← Chapters

အဖွဲ့စုံတိုက်ပွဲ စတင်ပြီ

Vol. 22 Ch. 326

အဖွဲ့စုံတိုက်ပွဲ စတင်ပြီ

Vol. 22 Ch. 326

ယီယွင် ဓားကျိုးကို လက်ထဲတွင်ကိုင်ထားပြီး ဓားထံမှ မှတ်ဥာဏ်များကို ရယူရန်အတွက် စိတ်စွမ်းအား ထိုးသွင်းကာ ထရပ်လိုက်သည်။

သူက အိပ်မက်ပမာ စိတ်ဝိညာဥ်ကမ္ဘာထဲတွင် နစ်မြောနေဟန်ဖြင့် ဓားကို ဖြည်းညင်းစွာ ခုတ်ပိုင်းနေသည်။

လူ့ဘီလူး၏ လည်ပင်းကို ခုတ်ပိုင်းသွားခဲ့သည့် ဓားသမား၏ တိုက်ခိုက်မှုက သန့်စင်ယန်ဓားနန်းတော်မှ ဓားခုတ်ရာထက် များစွာပိုမိုကာ ရှင်းလင်းလေသည်။ ထိုတိုက်ခိုက်မှုက သူ၏မှတ်ဥာဏ်ထဲတွင် ရှင်းလင်းနေဆဲဖြစ်၍ ပြန်တွေးရန်သာ လိုအပ်သည်။

ယီယွင် တဖြည်းဖြည်းချင်းဖြင့် ဆန်းကြယ်သောအခြေအနေထဲသို့ ထပ်မံရောက်ရှိသွားပြန်လေ၏။ သူ အိပ်မက်ပမာ လောကကြီးထဲတွင် လှည့်လည်သွားလာရင်း ယခင်က နားမလည်ခဲ့သည့်အရာများ ပိုမိုရှင်းလင်းလာသည်ဟု ဝိုးတဝါးခံစားမိနေသည်။

ဒါက ဒီလိုမျိုးပေါ့လေ...။

ယီယွင် ရေရွတ်လိုက်လေသည်။ အချိန်များ မည်မျှကုန်ဆုံးသွားသည်ကို သူ မသိတော့ပေ။ ရုတ်တရက်ပင် ဓားသင်္ချိုင်းအပြင်ဘက်မှ လာသည့် ခြေသံများကို သူ ကြားလိုက်ရလေ၏။

ခြေသံက အလွန်ညင်သာသော်လည်း စည်းချက်ညီသည်။ ခြေသံ တစ်ခုနှင့်တစ်ခုအကြားမှ အချိန်ကွာခြားချက်က နာရီစက်သံပမာ တိကျသည်။ ကျွမ်းကျင်သူတစ်ဦး၏ခြေသံ ဖြစ်လေ၏။

ခန်းယန်...။

ခြေသံပိုင်ရှင်က မည်သူဖြစ်မည်ကို ယီယွင် သိသွားခဲ့သည်။

ဓားသင်္ချိုင်းထဲမှ သူက အပြင်ဘက်မှ ခြေသံကို ကြားနေရလေခြင်းကြောင့် အံ့အားသင့်နေမိသည်။ ဓားသင်္ချိုင်း၏တံခါး ပိတ်သွားခဲ့လျှင် ဓားသင်္ချိုင်းနှင့် ပြင်ပလောကကို သီးခြားခွဲထုတ်လေသည်။ သူက ခြေသံကို ကြားနိုင်နေသည်သာမက ခြေသံပိုင်ရှင်ကိုပင် သရုပ်ခွဲနိုင်နေချေ၏။

" ဒီကောင်လေး ထွက်မလာသေးဘူး "

ဓားသင်္ချိုင်း အပြင်ဘက်မှ ခန်းယန်က စိတ်ဆိုးစွာဖြင့် ရေရွတ်နေသည်။

အဖွဲ့စုံပြိုင်ပွဲ စတင်ရန်အတွက် နှစ်နာရီသာ လိုတော့လေသည်။ ယီယွင် ဓားသင်္ချိုင်းထဲသို့ ဝင်သွားချိန်တိုင်း အချိန်ကိုမေ့လျော့နေခဲ့ရပြီး ခန်းယန် သတိလာပေးရန် လိုအပ်ခဲ့သည်။ သို့သော် ယီယွင်အား အနှောင့်အယှက်ပေးမိမည်ကို ခန်းယန် စိုးရိမ်မိလေသည်။ စစ်သည်များက ကျင့်ကြံနေချိန်တွင် အနှောင့်အယှက်ပေးခံရမည်ကို အကြောက်ကြဆုံး ဖြစ်လေ၏။

