← Chapters

ကျင်းချန်

Vol. 48 Ch. 706

ကျင်းချန်

Vol. 48 Ch. 706

လောင်မာက သူတို့နှစ်ယောက်ကို တတိယပန်းတိုင်ဖြစ်သည့် ချွမ်ကျိုးပြည်နယ် ယန်ရှန်မြို့တော်သို့ ခေါ်လာသည်။ ထိုမြို့နံဘေးရှိ ယန်တောင်တန်းကို အစွဲပြု၍ခေါ်သည့်နာမည်ဖြစ်သည်။

တတိယမြောက်ရွေးချယ်ထားသူက ထောင်တိန်ဖုန်း။ အသက်ဆယ့်ငါးနှစ်ဖြစ်သည်။

ယန်တောင်တန်းတွင် အရိုးရိုင်း နတ်ဆိုးများသတ်ဖြတ်ပြီးနောက် ယန်ရှန်မြို့တော်ထဲ ဖြတ်သန်းသွားစဉ် သူ့ကိုတွေ့ခြင်းဖြစ်သည်။

"ညီလေးမုန်က ဘယ်လိုအကဲဖြတ်ထားသလဲ"

လုယန် ‌မေးသည်။

မုန်ကျင်းကျိုးက စာအုပ်ထဲမှ မှတ်စုကိုကြည့်သည်။ ကြောင်တက်တက်အမူအရာဖြစ်လာသည်။

"သူပြောတာက ထောင်တိန်ဖုန်းက ကြောက်တတ်တယ်။ အငြင်းအခုန်မလုပ်ရဲဘူး။ ပြဿနာမရှာရဲဘူ။ သူ့စရိုက်က အကိုလုနဲ့အကိုမုန်ထက် အများကြီးညံ့တယ်တဲ့"

"...ညီလေးမုန်က ငါတို့ကိုချီးကျူးနေတာလား"

မုန်ကျင်းကျိုးလည်း သိပ်မသေချာလှ။

"အားလုံးခြုံကြည့်ရင်တော့ ချီးကျူးနေတာပဲဖြစ်လောက်ပါတယ်"

ထောင်တိန်ဖုန်းကို နတ်ဝိညာဉ်မိသားစုကမွေးသည်။ မြို့ထဲတွင် အတော်ဩဇာညောင်းပြီးနာမည်ကြီးသည့် မိသားစုဖြစ်သည်။ သူတို့နှစ်ယောင် ထောင်မိသားစုအိမ်ကို အလွယ်တကူပင် ရှာတွေ့သည်။

မိသားစုက အလွတ်သင်ဆရာငှားထားသဖြင့် ထောင်မိသားစုဝင်များ မြို့ထဲမှအလွတ်ပညာသင်ကျောင်းတက်စရာမလို။

ထို့ပြင် တစ်ခြားအလွတ်ပညာသင်ကျောင်းအများစုနှင့်မတူ၊ ထောင်မိသားစုက မိသားစုဝင်များကို သူတော်စင်အဆုံးအမ(ကန္တဝင်စာပေ)များသာမက ကျင့်စဉ်ဗဟုသုတများလည်း သင်ကြားပေးသည်။

လုယန်တို့ အိမ်ထောင်ထဲ ခိုးဝင်ချိန်တွင် ထောင်တိန်ဖုန်းနှင့် တစ်ခြားထောင်မိသားစုမျိုးဆက်သစ်များ မိသားစုဝင်ဦးလေးတစ်ယောက်၏ သင်ပြချက်ကို နားထောင်နေသည်။

မျိုးဆက်သစ်အားလုံးက ထိုဦးလေးကို စံပြအဖြစ်မြင်ကြသည်။

ကျင့်စဉ်လမ်းတွင် အတော်ပါရမီထူးသည်။ အသက်သုံးဆယ်တွင် အခြေတည်အဆင့်ရောက်သည်။ နတ်ဝိညာဉ်အဆင့်ထိ ရောက်နိုင်လိမ့်မည်ဟု မိသားစုဝင်များကပြောကြသည်။

