ယီယွင် VS ချန်းရွှေ
Vol. 22 Ch. 327
" ဒီနေ့က အဖွဲ့စုံပြိုင်ပွဲဖြစ်ပြီးတော့ နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အဖွဲ့ချန်ပီယံက ထိုင်ခုံနေရာဆယ်ခု အနိုင်ရမယ်။ တိုင်အာနတ်မြို့ရဲ့ ပြိုင်ပွဲဝင်တွေက ယီယွင်နဲ့ ချူရှောင်းရန်။ ယွင်လုံနတ်ပြည်ထောင်ရဲ့ ပြိုင်ပွဲဝင်တွေက ပိုင် ၊ ဖုန်းလင်....."
နတ်အရိုင်းမြေစင်မြင့်ပေါ်တွင် ဒိုင်က ယွင်လုံနတ်ပြည်ထောင်မှ ပြိုင်ပွဲဝင်များ၏ အမည်တိုင်းကို ကြေညာပေးခဲ့သည်။ အမည် ၁၅ ခုရှိပြီး အမည်တစ်ခု ကြေညာချိန်တိုင်း ယွင်လုံနတ်ပြည်ထောင်မှ လူများက အော်ဟစ်အားပေးကြသည်။ တိုင်အာနတ်ပြည်ထောင်မှ လူများမှာမူ အမည်တစ်ခု ရွတ်လိုက်ချိန်တိုင်း ပိုမိုကာ သုန်မှုန်လာကြလေ၏။
ပြိုင်ပွဲအတွက် ယွင်လုံနတ်ပြည်ထောင်ဘက်တွင် လူများစွာ ကျန်နေသေးချေသည်။
ဒိုင်က အမည်များကို ကြေညာပြီးနောက်တွင် ဆက်ပြောလေသည်..." ဆက်လက်ပြီးတော့ ယွင်လုံနတ်ပြည်ထောင်နဲ့ တိုင်အာနတ်ပြည်ထောင်က စစ်သည်တွေ စင်မြင့်ပေါ်ကို တက်လာပေးပါ "
ယွင်လုံနတ်ပြည်ထောင်ဘက်မှ အဝါဝတ်ဖက်တီးတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာသည်။ သူ၏လက်ထဲတွင် ရွှေရောင်ဘူးသီးခြောက်တစ်ခု ကိုင်ထားလေသည်။
ယွင်လုံနတ်ပြည်ထောင်မှ ပရိတ်သတ်များက အော်ဟစ်အားပေးကြလေ၏..." ချန်းရွှေ... ချန်းရွှေ... "
ဖက်တီးက လက်ဆန့်ကာ မျက်စိမှိတ်ထားလေ၏။ ပရိတ်သံများ၏ အားပေးသံကို သူ ခံစားနေသည်။ တိုင်အာနတ်မြို့၏ ပြိုင်ကွင်းထဲတွင် လူအများက သူ၏မျိုးရိုးအမည်ကို ပဲ့တင်ထပ်အောင် ဟစ်အော်နေသည်က ချန်းရွှေမိသားစုဝင်တစ်ဦးဖြစ်သည့် သူ့အဖို့ အဆုံးမဲ့သော ဂုဏ်သရေကို ခံစားရလေသည်။
" ယီယွင်... ငါ အရင်သွားမယ် " ချူရှောင်းရန်က ဆိုလိုက်သည်။ သူမက ဖက်တီးအား မနိုင်ကြောင်းကို သိသော်ငြားလည်း အနည်းဆုံးအနေဖြင့် ယီယွင်၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေပေးလိုသည်။ သူမက ကင်းထောက်တိုက်ခိုက်ခြင်းအားဖြင့် ယီယွင်အဖို့ ဖက်တီး၏ တိုက်ခိုက်ရေးနည်းစနစ်ကို ပိုမိုနားလည်လာနိုင်ပေလိမ့်မည်။
" မလိုဘူး။ အဖွဲ့စုံပြိုင်ပွဲက ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ် "
ချူရှောင်းရန် မှင်တက်မိသွားကာ... " ယီယွင်... အားလုံးကို နင်တစ်ယောက်တည်း တိုက်ခိုက်မလို့လား "
ယီယွင်က ဆိုသည်..." တကယ်တော့ သူတို့အားလုံးနဲ့ တိုက်ခိုက်မှာမဟုတ်ဘူး။ လူအချို့ကလွဲပြီး ကျန်တဲ့သူတွေက အိမ်ဖြည့်တွေဆိုတော့ လျစ်လျူရှုထားလို့ရတယ် "
" အမ် "
ချူရှောင်းရန် ပြောစရာမဲ့သွားရသည်။ လက်ရှိတွင် ယီယွင် နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ သွားနေပြီဖြစ်သည်။
" ယီယွင်...ယီယွင်..."
