လူငယ်ပြိုင်ပွဲ
Vol. 22 Ch. 323
" ယွင်လုံနတ်ပြည်ထောင်ဘက်မှာ ယီယွင်ကို စိန်ခေါ်ချင်တဲ့သူ ရှိသေးလား " တိုင်အာနတ်မြို့မှ ဒိုင်က ကျယ်လောင်စွာ မေးလိုက်သည်။
ယီယွင်က ကျွင်းယွဲ့ကို အနိုင်ယူပြီးနောက်တွင် ယွင်လုံနတ်ပြည်ထောင်၌ မတိုက်ခိုက်ရသေးသူ လေးဦးကျန်သေးသည်။ သူတို့က ယီယွင်နှင့်တိုက်ခိုက်ရန် အရည်အချင်းမပြည့်ပေ။
ထိုလေးယောက် အမူအရာများ အရုပ်ဆိုးနေကြသော်လည်း မည်သူကမျှ စင်ပေါ်သို့တက်ကာ ယီယွင်နှင့် တိုက်ခိုက်လိုခြင်းမရှိပေ။ စွမ်းအားကွာခြားချက်က ကြီးမားလှသည်ဖြစ်ပြီး စင်ပေါ်သို့ တက်သွားပါက ယီယွင် ရက်စက်စွာရိုက်နှက်သည်ကို ခံရခြင်းဖြင့် အဆုံးသတ်ရပေမည်။ ထို့ကြောင့် သူတို့ စင်ပေါ်သို့တက်သည်ဖြစ်စေ မတက်သည်ပင်ဖြစ်စေ ရှုံးရမည်သာ ဖြစ်လေသည်။
ဒိုင်ကို မည်သူကမျှ ပြန်မဖြေကြပေ။ ဒိုင်က သုံးကြိမ်မေးပြီးနောက် ကျယ်လောင်စွာ ဆိုလိုက်သည်..." ယွင်လုံနတ်ပြည်ထောင်က ဘယ်သူမှ စိန်မခေါ်တော့ဘူး။ တိုင်အာနတ်ပြည်ထောင်နဲ့ ယွင်လုံနတ်ပြည်ထောင်တို့ရဲ့ ဆယ်ကျော်သက်ပြိုင်ပွဲမှာ အနိုင်ရသူက တိုင်အာနတ်ပြည်ထောင်လို့ ကြေညာအပ်ပါတယ် "
ဒိုင်၏အသံက စိတ်လှုပ်ရှားနေပြီး တိုင်အာနတ်မြို့မှ ပရိတ်သတ်များကလည်း ကျယ်လောင်စွာ အောင်ပွဲခံကြလေ၏။
ဤအောင်ပွဲက အမှန်တကယ် အံ့အားသင့်ဖွယ်ရာပင်။ သူတို့၏ တိုင်အာနတ်မြို့က နှံဟောင်းနေရာတွင် နှံသစ်များနှင့် အစားထိုးရခြင်းမရှိသေးသော်လည်း ဆယ်ကျော်သက်ပြိုင်ပွဲတွင် ယွင်လုံစေတီ ၇၂ ခုကို ရိုက်နိုင်နေဆဲ ဖြစ်လေသည်။ ဤရလဒ်က ဂုဏ်ယူသင့်လေ၏။
တိုင်အာနတ်မြို့၏ ကျင့်ကြံသူအားလုံး ပျော်နေကြသည်မဟုတ်ပေ။ လက်ရှိအချိန်၌ လီဟုန် ၊ ယန်ဟောက်ရန်နှင့် အခြားသူအချို့မှာ အောင်ပွဲခံအသံများကို နားထောင်ကာ အရုပ်ဆိုးနေလျက်ရှိကြ၏။
ယန်ဟောက်ရန်က လက်သည်းများ အသားထဲအထိ နစ်ဝင်သည်အထိ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ သူ၏ မဟာရန်သူတော်က တိုင်အာနတ်ပြည်ထောင်၏ သူရဲကောင်းတစ်ဦး ဖြစ်လာကာ မြို့သခင်ကပင် အာရုံစိုက်မိသွားချေပြီ။ ခန်းယန် ၊ ကျန်းကဲ့ ၊ ယွဲ့ဟွားတို့က ယီယွင်အား အပစားပေးနေခြင်းပါ ထည့်ပေါင်းလိုက်မည်ဆိုပါက သူ ယီယွင်ကို လက်စားချေရန် မျှော်လင့်ချက်မှာ ဟာသတစ်ခု ဖြစ်သွားခဲ့လေပြီ။