သို့ဆိုလျှင် နောက်ထပ် နတ်ဝိညာဉ်မိသားစုဝင်ဘိုးဘေးတစ်ယောက် တိုးလာမည်။

"ကျင့်စဉ်လမ်းမှာ စိတ်မရှည်တာဟာ အကြီးမားဆုံးအန္တရာယ်ပဲ။ ကျင့်စဉ်လမ်းမဝင်ခင် စိတ်ဓာတ်ကိုအရင် လေ့ကျင့်ရမယ်။ စိတ်လောကြီးပြီး အလျင်စလိုလုပ်တဲ့လူတွေဟာ ကျင့်ကြံတဲ့အချိန်မှာ ရူးသွားတတ်တယ်။

ချီသန့်စင်၊ အခြေတည်၊ ရွှေသန္ဓေ၊ နတ်ဝိညာဉ်..အဆင့်တိုင်းဟာ ကြီးမားတဲ့လှေခါးထစ်ကြီးတွေပဲ။ တစ်ဆင့်တက်တာနဲ့ မင်းတို့အဆင့်အတန်းနဲ့ ရပ်တည်မှု လုံးဝပြောင်းလဲသွားမယ်။

ငါတို့ထောင်မိသားစုက နတ်ဝိညာဉ်မိသားစုတစ်ခုဖြစ်လို့ ဒီယန်ရှန်မြို့ဝန်းကျင်မှာ လွှမ်းမိုးမှုနည်းနည်းရှိတာကိုပဲ မကြည့်နဲ့။ ယန်ရှန်က မင်းတို့ထွက်လိုက်တာနဲ့ ဝိညာဉ်ပြောင်းအဆင့်မိသားစုတွေကို လက်တွေ့မြင်ရလိမ့်မယ်။

ငါတို့ဂုဏ်ယူနေတဲ့ နတ်ဝိညာဉ်မိသားစုဆိုတာ ဘာမှသိပ်မဟုတ်သေးဘူး။

ငါငယ်ငယ်က ချွမ်ကျိုးတစ်ဝိုက် ခရီးထွက်ခဲ့တယ်။ တစ်နေ့မှာ နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်စွမ်းအားရှင်တစ်ယောက် တိုက်ခိုက်တာကို မြင်ခဲ့ရတယ်။ တောင်တွေပင်လယ်တွေ ဝုန်းဆန်နေသလိုပဲ။ မိုးခြုန်းသံတွေမြည်ဟိန်းနေသလိုပဲ။ အံ့ဩစရာကောင်းတယ်။ ခမ်းနားထည်ဝါတယ်။ ရင်တုန်စိတ်လှုပ်ရှားစရာကောင်းတယ်"

ထောင်မိသားစုဘိုးဘေးသည် နတ်ဝိညာဉ်အခြေခံအဆင့်သာဖြစ်သည်။

"ဥပမာ၊ လွန်ခဲ့တဲ့လဝက်က ယန်တောင်တန်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲကြီး။ နတ်ဆိုးမျိုးနွယ်က မဟာရှားနိုင်ငံထဲ ခိုးဝင်လာပြီး ယန်တောင်တန်းမှာပုန်းနေခဲ့တာ။

တော်ဝင်လမ်းက စွမ်းအားရှင်တစ်ယောက်က တိုက်ခိုက်ပြီး နတ်ဆိုးတွေကို သတ်လိုက်တယ်။ အဲလိုသာမလုပ်ခဲ့ရင် ဘယ်လိုအန္တရာယ်ဆိုးတွေ ဖြစ်ခဲ့မလဲမသိဘူး။

ငါ့အထင်မမှားရင် သူဟာ ဒဏ္ဍာရီဆန်တဲ့ ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှင်ကြီးပဲဖြစ်မယ်"

ဝိညာဉ်ပြောင်းအဆင့်ဟုကြားသည်နှင့် လူငယ်များထံမှ တအံ့တဩရေရွတ်သံများပေါ်လာသည်။

"ဒီထောင်မိသားစုဘိုးဘေးက..."