ခန်းယန် သဲနာရီကို ကြည့်နေချိန်တွင် ဓားသင်္ချိုင်းတံခါး ပွင့်လာသည်။

ယီယွင်က တံခါးဝတွင် ပေါ်လာကာ..." အဖွဲ့စုံပြိုင်ပွဲ စတော့မှာလား "

ယီယွင်က ခန်းယန် ရေရွတ်နေသည်ကို ဓားသင်္ချိုင်းထဲတွင် ကြားခဲ့လေသည်။

ခန်းယန်က ခပ်ငေါက်ငေါက် ဆိုလိုက်သည်..." မင်း အချိန်အံကျပဲ။ တကယ်တန်းတော့ မင်းက အချိန်မှန် နေရာမှန် ဖြစ်သွားခဲ့ပုံပဲ။ နှစ်နာရီ ကျန်နေသေးတယ်။ သမထထိုင်ပြီး မင်းရဲ့အခြေအနေကို ထိန်းညှိလို့ရတယ်။ ဒီနေ့ မင်းရဲ့ပြိုင်ဘက်တွေက အရမ်းကို အားကောင်းကြတယ် ၊ တော်တော်ကြီးကို အားကောင်းကြတယ် "

အဖွဲ့စုံပြိုင်ပွဲတွင် ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ဖက်များ၏ ခွန်အားကို ဖော်ပြရန်အတွက် ခန်းယန်က " အားကောင်းတယ် " ဟူသည့် စကားလုံးကို နှစ်ကြိမ်ဆက်တိုက် သုံးခဲ့လေသည်။

" ဒီအဖိုးကြီးက မင်းကို ချန်ပီယံဖြစ်လာလိမ့်မယ်လို့ မှန်းမထားဘူး။ ဟိုခွေးမသားတွေ ငါ့ရှေ့မှာ ကျေနပ်အားရ လုပ်မပြနိုင်အောင်လို့ တိုင်အာနတ်ပြည်ထောင်ရဲ့ အားကောင်းတဲ့ တည်ရှိမှုကို ပြသနိုင်ဖို့အတွက်ပဲ မင်းကို တိုက်ခိုက်စေချင်တယ် " ခန်းယန် စိတ်တိုနေသည်။ အဖြူဝတ် အကြီးအကဲနှစ်ဦးက သူ့အား ခနဲ့သွားသည်ကို မကျေမနပ် ဖြစ်နေရလေ၏။

" နားလည်ပြီ " ယီယွင်၏စိတ်က စူးစမ်းနေဆဲသာဖြစ်၍ ခပ်တိုတိုသာ တုန့်ပြန်လိုက်သည်။ သူက ဓားဆန္ဒကို သိမြင်နားလည်မှုရရန် နစ်မြောနေဆဲသာဖြစ်၍ ထိုကိစ္စကို အရေးမစိုက်အားပေ။

ယီယွင်က အရေးမစိုက်သည်ကို မြင်လိုက်ရသောကြောင့် ခန်းယန် စိတ်ပျက်သွားကာ..." ဘာတွေ တွေးနေတာလဲ ကောင်လေး။ အဖွဲ့စုံပြိုင်ပွဲအတွက် တိုင်အာနတ်မြို့တစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေက မင်းပခုံးပေါ်ကို ရောက်နေပြီ "

" ငါ ပြောပြမယ် ကောင်လေး။ ယွင်လုံနတ်ပြည်ထောင် လူငယ်အဖွဲ့မှယ လူအများစုက အတော်သန်မာတယ်။ မင်းသာ သူတို့ထဲက တစ်ယောက်ကို အနိုင်ယူတာ ဒါမှမဟုတ် ငါးယောက်ဆက်တိုက် အနိုင်ယူပစ်တာမျိုး လုပ်နိုင်ခဲ့ရင် မင်းကို ဓားမောက်တစ်လက် ပေးဖို့အတွက် မြို့သခင်ကို ပြောပေးမယ် "

