ဓားကျိုး၏မှတ်ဥာဏ်များ
Vol. 22 Ch. 325
နတ်အရိုင်းမြေစင်မြင့်၏ အောက်ဘက်တွင် ယန်ချန်သည် သမားတော်များ၏ ကုသမှုကြောင့် တဖြည်းဖြည်းချင်း သတိပြန်လည်လာလေ၏။ သူ အဆက်မပြတ် ချောင်းဆိုးနေပြီးနောက် အားနည်းစွာဆိုသည်..." တောင်းပန်ပါတယ်..."
ဝင့်ကြွားတတ်သော ယန်ချန်မှာ ယခုအခါတွင် အရှက်ရနေသည်။ သူနှင့်ဖက်တီးတို့ အကြားမှ စွမ်းအားကွားခြားချက်က ကြီးမားလွန်းလေသည်။ သတိမမူမိဘဲ ပုံရိပ်ယောင်နည်းစနစ်နှင့် ကြုံတွေ့ခဲ့ရပြီး သူ ဖက်တီး၏ ပုံရိပ်ယောင်ထဲသို့ ရောက်ရှိသွားကာ ဆိုးရွားစွာပင် ရှုံးခဲ့ရသည်။
ယန်ချန်၏နံဘေးတွင် ယောင်တောက် ရပ်နေသည်။
ယောင်တောက် ငြိမ်သက်နေသည်။ စင်မြင့်ထက်တွင် ပရိတ်သတ်များ၏ အားပေးမှုကို ခံစားနေသည့် ဖက်တီးကိုကြည့်ကာ ယောင်တောက်၏ အကြည့်များ တင်းမာသွားသည်။
ဖက်တီးက သူ့ထက် အသက်ပိုကြီးကာ ကျင့်ကြံမှုလည်း ပိုမြင့်လေသည်။ ထိုကောင်နှင့် တိုက်ခိုက်လျှင် သတိကြီးစွာ ထားရပေလိမ့်မည်။
ယောင်တောက်က သူ၏ဓားမောက်သိုင်းကို အလွန်တရာပင် ယုံကြည်ချက်ရှိသော်လည်း ပုံရိပ်ယောင်ကမ္ဘာထဲတွင် လေ့ကျင့်ဖူးခြင်းမရှိပေ။ ထိုဖက်တီးက သူ ပထမဆုံးတွေ့ဖူးသည့် ပုံရိပ်ယောင်နည်းစနစ် စစ်သည်တစ်ဦး ဖြစ်လေ၏။
ပုံရိပ်ယောင်တစ်ခုထဲတွင် တိုက်ခိုက်ရသည်မှာ အစစ်မှန်လောကထဲတွင် တိုက်ခိုက်ရသည်နှင့် ကွာခြားလေသည်။ အတွေ့အကြုံမရှိသည့် သူ့အဖို့ ထိခိုက်ခံစားသွားရနိုင်သည်။
ဓားမောက်သိုင်းကို တတ်ကျွမ်းခါစအချိန်တွင် တိုက်ခိုက်ရေးအတွေ့အကြုံမရှိဘဲ ကျွမ်းကျင်သူတစ်ဦးကို စိန်ခေါ်နေရသည့်ပမာပင် ယောင်တောက် ခံစားနေရလေ၏။ အရာအားလုံးကို သူကိုယ်တိုင်သာ ရှာဖွေရပေမည်။
" အကောင်းဆုံးလုပ်ပါ ယောင်တောက် "
ယောင်တောက်၏ နံဘေးတွင်ရပ်နေသည့် နည်းပြဖြစ်သူက ပခုံးကိုပုတ်ကာ ဆိုလိုက်သည်။
ယောင်တောက် ခေါင်းညိတ်လိုက်၏။ ပြိုင်ပွဲမတိုင်မီတွင် သူ၏ပြိုင်ဘက်က ဤသို့ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူသည် ကြမ်းတမ်းသော ပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်ရရန် မျှော်လင့်ထားခဲ့သော်လည်း သူ့ဆန္ဒအတိုင်း ဖြစ်မလာခဲ့ပေ။
