်ငါးနှစ်အောက် အဖွဲ့တွေက အစပျိုးပဲ ရှိပါသေးတယ်။ မြို့သခင် ရယ်နေတာက မစောလွန်းဘူးလား "
လူလတ်ပိုင်း ကျောင်းတော်သားက ရယ်မောကာ..." ကျုပ်က အများကြီး မျှော်လင့်မထားပါဘူး။ ကျုပ်တို့ တိုင်အာနတ်မြို့က နှံဟောင်းတွေနေရာမှာ နှံသစ်တွေက အစားထိုးမဝင်နိုင်သေးတဲ့ အချက်ကို ခင်ဗျားတို့ တိုင်းပြည်က ပစ်မှတ်ထားခဲ့တာလေ။ ပြီးတော့ လမ်းပြလူငယ်ရဲ့ဖိအားကြောင့် ခင်ဗျားက ကျုပ်ကို မဟာမိတ်ပြိုင်ပွဲ ကမ်းလှမ်းချက်ကို သဘောတူလာအောင် တွန်းအားပေးခဲ့တယ်လေ။ အခုတော့ တိုင်အာနတ်မြို့က ခင်ဗျားလက်ထဲက ထိုင်ခုံနေရာ သုံးပုံတစ်ပုံလောက်ကို ရခဲ့ပြီလေ။ ကျုပ်က ဘာကြောင့် မရယ်ဘဲနေရမှာလဲ "
" ဟမ့် "
ခုနစ်စင်ကြယ်စေတီပိုင်ရှင် နှာမှုတ်ကာ ငြိမ်သွားလေ၏။ သူက ကျင့်ကြံသူများကို ဆယ်ကျော်သက်နှင့် လူငယ်ဟူ၍ နှစ်ပိုင်းခွဲထားသည်။ သို့မှသာ ယွင်လုံစေတီ ၇၂ ခု၏ စွမ်းအားကို ပြသနိုင်ပေလိမ့်မည်။ သို့သော် သူသည် ကျောက်တုံးကို မ ကာ ခြေထောက်ပေါ်သို့ လွတ်ကျမိခဲ့ခြင်းနှင့် အဆုံးသတ်ခဲ့ရလေ၏။