တိုင်အာနတ်မြို့မှ လူများက ယီယွင်အတွက် အော်ကြလေ၏။ ယခုက အဖွဲ့စုံပြိုင်ပွဲဖြစ်ပြီး တိုင်အာနတ်မြို့ အနိုင်ရရန်အခွင့်အရေးမှာ သေးငယ်သော်ငြားလည်း တိုက်ပွဲတွင် ရှုံးရလျှင်ပင် သူတို့၏ ရပ်တည်ချက်ကို လျော့မည်မဟုတ်ပေ။ လူပိုများသည့် တိုင်အာနတ်မြို့က ယွင်လုံနတ်ပြည်ထောင်၏ အားပေးသံများကို ဖုံးလွှမ်းသွားနိုင်ခဲ့သည်။
" အားကုန်အော်နေလည်း အသုံးမဝင်ဘူး။ ယီယွင်က မဆိုးဘူးဆိုပေမဲ့ သူ့ရဲ့စွမ်းရည်က ချန်းရွှေကို မကျော်နိုင်တာကြောင့် အစွမ်းအစအကုန် ထုတ်သုံးနိုင်မှာမဟုတ်ဘူး " တိုင်အာနတ်မြို့မှ အားပေးသံများက ယွင်လုံနတ်ပြည်ထောင်၏ အားပေးသံများကို လွှမ်းမိုးသွားလေသောကြောင့် ယွင်လုံနတ်ပြည်ထောင်မှ အကြီးအကဲတစ်ဦးက မပျော်မရွှင် ဆိုလိုက်လေသည်။
ယီယွင်၏စွမ်းအားက တိုင်အာနတ်ကျင့်စဥ်နှင့် ဓားမောက်တာအိုတို့မှ လာခဲ့ခြင်းဖြစ်သည်။ သို့သော် ချန်းရွှေနှင့် တိုက်ခိုက်လျှင် လူတစ်ဦး၏ ယွမ်ချီနှင့်စိတ်စွမ်းအား နက်နဲမှုကသာ အရေးအပါဆုံး ဖြစ်လေသည်။
ယီယွင် ကစားပွဲကို ပြောင်းပြန်လှန်ပစ်နိုင်ရန်မှာ နည်းလမ်းနှစ်ခုသာ ရှိလေသည်။ ယီယွင်၏ ကျင့်ကြံမှုအဆင့်က ချန်းရွှေထက် ပိုမြင့်မှသာ ပုံရိပ်ယောင်နည်းစနစ်ကို ထူထဲသောယွမ်ချီနှင့် တောင့်ခံနိုင်ပေလိမ့်မည်။ သို့မဟုတ် ယီယွင်တွင် အားကောင်းသော စိတ်စွမ်းအား ရှိနေမှသာ ပုံရိပ်ယောင်နည်းစနစ် သက်ရောက်သည်ကို မခံရပေလိမ့်မည်။
အခြေအနေနှစ်ရပ်အနက် ပထမတစ်ခုသည် ယီယွင်က ယွမ်အုတ်မြစ်ချနယ်ပယ်ကိုပင် မရောက်သေးလေသောကြောင့် ယွမ်ချီထူထဲမှုက ချန်းရွှေထက် နိမ့်လေသည်။
စိတ်စွမ်းအားအတွက်မူ ချန်းရွှေက ချန်းရွှေမိသားစု၏ စိတ်စွမ်းအား လေ့ကျင့်မှုကို အသားပေးသော ဆန်းကြယ်နည်းစနစ်ကို ကျင့်ကြံထားလေ၏။ ထို့ကြောင့် သူ၏စိတ်စွမ်းအားက အဆင့်တူများထက် သာလွန်သည်ဖြစ်ပြီး ယီယွင်ထက် များစွာပို၍ပင် သန်မာလေသည်။ ဓားမောက်သမားဖြစ်သည့် ယီယွင်က စိတ်စွမ်းအားကို အဘယ့်အတွက် လေ့ကျင့်နေပါမည်နည်း။
ယီယွင်၏ ဓားမောက်သိုင်းနှင့် ကျင့်စဥ်နည်းစနစ်များက ပုံရိပ်ယောင်နည်းစနစ် တိုက်ပွဲတစ်ခုတွင် အကျိုးသက်ရောက်မှုမရှိပေ။