ယောင်တောက် ဓားမောက်ကိုင်ကာ စင်မြင့်ပေါ်သို့ တက်သွားလေ၏။
ဖက်တီးက မြူးတူးစွာပြုံးကာ..." နောက်တစ်ယောက် လာပြီ။ စိတ်ဝင်စားစရာပဲ "
" ပါးစပ်ပိတ်တော့...တိုက်မယ် "
စကားဆုံးသည်နှင့် ယောင်တောက်က ယွမ်ချီများ လည်ပတ်စေကာ စိတ်ကို အာရုံစူးစိုက်ထားပြီး ဖက်တီး၏ ပုံရိပ်ယောင်နည်းစနစ်ကို ရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည်။
ဖက်တီးက ရယ်ကာ သိုလှောင်လက်စွပ်ထဲမှ ဘူးသီးခြောက်တစ်လုံး ထုတ်ယူလိုက်သည်။ ဘူးသီးခြောက်က သေးသွယ်ကာ တစ်ပေခန့်မြင့်ပြီး ရွှေရောင်အဆင်း ရှိလေသည်။
အိုး...။
ယောင်တောက်က စိတ်ကိုစူးစိုက်ထားကာ ဓားမောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။ ဖက်တီးက ယန်ချန်နှင့် တိုက်ခိုက်ချိန်တွင် ဘူးသီးခြောက်ကို မထုတ်ခဲ့ပေ။
ဖက်တီး ဘူးသီးခြောက်ထုတ်ယူလိုက်သည့် မြင်ကွင်းကလည်း ပုံရိပ်ယောင်တစ်ခု ဖြစ်လေသလော။
လက်ရှိတွင် ယောင်တောက်မှာ ဖက်တီးကို တိုက်ခိုက်ရန်အတွက် တွန့်ဆုတ်နေမိသည်။ သူ လှုပ်ရှားလိုက်သည်နှင့် ဖက်တီး၏ ပုံရိပ်ယောင်ကမ္ဘာထဲသို့ ကျရောက်သွားပြီး အဓိပ္ပါယ်မဲ့စွာ တိုက်ခိုက်နေရမည်ကို စိုးရိမ်မိလေသည်။ ထိုသို့ဖြစ်လာလျှင် သူ ရှုံးရပေလိမ့်မည်။
သို့သော် သူ ရပ်ကြည့်နေ၍လည်း မရပေ။ ယင်းက ဖက်တီးကို ဆန်းကြယ်နည်းစနစ် အသုံးပြုခွင့်ပေးလိုက်သည်နှင့် ဆင်တူလေသည်။ ဘူးသီးခြောက်ထဲတွင် အလွန်အန္တရာယ်များသည့်အရာ ရှိနေလိမ့်မည်ဟု ယောင်တောက်က ယူဆထားလေ၏။ ဖက်တီးကို ဘူးသီးခြောက် အသုံးပြုခွင့်ပေးလိုက်ပါက ကြောက်စရာဖြစ်နိုင်ခြေများသာ ဖြစ်လာနိုင်လောက်သည်။
ယောင်တောက် ထိုအရာကို တွေးမိသွားကာ လျှာဖျားကို ကိုက်လိုက်သည်။ နာကျင်မှုက သူ့အား နိုးနိုးကြားကြား ဖြစ်သွားစေလေ၏။
" ငါက ဘယ်လိုဖြစ်ပြီး အရမ်းကြောက်တတ်နေရတာလဲ။ တိုက်ပွဲ မစရသေးခင်မှာ ငါက တိုက်ခိုက်လိုစိတ် ဆုံးရှုံးနေပြီ။ ငါက ပုံရိပ်ယောင်ကို ကြောက်တာနဲ့ပဲ ဘယ်လိုဖြစ်ပြီး ရန်သူကို တိုက်ခိုက်ဖို့အတွက် တွန့်ဆုတ်နေရတာလဲ "