ယီယွင်က သိမ်းငှက်ကို မမြင်ဖူးသေးသည့် ယုန်တစ်ကောင်ပမာ ဖြစ်နေသည်ဟု ခန်းယန်က ခံစားမိလေသောကြောင့် ယီယွင်ကို ဆုကြေးအချို့နှင့် ဆွဲဆောင်ကာ မျှားခေါ်ရန် ဆုံးဖြတ်လိုက်လေသည်။

" ဓားမောက်လား " ယီယွင် အနည်းငယ်ခန့် ကြောင်အသွားသည်။

ခန်းယန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးကာ..." မြို့သခင်ရဲ့ ကျောင်းတော်သားပုံစံကြောင့် အထင်မသေးနဲ့။ သူက တကယ်ကို ဓားမောက်အသုံးပြုသူပဲ။ မြို့သခင်က ရတနာဓားမောက်မျိုးစုံကို စုဆောင်းရတာ နှစ်သက်တယ်။ သူ့ရဲ့ ကိုယ်ပိုင်လက်နက်ရုံမှာ ကြီးကျယ်တဲ့ ဓားမောက်တွေနဲ့ ပြည့်နေတာပဲ။ မင်းသာ ငါးပွဲဆက်တိုက် အနိုင်ရခဲ့မယ်ဆိုရင် ကြိုက်ရာဓားမောက်ကို ယူလို့ရတယ် "

" မြို့သခင်ရဲ့စုဆောင်းမှုလား "

ယီယွင် ဆွဲဆောင်ခံလိုက်ရသည်။ လက်ရှိ သူ အသုံးပြုနေသည့် မရဏအသံလှိုင်းဓားကို တိုင်အာနတ်မြို့၏ လက်နက်တိုက်မှ ယူလာခဲ့ခြင်း ဖြစ်လေသည်။ ယင်းက ဓားကောင်းတစ်လက် ဖြစ်သော်လည်း မြို့သခင်၏ စုဆောင်းမှုထက် များစွာနိမ့်ကျပေလိမ့်မည်။

သူ့တွင် လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုး ရှိထားသည်။ ဓားမောက်ကမူ အမှန်ပင် သာမာန်ဖြစ်နေ၏။ တိုက်ပွဲတွင် သူ့အား ဓားမောက်ကောင်းတစ်လက်က ကူညီပေးမည်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းရည်က နောက်တစ်ဆင့်သို့ တက်သွားပေလိမ့်မည်။

သို့သော် ဓားကျိုးကို လူသိရှင်ကြား ထုတ်သုံး၍မရပေ။ ဓားကျိုးက သူ၏ဝှက်ဖဲများထဲမှ တစ်ခုဖြစ်လေသောကြောင့် အလွယ်တကူ ထုတ်သုံးရဲခြင်းမရှိပေ။ ထို့ကြောင့် သူက ဓားတစ်လက်လည်း လိုအပ်နေ၏။

ထိုကိစ္စကို တွေးမိသွားပြီး ယီယွင်က ခန်းယန်ကိုကြည့်ကာ ပြုံးလိုက်လေပြီး...." ဒါနဲ့ စီနီယာခန်းယန်... ကျုပ်ကို ဓားတစ်လက်ပါ ဘာကြောင့် မပေးရတာလဲ။ အကြီးအကဲကျန်းကဲ့ကလည်း ဓားတွေ စုဆောင်းရတာ ကြိုက်တယ်မလား "

ခန်းယန်က ဆိုသည်..." ကောင်စုတ်လေး... မင်းက တစ်လက်မ ပေးရင် တစ်ကိုက်လောက် လိုချင်နေတာကိုးကွ။ မင်းက ယွမ်အုတ်မြစ်ချနယ်ပယ်ကိုတောင် မရောက်သေးဘူး ပညာရှိအဆင့် လက်နက်နှစ်ခု လိုချင်နေပြီ။ မင်းကို အခြားသူတွေက မျက်စိကျလာမှာကို မကြောက်ဘူးလား။ လက်ရှိ မင်းရဲ့စွမ်းအားက ပညာရှိအဆင့် လက်နက်တွေရဲ့စွမ်းအားကို မသုံးနိုင်သေးဘူး "

ထိုသို့ပြောပြီးနောက် ခန်းယန်က စိတ်ပြောင်းလဲကာ ဆိုသည်..." ဟမ့်... မင်းသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ငါ မင်းကို ဓားတစ်လက် ပေးလိုက်ရရင်တောင် ဘာဖြစ်သွားမှာမလို့လဲ။ သူငယ်ပြန်နေတဲ့ အဖိုးကြီးကျန်းကဲ့ရဲ့ စုဆောင်းမှုကို မပြောနဲ့ဦး ကျန်းကဲ့ ကိုင်နေတဲ့ဓားကို လိုချင်တယ်ဆိုရင်တောင် ငါ မင်းအတွက် ယူပေးမယ် "