ထိုအကြောင်းအရင်းကြောင့်ပင် ချန်းရွှေက သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေခြင်း ဖြစ်လေသည်။
" ယီယွင်.... မင်း ရှုံးရဖို့က သေချာနေပြီ "
ဒိုင်က တိုက်စရန် ကြေညာလိုက်ချိန်တွင် ဖက်တီးက ချက်ချင်းပင် အကွာအဝေးခြားလိုက်ပြီး ဘူးသီးခြောက်၏ အဆို့ကို ဖွင့်လိုက်သည်။ ဘူးသီးခြောက်ထံမှ ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးများ ရောင်စုံတိမ်တိုက်ပမာ ထွက်ကျလာသည်။
" စိတ်ကိုထိန်းချုပ်ထား ယီယွင်။ ပုံရိပ်ယောင် လွှမ်းမိုးမှုအောက်ကို ရောက်မသွားစေနဲ့။ မင်းရဲ့ဓားမောက်နဲ့ တိုက်ခိုက်ပြီး ဖက်တီးကို အဆုံးသတ်ပစ်လိုက်။ ဖက်တီးက လက်တွေ့တိုက်ပွဲမှာ မတော်ဘူး။ ဒါကြောင့် တိုင်အာနတ်ကျင့်စဥ်ရဲ့ အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားကို မင်းရဲ့တိုက်ကွက်ထဲ ထည့်သွင်းပြီးတော့ တစ်ကွက်တည်းတိုက်ခိုက်ပြီး အောင်ပွဲယူလိုက်တော့ "
ခန်းယန်က ယီယွင်ဆီသို့ အသံပို့လိုက်သည်။ အဖိုးကြီး၏အသံက စိုးရိမ်နေလေ၏။
" နားလည်ပြီ " ယီယွင်က ခပ်တိုတိုသာ တုန့်ပြန်သည်။ သူ မျက်လုံးမှိတ်လေပြီး ခန္ဓာကိုယ်အား ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးများ လွှမ်းခြုံသွားသည်။
" မင်း မျက်လုံးမှိတ်ထားတာနဲ့ပဲ ဘာမှလုပ်လို့မရတော့ဘူး ထင်နေရင်တော့ အတော်ကို တုံးတာပဲ " ဖက်တီး ပြုံးလိုက်သည်။ သူ၏မျက်ခုံးကြားတွင် ရှေးဟောင်းဆန်းကြယ်အမှတ်အသားတစ်ခု တောက်ပနေသည်။ ယင်းက ချန်းရွှေမိသားစု၏ သင်္ကေတဖြစ်ပြီး ပုံရိပ်ယောင်အရင်းအမြစ်လည်း ဖြစ်လေသည်။
ခုနစ်ရောင်ပုံရိပ်ဝံပုလွေမီးခိုးများ ပြီးပြည့်စုံသော အကာအရံတစ်ခု ဖြစ်သွားလေ၏။ နတ်အရိုင်းမြေစင်မြင့်က လုံးဝပင် ပိတ်ဆို့ခံထားရပြီး ဖက်တီးက ပုံရိပ်ယောင်နည်းစနစ်ကို အဆုံးစွန်အထိ ထုတ်ဖော်ထားသည်။
လက်ရှိတွင် ယီယွင်က မလှုပ်သေးပေ။