ယောင်တောက်၏ စိတ်ထဲတွင် ထိုအတွေးများ ဖြစ်လာရသည်။ သူ ရုတ်တရက်ပင် ဥာဏ်အလင်းရသွား၏။ ဓားမောက်အသုံးပြုသူတစ်ဦးအတွက် အနိုင်မခံ အရှုံးမပေးစိတ်နှင့် ရှေ့ဆက်သွားရန်မှာ အရေးအကြီးဆုံး ဖြစ်လေသည်။ သူ စိတ်တည်ငြိမ်သွားပြီး ဓားမောက်ချီ ပေါက်ကွဲထွက်လာကာ မစစ်မှန်မှုများကို ခုတ်ပိုင်းသွားခဲ့သည်။
" သေစမ်း "
ယောင်တောက် ရှေ့သို့တက်သွားကာ ဖက်တီးအား ဓားမောက်နှင့် ခုန်လိုက်လေသည်။
ထိုစဥ် ဖက်တီးက ဘူးသီးခြောက်၏ အဆို့ကို ဖြုတ်လိုက်သည်။ ဘူးသီးခြောက်ထံမှ သက်တံ့ရောင်အငွေ့များ ထွက်လာလေသည်။
" မင်းနဲ့ရင်ဆိုင်ဖို့အတွက် ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးကို သုံးခဲ့တာက ငါဆိုတဲ့ ဖက်တီးသခင်ကြီးက မင်းကို အထင်ကြီးလို့ပဲ။ မင်းအနေနဲ့ ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးထဲမှာ ရှုံးရတာကို ဂုဏ်ယူသင့်တယ် "
ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးများ ချက်ချင်းထူထဲလာကာ လူတိုင်း၏ အမြင်အာရုံများကို ဖုံးလွှမ်းသွားသည်။ ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးက စင်မြင့်ကို ကာရန်ထားလေပြီး အထဲမှအရာများကို မမြင်ရတော့ပေ။
ပရိတ်သတ်များက မျက်လုံးများ ပြူးပြဲကာ ကြည့်နေကြသော်လည်း မည်သည့်အရာကိုမျှ မမြင်ကြရပေ။
တိုင်အာနတ်မြို့မှ စစ်သည်များ အလွန်ပင် စိုးရိမ်နေကြလေ၏။ ရလဒ်က မည်သို့ဖြစ်မည်ကို မသိလေသောကြောင့် သူတို့က ယောင်တောက်အတွက် စိုးရိမ်နေကြသည်။
တိုင်အာနတ်ပြည်ထောင်အတွက် လူငယ်ပြိုင်ပွဲတွင် ယောင်တောက် တစ်ဦးတည်းသာ ကျန်တော့လေသည်။ ယောင်တောက် ရှုံးသွားသည်နှင့် တိုင်အာနတ်ပြည်ထောင်သည် လူငယ်ပြိုင်ပွဲတွင် ဆိုးရွားစွာကျရှုံးသွားပေလိမ့်မည်။
..............................
ဓားသင်္ချိုင်းထဲတွင် ယီယွင် တင်ပျဥ်ခွေကာ ထိုင်နေလေသည်။ ပေါင်ခြံပေါ်တွင် သံချေးတက်နေသည့် ဓားကျိုးတစ်လက် တင်ထားလေ၏။ ထိုဓားကို ယီယွင် သန့်စင်ယန်ဓားနန်းတော်မှ နုတ်ယူလာခဲ့ခြင်း ဖြစ်လေသည်။
ယီယွင်က ဓားလမ်းစဥ်ကို သင်ယူရန်အတွက် တစ်နှစ်နီးပါး ကြိုးစားခဲ့သည်။ သန့်စင်ယန်ဓားနန်းတော်ထဲတွင် ကျန်ရစ်ခဲ့သည့် ဓားခုတ်ရာကြီးနှင့် ပတ်သတ်ပြီး သူ၏စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသည့် ပုံရိပ်များစွာ ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အချိန်အထိ သူ ဓားခုတ်ရာကြီးကို ပြန်တွေးမိလျှင် ဝိုးတဝါးခံစားချက်တစ်ခု ရရှိနေသည်။