တိုင်အာနတ်ပြည်ထောင် သူရဲကောင်းတစ်ဦး၏ အရှိန်အဝါနှင့် နှိုင်းယှဥ်လိုက်မည်ဆိုလျှင် လက်တစ်ဖက် ဆုံးရှုံးထားသည့် သူက ခွေးလေခွေးလွင့်တစ်ကောင်နှင့် မခြားပေ။ ထိုကွာခြားချက်က ရှည်ရှည်ဝေးဝေးပြောနေရန် မလိုတော့လေသောကြောင့် ယန်ဟောက်ရန် မချိ့တင်ကဲ ဖြစ်နေရလေသည်။
နတ်အရိုင်းမြေစင်မြင့်ပေါ်မှ ဒိုင်က တက်ကြွဖွယ်ရာလေသံနှင့် ကြေညာလိုက်လေသည်..." နောက်ထပ်ကတော့ လူငယ်ပြိုင်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ယွင်လုံနတ်ပြည်ထောင်နဲ့ တိုင်အာနတ်ပြည်ထောင်တို့က ၁၅ - ၁၈ နှစ်အတွင်း ကျင့်ကြံသူတွေ တိုက်ခိုက်ဖို့အတွက် စင်မြင့်ပေါ်ကို တက်ခဲ့ကြပါ "
ယွင်လုံနတ်ပြည်ထောင်မှ လူများ စိတ်လှုပ်ရှားလာကြသည်။ သးတို့၏ စိတ်ခံစားချက်များ ယီယွင်ကြောင့် သေဆုံးခဲ့ရပြီးနောက်တွင် ဒေါသဖြစ်ခဲ့ကြရသည်။ ယခု လူငယ်ပြိုင်ပွဲအတွက် သူတို့ ယွင်လုံနတ်ပြည်ထောင်တွင် လူငယ်ကျွမ်းကျင်သူများ ပြည့်နေလေ၏။ နှိုင်းယှဥ်ကြည့်ပါက တိုင်အာနတ်မြို၏ လူငယ်များက လက်တစ်ဆုပ်စာပင် မပြည့်ပေ။ တိုက်ပွဲရလဒ်က မည်သို့ဖြစ်လာမည်ကို သံသယဖြစ်ရန်ပင် မလိုပေ။
" ယွင်လုံနတ်ပြည်ထောင်က သေချာပေါက် နိုင်မှာပဲ " ယွင်လုံ နတ်ပြည်ထောင်မှ ကျင့်ကြံသူများက အော်လိုက်ကြသည်။ သူတို့က အရှက်တကွဲ ရှုံးခဲ့ရခြင်းအတွက် လက်စားချေရမည်။
" အားလုံးကို အပြတ်ရှင်းပစ်။ တိုင်အာနတ်မြို့တစ်ခုလုံးကို အမြစ်ဖြုတ်ပစ် "
ယွင်လုံနတ်ပြည်ထောင် ပရိတ်သတ်များ စိတ်လှုပ်ရှားနေကြသည်။ တိုင်အာနတ်မြို့မှ ပရိတ်သတ်များကလည်း ရှုံးထွက်ပြိုင်ပွဲအတွက် အောင်ပွဲခံနေကြသည်။
" ဒါက တကယ်ရူးတာပဲ "
ယီယွင် မြင်ကွင်းကိုကြည့်ကာ သက်ပြင်းချလိုက်၏။ သို့သော် ဤသည်ကလည်း ကျိုးကြောင်းသင့်သည်။ သူ၏ယခင်ဘဝ၌ ဘောလုံးနှင့်ပတ်သတ်သည့် အားကစားပြိုင်ပွဲများတွင် ပရိတ်သတ်များက တက်ကြွစွာ ကြည့်ရှုအားပေးကြပြီး တိုက်မိခိုက်မိကာ မတော်တဆဖြစ်ကြလေပြီး စစ်သည်လောကကြီးတွင်လည်း ထို့အတူသာ ဖြစ်လေသည်။ ယခင်ဘဝမှ အားကစာပြိုင်ပွဲများနှင့် ယှဥ်ကြည့်မည်ဆိုလျှင် ကျွမ်းကျင်သူများ အချင်းချင်းတိုက်ခိုက်ကြသည့် ပြိုင်ပွဲများက ပိုမိုအရေးကြီးကာ ပိုမို၍ပင် စိတ်လှုပ်ရှားဖွယ်ကောင်းသည်။