သူ တောရိုင်းနယ်မြေထဲသို့ ရောက်နေသည်ကို ယီယွင် မြင်လိုက်ရသည်။ ထိုနေရာသည် ဥက္ကာခဲချောက်နှင့် ဆင်တူလေ၏။ ယီယွင်၏ရှေ့တွင် သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူ ရှိနေသည်။
" သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူ... ဒါ ငါ အရင်က တွေ့ခဲ့ဖူးတဲ့ ပျက်စီးခြင်းသားရဲပဲ။ သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူက ကြောက်ဖို့ကောင်းတဲ့ မွန်းစတားတစ်ကောင်ဆိုတော့ ငါ အရင်က မသတ်နိုင်ခဲ့ဘူး။ ချန်းရွှေမိသားစုရဲ့ ပုံရိပ်ယောင်နည်းစနစ်က ငါ့မှတ်ဥာဏ်ထဲမှာရှိတဲ့ ကြောက်ဖို့ကောင်းတဲ့အရာတွေကို တူးဖော်ပေးနိုင်တာပဲ "
ယီယွင်၏ စိတ်စွမ်းအားနှင့် ယွမ်ချီတို့က ဖက်တီးထက် အမှန်တကယ်ပင် အားနည်းလေသောကြောင့် ပုံရိပ်ယောင်ထဲမှ ရုန်းထွက်နိုင်ခြင်းမရှိပေ။ သို့သော် ယီယွင်၏စိတ်က ကြည်လင်နေပြီး ပုံရိပ်ယောင်ထဲတွင် ကျရှုံးသွားခြင်းမရှိပေ။
စင်စစ်တွင် ဖက်တီး၏ ပုံရိပ်ယောင်နည်းစနစ်က အဆုံးစွန်အထိ မရောက်သေးပေ။ အဆုံးစွန်အထိ ရောက်သွားခဲ့လျှင် သူ၏ပြိုင်ဘက်က ပုံရိပ်ယောင်ထဲတွင် ပိတ်မိသွားမည်ဖြစ်ပြီး ပုံရိပ်ယောင်ကမ္ဘာထဲတွင် အသတ်ခံရခြင်း အပြင်လောကတွင်ပါ သက်ရောက်စေလိမ့်မည်။
ယင်းက စစ်သည်တစ်ဦး၏ အာရုံငါးပါးကို ဖြတ်တောက်ပစ်လိုက်ခြင်းနှင့် ဆင်တူလေသည်။ သင်က ပုံရိပ်ယောင်ထဲတွင် ရောက်နေပြီး အရာအားလုံးက အတုအယောင်ဖြစ်ကြောင်း သိနေမည်ဆိုလျှင်ပင် မည်သည့်အရာကိုမျှ လုပ်နိုင်မည်မဟုတ်ပေ။
လက်ရှိတွင် ယီယွင်က ပုံရိပ်ယောင်ကမ္ဘာထဲ၌ တိတ်ဆိတ်စွာ ရပ်နေသည်။ သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူက မည်မျှပင် ဟိန်းဟောက်နေစေကာမူ သူက မလှုပ်ပေ။
ဖက်တီးက ပုံရိပ်ယောင်နည်းစနစ်ကို မသုံးခင်ကတည်းကပင် ယီယွင်က ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းကို ဖွင့်ထားလေသည်။
စွမ်းအင်မြင်ကွင်းထဲတွင် ပုံရိပ်ယောင်အားလုံးက အရေးမပါပေ။ ယီယွင်က ထိုကမ္ဘာထဲရှိ စွမ်းအင်စီးဆင်းမှု ရင်းမြစ်ကို မြင်နေရလေ၏။
ဖက်တီးက ထောင့်တစ်နေရာတွင် ရောထွေးကာရှိနေသည်ကို သူ စွမ်းအင်မြင်ကွင်းထဲတွင် ရှင်းလင်းစွာ မြင်နေရသည်။ ထိုကောင့်၏စွမ်းအင်က အားကောင်းခြင်းမရှိဘဲ ကျွင်းယွဲ့ထက်ပင် အားနည်းသေးလေသည်။