သူ မှတ်မိရန် ပြန်တွေးကြည့်ချိန်တိုင်း ဓားခုတ်ရာထဲတွင် တစ်စုံတစ်ခု ပုန်းအောင်းနေဟန်ရှိပြီး သူ သရုပ်မခွဲနိုင်အောင် တားဆီးနေသည့်အလားပင်။
ယနေ့တွင် ယီယွင်က တင်ပျဥ်ခွေပုံစံအတိုင်း ရှိနေလေသည်။ မသိစိတ်တွင်မူ သူက အရာအားလုံးကို မေ့လျော့နေသည့် အခြေအနေသို့ ပြန်ရောက်နေလေသည်။ သူ၏စိတ်ထဲတွင် ထူထဲလှသော မြူခိုးများ ရှိနေသည့်အလားပင်။
ယီယွင် ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားကြည့်လိုက်ရာ မြူခိုးများ ပါးလျလာပြီး ဝေဝါးသောပုံရိပ်များကို မြင်လာရသည်။
ဒါက...။
ယီယွင်၏စိတ်ထဲတွင် လင်းခနဲ ဖြစ်သွားလေ၏။ သူ ထိုမြင်ကွင်းကို မမြင်ဖူးပေ။
ပုံရိပ်များထဲတွင် လူတစ်ဦး ဓားတစ်လက် ကိုင်ထားလေ၏။ ထိုသူက တွေးနေခြင်းမရှိဘဲ ဓားနှင့်ခုတ်ပိုင်းနေပြီး ဓားအလင်းတိုင်း နတ်ဒေဝါများနှင့် ကောင်းကင်ဘုံကိုပင် ခုတ်ပိုင်းပစ်နိုင်စွမ်း ရှိလေသည်။
မြင်ကွင်းသည် ဝရုန်းသုန်းကားဖြစ်နေ၏။ မြင်ကွင်းက ကြည်လင်လာလိုက် ပြန်မှိန်သွားလိုက် ဖြစ်နေခဲ့သည်။ ဓားသမား၏ပြိုင်ဘက်ကို ယီယွင် မမြင်ရချေ။ ဝရုန်းသုန်းကားဆန်သော တိုက်ပွဲက ကမ္ဘာတုန်ခါနိုင်စေသည်ဟုသာ သူ ခံစားမိသည်။
ထိုစဥ် ကောင်းကင်ထက်၌ လူ့ဘီလူးတစ်ကောင် ပေါ်လာသည်။ လူ့ဘီလူး၏ ခန္ဓာကိုယ်အား ကြေးနီဖြင့် သွန်းလောင်းထားသည့်အလားပင်။ လူ့ဘီလူး၏ ခန္ဓာကိုယ်က ကြီးမားသော တောင်တစ်လုံးနှင့် ဆင်တူလေပြီး မွန်းကျပ်စေသော အရှိန်အဝါတစ်ခု ရှိလေသည်။ လူ့ဘီလူးက ကောင်းကင်နှင့်မြေကြီးကို ထိန်းချုပ်ပြီး သက်ရှိအားလုံးဝပ်တွားကြရသည့် ဘုံကိုးပါးမှ နတ်ဒေဝါအလားပင်။
ထိုသူက ကြီးမားလှသော အသွားတပ်လှံရှည်တစ်ချောင်း ကိုင်ထားလေသည်။ အသွားတပ်လှံရှည်အား တစ်ချက်ယမ်းလိုက်သည်နှင့် ကမ္ဘာကြီး တစ်စစီဖြစ်သွားရ၏။
မြေပြင် ၊ သမုဒ္ဒရာနှင့် ကောင်းကင်တို့တွင် တုန်လှုပ်ဖွယ်ရာ အက်ကြောင်းများ ဖြစ်ပေါ်လာရသည်။
အသွားတပ်လှံရှည်၏ တိုက်ခိုက်မှု ကမ္ဘာကြီးကို နှစ်ခြမ်းကွဲစေခဲ့၏။