ယီယွင် အကြီးအကဲစင်မြင့်ထက်မှ ခန်းယန်ကို လှမ်းကြည့်ကာ အသံပို့လိုက်သည်..." စီနီယာခန်းယန်... လူငယ်ပြိုင်ပွဲမှာ ကျုပ် မပါရတော့ဘူးမလား "
စိတ်အားတက်ကြွနေသည့် ခန်းယန်က ယီယွင်၏အသံကြောင့် အံ့အားသင့်သွားကာ..." မင်း မပါရတော့ဘူး။ ဒါပေမဲ့ နောက်နှစ်ရက်အကြာ အဖွဲ့ပေါင်းစုံပြိုင်ပွဲမှာ မင်း ဝင်ပြိုင်လို့ရတယ် "
စစ်သည်များ အနားယူကာ ဒဏ်ရာကုသနိုင်ရေးအတွက် အဖွဲ့ပေါင်းစုံပြိုင်ပွဲကို နောက်နှစ်ရက်တွင် သတ်မှတ်ပေးထားလေသည်။
" ကောင်းပြီ ကျုပ် သိပြီ။ ဒါဆို ကျုပ် ဓားသင်္ချိုင်းကို သွားချင်တယ် "
သန့်စင်ယန်ဓားနန်းတော်၏ ဓားတာအိုက အလွန်တရာပင် နက်နဲသိမ်မွေ့သည်။ ထိုဓားတာအိုကို နားလည်ရန်အတွက် တစ်ခုခုလိုအပ်နေသည်ဟု ယီယွင် အမြဲခံစားနေရသည်။ သိုင်းပညာလမ်းစဥ်သည် အန္တရာယ်နှင့်အခက်အခဲတို့ ပြည့်လွှမ်းနေပြီး မိုးကောင်းကင်အား ဖီဆန်ရသည်ဟုပင် ဆိုနိုင်လေသည်။ ယီယွင်အဖို့ သူ့ကိုယ်သူအား မြင့်တင်ရန်အတွက် အခွင့်အရေးများကို ဖမ်းဆုပ်ရပေမည်။
" ဓားသင်္ချိုင်းလား။ မင်းက ဒီအတိုင်း ထွက်သွားတော့မလို့လား။ လူငယ်အဖွဲ့ပြိုင်ပွဲတွေကို မကြည့်တော့ဘူးလား " ခန်းယန်က အံ့ဩစွာဆိုသည်..." မင်းက စက္ကန့်တိုင်းကို အနားမပေးဘူးပဲ "
" ကျုပ် မကြည့်တော့ပါဘူး " ယီယွင် ခေါင်ယမ်းလိုက်၏။ စင်စစ်တွင် လူငယ်ပြိုင်ပွဲအားလုံးကို ကြည့်ရှုကာ ယွင်လုံနတ်ပြည်ထောင်မှ လူငယ်များ၏ စွမ်းဆောင်ရည့ကို ကြည့်ရန်လိုအပ်လေသည်။ သို့သော် ယီယွင်က ပြိုင်ဘက်များကို အထင်သေးနေခြင်း မဟုတ်လေဘဲ သူ အမှန်တကယ်ကြည့်လိုသည့်လူက လူငယ်ပြိုင်ပွဲတွင် ပေါ်လာမည်မဟုတ်သလို ပေါ်လာခဲ့လျှင်လည်း အားကုန်ထုတ်မည် မဟုတ်လေသောကြောင့်ပင်။ ထို့ကြောင့် ဆက်ကြည့်နေရန် အကြောင်းမရှိပေ။
" ကောင်းပြီ " ခန်းယန် ခေါင်းညိတ်ကာ ယီယွင်အား လမ်းပြပေးရန် မတ်တက်ရပ်လိုက်သည်။
ထိုစဥ် ယွင်လုံနတ်ပြည်ထောင် ပရိတ်သတ်များ၏ အားပေးအော်ဟစ်သံများ ထွက်ပေါ်လာသည်။ ယွင်လုံနတ်ပြည်ထောင်မှ အဝါဝတ်ဖက်တီးတစ်ယောက် နတ်အရိုင်းမြေစင်မြင့်ထဲသို့ ဝင်လာလေသည်။
ဖက်တီးက လက်မြောက်ကာအော်လေ၏..." ယွင်လုံ သေချာပေါက် နိုင်ရမယ် "
" ယွင်လုံ သေချာပေါက် နိုင်ရမယ် "
" ယွင်လုံ သေချာပေါက် နိုင်ရမယ် "
ယွင်လုံနတ်ပြည်ထောင် ပရိတ်သတ်များက သောသောညံ တုန့်ပြန်ကြသည်။