သင်ကြားပို့ချချက်ကို လုယန် ငြိးငွေ့လာသဖြင့် ဝိညာဉ်အာရုံလွှတ်၍ ထောင်မိသားစုဘိုးဘေးအခြေအနေကို စူးစမ်းလိုက်သည်။

ထောင်ဘိုးဘေးရော လုယန်ပါ နတ်ဝိညာဉ်အဆင့်များဖြစ်သည်။ သာမန်အခြေအနေတွင် အဆင့်တူခြင်း ဝိညာဉ်အာရုံဖြင့်စူးစမ်းနိုင်မည်မဟုတ်။

သို့သော် လုယန်သည် သာမန်စည်းမျဉ်းသတ်မှတ်ချက်များမှ ကင်းလွတ်နေသူဖြစ်သည်။

"သူကဘာဖြစ်လို့လဲ"

မုန်ကျင်းကျိုးက မေးသည်။

"နတ်ဝိညာဉ်အဆင့်လို့ပြောတာထက် နတ်ဝိညာဉ်တစ်ဝက်အဆင့်ဆို ပိုမှန်မယ်ကွ။ အတင်းအကြပ် အဆင့်တက်ထားတဲ့လက္ခဏာတွေရှိတယ်။

နတ်ဝိညာဉ်တစ်ခုရဲ့စွမ်းအား ပိုင်ဆိုင်ထားပေမယ့် သူတိုက်ခိုက်နိုင်တဲ့အကြိမ်ရေက အကန့်အသတ်ရှိတယ်"

"ဒါက မဆန်းပါဘူးကွာ"

မုန်ကျင်းကျိုးသည် ဤခေတ်၏ ထိပ်ဆုံးမိသားစုဝင်ဖြစ်သည်။ မိသားစုမျိုးစုံသူမြင်ဖူးသည်။

"ရွှေသန္ဓေအဆင့်တစ်ယောက်က ဗေဒင်မေးတာတောင် ငါမြင်ဖူးတယ်။ ဗေဒင်ဆရာကလည်း သူနတ်ဝိညာဉ်အဆင့်ရောက်ဖို့ ကံဇာတာပါတယ်လို့ ဟောလိုက်တယ်။

အဲဒီနောက်ပိုင်း သူ့မိသားစုကို နတ်ဝိညာဉ်မိသားစုလို့ လူသိရှင်ကြားကြေညာခိုင်းလိုက်တယ်လေ"

မည်သို့ဆိုစေ နာမည်ကျော်မိသားစုများသည် ရှားနိုင်ငံက အတည်ပြုထားသည့် အဖွဲ့အစည်းများလို့ နှစ်စဉ်အကဲဖြတ်ဖို့မလို။

မိသားစု၏စွမ်းအားသည် လူများပြောကြသည့်စကားအပေါ်သာ မူတည်သည်။ လွတ်လပ်ခွင့်များစွာရသည်။

သို့သော် မုန်မိသားစုကတော့ နည်းနည်းပင်ချဲ့ကား၍မပြောကြ။ ပြောလိုက်လျှင် နန်းမြို့တော်၌ ယခုချိန်ထိ ကောင်းကောင်းနေရမည်မဟုတ်။

"အတန်းဆင်းပြီ"

"သွားစို့၊ သွားစို့။ ကစားဖို့အချိန်ကျပြီ"

ထိုအရွယ်ကလေးများသည် ကစားလိုစိတ်ပြင်းပြသည်။ ထောင်တိန်ဖုန်းလည်း ထိုနည်းတူပင်ဖြစ်သည်။

သူ့ဦးလေးပြောသည့် ယန်တောင်တန်းတိုက်ပွဲအကြောင်း နားထောင်ပြီးနောက် ထိုနေရာသို့ ကိုယ်တိုင်အခြေအနေသွားကြည့်ချင်စိတ်ပေါ်နေသည်။

ငါသွားကြည့်မယ်..

ခဏတုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်ချသည်။ ယန်တောင်တန်းဆီ ထွက်သွားသည်။

ရှားနိုင်ငံက ယန်တောင်တန်းကို အလုံပိတ်ထားသည်။ ခရီးသည်များမဝင်ရဟု တားမြစ်ထားသည်။ သို့သော် ထိုတောင်တန်းသည် သူငယ်စဉ်ကတည်းက ကစားခဲ့သည့်နေရာဖြစ်၍ လျှို့ဝှက်လမ်းကြောင်းတစ်ခုကိုသိသည်။

ထိုလမ်းကြောင်းကို ပိတ်မထား။ တိုက်ပွဲနေရာသို့ ချောမွေ့စွာ သူရောက်လာသည်။

ယန်တောင်တန်းအတွင်းပိုင်းတွင် အရိုးရိုင်း၏လက်သီးချက်ကြောင့်ကျန်ခဲ့သည့် တွင်းနက်များပြည့်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် လုယန်သိသည်။

ထောင်တိန်ဖုန်းက ထိုတွင်းနက်များကိုကြည့်ပြီး မျက်လုံးပြူးသွားသည်။ ဝိညာဉ်ပြောင်းအဆင့်တိုက်ခိုက်စွမ်းအားဖြစ်မည်ဟု တွေးနေသည်။

ထိုစဉ်ရုတ်တရက် ကောင်းကင်တွင် အလင်းတန်းတစ်ခုဖြတ်သန်းလာသည်။ တောင်တန်းပေါ် ထိုးဆင်းပြီး မနီးမဝေးတွင် ကျလာသဖြင့် သူအတော်လန့်သွားသည်။

ချက်ချင်းမသွားရဲသေး။ သို့သော် စပ်စုလိုစိတ်က သူ့စိတ်ကိုအနိုင်ယူသွားသဖြင့် သွားကြည့်သည်။

"လူတစ်ယောက်ပဲ"

ကျလာသည့်အရာကို သူမြင်ရသည်။ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဒဏ်ရာအပြင်းအထန်ရထားသည်။ အသက်ရှူလိုက်သည်ကို သူမြင်ရသည်။

လူတစ်ယောက်ချဉ်းကပ်လာသည်ကိုမြင်သဖြင့် ထိုကျင့်ကြံသူ ရင်ထိတ်သွားသည်။ သို့သော် အန္တရာယ်မပေးနိုင်သည့် သေမျိုးတစ်ယောက်ဖြစ်ကြောင်း နားလည်လာသဖြင့် စိတ်အေးသွားသည်။

ထို့နောက် သူပြန်တွေးမိသည်။ သာမန်လူဖြစ်စေ ကျင့်ကြံသူဖြစ်စေ ဘာထူးမည်နည်း။

တစ်ဘက်လူက သူ့ကို အန္တရာယ်ပေးလိုစိတ်ရှိမရှိသာ မူတည်သည်။

"ခင်ဗျားအဆင်ပြေရဲ့လား"

ထောင်တိန်ဖုန်း သတိဖြင့် ချဉ်းကပ်လာသည်။ ထိုလူ့အခြေအနေ သိပ်မကောင်းမှန်းသိသာနေသည်။

ကျင့်ကြံသူက ခြောက်ကပ်ကပ်ရယ်သည်။

"သခင်ကွမ်းချီဆိုတဲ့ငါက ဒီလိုအဆုံးသတ်မျိုးကြုံရတယ်ပေါ့။ ငါနောက်ဆုံးမြင်ရတဲ့လူက မင်းလိုကောင်လေးတစ်ယောက်ဖြစ်နေတယ်။ ငါသေချာတွက်ချက်စဉ်းစားခဲ့တယ်..စဉ်းစားတယ်။ ဒါပေမယ့် အဆုံးသတ်ကျတော့လည်း ကံကြမ္မာကို ငါမလွန်ဆန်နိုင်ဘူး"

"သခင်ကွမ်းချီ..."