ယီယွင် ကြီးစွာတုန်လှုပ်သွားရသည်။ လူ့ဘီလူးကြီးက မည်ကဲ့သို့ ဖြစ်တည်မှုမျိုးပေနည်း။
သူ သေချာမတွေးနိုင်မီတွင် အလင်းက တွန့်လိမ်လာခဲ့သည်။ ဝေဝေဝါးဝါးထဲတွင် ဓားသမားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြေးရောင် လူ့ဘီလူးဆီသို့ ပျံသန်းသွားသည်ကို သူ မြင်လိုက်ရသည်။
ထိုအခိုက်တွင် ထိုသူက ဓားနှင့်တစ်သားတည်း ဖြစ်သွားလေ၏။
ဓားအလင်း ဖြတ်ကျော်သွားကာ ဓားသမားက လူ့ဘီလူး၏ လည်ပင်းကို ပိုင်းဖြတ်သွားခဲ့ပြီး ဦးခေါင်းအား ပြတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
ယီယွင်၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွား၏။ ထိုတိုက်ခိုက်မှုက ကြောက်စရာကောင်းလွန်းလှသည်။
လူ့ဘီလူး၏ခွန်အားက ကမ္ဘာကို အသွားတပ်လှံရှည်နှင့် ခွဲခြမ်းပစ်နိုင်သည်။ ယခုတွင်မူ ဓားသမားကြောင့် လူ့ဘီလူး၏ဦးခေါင်း ပြတ်လုနီးပါး ဖြစ်သွားရသည်တဲ့လား။
ထို့နောက်တွင် ယီယွင် မြည်သံတစ်ခု ကြားလိုက်ရ၏။ ဓားသမား၏ ဓားသည် ကြီးမားသော သက်ရောက်အားကြောင့် ကျိုးသွားရလေ၏။
ထိုသူ၏လက်ထဲတွင် တစ်ဝက်ကျိုးဓားသာ ကျန်ရစ်ခဲ့သည်။ လူ့ဘီလူး၏ သွေးများ စွန်းထင်းနေသည့် ဓားသည် တိုက်စားခံရကာ အစိမ်းရောင်အငွေ့များ ထွက်နေလေ၏။
မူလက အလင်းရောက်တောက်ပနေသည့် နတ်ဓားမှာ လျင်မြန်စွာပင် အလင်းရောင် ပျောက်ကွယ်လာနေသည်။ ဓားက ကိုယ်ပိုင်အသက်ရှိနေသည့်ပမာပင် နာကျင်စွာ အော်မြည်နေလေ၏။
ခေါင်းပြတ်လုနီးပါး အခုတ်ခံလိုက်ရသည့် လူ့ဘီလူးက နာကျင်စွာဟစ်အော်ကာ အသွားတပ်လှံရှည်အား ဓားသမားဆီသို့ ယမ်းလိုက်သည်။
အသွားတပ်လှံရှည်သည် ယီယွင်၏မြင်ကွင်းအား ဖုံးလွှမ်းသွားခဲ့၏။ ဓားသမားအား အသွားတပ်လှံရှည် ထိမှန်သွားကာ ဓားသမား လွင့်စဥ်သွားသည်ကို သူ ဝိုးတဝါးမြင်လိုက်ရသည်။ ထိူသူ၏ခန္ဓာကိုယ်က ကမ္ဘာ့အပြင်ဘက်သို့ လွင့်သွားခဲ့လေ၏။
လူ့ဘီလူး၏ ဒုတိယအကြိမ် တိုက်ခိုက်မှုကြောင့် ကမ္ဘာကြီးလည်း ကွဲကြေသွားရလေ၏။ ကမ္ဘာ၏ထောင့်တစ်နေရာ အလွှာလိုက်ကွာကျသွားကာ ကမ္ဘာ၏ပင်မကိုယ်ထည်မှ ခွဲထွက်သွားပြီး စကြာဝဠာထဲတွင် မျောလွင့်သွားလေသည်။