ဖက်တီးက လက်မြောက်ပြကာ ပရိတ်သတ်များကို ငြိမ်ရန်အချက်ပြသည်။ သူ ခပ်ရေးရေးပြုံးကာ တိုင်အာနတ်ပြည်ထောင် ပရိတ်သတ်များကို ကြည့်လိုက်လေပြီး..." ဒီနေ့ ကျုပ်က ယွင်လုံနတ်ပြည်ထောင်ကို ကိုယ်စွားပြုပြီး တိုင်အာနတ်ပြည်ထောင်ကို စစ်ကြေညာတယ် "
သူက တိုင်အာနတ်ပြည်ထောင်ဘက်သို့ လက်ညှိုးထောင်ပြကာ ဆိုသည်..." ကျုပ်တစ်ယောက်တည်းက လုံလောက်တယ်။ ဘယ်သူ ကျုပ်နဲ့တိုက်ခိုက်ချင်လဲ။ ကျုပ်က မင်းတို့တွေ စေလွှတ်သလောက်အထိ တိုက်ခိုက်ပေးမယ် "
ဖက်တီး၏ စကားများက ရန်လိုနေသည်။ သူက အထက်စီးဆန်ကာ မောက်မာသောပုံစံနှင့် ဆိုလိုက်ချိန်တွင် ယွင်လုံနတ်ပြည်ထောင် ပရိတ်သတ်များ အားပေးကြပြန်လေ၏။ ဆယ်ကျော်သက်ပြိုင်ပွဲတွင် ယီယွင်က လူငါးယောက်ကို ရင်ဆိုင်ကာ အနိုင်ရသွားခဲ့သည်။ ယင်းအဖြစ်ကြောင့် သူတို့ ဒေါသူပုန်ထခဲ့ရလေ၏။ ယခုတွင်မူ ဖက်တီးက အထက်စီးဆန်စွာ စစ်ကြေညာလိုက်ခြင်းကြောင့် သူတို့၏ဒေါသများ ပြေလျော့သွားရသည်။
" မင်းတို့ တိုင်အာနတ်ပြည်ထောင်က လူအများကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်တယ်ဆိုရင် ငါတို့ ယွင်လုံနတ်ပြည်ထောင်ကလည်း လုပ်နိုင်တယ် "
" ဒီဖက်တီးစုတ်က သူ့ကိုယ်သူ ဘာထင်နေတာလဲ "
တိုင်အာနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်များ ဒေါသထွက်သွားရသည်။
ယန်ချန်၏အမူအရာ အလွန်အရုပ်ဆိုးနေလျက်ဖြင့်..." ဒီကောင်က ငါတို့တွေကို မရှိသလိုသဘောထားပြီး တိုင်အာနတ်ပြည်ထောင်ကို အနိုင်ကျင့်နေတာလား။ စေလွှတ်သလောက် တိုက်ခိုက်ပေးမယ်ဆိုတာက ဘာသဘောလဲ။ စကားတွေက အတော်မောက်မာတာပဲ။ လူငယ်အဖွဲ့ပြိုင်ပွဲအတွက် ငါတို့က လူနှစ်ယောက်ပဲ စေလွှတ်လို့ရတယ် "
ပြိုင်ပွဲစည်းမျဥ်းအရ လူတစ်ဦးသည် တစ်ကြိမ်သာ ရှုံးခွင့်ရှိလေ၏။ ရှုံးသွားပြီးလျှင် အုပ်စုပြိုင်ပွဲတွင် ပါဝင်ခွင့်မရှိတော့ပေ။ လူငယ်အုပ်စုအဆင့်ပြိုင်ပွဲတွင် တိုင်အာနတ်မြို့၏ လေးဖွဲ့အနက် သုံးဖွဲ့က အပြောင်ရှင်းခံခဲ့ရသည်။ တစ်ဖွဲ့သာ ကျန်ခဲ့လေပြီး ထိုအဖွဲ့ထဲတွင် ယန်ချန်နှင့် ယောင်တောက်တို့သာ မရှုံးဘဲကျန်ခဲ့သည်။
" ဒီကောင်က ယွင်လုံနတ်ပြည်ထောင် ပရိတ်သတ်တွေရဲ့အကြိုက် လုပ်ပြနေတာ။ ဒီလိုပုံစံနဲ့ စစ်ကြေညာတာက ဒီကောင့်ရဲ့ ကျော်ကြားမှုကို တိုးပွားစေတယ်လေ။ ဒီဖက်တီး တကယ်ကို ပရိယာယ်ကြွယ်တယ် " ယောင်တောက်က ဆိုလိုက်သည်။