ခန်းယန်၏ အာမခံချက်ကြောင့် ယီယွင်က ပြုံးကာ..." ဒါဆိုလည်း ဂျူနီယာက စီနီယာခန်းယန်ကို ကျေးဇူးတင်ပါတယ် "

ခန်းယန် မျက်ဖြူလန်ပြလိုက်၏။ ထိုကောင်လေးက သူ့အား ကျေးဇူးပင် တင်နေချေ၏။ ဓားနှင့်ဓားမောက်က သူ့အပိုင် ဖြစ်နေပြီဟုများ ထင်နေလေသလော။

ယီယွင်က ခန်းယန်နှင့်အတူ ပြိုင်ကွင်းသို့ သွားခဲ့လေသည်။ အဖွဲ့စုံပြိုင်ပွဲက စတင်ပေတော့မည်။

ယီယွင် ပြိုင်ပွဲဝင် ခုံတန်းဆီသို့ ရောက်သွားလေသည်။ ချူရှောင်းရန်လည်း ထိုနေရာတွင်ရှိနေ၏။ အဖွဲ့စုံပြိုင်ပွဲတွင် တိုင်အာနတ်မြို့၌ ယီယွင်နှင့် ချူရှောင်းရန်သာ ကျန်တော့သည်။ ချူရှောင်းရန်၏စွမ်းအားက များစွာမျှော်လင့်၍ မရလေသောကြောင့် အခြေခံအားဖြင့်ဆိုလျှင် ယီယွင် တစ်ဦးတည်းသာ တိုက်ခိုက်ရလိမ့်မည်။

ယွင်လုံနတ်ပြည်ထောင်တွင် ၁၅ ယောက် ကျန်သေးလေသည်။

ယီယွင် အံ့အားသင့်သွားကာ မေးလိုက်သည်..." ရှောင်းရန်... အဖွဲ့စုံပြိုင်ပွဲ မတိုင်ခင်မှာ လူငယ်ပြိုင်ပွဲ ရှိသေးတယ်မဟုတ်ဘူးလား။ ငါတို့ တိုင်အာနတ်မြို့က ယန်ချန်နဲ့ ယောင်တောက်တို့ တိုက်ခိုက်ရမှာလေ။ နှစ်ဖွဲ့လုံးက အရမ်းသန်မာတာတောင် ယွင်လုံနတ်ပြည်ထောင်က လူတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ခဲ့ကြတာလား "

ချူရှောင်းရန်က ခါးသက်သက်ပြုံးကာ..." သူတို့ တိုက်ခိုက်ခဲ့ရတဲ့သူက အဝါဝတ်ဖက်တီးလေ။ ဖက်တီးက ပုံရိပ်ယောင် အသုံးပြုရာမှာ ကျွမ်းကျင်တယ်။ ယန်ချန်က အခြေအနေကို နားမလည်ခဲ့တာကြောင့် ဖက်တီးရဲ့ ပုံရိပ်ယောင်ထဲကို ရောက်သွားခဲ့ပြီး ချက်ချင်း ရှုံးသွားခဲ့ရတယ် "

" ယောင်တောက်ကတော့ အခြေအနေပိုကောင်းတယ်။ သူ ဓားမောက်ဆန္ဒ အသုံးပြုပြီး ပုံရိပ်ယောင်ကို ဖျက်ဆီးပြီးတော့ ဖက်တီးကို သုံးကြိမ်ဆက်တိုက် ခုတ်ခဲ့တယ်။ ဖက်တီးက သေကွင်းသေကွက်နေရာတွေ မထိမိအောင် ကာကွယ်နိုင်ခဲ့ပေမဲ့ ဒဏ်ရာရတော့ ရခဲ့တယ် "