" ချန်းရွှေမိသားစုရဲ့ ပုံရိပ်ယောင်နည်းစနစ်က ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းနဲ့ မတူပေမဲ့ အကျိုးသက်ရောက်မှုကတော့ အတူတူပါပဲ "
ယီယွင်၏စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာ၏။ ဖက်တီး၏ ပုံရိပ်ယောင်နည်းစနစ်က ရှေးဦးဆေးပင်ထက် အနည်းငယ် ပိုညံ့လေသည်။ ယင်းက ယီယွင်အပေါ်တွင် လုံးဝပင် အကျိုးသက်ရောက်မှု မရှိပေ။
ယီယွင်က တစ်ချက်ပင်မလှုပ်ဘဲ ရပ်နေသည်။ သူ၏ညာလက်က သိုလှောင်လက်စွပ်ကို ထိထားလေ၏။ သူ့အား သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူက တိုက်ခိုက်လာမည်ကို ခွင့်ပြုပေးထားလေ၏။
ဝှစ်...။
ထို့နောက်တွင် သန္ဓေပြောင်း မျက်စိသုံးလုံးပင့်ကူက သူ့အား ဖြတ်ကျော်သွားကာ လေထဲတွင် ပျောက်ကွယ်သွားလေသည်။
ယီယွင်၏တုန့်ပြန်မှုကြောင့် ဖက်တီးက ရယ်မောလိုက်လေ၏။
" မင်း ဘာကြောင့်မောက်မာနေတာလဲ ဆိုတာကို ငါက အကြောင်းအရင်း လိုက်ရှာနေခဲ့တာ။ လက်စသတ်တော့ မင်းက မျက်လုံးမှိတ်ထားပြီး ခုခံတာနဲ့ တိုက်ခိုက်တာကို မလုပ်ဘဲ မလှုပ်မယှက်နေပြီး ပုံရိပ်ယောင်က တိုက်ခိုက်လာတာကို ခွင့်ပြုပေးထားရင် ငါ့ရဲ့ပုံရိပ်ယောင်က မင်းနဲ့ရင်ဆိုင်ရင် အသုံးမဝင်တော့ဘူးလို့ ထင်နေတာကိုး။ အတော်ကို ရယ်စရာကောင်းတယ်။ ပုံရိပ်ယောင်ထဲက တိုက်ခိုက်မှုတွေက တကယ်ကို အတုအယောင်တွေပဲဆိုပေမဲ့ တိုက်ခိုက်မှုအချို့ကတော့ အစစ်တွေနော် "
ဖက်တီးက ကျယ်လောင်စွာရယ်ကာ သိုလှောင်လက်စွပ်ထဲမှ ပုဆိန်တစ်လက် ထုတ်ယူလိုက်သည်။ ပုံရိပ်ယောင်နည်းစနစ်က ယီယွင်၏ အာရုံငါးပါးကို ထိန်းချုပ်ထားသည်ဖြစ်၍ သူ၏စကားများကို ယီယွင် ကြားသွားလိမ့်မည်အား မကြောက်ပေ။
ဖက်တီးက ဝိညာဥ်ဖြတ်ပုဆိန်ကို ကစားရင်း ယီယွင်ဆီသို့ လျှောက်လာသည်။ ပုဆိန်က အလွန်တိုပြီး လက်ကိုင်ရိုးတွင် အလွန်အကျည်းတန်သော ပုံတစ်ခု ရေးဆွဲထားလေသည်။