" ဟမ့်... လူတစ်ယောက် ဘယ်လောက်အစွမ်းထက်ပြီး ဘယ်လောက်အထိ ရှုပ်ထွေးအောင် လုပ်နိုင်မှာမလို့လဲ။ တိုင်အာနတ်ပြည်ထောင်က လူငယ်ပြိုင်အတွက် ငါတို့နှစ်ယောက်ပဲ ကျန်တော့တာဆိုပေမဲ့ ဒီကောင့်ကို ရှုံးမှာမဟုတ်ဘူး။ ငါ တက်သွားပြီး ဒီကောင့်ကို အဆုံးသတ်ပေးမယ် "
ယန်ချန်က စင်မြင့်ပေါ်သို့တက်သွားကာ..." ငါ မင်းကို စိန်ခေါ်မယ် "
" ဟဲဟဲ " ဖက်တီးက ယန်ချန်ကိုကြည့်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်လေ၏။ သူ၏ဂုဏ်သတင်းကို တည်ဆောက်ရန်အတွက် ယန်ချန်နှင့် စတင်ရပေမည်။
သူက ဤတိုက်ပွဲဖြင့် ကျော်ကြားလာမည်ကို မျှော်လင့်မိနေသည်။ ပြိုင်ပွဲ၌ ကောင်းစွာစွမ်းဆောင်နိုင်ပါက ဆုချခံရမည့်အပြင် ယွင်လုံနတ်ပြည်ထောင်မှ ရာထူးမြင့်ပိုင်းများက အာရုံစိုက်သည်ကိုလည်း ခံရပေလိမ့်မည်။ အကျိုးအမြတ်များက များပြားလေ၏။
ဖက်တီးက ပြုံးကာ တိုင်အာနတ်ပြည်ထောင်၏ ဆယ်ကျော်သက် ပြိုင်ပွဲဝင်များဆီသို့ လှမ်းကြည့်လိုက်သည်။ အဖွဲ့ပေါင်းစုံပြိုင်ပွဲတွင် ယီယွင်နှင့် ဆုံရလိမ့်မည်ကို သူ သိလေသည်။ အနာဂတ်ပြိုင်ဘက်အား သူ၏စွမ်းဆောင်ရည်ကို ကြည့်စေလိုလေ၏။
သို့သော် တစ်ချက်ကြည့်ပြီးနောက် သူ၏အမူအရာ တောင့်တင်းသွားလေသည်။
အကြောင်းကမူ ယီယွင်က မရဏအသံလှိုင်းဓားကို သယ်ဆောင်ကာ ပြိုင်ကွင်းထွက်ပေါက်ဆီသို့ သွားနေခြင်းကြောင့်ပင်။ ဖက်တီးက ယီယွင်၏ကျောပြင်ကိုသာ မြင်နေရသည်။
" ဘာလဲဟ ဒီကောင် "
ဖက်တီး နဖူးသွေးကြောများ ထောင်လာသည်။ သူ လျစ်လျူရှုခံလိုက်ရတာလား။
ယီယွင်က သူ့ပြိုင်ပွဲကိုမကြည့်ဘဲ ထွက်သွားတာလား။ ဒီကောင်က ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ။
ယီယွင် လှည့်၍ပင်မကြည့်ဘဲ ပြိုင်ကွင်းထဲမှ ထွက်ခွာသွားသည်ကို မြင်သောအခါတွင် ဖက်တီး၏အမူအရာ သုန်မှုန်သွားလေ၏။
" နှစ်ရက်ကြာရင် ငါ မင်းရဲ့အပြုအမူတွေကို သင်ပေးမယ် "
ဖက်တီးက လက်သီးဆုပ်၍ မုန်းတီးစွာတွေးလိုက်သည်။ ထို့နောက် သူက ယန်ချန်ကိုကြည့်ကာ အေးစက်စက်ဆိုလိုက်သည်..." ယန်ချန်မလား။ ငါ မင်းကို ဆယ်ကွက်မပြည့်ခင်မှာ အနိုင်ယူမယ် "
" သောက်ရူး " ယန်ချန်က ဓားထုတ်ကာ ဖက်တီး၏ မျက်ခုံးနှစ်ခုကြားအား ချိန်လိုက်သည်။
" ရှုံးရမဲ့သူက မင်းပဲ "