ထို့နောက်တွင် ထိုကမ္ဘာအစွန်းပိုင်းက စကြာဝဠာထဲတွင် ကာလကြာရှည်စွာ ဦးတည်ရာမဲ့ မျောလွင့်နေ၏။ ဓားကျိုးက ထိုကမ္ဘာပေါ်တွင် ကျန်နေရစ်ခဲ့သည်။
ဓားကျိုးက စိတ်ဝိညာဥ်အဆီအနှစ်များ လုံးဝဆုံးရှုံးသွားပြီ ဖြစ်လေ၏။ လူ့ဘီလူး၏ သွေးများက တိုက်စားမှုကြောင့် ဓားကျိုးတွင် သံချေးများ တက်လာခဲ့သည်။ သံချေးများက ထူထဲလာကာ ဓားကျိုးအား လုံးဝဖုံးလွှမ်းသွားခဲ့ပြီး သံတိုသံစတစ်ခုနှင့် မခြားတော့ပေ။
အစမှအဆုံးအထိ ယီယွင်က ထိုကမ္ဘာ၏ ပွဲကြည့်သူတစ်ဦးပမာ ဖြစ်နေခဲ့သည်။ သူ အရာအားလုံးကို တိတ်ဆိတ်စွာ မြင်တွေ့နေရလေ၏။
ပင်လယ်များက ပိုးစာပင်တောအုပ်အဖြစ် ပြောင်းလဲသွားသည့် အချိန်မြစ် စီးဆင်းမှုကိုလည်း သူ မြင်ခဲ့ရသည်။
ယီယွင် အမြင်အာရုံထဲတွင် မည်မျှကြာသွားခဲ့သည်ကို မသိတော့ပေ။ သူ ဘဝပေါင်းများစွာကို ခံစားချက်မဲ့စွာ ဖြတ်သန်းခဲ့ရဟန်ရှိပြီး ရှည်လျားကာ နှလုံးသားကင်းမဲ့သော ဘဝကို ဖြတ်ကျော်ပြီးနောက်တွင် သူ ရုတ်တရက် နိုးထလာခဲ့သည်။
နိုးထလာသည့် ယီယွင် ချွေးများရွှဲနေ၏။ သူ ကြုံတွေ့ခဲ့ရသည့် စိတ်ပျက်ဖွယ်ရာဘဝ မှတ်ဥာဏ်ထဲ၌ လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။ သူက ထိုကမ္ဘာထဲတွင် မျက်မြင်သက်သေတစ်ခုထက်မပိုသည့် အသက်မဲ့နေသော ကျောက်တစ်တုံးပမာ ဖြစ်ခဲ့ရသည်။
ယီယွင် နံရံထောင့်အား ကြည့်လိုက်သည်။ အခန်းထဲတွင် ဆီမီးအိမ်က တိတ်ဆိတ်စွာ လောင်ကျွမ်းနေဆဲပင်။ ဆီကုန်ခမ်းမှု ပမာဏအရဆိုလျှင် သူက ထိုအတွေ့အကြုံများကို တစ်နာရီခန့်မျှ ကြုံတွေ့ခဲ့ရသည်ဟု ခန့်မှန်းထားသည်။
သို့သော် အိပ်မက်ထဲတွင် နှစ်ပေါင်းထောင်ချီကာ တွေ့ကြုံခံစားခဲ့ရသည်ဟု ခံစားမိနေသည်။
ယီယွင် ခေါင်းငုံ့ကာ စဥ်းစားနေ၏။ သူ၏ ပေါင်ခြံပေါ်မှ မလှုပ်မယှက်ရှိနေသည့် ဓားကျိုးကို ကြည့်လိုက်သည်။
ဓားတစ်ခုလုံးအား သံချေးများ အလိပ်လိုက်တက်နေသည်။ ဓားကျိုးပေါ်တွင် အညိုရောင် အစက်အပျောက်အချို့ကို သူ ဝိုးတဝါး မြင်နေရလေ၏။ ထိုအစက်အပျောက်များ အနီးဝန်းကျင်တွင် သံချေးများ ပိုများလေသည်။
ထိုအစက်အပျောက်များက ကြေးလူ့ဘီလူး၏ ခြောက်သွေ့သွားသော သွေးစက်များပေလော။
သူ၏အမြင်အာရုံထဲမှ မြင်ကွင်းများက ဓားကျိုး၏ဇာစ်မြစ် ဖြစ်ပုံရလေသည်။