လုယန် သူ့ဘာသာရေရွတ်သည်။

"အင်း၊ ဒီပစ္စည်းက ငါနဲ့ကံရေစက်လုံးဝမပါခဲ့တဲ့ပုံပဲ"

သခင်ကွမ်းချီက ရင်ဘတ်တွင် သစ်သားသေတ္တာတစ်လုံး တင်းကြပ်စွာကိုင်ထားသည်ကို ထောင်တိန်ဖုန်းမြင်ရသည်။

"ဒါကို ရွှေပုရစ်(ကျင်းချန်)အခွံလို့ခေါ်တယ်။ အန္တရာယ်များတဲ့ ပြိုင်ဘက်တစ်ယောက်ဆီကနေ ခက်ခက်ခဲခဲယူထားတဲ့ပစ္စည်းပေါ့။ အခု နောက်ဆုံးတော့ မင်းလိုလူငယ်တစ်ယောက်ရဲ့လက်ထဲကိုပဲ ရောက်တော့မယ်။ ဒီပစ္စည်းနဲ့မင်း ရေစက်ပါတဲ့ပုံပဲ။

ကောင်လေး၊ ဒီပစ္စည်းဟာ ခေတ်အဆက်ဆက်အလွန်ရှားပါးတဲ့ပစ္စည်းမျိုးပါ။ မင်းရပြီးတာနဲ့ သေချာသတိထားပေ‌တော့။ ဒီပစ္စည်းပိုင်ထားတယ်ဆိုတာ ဘယ်သူမှမသိစေနဲ့"

ထို့နောက် သခင်ကွမ်းချီ ငြိမ်းချမ်းစွာမျက်လုံးမှိတ်သွားသည်။ သူ့ခန္ဓာကိုယ်က မြူမှုန့်များအဖြစ် တဖြေးဖြေးပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။ သစ်သားသေတ္တာသာ ကျန်ခဲ့သည်။

ရုတ်တရက်ကြုံရသည့် အဖြစ်အပျက်များကြောင့် ထောင်တိန်ဖုန်း မှင်သက်မိနေသည်။ လက်နှစ်ဘက်ဆုပ်၍ သခင်ကွမ်းချီပျောက်သွားသည့်နေရာကို နှစ်ကြိမ်ဦးညွှတ်သည်။

ထို့နောက် တုန်ရင်နေသည့်လက်ဖြင့် သေတာကိုဖွင့်လိုက်သည်။ အထဲတွင် တလက်လက်တောက်ပနေသည့် ရွှေပုရစ်ခွံကိုတွေ့ရသည်။

"နတ်မယ်၊ ရွှေပုရစ်ခွံဆိုတာဘာလဲ"

လုယန် မေးသည်။

"ရှေးဟောင်းခေတ်မှာ ကူးဖြတ်ခြင်းအဆင့်ထိ ကျင့်ကြံခဲ့တဲ့ ပုရစ်နတ်ဆိုးရှိခဲ့တယ်။ သူ့မျိုးနွယ်ထဲမှာ ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ အဆင့်အတန်းပေါ့။ သူ့တစ်ကိုယ်လုံး ရွှေရောင်ပြောင်းသွားတယ်။

သူက 'ရွှေပုရစ်အရေလဲပညာ" ကိုတတ်ကျွမ်းတယ်။ ဗီဇအရည်အသွေးတွေကို တိုးမြင့်ပေးနိုင်တဲ့ပညာပေါ့။

ဒီပညာနဲ့ ကူးဖြတ်ခြင်းအဆင့်ကို ရောက်ခဲ့တာ။ သူဗီဇအပြောင်းအလဲကြုံကြီးနောက် ကျန်ခဲ့တဲ့ ခန္ဓာအခွံကို "ရွှေပုရစ်ခွံ"လို့ခေါ်တယ်။ ဗီဇအရည်အသွေးမြှင့်တင်ပေးတဲ့ ထိပ်တန်းရတနာပေါ့"

"အဲဒီ့ပုရစ်နတ်ဆိုး နောက်ပိုင်းဘာဖြစ်သွားလဲ"

"ငါသူ့ကို အသေရိုက်ချေပစ်ခဲ့တာလေ"

*******************************

All Chapters