" ငါ့ရဲ့ပုံရိပ်ယောင်ထဲကို ကျသွားခဲ့ရင် မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိတော့ဘူး။ မင်းကို အရောက်ပို့ပေးဖို့အတွက် ငါ့ရဲ့ ဝိညာဥ်ဖြတ်ပုဆိန်လေးကို သုံးခွင့်ပေးကွာ "
ဖက်တီး ရယ်လိုက်လေသည်။ ပုဆိန်ထဲသို့ စိတ်စွမ်းအား ထည့်သွင်း၍ရလေ၏။ သူက လက်တွေ့တိုက်ပွဲတွင် မတော်သော်ငြားလည်း သူ၏ရုပ်ခန္ဓာကိုယ်တိုက်ခိုက်မှုတွင် စိတ်စွမ်းအား ထည့်သွင်းပေးနိုင်လေသည်။ တိုက်ခိုက်မှုတစ်ခုသည် ပြိုင်ဘက်၏ ဝိညာဥ်လိပ်ပြာကို ပြင်းထန်စွာပင် ဒဏ်ရာရစေပြီး ဒုက္ခိတဖြစ်သွားစေနိုင်သည်။
သူက ယီယွင်၏ဦးခေါင်းနှင့် လည်ပင်းတို့အား ရည်ရွယ်ချက်ရှိရှိ ချိန်ရွယ်နေကာ တိုက်ခိုက်ဖို့ရန် နေရာအား ရွေးနေသည်ပမာ လုပ်ပြနေသည်။ ယခုအခါ၌ ယီယွင်ကို တိုက်ခိုက်ခြင်းသည် မလှုပ်နိုင်သော ကောက်ရိုးထုံးအား တိုက်ခိုက်ရသည်နှင့် မခြားပေ။
ဖက်တီးက အခြေအနေကို လုံးဝထိန်းချုပ်ထားပြီး တိုက်ခိုက်ရန်အတွက် နေရာရွေးနေသည်ကို မြင်သောအခါတွင် ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များ စိတ်လှုပ်ရှားသွားကြသည်။
" ချန်းရွှေ... ချန်းရွှေ... "
သူတို့၏စိတ်လှုပ်ရှားမှုများကြောင့် ကျယ်လောင်စွာ အော်ဟစ်ကြသည်။
" ချန်းရွှေ... အဲ့ဒီကောင်စုတ်လေးရဲ့ ခေါင်းကို ခုတ်ပစ်လိုက် "
" ချန်းရွှေ... အဲ့ဒီကောင်ကို တစ်စစီခုတ်ပစ် "
ယွင်လုံနတ်ပြည်ထောင်မှ စစ်သည်များစွာတို့က စိတ်လှုပ်ရှားမှုကြောင့် မတ်တက်ရပ်လာကြသည်။ သူတို့က လက်နက်များ ဆွဲထုတ်ကာ ယီယွင်ကို ခုတ်ပိုင်းပစ်ရန် သရုပ်ပြနေကြလေ၏။
" ကောင်လေး... ဒီဖက်တီးသခင်ကြီးကို အပြစ်မတင်ပါနဲ့ "
ဖက်တီးက ယီယွင်၏ရှေ့သို့ သွားနေရင်းဖြင့် ဝိညာဥ်ဖြတ်ပုဆိန်ထဲသို့ စိတ်စွမ်းအား ထိုးသွင်းလိုက်သည်။ လက်ကိုင်းရိုးတွင်ရှိနေသည့် ရုပ်ဆိုးသောပုံထံမှ တစ္ဆေအော်သံပမာ အော်သံတစ်ခု ထွက်လာသည်။
လက်ရှိတွင် တာဝန်ယူထားသည့် ဒိုင်သည်လည်း စိုးရိမ်နေ၏။ တိုင်အာနတ်မြို့၏ ဥပဒေထိန်းတစ်ဦးဖြစ်သည့် သူ့အဖို့ ဖက်တီးက ယီယွင်ကို တမင်ရည်ရွယ်ကာ ဒဏ်ရာရအောင် လုပ်ခဲ့မည်ကို စိုးရိမ်မိလေသည်။ သူက ယီယွင်ကို အချိန်မရွေး ကယ်တင်နိုင်ရန် အသင့်ပြင်ထားလေ၏။