" ဒါပေမဲ့ ဖက်တီးက ယောင်တောက်ထက် အသက်ပိုကြီးပြီး ကျင့်ကြံမှုအဆင့် ပိုမြင့်တယ်။ သူက ဘူးသီးခြောက်ရဲ့ ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးလို့ ခေါ်တဲ့ ထူးဆန်းတဲ့မီးခိုးတွေ သုံးခဲ့တယ်။ ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးက အရမ်းထူးဆန်းပြီး ပုံရိပ်ယောင်အရံအတား ဖွဲ့စည်းနိုင်တယ်။ ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုး အစီရင်ထဲမှ ယောင်တောက်က စိတ်ကို အကြည်လင်ဆုံး မထားနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ ဖက်တီးရဲ့လက်ချက်နဲ့ ရှုံးသွားခဲ့ရတယ် "

" ပုံရိပ်ယောင်လား " ယီယွင် တွေးလိုက်သည်။ လူသားတစ်ဦးက ပုံရိပ်ယောင် အသုံးပြုကာ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ယင်းက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ စွမ်းအားနှင့် မကွာခြားလှပေ။

ယောင်တောက်က အလွန်အားကောင်းသော ဓားမောက်အသုံးပြုသူ ဖြစ်လေ၏။ သူက ချင်ဟောင်ထျန်း ၊ လီရှောင်းနှင့် အခြားသူများထက် နိမ့်သည့်တိုင်အောင် အလွယ်တကူ မရှုံးနိုင်ပေ။ ဓားမောက်လမ်းစဥ်ကို သစ္စာရှိစွာ လေ့ကျင့်ထားသည့် ယောင်တောက်လိုလူအဖို့ အလွန်အားကောင်းသည့် သိုင်းပညာခံယူချက် ရှိရပေလိမ့်မည်။

သို့တိုင်အောင်ပင် ယောင်တောက်က ဖက်တီး၏ ပုံရိပ်ယောင်ကို အရှုံးပေးခဲ့ရလေ၏။ ထိုအချက်အရ ဖက်တီးက အလွန်ပင် ထူးချွန်လေသည်။

ယီယွင် မသိစိတ်ဖြင့် ယွင်လုံနတ်ပြည်ထောင်ဘက်သို့ ကြည့်လိုက်ရာ ဖက်တီးနှင့် အကြည့်ချင်းဆုံသွားလေ၏။

ဖက်တီးက ခုံပေါ်တွင် မှီထိုင်နေပြီး လက်က မေးစေ့အား ထောက်ထားသည်။ သူက ယီယွင်ကို ကြီးစွာသော စိတ်ဝင်စားမှုများနှင့် ကြည့်နေလေ၏။ ထိုအကြည့်သည် မုဆိုးက သားကောင်ကို လေ့လာနေသည့်ပမာပင်။

" တကယ်စိတ်ဝင်စားစရာပဲ "

ဖက်တီး ရယ်လိုက်လေသည်။ ယမန်နေ့က သူ လက်တစ်ဖက်နှင့်လူနှင့် ထပ်မံကာတွေ့ခဲ့ရသည်။ ယီယွင်ကို ဒုက္ခိတဖြစ်အောင် လုပ်ရန်အတွက် လက်တစ်ဖက်နှင့်လူက ဖက်တီးကို ဆုကြေးများ ပိုတိုးပေးလာခဲ့သည်။

ဖက်တီးက စိတ်စွမ်းအားတိုက်ခိုက်မှုဖြစ်သည့် ပုံရိပ်ယောင်တွင် ကျွမ်းကျင်သည်။ လူသားတို့၏စိတ်က အလွန်တရာပင် ထိခိုက်လွယ်လေပြီး ဒဏ်ရာရသွားက ကုသရန်အတွက် အလွန်ခက်ခဲသည်။

ပုံရိပ်ယောင်ကမ္ဘာထဲတွင် တစ်ဖက်လူ၏ဝိညာဥ်ကို တစ်သက်လုံး ထိခိုက်အောင်လုပ်ရန်မှာ ပြဿနာမရှိပေ။

ဖက်တီးသည် လက်တစ်ဖက်နှင့်လူက မည်သူဖြစ်သည်ကို စိတ်မဝင်စားသော်လည်း လက်တစ်ဖက်နှင့်လူ ပေးလာသည့် ဆုလာဘ်ကိုမူ စိတ်ဝင်စားသည်။ ထို့အပြင် ယွင်လုံနတ်ပြည်ထောင်က တိုင်အာနတ်ပြည်ထောင်နှင့် ပြိုင်ဘက်လည်း ဖြစ်လေသည်။

" ဒီဖက်တီးက ငါ့ကို ပစ်မှတ်ထားနေတယ် "