လူ့ဘီလူးက အသွားတပ်လှံရှည်နှင့် ပိုင်းဖြတ်ခဲ့သည့် ကမ္ဘာထောင့်စွန်းက ကြယ်များကြားတွင် အချိန်ကြာမြင့်စွာ ရွေ့လျားနေပြီးနောက် ဤကမ္ဘာထဲသို့ ကျရောက်ခဲ့သည်။ ယင်းသည် ကြယ်ကြွေဂိတ်ထဲသို့ ကျဆင်းသွားခဲ့သည့် ဥက္ကာခဲဆိုသည့်အရာပေလော။
သာမန်စစ်သည်များကမူ ဥက္ကာခဲတစ်လုံးက ကြယ်ကြွေဂိတ်အား ဝင်တိုက်ခဲ့သည်ဟု ယုံကြည်ထားလေပြီး သီးခြားမိသားစုမျိုးနွယ်များကမူ လျှို့ဝှက်ဆန်းကြယ်သော ဂူတစ်လုံးရှိသည်ဟု ယုံကြည်ထားကြသည်။
သို့သော် ၎င်းတို့က မည်သည့်အရာကိုပင် ယုံကြည်ထားပါစေ မမှန်ကန်ပေ။ ယင်းသည် ကြေးလူ့ဘီလူး ပိုင်းဖြတ်ခဲ့သည့် ကမ္ဘာထောင့်စွန်းသာ ဖြစ်လေ၏။
ယီယွင်၏စိတ် ပိုမိုကြည်လင်လာသည်။ သူ မြင်ခဲ့ရသည့် မြင်ကွင်းများက ဓားကျိုး၏မှတ်ဥာဏ်များ ဖြစ်သည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။
ဓားတစ်လက်တွင် မှတ်ဥာဏ်များ ရှိနိုင်လေသလော။
ယီယွင် ဓားကျိုးအား ကောက်ကိုင်ကာ နေရာလပ်မကျန် စူးစမ်းကြည့်လိုက်သည်။ သူ မည်မျှပင် လေ့လာနေပါစေ ထိုဓားက သတ္တုအပိုင်းအစတစ်ခုသာ ဖြစ်လေ၏။ ဓား၏ စိတ်ဝိညာဥ်အဆီအနှစ်များ မဆုံးရှုံးမီက ပြိုင်စံရှားကျွမ်းကျင်သူတစ်ဦး၏ နတ်ဘုရားကိုပင် သတ်နိုင်သော ဓားတစ်လက် ဖြစ်ခဲ့လေသည်။
ဓားကိုင်သူက သန့်စင်ယန်ဓားနန်းတော်၏ ပိုင်ရှင် ဖြစ်လေသလော။
ယီယွင်၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်ပေါ်နေသည်။ သန့်စင်ယန်ဓားနန်းတော်သခင်နှင့် ကြေးလူ့ဘီလူးတို့ မည်သည့် သိုင်းနယ်ပယ်အထိ ရောက်ရှိနေကြသည်ကို မှန်းဆရန်ခက်ခဲလှသည်။
ကြေးလူ့ဘီလူး၏ တိုက်ကွက် ထိမှန်ခဲ့သည့် သန့်စင်ယန်ဓားနန်းတော်သခင်က သေသွားခဲ့လေသလော။
ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်က ကမ္ဘာကိုပင် ဖျက်ဆီးပစ်နိုင်လေပြီး နှစ်သန်းပေါင်းဆယ်ချီကာ ကြာသွားခဲ့သည့်နောက်တွင်မူ ထိုသူ အသက်ရှင်နိုင်ရန်မှာ အခွင့်အရေးနည်းပါးလေ၏။
ထိုသူသာ အသက်ရှင်နေသေးလျှင် သန့်စင်ယန်ဓားနန်းတော်ကို မည်သို့များ ဥပေက္ခာပြုထားပါမည်နည်း။
သန့်စင်ယန်ဓားနန်းတော်က ထိုကျွမ်းကျင်သူအတွက် နှမြောစရာတစ်ခုသာ ဖြစ်လေသည်။