သို့သော် ဒိုင်ဖြစ်သူ တုန့်ပြန်နိုင်ခြင်းမရှိမီတွင် မှင်တက်မိသွားရသည်။ သူ၏ အစွန်းရောက်စူးစိုက်ထားသော အာရုံခံနိုင်စွမ်းထဲတွင် ယီယွင်၏ ခန္ဓာကိုယ်ထဲ၌ ပမာဏကြီးမားလှသော ယွမ်ချီများ လည်ပတ်နေသည်ကို အာရုံခံမိနေသည်။ ယင်းသည် တည်ငြိမ်နေသော ရေပူစမ်းရေကန်က ရုတ်တရက်အတွင်း ဝဲကတော့ကြီးတစ်ခု ဖြစ်သွားသည့်အလားပင်။
ထိုအခိုက်တွင် မလှုပ်မယှက်ဖြစ်နေသည့် ယီယွင်က ရုတ်တရက်ပင် မျက်လုံးများ ပွင့်လာသည်။
ဘယ်လို... ။
ဖက်တီး၏အပြုံးများ ချက်ချင်းအေးခဲသွားလေ၏။ သူက ကျားတစ်ကောင်ပေါ် ခိုးတက်နေသည့် သေမျိုးတစ်ဦးပမာ ဖြစ်နေလေပြီး သူ၏မှိန်းကို မြောက်လိုက်ချိန်တွင် ကျားက နိုးသွားခဲ့ချေသည်။
ယီယွင်၏ သိုလှောင်လက်စွပ်ကို အဆက်မပြတ် ထိထားခဲ့သည့် ညာလက်က ရုတ်တရက်ပင် လှုပ်ရှားသွားကာ သတ္တုအုတ်ခဲတစ်ခု ပေါ်လာသည်။
အရာအားလုံးက စက္ကန့်ဝက်အတွင်း ဖြစ်ပျက်သွားခဲ့လေ၏။
ယီယွင်က ရုတ်တရက်ပင် ခြေတစ်လှမ်းရှေ့တိုးကာ ယွမ်ချီများ ပေါက်ကွဲသွားစေပြီး တိုင်အာနတ်ကျင့်စဥ်ထံမှ သန့်စင်ယန်စွမ်းအင်များကို သတ္တုအုတ်ခဲထဲသို့ ထိုးသွင်းလိုက်သည်။ သန့်စင်ယန်မီးတောက်များ တောက်လောင်လာပြီး အုတ်ခဲက ဖက်တီး၏ ဦးခေါင်းပေါ်သို့ ရိုက်ချလာသည်။
ဖက်တီး တစ်ခဏမျှ ငေးငိုင်သွားရ၏။ သူက လက်တွေ့တိုက်ပွဲတွင် မတော်သော်လည်း စိတ်ပြင်ဆင်ထားသရွေ့ ရှောင်တိမ်းနိုင်လေသည်။ သို့သော် ယီယွင်၏ ရုတ်တရက် တိုက်ခိုက်မှုက သူ၏ သိမြင်နားလည်မှုများထက် ကျော်လွန်နေလေ၏။ ထိုရလဒ်ကြောင့် ယီယွင်၏တိုက်ခိုက်မှုက ခရီးတစ်ဝက်သို့ ရောက်ရှိချိန်မှသာ ဖက်တီး သတိဝင်လာကာ ခုန်ဆုတ်သွားခဲ့ရသည်။
သို့သော် ယင်းက နောက်ကျလွန်းသွားချေပြီ။
ဖက်တီး၏ အမြန်နှုန်းက ယီယွင်ကို မည်သို့များ ယှဥ်နိုင်ပါမည်နည်း။
ယီယွင်က အမြန်အမီလိုက်ကာ ဖက်တီး၏ အဆီပြန်နေသော နဖူးကို အုတ်ခဲနှင့် ရိုက်လေသည်။
ဖောင်း...။
ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာပြီး ဦးခေါင်းခွံ ကွဲကြေသည့်အသံကို လူအများ ကြားလိုက်ရ၏။ ဖက်တီး၏ခန္ဓာကိုယ် ဆယ်မီတာခန့် လွင့်စဥ်သွားကာ ခရမ်းရောင်အဖြိုက်နက်နံရံနှင့် ဝင်ဆောင့်မိသည်။