ယီယွင် အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ ထိုစဥ်တွင် ဖက်တီးက ယီယွင်ဆီသို့ အသံပို့လာသည်..." ဒီဖက်တီးသခင်ကြီးက အရင်ဆုံး တိုက်ခိုက်မဲ့သူပဲ။ မင်းရဲ့ဘေးက ကောင်မလေးဆီကနေ ဒီဖက်တီးသခင်ကြီးရဲ့ အကြောင်းတွေကို သိရပြီးပြီလား။ မင်းအနေနဲ့ ရနိုင်သလောက် စုံစမ်းထားဖို့ကို ငါ အကြံပေးချင်တယ်။ ဒီလိုမှမဟုတ်ရင်တော့ မင်းအနေနဲ့ ပြိုင်ပွဲထဲမှာ ဘာမှမသိလိုက်ရဘဲ သေသွားရလိမ့်မယ် "

ယီယွင် မျက်မှောင်ကုတ်လိုက်၏။ သူ စိတ်ပျက်သွားရသည်။ ဖက်တီးက ဘဝင်မြင့်နေချေ၏။

" ငါ မေးပြီးပြီ။ မင်းက ပုံရိပ်ယောင် အသုံးပြုတာကို ငါ ကြားထားတယ်။ ငါ အတော်လေးကို ကြောက်မိတယ် "

အိုး...။

ဖက်တီး မျက်မှောင်ကုတ်ကာ ခါးဆန့်ထိုင်လိုက်ပြီး မီတာတစ်ရာခန့်အဝေးမှ ယီယွင်ကို စူးစိုက်ကြည့်လိုက်သည်။

သူက ယီယွင်ကို အသက်ရှုဆယ်ကြိမ်ကျော် စူးစိုက်ကြည့်နေပြီးနောက် ရုတ်တရက်ပင် အော်ရယ်ကာ..." သိုးပေါက်လေးတွေက ကျားကို မကြောက်ကြဘူးပဲ။ မင်းကို ဒီသတ္တိတွေ ဘယ်သူက ပေးခဲ့တာလဲ "

ဖက်တီး၏ကျင့်ကြံမှုက ယွမ်အုတ်မြစ်ချနယ်ပယ် အလယ်အဆင့် အထွတ်အထိပ်ဖြစ်ပြီး နောက်ပိုင်းအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုအပ်လေသည်။

ပြိုင်ပွဲတွင် အသက်ကွာခြားမှုကြောင့် ဖက်တီးက ကျင့်ကြံမှုအဆင့်ကို ယွမ်အုတ်မြစ်ချနယ်ပယ် အစပျိုးအဆင့်အထိ ဖိနှိမ်ခဲ့ရသော်လည်း ပုံရိပ်ယောင်နည်းစနစ်ကိုမူ ဖိနှိမ်ရန်မလိုအပ်ပေ။ ယွမ်အုတ်မြစ်ချနယ်ပယ် အစောပိုင်းအဆင့်တွင် ပုံရိပ်ယောင်နည်းစနစ်ကို အသုံးပြုရသည်က ကွာခြားမှုမရှိပေ။

ယင်းကပင် ဖက်တီး၏ ယုံကြည်ချက်အရင်းအမြစ် ဖြစ်လေ၏။

သူက လက်တွေ့တိုက်ပွဲတွင် မတော်သော်လည်း လက်တွေ့တိုက်ပွဲတွင် တော်ကြသူများ စွမ်းအားထုတ်မပြနိုင်အောင် တားဆီးနိုင်လေသည်။ ယင်းက ဖက်တီး၏စွမ်းရည် ဖြစ်လေ၏။

ယီယွင်က ဖက်တီးကို အရေးမစိုက်တော့ဘဲ စတင်ကာ သမထထိုင်လေသည်။ သူသည် ဓားသင်္ချိုင်းထဲမှ ရလာခဲ့သည့် ထိုးထွင်းသိမြင်မှုများကို ချေဖျက်နေရင်း ပြိုင်ပွဲမစမီတွင် သူ၏အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိစေရန် အသက်ရှုနှုန်း ထိန်းညှိနေခဲ့သည်။

ထိုစဥ် တိုင်အာနတ်မြို့မှ ဒိုင်က နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ တက်လာသည်။ အဖွဲ့စုံပြိုင်ပွဲ တရားဝင်စတင်ခဲ့ချေပြီ။

All Chapters