ဘုန်း...။
ဝက်သေတစ်ကောင် အမြင့်မှ ပြုတ်ကျလာသကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး ဖက်တီး၏ခန္ဓာကိုယ်မှာ ပန်ကိတ်ကြီးတစ်လုံး နံရံအား ရိုက်မိသကဲ့သို့ ဖြစ်သွားလေ၏။ တစ်ခဏအကြာတွင် သူ၏ခန္ဓာကိုယ် နံရံထက်မှ လျှောကျလာခဲ့လေ၏။
ခရမ်းရောင်အဖြိုက်နက်နံရံတွင် သွေးများ စွန်းထင်းနေသည်။ ဖက်တီး၏မျက်နှာတွင် သွေးလွှမ်းနေပြီး မျက်လုံးများ ပြူးကျယ်နေလေ၏။ သူ၏အမူအရာက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်ပမာပင်။
ယီယွင်၏တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းသည်။ နောက်ဆုံးအချိန် ဖောက်ခွဲတိုက်ခိုက်သည်က တိကျ ၊ မြန်ဆန် ၊ ရက်စက်လှလေ၏။ ဖက်တီးမှာ ရှောင်ချိန်ပင်မရခဲ့ပေ။
ယွင်လုံနတ်ပြည်ထောင်မှ ပရိတ်သတ်များမှာ လည်လိမ်ခံထားရသည့် ကြက်ကြီးများပမာ ဖြစ်နေကြလေ၏။ အားပေးသံများ ရပ်သွားကာ တစပြင်အလား တိတ်ဆိတ်သွားလေသည်။ အရာအားလုံးက တစ်စက္ကန့်အတွင်း ဖြစ်ပျက်သွားခဲ့လေ၏။
သူတို့က မက်တက်ရပ်ကာ လက်မြောက်လျက်သားအတိုင်း ရှိနေကြသည်။ သူတို့၏ အမူအရာများ ဖျက်ဆီးမှု အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခွင့်ရရန် စိတ်လှုပ်ရှားနေကြသည့်အလားပင်။ သို့သော် ထိုဖျက်ဆီးမှုသည် ယီယွင်ဆီသို့ ကျရောက်ခြင်းမရှိဘဲ ကံမကောင်းသော ဖက်တီးဆီသို့ ကျရောက်သွားခဲ့သည်။
လူစုသည် အတန်းလိုက်ရပ်နေကြသော ဖုတ်ကောင်များပမာ ဖြစ်နေကြရလေ၏။ သူတို့ တိတ်ဆိတ် ၊ တောင့်တင်း ၊ မဲ့ရှုံ့နေ၏။
ပြောင်းပြန်ဖြစ်ရပ်က မြန်ဆန်လွန်းလှသည်။ သူတို့အဖို့ အဖြစ်မှန်ကို နားလည်နိုင်ခြင်းပင် မရှိကြသေးချေ။
တိုင်အာနတ်မြို့မှ စစ်သည်များသည်လည်း ဝေခွဲမရဖြစ်နေကြလေ၏။ ယီယွင် မည်သို့အနိုင်ရသွားခဲ့သည်ကို သူတို့ နားမလည်ကြချေ။ ဖက်တီး၏ ပုံရိပ်ယောင်က ယီယွင်အား ရင်ဆိုင်ရာတွင် အသုံးမဝင်ဖြစ်ခဲ့လေသလော။ ယောင်တောက်ပင် မဖျက်ဆီးနိုင်ခဲ့သည့် ပုံရိပ်ယောင်ကို ယီယွင်က ဖျက်ဆီးနိုင်ခဲ့လေသလော။